မသမာနည်းသုံးခြင်း
Vol. 65 Ch. 909
ဖန်မျိုးနွယ်စု၏ ဆေးဝါတာအိုအဖွဲ့တွင် အဆင့် (၉) ဆေးဝါးပညာရှင်တစ်ယောက်တည်းရှိသည်။ ထိုလူကား ဆေးလုံးအကြီးအကဲဟု ခေါ်တွင်သော .... ဖန်တယွမ်ပင်။
မန်ဟိုသည် ကျောက်တိုင်၏ ကိုးဆင့်မြောက်ကို ကြည့်ပြီး သူ၏ဆရာ ဆေးလုံးမိစ္ဆာကို ရုတ်တရက် တွေးလိုက်မိ၏။
"ငါရဲ့ လက်ရှိအမြင်အရဆိုရင် ဆေးလုံးမိစ္ဆာရဲ့ ဆေးဝါးတာအိုအသိက တောင်ကောင်းကင်ဂြိုဟ်က ဘယ်သူမဆိုထက် သာလွန်တယ်။ ဆေးပင်အမယ်တချို့ မရှိတာကြောင့်သာမဟုတ်ရင် သူ့အနေနဲ့ သေချာပေါက် နဝမတောင်ပင်လယ်မှာ နာမည်ကြီးမယ့် ဆေးလုံးတချို့ ဖော်စပ်နိုင်မှာ
"အခု သူက စိတ်တိုင်းကျသုံးနိုင်တဲ့ အရင်းအမြစ်တွေ ရှိတဲ့ ခွန်လွန်အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီဆိုတော့ ဆေးဝါးတာအိုအပေါ်မှာ ရာနှုန်းပြည့်အာရုံစိုက်နိုင်ပြီ" မန်ဟိုသည် သူ့ဆရာကို တွေးသောအခါ တစ်ယောက်သောအမျိုးသမီးအကြောင်းကိုလည်း မတွေးမိဘဲ မနေပေ။ ၎င်းက ဆေးလုံးမိစ္ဆာနှင့်အတူ ခွန်လွန်အစည်းအရုံးသို့ ထွက်သွားခဲ့သော ချူယွီယန်ဖြစ်သည်။
"ကြီးမားကျယ်ပြောတဲ့ ကမ္ဘာလောကြီးထဲမှာ ဆုံတွေ့ရဖို့ စောင့်စားနေတာက .... လှပတဲ့နောင်တတစ်မျိုးပေပဲ" မန်ဟိုက ခေါင်းခါလိုက်သည်။ သူ့အတွက် ခံစားချက်များမှာ အရာရာမဟုတ်ပေ။ ဤဘဝတွင် ရှုချင်တစ်ယောက်တည်းနှင့် လုံလောက်လေပြီ။
ပို၍အရေးကြီးသည်က သူ့တစ်ယောက်တည်း အကောင်အထည်ဖော်ရမည့် ရည်မှန်းချက်ကြီးတစ်ခုရှိသေး၏။
"နဝမတောင်နဲ့ပင်လယ်မှာ အချမ်းသာဆုံးဖြစ်လာစေရမယ်" သူသည် ခိုင်မာပြတ်သားမှုတို့ မျက်လုံးများတွင် ပြည့်နှက်နေလျက် ဆေးအိမ်တော်သို့ လျှောက်သွားရင်း တွေးလိုက်၏။
သူ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် နူးညံ့သောအလင်းရောင်က သူ့ကို လွှမ်းခြုံသွားပြီး သူ၏သက်သေခံကျောက်စိမ်းပြား ပျံထွက်လာသည်။ စွမ်းဆောင်ရည်ရမှတ်တစ်ရာ အတွင်းမှ နုတ်ခံလိုက်ရသဖြင့် အလင်းရောင်များ တဖျပ်ဖျပ် လင်းလက်သွားလေသည်။
မန်ဟိုမှာ ရင်ထဲ တဆစ်ဆစ် နာကျင်နေသည်။ ထိုစွမ်းဆောင်ရည်ရမှတ်တစ်ရာက ဆေးဝါးအတတ်သင်တစ်ရာအတွက် နှစ်နာရီ သင်ခန်းစာပို့ချပေးခြင်းနှင့် ညီမျှလေသည်။
"အနာမခံ၊ အသာမစံ" သူက တွေးသည်။ "ငါ လုပ်မယ်" သူက အံတင်းတင်းကြိတ်ရင်း ဆေးအိမ်တော်ထဲသို့ ဆက်သွားသည်။ ရုတ်တရက် သူသည် မြင်ရန် ခက်ခဲစေသော မြူများဖြင့် ဝန်းရံခံလိုက်ရကြောင်း တွေ့လိုက်ရ၏။
တခဏကြာသော် ဆေးပင်အမျိုးအစားတစ်ထောင် ပါရှိသည့် အလင်းရောင်တစ်ရောင် သူ၏အရှေ့တွင် ပေါ်လာသည်။ ၎င်းတို့အား မြူများ လွှမ်းခြုံထားသဖြင့် ရှင်းလင်းပြတ်သားစွာ မမြင်ရပေ။ တစ်ဆက်တည်းမှာပင် ရှေးဆန်သောအရှိန်အဝါတစ်ခုက ပထမအထပ်တစ်လျှောက် ပဲ့တင်ထပ်လာသည်။
"အသက်အရှိုက်တစ်ရာ။ အနည်းဆုံး ဆေးပင်အပင်ကိုးရာကို ခွဲခြားပြီး နတ်ဘုရားအာရုံနဲ့ ခတ်နှိပ်ပါ။ စုစုပေါင်း အပင်ဆယ်စုံပေးမယ်။ ကိုးစုံပြီးရင် ပထမအထပ်ကို ကျော်ဖြတ်နိုင်ပြီ"
အသံကြီးစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဆေးပင်တစ်ထောင်ကို လွှမ်းခြုံထားသော မြူများ ပျောက်ကွယ်သွားပြီး ရှင်းလင်းပြတ်သားစွာ မြင်လာရသည်။ မန်ဟို့အကြည့်က ၎င်းတို့အပေါ် ရောက်ရှိသွားပြီး အကုန်လုံး ချက်ချင်း သိသွားလေ၏။ သို့သော် သူသည် ၎င်းတို့ကို နတ်ဘုရားအာရုံဖြင့် ခတ်နှိပ်ခြင်းမပြုဘဲ ဆေးပင်အပင် (၁၀၀၀)လုံးကို မှတ်ဉာဏ်ထဲ မှတ်သားလိုက်၏။
အသက်အရှိုက်တစ်ရာက လျင်မြန်စွာ ကုန်ဆုံးသွားပြီး အလင်းရောင်မှာ တဖျပ်ဖျပ် လှုပ်လာသည်။ ဆေးပင်တစ်ထောင် ပျောက်ကွယ်သွားပြီး နောက်ထပ်အပင်တစ်ထောင်က အစားထိုးဝင်ရောက်လာသည်။
မန်ဟိုက ၎င်းတို့ကို အလျင်အမြန် လှမ်းကြည့်ပြီး လျှပ်စီးတဝင်းဝင်းလက်သွားသည့်အလား မျက်လုံးများတောက်ပလာသည်။ ဆေးပင်ကို မှတ်ဉာဏ်ထဲ မှတ်သားပြီးနောက် သူသည် အသက်အရှိုက်တစ်ရာ ကုန်ဆုံးသွားမည်ကို စောင့်လိုက်ပြီး တတိယအစုံဆေးပင် (၁၀၀၀) ပေါ်လာ၏။
ဤသို့ဖြင့် သူကား ဆေးပင်အစုံဆယ်စုံလုံးကို မှတ်သားရန် အခွင့်အရေးဆယ်ခုလုံးအ အသုံးချပြီးသွားလေပြီ။ ဆေးပင် (၁၀၀၀၀) အား ပြသပြီးနောက် နူးညံ့သောအားတစ်ရပ်က သူ့ကို ပွေ့သယ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း သူသည် ဆေးအိမ်တော်ဟ ပထမအထပ်မှ ပျံထွက်ကာ အပြင်တွင် ပေါ်လာသည်။
ဖန်ချွင်သည် မျှော်လင့်ချက်အပြည့်ဖြင့် အပြင်တွင် စောင့်နေ၏။ သူ့မှာ မန်ဟို ပေါ်လာသည်ကို မြင်လျှင် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ တစ်ယောက်ယောက် ပထမအထပ်ကို ကျော်ဖြတ်သွားတိုင်း တောက်ပသောအလင်းရောင်များ ပေါ်လာတတ်သည်။ သို့ထိတိုင် ပထမအထပ်မှာ မန်ဟို ဝင်ရောက်ခဲ့စဉ်တုန်းကအတိုင်းပင်။
ဖန်ချွင်မှာ အံ့ဩနေပြီး ရှေ့တက်သွားတော့မည့်အချိန် မန်ဟိုက ရုတ်တရက် ဝင်ပေါက်ထဲသို့ တန်းတန်းမတ်မတ် ပြန်လျှောက်သွားကာ စွမ်းဆောင်ရည်ရမှတ်တစ်ရာပေးပြီး ဆေးအိမ်တော်ထဲ ဝင်သွားပြန်၏။
အထဲတွင် သူသည် သူ့ကို ပြခဲ့သော ဆေးပင် (၁၀၀၀၀) ကိုထပ်မံ၍ မှတ်သားပြီး အထုတ်ခံလိုက်ရပြန်၏။ သူက အံတင်းတင်းကြိတ်ရင်း ထပ်ဝင်သွားပြန်သည်။
နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် .... အချိန်တိုလေးအတွင်း မန်ဟိုကား ဆယ်ကြိမ် ဝင်သွားပြီးလေပြီ။ သူ၏စွမ်းဆောင်ရည်ရမှတ်များမှာ လျင်မြန်စွာ ပျောက်ကွယ်သွားနေသော်လည်း သူက ထိုသို့သာ ဆက်လုပ်နေသည်။ ဖန်ချွင်မှာ ဆွံ့အနေပြီး မန်ဟို့ ဆေးအိမ်တော်၏ ပထမအထပ်အား မကျော်ဖြတ်နိုင်သည်ကို မယုံနိုင်ဖြစ်နေသည်။ သို့သော် ဤနေရာ၊ သူ၏မျက်စိရှေ့မှောက်တွင် ၎င်းက ဖြစ်ပျက်နေလေသည်။
"သူ ဘာလုပ်နေတာလဲ" ဖန်ချွင်က တွေးသည်။ သူ၏တွက်ချက်မှုအရ ဆေးအိမ်တော်၏ ပထမအထပ်အား ကျော်ဖြတ်ရန်မှာ မန်ဟို့အတွက် လွယ်ကူရိုးရှင်းသောကိစ္စတစ်ခုဖြစ်သင့်၏။ မန်ဟိုက မည်သည့်အတွက်ကြောင့် တစ်ထပ်တည်းကို ထပ်တလဲလဲ ဝင်ရောက်နေသလဲ သူ့မှာ မသိတော့ပေ။
အချိန်များ ကုန်လွန်သွားသည်။ မန်ဟိုက စိတ်မမှန်တော့သည့်အလား ပထမအထပ်ကို ဆယ်ကြိမ်၊ အကြိမ်နှစ်ဆယ်၊ အကြိမ်သုံးဆယ်ဝင်ရောက်နေလေသည်။ နောက်ဆုံးတွင် ... သူကား ပထမအထပ်သို့ အကြိမ်တစ်ရာဝင်ရောက်ပြီးသွား၏။
ယင်းက စွမ်းဆောင်ရည်ရမှတ် (၁၀၀၀၀) ကုန်ကျပြီး သူ့မှာ ယခင်လက စွမ်းဆောင်ရည်ရမှတ် (၂၀၀၀၀)ပင် မရှာနိုင်ခဲ့သည်ကို ထည့်တွက်လျှင် ခြောက်ဆယ်ရာခိုင်နှုန်းကျော် သုံးစွဲပြီးသွားပြီဟု ဆိုလိုသည်။
"အကြိမ်တစ်ရာ" သူက အပြင်တွင် ပေါ်လာပြီးနောက် ပြောသည်။ သူသည် ဆေးအိမ်တော် လှမ်းကြည့်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
စာမေးပွဲကို အကြိမ်တစ်ရာကျော် ဖြေဆိုပြီးနောက် သူကား ဆေးပင်ဆယ်သိန်းကို မြင်တွေ့ခဲ့ပြီးလေပြီ။ သို့သော် အတော်များများမှာ တကယ်တမ်း ထပ်နေခဲ့၏။ အတန်ကြာတွေးပြီးသော် သူသည် စွမ်းဆောင်ရည်ရမှတ် (၄၀၀၀) ကျော်ကို ကြည့်ပြီး အံတင်းတင်းကြိတ်၍ ဆေးအိမ်တော်ထဲသို့ ထပ်မံဝင်ရောက်လိုက်ပြန်သည်။
"အကြိမ် (၁၄၀)။ ဆေးပင် သိန်း (၁၄၀) ပေါ်လာလိမ့်မယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ ထပ်နေတာတွေကို ဖယ်လိုက်ရင် ဆယ်သိန်းပဲ ရှိဝာယ်
"ဒီဆေးပင်ဆယ်သိန်းလုံးထဲမှာမှ စမ်းသပ်မှုတစ်ခုစီက အပင် (၁၀၀၀) ပဲ ရွေးချယ်မှာ။ လုပ်စရာလိုတာက အပင် (၉၀၀) ကို ခွဲခြားပေးဖို့ပဲ။ အဲဒီလို ကိုးကြိမ်လုပ်ရမယ်... တစ်နည်းပြောရရင် ဘယ်စမ်းသပ်မှုမှာမဆို ဆေးပင် (၈၁၀၀) ကိုပဲ မှန်မှန်ကန်ကန် ခွဲခြမ်းပေးရမှာ
"အဲဒီလိုတွေးကြည့်ရင်တော့ တကယ့်တကယ် သိပ်မခက်ဘူး" မန်ဟိုက တွေးတွေးဆဆ စဉ်းစားနေသည်။ အထူးသဖြင့် စမ်းသပ်မှုထဲတွင် မကြာခဏ ပေါ်လာတတ်သော ဆေးပင် (၅၀၀၀) ရှိသည်။ ဤအပင်များ အခြားအပင်များနှင့် အလွယ်တကူ မျက်စိမှားနိုင်သောအပင်များ ဖြစ်လေ၏။
သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် လှည့်၍ နောက်မှ လိုက်လာသော ဖန်ချွင်နှင့်အတူ ထွက်သွားသည်။ ဖန်ချွင်မှာ မေးခွန်းတချို့မေးချင်သော်လည်း မန်ဟို၏တွေးတောနေသော ပုံစံကို မြင်လျှင် မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်၏။
ညနေစောင်းလာသော်လည်း မန်ဟိုကား သူ၏ကျင့်ကြံခြင်းဂူသို့ ပြန်မသွားပေ။ ထိုအစား ဖန်ချွင်၏ ဖိတ်ခေါ်မှုကို လက်ခံပြီး ဖန်ချွင်၏ကျင့်ကြံခြင်းဂူတွင် တစ်ညနေလိုက်သည်။ ထိုအချိန်အတောအတွင်း သူသည် ကျင့်ကြံအားထုတ်ခြင်းမပြုဘဲ ကျောက်စိမ်းပြားကို ထုတ်ပြီး အများဆုံးပေါ်လာတတ်သော ဆေးပင်များနှင့်ပတ်သက်၍ အချက်အလက်စုဆောင်းရန် ဆေးအိမ်တော်ရှိ သူ၏စာမေးပွဲပေါင်း (၁၄၀) မှ အချက်အလက်ကို သုံးသပ်၍ မှတ်တမ်းတင်လေသည်။
သူက တစ်နေ့လုံး၊ တစ်ညလုံး မတူညီသော ဆေးပင်များကို ခွဲခြမ်းစိတ်ဖြာ၍ အမျိုးအစားခွဲနေ၏။ သုံးရက်ကြာသော် သူ၏အမူအရာမှာ ပင်ပန်းနွမ်းနယ်လာသည့်တိုင် မျက်လုံးများ တလက်လက် တောက်ပလာသည်။
"ဘာမဟုတ်တဲ့ ဆေးအိမ်တော်" သူက တွေးသည်။ "ငါ့သင်ခန်းစာတွေကို လာနားထောင်တဲ့ ဆေးဝါးအတတ်သင်တွေအားလုံး ဆေးအိမ်တော်ရဲ့ ပထမအထပ်ကို ကျော်ဖြတ်နိုင်သွားအောင် ကူညီမယ်။ အဲ့ဒီအတိုင်းဆို ငါ့ပရိသတ်တိုးလာလိမ့်မယ်" သူက တဟားဟား ရယ်လိုက်ပြီး သူ၏မျက်လုံးများသည် မျှော်လင့်ချက်နှင့် ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ဖြင့် တောက်ပလာ၏။ ယခုလို အရာမျိုးမှာ တခြားဆေးဝါးပညာရှင်များ လုပ်နိုင်မည့်အရာမျိုးမဟုတ်ပေ။
မန်ဟို လုပ်နိုင်သည့် အကြောင်းရင်းမှာ သူ၏အပင်နှင့်အသီးအရွက်အသိမှာ ကြောက်မက်ဖွယ်အဆင့်အထိ ရောက်ရှိနေပြီဖြစ်၍ပင်။ ထို့ကြောင့် သူက ဆေးပင်ဆယ်သိမ်းလုံးကို မှတ်သားပြီး ခွဲခြားစိတ်ဖြာနိုင်၏။
မှန်သည်၊ တခြားအဆင့်မြင့်ဆေးဝါးပညာရှင်များအနေဖြင့် ထိုသို့လုပ်ကောင်းလုပ်နိုင်လိမ့်မည်။ သို့သော် ထိုနည်းလမ်းမျိုးကို သုံးဖို့၊ ထိုကဲ့သို့အားအင်နှင့် စွမ်းဆောင်ရည်ရမှတ်များစွာကို သုံးစွဲဖို့၊ ကလိမ်ကျရန် ရည်ရွယ်ချက်ဖြင့် အချက်အလက်အားလုံးကို ခွဲခြမ်းစိတ်ဖြာဖို့ တွေးမိမည်မဟုတ်ပေ။
အချက်အလက်၊ အကြောင်းအရာများကို ရက်အနည်းငယ်ကြာ ဆန်းစစ်ခွဲခြမ်းပြီးနောက် မန်ဟိုမှာ ယုံကြည်ချက်ရှိသွားသည်။ နောက်တစ်ခေါက် သူ ဆေးဝါးအတတ်သင်လေးရာကျော်အား ပို့ချရန် သွားရောက်သောအခါ ထိုဆေးပင်များနှင့်ပတ်သက်၍ ရှင်းပြပို့ချလေသည်။
သူက အလွယ်တကူ အမှတ်မှားနိုင်သောအပင်များအပြင် အတွေ့များသောအပင်များကို အထူးအရေးပေးပြောပြ၏။
ဤသည်မှာ အဖြေမှန်ကို အလွတ်မှတ်ခြင်းမျိုးဖြစ်သည်။ မန်ဟိုသည် ပင်ပန်းမှုကို လုံးဝမေ့လျော့သွားပြီး စာပို့ချရာတွင်သာ စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားတော့သည်။ တစ်လကြာသော် ဆေးဝါးအတတ်သင်အရေအတွက်မှာ တိုးမလာသလို၊ လျော့လည်းမသွားပေ။
ထိုလပြီးသော် မန်ဟိုသည် ဆေးအိမ်တော်စာမေးပွဲတွင် များသောအားဖြင့် ပေါ်လာတတ်သောအပင်အားလုံးကို မိတ်ဆက်ပေးပြီးသွား၏။ သင်ခန်းစာကို အဆုံးသတ်ပြီးသော် သူက လက်ကို ဝှေ့ယမ်း၍ နတ်ဘုရားစွမ်းရည်တစ်ခုသုံးကာ ဆေးပင် (၁၀၀၀) အား ပေါ်လာစေသည်။
"ကဲ မင်းတို့ကို နည်းနည်းပါးပါး စမ်းသပ်မယ်" သူက ပြောသည်။ "အချိန်နှစ်နာရီအတွင်း ဒီဆေးပင်တစ်ထောင်ထဲက များနိုင်သမျှများများကို ဖော်ထုတ်ပေး။ မသိတာတွေ ချမှတ်ထား။ အချိန်ပြည့်ရင် မင်းတို့ကို အဖြေမှန်ပေးမယ်"
ဤသည်မှာ ဆေးဝါးအတတ်သင်များအတွက် အတွေ့အကြုံအသစ်ဖြစ်သော်လည်း ဖန်ချွင်ကတော့ မျက်လုံးပြူးကြီးဖြင့် ကြည့်နေသည်။ မန်ဟို၏သင်ခန်းစာများကို တစ်လကြာနားထောင်ပြီးနောက် သူ့မှာ အတန်ငယ်စိုးရိမ်စပြုလာလေသည်။ သူကား ဆေးအိမ်တော်၏ ပထမအဆင့်ကို အောင်ထားသူဖြစ်ရာ မန်ဟို လုပ်နေသောအရာနှင့်ပတ်သက်၍ ရိပ်မိလာသည်။ အထူးသဖြင့် မန်ဟိုက ဆေးအိမ်တော်၏ ပထမအဆင့်နှင့် တူညီသောနည်းလမ်းအတိုင်း စမ်းသပ်နေ၍ပင်။ ဤအခိုက်အတန့်တွင် သူ့မှာ အသက်ရှုမြန်လာပြီး အံ့ဩမှင်သက်မှုအား သူ၏မျက်နှာအပေါ်တွင် မြင်ရနိုင်၏။
"မဟုတ်မှ .... သူက စာမေးပွဲအကြောင်းအရာတွေအကုန်လုံးကို မြင်ရဖို့လေးအတွက်နဲ့ ဆေးအိမ်တော်ရဲ့ ပထမအထပ်ကို အကြိမ်တစ်ရာကျော် ဝင်ခဲ့တာလား
"အဲ့ဒါ ... အဖြေကို သွားကြည့်နေသလိုပဲလေ။ အခုက သူက အဖြေနဲ့ပတ်သက်ပြီး သင်တန်းပေးနေတာဆိုတော့ ဒီဆေးဝါးအတတ်သင်တွေအနေနဲ့ အောင်နိုင်ခြေ ပိုများသွားပြီ။ ဒါ မသမာနည်းသုံးတာပဲ
"ပြီးတော့ သူက သူတို့ကို အကျွမ်းဝင်အောင် ဆေးအိမ်တော်ရဲ့ စာမေးပွဲစစ်နည်းအတိုင်း သုံးနေတယ်..." ဖန်ချွင်မှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။
နှစ်နာရီကြာသော် ပုံရိပ်များ ပျောက်ကွယ်သွားပြီး ဆေးဝါးအတတ်သင်များသည် အမည်မဖော်နိုင်သောအပင်များအကြောင်း မေးမြန်းကြ၏။ မန်ဟိုက အဓိကအချက်များကို အသားပေးဖြေကြားပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ကာ နောက်ထပ်ပုံရိပ်များအား ထွက်လာစေသည်။
ဤသို့ဖြင့် အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွား၏။ မန်ဟိုမှာ ကျင့်ကြံခြင်းဂူသို့ ပြန်မသွားဘဲ အချိန်အများစုကို ဆေးဝါးတာအိုဌာနတွင် ကုန်ဆုံးလေသည်။ နောက်ဆုံးတော့ သူသည် ဆေးဝါးအတတ်သင်အားများအား အချိန်နှစ်နာရီအစား တစ်နာရီသာ ပေးတော့၏။ ထို့နောက် အမွှေးတိုင်တစ်တိုင်ထွန်းစာ။ ထို့နောက် အမွှေးတိုင်ဝက်ထွန်းစာ။
နောက်လဝက်ကြာသော် မန်ဟိုက အချိန်အကန့်အသတ်အား အသက်အရှိုက်တစ်ရာအထိ လျှော့ခဲ့လေပြီ။
သူ၏ပရိသတ်များမှာ ၎င်းနှင့် ဖြေးဖြေးချင်း အသားကျလာပြီး အမည်ဖော်နိုင်သော ဆေးပင်ပမာဏများပြားသည့်အပြင် အမည်ဖော်နိုင်နှုန်းလည်း မြန်လာသည်နှင့်ပတ်သက်၍ စိတ်လှုပ်ရှားလာကြသည်။ မန်ဟိုက ဆေးအိမ်တော်စာမေးပွဲ၏ အကြောင်းအရာများကို အသားပေးသင်ပြထားသဖြင့် သူတို့အတွက် အမည်မဖော်နိုင်သည့်ဆေးပင်များ မရှိသလောက်နည်းလာသည်။
ထိုသုံးလအတွင်း ဆေးဝါးအတတ်သင်များမှာ သူတို့၏စွမ်းဆောင်ရည်ရမှတ်အများစုကို မန်ဟို့ကို ပေးခဲ့ကြရလေသည်။ အပြန်အလှန်အနေဖြင့် ထိုအဖွဲ့အကြားတွင် အသက်အရှိုက်တစ်ရာအတွင်း ဆေးပင်ကိုးရာကျော်ကို အမည်ဖော်နိုင်သူများ တစ်ရာကျော်ရှိလာသည်။
ထိုနေ့တွင် မန်ဟိုက ပို့ချခြင်းကို ရပ်နား၍ သူ၏ပရိသတ်လေးရာလုံးကို လေးလေးနက်နက် ကြည့်သည်။
"မင်းတို့ စွမ်းဆောင်ရည်ရမှတ်တွေက အလကားကုန်သွားတာမဟုတ်ဘူး" သူက ကြေညာသည်။ "အခု ငါတို့အားလုံး ပထမအဆင့်စာမေးပွဲကို ဖြေဖို့ ဆေးအိမ်တော်ဆီ သွားကြမယ်။ ငါ့ကို ယုံ။ အနည်းဆုံး မင်းတို့ထဲက နှစ်ဆယ်ရာခိုင်နှုန်း သေချာပေါက် အောင်လိမ့်မယ်" တုံ့ပြန်သည့်အနေဖြင့် ဆေးဝါးအတတ်သင်များက သူ့ကို ထိတ်လန့်တွန့်ဆုတ်စွာ ကြည့်ကြသည်။
"ဖန်ချွင် ရှေ့ကသွား" မန်ဟိုက လက်ကို ခါရမ်းလိုက်သည်။ ဖန်ချွင်မှာ အံတင်းတင်းကြိတ်၍ ခေါင်းညိတ်ကာ လျှောက်သွားလေသည်။ ယုံကြည်ချက်မရှိသောဆေးဝါးအတတ်သင်လေးရာမှာ သူ့နောက်မှ ဆေးအိမ်တော်ဆီသို့ ဦးတည်သွားကြသည်။
မန်ဟိုလည်း သူတို့နှင့်အတူ ပျံသန်းသွား၏။
လမ်းတစ်လျှောက်တွင် ဖြစ်ပျက်နေသောအရာကို တချို့တစ်ဝက်သတိထားမိလာကြပြီး ထိုအုပ်စုမှာ ဆေးအိမ်တော်တွင် စာမေးပွဲဖြေရန် သွားနေကြကြောင်း ကြားသောအခါ အကျယ်ကြီး အော်ရယ်ကုန်ကြ၏။
"သူတို့ လေ့လာတာ ဘယ်လောက်ကြာပြီမလို့လဲ။ ဆေးအိမ်တော်ရဲ့ ပထမအထပ်ကို အောင်နိုင်မယ်ထင်နေတာလား"
"အပင်နဲ့အသီးအရွက်အကြောင်းကို နှစ်နဲ့ချီ မလေ့လာဘဲနဲ့ ဆေးအိမ်တော်မှာ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။ ဒီလူတွေ စွမ်းဆောင်ရည်ရမှတ်တွေကို အလကားဖြုန်းပစ်ချင်နေတာလား ဘာလား"
"ရယ်ရတယ်။ အများစုက အပင်နဲ့အသီးအရွက်အကြောင်းကို သုံးနှစ်ပဲ လေ့လာရသေးတာမဟုတ်လား"
ဆေးဝါးအတတ်သင်များစွာ သတိထားမိလာကြသည်။ အားလုံးသည် ဤအရာအားလုံး၏ အကြောင်းရင်းကို သိချင်နေကြပြီး လှောင်ပြောင်သရော်ခြင်းပင် ပြုလာကြသည်။
***