← Chapters

အပင်နဲ့အသီးအရွက် ကစားပွဲ

Vol. 65 Ch. 905

အပင်နဲ့အသီးအရွက် ကစားပွဲ

Vol. 65 Ch. 905

ဆေးရိပ်သာတောင်ထွတ် (၇၁၉၁) မှာ ယခုတွင် စင်မြင့်ထက်ရှိ မန်ဟိုနှင့် ဖန်ရှုကျုံးကို မမှိတ်မသုန် စိုက်ကြည့်နေသော ဆေးဝါးအတတ်သင်ထောင်ပေါင်းများစွာဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် သူတို့နှစ်ယောက်က လောင်းကြေးထပ်ထားကြရာ ဆေးဝါးအတတ်သင်များမှာ မည်သို့ဖြစ်ပျက်မည်လဲ ကြည့်ရဖို့ မစောင့်နိုင်တော့ပေ။

မန်ဟိုသာ သုံးရက်တိုင် သင်ခန်းစာမပို့ချခဲ့လျှင် ဆေးဝါးအတတ်သင်များသည် ဖန်ရှုကျုံး နိုင်လိမ့်မည်ဟုပြောရန် တခဏလေးပင် တွန့်ဆုတ်နေမည်မဟုတ်ပေ။ သို့သော် .... ယခုတော့ ပြောရခက်သည်။

မန်ဟိုသည် ဖန်ရှုကျုံး၏ သိုလှောင်အိတ်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးရင်း အလွန်အမင်းရှက်ကိုးရှက်ကန်း ဖြစ်သွားသယောင်ပင်။ ထို့နောက် သူက နှုတ်ခမ်းသပ်ပြီး ဖန်ရှုကျုံးကို လှည့်ကြည့်သည်။ သူ့မှာ တစ်မိနစ်ကုန်ဆုံးသွားတိုင်း ကံကောင်းလာသလို ခံစားရသည်။ ဆေးဝါးတာအိုဌာနတွင် ရက်အနည်းငယ်မျှသာ နေရသေးသည်၊ သူ့အား ဝိညာဉ်ကျောက်တုံးများ ပေးရန် ‌လူတစ်ယောက် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ့မှာ သူ ဘာတွေးနေမိသလဲ သဘောပေါက်လိုက်သော် ရုတ်တရက် အတန်ငယ်ပို၍ ရှက်ရွံသွားတော့သည်။

ဖန်ရှုကျုံးသည် အကြည့်အားလုံး သူ့အပေါ် ရောက်လာသည်ကို မြင်လျှင် အေးစက်စက် နှာမှုတ်၏။ သူကား ဆေးဝါးတာအိုတွင် နှစ်ပေါင်းများစွာ စိတ်ရောကိုယ်ပါ နစ်မြုပ်ထား၍ အပင်နှင့်အသီးအရွက်အသိနှင့်ပတ်သက်လျှင် ကျွမ်းကျင်တတ်မြောက်လေသည်။ တကယ်တမ်း သူကား အဆင့် (၃) ဆေးဝါးပညာရှင်အဆင့်တက်ရန် အရည်အချင်းပြည့်မှီနေပြီဖြစ်၍ လောင်းကြေးကို နိုင်ရန် ယုံကြည်ချက်ရှိလေသည်။

ဆေးဖက်ဆိုင်ရာ အရင်းအမြစ်များအား အရေးတကြီး လိုအပ်နေသည့်အတွက်ကြောင့်သာမဟုတ်လျှင် ဘယ်တော့မှ ဤနေရာသို့ လာမည်မဟုတ်ပေ။ ယခုလို ပြိုင်ပွဲမျိုးမှာ သူ့အဆင့်အတန်းထက် နိမ့်ကျနေသည်မဟုတ်ပါလော။

ဖန်ရှုံ့ကျုံးသည် မောက်မာဝင့်ကြွားသောအမူအရာဖြင့် လက်ကို မြင့်မြင့်မြှောက်၍ သိုလှောင်အိတ်အား ပုတ်လိုက်၏။ ချက်ချင်းပင် ဆေးပင်တစ်ပင် သူ၏လက်ထဲတွင် ပေါ်လာသည်။ ၎င်းသည် အစိမ်းရောင်ဖြစ်ပြီး သာမန်မြက်ပင်နှင့် မခြားနားပေ။ သူက လက်ကို ဝှေ့ယမ်းကာ ၎င်းအား မန်ဟို့အရှေ့ လေထဲတွင် ပျံဝဲစေလိုက်သည်။

"ငါ မင်းအတွက် ခက်ခဲအောင် မလုပ်ချင်ဘူး" သူက အေးတိအေးစက် ပြောသည်။ "မင်းကို ဆေးပင်သုံးပင်ပြမယ်။ မင်းအနေနဲ့က နာမည်နဲ့ ဂုဏ်သတ္တိတွေကို ရွတ်ပြရုံပဲ။ ဒီမှာ ပထမဆုံးအပင်" သူ၏အမြင်အရ ဤအပင်သည် သူ၏ပြိုင်ဘက်ကို နင်း‌ခြေရန် လုံလောက်၏။ သူသည် ဤ‌ဖန်ဟိုကို မိုးကောင်းကင် မည်မျှမြင့်မားပြီး ကမ္ဘာမြေမည်မျှ နက်ရှိုင်းသလဲ ပြမည်။ သူတို့နှစ်ယောက် အဆင့်အတန်းမည်မျှ ကွာခြားသလဲ ဖန်ဟို သိသွားအောင် ပညာရပေးမည်။

အဆင့် (၂) ဆေးဝါးပညာရှင်တစ်ဦးအနေဖြင့် သူကား မြန်မြန် အနိုင်ရချင်နေ၏။ ဆေးဝါးတာအိုဌာနအတွင်းရှိ သူ၏အဆင့်အတန်းကို ထည့်တွက်လျှင် ပြိုင်ဘက်ဖြစ်သူကို တစ်ချီတည်းနှင့် အလဲထိုးခြင်းက အဖြစ်သင့်သုံးရလဒ်ပင်။

ဖန်ရှုကျုံးသည် အေးစက်စက် ရယ်၍ အင်္ကျီလက်စကို ခါပြီးနောက် လက်နှစ်ဖက်အား နောက်ပစ်ကာ မန်ဟို့ကို မောက်မာစွာ ကြည့်လေ၏။ "ဒီလူကို ထား" သူက တွေးသည်။ "အဆင့် (၁) ဆေးဝါးပညာရှင်တောင်မှ ဒီဆေးပင်ကို သိမှာမဟုတ်ဘူး"

မန်ဟိုက ဆေးပင်ကို ကြည့်ရင်း ပြုံးမြဲ ပြုံးနေသည်။

ဆေးဝါးအတတ်သင်အားလုံးလည်း ၎င်းကို ကြည့်ရင်း ခန့်မှန်းနေကြ၏။ ပတ်ဝန်းကျင်ရှိ အဆင့် (၁) ဆေးဝါးပညာရှင်များလည်း‌ ဖြစ်ညစ်စဉ်းစားနေကြသည့်တိုင် ဘယ်သူမှ ဤကဲ့သို့အပင်မျိုးနှင့်ပတ်သက်ပြီး မည်သည့်အချက်အလက်မှ ‌‌စဉ်းစား၍မရပေ။

ချက်ချင်းပင် စကားသံများ ဆူညံလာသည်။

"မဖြစ်နိုင်ဘူး။ ဒီဆေးပင်က ထူးခြားတဲ့ပုံပေါ်လည်း မပေါ်ဘူး‌။ ဆေးပင်တစ်ပင်နဲ့တောင် မတူတာ။ လူသားလောကက သာမန်ဆေးပင်တစ်ပင်ပဲမဟုတ်ဘူးလား"

"အပင်နဲ့ အသီးအရွက်နဲ့ ပတ်သက်ရင် ငါ့မှာ မယုံနိုင်စရာအသိ မရှိပေမယ့် နည်းနည်းပါးပါးတော့ သိတယ်။ ဒါပေမဲ့ ဒီအပင်ကို ... ငါ တစ်ခါမှ မမြင်ဖူးဘူး"

"သူက အဆင့် (၂) ဆေးဝါးပညာရှင်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ ဘယ်သူမှ သတိမထားမိတဲ့ ဆေးပင်တစ်ပင်ကိုတောင် ထုတ်ပြနိုင်တယ်"

ဖန်ရှုကျုံးက မန်ဟို့ကို အထင်သေးစွာ ကြည့်သည်။

"မမှတ်မိရင်လည်း ဒီတောင်ထွတ်မှာ ဒူးထောက်ပြီး ထွက်သွားတော့" စကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားလျှင်ချင်း မန်ဟိုက ရုတ်တရတ် သူ့ကို မော့ကြည့်ကာ ညစ်ကျယ်ကျယ် ရယ်လိုက်သည်။

"ဆေးဝါးပညာရှင်ဖန်။ ခင်ဗျားမှာ ဒီလို လေဝိညာဉ်မြက်မျိုး ရှိလိမ့်မယ်လို့ ထင်မထားဘူး။ ဒီလိုသစ်ပင်တစ်ပင်က ဆေးဖက်မဝင်ဘူး။ ဒါပေမဲ့ လေပြင်းပြင်းတစ်ချက်နဲ့ တိုက်ခံရတဲ့အခါ ဝိညာဉ်ပန်းပွင့်တစ်ပွင့်နဲ့အတူ ဖူးပွင့်လာလိမ့်မယ်။ အဲဒီပန်းပွင့်က အများဆုံး အရောင်ခုနစ်ရောင်နဲ့ ပွင့်နိုင်တယ်။ အဲဒီဆေးပန်းပွင့်က လေဓာတ် ဆေးလုံးတွေကို ဖော်စပ်တဲ့အခါ အရေးအကြီးဆုံးပါဝင်ပစ္စည်းပဲ

"ကံဆိုးစွာနဲ့ ဆေးဝါးပညာရှင်ဖန်၊ ခင်ဗျားရဲ့အပင်က မပြည့်စုံဘူးဗျ။ သုံးရောင်ပန်းပွင့်ပဲ ထုတ်ပေးနိုင်လိမ့်မယ်"

မန်ဟိုက ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များကို အံ့ဩတုန်လှုပ်သွားစေသည်။ အဆင့် (၁) ဆေးဝါးပညာရှင်များပင် အံ့အားသင့်သွားကြ၏။ သူတို့မှာ လေဝိညာဥ်မြက်အကြောင်း တစ်ခါမှ မကြားဖူးသော်လည်း လေဝိညာဉ်ပန်းပွင့်ကိုတော့ သိကြလေသည်။ ဤအခိုက်အတန့်တွင် သူတို့သည် လေဝိညာဉ်ပန်းပွင့်များ၏ မူလအစကို နားလည်သွားကြပြီဖြစ်၏။

ဤအခိုက်အတန့်တွင် မန်ဟိုက ‌မြက်ပင်ကို မှုတ်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကြောင့် ထိုလေမှာ လေပြင်းတစ်ချက်အလားပင်။ ထစ်ချုန်းသံကြီး ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားပြီးနောက် မြက်ပင်သည် တွန့်လိမ်လူးလွန့်လာ၏။ လူတိုင်း စောင့်ကြည့်နေစဉ် သုံးရောင်ခြယ်ပန်းပွင့်သည် မြက်ပင်၏ရွက်ချွန်းမှ ဖူးပွင့်လာပြီး ဆေးရနံ့တစ်နံ့ သင်းပျံ့လာသည်။

"တကယ်ပဲ အရောင်သုံးရောင်ဟ"

"ဖန်ဟိုရဲ့ ‌အပင်နဲ့အသီးအရွက်အသိက တကယ် အံ့ဖွယ်ပဲ။ သူက အပင်ကို သိရုံတင်မကဘူး။ သူ့ရဲ့သဘာဝတစ်ခုလုံးကိုပါ အကဲဖြတ်နိုင်တယ်"

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်ကုန်ကြသည်။ အဆင့် (၁) ဆေးဝါးပညာရှင်များမှာ မန်ဟို့ကို လေးစားစွာ ကြည့်နေကြလေသည်။ ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုဌာနတွင် အစွမ်းထက်ဆေးဝါးပညာရှင်များသာလျှင် လေးစားကိုးကွယ်ခံရ၏။

ဖန်ရှုကျုံး၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီးနောက် သူက မန်ဟို့ကို မမှိတ်မသုန်ကြည့်သည်။ လေးနက်သောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းနေ၏။ လေဝိညာဉ်မြက်မှာ သာမန်သာထင်ရသော်လည်း အပင်နှင့်အသီးအရွက်အသိကို ဆုံးဖြတ်ပေးနိုင်သောအရာတစ်ခုဖြစ်သည်။ အဆင့် (၂) ဆေးဝါးပညာရှင်များစွာပင် ၎င်းအကြောင်း များများစားစား သိမည်မဟုတ်ပေ။ သူ့အတွက် ပို၍ပင် အံ့ဩစရာကောင်းသည်မှာ ပန်း၏ အရောင်မည်မျှ ပွင့်မည်ကို သူ၏ပြိုင်ဘက်မှ အတိအကျပြောသွားခဲ့ခြင်းဖြစ်သည်။ ယင်းက အဆင့် (၃) ဆေးဝါးပညာရှင်များသာ လုပ်နိုင်သင့်သောအရာပင်။

"ဆိုတော့ ဒီလူမှာ အစွမ်းအစရှိတာပဲ" သူက တွေးသည်။ "ငါ အလေးအနက်ထားဖို့ လိုတယ်" ဖန်ရှုကျုံးသည် လေဝိညာဉ်မြက်အား သိုလှောင်အိတ်ထဲ ပြန်ထည့်ပြီး ဆေးပင်နောက်တစ်ပင် ထုတ်လိုက်၏။

ဤအပင်တွင် အရွက်တစ်ရာကျော်ရှိပြီး ထိုအရွက်များက တြိဂံပုံသဏ္ဌာန်ကို ဖော်ဆောင်ထားသည်။ အပင်၏ ပန်းပွင့်ဆံများက ရှည်ရှည်မျောမျောဖြစ်ရာ လက်တံများသဖွယ် ယိမ်းနွဲ့နေလေသည်။

ဤအပင်ကို တစ်ချက်ကလေးကြည့်လိုက်ရုံနှင့် သာမန်မဟုတ်ကြောင်း ပြောနိုင်သည်။ ၎င်းကို ကြည့်နေသူတိုင်းမှာ အန္တရာယ်ကိုယ်လည်း ခံစားလိုက်ကြရ၏။

"အနိုင်ကျင့်တယ်လို့ မခေါ်အောင်" ဖန်ရှုကျုံးက ပြောသည်။ "ငါ မင်းကို ဒီအပင်ရဲ့ ဂုဏ်သတ္တိတွေအကြောင်း မရှင်းပြခိုင်းတော့ဘူး။ နာမည်ပြောရုံနဲ့ လုံ‌လောက်တယ်" သူက မန်ဟို့ကို အေးစက်စွာ ကြည့်ရင်း ဘာမှမပြောသော်လည်း အေးစက်စွာ ရယ်‌နေလေသည်။ သူ၏အမြင်အရ ပထမဆေးပင်နှင့်ပတ်သက်တုန်းက သူ၏ပြိုင်ဘက်ကို အတန်ငယ် အထင်သေးခဲ့မိသော်လည်း ဤဒုတိယတစ်ပင်ဖြင့် အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိလေသည်။

"ဒီဆေးပင်ကို ရခဲ့တုန်းက" သူက တွေးသည်။ "ဘာမှန်းမသိခဲ့ဘူး။ အဆင့် (၅) ဆေးဝါးပညာရှင်တစ်ယောက်ဆီကို သွားမှ ကြက်ကန်းဆန်အိုးတိုးပြိး သိခွင့်ရခဲ့တာ

"ဒါက ရှားမှရှားတယ်။ ဘယ်အပင်နဲ့အသီးအရွက်ကျမ်းမှာမှ ဒီအကြောင်းမဖော်ပြထားဘူး။ အဆင့် (၅) ဆေးဝါးပညာရှင်တစ်ဦးရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ကိုသုံးရင်း တခြားဆေးပင်မျိုးစုံကနေ ကိုင်းဆက်ကူးထားတာ

"မလောက်လေးစားဆေးဝါးအတတ်သင်တစ်‌ယောက်က ဒါကို ‌သိလိမ့်မယ် မယုံနိုင်ဘူး" ဖန်ရှုကျုံးက အေးစက်စက် ပြုံးရင်း မေးကို မော့၍ လက်နှစ်ဖက်ကို နောက်ပစ်ရင်း မန်ဟို့ကို ကြည့်သည်။

သူသည် ဆေးပင်အမည်သိအောင် စဉ်းစားရင်း သူ၏ပြိုင်ဘက် ငိုယိုနေသည်ကို မြင်ယောင်ကြည့်နေ၏။ ပြိုင်ဘက်ထံမှ တုံ့ပြန်လာမည့် အဓိပ္ပာယ်မရှိသောစကားများအတွက် သင့်တော်မည့်တုံ့ပြန်စကားများကိုလည်း သူ ပြင်ထားပြီးလေပြီ။

အရာအားလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်နေသည်။ မျက်လုံးအားလုံးက ဆေးပင်အပေါ် အာရုံစိုက်နေ၏။ ၎င်းထံမှ ထုတ်လွှတ်နေသော အန္တရာယ်အငွေ့အသက်အနည်းငယ်ကြောင့် လူတိုင်းကား ၎င်းကို အာရုံစိုက်နေကြလေသည်။ တဖြေးဖြေး ဆေးပင်၏ ရနံ့သည် အားလုံး၏စိတ်ကို စိုးမိုးလာ၏။

"အဲ့ဒါ ဘာဆေးပင်လဲ"

"ရင်းနှီးသလိုလိုရှိပေမယ့် တစ်ခါမှ မမြင်ဖူးတာ သေချာတယ်။ ဘယ်လောက်ထူးဆန်းလိုက်သလဲ"

အဆင့် (၁) ဆေးဝါးပညာရှင်များပင် မျက်မှောင်ကြုတ်နေကြပြီး ဘာဆေးပင်ဖြစ်မည်လဲ အသည်းအသန် စဉ်းစားနေကြ၏။ တချို့က အပင်နှင့်အသီးအရွက်အကြောင်း ပါဝင်သော ကျောက်စိမ်းပြားများကိုပင် ထုတ်ကာ သဲလွန်စများ ရှာဖွေကြလေသည်။

"အဲဒီအပင်က စောစောက လေဝိညာဉ်မြက်ထက်အောင် လျှို့ဝှက်ဆန်းကြယ်သေးတယ်" ပရိသတ်များ အပင်ကြောင်း သုံးသပ်နေကြစဉ် မန်ဟိုသည် ၎င်းကို ကြည့်ပြီး မျက်လုံးများ တောက်ပလာ၏။

"ဖန်မျိုးနွယ်စုရဲ့ ဆေးဝါးတာအိုဌာနက အပင်နဲ့အသီးအရွက်နဲ့ပတ်သက်ပြီး ဗဟုသုတများလိမ့်မယ်လို့ ထင်မထားခဲ့ဘူး" သူ‌က ပြောသည်။ ချက်ချင်းပင် ပရိသတ်ထုကြီး ငြိမ်သက်သွားပြီး လူတိုင်း မန်ဟို့ကို ကြည့်လိုက်ကြသည်။

ဖန်ရှုကျုံးက အေးစက်စက် ရယ်၏။

"အပင်နာမည်ပြောနိုင်လား၊ မပြောနိုင်ဘူးလား။ ဟန်လုပ်နေစရာမလိုပါဘူး"

မန်ဟိုက တုံ့ပြန်သည့်အနေဖြင့် စပ်ဖြဲဖြဲ ရယ်လိုက်သည်။

"ဒီဆေးပင်ကို ခင်ဗျား ပျိုးထောင်နိုင်ပါ့မလားမသိဘူး" သူက ပြောသည်။ စောင့်ကြည့်နေသူများ ဤအခြင်းအရာကို ကြားလျှင် သိပ်များများစားစား မတွေးတောပေ။ သို့သော် ဖန်ရှုကျုံးမှာ ရင်ဒိန်းခနဲ ခုန်သွား၏။

"နာမည်မရှိဘူး" မန်ဟိုက ဖြေးဖြေးချင်း ဆက်ပြောသည်။ "ဒါမှမဟုတ် .... အဲ့ဒါကို နာမည်ပေးဖို့ အရည်အချင်းရှိတဲ့ တစ်ယောက်တည်းသောလူက ဖန်တီးပေးခဲ့တဲ့ ဆေးဝါးပညာရှင်ပဲရှိတယ်လို့ ပြောရမယ်ထင်တယ်"

ဖန်ရှုကျုံးမှာ ဤအရာကို ကြားလျှင် မျက်နှာရိပ်ခနဲခနဲ ဖြစ်သွားသည်။ မန်ဟို၏စကားနှစ်ခွန်းက မိုးကြိုးတန်းများသဖွယ် သူ့ကို ထိမှန်သွားသည်။ သူ၏ပြိုင်ဘက် အကြည့်ကလေးတစ်ချက်တည်းနှင့် သဲလွန်စများကို ဆက်စပ်တွေးကြည့်နိုင်လိမ့်မည်ဟု သူ မည်သို့ထင်ထားခဲ့မည်နည်း။ မန်ဟို၏ပထမဆုံး စကားနှစ်ခွန်းတည်းက အပင်၏နာမည်နှင့်ပတ်သက်သော အမှန်တရားကို ဖော်ပြခဲ့ပြီးပြီဖြစ်၍ သူက အပင်ကို ကမန်းကတမ်း သိမ်းလိုက်သည်။

သူသည် လွန်ခဲ့သောနှစ်များက အပင်ကို ပထမဆုံးမြင်ခဲ့သည့်အချိန်တုန်းက အံ့ဩမှင်သက်ခဲ့ရသည်ကို ပြန်တွေးမိလိုက်သည်။ သူ့အတွက် ၎င်းမှာ ထူးခြားဆန်းကြယ်သောပစ္စည်းတစ်ခုပင်။ နောက်ပိုင်း အဆင့်(၅) ဆေးဝါးပညာရှင်တစ်ယောက်ရှင်းပြမှ အကြောင်းစုံနားလည်သွားခြင်းဖြစ်၏။

"ဖန်ဟိုက ဘယ်လောက်ကျွမ်းတာလဲ" သူက တွေးသည်။ "‌ဆေးပင်ကို တကယ် သိနေပါလား။ သေစမ်း။ မဖြစ်ဘူး မြန်မြန်အနိုင်ယူမှ" သူသည် ယခင်ထက်ပို၍ သတိရှိလာပြီး ပြိုင်ဘက်ကို အနိုင်ယူလိုစိတ် ပြင်းထန်လာသည်။ သို့သော် ဆေးဝါးတာအိုဌာနတွင် ဂုဏ်သတင်းသည် အတိုင်းထက်အလွန် အရေးပါသည့်အတွက် ဤမျှလူအများကြီးနှင့်ဆိုလျှင် ပို၍ပင်လျင်မြန်စွာ သတင်းပြန့်သွားလိမ့်မည်။

ဖန်ရှုကျူံးသည် အံတင်းတင်းကြိတ်ပြီး ဆေးပင်အား သိမ်းတော့မည့်အချိန် ရုတ်တရက် မန်ဟိုက စကားစပြောပြန်သည်။

"ဒါက ကိုင်းဆက်ကူးနည်းလမ်းတစ်ခုနဲ့ ဖန်တီးထားတဲ့ ဆေးပင်တစ်ပင်ဆိုတော့ ကြည့်ရအောင် ... မတူကွဲပြားတဲ့ ဆေးပင်ဆယ့်ကိုးပင်ကနေ ကိုင်းဆက်ကူးထားတာဖြစ်မယ်။ အဲဒီဆေးပင်ဆယ့်ကိုးပင်မှာ ရေလွှာမြစ်၊ ဝိညာဉ်အိပ်မက်မြက်၊ ကောင်းကင်တောင်သစ်ရွက်၊ သိက္ခာပန်းပွင့်...." မန်ဟိုက ဆေးပင်ဆယ့်ကိုးပင်လုံးကို တည်ငြိမ်စွာ ရွတ်ပြလေသည်။

ဖန်ရှုကျုံးမှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်ပြီး အသက်ရှူသံများ မြန်လာသည်။ သူ့မှာ မယုံကြည်နိုင်သော အမူအရာဖြင့် မသိလိုက်လဲ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ သူ ထုတ်ရန် ပြင်နေသည့် နောက်တစ်ပင်မှာ မန်ဟို ရွတ်ပြသွားသော အပင်စာရင်းထဲတွင် ပါသွားပြီဖြစ်၍ သူ့မှာ ၎င်းကို မသုံးတော့ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

ဤလူက ကိုင်းဆက်ကူးပေးထားသော အပင်အားလုံး၏နာမည်ကို ရွတ်ပြနိုင်လိမ့်မည်ဟု မည်သူထင်ထားခဲ့မည်နည်း။ မှန်ပါသည်၊ အဆင့် (၅) ဆေးဝါးပညာရှင်များသာ အတည်ပြုပေးနိုင်၍ မန်ဟို့စကား မှန်လား၊ မှားလားတော့ သူ မသိပေ။

ဤသည်မှာ ... ထိပ်တန်းလျှို့ဝှက်ချက်မဟုတ်ပါလော။

နောက်ဆုံးတွင် မန်ဟိုက နိဂုံးချုပ်၍ ‌ပြောသည်။ "... လေးရာသီမှော်အစွမ်းကို သုံး၊ ယင်နဲ့ယန်ကို ပြောင်းပြန်လှန်ပြီး အပင်သုံးပင်ကို တစ်ဆက်တည်း ကိုင်းဆက်ရမယ်။ ဆေးပင်ဆယ့်ကိုးပင်လုံးကို စုပေါင်းပြီး နေရောင်နဲ့ ထိတွေ့ခွင့်မပေးရဘူး။ ယင်ချီကို စုစည်းလိုက်တာနဲ့ ဖြစ်စဉ်ပြီးမြောက်သွားပြီ

"ဒီဆေးပင်ကို ဆေးပင်ဆယ့်ကိုးပင်နဲ့ ကိုင်းဆက်ပြီး ‌ဖန်တီးထားတာမလို့ ဆေးဖော်စပ်တာမှာ အသုံးပြုရင် အသွင်ပြောင်းလဲမှုတွေ အများကြီးဖြစ်နိုင်တယ်။ သာမန်ဆေးဝါးပညာရှင်တစ်ဦးအနေနဲ့ ဒါကို သုံးပြီး ဘာမှ ဖော်စပ်နိုင်မှာမဟုတ်ဘူး။ ကြည့်ရတာ ဒီဆေးပင်ကို ပေးခဲ့တဲ့ ဆေးဝါးပညာရှင်က ခင်ဗျားကို ဖော်စပ်နည်းလည်း ပေးသွားခဲ့တယ်ဖြစ်မယ်

"ပြောပါဦး ဆေးဝါးပညာရှင်ဖန်၊ ကျုပ် မှန်လား" မန်ဟိုက ပြုံး၍ ဖန်ရှုကျုံးကို ကြည့်လိုက်သည်။

မန်ဟို၏စကားလုံးများနောက်တွင် တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ လူတိုင်းသည် မျက်နှာတွင် ခံစားချက်အမျိုးမျိုး ဖြတ်ပြေးနေသော ဖန်ရှုကျုံးကို ကြည့်နေကြ၏။ သူ့မှာ ခေါင်းတည့်တည့်ကို မိုးချပစ်ချလိုက်သည့်အလား ခံစားလိုက်ရပြီး တွေးပင် မတွေးမိဘဲ နောက်ဆုတ်မိလိုက်သည်။ သူကား မန်ဟို့ကို မကောင်းဆိုးဝါးတစ်ကောင်အား ကြည့်နေရသကဲ့သို့ မျက်လုံးကြီးပြူးလျက် ကြည့်နေလေပြီ။

***

All Chapters