ကဲ အခု ကစားကြတာပေါ့
Vol. 65 Ch. 904
"နတ်မိုးသစ်ရွက်အကြောတွေက မိုးပြင်းပြင်းထန်ထန် ရွာလို့ ရေဝနေမှပဲ ပေါ်လာတာ။ အဲဒီအကြောတွေနဲ့ ဆေးလုံးအမျိုးအစား ဘယ်နှမျိုး ဖော်စပ်နိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ကျုပ် သိထားသလောက်တော့ အမျိုးအစားပေါင်း (၈၇၆၄၅) ကျော်တယ်...
"ရွှေလယ်သစ်ရွက်ကို အဓိကပါဝင်ပစ္စည်းအဖြစ် သုံးလို့မရဘူး။ ဒါပေမဲ့ သတ္တုဓာတ်စွမ်းအင်ကို မြှင့်ဖို့ ဖော်စပ်နေတဲ့အတွင်း အရောအနှောထဲကို ထည့်နိုင်တယ်။ ဒါဆို အဲ့ဒီကောင်က ဆေးလုံးထဲကို ရွှေရောင်တစ်ရောင် ပေါင်းထည့်ပေးလိမ့်မယ်"
မန်ဟိုမှာ လောလောဆယ်တွင် စင်မြင်၏အပေါ်၌ ရပ်နေသည်။ သူက မှားလွယ်သော ဆေးပင်အမျိုးအစားများကို မိတ်ဆက်ပေးခဲ့ပြီး ဆေးဝါးအတတ်သင်များထံမှ မေးခွန်းများအား လက်ခံပေးနေလေသည်။
ဖန်ချွင်က သူ မရှင်းလင်းသော အပင်နှင့်အသီးအရွက်များအကြောင်း မေးခွန်းများအား တရစပ်မေးရင်း အောက်တွင် ထိုင်နေသည်။ သူ့မှာ အလွန်စိတ်လှုပ်ရှားနေသယောင်ပင်။
"နဂါးငွေ့တန်းကျောက်က တကယ်တော့ ကျောက်အမျိုးအစားတစ်မျိုးမဟုတ်ဘူး။ ကျောက်တုံးတွေရဲ့ အက်ကွဲကြောင်းတွေကြားမှာ ပေါက်ရောက်တဲ့ ပင်လယ်ရေညှိုအမျိုးအစားပဲ။ ဒါ့အပြင် ကျောက်တုံးတစ်တုံးမှာ အက်ကွဲကြောင်းများလေလေ အရည်အသွေးမြင့်လေလေဖြစ်မယ်
"နဂါးကိုးကောင်အမွှေးအကြိုင်က သဘာဝတိုင်း ပေါ်လာတဲ့အရာမဟုတ်ဘူး။ မတူကွဲပြားတဲ့ ဆေးပင်ကိုးပင်ကို ကိုင်းဆက်ရာကနေ ဖြစ်ပေါ်လာတဲ့ ရလဒ်။ ကိုင်းဆက်နည်းက လျှို့ဝှက်ချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျုပ် သိသိသမျှက ဆေးလုံးနဲ့ပတ်သက်ပြီး ကြားထားတာအပေါ် အခြေခံတဲ့ ကျုပ်ရဲ့အမြင်တွေသက်သက်ပဲ။ တကယ့်ကိုင်းဆက်ကူးနည်းနဲ့ပတ်သက်ပြီး တစ်ရာရာခိုင်နှုန်း မသေချာနိုင်ဘူး"
မန်ဟိုသည် ဆေးဝါးအတတ်သင်များနှင့် စိတ်လှုပ်ရှားနေသော ဖန်ချွင်ကို စိတ်ရှည်လက်ရှည် ပြောပြနေ၏။ မကြာခင် မှောင်ရီပျိုးလာသော်လည်း လူအုပ်ကြီးမှာ နည်းနည်းလေးမှ ပင်ပန်းပုံမရပေ။ ထိုအစား မန်ဟို ရှင်းပြနေသော အကြောင်းအရာများကို ကျောက်စိမ်းပြားများအပေါ်တွင် တက်တက်ကြွကြွ မှတ်သားနေကြလေသည်။
တဖြေးဖြေး လထွက်လာသော်ငြား တစ်ယောက်မှ ပြန်မသွားခဲ့ပေ။ နောက်ဆုံးတော့ ဖြတ်သွားဖြတ်လာ ဆေးဝါးပညာရှင်များမှတစ်ဆင့် တောင်များသည် တစ်ခုခုဖြစ်ပျက်နေကြောင်း သတိထားမိသွားကြပြီး ရောက်လာကြ၏။ ဤအပင်နှင့်အသီးအရွက်သင်ခန်းစာကို ဆေးဝါးပညာရှင်တစ်ဦးပင် နားထောင်နေသည်ကို မြင်လျှင် သူတို့မှာ အံ့ဩသွားကြလေသည်။ အထူးသဖြင့် အတော်များများက ဖန်ချွင်ကို သိကြ၍ပင်။ နောက်ဆုံးတော့ လာရောက်စပ်စုကြသူများလည်း ... မပြန်ကြတော့ပေ။
ရင်ပြင်တစ်ခုလုံး လူများပြည့်သိပ်သွားရန် မကြာလိုက်ပေ။ အရေအတွက်ကား ရာဂဏန်းပင်မဟုတ်၊ ထောင်ချီသည်။ မေးခွန်းပေါ်းစုံ မေးကြမြန်းကြပြီး မန်ဟို မဖြေနိုင်သည့်အရာ တစ်ခုမှ မရှိပေ။
တချို့လူများက လှည့်စားထားသောမေးခွန်းများကိုပင် တမင်မေးလာကြသော်လည်း မန်ဟိုအတွက်ကား အဖြေမပေးခင် စဉ်းစားစရာပင် မလိုပေ။ သူ ပြောသမျှအကုန်လုံးက မှန်ကန်ပြီး ပြီးပြည်စုံရာ သူ့ကို လှည့်စားဖို့ အားထုတ်နေသော မေးခွန်းမေးသူများပင်လျှင် လုံးလုံးလျားလျား အံ့ဩတုန်လှုပ်ကြရလေသည်။
နောက်ဆုံးတွင် တောင်တစ်တောင်လုံး ပြည့်သွားသည်။ အသစ်ရောက်ရှိလာသူများမှာ ထွက်မသွားကြချင်သဖြင့် နားထောင်ရန် အနီးနားထဲရှိ လေထဲတွင် ပျံဝဲနေကြလေသည်။
မန်ဟိုမှာ ပို့ချမှုကို အဆုံးသတ်ရန် အကြိမ်ပေါင်းမနည်း ကြိုးစားခဲ့သော်လည်း ပရိသတ်ပမာဏမှာ များပြားလွန်းပြီး မေးခွန်းများလည်း များလွန်းလှသည်။ သူ့မှာ ထွက်သွားချင်သော်လည်း မျိုးနွယ်စုအတွင်း၌ ထင်ရှားကျော်ကြားလာဖို့ ကြိုးစားနေသည်ကို ထည့်တွက်လျှင် ဆေးဝါးတာအိုက သူ၏အကောင်းဆုံးအခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ထွက်မသွားဘဲ ဆက်နေဖို့ ရွေးချယ်လိုက်၏။
တဖြေးဖြေး တစ်ညလုံး ကုန်ဆုံးသွားပြီး ဤဆေးဝါးပညာကျင့်ကြံသူများအတွက် မန်ဟို၏ ပို့ချမှုမှာ တာအိုတရားတစ်ပုဒ်အလားပင်။ ဆေးဝါးအတတ်သင်များ တစတစ များပြားလာသည်။ နေထွက်လာသည့်အချိန်တွင် လူပေါင်း တစ်သောင်းမျှ ရှိလေပြီ။
ယင်းက ပတ်ဝန်းကျင်တစ်ခွင်ကို အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။ မန်ဟို၏ သင်ခန်းစာကို နားထောင်ဖို့နှင့် မေးခွန်းများ မေးမြန်းဖို့ ချဉ်းကပ်လာကြသူများ များပြားလာကြ၏။ သို့သော် အစမှ အဆုံးအထိ၊ မန်ဟို မသိသည့်အရာဟူ၍ မရှိသည်သာမက မဖြေနိုင်သည့်မေးခွန်းလည်း မရှိသည့်အပြင် တခဏလေးပင် တွန့်ဆုတ်သွားခြင်းမရှိပေ။
ထိတ်လန့်တုန်လှုပ်မှုတို့က နှလုံးသားအားလုံးတွင် ပြည့်နှက်နေပြီး မကြာမီ သင်ခန်းစာပို့ချနေသော ကျန်ဆေးဝါးပညာရှင်များလည်း သတိထားမိသွားကြ၏။ စစချင်း သူတို့က အေးတိအေးစက် ရယ်ကြသော်လည်း မကြာခင် မယုံနိုင်မှုတို့ဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာကြလေသည်။
"သူရဲ့ အပင်နဲ့အသီးအရွက်အသိက ... တကယ်ပဲ .... တကယ်ပဲ မယုံနိုင်လောက်အောင် မြင့်တယ်ဟ"
"ဘုရားရေ၊ မေးခွန်းတွေက အဆုံးကို မရှိတဲ့အပြင် အပင်နှင့်အသီးအရွက်နဲ့ပတ်သက်သမျှ ကဏ္ဍအားလုံးစုံသလောက် ဖြစ်နေပြီ။ ဒါပေမဲ့ ဒီလူက အကုန်လုံး ဖြေနိုင်နေပါလား။ ဘယ်လောက်ပြောင်မြောက်လှတဲ့ အခြေခံဗဟုသုတလဲ"
ပရိသတ်ပမာဏသည် တဖြေးဖြေး တိုးလာ၏။ မန်ဟိုက သုံးရက်ဆက်တိုက် ပို့ချနေပြီး တက်ရောက်သူ သုံးသောင်းရှိလေသည်။ ဆေးဝါးတာအိုဌာနရှိ ဆေးဝါးအတတ်သင်တစ်လောကလုံး တုန်လှုပ်ကုန်ကြသည်။ အဆင့် (၁) ဆေးဝါးပညာရှင်များပင် ရောက်လာကြ၏။ အဆင့် (၂) ဆေးဝါးပညာရှင်များမှာမူ များသောအားဖြင့် အတွင်းများတွင် နေထိုင်ကြလေသည်။ သူတို့သည် အပြင်တောင်များ၏ အရေးကိစ္စများတွင် စွက်ဖက်ခြင်းမရှိသလို၊ ထိုနေရာတွင် ဖြစ်ပျက်နေသည်များနှင့်ပတ်သက်၍ အာရုံလည်း မရှိကြပေ။ ဆေးဝါးပညာရှင်အများစုသည် ဆေးလုံးများဖော်စပ်ရင်း တံခါးပိတ်နေတတ်ကြ၏။
"ဝိဇ္ဇာသုံးပါးသစ်ရွက်က ရှားပါးတဲ့ ဆေးပင်တစ်ပင်ဖြစ်တယ်။ ဖန်မျိုးနွယ်စုရဲ့ဆေးဝါးတာအိုဌာနက အဲ့ဒါတွေကို စိုက်ပျိုးထားနိုင်မယ်ဆိုတာ ထင်တောင်မထားဘူး။ အဲဒီဆေးပင်ကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုရင် ဆေးလုံးတွေတစ်ပြုံကြီး ဖော်လို့ရတယ်။ ကျုပ်ကိုယ်တိုင်တော့ ဝိဇ္ဇာသုံးပါးသစ်ရွက်နဲ့ မဖော်စပ်ခဲ့ဖူးပေမယ့် အဲ့ဒါကို အသုံးပြုတဲ့ ဆေးဖော်စပ်နည်းတစ်ထောင်လောက်ကို သိတယ်
"နေပန်းပွင့်လား။ အဲ့ဒါက ဟိုးကတည်းက မျိုးသုဉ်းသွားပြီဖြစ်တဲ့ ဒဏ္ဍာရီလာဆေးပင်တစ်ပင်ပဲ။ တစ်ပင်မှ မမြင်ခဲ့ဖူးပေမယ့် နေပန်းပွင့်ကို ဆေးလုံးတစ်လုံးထဲ ထည့်လိုက်ရင် ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံတဲ့ ဆေးလုံးတစ်လုံးကို သေချာပေါက် ထုတ်ပေးနိုင်တယ်"
မန်ဟိုသည် ယခုတွင် စင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ပြုံးရင်း စကားပြောနေ၏။ ပရိသတ်ထုထဲရှိ လူတိုင်းမှာ စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။ သုံးရက်ကြာပြီးနောက်တွင်ပင် သူတို့မှာ နည်းနည်းလေးမှ ပင်ပန်းပုံမရပေ။ ဤသည်မှာ သူတို့အတွက် အလွန်ရှားပါးသောအခွင့်အရေးဖြစ်ကြောင်း လူတိုင်းသိကြ၏။
ထိုစဉ် သတင်းစကားများကား ဖန်မျိုးနွယ်စုဘိုးဘေးစံအိမ်သို့ ပျံ့နှံ့လာ၏။ ဖန်ယွင်ရီသည် ဆေးဝါးပညာရှင်တစ်ယောက် မန်ဟို၏ အပင်နှင့်အသီးအရွက်သင်ခန်းစာပို့ချမှုအကြောင်း အကျယ်တဝင့် ရှင်းပြနေသည်ကို နားထောင်ရင်း ကျင့်ကြံခြင်းဂူထဲတွင် ထိုင်နေသည်။
ဖန်ယွင်ရီမျက်နှာကြီးက မည်းမှောင်သွားပြီး တခဏကြာသော် သွေးအေးသော အပြုံးတစ်စ ဖြစ်ထွန်းလာသည်။
"အဲ့ဒီတော့ ဘာလုပ်ရမှာလဲ" ဖန်ယွင်ရီက အေးစက်စွာ ပြောသည်။ "ဆေးဝါးတာအိုဌာနရဲ့ အတွင်းတောင်တွေက အဆင့် (၂) ဆေးဝါးပညာရှင်တိုင်း ထွက်လာပြီး အပင်နဲ့ အသီးအရွက်သင်ခန်းစာ ပို့ချလို့ရတယ်။ ဘယ်သူမှ ပရိသတ်ထောင်သောင်းချီ ဆွဲဆောင်နိုင်တယ်
"အုတ်ကြားမြက်ပေါက် မန်ဟို။ မင်းက တောင်ကောင်းကင်ဂြိုဟ်လို တောကြိုအုံကြားက လာတာဆိုတော့ မင်းမှာ အစွမ်းအစနည်းနည်းပါးပါး ရှိရင်တောင်မှ အကန့်အသတ်ရှိဦးမှာပဲ။ မင်းလိုကောင်က အခုမှ ဆေးဝါးတာအိုဌာနထဲ ဝင်ရုံရှိသေးတယ် မောက်မာဝင့်ကြွားပြနေပြီပေါ့လေ။ မင်းက ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေတဲ့ အရှုံးသမားထက်မပိုဘူး" သူသည် တောင်ကောင်းကင်ဂြိုဟ်၌ ဖြစ်ပျက်ခဲ့သောအရာများကို တနုံ့နုံ့တွေးရင်း မန်ဟို့ကို ရိုးတွင်းခြင်ဆီထဲထိ မုန်းနေဆဲဖြစ်၏။
သူသည် မင်းသားဝေအား မန်ဟို့ကို အပြစ်ပေးစေချင်သည်။ ကံဆိုးစွာနှင့် ဖန်ယွင်ရီ မည်မျှတိုက်တွန်းစေကာမူ မင်းသားဝေက ဘာမှမလုပ်ပေ။ ယခုတွင် သူ့မှာ မချင့်မရဲဖြစ်နေရမှုများကို ချိုးနှိမ်နေရုံရှိသေးသည်၊ ဤဆေးဝါးပညာရှင်က မန်ဟို ဆေးဝါးတာအိုဌာနတွင် ပြုလုပ်နေသော ဂယက်များနှင့်ပတ်သက်၍ သူ့အား လာပြောပြနေ၏။ နောက်ဆုံးတော့ သူက နှာမှုတ်၍ ဆေးဝါးပညာရှင်အား မောင်းထုတ်ပြီးနောက် မျက်မှောင်ကြုတ်ရင်း ထိုင်နေလေသည်။
"ခွေးသားမန်ဟို။ သူ့ကို အဲဒီလိုပျော်ပျော်ရွှင်ရွှင် ယွခွင့်ပေးလို့မဖြစ်ဘူး" ဖန်ယွင်ရီသည် အံတင်းတင်းကြိတ်ရင်း သတင်းပို့ကျောက်စိမ်းပြားကို ထုတ်၍ နတ်ဘုရားအာရုံဖြင့် ကတိတချို့ရေးသားပြီး ပစ်လိုက်၏။
ကျောက်စိမ်းပြားက ချက်ချင်း လေကို ခွင်းသွားသည်။
ဆေးဝါးတာအိုဌာန၏ အတွင်းတောင်တစ်သောင်းအတွင်းတစ်နေရာက အပြင်တောင်များနှင့် အတန်အသင့်နီးကပ်သော တောင်တစ်လုံး၏အပေါ်တွင် သက်လတ်ပိုင်းလူတစ်ယောက်သည် ဆေးလုံးတချို့ ဖော်စပ်နေ၏။ သူက ကော်လံတွင် ရွှေနဂါးနှစ်ကောင်ရေးထိုးထားသော ဆေးဝါးပညာရှင်ဝတ်ရုံအား ဝတ်ထားလေသည်။
သူ့အရှေ့ရှိ ဆေးပေါင်းဖိုသည် နီရဲတောက်နေပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။ ဆေးပေါင်းဖိုမှ ဆေးရနံ့သည် တောင်တစ်တောင်လုံးကို ရစ်သိုင်းကာ ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များအား အားဖြည့်ပေးနေသယောင်ပင်။
သူ ဆေးဖော်စပ်နေသော ခုလတ်တွင် ကျောက်စိမ်းပြားတစ်ပြား ရုတ်တရက် ပေါ်လာသည်။ ၎င်းက ဘေးတွင် ပျံဝဲနေသော်လည်း သူသည် အဖက်မလုပ်ဘဲ ဆေးသာဆက်ဖော်နေ၏။ နှစ်နာရီကြာသော် ဆေးပေါင်းဖို၏ ရဲတောက်နေမှုသည် မှေးမှိန်စပြုလာသည်။ ဆေးပေါင်းဖို အေးသွားသောအခါ ထိုလူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။
"ငါ သိက္ခာစုစည်းဆေးလုံးကို ဖော်စပ်နေတာ လနဲ့ချီပြီ။ ပါဝင်ပစ္စည်းတွေအများကြီး ဖြုန်းတီးခဲ့မိတာ ဆိုးလွန်းတာပဲ... ဒီတစ်ခေါက် အောင်မြင်မလားမသိဘူး။ မဟုတ်ရင် ဆေးအမယ်တချို့ ထပ်ရှာရဦးမယ်" ထိုလူက မျက်မှောင်ကြုတ်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားအား ပျံသန်းလာစေသည်။ ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက် သူ၏မျက်လုံးများ တောက်ပလာတော့သည်။
"ဖန်ဟိုတဲ့လား။ ငါတောင် သူ့နာမည်ကြားဖူးတယ်။ သူ့မှာ မီတာ (၃၀၀၀၀) သွေးဆက်ဂိတ်အလင်းတန်းရှိတယ်။ ဒါပေမဲ့ ဖန်မျိုးနွယ်စုမှာ မင်းရဲ့သွေးဆက်အပေါ်ပဲ အားကိုးလို့မရဘူး
"ဖန်ဟိုက ရွေးချယ်ခံတစ်ဦးဖြစ်ကောင်းဖြစ်လိမ့်မယ်....
"ဒါပေမဲ့ ဒါက ဆေးဝါးတာအိုဌာန။ မင်း ရွေးချယ်ခံဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဘယ်သူမှ စိတ်မဝင်စားဘူး။ ဒါ့အပြင် ငါ့အနေနဲ့ ဖန်ယွင်ရီနဲ့ ပြဿနာမဖြစ်ချင်ဘူး။ သူ ကမ်းလှမ်းနေတာကို ထည့်တွက်ရင် ဒီတစ်ကြိမ်ကူညီလိုက်လို့ ဘာမှဖြစ်မသွားပါဘူး" သူသည် တခဏ ချီတုံချတုံဖြစ်နေပြီး ဆေးပေါင်းဖိုကို ကြည့်လိုက်၏။ ဤဆေးလုံးအသုတ်သာ အဆင်မပြေလျှင် ဆေးပင်များ ထပ်ရှာရဦးမည်ဖြစ်ရာ သူ ထိုသို့မလုပ်ချင်ပေ။ သူသည် တခဏတွေးပြီးနောက် ဖန်ယွင်ရီ၏တောင်းဆိုမှုကို မငြင်းပယ်ရန် ဆုံးဖြတ်လိုက်၏။ သူက အပြင်တောင်များထံသို့ ခပ်သုတ်သုတ် ထွက်သွားလေသည်။
"တောင်ကောင်းကင်ဂြိုဟ်က သေးနုပ်သိမ်ဖျင်းတဲ့ မျိုးနွယ်ဝင်တစ်ယောက်မှာ ဘယ်လိုစွမ်းရည်မျိုး ရှိနိုင်မှာတုန်း။ ပြီးတော့ အပင်နဲ့အသီးအရွက်အသိဆိုတာ အဆင့်နိမ့် အခြေခံဗဟုသုတပဲ ရှိသေးတာ။ ဘယ်အဆင့် (၂) ဆေးဝါးပညာရှင်မဆို ဆေးဝါးအတတ်သင်တွေအများကြီး ဝိုင်းလာအောင် လုပ်နိုင်တယ်
"အဆင့် (၁) ဆေးဝါးပညာရှင်တွေကတော့ ..." သူက အေးစက်စက် နှာမှုတ်လိုက်သည်။ ဖန်မျိုးနွယ်စု၏ ဆေးဝါးတာအိုဌာနတွင် အပြင်တောင်များ၌ တာဝန်ချခံရသော အဆင့် (၁) ဆေးဝါးပညာရှင်များမှာ နောက်တစ်ဆင့်သို့ တက်ရန် မျှော်လင့်ချက်မရှိသူများဖြစ်၏။
"၇၁၉၁... ဪ မှတ်မိပြီ။ အဲ့ဒီနေရာကို ဖန်ချွင် ကြီးကြပ်တာပဲ" ထိုလူက ရယ်လိုက်သည်။ ဖန်ချွင်သည် အဆင့် (၁) ဆေးဝါးပညာရှင်များအကြား အဆင့်အနိမ့်ဆုံးဖြစ်ပြီး စာမေးပွဲကိုလည်း ကြက်ကန်းဆန်အိုးတိုး၍ အောင်သွားသူဖြစ်သည်။
ထိုလူသည် အတွင်းတောင်များထဲမှ အမြန်ဆုံးထွက်လာ၏။ သူ့ကို မြင်လိုက်သည့် ဆေးဝါးအတတ်သင်တိုင်း ရိုရိုသေသေ လက်နှစ်ဖက်ယှက်၍ အရိုအသေပေးကြလေသည်။ သူက အပြင်တောင်များဆီသို့ ခပ်သုတ်သုတ် ထွက်လာခဲ့ပြီး အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ဆေးရိပ်သာတောင်ထွတ် (၇၁၉၁) ကို လှမ်းမြင်လိုက်သည်။ သူ ပထမဆုံးမြင်လိုက်သည့်အရာမှာ ဆေးဝါးအတတ်သင်ထောင်သောင်းချီ စုဝေးနေကြသည်ကိုပင်။ ၎င်းကား ရေလှိုင်းလုံးကြီးအလား ဖြစ်နေ၏။
ထိုမြင်ကွင်းက သက်လတ်ပိုင်းလူကို အေးစက်စက် နှာမှုတ်လိုက်စေသည်။ သူကား အတန်ငယ် စိတ်ကသိကအောက် ဖြစ်သွား၏။ သူ အပြင်တောင်များထံသို့ စာပို့ချရန် သွားရောက်တိုင်း များသောအားဖြင့် လူတစ်သောင်းခန့် ဆွဲဆောင်နိုင်သည်။ သို့သော် ဤနေရာတွင် တက်ရောက်သူ ဆေးဝါးအတတ်သင်အရေအတွက်ကား သုံးသောင်းကျော်နေလေသည်။
ထိုလူက အနားကပ်သွားသော်လည်း ဆေးဝါးအတတ်သင်အကုန်လုံးမှာ မန်ဟို့ကို အနီးကပ်အာရုံစိုက်နေကြသဖြင့် ဘယ်သူမှ သတိမထားမိကြပေ။
ထိုလူသည် မျက်မှောင်ကြုတ်သွားပြီးနောက် အေးစက်စက် နှာမှုတ်လိုက်ရာ ၎င်းက ပဲ့တင်ထပ်သွား၍ မရေမတွက်နိုင်သော ဆေးဝါးအတတ်သင်များအား လှည့်ကြည့်မိလိုက်စေသည်။ သူတို့သည် သူ ရပ်နေသည်ကို မြင်လျှင် မျက်နှာပျက်သွားကြပြီး ကပျာကယာ လက်ယှက်အရိုအသေပေးလိုက်ကြ၏။
"ဂါဝရပြုပါတယ် ဆေးဝါးပညာရှင် ရှုကျုံး
"အဲ့ဒါ ဆေးဝါးပညာရှင် ရှုကျုံးပဲ"
လူတိုင်း ဖန်ရှုကျုံးဘက် လှည့်၍ အရိုအသေပေးရန် သိပ်မကြာလိုက်ပေ။ သူက ဟန်အပြည့်မာန်အပြည့်ဖြင့် ခေါင်းပြန်ညိတ်ပြပြီး ရှေ့ဆက်သွားသည်။ လူအများ နောက်ဆုတ်ပေးလိုက်ကြသဖြင့် သူက တောင်ထိပ်သို့ ဦးတည်နေသော လမ်းအတိုင်း လျှောက်ကာ မန်ဟို့ဘေး၊ စင်မြင့်ထက်တွင် ရပ်လိုက်သည်။
သူက မန်ဟို့ကို အကြိမ်အနည်းငယ်မျှ လှမ်းကြည့်၏။
ဆေးဝါးအတတ်သင်အားလုံးသာမက ဖန်ချွင်ပင်လျှင် ထရပ်ကြပြီး ဖန်ရှုကျုံးကို လက်ယှက်အရိုအသေပေးလိုက်ကြသည်။
မန်ဟိုတစ်ယောက်တည်းသာ ထိုင်လျက်ကျန်ခဲ့၏။ ဤလူသည် မကောင်းသောရည်ရွယ်ချက်ဖြင့် ရောက်လာကြောင်း သိသာပြီး သူ၏အကဲခတ်နေသော မျက်လုံးထဲတွင် အထင်သေးမှုပါရှိလေသည်။
"ဆိုတော့ မင်းက ဖန်ဟိုလား" သူက အေးတိအေးစက် မေးသည်။
မန်ဟိုက ခေါင်းညိတ်လိုက်ရာ ဖန်ရှုကျုံးက အထင်သေးစွာ ပြုံးလိုက်သည်။ သူသည် အင်္ကျီလက်စကို ဝှေ့ယမ်း၍ အေးတိအေးစက် ကြေညာလိုက်၏။ "မင်းက ဆေးဝါးအတတ်သင်သာသာပဲ ရှိသေးတာတောင် အပင်နဲ့အသီးအရွက်အကြောင်း ပို့ချရဲတယ်လား။ ကျော်မကောင်းကြားမကောင်း
"ဒါပေမဲ့ မင်းအတွက် ခက်ခဲအောင် ငါ မလုပ်ပါဘူး။ မင်းကို ဆေးပင်အမျိုးအစားသုံးမျိုးအကြောင်း မေးမယ်။ မဖြေနိုင်ရင်တော့ အခုလို ရုတ်ရုတ်ရုတ်ရုတ်လုပ်နေတာ ရပ်ပြီး ကိုယ့်ကိုယ်ကို ဆေးဝါးပညာရှင်လို့ သွေးနားထင်ရောက်ပြီး သတ်မှတ်နေမယ့်အစား ဆေးဝါးအတတ်ကောင်းဖြစ်အောင်သာလုပ်" ဤအရာများကို ပြောပြီးနောက် ဖန်ရှုကျုံးသည် ရုတ်တရက် ဖန်ယွင်ရီ တောင်းဆိုထားသောအရာတစ်ခုကို သတိရလိုက်၏။
"ပြီးတော့" သူက အေးတိအေးစက် ထပ်ပြောသည်။ "မင်း ဆေးဝါးတာအိုဌာနမှာ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်အောင် လုပ်ခဲ့တဲ့ အချိန်ပမာဏအတိုင်း ဒီမှာ ဒူးထောက်ရမယ်"
မန်ဟိုက သူ့အရှေ့တွင် ရပ်နေသော မာနတစ်ခွဲသားနှင့်လူကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
"ကျုပ်က ဆေးဝါးအတတ်သင်၊ ခင်ဗျားက ဆေးဝါးပညာရှင်လေ။ ဒါကို အနိုင်ကျင့်တယ် မခေါ်ဘူးလား။ ခင်ဗျားမေးခွန်းကို မှန်အောင် ဖြေနိုင်ရင်ကော ဘာဖြစ်မှာလဲ"
"ဖြေနိုင်ရင် ဆက်ပြီး ပို့ချပေါ့" ဖန်ရှုကျုံးက သွေးအေးအေးရယ်ရင်း ပြန်ဖြေသည်။
မန်ဟိုမှာ စိန်ခေါ်မှုကို လက်ခံသင့်မခံသင့် ချင့်ချိန်နေသည့်အလား တွေဝေနေသည်။ ထို့နောက် သူသည် လက်မခံလျှင် ဤလူအားလုံး၏အရှေ့၌ အရှက်ကွဲရမည်ကို ထည့်တွက်နေသည့်အလား လှည့်ပတ်ကြည့်လိုက်၏။ ထို့နောက် သူက အံတင်းတင်းကြိတ်၍ သိုလှောင်အိတ်တစ်လုံး ထုတ်ကာ ဘေးချလိုက်ပြီး ရဲတောက်နေသော မျက်လုံးများဖြင့် ဖန်ရှုကျုံးကို ကြည့်လေသည်။
"ကျုပ်က တစ်မျိုးနွယ်တည်းသားတွေကို အပင်နဲ့အသီးအရွက်အကြောင်း ရှင်းပြဖို့ ဒီကို ရောက်လာတာ။ ခင်ဗျားကို ကျုပ်ကို တားဖို့ ရောက်လာတယ်။ ကျုပ် ဒီစိန်ခေါ်မှုကို ရှုံးရင် ခင်ဗျားက ကျုပ်ကို ဒီနေရာမှာ ဒူးထောက်ခိုင်းပြီး အရှက်ခွဲချင်တယ်။ ဒါမဲ့ ခင်ဗျားရှုံးရင်ကျ ခင်ဗျား ဘာမှဖြစ်မသွားဘူး။ ဒါ တကယ် မတရားဘူး။ ဒါ့ကြောင့် ဘာလို့ တကယ်မကစားပဲ နေဦးမလဲ။ ခင်ဗျား သိုလှောင်အိတ်ထဲက ဝိညာဥ်ကျောက်တုံးပမာဏနဲ့ စိန်ခေါ်မယ်ဆို ကျုပ် လက်ခံမယ်
"မဟုတ်ရင်တော့ ထွက်သွားတာပဲ ကောင်းမယ်ထင်တယ်"
ဖန်ရှုကျုံး မျက်မှောင်ကျုံ့သွားသည်။ သူ၏ ဆေးဝါးပညာရှင်ရာထူးကို ထည့်တွက်လျှင် ဤကိစ္စမှာ အမှန်တကယ် ကြီးနိုင်ငယ်ညှင်းခြင်းဖြစ်သည်။ စောင့်ကြည့်နေသူများစွာ လည်း ရှိသည့်အတွက် သူ့အနေဖြင့် သူတို့၏အမြင်ကိုလည်း ထည့်တွက်ဖို့ လိုသည်။ သို့သော် မန်ဟိုကို ဒူးထောက်မခိုင်းလျှင် ဖန်ယွင်ရီ၏ တောင်းဆိုချက်နှင့် မကိုက်ညီတော့ပေ။ နောက်ဆုံးတော့ သူက မန်ဟို့ကို လှမ်းကြည့်၍ မန်ဟို အရှက်ကွဲပြီး မြေကြီးပေါ်၌ ဒူးထောက်ရလျှင် မည်သည်နှင့်တူလိမ့်မည်ကို မြင်ယောင်ရင်း အေးစက်စက် ရယ်လိုက်သည်။ သူ့အနေဖြင့် ဖန်ယွင်ရီ သူ့ကို အပိုဆုလာဘ်ပေးအောင် သေချာပေါက် လုပ်ရလိမ့်မည်။ သူကား ထပ်မံ့တုံ့ဆိုင်းမနေတော့ဘဲ သိုလှောင်အိတ်တစ်လုံးထုတ်ကာ မန်ဟို့သိုလှောင်အိတ်ဘေးသို့ ပစ်ချလိုက်သည်။
သူက ဘာမှမပြောသော်လည်း မျက်လုံးများ အေးစက်စက် တောက်ပနေ၏။
မန်ဟိုသည် အသက်ပြင်းပြင်း ရှူသွင်းပြီး နှုတ်ခမ်းသပ်လိုက်သည်။ ရှက်ကိုးရှက်ကန်းအပြုံးတစ်စ သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာပြီး သူ့မှာ အတန်ငယ် ရှက်နေပုံပင် ပေါ်လာသည်။
"ကျေးဇူးအများကြီးတင်ပါတယ် ဆေးဝါးပညာရှင်ဖန်။ ကဲ အခု ကစားကြတာပေါ့"
***