ဖန်မျိုးနွယ်စု၏ ဆေးဝါးတာအို
Vol. 65 Ch. 902
မဟာအကြီးအကဲသည် မန်ဟို့ကို အထင်သေးခဲ့မိသည်ဟု မထင်ထားသော်လည်း အဆုံးသတ်တွင် ... ယင်းကဲ့သို့ သူလုပ်ခဲ့မိလေပြီ။
မဟာအကြီးအကဲအတွက် မန်ဟိုသည် ဂျူနီယာမျိုးဆက်ဝင်တစ်ယောက်သာ ဖြစ်၏။ ဉာဏ်ကောင်းလျှင် ဉာဏ်ကောင်းလိမ့်မည်၊ သို့သော်လည်း ဂျူနီယာတစ်ယောက်ထက် မပိုပေ။
မန်ဟိုက အချိန်မှော်သိုင်းကို ကျင့်ကြံထားပြီး မဆုတ်မနစ်သော ဇွဲလုံ့လကြောင့် မျိုးနွယ်စု၏ နက်ရှိုင်းသော သမိုင်းရာဇဝင်ကို တူးဖော်ပြီး ဟိုတစ်စ၊ သည်တစ်စ သဲလွန်စများကို အမှန်တရားအဖြစ် ဆက်စပ်တွေးခေါ်နိုင်ရန် လဝက်တည်းသာ ကြာလိမ့်မည်ဟု ဘယ်တော့မှ မထင်ထားခဲ့ပေ။
နိဗ္ဗာနသစ်သီးနှစ်လုံးမှာ မန်ဟို ထင်ထားသည့်အတိုင်း ပထမမျိုးဆက်ခေါင်းဆောင်ကြီး ချန်ရစ်ခဲ့သော အဖိုးထိုက်ရတနာများ ဖြစ်သည်။ သို့သော် ၎င်းတို့ကို စုပ်ယူဖို့ ကြိုးစားနေစဉ် မျိုးနွယ်ဝင်တစ်ယောက်ပြီးတစ်ယောက် ရုတ်တရုက် သေဆုံးသွားခဲ့ကြပြီးနောက်တွင် ၎င်းတို့သည် ကျိန်စာသင့်ပစ္စည်းများသဖွယ် ဖြစ်လာခဲ့၏။
လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀၀) က မျိုးနွယ်စုသည် နိဗ္ဗာနသစ်သီးနှစ်လုံးနှင့် ပတ်သက်သမျှ အချက်အလက်အားလုံးကို အာဏာသုံး၍ ပိတ်ပင်ခဲ့ပြီး ဘိုးဘေးဘဏ္ဍာတိုက်တွင် သိမ်းထားခဲ့၏။ ပထမမျိုးဆက်ခေါင်းဆောင်ကြီးထံမှ ပစ္စည်းများဖြစ်သည့်တိုင် ၎င်းတို့မှာ မည်သည့်နေရာတွင်မှ အသုံးမဝင်ခဲ့ပေ။
ယနေ့ခေတ်ရောက်သော် ခေါင်းဆောင်ကြီးတစ်ဦးသည် နိဗ္ဗာနသစ်သီးများကို ချန်ခဲ့ကြောင်း လူအနည်းစုသိကြသော်လည်း ရုတ်တရက် သေဆုံးသွားခဲ့သော ထိုမျိုးနွယ်ဝင်များအကြောင်း မှတ်မိသူအား ရှာတွေ့ဖို့ထက် ဖီးနစ်ငှက်မွှေးနှင့် ချီလင်ချိုများကို ရှာရသည်ကမှ လွယ်လိမ့်ပေမည်။
မန်ဟို့အဖေပင် ထိုကဲ့သို့အရာမျိုးကို သိမည်မဟုတ်ပေ။
မန်ဟို၏ သံသယကြီးသော စရိုက်နှင့် နိဗ္ဗာနသစ်သီးများ၏ သက်တမ်းအစစ်အမှန်ကို ဆုံးဖြတ်ပေးနိုင်သည့် အချိန်မှော်အစွမ်းကို အသုံးပြုနိုင်စွမ်းကြောင့်သာ မဟုတ်လျှင် မျိုးနွယ်စု၏သမိုင်းများကို ရှာဖွေလျှင်တောင်မှ သဲလွန်စများကို သတိထားမိမည်မဟုတ်ပေ။
"ဒါဆို ငါ့ နိဗ္ဗာနသစ်သီးတွေရော" သူက တွေးသည်။ "ရှိသေးတာလား၊ မရှိတော့ဘူးလား" သူသည် ဇဝေဇဝါဖြစ်နေသော မျက်နှာထားဖြင့် ကျောက်စိမ်းသေတ္တာကို ငုံ့ကြည့်လိုက်၏။ ယခုတွင် မန်ဟိုသည် မဟာအကြီးအကဲ သူ့ကို ကျောက်စိမ်းသေတ္တာပေးခဲ့စဉ်က ကြည့်နေခဲ့သော မျက်မြင်သက်သေများအားလုံး ဤနိဗ္ဗာနသစ်သီးများက သူ့အပိုင်ဖြစ်ကြောင်း ထင်သွားလိမ့်မည်ဟု သဘောပေါက်လိုက်သည်။
တစ်ခါတရံ လူတိုင်း အမှန်ဟု ယုံကြည်ထားလျှင် ထိုကိစ္စက အမှန်ဖြစ်လာပြီး ပြောင်းလဲ၍မရတော့ပေ။
အတန်ကြာ တွေးပြီးသော် မန်ဟိုက နိဗ္ဗာနသစ်သီးကို ငုံ့ကြည့်ပြီး မျက်လုံးများ တောက်ပလာသည်။
"တန်ဖိုးအရဆိုရင် ခေါင်းဆောင်ကြီးရဲ့ ဒီနိဗ္ဗာနသစ်သီးနှစ်လုံးက လုံးဝ အဖိုးဖြတ်မရနိုင်ဘူး ... ငါ ဆက်စပ်မိတဲ့ သဲလွန်စတွေအရဆိုရင် ရုတ်တရက် သေဆုံးသွားတဲ့ မျိုးနွယ်ဝင်တွေအကုန်လုံး အသက်စွမ်းအားတွေ စုပ်ယူခံလိုက်ရသလိုမျိုး အလောင်းခြောက်တွေ ဖြစ်ကုန်ကြတယ်
"ကြည့်ရပုံထောက်ရင် နိဗ္ဗာနသစ်သီးတွေကို မဟာအကြီးအကဲပ အကြံပြုထားတဲ့အတိုင်း ဝိညာဉ်အဆီ ကျွေးရုံလေးနဲ့ အားပြန်ဖြည့်လို့မရလောက်ဘူး။ အဲ့ဒီလိုလုပ်ရင် ခဏတဖြုတ်ပဲ အားဖြည့်နိုင်မှာ။ အချိန်တိုတိုလေးပဲ အားဖြည့်ထားရသေးတဲ့ကာလမှာ စုပ်ယူဖို့ ကြိုးစားရင် သေချာပေါက် သေလိမ့်မယ်
"ဘာကြောင့်လဲ သူတို့က ညှိုးနွမ်းပြီး ခြောက်ကပ်နေသေးတာကြောင့်ပဲ။ အကယ်လို့ အပြည့်အဝ အားပြန်ဖြည့်ပေးပြီးရင် .... စုပ်ယူနိုင်လောက်မယ်
"အင်း အဲဒီမျိုးနွယ်ဝင်တွေလည်း ဒီလိုသုံးသပ်မိမှာပဲ ။ ဒါတောင် မအောင်မြင်ခဲ့ကြဘူး။ ငါ့တွေးပုံတွေးနည်းက သူတို့လိုပဲ ဟာကွက်ရှိနေတယ်.... အဲဒီလိုဆိုမှတော့ အပြည့်အဝ အားဖြည့်ဖို့အတွက် လုံလောက်တဲ့ ဝိညာဥ်အဆီကို စုဆောင်းဖို့ မဖြစ်နိုင်လောက်ဘူး
"ဒါဆို ဖြစ်နိုင်ခြေနှစ်ခု ရှိမယ်။ တစ်ခုက... ဖန်မျိုးနွယ်စုတောင်မှ ဆေးပင်တွေလုံလုံလောက်လောက် စုဆောင်းဖို့ လိုအပ်တဲ့ ကြောက်ခမန်းလိလိ အရင်းအမြစ်ပမာဏကို မတတ်နိုင်တာပဲ။ ဆေးပင်အထောက်အပံ့က အကန့်အသတ်ရှိတယ်မဟုတ်လား။ ဝိညာဉ်အဆီထဲမှာ အစားထိုးအမယ်တွေ သုံးရင်တောင်မှ နိဗ္ဗာနသစ်သီးကို အကောင်းပကတိအတိုင်း ပြန်ဖြစ်စေဖို့ တကယ်ပဲ မဖြစ်နိုင်ဘူးထင်တယ်
"အဲ့ဒီဖြစ်နိုင်ခြေထက် ပိုဖြစ်နိုင်ခြေများတဲ့ ဒုတိယဖြစ်နိုင်ခြေရှိတယ်။ နိဗ္ဗာနသစ်သီးတွေဟာ ဖြစ်ပေါ်လာခဲ့တဲ့ အခိုက်အတန့်ကတည်းက ခြောက်သွေ့နေခဲ့တာများလား" မန်ဟို၏မျက်လုံးများသည် တခဏ လင်းလက်သွားပြီးနောက် ကြေးမုံကို ထုတ်ရန် သိုလှောင်အိတ်အား ပုတ်လိုက်သည်။
"နိဗ္ဗာနသစ်သီးတွေကို အပြည့်အဝအဆင့်ရောက်အောင် ပြန်ပြုပြင်နိုင်တဲ့အခွင့်အရေး အမြဲရှိတယ်" မန်ဟိုမှာ အသက်ရှူမြန်နေပြီး ထူးဆန်းသောအလင်းရောင်အား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။ ထို့နောက် သူသည် သူ၏ချစ်လှစွာသော ဝိညာဉ်ကျောက်တုံးများကို တွေးပြီးနောက် တွေဝေတုံ့ဆိုင်းစွာဖြင့် အံတင်းတင်းကြိတ်လိုက်၏။
"နဝမတောင်နဲ့ပင်လယ်မှာ ရွေးချယ်ခံတွေ အများကြီးရှိတာမလို့ နောင်ကျ သူတို့ဆီကနေ ဝိညာဉ်ကျောက်တုံးတွေ ညှစ်ယူလို့ရတယ်။ ဒါပေမဲ့ ခေါင်းဆောင်ကြီးရဲ့ ဒီနိဗ္ဗာနသစ်သီးနှစ်လုံးကို အားဖြည့်ပြီး စုပ်ယူလိုက်ရင်တော့ ... ဒီမှာ ဖန်မျိုးနွယ်စု ရနိုင်သမျှထဲ အကြီးမားဆုံးကံကြမ္မာကောင်းဖြစ်လိမ့်မယ်
"သူတို့ ဆေးဖော်မယ့်နေရာကို သွားဖို့ အချိန်ကျပြီ" ဤအခိုက်အတန့်တွင် မန်ဟို၏မျက်လုံးများ၌ ခိုင်မာပြတ်သားမှုကို မြင်နိုင်လေသည်။
နောက်တစ်နေ့ မိုးသောက်ချိန်ရောက်၍ အိမ်ထဲမှ သူ ထွက်လာသည့်အခါ ဖန်ရွှီအား မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
နောက်ဆုံးတွင် ဖန်ရွှီသည် စကားပြောပါရမီတွင် တိုးတက်လာခဲ့၍ နောက်တစ်ဆင့်သို့ တက်ရန် အဆင်သင့်ဖြစ်နေလေပြီ။ ထို့ကြောင့် သူက သူ၏စကားနိုင်လုစွမ်းရည်ကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့၏။
အသားဂျယ်လီနှင့်ကြက်တူရွေးသည်လည်း သူ့အတွက် စမ်းသပ်ရန် အချိန်ကျပြီဖြစ်ကြောင်း သုံးသပ်ရင်း ကြီးကြပ်ညွှန်ကြားပေးဖို့ လိုက်သွားကြရာ ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်နေ၏။
မန်ဟိုက အလင်းတန်းအသွင်ပြောင်းကာ မျိုးနွယ်စု၏ ဆေးဖော်စပ်ခြင်းဌာနရှိရာသို့ ပျံသန်းသွားလေသည်။
ဖန်မျိုးနွယ်စုသည် ဧရာမမျိုးနွယ်စုကြီးတစ်စုဖြစ်၍ ကိုယ်ပိုင်ဆေးဝါးတာအိုရှိပြီး ဆေးဝါးတာအိုဌာနအား ဖွဲ့စည်းထားလေသည်။ ထိုနေရာရှိ ကျင့်ကြံသူတိုင်းသည် ဖန်မျိုးနွယ်စုမှ ဖြစ်ကြပြီး မည်သည့်သွေးဆက်မှဖြစ်စေ၊ ထည့်သွင်းခံလိုက်ရလျှင် ဆေးဝါးတာအိုဌာနနှင့်သာ သက်ဆိုင်ပေသည်။
မျိုးနွယ်စု၏ ဆေးဝါးတာအိုဌာနသည် ဘိုးဘေးစံအိမ်အပြင်တွင် သီးသန့်တည်ရှိ၏။ ၎င်းကား အရပ်လေးမျက်နှာမှ ကာရံထားသော တောင်တန်းများ၊ မြောက်မြားစွာသော စံအိမ်များ၊ အဆောက်အဦးများ မှိုလိုပေါက်လျက် ဂိုဏ်းတစ်ဂိုဏ်းနှင့်တူသည်။ အရောင်အဝါတို့က လေတွင် ကွန့်မြူးနေပြီး တစ်နေရာလုံးသည် စွမ်းအင်များဖြင့် လှုပ်ရှားသက်ဝင်နေ၏။
ဆေးဝါးတာအိုဌာနသည် ဆေးဝါးပညာရှင်တစ်သိန်းကျော်ဖြင့် ဖွဲ့စည်းထားကာ ဆေးလုံးများ၏ ရနံ့အငွေ့အသက်တို့အား အမြဲတမ်းပျံ့လွင့်နေစေပြီး ဘယ်တော့မှ လွင့်ပျယ်ပြိုကွဲသွားစေခြင်းမရှိပေ။ ဆေးလုံးများ၏ ရောင်စုံအငွေ့အသက်များအား အမြဲမပြတ်မြင်နေရာ တုနှိုင်းမဲ့လောက်အောင် ရှုမငြီးလှပလေသည်။
ဖန်မျိုးနွယ်စု၏ ဆေးဝါးတာအိုဌာနသည် ဆေးဝါးပညာရှင်များ၏အဆင့်အား တင်းကြပ်စွာ ခွဲခြားထား၏။ ဆေးပေါင်းဖိုဘုရင်နှင့် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဟူ၍သာ ခွဲခြားထားသော ဇီယွင်ဂိုဏ်းကဲ့သို့ မဟုတ်ပေ။ ဖန်မျိုးနွယ်စုတွင် ဆေးဝါးပညာရှင်များအား အဆင့်ကိုးဆင့် သတ်မှတ်ထားသည်။
အဆင့် (၉) သည် ထိပ်ဆုံးဖြစ်ပြီး အဆင့် (၁) က အစပျိုးအဆင့်ဖြစ်သည်။ ဆေးဝါးပညာရှင်များ၏အောက်တွင် ဆေးဝါးအတတ်သင်စုစုပေါင်း ဆယ်သိန်းကျော်လေသည်။
ကျင့်ကြံအားထုတ်ရာတွင် ဆေးလုံးများသည် မရှိမဖြစ် အရေးပါ၏။ အကန့်အသတ်မဲ့သော အင်မော်တယ်ချီကို ကျင့်ကြံရသည့် အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများအတွက်ဆိုလျှင် ပိုမှန်လေသည်။ နဝမတောင်ပင်လယ်တွင် ကျင့်ကြံသူအားလုံးကို ထောက်ပံ့ပေးနိုင်သည်အထိ အင်မော်တယ်ချီလုံလုံလောက်လောက် မရှိသည်ဖြစ်ရာ သူတို့အနေဖြင့် လိုအပ်သော အင်မော်တယ်ချီပမာဏကို စုဆောင်းဖို့ ဆေးလုံးများထဲရှိ အပင်နှင့်အသီးအရွက်စွမ်းအားအပေါ် အားထားရ၏။
ထို့ကြောင့် ဆေးဝါးပညာရှင်များက အလွန်မြင့်မားသော အဆင့်အတန်းကို သိမ်းပိုက်ထားလေသည်။ မှန်ပါသည်၊ မျိုးနွယ်ဝင်တိုင်း ဆေးဝါးတာအို၌ ပါရမီ ပါလာမည်မဟုတ်သလို၊ ပါရမီပါသူများကိုလည်း တွေ့ရလေ့မရှိပေ။ အဆင့်(၆) ဆေးဝါးပညာရှင်များဆိုလျှင် အတော်လေးရှားပါလှ၏။ အဆင့် (၉) ဆေးဝါးပညာရှင်များနှင့်ပတ်သက်၍မူ ဖန်တစ်မျိုးနွယ်လုံးတွင် တစ်ယောက်တည်းသာ ရှိပြီး သူ့ကို ဆေးလုံးအကြီးအကဲ ခေါ်သည်။
များသောအားဖြင့် ဆေးလုံးအကြီးအကဲသည် ကာလကြာရှည် တံခါးပိတ်ကျင့်ကြံနေသော မျိုးနွယ်စုခေါင်းဆောင်ကြီးများအတွက်သာ ဆေးဖော်စပ်ရ၏။
မန်ဟို ဘိုးဘေးစံအိမ်မှ ပျံထွက်လာသည့်အခိုက်အတန့်တွင် ဖန်မျိုးနွယ်စု၏ ဆေးဝါးတာအိုဌာနအား ကာရံထားသော တောင်များအား မြင်လိုက်ရသည်။ အနားရောက်သွားသည့်အခါ တောင်များအထဲသို့ ဝင်ရောက်ခြင်းအား ပိတ်ထားသော ကြောက်စရာမန္တန်ဝင်္ကပါတစ်ခုကို အာရုံရလိုက်သည့်အတွက် သက်သေခံကျောက်စိမ်းပြားကို ထုတ်လိုက်ရာ မန္တန်ဝင်္ကပါသည် လင်းခနဲ လက်သွား၏။ မန်ဟို မည်သူမည်ဝါဖြစ်သလဲ အတည်ပြုပြီးနောက်တွင် တောက်ပသောအလင်းရောင်က သူ၏သွေးစီးဆင်းမှုကို လှုံ့ဆော်ရင်း ပျံ့နှံ့လာသည်။ နောက်ဆုံးတော့ သူကား ဝင်ရောက်ခွင့်ရသွား၏။
ဆေးအငွေ့အသက်များက မန်ဟို့ကို လွှမ်းခြုံသွားပြီး လန်းဆန်းသွားစေသည်။၎င်းသည် အလွန်ရင်းနှီးသော ရနံ့ဖြစ်၍ သူ့အား ဇီယွင်ဂိုဏ်းကို သတိရသွားစေ၏။ သူသည် အသက်ပြင်းပြင်း ရှူသွင်းပြီး ရနံ့ထဲမှ သိလိုက်ရသော ဆေးပင်အမျိုးအစားများနှင့် ၎င်းတို့ မည်ကဲ့သို့ရောနှောနေပုံကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်၏။
ဆေးဝါးတာအိုနှင့်ပတ်သက်လျှင် ဆေးလုံးမိစ္ဆာပင်လျှင် မန်ဟိုသည် သူ့ထက်သာကြောင်း ဝန်ခံရမည်ဖြစ်၏။ သူ၏ဆေးဖော်စပ်စွမ်းရည်က ကြောက်မက်ဖွယ်အဆင့်တစ်ဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
တောင်များအား အရပ်မျက်နှာတစ်ခွင်တွင် မြင်ရနိုင်ပြီး မရေမတွက်နိုင်သော ဆေးဝါးပညာရှင်များ၏အရှိန်အဝါအား မန်ဟို ခံစားလိုက်ရသည်။ တစ်နေရာလုံးကို အတော်လေးပူနွေးနေစေသော မြေမီးဓာတ်၏အပူရှိန်လည်း ရှိသည်။ တောင်များအကြား ဟိုဟိုသည်သည် သွားလာနေသော ဆေးဝါးပညာရှင်များကို မြင်ရသော်လည်း ဆေးဝါးတာအိုဌာန၏ နေရာဒေသအသီးသီး၌ ကူးလူးသွားလာနေသော ဆေးဝါးအတတ်သင်များအား အတွေ့များလေသည်။
"ဒီနေရာက ဆေးဝါးပညာရှင်တွေက ဘာနဲ့တူမလဲ မသိဘူး..." မန်ဟိုက မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပနေလျက် တွေးလိုက်သည်။
သိသာစွာပင် မဟာအကြီးအကဲသည် ကြိုတင်စီစဉ်ပေးထားပြီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မန်ဟို ဆေးဝါးတာအိုဌာနသို့ ဝင်လာလျှင်ချင်း သက်လတ်ပိုင်းလူတစ်ယောက်က အနီးနားရှိ တောင်တစ်လုံးထံမှ သူ့ဆီ ပြန်လာ၍ပင်။ သူသည် မန်ဟို့အရှေ့သို့ သက်ဆင်းပြီးနောက် သူ့ကို လှမ်းကြည့်ရင်း အကဲခတ်နေသည်။
"မင်းက ဖန်ဟိုလား။ မီတာ (၃၀၀၀၀) သွေးဆက်အလင်းတန်းနဲ့ တစ်ယောက်ပေါ့" ထိုလူသည် အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ထားပြီး မောက်မာသောအသွင်အပြင်ရှိ၏။ ဝတ်ရုံ၏ ကော်လံတွင် ရွှေနဂါးငါးကောင်ရေးဆွဲထားရာ အဆင့် (၅) ဆေးဝါးပညာရှင် ဖြစ်ကြောင်း ညွှန်ပြနေလေသည်။
မန်ဟိုက ခေါင်းညိတ်လိုက်သည်။
"မဟာအကြီးအကဲတော့ ဘာတွေတွေးနေတာလဲ မသိဘူး" ထိုလူက မန်ဟို့ကို စိတ်မရှည်သလို ကြည့်ရင်း ပြောသည်။ "မင်းမှာ မီတာ (၃၀၀၀၀) သွေးဆက်ဂိတ်အလင်းတန်းရှိရှိ မရှိရှိ အသုံးမဝင်ဘူး။ ဒါက ဆေးဝါးတာအိုဌာန။ မင်း ဆေးဖော်ချင်ရင် သွေးဆက်သန်မာတာက နည်းနည်းလေးတောင်မှ အကူအညီမဖြစ်ဘူး
"ဆေးဖော်တာ လေ့လာဖို့ဆို ပါရမီလည်း ပါဦးမှ။ မင်း ဆေးဖော်နိုင်လား"
ဤမေးခွန်းက မန်ဟို့အား တွေဝေတုံ့ဆိုင်းသွားစေသည်။ ဆေးဝါးတာအိုသည် ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသည့်အတွက် ဆေးဖော်စပ်ခြင်းကို ထဲထဲဝင်ဝင် နားလည်ပါသည်ဟု မပြောရဲပေ။
"တချို့တစ်ဝက်တော့ နားလည်ပါတယ်" သူက ပြန်ဖြေသည်။
"တချို့တစ်ဝက်တဲ့လား" အဆင့် (၅) ဆေးဝါးပညာရှင်မှာ သိပ်ကျေနပ်ပုံမရပေ။ သူသည် ဆေးဝါးတာအိုတွင် နှစ်ပေါင်းများစွာ စိတ်ရောကိုယ်ပါ မြှုပ်နှံ့ထားသဖြင့် ၎င်းအား နားလည်လေလေ၊ ၎င်း မည်မျှအဆုံးမဲ့သည်လဲ သဘောပေါက်လာလေလေ ဖြစ်၏။ တစ်ဘဝလုံး အပတ်တကုပ်ကြိုးစားခြင်းကပင်လျှင် ၎င်း၏အပိုင်းအစးသေးသေးလေးအား ဆုပ်ကိုင်မိဖို့ မလုံလောက်သေးပေ။ တစ်ယောက်ယောက် သူ့ကို မည်မျှသိသလဲ မေးလျှင် 'တချို့တစ်ဝက်' ဟူ၍ မပြောဝံ့ဘဲ 'နည်းနည်းပါးပါး' နားလည်သည်ဟုသာ ပြောဝံ့၏။ သူ့အတွက်တော့ မန်ဟို ဘာမှမသိကြောင်း ထင်ရှားသည်။
"မင်း ဆေးဖော်တာကို လေ့လာတာ ဘယ်နှနှစ်ရှိပြီလဲ" ထိုလူက စောစောကထက်ပင်ပို၍ မနှစ်မြို့သော အမူအရာဖြင့် အေးတိအေးစက် မေးသည်။
မန်ဟိုမှာ တခဏ တိတ်ဆိတ်သွားပြီးနောက် ဖြေလိုက်သည်။ “နည်းလမ်းတကျဆိုရင်တော့ တစ်နှစ်ကျော်လောက်ပေါ့”
ထိုလူ၏မျက်နှာကြီး မည်းမှောင်သွားပြီး စိတ်မရှည်စွာဖြင့် သိုလှောင်အိတ်တစ်လုံးအား မန်ဟို့ဆီ ပစ်ပေး၏။
"အထဲမှာ မဟာအကြီးအကဲ မင်းကို ဖော်စပ်စေချင်တဲ့ ဝိညာဉ်အဆီအတွက် ဖော်စပ်နည်းအပြင် ဆေးပင်ဆယ်စုံပါတယ်" ထို့နောက် ထိုလူက လက်ကို ဝှေ့ယမ်းလိုက်ကာ သစ်သားပြားတစ်ပြားအား သူ့ထံသို့ ပို့လွှတ်လိုက်သည်။
"ဝိညာဉ်အဆီဖော်စပ်တာက ဆေးလုံးဖော်တာထက် အများကြီး ရိုးရှင်းတယ်။ ဖော်စပ်နည်းထဲက ဖော်ပြချက်အတိုင်း လိုက်လုပ်ရင် ပြဿနာမရှိ ဖော်စပ်နိုင်လိမ့်မယ်။ မင်းအတွက် ခက်လွန်းရင်တော့ ဆေးဝါးအတတ်သင်တစ်ယောက်ကို ခိုင်းလိုက်။ ဆေးဝါးတာအိုကို လေ့လာချင်ရင်တော့ မင်းအနေနဲ့ ဆေးပင်အမျိုးအစားခွဲတတ်အောင် အရင်လေ့လာရမယ်။ အဲဒီသစ်သားပြားကို ဆေးရိပ်သာတောင်ထွတ် (၇၁၉၁) ဆီ ယူသွား။ အဲဒီမှာ နှစ်တစ်ရာ လေ့လာပြီးရင် ငါ့ကို ပြန်လာရှာလှည့်" ထိုသို့ပြောပြီး ထိုလူက လှည့်၍ ခြေခုနစ်လှမ်း၊ ရှစ်လှမ်းမျှ လျှောက်ပြီးသောအခါ ရပ်ပြီး ပြန်လှည့်ကြည့်သည်။
"မမေ့နဲ့" သူက ပြောသည်။ "ဆေးဝါးတာအိုဆိုတာ ကျယ်ပြန့်ပြီး ကြီးမြတ်တယ်။ နောက်နောင် တစ်ယောက်ယောက် မင်းကို အဲ့ဒီအကြောင်းမေးရင် အခုလို မောက်မောက်မာမာ မဖြေမိစေနဲ့။ တစ်နှစ်လောက် လေ့လာရုံနဲ့ ဆေးဝါးတာအိုအကြောင်း 'တချို့တစ်ဝက်' သိသွားနိုင်ပြီထင်တယ်ပေါ့လေ
"ဒါ့အပြင် မင်းရဲ့ မီတာ (၃၀၀၀၀) သွေးဆက်အလင်းတန်းက ဒီမှာ ဘာအဓိပ္ပာယ်မှ မရှိဘူး။ ဒီမှာ မင်းက ရွေးချယ်ခံမဟုတ်ဘူး၊ သာမန်မျိုးနွယ်ဝင်တစ်ယောက်သာသာပဲ။ မင်းမှာ ပါရမီမရှိရင်တော့ ပေကပ်နေပြီး မျိုးနွယ်စုရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးမနေနဲ့။ လာခဲ့တဲ့ဆီသာ ပြန်သွား"
မန်ဟို့ကို ပြင်းထန်စွာ အပြစ်တင်ဆုံးမပြီးနောက် ထိုလူသည် လှည့်၍ အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားတော့သည်။
မန်ဟိုက ခပ်ယဲ့ယဲ့ပြုံးသည်။ သူ့အဖြေက အတော်လေး သင့်တော်ကြောင်း ခံစားရသော်လည်း ဤလူကို စိတ်တိုသွားစေခြင်းဖြင့် အဆုံးသတ်သွား၏။ မန်ဟိုက သိုလှောင်အိတ်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက် ဖော်စပ်နည်းကို ထုတ်လိုက်သည်။ သူသည် ၎င်းကို ကြည့်ရင်း ဝိညာဉ်အဆီ ဖော်စပ်ခြင်းမှာ မယုံနိုင်လောက်အောင် ရိုးရှင်းကြောင်း တွေ့လိုက်ရ၏။ ဆေးဝါးပညာရှင်တစ်ယောက်အား ဖော်စပ်ခိုင်းရန် မလိုပေ။ ဆေးဝါးအတတ်သင်တစ်ဦးပင် ထိုသို့လုပ်ပေးနိုင်သည်။
သို့သော် ပါဝင်သည့် ဆေးပင်များမှာ ဈေးကြီးရုံသာမက တချို့ဆိုလျှင် တောင်ကောင်းကင်ဂြိုဟ်၌ ရှားပါးဆေးပင်များအဖြစ် သတ်မှတ်၍ရနိုင်သည်။ ဝိညာဉ်အဆီဆယ်သုတ် ထုတ်ပေးဖို့ ပါဝင်ပစ္စည်းများ လုံလုံလောက်လောက်ရှိ၏။
အပင်တစ်ပင်တွင် အရွက်သုံးရွက်သာ ရှိပြီး အင်မော်တယ်ချီအား ထုတ်လွှတ်နေသည်။
"ဝိဇ္ဇာသုံးပါးသစ်ရွက်" သူက မျက်လုံးများ တောက်ပနေလျက် တွေးလိုက်သည်။ ဤအပင်ကို ကြည့်ခြင်းအားဖြင့် ဖန်မျိုးနွယ်စု၏ ဆေးဝါးတာအိုဌာန စိတ်တိုင်းကျရရှိနိုင်သော အရင်းအမြစ်များကို မန်ဟို နားလည်လိုက်လေသည်။
"ဝိဇ္ဇာသုံးပါးသစ်ရွက်လို အပင်တွေကို ရနိုင်တယ်ဆိုတော့ ဒီဆေးဝါးတာအိုဌာနက အထွတ်အမြတ်မြေတစ်မြေပဲ" မန်ဟို၏မျက်လုံးများ တောက်ပလာပြီး အသက်ရှူသံများ အတန်ငယ် မြန်လာသည်။သူ့မှာ သူ၏ဆေးဝါးတာအိုအဆင့် မည်သည့်နေရာရောက်နေခဲ့ပြီလဲ အတိအကျမသိပေ။ လူတစ်ယောက်၏ ဆေးဝါးတာအိုခိုင်မာမှုကို အကဲဖြတ်ပေးဖို့ မကြာခဏ အသုံးပြုလေ့ရှိသော ဆေးလုံးများနှင့်ပတ်သက်လျှင် သူ့မှာ အမြဲ အဓိကအမယ်တချို့ လစ်ဟင်းနေ၍ ဖော်စပ်ရန် အခွင့်အရေးမရှိခဲ့ပေ။
"ကဲ ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုနဲ့ ယှဉ်ရင် ငါ့ဆေးဝါးတာအို ဘယ်လောက်ခိုင်မာလဲ ကြည့်ရတာပေါ့" သူသည် သစ်သားပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မြေပုံအတိုင်း ဆေးရိပ်သာတောင်ထွတ် (၇၁၉၁) သို့ ဦးတည်သွားလေသည်။
***