← Chapters

ဆေးအိမ်တော်

Vol. 65 Ch. 908

ဆေးအိမ်တော်

Vol. 65 Ch. 908

ချက်ချင်းပင် စကားသံများ လူအုပ်ကြီးထဲတွင် ဆူညံပွက်လောရိုက်သွား၏။

" သူက တကယ်ကြီး ပို့ချခ တောင်းနေတာပဲ "

" လီးထဲမှပဲ ဘယ်လောက် အရှက်မရှိလိုက်သလဲ။ ဘယ်လောက် သိသာလိုက်သလဲ "

"တခြားတောင်ထွတ်ကို သွားရအောင်။ အဲ့ဒီက ဆေးဝါးပညာရှင်တစ်ယောက်မှ စွမ်းဆောင်ရညရမှတ်တွေ မတောင်းဘူး” ချက်ချင်းဆိုသလို ဆေးဝါးအတတ်သင်ထောင်ပေါင်းများစွာသည် အင်္ကျီလက်စများ ခါပြီး ထွက်သွားကြ၏။ မန်ဟိုက သူတို့ထွက်သွားသည်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

" ဒီဖန်မျိုးနွယ်၀င်တွေက တော်တော်ကပ်စေးနည်းတာပဲ " သူက တွေးသည်။ " စောစောက လူအများကြီးရှိခဲ့ပေမယ့် စွမ်းဆောင်ရည်ရမှတ်တွေလည်းတောင်းရော တော်တော်များများထပြီး ပြန်သွားကြတယ် "

အဆုံးသတ်တွင် လူတစ်ထောင်ခန့်သာ ကျန်ခဲ့တော့၏။ သူတို့အတွက် စွမ်းဆောင်ရည်ရမှတ်တစ်မှတ်ဆိုသည်မှာ သိပ်မများလှပေ။ မန်ဟိုက ပို့ချနေသည်ကို ထည့်တွက်လျှင် တန်သည်ဟု  ခံစားရ၏။

ဤတစ်ခေါက်တွင် မန်ဟိုသည် ခြောက်နာရီကြာ ပို့ချပြီးနောက် စွမ်းဆောင်ရည်ရမှတ် ထောင်ဂဏန်းမျှကို စုဆောင်းပြီး ဆေးဝါးတာအိုဌာနမှ ထွက်ခွာကာ သူ၏ကျင့်ကြံခြင်းဂူသို့ ပြန်သွား၏။ နာရီအနည်းငယ်ကြာသော် ဖန်ရွှီသည် စိတ်လှုပ်ရှားနေပြီး တစ်ချိန်တည်းမှာပင် သိချင်နေသော ပုံစံဖြင့် ရောက်ချလာ၏။ ကြက်တူရွေးက သူ၏ ပခုံးတစ်ဖက်တွင် နားနေပြီး အသားဂျယ်လီက တစ်ဖက်တွင်ရှိသည်။ ဖန်ရွှီမှာ သူ့ကိုယ်သူ အင်မတန်မှ ဂုဏ်ယူနေသယောင်။

" အစ်ကိုကြီး ကျွန်တော်တို့ ဒီတစ်ခေါက် အမြတ်ထွက်တယ်မလား "

မန်ဟိုက ရယ်ပြီး သူ၏ မျက်လုံးများသည် လင်းလက်တောက်ပလာ၏။ ဖန်မျိုးနွယ်စုတွင် စွမ်းဆောင်ရည်ရမှတ်များသည် ဝိညာဉ်ကျောက်တုံးများ သို့မဟုတ် အင်မော်တယ်ကျောက်စိမ်းများနှင့်ပင် တူ၏။ မည်သည့်အရာကို လိုအပ်သည်ဖြစ်စေ စွမ်းဆောင်ရည်ရမှတ်များနှင့် လဲလှယ်ရလေသည်။

မန်ဟိုက အင်္ကျီလက်စကို ခါကာ ကျောက်စိမ်းပြားတစ်ပြားအား ထုတ်လိုက်သည်။ ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက်တွင် သူသည် စွမ်းဆောင်ရည်ရမှတ်တစ်ရာအား ဖန်ရွှီထံသို့ လွှဲပြောင်းပေးလိုက်၏။

"မင်းငှားထားတဲ့ ဆေးဝါးအတတ်သင်တွေကို စိတ်ညစ်အောင် မလုပ်နဲ့။ ငါ့နာမည်ကို လိုက်ပြောပေးရင် စွမ်းဆောင်ရည်ရမှတ်များများ ရမယ်လို့ပြောလိုက် "

ဖန်ရွှီမှာ အတော်လေး စိတ်လှုပ်ရှားနေသည်။ သူသည် စွမ်းဆောင်ရည်ရမှတ်ရှာဖွေရန် ယခုလို နည်လမ်းမျိုးကို သုံးနိုင်မည်ဟု တစ်ခါ မှမတွေးခဲ့ဖူးပေ။ ပုံမှန်ဆိုလျှင် သူ့အနေဖြင့် တစ်လတွင် အလွန်ဆုံးရှာနိုင် စွမ်းဆောင်ရည်ရမှတ် ငါးရာမျှသာဖြစ်သည်။ ယခုတွင် ထောင်ဂဏန်းမျှရှာရန်ကား ခြောက်နာရီသာ ကြာလိုက်၏။ သူ့အတွက် ထိုအခြင်းအရာက မန်ဟို့အား ပို၍ပင် လေးစားသွားမိစေသည်။

ဤအခိုက်အတန့်တွင် ဖန်ရွှီကပြောသည်။ " အစ်ကိုကြီး ကျွန်တော် သူတို့ကို ဆယ်မှတ် …. "

" ဟေ့ကောင် ကပ်စေးမနည်းစမ်းနဲ့ " မန်ဟိုက အလွန်တည်ကြည်လေးနက်နေသော လေသံဖြင့် ပြန်ဖြေသည်။  "ဒီမှာ ဒီနည်းလမ်းကို မမှန်ကန်တဲ့ နည်းလမ်းလို့ မတွေးနဲ့။ ဒါပေမယ့် မင်းက ကပ်စေးနည်းလွန်းတယ်ကွ။ အကြီးကြီးတွေးဖို့လိုတယ်။ ဒါလေးက ငွေနည်းနည်းလေးပဲလေ မဟုတ်ဘူးလား။ ငါတို့လို ကျင့်ကြံသူတွေက ရုပ်၀တ္ထုပစ္စည်းတွေအကြောင်းတွေးနေရင် ဘယ်လိုလုပ်ပြီး ကျင့်ကြံခြင်းအခြေခံကို တိုးတက်အောင် လုပ်နိုင်တော့မှာတုန်း "

ဖန်ရွှီမှာ တခဏ ပါးစပ်အဟောင်းသားဖြစ်သွားသော်လည်း မချုပ်တည်းနိုင်တော့ဘဲ ဂရုတစိုက် မေးလိုက်သည်။ " အစ်ကိုကြီး ကျွန်တော်ပြောတာကလေ… အစ်ကိုကြီးပေးတာ မလောက်ဘူးလို့ ပြောတာ။ တစ်ယောက်ကို ဆယ်မှတ်ပေးမယ် ပြောထားတာ။ ပြီးတော့ ကျွန်တော်ငှားထားတာ ၁၇၃ ယောက်ဗျ "

မန်ဟို့မျက်နှာမှာချက်ချင်း ရိပ်ခနဲ ဖြစ်သွားပြီး ဘာမှ မပြောတော့ပေ။

သူ၏ တိတ်ဆိတ်သွားမှုက ဖန်ရွှီ့အား ချက်ချင်းစိတ်လှုပ်ရှားသွားစေပြီး သူက ချက်ချင်းဆက်ပြောတော့သည်။ " အစ်ကိုကြီး ကျွန်တော်သိပြီ။ ကျွန်တော်မှားသွားတယ်။ နောက်တစ်ခေါက်ကျ သူတို့ကို ငှားရင် တစ်ယောက်ကို ငါးဆယ်ပေးမယ်လို့ ပြောလိုက်မယ်…"

မန်ဟို့ပါးနှစ်ဖက်ကား ရုတ်တရက် တွ့န်သွားလေသည်။ သူက အသက်ပြင်းပြင်း ရှုသွင်းရင်း ဖန်ရွှီ့ကို ကြည့်ကာ ရိုးသားစွာ ပြော၏။ " ဖန်ရွီ နားထောင်။ မင်း ဘ၀ကို ခက်ခက်ခဲခဲ မနေခဲ့ရဘူးမလား။ အဲ့ဒါကြောင့်မလို့ ဘ၀ကြီးက ဘယ်လောက် ခက်ခဲတယ်ဆိုတာ မင်းမသိတာ နေမယ်။ ငါတို့လို ကျင့်ကြံသူတွေက ဘာကို အများဆုံး သုံးရလဲသိလား။ အရင်းအနှီးကွ အရင်းအနှီး။ ဝိညာဉ်ကျောက်တုံးတွေ။ အင်မော်တယ် ကျောက်စိမ်းတွေကွ။

“မင်း အခြားလူတကာထက် အစွမ်းထက်ချင်ရင် ဝိညာဉ်ကျောက်တုံးတွေအများကြီးလိုတယ်။ အရင်းအမြစ်တွေ အများကြီးလိုတယ်။ အဲ့တာမှ အင်အားကြီးဖို့အတွက် လမ်းကြောင်းပဲ”

“ကဲ အခု ဒါကို မမှန်ကန်တဲ့ နည်းလမ်းလို့ မတွေးနဲ့ပေါ့ကွာ။ ကြိုးကြိုးစားစားနဲ့ ရိုးရှင်းတဲ့ ဘ၀ကို နေထိုင်ဖို့ မင်းသင်ယူရမယ်။ လုံ့လ၊ဝီရိယ ရှိစမ်းပါ။ ကပ်စေးနည်းလေးရာ။ စွမ်းဆောင်ရည်ရမှတ်တစ်မှတ်တည်း ယူပြီး ဆယ်မှတ်ဘယ်လို ပွားရမလဲဆိုတာစဉ်းစား။ အဲ့ဒါကမှ အထွတ်အထိပ်ကို ရောက်ပြီး ထိပ်ဆုံးမှာ မြဲနေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကွ " မန်ဟိုက ဖန်ရွှီပခုံးကို ပုတ်လိုက်သည်။ သူသည် ရင်ထဲ၌ ခံစားနေရသော နာကျင်မှုကို ဖိနှိပ်ရင်း သူ၏ အမိန့်ပြားအား ထုတ်ကာ စွမ်းဆောင်ရည်ရမှတ်တစ်ထောင်အား ထပ်လွှဲပေးလိုက်သည်။

" ငါ ပြောတာ မှတ်ထား။ စွမ်းဆောင်ရည်ရမှတ်တစ်မှတ်ကို ဆယ်မှတ်ပွား။ မင်းငွေကို ဒီတိုင်း ဖြုန်းလို့မရဘူး "

ဖန်ရွှီက မန်ဟို့ကို တအံ့တဩကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေ၏။ ယခု သူပြောလိုက်သော စကားလုံးများမှာ စောစောက ပြောလိုက်သော စကားလုံးများနှင့် တခြားစီပင်။ သို့သော်လည်း နှစ်ခုလုံးက အကျိုးအကြောင်းသင့်တော်၏။

အဆုံးသတ်တွင် မန်ဟိုမှာ ထပ်မပြောဘဲ မနေနိုင်လိုက်ပေ။ " နောက်တစ်ခေါက် လူတွေ ငှားရင် တစ်ယောက်ကို စွမ်းဆောင်ရည်ရမှတ်တစ်မှတ်ပဲပေး… ကြားလား အဲဒါနဲ့ဆို လုံလောက်တယ် "

သူက သက်ပြင်းချရင်း နေအိမ်ထဲ ၀င်သွားသည်။

သူ့မှာ မူလကရှိခဲ့သော စွမ်းဆောင်ရည်ရမှတ် သုံးထောင်ကျော်မှ အတန်ငယ် လျော့သွားသဖြင့် စိတ်မသက်မသာ ဖြစ်နေတော့သည်။ ၎င်းကား သူ့အတွက်တော့ ထိုးနှက်ချက်ကြီးပင်။

သို့သော်လည်း ထိုမျှတွင် မန်ဟိုသည် နိဗ္ဗာနသစ်သီးများ အပေါ်တွင် သုံးဖို့အတွက် ဝိညာဉ်အဆီများကို ထပ်ပွားရပြီး ရလဒ်အနေဖြင့် နောက်တစ်ရက်တွင် သူ၏ သိုလှောင်အိတ်မှာ ထပ်မံ၍ ပိန်ရှုံ့သွားပြန်တော့သည်။ ဤအခိုက်အတန့်တွင် မန်ဟိုမှာ ရူးတော့မည့်အလား ခံစားနေရ၏။

သူသည် ဝိညာဉ်ကျောက်တုံးများကို ချစ်သည်။ ချမ်းသာကြွယ်၀မှုကို မြတ်နိုးသည်။ သူ မနှစ်ခြိုက်ဆုံးမှာတော့ ဝိညာဉ်ကျောက်တုံးများကို သုံးရသည်ကိုပင်။

သူ့အတွက် သူ၏ သွေးများကို ထုတ်သုံးရသကဲ့သို့ ခံစားရလေသည်။

မိုးသောက်ချိန်တွင် မန်ဟိုထွက်လာသည်။ ဖန်ရွှီသည် သူ့ကို မြင်သောအခါ တအံ့တဩ လှမ်းကြည့်၏။

" အစ်ကိုကြီး ဘာဖြစ်လို့လဲ " သူက စိုးရိမ်တကြီးမေးသည်။

မန်ဟို၏ မျက်လုံးများမှာ လုံး၀ နီရဲတွတ်နေပြီး သူ့ပုံစံမှာ အတော်လေး အရုပ်ဆိုးနေ၏။ သူက အသက်ပြင်းပြင်း ရှုသွင်းပြီး ခေါင်းရှင်းလိုက်သည်။ သူ၏ မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပလာလေသည်။

" ငါ ချမ်းသာမှ ဖြစ်မယ်။ ငါ ဝိညာဉ်ကျောက်တုံးတွေ ရအောင်ယူမယ်။ ငါ စွမ်းဆောင်ရည်ရမှတ်တွေ ရအောင်ယူမယ် "

မန်ဟိုသည် ဆေးဝါးတာအိုဌာနသို့ ရောက်လာပြီး တောင်ထွတ် (၇၁၉၁) ထံသို့ ပြန်လာသည်။ ထပ်မံ၍ သူက အပင်နှင့်အသီးအရွက်အကြောင်း ပို့ချ၏။ သို့သော်လည်း ဤတစ်ခေါက်တွင် အရင်တစ်ခေါက်ထက် လူနည်းသွားလေသည်။ ကိုးရာကျော်သာ ရှိတော့သည်။

သို့သော်လည်း သူ တတ်နိုင်သည့် အရာမရှိပေ။ စွမ်းဆောင်ရည်ရမှတ် များနိုင်သမျှများများ ရဖို့အတွက် သူသည် ပြန်မသွားဘဲ တစ်နေ့လုံး ပင်ပန်းနွမ်းနယ်စွာဖြင့် ပို့ချခဲ့၏။

ထို့နောက် ရောက်လာသူများ နည်းနည်းသွားခဲ့သည်။ တစ်လကြာသော် လူလေးရာခန့်သာ ရှိတော့သည်။ မန်ဟိုက သက်ပြင်းချလိုက်မိလေသည်။ ထိုကျန်ခဲ့သောလူများမှာ မန်ဟို့ကို အလေးစားဆုံး ဆေးဝါးအတတ်သင်အဖွဲ့ဖြစ်၏။

သူတို့အနက် မန်ဟို့ကို လေးစားကြည်ညိုနေသော ဆေးဝါးပညာရှင် ဖန်ချွင်လည်း ပါဝင်သည်။

မန်ဟိုသည် သင်ခန်းစာပို့ချပြီးနောက် ထွက်မသွားပေ။ ထိုအစား သူက ဖန်ချွင်၏ ကျင့်ကြံခြင်းဂူသို့ သွားရောက်ပြီး မေးခွန်းတချို့ မေးမြန်းလိုက်၏။

" ဖန်ချွင်၊ ဖန်မျိုးနွယ်စုရဲ့ ဆေး၀ါးတာအိုအဖွဲ့မှာ ဆေးဝါးအတတ်သင်အနေနဲ့ ဆေးဝါးပညာရှင်ဖြစ်အောင် ဘယ်လိုလုပ်ရမှာလဲ "

ဖန်ချွင်မှာ မန်ဟို့ကို လွန်စွာ ရိုရိုကျိုးကျိုး အမြဲဆက်ဆံလေ၏။ ဤမေးခွန်းနှင့် ပက်သက်၍ အံဩသွားသည့်တိုင် ကပျာကယာဖြေသည်။

" ဆေးဝါးပညာရှင်ဖြစ်ဖို့ဆိုရင် အဆင့် (၁) ဆေးလုံးတစ်ထောင် ဖော်စပ်ရမယ့်အပြင် ဆေးအိမ်တော်ရဲ့ ပထမအဆင့်ကိုလည်း အောင်ဖို့ လိုတယ်

“ပထမဆုံးလုပ်ရမှာက ဆေးအိမ်တော်စာမေးပွဲ အောင်ဖို့ပဲ။ အဲ့ဒါက မင်းရဲ့ အပင်နဲ့အသီးအရွက်အသိ အဆင့် (၁) ဆေးဝါးပညာရှင်အဆင့် ရောက်နေပြီလို့ ဆိုလိုတယ်

“ကံဆိုးတာက အရမ်းခက်တယ်။ အပင်နဲ့ အသီးအရွက်အကြောင်း မလေ့လာရသေးတဲ့ ဆေးဝါးတာအိုဌာနက ဘယ်သူမဆို ပထမအဆင့်အောင်ဖို့ အနည်းဆုံး ဆယ်နှစ်လောက် အချိန်ယူရတယ်။ ငါ့ကိုပဲ ကြည့် … ဥပမာပေါ့။ ငါက အဆင့် (၂) ဆေးလုံးတွေကို ဖော်စပ်နိုင်ပေမယ့် အောင်မြင်မှုက သိပ်မြင့်မားဘူး။ ဒါပေမယ့် အကောင်းဆုံးကြိုးစားပြီး ဆေးအိမ်တော်ရဲ့ စာမေးပွဲကို အောင်ခဲ့တယ်။ အခု အပင်နဲ့အသီးအရွက်အသိ များများစားစား မရှိတာကြောင့်မလို့ ဒုတိယအဆင့်ကို မအောင်နိုင်ဘဲ အဆုံးသတ်မှာ အဆင့် (၁) ဆေးဝါးပညာရှင်ဖြစ်နေတာပေါ့ " ဖန်ချွင်က ခါးခါးသီးသီး ရယ်လိုက်သည်။

" ဆေးအိမ်တော် ဟုတ်လား " မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် မေးသည်။ " အထဲကို ဘယ်လို၀င်ရမှာလဲ "

" ဆေးဝါးပညာရှင်ပဲဖြစ်ဖြစ်။ ဆေးဝါးအတတ်သင်ပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ဘယ်သူမဆို အချိန်မရွေး ဆေးအိမ်တော်ထဲကို ၀င်နိုင်တယ်။ ဆေးအိမ်တော်က အတိတ်တုန်းက ဆေးဝါးတာအိုဌာနရဲ့ ခေါင်းဆောင်ကြီးတစ်ဦး တည်ထောင်ခဲ့တဲ့ အရာလေ။ အဲ့ဒီဟာက မင်းသွေးထဲက အရာအားလုံးကို စစ်ဆေးနိုင်ပြီး အဆင့် ၉ ဆင့် ရှိတယ်။ ဆေးဝါးပညာရှင်တွေရဲ့ အဆင့် ၉ဆင့် အတွက်ပေါ့

“ယုံကြည်ချက် လုံလုံလောက်လောက်ရှိရင် စွမ်းဆောင်ရည်ရမှတ်တစ်ရာပေးပြီးတော့ အတွင်းတောင်ကို သွား။ ဆေးအိမ်တော်ကို ၀င်ရောက်နိုင်တယ်

“အဲ့ဒါ အရမ်းခက်တယ်နော် " ဖန်ချွင်က အသံနှိမ့်၍ ပြောသည်။ " တောင်ထွတ် (၇၁၉၁) က ဆေးဝါးအတတ်သင်တွေ အားလုံးထဲမှာမှ ခုနစ်ယောက် ရှစ်ယောက်ပဲ ဖြေနိုင်ခဲ့တယ်။ ပြီးတော့လည်း ဆယ်နှစ်ကျော်လေ့လာပြီးလို့ ဝင်မဖြေခင် အများကြီး အချိန်ယူရဦးမှာ။ အတင်းအကြပ်ကြီး ဖြေဖို့ ကြိုးစားရင်တော့ မင်းရဲ့ စိတ်လောကမှာ အဆုံးမရှိတဲ့ အပင်နဲ့အသီးအရွက်အမျိုးအစားတွေနဲ့ ပြည့်နှက်သွားပြီးတော့ ပေါက်ကွဲသွားလိမ့်မယ်။ ကျင့်ကြံခြင်းအခြေခံက ကြောက်စရာအဆင့် မဟုတ်ရင်ပေါ့"

မန်ဟိုသည် အပင်နှင့် အသီးအရွက်နှင့် ပက်သက်လျှင်  အဆုံးမဲ့သော မျိုးကွဲများရှိပြီး စိတ်ဝိညာဉ်အာရုံဖြင့် မှတ်သားဖို့ ကြိုးစားရန် ခက်ခဲကြောင်းသိလေသည်။  ဖန်ချွင်၏ မေးခွန်းကို ကြားပြီးနောက် မန်ဟိုက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ထို့နောက် အစီအစဉ်တစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာ၏။

"တခြားနည်းလမ်းရော မရှိဘူးလား " မန်ဟိုက မေးသည်။

" တခြားနည်းလမ်း ဟုတ်လား " ဖန်ချွင်က တခဏတွေးပြီး မျက်လုံးများ တောက်ပလာ၏။ သို့သော်လည်း သူတို့က ချက်ချင်းပင် ပြန်မှေးမှိန်သွား၏။ "ရှိတော့ရှိတယ်။ ဒါပေမယ့် အရမ်းခက်တယ်။ တကယ်ဆိုရင် အောင်မြင်ဖို့တောင် မလွယ်ဘူး

“ဆေးဝါးတာအိုဌာနမှာ အထူးဆေးလုံးသုံးလုံးရှိတယ်။ ဘယ်ဆေးဝါးပညာရှင်၊ ဘယ်ဆေးဝါးအတတ်သင်မှ အဲဒါတွေကို မဖော်စပ်နိုင်ဘူး။ အဲ့ဒီဆေးလုံးတွေကို ဖော်စပ်နိုင်ရင် အဆင့် (၈) ဆေးဝါးပညာရှင်အဖြစ် တိုက်ရိုက်ရာထူးတိုးလိမ့်မယ်။ အဲ့ဒီ ပုဂ္ဂိုလ်က တစ်မျိုးနွယ်စုလုံးမှာ သေချာပေါက် နာမည်ကြီးလာမှာ

“အဲ့ဒီဆေးလုံးသုံးလုံးက ယခင်ခေါင်းဆောင်ကြီးတွေ ဖော်စပ်ခဲ့တဲ့ နာမည်ကြီးဆေးလုံးတွေပဲ။ ကံဆိုးစွာနဲ့ သူတို့က သေဆုံးသွားကြတုန်းက ဆေးဖော်နည်းတွေ ချန်ခဲ့ပေမယ့် ဘယ်သူမှ အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့ဖူးဘူး

“အရှေ့အောင်ပွဲဂြိုလ်ပေါ်မှာ ဆေးနတ်ဂိုဏ်းတောင်မှ အဲ့ဒီထဲက ဆေးလုံးနှစ်လုံးကိုပဲ ဖော်စပ်နိုင်ခဲ့တယ်။ ဟုတ်တာပေါ့။ ဆေးနတ်ဂိုဏ်းရဲ့ အုတ်မြစ်က ဖန်မျိုးနွယ်စုမှာ ရှိလို့ ဂိုဏ်းခွဲ ဒါမှမဟုတ် ဆေးဝါးတာအိုဌာနခွဲအဖြစ် သတ်မှတ်လို့ရပေမယ့် စဉ်းစားကြည့်ရင် အပြင်ဂိုဏ်းပဲလေ။ သူတို့ ဆေးဖော်စပ်နိုင်တာက ငါတို့အတွက် ဂုဏ်ယူစရာတော့ သိပ်ဟုတ်မနေဘူး

“အဲ့ဒါကြောင့်ပဲ အဲ့ဆေးဖော်နည်းတွေကို ဆေးအိမ်တော်မှာ ထားတာ။ မျိုးနွယ်စုက သူတို့ကို ဖော်စပ်နိုင်ရင် မယုံနိုင်တဲ့ ဆုလာဘ်တွေကို ကမ်းလှမ်းထားတယ်။ အရိုးရှင်းဆုံး ဆေးလုံးကို ဖော်စပ်နိုင်ရင်တောင် အင်မော်တယ်ကျောက်စိမ်းတွေ၊ ဝိညာဉ်ကျောက်တုံးတန်ပေါင်းများစွာအပြင် စွမ်းဆောင်ရည်ရမှတ်သိန်းငါးဆယ်ပေးမှာ။ ဒါတောင် နတ်ဆေးပင်တွေ မှော်ပစ္စည်းတွေ သိုင်းကျမ်းတွေတောင် မပါသေးဘူး

“ကံဆိုးစွာနဲ့ နှစ်ပေါင်းထောင်ပေါင်းများစွာ ကြာခဲ့တာတောင်မှ ဘယ်သူမှ မအောင်မြင်ခဲ့ဖူးဘူး။ ငါတို့ရဲ့ တစ်ယောက်တည်းသော အဆင့် (၉) ဆေးဝါးပညာရှင် ဖန်တယွမ်တောင်မှ သူ မဖော်စပ်နိုင်ဘူးလို့ ၀န်ခံထားရတယ်လေ "

ဖန်ချွင်က ခေါင်းခါလိုက်သည်။

မန်ဟို၏ မျက်လုံးများ တောက်ပလာပြီးနောက် တဖြတ်ဖြတ် လက်လာလေသည်။

" နောက်တစ်ခု ရှိသေးတယ်။ ဆေးပါ၀င်ပစ္စည်းတွေရဲ့ ကုန်ကျစရိတ်က အရမ်းမြင့်တယ်။ ဒါကြောင့်မလို့ အဲ့ဆေးလုံးတွေထဲက အရိုးရှင်းဆုံးဆေးလုံးကို ဖော်စပ်ဖို့အတွက်တောင် ဘယ်သူမဆို အာမခံအနေနဲ့ စွမ်းဆောင်ရည်ရမှတ် ဆယ်သိန်းပေးဖို့ လိုတယ်။ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ စွမ်းဆောင်ရည်ရမှတ်တွေ ပြန်မရဘူး"

မန်ဟိုသည် ဤအခြင်းအရာကို ကြားလျှင် တစ်ယောက်ယောက် သူ့လည်ပင်းအား ဆွဲ၍ ပြင်းပြင်းထန်ထန် ညှစ်လိုက်သကဲ့သို့ ခံစားရလေသည်။ တခဏကြာမှ သူ့မှာ အသက်ပြန်ရှုနိုင်လိုက်၏။

" စွမ်းဆောင်ရည်ရမှတ် …. စွမ်းဆောင်ရည်ရမှတ်တွေ လုပ်ပြန်ပြီ " သူက ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ အချိန်အနည်းငယ်ကြာ အကွက်ချစီစဉ်ပြီးနောက်တွင် သူ၏မျက်လုံးများသည် စတင်တောက်ပလာ၏။

" ငါ့ကို ဆေးအိမ်တော်ကို ခေါ်သွားပေး " သူက ရုတ်တရက် ပြောသည်။

" ဆေးအိမ်တော်ကို တကယ်ပဲစိန်ခေါ်တော့မလို့လား” ဖန်ချွင်က ထိတ်လန့်တုန်လှုပ်သွားသော ပုံစံဖြင့် မေး၏။ ထို့နောက် သူသည်လည်း ရုတ်တရက် စိတ်လှုပ်ရှားလာသယောင်ပင်။ သူသည် မန်ဟို့ အပင်နှင့်အသီးအရွက်အသိ၏ အကန့်အသတ်အကြောင်းကို မသိရသေးပေ။

" ဆေးအိမ်တော်ကို စိန်ခေါ်မယ်တဲ့လား " မန်ဟိုက အံ့အားသင့်စွာဖြင့် ပြန်ဖြေသည်။ "ဘယ်သူ လုပ်မယ်ပြောလဲ။ မဟုတ်ဘူး ငါ သွားစိန်ခေါ်မှာ မဟုတ်ဘူး။ ပထမအဆင့်ကို သွားကြည့်ရုံပဲကြည့်မှာ " ထို့နောက် မန်ဟိုက ကျင့်ကြံခြင်းဂူထဲမှ ထွက်သွားသည်။

"ဟင်… ငါလည်း မပေးပေးနိုင်ဘူးနော်….” ဖန်ချွင်က မန်ဟို့နောက်မှ ကပျာကယာ လိုက်လာသည်။

မကြာမီ မန်ဟို၏ အရှေ့တွင် တောင်ထွတ်နှစ်ခု ပေါ်လာပြီး ၎င်းတို့၏ အကြား၌ ဧရာမ ဆေးအိမ်တော်ကြီးတစ်လုံးသည် အရောင်အဝါတို့ဖြင့် တောက်ပနေလျက် လေထဲတွင် ပျံဝဲနေ၏။ တိမ်စိုင်များ၊ မြူစိုင်များက ၎င်းကို ရစ်သိုင်းနေပြီး ၎င်းကား နတ်ဗိမာန်တစ်ခုအလားပင်။

အဘိုးကြီးနှစ်ယောက်က အိမ်တော်၏အလယ်၊ ဧရာမကျောက်တိုင်ကြီး၏ ဘေးတွင် တင်ပျဉ်ခွေထိုင်နေကြသည်။

" အဲ့တာ ဆေးအိမ်တော်ပဲ " ဖန်ချွင်က လေးစားနေသော မျက်လုံးများဖြင့် ခပ်တိုးတိုးပြောသည်။ " ပုံပြင်တွေအရ ဒီအိမ်တော်က တကယ်တော့ ပထမမျိုးဆက်ခေါင်းဆောင်ကြီး ယူလာတဲ့ အဖိုးထိုက်ရတနာတစ်ပါးတဲ့လေ။ မူလက အခြားလူတစ်ယောက် ပိုင်ဆိုင်ထားတာမလို့ သူ့ကို ကလန်ကဆန် လုပ်ပြီး ပျံထွက်သွားဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် ခေါင်းဆောင်ကြီး တရားထိုင်ရင်း သေဆုံးသွားတာနဲ့ ဒီအိမ်တော်က အဲ့ဒီမှာ အဲဒီလို မြောရင်း ဘယ်မှ မသွားနိုင်တော့ဘူး"

မန်ဟို၏ မျက်လုံးများ တလက်လက် တောက်သွားပြီး ဆေးအိမ်တော်ထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေသည်။ သူအနားရောက်သည်နှင့်တစ်ပြိုင်နက် မယုံနိုင်စရာကောင်းသော ဆေးရနံ့က သူ၏ မျက်နှာကို တိုးဝှေ့သွား၏။ မျက်စိတစ်မှိတ်အတွင်း သူသည် ရောနှောနေသော ဆေးရနံ့ပေါင်း သန်းပေါင်းများစွာကို ခံစားလိုက်ရလေသည်။

" အပင်နဲ့ အသီးရွက် အမျိုးအစားတွေ အများကြီးပဲ " မန်ဟိုက ပင့်သက်ရှိုက်ကာ ပြောလိုက်သည်။ သူသည် အပြင်မှာသာ ရှိနေသေးသည့်တိုင် အထဲ၌ မည်မျှကြောက်စရာကောင်းကြောင်း ပြောနိုင်နေပြီဖြစ်သည်။

သူအနားရောက်လာသည့်အခါ ‌ဆေးအိမ်တော်အစောင့်ဖြစ်သော အဘိုးကြီးနှစ်ယောက်က မျက်လုံးများဖွင့်လိုက်ကြသည်။ သူတို့ကား ကြောက်မက်ဖွယ် ကျင့်ကြံခြင်းအခြေခံများနှင့် နတ်ဘုရားများအလား မယုံနိုင်လောက်အောင် ရှေးကျလေ၏။ သူပြောနိုင်သည်အရ သူတို့သည် မဟာအကြီးအကဲထက်ပင် အစွမ်းထက်လောက်သည်။

သူက လက်နှစ်ဖက်ယှက်ပြီး အရိုအသေပေးလိုက်သည်။

အဘိုးကြီးနှစ်ယောက်သည် မန်ဟို့ကို လှမ်းကြည့်ရင်း သူ့ကို ထိုးဖောက်မြင်နေရသည့် အလားပင်။ နောက်ဆုံးတွင် သူတို့က အကြည့်များကို ရုတ်သိမ်းပြီး မျက်လုံးများ မှိတ်လိုက်သည်။ မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ဘေးတွင်ရှိသော ဧရာမကျောက်တိုင်ကြီးကို ကြည့်လိုက်သည်။

ကျောက်တိုင်ကို အဆင့်ကိုးဆင့် ပိုင်းခြားထားပြီး တစ်ဆင့်စီတွင် နာမည်များကို ရေးသားထား၏။ ပထမအဆင့်တွင် နာမည်အများဆုံးဖြစ်ပြီး သောင်းသိန်းချီလေသည်။ ပထမအဆင့်ပြီး နောက်တစ်ဆင့်ရောက်လေလေ နာမည်များနည်းလာလေ ဖြစ်ပြီး တစ်ချို့နာမည်များက မီးခိုးရောင်ဖြစ်နေ၏။ ကိုးဆင့်မြောက်တွင် နာမည်ဆယ်ခုရှိပြီး ကိုးခု‌က မီးခိုးရောင်ဖြစ်ကာ တစ်ခုက လွန်စွာ တောက်ပနေလေသည်။

ဖန်တယွမ်။

***

All Chapters