ပထမဂယက်
Vol. 65 Ch. 906
"မဖြစ်နိုင်ဘူး။ ဒါ မဖြစ်နိုင်ဘူး" ဖန်ရှုကျုံးတစ်ယောက် ရင်တဒိန်းဒိန်း ခုန်လာသည်။ သူ့မှာ ဆေးပင်အား မည်ကဲ့သို့ ကိုင်းဆက်ထားသလဲပင် မသိလေရာ မန်ဟို မှန်လား၊ မှားလား မပြောနိုင်ပေ။ သို့သော် .... သူ၏ ဆေးဝါးတာအိုအသိအပေါ် အခြေခံ၍ မန်ဟိုပြောသွားသည်က မှန်ကန်ကြောင်း အတန်အသင့်သေချာလေသည်။
အရေးအကြီးဆုံးကား သူ့ကို ဆေးပင်ပေးခဲ့သော အဆင့် (၅) ဆေးဝါးပညာရှင်သည် ဖော်စပ်နည်းကိုပါ အမှန်စင်စစ် ပေးခဲ့၏။ ထိုမျှသာမက သူ ပြောခဲ့သောစကားများမှာလည်း စောစောက မန်ဟိုပြောခဲ့သည်နှင့် တစ်ထပ်တည်းပင်။
"မင်း ..."
ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များသည် ဖန်ရှုကျုံး၏ ဖြူဖျော့နေသော မျက်နှာ၊ နောက်ဆုတ်သွားသောပုံစံနှင့် မျက်နှာထားကို သတိထားမိသွားကြ၏။ အကုန်လုံးနီးပါး ထိုအခြင်းအရာ၏အဓိပ္ပာယ်ကို နားလည်ကြလေသည်။ မန်ဟို့ပြောစကားအားလုံးကား မှန်ကန်နေ၏။
ဖန်ရှုကျုံး၏အမူအရာ ယခုလို ပြောင်းလဲသွားသည့်အကြောင်းရင်းကား တခြားမရှိနိုင်ပေ။
"ဖန်ဟို မှန်ပြန်ပြီ"
"ဆေးဝါးပညာရှင်ဖန်တောင်မှ အပင်နဲ့အသီးအရွက်နဲ့ပတ်သက်ရင် ဖန်ဟိုကို မကျော်နိုင်ဘူး"
"စောစောက ဖန်ဟို အပင်နဲ့အသီးအရွက်အကြောင်း ပို့ချနေတုန်းက လိုက်မှတ်ထားတာ တော်သေးတယ်။ ပြန်ပြီး သေချာ ဖတ်ကြည့်ရမယ်"
ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များမှာ ဆူညံပွက်လောရိုက်နေသည်။ ဆေးဝါးအတတ်သင်များမှာ ဆေးဝါးပညာနှင့်ပတ်သက်ပြီး များများစားစား နားလည်မကြသော်လည်း အဆင့် (၁) ဆေးဝါးပညာရှင်များပင် အသက်ရှူမြန်နေကြပြီး မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြသည်။ ထို့နောက် သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်၏မျက်နှာပေါ်က မယုံကြည်နိုင်မှုများကို တစ်ယောက်မြင်လိုက်ကြသည်။
သူတို့သည် ဆေးဝါးပညာရှင်များဖြစ်ပြီး အဆင့် (၁) သာ ရှိပါသော်လည်း သူတို့၏အခြေခံဗဟုသုတမှာ ဆေးဝါးအတတ်သင်များထက် များစွာသာလွန်လေသည်။ သူတို့မှာ အစက ဖန်ရှုကျုံး၏လက်ထဲ၌ ကိုင်ထားသော ဆေးပင်ကို မသိ၍ သိပ်ထူးထူးခြားခြားမခံစားခဲ့ရပေ။ သို့သော် မန်ဟို စကားပြောပြီး ကိုင်းဆက်ကူးနည်းအား ဖော်ပြလိုက်သောအခါတွင် သူတို့၏စိတ်နှလုံး တုန်လှုပ်သွားကြ၏။
"အာ ... ကိုင်းဆက်ကူးနည်းဆိုတာ အဆင့် (၅) ဆေးဝါးပညာရှင်တစ်ယောက်ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုပဲ"
"ဆေးပင်ဆယ့်ကိုးပင်။ အဆင့် (၅) ဆေးဝါးပညာရှင်တစ်ယောက်ပဲ အဲဒီလိုဟာမျိုး ဖန်တီးနိုင်မယ်ထင်တယ်။ ဒါပေမဲ့.... ဖန်ဟိုက အပင်ကို ကြည့်ရုံလေးနဲ့ ကိုင်းဆက်ကူးနည်းကို အလွယ်တကူ ဖော်ထုတ်နိုင်တယ်ဆိုတော့ ... လူရော ဟုတ်ရဲ့လား"
"သူ့ အပင်နဲ့အသီးအရွက်အသိ၊ သူ့ ဆေးဝါးတာအိုအသိက ဘယ်အဆင့်ထိရောက်နေပြီလဲ။ ကြောက်စရာကောင်းချက်ပဲ။ သူ့ကို လျှို့ဝှက်ထားနိုင်တဲ့ အပင်နဲ့အသီးအရွက်အကြောင်း မရှိဘူးထင်ပါရဲ့"
အဆင့် (၁) ဆေးဝါးပညာရှင်များမှာ လုံးလုံးလျားလျား အံ့ဩမှင်သက်ကုန်ကြလေသည်။
ဖန်ရှုကျုံးသည် မကောင်းဆိုးဝါးတစ်ကောင်လို ကြောက်စရာကောင်းလာသော မန်ဟို့ကို ကြည့်ရင်း မျက်နှာဖြူဆုပ်နေသည်။ သူ့မှာ အကြည့်လေးတစ်ချက်တည်းနှင့် ဆေးဝါးပညာရှင်တစ်ဦး၏ ထိပ်တန်းလျှို့ဝှက်နည်းလမ်းကို ထိုးထွင်းမြင်၍ ကိုင်းဆက်ကူးနည်းကို ဖော်ထုတ်နိုင်သူတစ်ယောက် ရှိလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
သူ့အတွက် ထိုကဲ့သို့အရာတစ်ခုမှာ အင်မတန် ကြောက်စရာကောင်းပေ၏။
ဤအခိုက်အတန့်တွင် သူသည် အပင်နှင့်အသီးအရွက်အသိနှင့်ပတ်သက်လျှင် ဖန်ဟို့အတွက် ပြိုင်ဘက်မဟုတ်ကြောင်း သိသွား၏။ ဤကဲ့သို့ လူမဟုတ်သူအား သူ့အနေဖြင့် မည်ကဲ့သို့ အနိုင်ယူနိုင်မည်နည်း။
"ခွေးမသား ဖန်ယွင်ရီ" သူက တွေးသည်။ "ငါ ပြန်လာတဲ့အထိ နေနှင့်ဦး။ မင်းကို နည်းနည်းပါးပါး ဆုံးမပေးရမယ်" ဖန်ရှုကျုံးမှာ ခါးသီးနေပြီး ရုတ်တရက် ဖန်ယွင်ရီကို အူထဲအသည်းထဲမှ မုန်းလာသည်။ မန်ဟို့ကိုမူ မမုန်းရဲပေ။
ဆေးဝါးတာအိုဌာန၏ သဘောသဘာဝအရ သူသည် မန်ဟို၏ ရွေးချယ်ခံအဆင့်အတန်းကို လျစ်လျူရှုနိုင်သော်လည်း ... မန်ဟို၏ အပင်နှင့်အသီးအရွက်အသိကိုတော့ သေလောက်အောင် ကြောက်သည်။
"အဲဒီလိုအသိမျိုးနဲ့ဆိုရင်" သူက တွေးသည်။ "ဆေးဖော်တာမှ သိပ်မကျွမ်းကျင်ရင်တောင်မှ ထင်ရှားကျော်ကြားလာဦးမှာပဲ။ ဒါ့အပြင် ဆေးဖော်တာမှာ ပါရမီပါနေရင်ကော ဘယ်လိုလုပ်မတုံး။ အံ့ဖွယ်သရဲဖြစ်သွားလိမ့်မယ်။ သူက ဆေးဝါးတာအိုဌာနမှာ သေချာပေါက် ငါ့ထက် သာသွားမှာ။ အခုတော့ သကောင့်သား ဖန်ယွင်ရီကျေးဇူးနဲ့ သူ့ကို ရန်စမိပြီ။ မတန်ဘူးကွာ...."
ဖန်ရှုကျုံးသည် အသက်ပြင်းပြင်းရှူသွင်းရင်း အံကြိတ်ပြီးနောက် အရှုံးကို ဝန်ခံရန် ပြင်လိုက်စဉ် ရုတ်တရက် ရင်ခုန်သွား၏။ ဤအရှုံးကို အခွင့်အရေးအဖြစ် ပြောင်းလဲပစ်၍ရကြောင်း သူ သဘောပေါက်လိုက်လေသည်။ သူ့မှာ တခဏ ချီတုံချတုံဖြစ်သွားပြီးနောက် လက်ယှက်၍ မန်ဟို့ကို အရိုအသေပေးလိုက်သည်။
"ဆေးဝါးပညာရှင်ဖန်။ ခင်ဗျားရဲ့ အပင်နဲ့အသီးအရွက်အသိက နက်နဲလှပါတယ်။ ကျုပ်က ခင်ဗျားအတွက် ပြိုင်ဘက်မဟုတ်ဘူး။ စောစောက မိုက်မဲပြီး ရိုင်းပျမိတာ တောင်းပန်ပါတယ်။ ဗွေမယူပါနဲ့ခင်ဗျာ။ ကျေးဇူးပြုပြီး ဒီသိုလှောင်အိတ်ထဲက ဝိညာဉ်ကျောက်တုံးတွေကို ပထမဆုံးဆုံတွေ့ခြင်းအထိမ်းအမှတ်အနေနဲ့ လက်ခံပေးပါ။ ကျုပ် ရှုံးသွားပါပြီ...." သူ၏ စကားလုံးများက ဆေးဝါးအတတ်သင်များကို အုတ်အော်သောင်းနင်းဖြစ်သွားစေသည်။ သို့သော် အဆင့် (၁) ဆေးဝါးပညာရှင်များမှာ သူ ထိုသို့လုပ်လိမ့်မည်ကို ခန့်မှန်းထားပြီးဖြစ်ကြ၏။
ထိပ်တန်းလျှို့ဝှက်ကိုင်းဆက်ကူးနည်းတစ်ခုကို ဖော်ထုတ်နိုင်လောက်အောင် လူမဟုတ်သော တစ်စုံတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အချိန်မှာပင် ဆက်လက်ပြိုင်ဆိုင်ဖို့ ယုံကြည်ချက်ရှိသေးလျှင်တော့ ထိုလူ နည်းနည်းတော့ ကျပ်မပြည့်ပေ။
"ဒါပေမဲ့ ကျုပ် နည်းနည်းပါးပါးသင်ပြပေးဖို့လည်း တောင်းဆိုချင်ပါတယ် .... အဆင်ပြေရင်ပေါ့ဗျာ။ ဟိုတလောက ကျုပ် ဆေးပင်တစ်ပင်တွေ့လို့ တော်တော်များများကို အဲဒီအကြောင်း လိုက်မေးခဲ့ပေမယ့် ဘယ်သူမှ မဖြေနိုင်ခဲ့ဘူးး" ဖန်ရှုကျုံးက နောက်တစ်ဖန် လက်ယှက်၍ အရိုအသေပေးလိုက်ပြန်သည်။ "ဆေးဝါးပညာရှင်ဖန်ခင်ဗျား၊ ကျုပ်ကို ကူညီပေးမယ်ဆိုရင် ဒီကိုင်းဆက်ကူးထားတဲ့ အပင်ကို ကျေးဇူးတင်တဲ့အနေနဲ့ ဝမ်းမြောက်ဝမ်းသာပေးပါ့မယ်"
မန်ဟို၏အမူအရာမှာ ထုံးစံအတိုင်း တည်ငြိမ်နေဆဲဖြစ်သည်။ သို့သော် စိတ်ထဲတွင်တော့ ပို၍အားနည်းသည့်ပုံစံ ဖမ်းခဲ့သင့်ကြောင်း တွေးရင်း သက်ပြင်းချနေ၏။ ပညာများစွာထုတ်ပြခဲ့မိခြင်းက ဆူဆူဖြိုးဖြိုးသိုးတစ်ကောင်အား ပေါ်စားဖို့ အခွင့်အရေးအား လက်လွှတ်လိုက်ရစေလေပြီ။
"ဆိုးလွန်းတယ်" သူက တွေးသည်။ "ငါ့သိုလှောင်အိတ်ထဲမှာ ဝိညာဉ်ကျောက်တုံးတွေအများကြီး ရှိသေးတယ်။ ဒီလူ့ကို ကလိမ်ကျမလို့ စဉ်းစားနေတာ အခုတော့ သွားပြီ" မန်ဟိုက အတန်ငယ်စိတ်ညစ်နေရင်း ဖန်ရှုကျုံး၏ သိုလှောင်အိတ်ကို ယူရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေး၍ အတွင်း၌ ဝိညာဉ်ကျောက်တုံးမည်မျှ ရှိသလဲမြင်လျှင် သူ့မှာ အတန်ငယ် အာသာပြေသွားတော့၏။
ထို့နောက် သူက ကိုင်းဆက်ထားသောအပင်ကို ကြည့်သည်။ ဤဆေးပင်မျိုးမှာ အဖိုးထိုက်သည့်အပြင် သုံးထားသော ကိုင်းဆက်ကူးနည်းမှာလည်း မျက်စိကျဖွယ်ကောင်းသည်။ ထို့ကြောင့် သူသည် ဖန်ရှုကျုံးကို ခေါင်းညိတ်ပြလိုက်၏။
ဖန်ရှုကျုံး၏မျက်နှာမှာ ဝင်းပသွားပြီး သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ပြားအား ချက်ချင်း ထုတ်၍ မန်ဟိုက တရိုတသေ ပေးလိုက်သည်။ မန်ဟိုက ၎င်းကို လက်ခံပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်၏။
ချက်ချင်းဆိုသလို ခရမ်းရောင်ပန်းပွင့်တစ်ပွင့် သူ့စိတ်ထဲတွင် ပေါ်လာပြီး ၎င်းအပေါ်၌ ကဆုန်ပေါက်ပြေးနေသော လက်ဝါးအရွယ် မြင်သေးသေးလေးတစ်ကောင် ရှိသည်။
ပုံရိပ်ပျောက်ကွယ်မသွားခင် ယင်းက သူ မြင်လိုက်သမျှအကုန် ဖြစ်၏။
မန်ဟို၏အမူအရာမှာ ပို၍လေးနက်လာပြီး သူက ကျောက်စိမ်းပြားကို ထပ်ကြည့်လိုက်သည်။ တခဏကြာသော် သူက မေးခွန်းထုတ်သည်။ "ဒါကို ဘယ်မှာ တွေ့ခဲ့တာလဲ"
"အရှေ့အောင်ပွဲဂြိုဟ်ပေါ်က ပင်လယ်ဒေသတစ်ခုရဲ့ ကျွန်းတစ်ကျွန်းအပေါ်မှာ။ ဒီအတိုင်း ဟိုဟိုသည်သည် လျှောက်သွားနေတုန်း တွေ့လိုက်လို့ လိုက်ဖမ်းခဲ့ပေမယ့် မရခဲ့ဘူး။ အဲဒီအကြောင်း ဒေသခံတံငါသည်တချို့ကို မေးကြည့်တော့ အကုန်လုံး တစ်ခါတလေ မြင်ရတတ်တယ် ပြောတယ်
"ဒါပေမဲ့ ပြန်သွားပြီး ခဏခဏ ရှာကြည့်တော့ တစ်ကြိမ်မှ မတွေ့ခဲ့ဘူး" ဖန်ရှုကျုံးသည် သူ၏ကျောက်စိမ်းပြားကို မရေမတွက်နိုင်သောဆေးဝါးပညာရှင်များအား ပြခဲ့သော်လည်း မည်သူမှ ၎င်းကို ဖော်ပြနိုင်ခြင်းမရှိခဲ့ပေ။ ၎င်းက ရှားပါးသောဆေးပင်တစ်ပင်ဖြစ်သည်ဆိုသော ခန့်မှန်းချက်များကိုသာ ရရှိခဲ့၏။
"အဲဒီမြင်းက တကယ်တမ်း အပင်ရဲ့အမြစ်ထင်တယ်" ဖန်ရှုကျုံးက ပြောသည်။
"မှားတယ်" မန်ဟိုက ခေါင်းခါရင်း ပြန်ဖြေသည်။ "အဲဒါ ဆေးပင်မဟုတ်ဘူး .... ဆေးလုံး။ အသိစိတ်ရှိနေတဲ့ ဆေးလုံးတစ်လုံး"
"ဘယ်လို" ဖန်ရှုကျုံးမှာ အံ့လည်းအံ့ဩ၊ ယုံလည်း မယုံနိုင်ဖြစ်သွားသည်။ သူ သွားမေးခဲ့သည့် ဆေးဝါးပညာရှင်တစ်ယောက်မှ ဆေးလုံးဟူ၍ မပြောခဲ့ဖူးပေ။ မည်သို့ပင်ကြည့်ကြည့်၊ ယုတ္တိရှိသည့် တစ်ခုတည်းသောအဖြေမှာ ၎င်းကား ဆေးပင်တစ်မျိုးဖြစ်သည်ဆိုခြင်းပင်။
"အဲ့ဒါက ဖြစ်နိုင်လို့လား" ဖန်ရှုကျုံးက သူ့ကိုယ်သူ ပြောလိုက်သည်။ "ဆေးလုံးက ဆေးလုံးလေ။ လူတွေ ဖော်စပ်ထားတာ။ ဘယ်လိုလုပ်ပြီး အသက်ရှိနိုင်မှာလဲ"
"အဲဒီလိုအရာမျိုးတွေ တကယ် တည်ရှိတယ်" မန်ဟိုက ပြောသည်။ "ကျုပ် မြင်ခဲ့ပြီးပြီ" သူသည် ထပ်မံရှင်းပြခြင်းမပြုတော့ဘဲ ကျောက်စိမ်းပြားကို ဖန်ရှုကျုံးဆီ ပြန်ပေးကာ လက်ယှက်၍ လူအုပ်ကြီးကို အရိုအသေပေးလိုက်သည်။ နောက်ဆုံးတော့ သူကား ချာခနဲ လှည့်၍ ထွက်သွားလေပြီ။
မန်ဟိုထွက်သွားပြီးနောက် ဖန်ရှုကျုံးမှာ မယုံနိုင်ဖြစ်နေဆဲပင်။ ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်အကုန်လုံး စိတ်လှုပ်ရှားစွာဖြင့် အလျှိုလျှိုထွက်သွားကြသည်။
မကြာမီ ဖန်ရှုကျုံးသည် သူ၏နေအိမ်သို့ ပြန်ရောက်လာပြီး ဖန်ယွင်ရီ၏ကျောက်စိမ်းပြားကို ထုတ်ပြီးနောက် နတ်ဘုရားစိတ်ဆန္ဒစီးကြောင်းတစ်ကြောင်းအား ၎င်းအထဲသို့ ဒေါသတကြီး ပို့လွှတ်လိုက်သည်။
ထိုစဉ် ဖန်ယွင်ရီသည် ဆေးဝါးတာအိုဌာနမှ သတင်းကို စောင့်ရင်း ဘိုးဘေးစံအိမ်ထဲရှိ သူ၏နေအိမ်ထဲတွင် တရားထိုင်နေ၏။
"ဆေးဝါးပညာရှင်ဖန်ရှုကျုံးက အဆင့် (၂) ဆေးဝါးပညာရှင်တစ်ဦး။ သူ့ရဲ့ ဆေးဝါးတာအိုအသိက မယုံနိုင်စရာကောင်းတယ်။ သူ ပေါ်လာတာနဲ့ မန်ဟို သေချာပေါက် သူ့နေရာသူ ပြန်ရောက်သွားလိမ့်မယ်။ သူ့ကို အဲဒီမှာ သုံးရက်ဒူးထောက်ခိုင်းတာက ငါ့ကို စိတ်နည်းနည်းပေါ့သွားစေနိုင်မှာ" သူက အေးစက်စက် ရယ်ရင်း ဆေးဝါးတာအိုဌာနသို့ သွားရောက်၍ မန်ဟို ထိုနေရာတွင် ဒူးထောက်နေသည်ကို ကိုယ်တိုင်မြင်တွေ့ရန် မျှော်လင့်ချက်များ ပြင်းထန်လာသည်။
"မင်းအဖေက တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာဆိုတော့ မင်း အဲဒီမှာ မောက်မာထောင်လွှားနေနိုင်တာပေါ့။ ဒါပေမဲ့ ဒီမှာတော့ မင်းက အပြင်လူတစ်ယောက်သာသာပဲ။ ဒီမှာ ဘယ်လိုဟန်လုပ်နေမလဲ ကြည့်ကြတာပေါ့" သူ့မျက်နှာအပေါ်တွင် အပြုံးကြီးတစ်စ ဖြစ်ထွန်းလာသည်။ ဤအခိုက်အတန့်တွင် သူ၏မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ပြားအား ထုတ်၍ အကျယ်ကြီး အော်ရယ်လိုက်သည်။
"ဆေးဝါးပညာရှင်ဖန် စာပို့ပြီ" သူသည် မျှော်လင့်ချက်အပြည့်ဖြင့် နတ်ဘုရားအာရုံအား ကျောက်စိမ်းပြားထဲသို့ ပို့လွှတ်လိုက်၏။ တခဏကြာသော် ကျောက်စိမ်းပြားသည် တောက်ပလာပြီး ဖန်ရှုကျုံး၏ တင်းမာခက်ထန်နေသော ပုံရိပ်ယောင်မျက်နှာ ပေါ်လာသည်။
ဖန်ယွင်ရီမှာ ဖန်ရှုကျုံး၏အမူအရာကို မြင်သည်နှင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ ဘာမှပင်မပြောနိုင်ခင် ဖန်ရှုကျုံးက ပြောလေပြီ။
"ဖန်ယွင်ရီ၊ ငါတို့ကြားမှ ဘာရန်ငြိုးရှိလို့လဲ။ မင်း ငါ့ကို တမင်အကောက်ကြံတာ ခွေးမသား။ ဖန်ဟိုကို အရှက်ခွဲစေချင်တယ်ပေါ့လေ။ သူ့ရဲ့ အပင်နဲ့အသီးအရွက်အသိက လူမဟုတ်ဘူးကွ။ ဖန်ယွင်ရီ၊ မင်း ငါ့ကို ပြဿနာရှာတာ ငါ မမေ့ဘူး"
ဖန်ယွင်ရီ မျက်နှာပျက်သွားလေသည်။
"ဆေးဝါးပညာရှင်ဖန်၊ ဒါက ...."
"ငါ့ကို ဆေးဝါးပညာရှင်ဖန်လို့ မခေါ်နဲ့။ ဒီနေ့ကစပြီး မင်း ဆေးလုံးတွေ လိုချင်ရင် ငါ့ကို လာမရှာနဲ့တော့။ ဒါ့အပြင် ငါ့ဆေးဝါးပညာရှင်မိတ်ဆွေတစ်ယောက်မှလည်း မင်းအတွက် ဖော်စပ်ပေးတော့မှာ မဟုတ်ဘူး
"ဖန်ယွင်ရီ၊ မင်း လွန်သွားပြီ" ဖန်ရှုကျုံးက ဖန်ယွင်ရီကို တခဏ ကြည့်ပြီးနောက် အေးစက်စက် နှာတစ်ချက်မှုတ်ပြီး နတ်ဘုရားအာရုံဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ဖန်ယွင်ရီ၏မျက်နှာမှာ ခံစားချက်အမျိုးမျိုးဖြင့် တရိပ်ရိပ် ပြောင်းလဲသွားပြီး ရုတ်တရက် သူသည် ထရပ်၍ စောစောက သူ နှင်လွှတ်ခဲ့သော ဆေးဝါးပညာရှင်နှင့် ဆက်သွယ်ရန် ကျောက်စိမ်းပြားနောက်တစ်ပြားအား ထုတ်လိုက်သည်။ ဆေးဝါးတာအိုဌာန၌ မန်ဟိုနှင့် ဖန်ရှုကျုံးအကြား ဖြစ်ပျက်ခဲ့သည်ကို သိလျှင် သူ၏မျက်နှာမည်းမှောင်သွားလေသည်။ သူက ကျောက်စိမ်းပြားအား ရိုက်ချိုးပစ်ပြီး မျက်နှာတွင် ဒေါသတို့ ပြည့်နှက်သွားသည်။
"မန်ဟို" သူက ဟိန်းဟောက်ကြုံးဝါးလိုက်ပြီး မန်ဟို့ကို ပို၍ မုန်းတီးလာတော့သည်။
ဆေးဝါးတာအိုဌာနတွင် လူတိုင်းသည် ထွက်ခွာသွားသည်ကို ကြည့်ပြီး လူစုခွဲသွားကြ၏။ မန်ဟို့နာမည်ကား ရှိခဲ့သမျှ ဆေးဝါးအတတ်သင်အားလုံးမှတစ်ဆင့် ဟိုးလေးတကျော်ကျော် ပျံ့နှံ့သွားတော့သည်။ မန်ဟိုနှင့် ဖန်ရှုကျုံးအကြား၏ လောင်းပွဲအကြောင်းမှာ အထူးသဖြင့် ရေပန်းစားလာ၏။
အပြင်တောင်များမှ ဆေးဝါးအတတ်သင်များ အပင်နှင့်အသီးအရွက်အရာ၌ မန်ဟို ဖန်ရှုကျုံးအား အနိုင်ယူခဲ့သည်ကို သိသောအခါ ၎င်းက မန်ဟို့ကို ပို၍လျှို့ဝှက်ဆန်းကြယ်သွားစေပြီး ပို၍ပင်ပြောစမှတ်တွင်သွားစေသည်။
သူသည် မီတာ (၃၀၀၀၀) သွေးဆက်ဂိတ်အလင်းတန်းကို ပိုင်ဆိုင်ထားပြီး ခုနစ်မြောက်ပြစ်ဒဏ်ကို ကြုံတွေ့ရကာ တိုက်ရိုက်သွေးဆက်၏ အကြီးဆုံးသားဖြစ်သည့်အပြင် ဖန်မျိုးနွယ်စု၏ ရွေးချယ်ခံတစ်ဦးဆိုလည်း မမှားပေ။
ဤသတင်းစကားအကုန်လုံး ပျံ့နှံ့လာပြီး မန်ဟို၏နာမည်သည် ဆေးဝါးအတတ်သင်များအကြား ထင်ရှားကျော်ကြားလာ၏။ အဆင့်နိမ့်ဆေးဝါးပညာရှင်တချို့ပင် သတိပြုမိလာကြလေသည်။
ဘိုးဘေးစံအိမ်၊ ဝတ်ပြုကျောင်းတစ်ကျောင်း၌ ဖန်ဝေ၏အဖေနှင့် အဘိုးသည် တင်းမာခက်ထန်သော မျက်နှာထားများဖြင့် ထိုနေ့က ဆေးဝါးတာအိုဌာန၌ ဖြစ်ပျက်ခဲ့သော အကြောင်းနှင့်ပတ်သက်၍ ဆေးဝါးပညာရှင်တစ်ဦး ရှင်းပြနေသည်ကို နားထောင်ရင်း ထိုင်နေကြသည်။
အတန်ကြာသော် အဆင့် (၁) ဆေးဝါးပညာရှင် ထွက်ခွာသွားသည်။ ဖန်ဝေ၏အဖေ၊ ဖန်ရှုံ့ရှန်းမှာ က္ကန္ဒြေမဆည်နိုင်လောက်အောင် သုန်မှုန်နေ၏။
"အဖေ၊ အဲ့ဒီခွေးသား ဒီလိုဆက်လုပ်နေရင် အနှောင့်အယှက်တွေ ဝင်လာတော့မယ်..."
"ကိစ္စမရှိဘူး" အဘိုးကြီးက တည်ကြည်လေးနက်စွာ ပြောသည်။ "အဲဒီကောင် ကြာကြာနေရမှာမဟုတ်ဘူး။ ဒါ့အပြင် သူ ဆေးဝါးတာအိုဌာနမှာ ထင်ရှားကျော်ကြားလာရင်တောင်မှ ဖန်မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေက ရှင်းတယ်။ ကျင့်ကြံတဲ့ဘယ်သူမဆို စွမ်းဆောင်ရည်ရမှတ် စုဆောင်းရမယ်
"သူက အခုမှ ရောက်လာတာဆိုတော့ လစဉ်ခွဲတမ်းဖြစ်တဲ့ စွမ်းဆောင်ရည်ရမှတ်ကို ရလိမ့်မယ်။ ဆေးဖော်တာပဲဖြစ်ဖြစ်၊ ကျင့်ကြံတာပဲဖြစ်ဖြစ် သူ့အနေနဲ့ ဘာဂယက်မှ ထစေနိုင်မှာမဟုတ်ဘူး
"ပြီးတော့ စွမ်းဆောင်ရည်ရမှတ်များများ ရချင်ရင် မျိုးနွယ်စုက ချထားတဲ့ တာဝန်တွေကို ထမ်းဆောင်ရလိမ့်မယ်... အဲဒီအခါ သူ သေခြင်းတရားကို ဘယ်လောက်ပဲ ရှောင်နိုင်ခဲ့ရှောင်နိုင်ခဲ့၊ မတော်တဆမှုတွေ အမြဲဖြစ်နိုင်တဲ့ အပြင်ကို ထွက်ရမှာပဲ"
***