← Chapters

ထုံးလိုမွှေ၊ ရေလိုနှောက် စုံစမ်းခြင်း

Vol. 65 Ch. 901

ထုံးလိုမွှေ၊ ရေလိုနှောက် စုံစမ်းခြင်း

Vol. 65 Ch. 901

မန်ဟိုက တိတ်ဆိတ်စွာ လက်ယှက်၍ မဟာအကြီးအကဲကို ခါးကိုင်းအရိုအသေပေးကာ ထွက်လာခဲ့သည်။ မဟာအကြီးအကဲက မန်ဟို ထွက်သွားသည်ကို ‌နူးညံ့ကြင်နာသောအပြုံးတစ်စဖြင့် ကြည့်နေလေသည်။

နောက်ဆုံးတော့ ဝတ်ပြုကျောင်းထဲ၌ မဟာအကြီးအကဲတစ်ယောက်တည်းသာ ကျန်ခဲ့သည့်အခါ သူ့မျက်နှာပေါ်ရှိ ကြင်နာသောအပြုံးသည် တစတစ မှေးမှိန်လာပြီး တည်ငြိမ်မှုက အစားထိုးဝင်ရောက်လာ၏။ သို့သော် သူ့မျက်ဝန်းများ၏ အနက်ရှိုင်းဆုံးထဲတွင် ‌အန္တရာယ်များသော အရိပ်အယောင်တစ်ခုက ဘယ်သူမှ အကဲမခတ်နိုင်လောက်အောင် မသိမသာ ဖြတ်ပြေးသွားသည်။

သူက လှည့်၍ ဝတ်ပြုကျောင်းအတွင်းပိုင်းထဲသို့ ဝင်သွားသည်။

‌ဝတ်ပြုကျောင်းထဲမှ ပဲ့တင်ရိုက်လျက် ထွက်လာသော အေးစက်စက်အသံတစ်သံက မဟာအကြီးအကဲကို သွားနေရာမှ တုံ့ခနဲ ရပ်သွားစေသည်။

"ကျေးဇူးပဲ"

"ငါ မင်းကို ကူညီနေတာ မဟုတ်ဘူး" မဟာအကြီးအကဲက ပြန်ဖြေသည်။ "မျိုးနွယ်စုစည်းမျဉ်းတွေအတိုင်း လုပ်နေတာ။ အကုန်လုံးက .... မျိုးနွယ်စုအတွက်ပဲ"

မန်ဟိုသည် အလင်းတန်းတစ်တန်းအသွင်ဖြင့် ဘိုးဘေးစံအိမ်ကို ဖြတ်၍ ကျင့်ကြံခြင်းဂူသို့ ရောက်သည့်တိုင်အောင် ပျံသန်းလာခဲ့၏။ ခြံဝင်းထဲ ခြေချလိုက်ချင်း မြင်လိုက်ရသည်မှာတော့ အသားဂျယ်လီနှင့် ကြက်တူရွေး၏အရှေ့တွင် တိတ်ဆိတ်စွာ ထိုင်နေသော ဖန်ရွှီဖြစ်သည်။

လောလောဆယ်တွင် အာရုံက တခြားတွင် ဖြစ်၍ မန်ဟိုမှာ သူတို့ဘေးမှ ‌ဖြတ်လျှောက်လာပြီး အိမ်ထဲ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် နိဗ္ဗာနသစ်သီးများပါရှိသော သေတ္တာကို ထုတ်ပြီး ငုံ့ကြည့်လိုက်လေသည်။

"ထင်ထားသလို မဟုတ်ဘဲ .... မဟာအကြီးအကဲက တကယ်ပဲ ငါ့ကို ပေးလိုက်ပါလား....

"ဝတ်ပြုကျောင်းထဲမှာ သူ ပြောခဲ့တာတွေ တစ်ခုမှ ဟန်ဆောင်ထားတဲ့ပုံမပေါ်ပေမယ့် ... အပေါ်ယံမြင်နေရတာထက် သူ့ပြောစကားတွေနဲ့ပတ်သက်ပြီး တစ်မျိုးကြီး ခံစားနေရသေးတယ်"

မန်ဟိုမှာ သံသယလွန်ကဲနေခြင်းမဟုတ်ပေ။ ကျင့်ကြံခြင်းလောကကို ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း မည်သည့်အရာမှ သူထင်ထားသည့်အတိုင်း မဖြစ်ခဲ့ပေ။ သူသာ အမြဲတစေ အသိနှင့်သတိ ကပ်မနေခဲ့လျှင် ကြိမ်ဖန်များစွာ သေဆုံးခဲ့ပြီးပြီဖြစ်သည်။

ဤနေရာ၊ ဖန်မျိုးနွယ်စုတွင်လည်း အသက်ဘေးအန္တရာယ်ရှိကြောင်း သူ သိသည်။ သူ့အနေဖြင့် မည်သည့်အရာတွင်မဆို သတိမရှိလျှင် သေမင်းချောက်ထဲသို့ အလွယ်တကူ ကျသွားနိုင်၏။

"နိဗ္ဗာနသစ်သီးတွေနဲ့ တစ်ခုခု ပတ်သက်နေရမယ်" သူက မျက်လုံးများ လင်းလက်တောက်ပနေလျက် တွေးသည်။ သူ့မှာ မဟာအကြီးအကဲအပေါ် သံသယဝင်နေဆဲပင်။ ထိုလူပြောခဲ့သည့် စကားတစ်ခွန်းမှ ထိုအရာကို မပြောင်းလဲနိုင်ခဲ့ပေ။ နောက်ဆုံးတော့ သူက သေတ္တာကို ငုံ့ကြည့်ပြီး ဖြေးဖြေးချင်း ဖွင့်လိုက်၏။

သေတ္တာထဲမှ အားနည်းနေသော ဖိအားတစ်ရပ် ထွက်လာစဉ် မန်ဟိုသည် အထဲ၌ ညှိုးနွမ်းနေသော သစ်သီးနှစ်လုံးကို တိတ်ဆိတ်စွာ ကြည့်ရင်း စဉ်းစားနေ၏။ သစ်သီးတစ်လုံးစီက မွေးကင်းစကလေးတစ်ဦး၏အရွယ်ရှိလေသည်။

သူ့သွေးကြောထဲရှိ သွေးများ ဆူပွက်လာရာ သစ်သီးများနှင့် သွေးဆက်အကြား ဆက်သွယ်မှုက မန်ဟို့ကို သူ၏အကဲခတ်နိုင်စွမ်းအပေါ် သံသယအနည်းငယ် ဝင်လာမိစေသည်။

"ဒါတွေက နိဗ္ဗာနသစ်သီးတွေဖြစ်တဲ့အပြင် ငါ့သွေးကိုလည်း လှုံ့ဆော်နေတယ်။ တကယ်ပဲ ဟိုနှစ်တုန်းက ငါ ထုတ်လုပ်ခဲ့တဲ့ နိဗ္ဗာနသစ်သီးတွေအတိုင်းပဲ

"မဟုတ်မှ ငါ တကယ်ပဲ အတွေးလွန်နေတာများလား" သူက သက်ပြင်းချပြီးနောက် နိဗ္ဗာနသစ်သီးတစ်လုံးကို ‌‌မလိုက်သည်။ သူ ၎င်းကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ့သွေးမှ တုံ့ပြန်မှုသည် သစ်သီးကို လက်ခံပေးလိုသည့်အလား ပို၍အားကောင်းလာ၏။ သူက ၎င်းကို မျက်နှာရှေ့တည့်တည့်တွင် ထား၍ အနီးကပ်ကြည့်လိုက်သည်။

"ဒီနိဗ္ဗာနသစ်သီးတွေကို မူလအခြေအနေ ပြန်ရောက်အောင်လုပ်ဖို့ဆိုရင် ဝိညာဉ်အဆီအများကြီးလိုအပ်တယ်။ အဲ့ဒီအချိန်မှ သူတို့ကို စုပ်ယူလို့ရမှာ..." သူက သက်ပြင်းထပ်မံချကာ နိဗ္ဗာနသစ်သီးကို ၎င်း၏သေတ္တာထဲ ပြန်ထည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ရုတ်တရက် သူ့လက်က လေတွင် ရပ်တန့်သွားပြီး မျက်လုံးများ တောက်ပလာသည်။

"နေဦး၊ တစ်ခုခု မူမမှန်ဘူး။ ဒီနိဗ္ဗာနသစ်သီးတွေအပေါ်က အချိန်အရှိန်အဝါက .... နှစ်ရာဂဏန်းလောက်ပဲ ရှိသေးတာမဟုတ်ဘူး" သူသည် အသက်ရှူသံများ မြန်နေလျက် နိဗ္ဗာနသစ်သီးကို ဖြေးဖြေးချင်း ပြန်‌မြှောက်၍ အနီးကပ်ကြည့်လိုက်၏။ အတန်ကြာသော် တင်းမာခက်ထန်သောအမူအရာက သူ၏မျက်နှာပေါ်တွင် ပြည့်နှက်သွားသည်။

မန်ဟိုသည် အတိတ်တုန်းက အချိန်‌မှော်သိုင်းကို ကျင့်ကြံခဲ့ပြီး အချိန်အပေါ် အခြေခံသော နတ်ဘုရားစွမ်းရည်များကို အသုံးပြုခဲ့ဖူး၏။ ထို့ကြောင့် သူ့နည်းတူ အချိန်ကိစ္စများကို တိတိကျကျ အကဲဖြတ်နိုင်သူ မရှိသလောက် ရှားလေသည်။ နိဗ္ဗာနသစ်သီးများ၏ အရှိန်အဝါများသည် မယုံနိုင်လောက်အောင် အားနည်းနေသော်လည်း ကျောက်စိမ်းသေတ္တာထဲတွင် ကောင်းမွန်စွာ ထားသိုခံထားရ၏။ ထိုအကြောင်းကြောင့် အချိန်အရှိန်အဝါမှာ ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး မသိသာသည့်တိုင် ...  မန်ဟိုကတော့ ခံစားလိုက်ရသေးသည်။

ဤသည်မှာ မဟာအကြီးအကဲပင် အပါအဝင် ဘယ်သူမှ မခန့်မှန်းနိုင်မည့်အရာဖြစ်သည်။

"ဒီနိဗ္ဗာနသစ်သီးတွေ သက်တမ်းဘယ်လောက် ရှိပြီလဲ ကြည့်ဖို့ အချိန်ကျပြီ" သူသည် အချိန်မှော်သိုင်းကို ထုတ်လွှတ်ရင်း ညာလက်ဖြင့် မုဒြာလက်ကွက်‌တစ်ကွက် ဖော်လိုက်သည်။ ထို့နောက် ချုပ်နှောင်သင်္ကေတတစ်ခု ဖော်ဆောင်လိုက်ရာ သူ၏မျက်လုံးများတွင် နိမိတ်အလင်းရောင် တောက်ပလာပြီး သစ်သီးကို ဝန်းရံထားသော လျှို့ဝှက်ဆန်းကြယ်အလွှာများအား ဖြေးဖြေးချင်း ဖယ်ရှားလိုက်သည်။

နှစ်တစ်ရာ၊ နှစ်နှစ်ရာ၊ နှစ်သုံးရာ ...

နှစ်နာရီကြာသော် မန်ဟိုမှာ အသက်ကောင်းကောင်း မရှူနိုင်တော့ပေ။

"နှစ်တစ်သောင်းတောင် ရှိပြီ" ဤအခိုက်အတန့်တွင် ဤနိဗ္ဗာနသစ်သီးများမှာ သူ့အပိုင်မဟုတ်ကြောင်း ဆုံးဖြတ်နိုင်သွားလေပြီ။ အေးစက်သောအလင်းရောင်တစ်စ သူ၏မျက်လုံးများတွင် တောက်ပသွားပြီး အသက်ပြင်းပြင်းရှူသွင်းပြီးနောက်တွင် သူသည် နိဗ္ဗာနသစ်သီးများ သက်တမ်းမည်မျှရှိနေပြီလဲ အတိအကျသိရဖို့ အချိန်မှော်သိုင်းကို ဆက်သုံးလိုက်သည်။

နှစ်ပေါင်း (၁၅၀၀၀)၊ နှစ်ပေါင်း (၂၀၀၀၀) ၊ နှစ်ပေါင်း (၂၅၀၀၀)....

မန်ဟိုသာ အစစ်အမှန်အင်မော်တယ်စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကိုယ်တွင်း၌လည်း ရှစ်ဆယ်ရာခိုင်နှုန်း အစိုင်အခဲဖြစ်ထားသော အင်မော်တယ်အကြောတစ်ကြောမရှိလျှင် အချိန်မှော်သိုင်းကို ဤအတိုင်းအတာအထိ အသုံးပြုနိုင်မှာမဟုတ်ပေ။ မကြာမီ နေဝင်ပြီး လသာလာသည်။ မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်လုံးနီးပါး ကုန်ခမ်းသွားလေပြီ.... သို့သော် နောက်ဆုံးတွင်တော့ နိဗ္ဗာနသစ်သီး၏ သက်တမ်းအစစ်အမှန်ကို ဆုံးဖြတ်နိုင်သွားပြီဖြစ်သည်။

"နှစ်တစ်သိန်းကျော်တယ်"

မန်ဟိုမှာ အသက်ရှူမြန်နေပြီး မယုံကြည်နိုင်သောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းထားသည်။ သူသည် ဒုတိယနိဗ္ဗာနသစ်သီးကို လှမ်းကြည့်လိုက်၏။ သူ့ခံစားချက်များအရ နှစ်လုံးစလုံး အတူတူ ဖြစ်သယောင်ပင်။

"နှစ်လုံးလုံး နှစ်တစ်သိန်းကျော်နေတာပဲ"

"ဒါတွေက ငါ့သစ်သီးတွေ မဟုတ်ဘူး။ ဘယ်သူ့ဟာတွေလဲ" မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူ၏အကဲခတ်နိုင်စွမ်းကို ပို၍ပင် ယုံကြည်လာတော့သည်။ မဟာအကြီးအကဲကား သူ့ကို ဤနိဗ္ဗာနသစ်သီးများပေးခြင်းဖြင့် မကောင်းကြံလိုက်လေပြီ။

"ပြဿနာက ဝိညာဉ်အဆီမဟုတ်သလို၊ သူပြောတဲ့စကားတွေလည်း မဟုတ်ဘူး။ အဲ့ဒီအစား ...  ငါ သံသယမဝင်မိခဲ့တဲ့ ... နိဗ္ဗာနသစ်သီးတွေ ဖြစ်နေတာပဲ" သူ၏မျက်နှာ မည်းမှောင်သွားသည်။

"အခု စဉ်းစားကြည့်တော့မှ သူ အသားပေးပြောသွားတာတွေထဲကတစ်ခု၊ ငါ့အတွက် စိတ်ပူပေးနေသလိုပြောသွားတဲ့ စကားက နိ‌ဗ္ဗာနသစ်သီးတွေကို မြန်နိုင်သမျှ မြန်မြန် စုပ်ယူဖို့ပဲ။ ဒီအပိုင်းက ... ‌လုံးဝ သံသယဝင်စရာကောင်းတယ်" အသတ်အဖြတ်စိတ်ဆန္ဒတို့ မန်ဟို၏မျက်လုံးများတွင် တောက်ပလာသည်။ ယခုတွင် သူသည် နိဗ္ဗာနသစ်သီးများကို စုပ်ယူလိုက်ပါက ကိုယ့်ကိုယ်ကို သေကြောင်းကြံမိသလို ဖြစ်လိမ့်မည်ဟု ခံစားနေရတော့၏။

မန်ဟိုက အေးစက်စက် နှာမှုတ်ရင်း နိဗ္ဗာနသစ်သီးများကို သေတ္တာထဲ ပြန်ထည့်ပြီးနောက် ခြံဝင်းထဲသို့ လျှောက်သွားကာ ဖန်ရွှီ၊ ကြက်တူရွေးနှင့် အသားဂျယ်လီအကြားက ပြိုင်ပွဲကို နှောင့်ယှက်လိုက်သည်။

"ဖန်ရွှီ" သူက ခေါ်သည်။ "မျိုးနွယ်စုမှာ နိဗ္ဗာနသစ်သီးတွေ ထုတ်ပေးခဲ့တဲ့ တခြားလူရှိသေးလား"

ဖန်ရွှီမှာ အလွန်တရာပင်ပန်းနေပုံပေါ်သော်လည်း ခေါင်းမောမှုနှင့် စိတ်လှုပ်ရှားနေမှုကိုပင် သူ၏မျက်လုံးများတွင် မြင်လိုက်ရသည်။ မန်ဟို့မေးခွန်းကို ကြားလျှင် သူ့မှာ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။

"ဟင့်အင်း မရှိဘူး" သူ ပြန်ဖြေသည်။ "နိဗ္ဗာနပန်းတွေပဲ။ ဒါပေမဲ့ အဲ့ဒါတွေက အသုံးမဝင်ဘူး။ နိဗ္ဗာနသစ်သီးတွေကို ထုတ်ပေးဖူးတဲ့လူက အစ်ကိုကြီးတစ်ယောက်တည်း... အိုင်းရား နေဦး။ ပထမမျိုးဆက်ခေါင်းဆောင်ကြီးလည်း နိဗ္ဗာနသစ်သီးတွေ ထုတ်ပေးခဲ့ဖူးတယ်ဆိုတဲ့ ကောလဟာလကြားဖူးသလိုပဲ။ ဒါနဲ့ ဘာဖြစ်လို့လဲ"

မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး သူက မဖြေပေ။ သို့သော် သံသယများမှာ သူ၏နှလုံးအိမ်တွင် ပိုမိုများပြားလာတော့သည်။

"ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ နိဗ္ဗာနသစ်သီးတွေ" သူက တွေးသည်။ "အဲ့ဒါကို သေချာပေါက် အဖိုးထိုက်ရတနာအဖြစ် သတ်မှတ်လို့ရလိမ့်မယ်။ မဟာအကြီးအကဲက ဘာလို့ငါ့ကို ပေးတာ‌လဲ။ ပြီးတော့ ဒီနိဗ္ဗာနသစ်သီးတွေက သက်တမ်းနှစ်ပေါင်းတစ်သိန်းတောင် ကျော်နေပြီ..."

နောက်ရက်မှစပြီး မန်ဟိုသည် မျက်နှာအပေါ်၌ သံသယအရိပ်အယောင်တစ်စုံတစ်ရာမှ မဖော်ပြသော်လည်း ဘိုးဘေးစံအိမ်တစ်ဝန်း သံသယများဖြင့် လျှောက်သွားနေ၏။ သူက မျိုးနွယ်ဝင်တော်တော်များများနှင့် ဆုံတွေ့ပြီး မတူကွဲပြားသော အဆောက်အဦးများစွာကို သွားသည်။ နှစ်ပေါင်းများစွာ ပျောက်နေခဲ့ပြီးနောက်ဆုံး မျိုးနွယ်စုသို့ ပြန်ရောက်လာခဲ့သော မျိုးနွယ်ဝင်တစ်ယောက်နှင့် တူအောင် သူ့မှာ အကောင်းဆုံး ကြိုးစားလေသည်။ ဥပမာ - မျိုးနွယ်စု၏သမိုင်းနှင့်ပတ်သက်သမျှ အကြောင်းအရာများကို အငမ်းမရ လိုက်ဖတ်ခြင်း။

သူ လုပ်သမျှအားလုံးမှာ လုံးဝပုံမှန်ဖြစ်ပြီး သံသယဝင်စရာ မရှိပေ။ ရက်များ ကုန်လွန်သွားသည်။ တစ်ပတ်ကြာသော် မျိုးနွယ်စုရာဇဝင်အိမ်တော်အပေါ် မန်ဟို၏စိတ်ဝင်စားမှုသည် မြင့်မားလာခဲ့၏။

မျိုးနွယ်စု၏ရာဇဝင်သမိုင်းနှင့်ပတ်သက်သည့် အချက်အလက်အတော်များများအား ထိုနေရာတွင် မှတ်တမ်းတင်ထားပြီး မှတ်တမ်းမှတ်ရာများအား မွှေနှောက်ရန် မန်ဟို မကြာခဏ ရောက်လာတတ်သည်ကို မည်သူမျှ ထူးဆန်းသည်ဟု မမြင်ပေ။ အတိတ်မှတ်တမ်းများနှင့် ပြည့်နေသော ကျောက်စိမ်းပြားများစွာရှိသော်လည်း ကံဆိုးစွာနှင့် မျိုးနွယ်စု၏ ခေါင်းဆောင်ကကြီးများအကြောင်းမှာမူ စာတစ်ကြောင်း၊ နှစ်ကြောင်း သို့မဟုတ် အတိုးချုံးရေးသားထားသည်ထက် မပိုပေ။

လဝက်ကြာသွားသည်။ မဟာအကြီးအကဲသည် မန်ဟို့ကို ဆင့်ခေါ်၍ ဝိညာဉ်အဆီကို မြန်နိုင်သမျှ မြန်မြန် ဖော်စပ်ပြီး ဝိညာဉ်သစ်သီးများအား စုပ်ယူရန် မကြာခဏ မှာကြားတတ်၏။ အဆုံးသတ်တွင်တော့ မန်ဟိုသည် ရှာတွေ့ထားသော ဟိုတစ်စ၊ သည်တစစ အချက်အလက်များမှ အပိုင်းအစများကို ဆက်စပ်စဉ်းစားနိုင်သွားလေပြီ။

လောလောဆယ်တွင် သူသည် ပြီးခဲ့သည့်ရက်များက သူ စုဆောင်းရရှိခဲ့သော အချက်အလက်အားလုံးကို ပြန်စဉ်းစားရင်း မျက်လုံးများပိတ်၍ အိမ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသည်။

"အင်မတန် မြင့်မားတဲ့ ကျင့်ကြံအဆင့်နဲ့ ဆဋ္ဌမမျိုးဆက်ခေါင်းဆောင်ကြီးက တစ်ရက် တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားပြီး... ရုတ်တရက် သေသွားခဲ့တယ်

"ဒသမမျိုးဆက်ခေါင်းဆောင်ကြီးလည်း တံခါးပိတ်ကျင့်ကြံပြီး .... ရုတ်တရက် သေသွားခဲ့တယ်

"သူတို့တင်မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်တစ်သိန်းအတွင်း တံခါးပိတ်ကျင့်ကြံဖို့ ဝင်ရောက်သွားခဲ့ပြီး ရုတ်တရက် သေသွားကြတဲ့ ရွေးချယ်ခံတွေ၊ ‌မျိုးနွယ်ဝင်တွေ အများကြီးပဲ"

ဤအရာအားလုံးသည် ကျောက်စိမ်းပြားများထဲတွင် ပထမဆုံးကြည့်လျှင် မထင်ရှားသော သဲလွန်စသေးသေးလေးများမှ ရှာတွေ့ခဲ့သော အချက်အလက်ဖြစ်၏။

၎င်းတို့မှာ တစ်ခုတည်းသက်သက်ဆိုလျှင် ထူးခြားပုံမရသော်လည်း မန်ဟိုသည် ကျဉ်းထဲကြပ်ထဲ ရောက်နေသည့်အတွက် အချက်အလက်အားလုံးကို ရှာဖွေခဲ့ပြီး သဲလွန်များအား စနစ်တကျစီကြည့်ခဲ့လေသည်။ နောက်ဆုံးတွင် ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒသည် သူ၏နှလုံးသားထဲ၌ ဖြစ်တည်လာ၏။

"လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းလောက်က ရုတ်တရက် သေဆုံးမှုတွေ လျော့နည်းလာခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ အင်မတန် ရှားသွားပြီ" သူ မျက်လုံးများကို ဖွင့်လိုက်သောအခါ ၎င်းတို့သည် စူးရှတောက်ပလျက်ရှိ၏။

"သေဆုံးသွားခဲ့တဲ့ အဲဒီဘိုးဘေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေအတိုင်း ခြေရာကောက်ကြည့်ရင် ... အကုန်လုံးနဲ့ ဘုံဆက်သွယ်နေတဲ့ အချက်တစ်ချက်ရှိတယ်။ တချို့က ဘိုးဘေးရတနာစေတီတော်ကို တိုက်ရိုက်သွားပြီး တချို့က အဲ့ဒီစေတီတော်က ဆုလာဘ်တွေရရှိဖို့ စွမ်းဆောင်ရည်ရမှတ်တွေနဲ့ လဲလှယ်ကြတယ်

"အဲ့ဒါက လုံးဝသံသယဖြစ်စရာပဲ။ ပြီးခဲ့တဲ့ နှစ်တစ်သိန်းတစ်လျှောက်လုံး ဘိုးဘေးရတနာစံအိမ်တော်က ဆုလာဘ်တွေကို မျိုးနွယ်ဝင်တွေအများကြီး ရခဲ့ကြတယ်။ ရုတ်တရက် သေသွားတာလည်း ဒီလူတွေပဲ။ သံသယဝင်စရာကောင်းပေမယ့် တိုက်ဆိုင်နေတဲ့ပုံလည်း ပေါ်တယ်

"ဒါမဲ့...." မန်ဟိုက ကျောက်စိမ်းပြားတစ်ပြားထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သူ၏မျက်လုံးများသည် အေးစက်စွာ တောက်ပလာ၏။

"ဒါမဲ့ လွန်ခဲ့တဲ့ နှစ်သုံးသောင်းက ရုတ်တရက် သေသွားခဲ့တဲ့ နောက်ဆုံးမျိုးနွယ်ဝင်နဲ့ပတ်သက်တဲ့ အကြောင်းကို ရေးထားတဲ့ သူ့သား ဒိုင်ယာရီကို ငါ ရှာတွေ့ထားတယ်

"မသေခင် သူက သူ့သားကို ဘိုးဘေးတစ်ဦးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို စုပ်ယူတော့မယ်လို့ သူ့သားကို စကားပါးခဲ့တယ်။ အဲ့ဒါက အတိတ်တုန်းက ဘယ်သူမှ မအောင်မြင်ခဲ့တဲ့အရာ။ ဒါ့အပြင် အဲဒီလို ကြိုးစားခဲ့တဲ့ လူတိုင်းလည်း သေဆုံးသွားခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်ယောက် အဲ့ဒါကို စုပ်ယူနိုင်ရင် ဖန်မျိုးနွယ်သွေးဆက်ရဲ့ စကားထာကို ဖြေနိုင်လိမ့်မယ်ဆိုတဲ့အကြောင်းကို ဘိုးဘေးတစ်ယောက်က လက်ဆင့်ကမ်းပြောခဲ့တယ်"

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီး မျက်လုံးများ မှိတ်လိုက်သည်။ တခဏကြာသော် ၎င်းတို့သည် ပြန်ဖွင့်လာပြီး အတိုင်းထက်အလွန် တည်ငြိမ်နေ၏။ သူ ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်စဉ် မည်သည့်အံ့ဩမှု၊ တုန်လှုပ်မှုကိုမှ မမြင်ရပေ။

"ငါ့အထင်မှန်ရင် အဲဒီလူတွေက အကြောင်းရင်းတစ်ခုတည်းကြောင့် သေသွားခဲ့တာပဲ။ အဲဒီအကြောင်းရင်းက ဒီနိဗ္ဗာနသစ်သီးနှစ်လုံးကလွဲပြီး တခြားမဟုတ်ဘူး

"ဒီနိဗ္ဗာနသစ်သီးတွေက ... အဲ့ဒီ ဘိုးဘေးကြီးအပိုင်တွေပဲ" အေးစက်သောအပြုံးတစ်ခု မန်ဟို၏မျက်နှာပေါ်တွင် ဖြစ်ထွန်းလာသည်။

"မဟာအကြီးအကဲက ငါ့ကို ရုတ်တရက် သေစေချင်လို့ မြန်မြန်စုပ်ယူဖို့ တိုက်တွန်းနေတာပဲ

"မဟာအကြီးအကဲက လျှို့ဝှက်ချက်မဖြစ်အောင်လို့ အားလုံးအရှေ့မှာ ငါ့ကို နိဗ္ဗာနသစ်သီး‌တွေ ပေးခဲ့တာ။ သူ ပြောခဲ့တဲ့ဟာတွေအပြင် ကျမ်းကျိန်တာတောင်မှ ရိုးသားဖြူစင်နေတဲ့ပုံပေါ်ခဲ့တယ်

"ဒါကြောင့် အခြားသူတွေလိုပဲ ငါ နိဗ္ဗာနသစ်သီးတွေကို စုပ်ယူရင်း သေသွားခဲ့ရင် သူ့စကားအတိုင်း ငါ့သေဆုံးမှုအတွက် နိဗ္ဗာနသစ်သီးတွေအပေါ် အပြစ်ဖို့ပဲ ရှိလိမ့်မယ်

"တော်တော် ဟာကွက်မရှိတဲ့ အစီအစဉ်ပဲ။ ငါဟာ အကြောင်းမရှိ သေဆုံးသွားပြီး မဟာအကြီးအကဲက ငါ့အတွက် အသုဘအခမ်းအနားတောင် ကျင်းပရင် ‌ကျင်းပပေးလောက်မှာ.... " မန်ဟို၏အပြုံးမှာ ပို၍ပင် အေးစက်လာသည်။

***

All Chapters