ဆေးဝါးတာအိုဌာနအတွင်း၌ ပြောင်းလဲမှုများ
Vol. 65 Ch. 911
ဆေးဝါးအတတ်သင်လေးရာလုံး ဆေးအိမ်တော်တွင် တစ်ပြိုင်တည်း စိန်ခေါ်ပြီး တစ်ရာကျော် အောင်သွားသောအခါ အဆိုပါသတင်းက အတွင်းတောင်များတွင်သာ မဟုတ်ဘဲ အပြင်တောင်များတွင် ဆူညံပွက်လောရိုက်သွားစေသည်။
မည်သည့်ဆေးဝါးအတတ်သင်မဆိုအတွက် ဆေးအိမ်တော်၏ ပထမအဆင့်ကို အောင်ရန်မှာ ဘဝ၏ အဓိကခြေလှမ်းတစ်လှမ်းဖြစ်ပြီး မယုံနိုင်လောက်အောင် အရေးကြီး၏။ နှစ်တစ်ရာကျော် လေ့လာနေခဲ့သည့်တိုင် မအောင်သေးသော ဆေးဝါးအတတ်သင်များဆိုလျှင် အသည်းအသန်ဖြစ်ကုန်ကြသည်။
ထို့နောက် သိပ်ကြာကြာ မလေ့လာရသေးသော ဆေးဝါးအတတ်သင်များဖြစ်သည်။ သူတို့သည် အတူတူ လေ့လာနေခဲ့သော အခြားသူများ ပါရမီပါ၍မဟုတ်ဘဲ၊ ဖန်ဟိုနှင့်အတူ လေ့လာပြီး သူ၏သင်ခန်းစာများ နားထောင်ကာ ရုတ်တရက် အောင်သွားသည်ကို မြင်လျှင် .... မည်မျှဂယက်ရိုက်သွားမည်လဲ အလွယ်တကူ တွေးကြည့်နိုင်သည်။
ပို၍ပင်ဆိုးသည်မှာတော့ မန်ဟို့ပို့ချမှုကို နားထောင်ဖို့ စွမ်းဆောင်ရည်ရမှတ်များ မပေးခဲ့သော ဆေးဝါးအတတ်သင်များဖြစ်သည်။ သူတို့မှာ နောင်တကြီးစွာ ရကုန်ကြပြီး သုံးလသင်တန်းအတွက် စွမ်းဆောင်ရည်ရမှတ်ရာဂဏန်းမျှ သုံးစွဲခဲ့လျှင် ဆေးအိမ်တော်ပထမအဆင့်အား အောင်သွားနိုင်သည်ကို မတွေးမိဘဲ မနေကြပေ။ ထို့နောက် သူတို့အနေဖြင့် စွမ်းဆောင်ရည်ရမှတ်မည်မျှပေးပေး၊ ဝယ်၍မရနိုင်သော အဆင့်(၁) ဆေးဝါးပညာရှင်များ ဖြစ်သွားပေလိမ့်မည်။
မန်ဟိုက သုံးရက်တိုင် ပေါ်မလာပေ။ ထိုအတောအတွင်း အပြင်တောင်ဆေးဝါးအတတ်သင်များအကြား ဆက်လက်ပွက်လောရိုက်နေခဲ့၏။ တောင်ထွတ် (၇၁၉၁) ၏အပြင်တွင် မန်ဟို့ကို စောင့်နေကြသူ ထောင်သောင်းချီလေသည်။ တချို့ဆို နေရာရဖို့ မှော်တိုက်ပွဲများပင် ဆင်နွဲကြရ၏။
လေးရက်မြောက်နေ့တွင် မန်ဟိုသည် ဆေးဝါးတာအိုဌာန၌ ပေါ်လာ၏။ လူများ သူ့ကို မြင်လျှင်ချင်း တောမီးလို သတင်းပျံ့သွားလေသည်။
မန်ဟိုက ဤအရာအားလုံးနှင့်ပတ်သက်ပြီး အတော်လေးဘဝခွေ့နေသည်။ သူသည် သူ၏နည်းလမ်းများ မည်မျှထိရောက်သလဲ တွေးရင်း နောက်ဆုံး တောင်ထွတ် (၇၁၉၁) သို့ ရောက်လာခဲ့၏။ စောင့်နေသော လူအရေအတွက်ကို မြင်လျှင် သူ့မှာ ချက်ချင်း စိတ်လှုပ်ရှားသွားလေသည်။
"ဒီမှာ လူလေးငါးသောင်းလောက် ရှိကို ရှိလိမ့်မယ်" မန်ဟိုက အသက်ပြင်းပြင်းရှူရင်း တွေးလိုက်သည်။ "နှစ်နာရီသင်ခန်းစာအတွက် စွမ်းဆောင်ရည်ရမှတ်တစ်မှတ်နှုန်းနဲ့ဆို ငါ အမှတ်ငါးသောင်း ရလိမ့်မယ်။ လေးနာရီဆို တစ်သိန်း။ ရှစ်နာရီဆို နှစ်သိန်း"
နောက်ဆုံးတော့ သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ လမ်းတစ်လျှောက်လုံး ရုပ်ဝတ္ထုဓနကို အညစ်အကြေးဟုသာ မြင်သော တာအိုဆရာသခင်တစ်ဦးပမာ ပြုံးရင်း ဖြေးဖြေးချင်း လျှောက်လာ၏။
တောင်ပတ်ဝန်းကျင်၌ စုဝေးနေသော ဆေးဝါးအတတ်သင်အားလုံးမှာ သူ့ကို မြင်လျှင် လက်ယှက်၍ အရိုအသေပေးကြသည်။
"ဂါဝရပြုပါတယ် ပါမောက္ခဖန်"
ဆေးဝါးအတတ်သင်အားလုံး၏အသံများက မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။ မန်ဟိုက စင်မြင့်ပေါ်တက်၍ တလက်လက်ထနေသော မျက်လုံးများဖြင့် ပရိသတ်ထုကြီးကို ကြည့်ကာ ချောင်းဟန့်လိုက်သည်။
"ဒီနေ့ ငါ ရှစ်နာရီကြာ ပို့ချမယ်" သူက ပြောသည်။
ချက်ချင်းပင် ဖန်ရွှီက ကျောက်စိမ်းပြားတစ်ပြားအား လက်တွင် ကိုင်၍ ပျံထွက်လာပြီး အော်ပြောသည်။ "ပါမောက္ခဖန်က ကြင်နာတတ်ပြီး ရက်ရောပါပေတယ်။ သူ့အတွက် ဥစ္စာဓနတွေဆိုတာ အလကားပဲ။ အရင်လတွေတုန်းက သူ့ကို ပို့ချခလက်ခံပေးဖို့ မနည်းပြောခဲ့ရတယ်။ အခုလည်း မျိုးနွယ်စုရဲ့ ဆေးဝါးအတတ်သင်တွေ ဆေးအိမ်တော်စာမေးပွဲကျတာ မကြည့်ရက်လို့ အပင်နဲ့အသီးအရွက်အကြောင်း ပို့ချဖို့ ရောက်လာပြန်ပြီ။ ငါတို့ သူ့ကို စိတ်ပျက်စေလို့ မဖြစ်ဘူး
"လာ လာ။ အကုန်လုံး ဒီကျောက်စိမ်းပြားထဲကို စွမ်းဆောင်ရည်ရမှတ် နည်းနည်းပါးပါး ထည့်ကြ။ ပါမောက္ခဖန် မလိုချင်ရင်တောင်မှ ငါတို့အနေနဲ့ ယူဖို့ ဖိအားပေးရမယ်" ဖန်ရွှီ ဤစကားလုံးများကို အော်ပြောလိုက်သည်နှင့် တစ်ပြိုင်တည်းဆိုသလို ဆေးဝါးအတတ်သင်ရာဂဏန်းတစ်စုသည် ကျောက်စိမ်းပြားများကို ကိုင်လျက် လူအုပ်ထဲမှ ပျံထွက်လာကြ၏။ သူတို့က သူတို့ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များထံမှ စွမ်းဆောင်ရည်ရမှတ်များ လိုက်လက်ခံကြလေသည်။
ဤတစ်ခေါက်တွင် ရှိသည့်လူ လေးငါးသောင်းအနက် တစ်ယောက်မှ ထွက်မသွားပေ။ သူတို့အားလုံးက စွမ်းဆောင်ရည်ရမှတ်များပေးလိုက်ရာ ကျောက်စိမ်းပြားရာပေါင်းများစွာသည် မန်ဟို့အရှေ့သို့ ရောက်လာ၏။
မန်ဟို့မျက်နှာကြီး မည်းမှောင်သွားသည်။
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ" သူက အလွန်မနှစ်မြို့ဟန်ဖြင့် အင်္ကျီလက်စကို ခါရင်း မေးလိုက်သည်။
ထပ်မံ၍ ဖန်ရွှီက ဦးဆောင်ကာ အော်လေသည်။
"ဆေးဝါးပညာရှင်ဖန်။ ဒါက ခင်ဗျား ရသင့်ရထိုက်တာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါခင်ဗျာ" ဖန်ရွှီ စကားပြောပြီးလျှင် သူ၏အပေါင်းအပါများက စအော်သည်။
"လက်ခံပေးပါ ပါမောက္ခဖန်။ လက်မခံရင် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါလိမ့်မယ်"
မန်ဟိုသည် ချီတုံချတုံ ဖြစ်နေပြီးနောက် သက်ပြင်းရှည်ကြီးချကာ ကျောက်စိမ်းပြားကို သိမ်းလိုက်၏။
"သိပ်ကောင်းတယ်" သူက ခံစားချက်အပြည့်ဖြင့် ဆိုသည်။ "မင်းတို့ တောင်းဆိုမှတော့ ဆေးအိမ်တော်စာမေးပွဲကို အောင်အောင် အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်" စိတ်ထဲတွင်တော့ သူ့မှာ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေပြီး သူ ယခု မည်မျှချမ်းသာသွားသည်ကို အော်ဟစ်ကြေညာနေသည်။
ပို့ချချိန် ရှစ်နာရီသည် လျင်မြန်စွာ ပြီးဆုံးသွား၏။ မန်ဟိုက ဆေးအိမ်တော်မှ အဓိကဆေးပင်များနှင့်ပတ်သက်၍ ထပ်ပြောသည်။ တခဏကြာသော် သူက လက်ကို ဝှေ့ယမ်းလိုက်ကာ ဆေးအိမ်တော်စာမေးပွဲနည်းတူ ဆေးပင်တစ်ထောင်အား ပေါ်လာစေသည်။ ဤသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးသော ဆေးဝါးအတတ်သင်များမှာ ချက်ချင်း စိတ်အားတက်ကြွသွားကြသည်။
နောက်ရက်များတွင် မန်ဟိုသည် အပင်နှင့်အသီးအရွက်သင်ခန်းစာများပို့ချရာတွင် အာရုံစိုက်ထား၏။ သူက တစ်ရက်လျှင် ရှစ်နာရီပို့ချပြီး အချိန်ကြာလာသည်နှင့်အမျှ ပရိသတ်ထုသည် အယောက်တစ်သိန်းကျော်သည်အထိ များပြားလာသည်။
တစ်နေရာလုံးမှာ လူများပြုံတိုးနေပြီး အဆုံးကိုပင် မမြင်ရပေ။ ဤသည်က မန်ဟို့ကို စိတ်အားပိုမိုတက်ကြွသွားစေသည်။ သူက လူတိုင်းစေ့ကြားရအောင် သူ၏အသံကို အဝေးရောက်စေဖို့ နတ်ဘုရားစွမ်းရည်တချို့ကိုပင် အသုံးပြုလေသည်။
သူကား ယခုတွင် နေ့တိုင်း စွမ်းဆောင်ရည်ရမှတ်ထောင်သောင်းချီ ရနေလေပြီ။ မန်ဟို့အတွက် ထိုဝင်ငွေမှာ ကြီးမားသော တွန်းအားတစ်ရပ်ပင်။ နောက်ဆုံးတော့ သူ၏သင်ခန်းစာများသည် အပြင်တောင်အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာ၏။
မန်ဟိုသည် စွမ်းဆောင်ရည်ရမှတ်များစွာ ရလာသည်နှင့်အမျှ အဖိုးတန်ဆေးပင်များကို လဲလှယ်နိုင်လာသည်။ သို့နှင့် ဝိညာဉ်အဆီအတွက် လိုအပ်သော အမယ်များမှာ တဖြေးဖြေး စုံလာသည်။ မကြာမီ ဝိညာဉ်အဆီ၏အာနိသင်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားလေပြီ။
ကျန်စွမ်းဆောင်ရည်ရမှတ်များအတွက်မူ သူသည် ဆေးပင်တချို့လဲလှယ်ကာ ကျင့်ကြံခြင်းဂူသို့ ယူသွားပြီး ဆေးဖော်တတ်သည်။ ဤအခြင်းအရာက သူ၏ဆေးဝါးတာအိုကို နေ့နှင့်အမျှ တိုးတက်လာစေ၏။
သူက စွမ်းဆောင်ရည်ရမှတ်များကို ဝိညာဉ်အဆီအား ပွားဖို့ လိုအပ်သော ဝိညာဉ်ကျောက်တုံးများနှင့်လည်း လဲလှယ်တတ်သည်။ နိဗ္ဗာနသစ်သီးများထဲရှိ အသက်စွမ်းအားမှာ ဆက်လက်၍ အားကောင်းလာလေသည်။
မှန်ပါသည်။ ကျန်ဆေးဝါးပညာရှင်များမှာလည်း သူတို့၏သင်ခန်းစာများအား ဆေးဝါးအတတ်သင်များများ လာနားထောင်စေရန် နည်းလမ်းပေါင်းစုံ စသုံးလာကြသည်။ တချို့သည် သူတို့၏ထိပ်တန်းလျှို့ဝှက်နည်းများကိုပင် ပို့ချလာကြ၏။ တဖြေးဖြေး သူတို့လည်း ပရိသတ်များ ဆွဲဆောင်လာနိုင်၍ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်များ ရလာကြသည်။
မကြာမီ အဆင့် (၆) ဆေးဝါးပညာရှင်များနှင့် အဆင့် (၇) ဆေးဝါးပညာတချို့ပင် အတွင်းတောင်များမှ ထွက်လာသည်အထိ လှုပ်ရှားလာကြသည်။ ဆေးဝါးတာအိုဌာနအတွင်းရှိ အခြေအနေမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ပင်မမျိုးနွယ်စုအထိပင် ဂယက်ရိုက်လာသည်။ မဟာအကြီးအကဲမှာ တုန်လှုပ်သွား၍ ကိုယ်တိုင်ပင် လာရောက်လည်ပတ်လေသည်။
ထိုအခြင်းအရာက အတော်လေး အုတ်အော်သောင်းနင်း ဖြစ်သွားစေပြီး မကြာမီ သတင်းများ မျိုးနွယ်စုတစ်စုလုံးတွင် ပျံ့နှံ့လာသည်။
ဆေးဝါးအတတ်သင်များသည် စွမ်းဆောင်ရည်ရမှတ်များ လျော့နည်းစပြုလာရာ ပြန်လည်ဖြည့်တင်းဖို့အတွက် ဂိုဏ်းတာဝန်များ ထမ်းဆောင်ရန် ရွေးချယ်ကြလေသည်။ ဆေးဝါးတာအိုဌာနမှ ချမှတ်ထားသော တာဝန်များကို လုကြသူများပင် ရှိလာသည်။ ဤသို့ဖြင့် အရာအားလုံးကား စည်ကားသိုက်မြိုက်နေတော့သည်။
"ဆေးဝါးတာအိုဌာနတော့ ပြောင်းလဲကုန်ပြီ" အဆင့် (၈) ဆေးဝါးအတတ်သင်များပင် အလွန်စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် ဆေးဝါးတာအိုဌာန၏ ပြောင်းလဲနေသောအခြေအနေများကို ကြည့်ပြီး ဤအတိုင်း ဆက်သွားလျှင် ဆေးဝါးတာအိုဌာနအနေဖြင့် သေချာပေါက် တဟုန်ထိုး တိုးတက်သွားပြီး ဆေးဝါးပညာရှင်မျိုးဆက်အသစ် မကြာမီ ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း ပြောနိုင်ကြ၏။
ဤအရာအားလုံးက မန်ဟိုမှ အစပြုရာ လူတိုင်းလူတိုင်းမှာ သူ့အကြောင်း ထပ်မံ၍ ပြောလာကြလေသည်။
ဘိုးဘေးစံအိမ်ထဲတွင် မဟာအကြီးအကဲသည် မျက်နှာကြီးသုန်မှုန်လျက် တိတ်ဆိတ်စွာ ထိုင်နေ၏။ နိဗ္ဗာနသစ်သီးများအား မန်ဟို့ထံ ပေးခဲ့သည်မှာ လအနည်းငယ်ကြာပြီဖြစ်၍ သူ့အတွက် မည်သည့်ဝိညာဥ်အဆီကိုမဆို ဖော်ရန် အချိန်များစွာ ရှိလေသည်။ သို့ထိတိုင် မန်ဟိုကား ရုတ်တရက် မသေသေးပေ။ ဤအခိုက်အတန့်တွင် မဟာအကြီးအကဲမှာ ရိပ်မိစပြုလာလေပြီ။
"ငါ သူ့ကို လျှော့တွက်မိခဲ့တယ်" သူက သက်ပြင်းတစ်ချက် ချကာ တွေးသည်။ "သူ တစ်နည်းနည်းနဲ့ တစ်ခုခု တွေ့သွားတာ ဖြစ်မယ်။ နှမြောစရာကောင်းလိုက်တာ... ဘယ်မျိုးနွယ်စုမှာမဆို စည်းမျဉ်းက အရာရာပဲ။ မျိုးနွယ်ဝင်အားလုံး မျိုးနွယ်စုစည်းမျဉ်းကို လိုက်နာရမယ်။ သူကတော့..." မဟာအကြီးအကဲသည် ခေါင်းခါလိုက်ပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့်အရိပ်အယောင်အား ဖျတ်ခနဲ မြင်လိုက်ရ၏။
ဘိုးဘေးစံအိမ်ထဲရှိ နောက်ထပ်ဝတ်ပြုကျောင်းတစ်ကျောင်းတွင် ဖန်ရှုံ့ရှန်းနှင့် သူ့အဖေသည် မန်ဟို နာမည်ကြီးနေခြင်းကြောင့် အလွန်တင်းမာခက်ထန်သော မျက်နှာထားများဖြင့် ထိုင်နေကြ၏။
"ငါ့လိုးမ ခွေးသား" ဖန်ရှုံ့ရှန်းက မျက်မှောင်ကြုတ်ရင်း ဆဲဆိုလိုက်သည်။ "သူက စွမ်းဆောင်ရည်ရမှတ်တွေရဖို့ တကယ်ပဲ ဒီလိုစဉ်းစားနိုင်တယ်တဲ့လား။ သူ့နေ့စဉ် ရှာနိုင်တဲ့ စွမ်းဆောင်ရည်ရမှတ်ပမာဏက ကျုပ် မျက်လုံးတွေကို နီသွားစေနိုင်တဲ့အထိ လုံလောက်တယ် ... ဒီတိုင်းဆက်သွားနေရင် သူ့တိုးတက်မှုကို ထိန်းချုပ်ဖို့ ခက်တော့မှာ" သူက သူ့အဖေကို လှမ်းကြည့်လေသည်။
အဘိုးကြီးသည် မျက်လုံးဖွင့်လိုက်ပြီး အေးစက်သောအလင်းရောင်အား အထဲ၌ မြင်ရနိုင်လေသည်။
"မင်း ဘာတွေဖြစ်နေတာလဲ" သူက အေးစက်စက် ပြောသည်။ "ဟိုကောင်က ကလေးပဲ ရှိသေးတာ။ သူ ဒီနည်းလမ်းကို စဉ်းစားမိတဲ့ တစ်ခုတည်းသောအကြောင်းရင်းက တိုက်ရိုက်သွေးဆက်တစ်ယောက်ယောက် သူ့ကို ထိန်းကျောင်းပေးနေတာကြောင့်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိဘူး
"သူ့ စွမ်းဆောင်ရည်ရမှတ်တွေ ရနေတဲ့ အရင်းအမြစ်ကို ဖြတ်တောက်ဖို့ နည်းလမ်းတွေ ရှိတယ်" ထိုသို့ပြောပြီး သူက ကျောက်စိမ်းပြားတစ်ပြားထုတ်ကာ နတ်ဘုရားအာရုံဖြင့် ခတ်နှိပ်၍ တံခါးအပြင်သို့ ပျံထွက်သွားစေသည်။
"စောင့်သာကြည့်လိုက်" သူက မျက်လုံးများကို ပြန်မှိတ်ရင်း ပြောလိုက်သည်။
မန်ဟို ထင်ရှားကျော်ကြားလာစဉ် မျိုးနွယ်စု၏ ကြားနေသွေးဆက်တစ်ဆက်မှ ဖြစ်သော ဖန်တုံးဟန်က စောင့်ကြည့်နေ၏။ သူသည် မန်ဟိုနှင့် ဖန်ဝေကို အစကတည်းက အာရုံစိုက်နေခဲ့ပြီး ယခု မန်ဟို ဆေးဝါးတာအိုဌာန၌ နာမည်ကြီးလာသည်ကို မြင်လျှင် သူ၏မျှော်လင့်ချက်များ ကြီးထွားလာသည်။
"သူနဲ့ ဖန်ဝေ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်ဖို့ သိပ်ကြာတော့မှာမဟုတ်ဘူး" သူက တွေးသည်။ သူသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ပြုံးလိုက်၏။
ဘိုးဘေးစံအိမ်ရှိ မြေအောက်ကျင့်ကြံခြင်းဂူထဲတွင် ဖန်ဝေသည် တင်ပျဉ်ခွေလျက် တရားထိုင်နေ၏။ ဖန်ဝေမှ သူတို့၏အင်မော်တယ်ချီများကို စုပ်ယူနေသဖြင့် တုန်ရီနေကြသော အဘိုးကြီးကိုးဦးလည်း ရှိနေဆဲဖြစ်သည်။
ဖန်ယွင်ရီက စိတ်အားထက်သန်သော မျက်လုံးများဖြင့် ဖန်ဝေကို ကြည့်ရင်း အရှေ့၌ ရိုရိုသေသေ ဒူးထောက်ထားသည်။
တခဏကြာသော် ဖန်ဝေက မျက်လုံးများဖွင့်၍ ကျင့်စဉ်ကို အဆုံးသတ်လိုက်သည်။ ပတ်ပတ်လည်ရှ် အဘိုးကြီးကိုးဦးအနက် သုံးဦးက သွေးအန်လိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များမှာ အလောင်းခြောက်များဖြစ်သည်အထိ လျင်မြန်စွာ ခြောက်ကပ်သွားကြလေသည်။
"ဘာကိစ္စလဲ ယွင်ရီ" ဖန်ဝေက အေးစက်စွာ မေးသည်။
"အစ်ကိုကြီး" ဖန်ယွင်ရီက ပြန်ဖြေသည်။ "အစ်ကိုကြီးရဲ့ကျင့်ကြံခြင်းအခြေခံက အံ့ဖွယ်သရဲပါပဲ။ အင်မော်တယ်အဆင့်ကနေလည်း ခြေတစ်လှမ်းပဲ လိုတော့တယ်။ အစ်ကိုကြီး နောက်ဆုံး အင်မော်တယ်ဖြစ်လာရင် နဝမတောင်ပင်လယ်တစ်ခွင်မှာရှိတဲ့ ရွေးချယ်ခံအားလုံးကို အနိုင်ယူနိုင်ပြီ"
ဖန်ဝေ၏အမူအရာသည် ခါတိုင်းကဲ့သို့သာ ဖြစ်ပြီး သူက ဘာမှပြန်မပြောဘဲ ဖန်ယွင်ရီကိုသာ ကြည့်နေ၏။
"အစ်ကိုကြီး" ဖန်ယွင်ရီက ဆက်ပြောသည်။ "ဖန်ဟိုကို မှတ်မိလား။ တလောတုန်းက ဝတ်ပြုကျောင်းမှာ အစ်ကိုကြီးကို ရိုင်းပျခဲ့တဲ့ ကောင်လေ။ အစ်ကိုကြီးက ရက်ရောပြီး အမြင်ကျယ်တယ်တဲ့အပြင် ဘယ်တော့မှ သူ့အဆင့်အထိ ကိုယ့်ကိုယ်ကို နိမ့်ကျခံမှာမဟုတ်ဘူး။ ဒါမဲ့ သူက အဲ့လိုမဟုတ်ဘူးဗျ။ အမြင်ကျဉ်းတယ်၊ ဦးနှောက်မရှိဘူး။ အစ်ကိုကြီးကို သူ့အတွက် ဆူးငြောင့်လို့တောင် မြင်နေပြီ
"မကြာသေးမီတုန်းက အဲဒီကောင် ဆေးဝါးတာအိုဌာနမှာ နာမည်ရဖို့ သိမ်ဖျင်းတဲ့ နည်းလမ်းတွေ သုံးခဲ့ရုံတင်မဟုတ်ဘူး အစ်ကိုကြီးအကြောင်း သွားပုပ်လေလွင့် လျှောက်ပြောသေးတယ်။ အစ်ကိုကြီး၊ သူက အစ်ကိုကြီး နာမည်ကို စော်ကားတော့ ကျွန်တော် မခံမရပ်နိုင်ဖြစ်မိတယ်။ ဒါပေမဲ့ ကျွန်တော်မှ သူ့အနိုင်မယူနိုင်တာ။ အဲဒီတော့ ဆေးဝါးတာအိုဌာနမှာ သူ နာမည်ကြီးလာတာပဲ ကြည့်နေနိုင်တယ်" ဖန်ယွင်ရီက ခါးသီးစွာ ရယ်လိုက်သည်။
ဖန်ဝေ၏အမူအရာမှာ ပုံမှန်အတိုင်းသာ ဖြစ်သည်။ သူကား သဘောကျပုံမရသလို ၊ စိတ်တိုပုံလည်း မရပေ။ သူသည် ဖန်ယွင်ရီကို ထိုးဖောက်မြင်နိုင်သည့်အလား၊ သူပြောခဲ့သော စကားများအနက် မည်သည်က အမှန်လဲ၊ အမှားလဲ သိသည့်အလား တည်ငြိမ်စွာ ကြည့်နေ၏။
ဖန်ဝေ သူ့အား အကဲခတ်နေသည်ကို မြင်လျှင် ဖန်ယွင်ရီမှာ ရုတ်တရက် ကြောက်လန့်လာသည်။ ဖန်ဝေ ဘာတွေးနေသလဲ မသိသဖြင့် သူ့မှာ ဆက်မပြောရဲတော့ပေ။ သူ ထွက်သွားရန် တွေးနေစဥမ ဖန်ဝေက စကားပြောလာသည်။
"ပြောစမ်းပါဦး"
ဖန်ယွင်ရီမှာ ချက်ချင်း တက်ကြွသွားပြီး မန်ဟို ဆေးဝါးတာအိုဌာနတွင် လုပ်ခဲ့သည့်အရာအားလုံးအား အသေးစိတ်ရှင်းပြလေသည်။
အကုန်လုံးနားထောင်ပြီးနောက် ဖန်ဝေသည် မျက်လုံးများအား ခဏ မှိတ်လိုက်၏။ ထို့နောက် သူက ပြန်ဖွင့်၍ ခံစားချက်မဲ့စွာ ပြောသည်။ "ကမ္ဘာပေါ်မှာ အလကားရချင်တဲ့လူတွေ အများကြီးရှိတယ်။ အလကားယူမလား၊ ပိုက်ဆံပေးမလား ရွေးချယ်ရတဲ့အခါ အများစုက ပထမတစ်ခုကို ရွေးချယ်ကြတယ်။ ဖန်ယွင်ရီ၊ ငါ ပြောတာ သဘောပေါက်လား"
ဖန်ယွင်ရီ ပင့်သက်ရှိုက်မိသွားသည်။ တခဏကြာသော် သူ၏မျက်လုံးများသည် တောက်ပလာပြီး သူက တဟားဟားရယ်ရင်း ထရပ်လိုက်လေသည်။
***