တိုးတက်လာခဲ့သော ပါရမီကို ဖျတ်ခနဲ မြင်ရခြင်း
Vol. 65 Ch. 903
ဖန်မျိုးနွယ်စု၏ ဆေးဝါးတာအိုဌာနကို ဖွဲ့စည်းထားသော တောင်တန်းများသည် အရပ်လေးမျက်နှာတွင် မျက်စိတစ်ဆုံး သွယ်တန်းလျက်ရှိ၏။ ဆေးဝါးပညာရှင်များ နေထိုင်ရာ အတွင်းဒေသတွင်ရှိသော တောင်တစ်သောင်းကို တောင်တစ်သိန်းက ထပ်မံကာရံထားလေသည်။
ဆေးဝါးပညာရှင်တစ်ယောက်၏ ရာထူးအဆင့်မြင့်မားလေလေ၊ အဆိုပါဆေးဝါးပညာရှင်သည် တောင်အားလုံး၏အလယ်ဗဟိုနှင့် နီးကပ်လေလေ ဖြစ်၏။
အပြင်တောင်တစ်သိန်းအား ဒေသဆယ်ခုအဖြစ် ပိုင်းခြားထားပြီး ဆေးဝါးအတတ်သင်များ လေ့လာရာနေရာများဖြစ်ကြသည်။ ၎င်းတို့သည် ဆေးရိပ်သာများအဖြစ် အသိများပြီး ရိပ်သာတစ်ခုလျှင် တောင်တစ်ထောင်စီဖြင့် ဖွဲ့စည်းထားလေသည်။
မန်ဟို သွားနေသောနေရာမှာတော့ ဆေးရိပ်သာတောင်ထွတ် (၇၁၉၁) ပင်။
ကံကောင်းထောက်မစွာနှင့် ဤနေရာတွင် ပျံသန်းခြင်းအား တားမြစ်ထားခြင်းမရှိပေ။ မဟုတ်လျှင် မန်ဟို့အတွက် ထိုနေရာသို့ရောက်ရန် အလွန်ကြာမြင့်လိမ့်မည်။ သူသည် အမြန်ဆုံး ပျံသန်းသွားပြီး မြေပုံ၏အကူအညီဖြင့် မကြာခင်မှာပဲ ရှေးဆန်သောအသွင်အပြင်နှင့် တောင်ထွတ်တစ်ခုသို့ ရောက်ရှိသွား၏။
တောင်ထွတ်သည် ချွန်ထွက်၍ မြင့်မားခြင်းမရှိဘဲ ထိုအစား ကြီးမားသော ရင်ပြင်ကျယ်ကြီးနှင့်တူအောင် ထိပ်အား ပိုင်းဖြတ်ခံထားရသယောင်ပင်။ လောလောဆယ်တွင် လူရာပေါင်းများစွာသည် စင်မြင့်တစ်ခု၏ပတ်ပတ်လည်တွင် တင်ပျဉ်ခွေထိုင်၍ အဘိုးကြီးတစ်ယောက် ဆေးပင်များနှင့်ပတ်သက်ပြီး သင်ခန်းစာပို့ချနေသည်ကို နားထောင်နေကြ၏။ ထိုအဘိုးကြီးက ရွှေနဂါးတစ်ကောင်ပုံစံ ရေးထိုးထားသော ကော်လံနှင့် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။
အဘိုးကြီးက ရံဖန်ရံခါ ဆေးပင်တစ်ပင်ကို ကိုင်မြှောက်ပြရင်း တတွတ်တွတ် ပြောနေသည်။ တစ်ခါတရံ ဆေးပင်များသည် ဖူးပွင့်လာတတ်ပြီး ရောင်စုံကွန့်မြူးသွားတတ်၏။ ပရိသတ်များမှာ ကြည့်ရင်း ဉာဏ်အလင်းပွင့်နေကြပုံရသည်။
ကျင့်ကြံသူရာပေါင်းများစွာအကြား၌ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးမရွေး မြင်ရနိုင်ပြီး အကုန်လုံးက ဆေးဖော်စပ်ခြင်းအား သင်ယူရန် ဤနေရာသို့ လာရောက်ကြသော ဖန်မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ မှန်၏၊ လူတိုင်း ဆေးဝါးအတတ်သင်အဖြစ်မှ စဖို့ လိုအပ်ပေသည်။
မည်သူမှ မန်ဟို ရောက်လာသည်ကို အဖက်မလုပ်ပေ။ သူက အဘိုးကြီး၏ သင်ခန်းစာကို နားထောင်ရန် ဘေးတွင် ထိုင်ချလိုက်၏။
"ဒါက နတ်ရောင်စဉ်ပန်း" အဘိုးကြီးက အေးတိအေးစက် ပြောသည်။ "နေမွေးဖွားခြင်းပန်းလို့လည်း ခေါ်တယ်။ သူ့ရဲ့ဆေးအာနိသင်က မွန်းတည့်ချိန်မှာ အထွတ်အထိပ်ပဲ။ ဒီပန်းရဲ့ သွေးကြောတွေကို သေချာအာရုံစိုက်ကြ။ နတ်မိုးမှောင်ပန်းနဲ့ အရမ်းဆင်တယ်" ထိုသို့ပြောပြီး သူက နောက်ဆေးပင်တစ်ပင်ကို ထုတ်ကာ မိတ်ဆက်ပေးသည်။
ရံဖန်ရံခါ အဘိုးကြီးသည် လူအုပ်ကြီးကို လှမ်းကြည့်တတ်ပြီး ဆေးဝါအတတ်သင်များ၏ စိတ်အားထက်သန်နေသောအမူအရာများကို မြင်လျှင် အတော်လေး ဘဝင်ခိုက်သွားတတ်၏။
သူ့မှာ အဆင့် (၁) ဆေးဝါးပညာရှင်သာ ဖြစ်ပြီး ဘဝတစ်လျှောက်လုံး ရာထူးတိုးနိုင်ခြေမရှိတော့ပေ။ ထို့ကြောင့် ဆေးဝါးအတတ်သင်များအား အပင်နှင့်အသီးအရွက်ဆိုင်ရာ သင်ခန်းစာများပို့ချဖို့ တာဝန်ပေးအပ်ခံခဲ့ရ၏။ ယခုလိုအချိန်များတွင်သာ သူ့မှာ လူအများ သူ့ကို အားကျစွာ ကြည့်နေသည်ကို ခံစားရနိုင်လေသည်။
သူ သင်ခန်းစာ ဆက်လက်ပို့ချနေသည့်အချိန်မှာပင် မနှစ်မြို့သောအရိပ်အယောင်က သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသည်။ ပရိသတ်ထဲရှိ လူငယ်တစ်ယောက်က သူ ပြောနေသောအရာများနှင့်ပတ်သက်ပြီး မျက်မှောင်ကြုတ်နေလေသည်။ ပထမတော့ အာရုံသိပ်မထားသော်လည်း နောက်နှစ်နာရီအတွင်း ထိုလူငယ်က ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် မျက်မှောင်ကြုတ်ခဲ့ကြောင်း သူ သဘောပေါက်လိုက်၏။
ထိုအခြင်းအရာက အဘိုးကြီးကို စိတ်တိုသထက် စိတ်တိုလာစေသည်။ သူသည် ဤနေရာတွင် နှစ်ပေါင်းများစွာ စာပို့ချလာခဲ့သူဖြစ်ပြီး ဆေးဝါးအတတ်သင်တိုင်း သူ့ကို ရိုသေလေးစားစွာ ကြည့်ကြ၏။ အခြားမျိုးနွယ်များ၏ ဆေးဝါးတာအိုဌာနများမှ ရွေးချယ်ခံများပင်လျှင် ဤနေရာရှိ သူ၏လုပ်ပိုင်ခွင့်ကို သိကြလေသည်။
အဘိုးကြီးမှာ သူ ပြောနေသည့်အရာများနှင့်ပတ်သက်၍ မျက်မှောင်ကြုတ်တတ်သည့် မန်ဟို့ကဲ့သို့လူမျိုးကို တစ်ခါမှ မဆုံတွေ့ခဲ့ဖူးပေ။ သူ့မှာ ကြည့်လေလေ၊ အမြင်ကတ်လေလေ ဖြစ်လာတော့၏။
မန်ဟိုက သင်ခန်းစာကို ဆက်လက်နားထောင်နေသည်။ နောက်ဆုံးတွင် အဘိုးကြီးသည် ငွေသော်တာလနွယ်အကြောင်း စပြောပြီး မန်ဟိုက မျက်မှောင်ကြုတ်လိုက်ပြန်သည်။ ဤအဘိုးကြီး၏ အပင်နှင့်အသီးအရွက်အပေါ် နားလည်မှုမှာ မမှန်ကန်ကြောင်း သူ ပြတ်ပြတ်သားသား ပြောနိုင်၏။ သူက အမှားများလုပ်နေပြီး ဆေးဝါးအတတ်သင်များသာ အာရုံစိုက်ထားလျှင် နောင်တစ်ချိန်တွင် ဒုက္ခရောက်နိုင်သည်။ အမှန်ကို နားမလည်ခင် ကြီးမားသောအဖိုးအခများပင် ပေးဆပ်ရကောင်း ပေးဆပ်ရနိုင်၏။
"ဒီသစ်ပင်အမျိုးအစားက တစ်ခါက အလွန်အကျူးပူပြင်းခဲ့ဖူးတဲ့ အအေးပိုင်းနယ်မြေတွေမှာ ပေါက်ရောက်တယ်။ နာမည်က ဆောင်းလယ်သစ်ပင်တဲ့။ ဒီဥစ္စာ လောင်ကျွမ်းသွားရင် အဖိုးထိုက်ရတနာတစ်ပါးအဖြစ် သတ်မှတ်လို့ရနိုင်တဲ့ သစ်စေးတစ်မျိုးကို ထုတ်ပေးနိုင်တယ်။ အဲဒီသစ်စေးကို ဆောင်းလယ်သစ်စေးလို့ခေါ်တယ်" သူသည် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မန်ဟို မျက်မှောင်ကြုတ်လိုက်ပြန်သည်ကို မြင်လိုက်ရ၏။ ဤတစ်ကြိမ်နှင့်ဆိုလျှင် မန်ဟို မျက်မှောင်ကြုတ်ခဲ့သည်ကား ဆယ်ကြိမ်ကျော်လေပြီ။ နောက်ဆုံးတော့ အဘိုးကြီးမှာ သည်းမခံနိုင်တော့၍ မျက်နှာထား တင်းမာအေးစက်စွာဖြင့် မန်ဟိုကို လက်ညှိုးထိုးလိုက်သည်။
"မင်း ၊ မင်းနာမည်က ဘာလဲ" သူက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသော အသံဖြင့် မေးသည်။ သင်ခန်းစာထဲ နစ်မျောနေသော ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များမှာ ချက်ချင်း လန့်သွားကြ၏။ သူတို့သည် အဘိုးကြီး၏လက်ညှိုးအတိုင်း လိုက်ကြည့်လိုက်ရာ မန်ဟို့ကို တွေ့သွားကြသည်။
"မန်ဟို" မန်ဟိုက အေးတိအေးစက် ပြန်ဖြေသည်။ "ဖန်ဟိုလို့လည်း ခေါ်လို့ရတယ်"
"မင်းမှာ အကြီးအကဲတွေအပေါ် လေးစားမှုမရှိဘူး။ ဆေးဝါးပညာရှင်တစ်ယောက်အနေနဲ့ ငါ ဆေးဝါးအတတ်သင် မင်းကို မေးခွန်းတစ်ခုမေးမယ်။ မင်း ရပ်ပြီး ဖြေရဲမလား ကြည့်ရသေးတာပေါ့" အဘိုးကြီးက ညစ်ကျယ်ကျယ် ရယ်လိုက်သည်။
မန်ဟိုမှာ အဘိုးကြီးနှင့် စကားများလိုစိတ်မရှိသဖြင့် ရပ်လိုက်လေသည်။
"မင်းအမှားကို မင်းသိလား" အဘိုးကြီးက ပြောသည်။ "ကဲပါလေ နောက်ကျလွန်းသွားပြီ။ ငါ စာပို့ချနေတဲ့အတောအတွင်း မင်း အာရုံက ဘယ်ရောက်နေတာလဲ။ ဘာလို့ မျက်မှောင်ကြုတ်နေတာလဲ။ ငါ့သင်ခန်းစာတွေကို နားမထောင်ချင်ဘူးဆိုရင်လည်း ထွက်သွားလိုက်။ မင်းအနေနဲ့ ဒီမှာ ပေကပ်ထိုင်ပြီး သူများတွေကို စိတ်အနှောင့်အယှက်ပေးပိုင်ခွင့်မရှိဘူး
"မင်းနာမည်က ဖန်ဟိုတဲ့လား ဟမ် ။ အခုကစပြီး မင်းကို ဒီမှာ မကြိုဆိုတော့ဘူး" သူက အေးစက်စက် နှာမှုတ်လိုက်သည်။ ဤအဘိုးကြီးသည် သည်းခံတတ်သော လူစားမျိုးမဟုတ်၍ မန်ဟို၏ ဆက်တိုက်မျက်မှောင်ကြုတ်နေခြင်းက ရန်စမှု သို့မဟုတ် စိန်ခေါ်မှုပင် ဖြစ်ခဲ့လေသည်။
မန်ဟိုက မျက်မှောင်ကြုတ်သွားပြီး ရေခဲတမျှအေးစက်မှုအား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။ သူသည် အဘိုးကြီးကို ခေတ္တမျှ ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ သူက ထွက်ခွာရန် လှည့်လိုက်သည့်အခါ အဘိုးကြီးက နှာမှုတ်လိုက်ပြန်သည်။
"မင်း ထွက်သွားလို့ရတယ်လို့ ငါပြောလား။ စောစောက ဘာလို့မျက်မှောင်ကြုတ်နေတာလဲ မရှင်းပြရင် မင်းကို ကန်ထုတ်ပစ်မယ်။ ဒီတိုင်း ထွက်သွားလို့ ဘယ်ရမလဲ"
မန်ဟိုက တုံ့ခနဲ ရပ်၍ အဘိုးကြီးကို ဖြေးညှင်းစွာ လှည့်ကြည့်သည်။ ထို့နောက် သူသည် တည်ငြိမ်စွာ စပြော၏။
"ကျုပ် ပထမအကြိမ် မျက်မှောင်ကြုတ်တာက ခင်ဗျား နေမွေးဖွားခြင်းသစ်ရွက်အကြောင်း ပြောတုန်းကပဲ။ သစ်ရွက်ရဲ့ဆေးအာနိသင်က မွန်းတည့်ချိန်မှာ အထိရောက်ဆုံးဆိုတာ မှန်ပေမယ့် ဖော်စပ်ဖို့ အသာထား။ ခူးဆွတ်ဖို့ အကောင်းဆုံးအချိန်မဟုတ်ဘူး။ အဲဒီအချိန်မှာ သစ်ရွက်ရဲ့ ယန်စွမ်းအင်က သိပ်သည်းနေလွန်းတယ်။ ဆေးဖော်ဖို့ ကြိုးစားတဲ့အခါ အဓိက ပါဝင်ပစ္စည်းမဟုတ်ရင် အရေးမကြီးဘူး။ ဒါပေမဲ့ အဓိကပါဝင်ပစ္စည်းအဖြစ် သုံးမယ်ဆိုရင်တော့ ဖော်စပ်ခြင်း ကျရှုံးလိမ့်မယ်။ သစ်ရွက်ကို ခူးဆွတ်ဖို့ မှန်ကန်တဲ့အချိန်ကတော့ မွန်းတည့်ချိန်ပြီးတဲ့နောက် အချိန်အပိုင်းအခြားတစ်ခုမှာပဲ"
မန်ဟိုသည် သူ၏အသံ အရပ်လေးမျက်နှာသို့ ဟိန်းထွက်နေစဉ် အဘိုးကြီးထံသို့ ခြေတစ်လှမ်းတိုးကပ်သွား၏။
အဘိုးကြီး၏မျက်နှာကြီး မည်းမှောင်သွားပြီး တစ်ခုခုပြောတော့မည့်အချိန် မန်ဟိုက ဆက်ပြောသည်။
"ဒုတိယအကြိမ် မျက်မှောင်ကြုတ်တာက မြေနိမ့်ဆင်းမြစ်အကြောင်း ခင်ဗျားပြောတုန်းကပဲ။ မြေနိမ့်ဆင်းမြစ်မှာ အပျက်အစီးအရှိန်အဝါပါတယ်လို့ ခင်ဗျားပြောခဲ့တယ်လေ။ အဲဲဒါ လုံးဝမှားတယ်။ မြေနိမ့်ဆင်းမြစ်အစစ်ဆိုတာ မြေကြီးနဲ့အပင်ကို ဆက်သွယ်ပေးထားတဲ့အပိုင်းပဲ။ လက်မဝက်က မြေအောက်မှာဖြစ်ပြီး တစ်ဝက်က မြေပေါ်မှာ ရှိတယ်။ အပင်ရဲ့ မမှန်ကန်တဲ့ အစိတ်အပိုင်းကို ဖြတ်မိရင် ဘယ်ဆေးလုံးဖော်ဖော် အမည်းရောင်ဖြစ်သွားပြီး အဆိပ်တွေနဲ့ ပြည့်နေလိမ့်မယ်။ စားလိုက်တဲ့ ဘယ်သူမဆိုအတွက် ဘေးဖြစ်လိမ့်မယ်"
စကားပြောနေစဉ် သူက ရှေ့တစ်လှမ်း ထပ်တက်လိုက်ပြီး စွမ်းအင်များ ဖွေးဖွေးလှုပ်လာသည်။
အဘိုးကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ နေမွေးဖွားခြင်းသစ်ရွက်နှင့်ပတ်သက်လျှင် သူ့အနေဖြင့် ပြန်လည်ချေပရန်စကားရှိသော်လည်း မြေနိမ့်ဆင်းမြစ်နှင့်ပတ်သက်လျှင် မန်ဟို့ပါးစပ်မှ စကားများထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့မှာ ရင်ခုန်လာတော့သည်။ သူသည် ယခင်တုန်းက မြေနိမ့်ဆင်းအမြစ်နှင့် ဆေးဖော်ဖို့ ကြိုးစားကြည့်ခဲ့ရာတွင် ရလဒ်မှာ မန်ဟို ဖော်ပြခဲ့သည့်အတိုင်းဖြစ်ကြောင်း ရုတ်တရက် မှတ်မိလိုက်၏။
"တတိယအကြိမ် ကျုပ် မျက်မှောင်ကြုတ်တာက ခင်ဗျား နုနယ်မိုးမခသစ်ကိုင်းအကြောင်း ပြောတုန်းကပဲ။ ခင်ဗျားရဲ့စကား ပထမအပိုင်းက မှန်တယ်။ သစ်ရွက်ကိုးရွက်ကို ယူပြီး အတူသန့်စင်လိုက်ရင် နုနယ်မိုးမခသစ်ကိုင်းအစစ် ဖြစ်ပေါ်လာမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ခင်ဗျား အင်မတန် အရေးကြီးတဲ့အချက်ကို ရောထွေးသွားခဲ့တယ် သိလား။ သစ်ပင်အောက်က မြေကြီးတချို့ကို စုဆောင်းပြီး ရောနှောပစ်ဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုရင် နုနယ်မိုးမခသစ်ကိုင်းတွေ ထွက်လာတဲ့ မြေကြီးပတ်ဝန်းကျင်က သစ်သားဓာတ်၊ သတ္တုဓာတ်တွေနဲ့ စုစည်းလိုက်တဲ့အခါ သတ္တုဓာတ်ကို သန့်စင်ပြီး အသစ်စက်စက်အပင်တစ်ပင်ကို ချန်ထားခဲ့နိုင်တာကြောင့်ပဲ"
မန်ဟို နောက်တစ်လှမ်း လှမ်းလိုက်သဖြင့် အဘိုးကြီး၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြန်သည်။ ချွေးသီးများ သူ့နဖူးတွင် ထွက်လာပြီး သူ့မှာ အလိုအလျောက် နောက်ဆုတ်မိလိုက်၏။ မန်ဟို နီးကပ်လာစဉ် ထိုလူသည် သူ့ကို ကြောက်လန့်သွားစေသော အံ့ဖွယ်စွမ်းအင်တစ်ရပ်ကို ခံစားလိုက်ရ၏။
အားလုံးအထဲ အရေးကြီးဆုံးမှာ မန်ဟို ယခုလေးတင် ပြောခဲ့သည့် နုနုယ်မိုးမခသစ်ကိုင်းအကြောင်းက သူ့အား လုံးဝ အံ့အားသင့်သွားစေ၍ပင်။ သူ့အတွက် ပထမဆုံးကြားထားဖူးခြင်းဖြစ်သော်လည်း ဆေးဝါးပညာရှင်တစ်ဦးထံ အလည်လာဖို့ ဖိတ်ခေါ်ခံခဲ့ရသည့်အချိန်ကို ပြန်တွေးမိလိုက်၏။ ထိုစဉ်တုန်းက အဆိုပါဆေးဝါးပညာရှင်မှာ နုနယ်မိုးမခသစ်ရွက်နှင့် ဆေးတစ်လုံး ဖော်စပ်နေခဲ့လေသည်။ ထိုလူက အရောအနှောထဲသို့ မြေကြီးတချို့ အမှန်တကယ် ထည့်ခဲ့၏။ ထိုအခါက အဘိုးကြီးမှာ မည်သည့်အတွက်ကြောင့် ထိုသို့လုပ်သလဲ တွေဝေသွားသော်လည်း မေးဖို့ ရှက်ရွံ့ခဲ့လေသည်။
"လေးကြိမ်မြောက် ကျုပ် မျက်မှောင်ကြုတ်တာက ခင်ဗျား တိမ်လွှာမြက်အကြောင်း ပြောတုန်းက။ ခင်ဗျားပြောသလို မြက်တွေက ဘယ်လိုလုပ် တိမ်တွေထဲမှာ ပေါက်နိုင်မှာတုန်း။ လုံးဝအဓိပ္ပါယ်မရှိတာ။ အဲဒီမြက်က တောင်ကျချောင်းတွေမှာ ပေါက်ရောက်ပြီး မြူတိမ်တွေဆိုင်းနေတတ်တယ်။ အဲဒါကြောင့် တိမ်လွှာမြက်လို့ခေါ်တာ" မန်ဟို လှမ်းလိုက်သည့် ခြေလှမ်းနောက်တစ်လှမ်းက အဘိုးကြီးအား မျက်နှာဖြူဖျော့သွားစေသည်။ ထပ်မံ၍ သူ့မှာ အလိုအလျောက် နောက်ဆုတ်မိလိုက်ပြန်ပြီး ရုတ်တရက် တိမ်လွှာမြက်မှာ မန်ဟိုပြောခဲ့အတိုင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ စောစောတုန်းက ၎င်းအကြောင်း ပြောနေစဉ်တုန်းက သူ့မှာ ပေါက်ကရလျှောက်ပြောနေခဲ့ခြင်းဖြစ်ပြီး သူ၏ရှင်းပြမှုက လက်တွေ့နှင့် ဘာမှမဆိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း မသိ၍ပင်။
"ငါးကြိမ်မြောက် ကျုပ် မျက်မှောင်ကြုတ်တာက ခင်ဗျား မျက်လုံးကိုးလုံးသစ်ပင်အကြောင်း ပြောတုန်းက ...
"ခြောက်ကြိမ်မြောက် ကျုပ် မျက်မှောင်ကြုတ်တာက ခင်ဗျား သစ်ပါးရေညှိအကြောင်းပြောလို့...
"ခုနစ်ကြိမ်မြောက် ကျုပ် မျက်မှောင်ကြုတ်တာက..."
မန်ဟိုသည် စကားတစ်ခွန်းပြောတိုင်း ခြေတစ်လှမ်းလှမ်းနေရာ အဘိုးကြီးမှာ နောက်ဆုတ်ရင်း မျက်နှာဖြူဖျော့သထက် ဖြူဖျော့လာတော့သည်။ မကြာမီ သူ၏အမူအရာမှာ ပျာယာခတ်လာသည့်အတွက် ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များအား အထိတ်တလန့် ကြည့်မိသွားစေ၏။
"ဆယ့်နှစ်ကြိမ်မြောက် ကျုပ် မျက်မှောင်ကြုတ်တာက ငွေသော်တာလနွယ်က အရောင်နှစ်မျိုးနဲ့ ဖူးပွင့်တယ်လို့ ခင်ဗျား ပြောတာကြောင့်ပဲ။ တစ်ရောင်က အဆိပ်အတောက်ဖြစ်ပြီး တစ်ရောင်က မဖြစ်ဘူး။ ခင်ဗျားဟာ အပင်ရဲ့ ဆေးဂုဏ်သတ္တိတွေကို ပြောသွားပေမယ့် နှစ်ခုကို ဘယ်လိုခွဲခြားရမလဲ မရှင်းပြသွားခဲ့ဘူး။ ဒါကြောင့် ကျုပ် မျက်မှောင်ကြုတ်ခဲ့တယ်" မန်ဟိုက တစ်ခုချင်းရှင်းပြ၍ တစ်လှမ်းချင်း လျှောက်လာရာ အဘိုးကြီးမှာ နောက်ဆုတ်နေရသည်။ ဤအခိုက်အတန့်တွင် မန်ဟိုကား စင်မြင့်၏အပေါ်တွင် ရပ်နေလေပြီ။
"နောက်ဆုံးတစ်ခေါက် ကျုပ် မျက်မှောင်ကြုတ်တာက ခင်ဗျား ဆောင်းလယ်ပင်ပျိုအကြောင်း ပြောတုန်းက။ အပင်နဲ့အသီးအရွက်အကြောင်း ခင်ဗျား ဘယ်သူ့ဆီက သင်ယူလာလဲ မသိပေမယ့် ဆောင်းလယ်ပင်ပျိုဟာ ကျင့်ကြံခြင်းမီးတောက်တစ်စနဲ့ လောင်ကျွမ်းစေရင်း ဖန်တီးလို့ရပေမယ့် အဆင့်နိမ့်အရည်အသွေးပဲဖြစ်မှာ။ အဆင့်မြင့်ဆောင်းလယ်ပင်ပျိုကို ဖန်တီးဖို့ကတော့ မိုးကြိုးကို ညှို့ယူဖို့လိုတယ်" ထိုသို့ပြောပြီး မန်ဟိုက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။
သူက ဟိန်းထွက်နေသောအသံကြီးဖြင့် ဆက်ပြောလေ၏။ "ဆေးဝါးတာအိုဆိုတာ ကျယ်ပြောပြီး အကန့်အသတ်မဲ့တယ်။ ဆေးပင်ပမာဏဆိုတာ ပင်လယ်ထဲက ရေလိုပဲ။ ဘယ်သူမှ အကုန်လုံး မမှတ်မိနိုင်တဲ့အတွက် အမှားတွေကို ခွင့်လွှတ်ပေးလို့မရတာ မဟုတ်ဘူး။ ဒါပေမဲ့ ... ကျုပ်တို့က မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုဌာနမှာ။ ဒီနေရာမှာ ခင်ဗျား သင်ခန်းစာကို နားထောင်နေတဲ့ ဆေးဝါးအတတ်သင်တွေအကုန်လုံး တစ်မျိုးနွယ်တည်းသားတွေ။ ခင်ဗျား တစ်ခုခုသိရင် ပြောပြလိုက်။ ခင်ဗျားအတွက် မရှင်းတာရှိရင်လည်း ဘယ်သူမှ ခင်ဗျားကို လှောင်မနေဘူး။ အဲဒါကြောင့် ပေါက်ကရလျှောက်ပြောနေစရာအကြောင်းကို မရှိတာ။ ခင်ဗျား အဲဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ဒီဆေးဝါးအတတ်သင်တွေအနေနဲ့ နောင်လုပ်မိတဲ့အမှားကြောင့် အသက်ပါပေးရင် ပေးလိုက်ရလိမ့်မယ်"
မန်ဟိုမှာ စေတနာနှင့်ပြောနေခြင်းဖြစ်သည်။ အစက သူသည် ထွက်သွားဖို့ ကြံခဲ့သော်လည်း အဘိုးကြီးက သူ့ကို ရန်လိုစွာ ပြုမူခဲ့သည့်အတွက် စောစောက မျက်မှောင်ကြုတ်နေခဲ့ရသော အကြောင်းရင်းများကို ရှင်းပြလိုက်ခြင်းဖြစ်သည်။
အဘိုးကြီးမှာ တုံ့ပြန်ရန် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်ပေ။ သူသည် အမှန်တကယ်ပင် သူ ဘာပြောနေသလဲ သူပင် မသိသည့်တိုင် သူ၏ကိုယ်ပိုင်အထင်အမြင်များအပေါ်သာ အခြေခံ၍ သင်ခန်းစာပို့ချနေခဲ့မိကြောင်း သဘောပေါက်လိုက်၏။
လောလောဆယ်တွင် သူ၏မျက်နှာမှာ လူသေကောင်ပမာ ဖြူဆုပ်နေပြီး သူ့မှာ တဆတ်ဆတ် တုန်နေလေသည်။ မန်ဟို၏ ပြင်းထန်သော ဝေဖန်မှုကို ပြန်လည်ချေပရန် စကား သူ့တွင် မရှိပေ။ အမှန်တွင် အကြောင်းတစ်စုံတရာကြောင့် မန်ဟိုကို ကြည့်နေစဉ် သူ ရရှိနေသော ခံစားချက်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ ဆေးဝါးအတတ်သင်အဆင့်သာ ရှိစဉ် ဆေးဝါးပညာရှင်များကို ကြည့်ရင်း လေးစားနေမိသည်နှင့်တူသည်။
မန်ဟို ပြောသွားသမျှ အကုန်လုံးက သူ့အား တုန်လှုပ်သွားစေသည့်အပြင် သူကိုယ်တိုင် သိချင်နေခဲ့သော မေးခွန်းများကို ဖြေသွားခဲ့လေသည်။
တိတ်ဆိတ်မှုကြီးစိုးနေစဉ် ပတ်ဝန်းကျင်ရှိ ဖန်မျိုးနွယ်ဆေးဝါးအတတ်သင်များမှာ စကားစပြောလာကြသည်။
"ဖန်ဟို.... အခုမှ သတိရတယ်။ သူက မီတာ (၃၀၀၀၀) သွေးဆက်ဂိတ်အလင်းတန်းတဲ့ တစ်ယောက်လေ။ သူ့သွေးဆက်က မယုံနိုင်လောက်အောင် သန်မာတယ်။ အဲ့ဒါ ဟို ဖန်ဟိုဆိုတဲ့တစ်ယောက်ပဲ"
"တကယ်ပဲ သူဟ။ သူက တောင်ကောင်းကင်ဂြိုဟ်ကနေလာတာ။ ခုနစ်နှစ်မြောက်ပြစ်ဒဏ်ဆိုလား ဘာလား အဲ့ဒါကို ရင်ဆိုင်ခဲ့ရတဲ့သူလေ။ အခု ပြန်ရောက်လာတော့ သန်မာတဲ့သွေးဆက်အပြင် အပင်နှင့်အသီးအရွက်ဆိုင်ရာ ဆေးဝါးပညာရှင်တစ်ယောက်ကို ဆွံ့အသွားစေလိုက်ပြီ"
"သူက တိုက်ရိုက်သွေးဆက်ရဲ့ အကြီးဆုံးမြေးလေ။ သူ့သွေးဆက်က မင်းသားဝေထက်တောင် သန်မာသေးတယ်။ သူ ဒီဆေးဝါးတာအိုဌာနကို ရောက်လာတာ ယုံတောင်မယုံနိုင်ဘူး"
"သူ အဲဒီဆေးပင်တွေအကြောင်းပြောမှပဲ အရင်ထက် နားလည်သွားတော့တယ်။ မဟုတ်မှ ဖန်ဟိုကလည်း ဆေးဝါးပညာရှင်များလား"
မန်ဟို ထွက်သွားရန် ပြင်လိုက်စဉ် တုန်ရီနေသောအဘိုးကြီးက ရှေ့တက်လာသည်။ သူက လက်နှစ်ဖက်ယှက်ရင်း မန်ဟို့ကို လေးလေးနက်နက် အရိုအသေပေး၏။
"ဆေးဝါးပညာရှင်ဖန်။ ခင်ဗျား ကျုပ်ကို ဝေဖန်သွားတာ မှန်ကန်ပါတယ်။ အကုန်လုံး ကျုပ်အမှားပါ။ ကျုပ်နာမည်က ဖန်ချွင်လို့ ခေါ်ပါတယ်။ ခဏလောက် ထပ်နေပြီး ကျုပ်ရဲ့ မရှင်းလင်းမှုတွေကို ဖယ်ရှားပေးနိုင်မလား ဆေးဝါးပညာရှင်ဖန်။ ကျုပ်... ကျုပ်မှာ အပင်နဲ့ အသီးအရွက်တွေနဲ့ပတ်သက်ပြီး မေးခွန်းတချို့ ရှိလို့ပါ။ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဖန်ချွင်သည် ယခုလို ပြောရန် ရှက်သော်လည်း တွန့်ဆုတ်နေခြင်းမရှိပေ။
သူ၏စကားလုံးများက ဆေးဝါးအတတ်သင်များအား စိတ်လှုပ်ရှားသွားစေသည်။ မန်ဟို၏ အပင်နှင့်အသီးအရွက်အသိက ဖန်ချွင်ထက် အဆများစွာသာကြောင်း သူတို့ မြင်ထားသည်မဟုတ်ပါလော။
ထိုကဲ့သို့ ဆေးဝါးပညာရှင်တစ်ယောက်၏ ပို့ချမှုကို နားထောင်နိုင်ခြင်းက ရှားပါးသောအခွင့်အရေးဖြစ်ပြီး ကံကြမ္မာကောင်းလည်း ဖြစ်သည်။
"ကျေးဇူးပြုပြီး ဆေးဝါးပညာရှင်ဖန်။ ကျုပ်တို့ကို သင်ကြားထောက်ပြပေးပါဦး"
"ဆေးဝါးပညာရှင်ဖန်၊ အပင်နဲ့အသီးအရွက်အကြောင်း မေးစရာတွေ ရှိသေးလို့ပါ။ ကျုပ်တို့ရဲ့ မရှင်းလင်းမှုတချို့ကို ကျေးဇူးပြုပြီး ဖယ်ရှားပေးနိုင်မလား..."
လူတိုင်း လက်ယှက်အရိုအသေပေးရင်း တစ်ပြိုင်တည်းပြောလိုက်ကြသည်။ မန်ဟိုက တုံ့ခနဲ ရပ်ပြီး ဘေးဘီဝဲယာကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
စိတ်လှုပ်တရှား ဟစ်ကြွေးများ သောင်းသောင်းဖြဖြ ဆူညံသွားလေတော့၏။
***