← Chapters

အခက်အခဲတွေက အပြောင်းအလဲကို ဖြစ်စေတယ်

Vol. 66 Ch. 912

အခက်အခဲတွေက အပြောင်းအလဲကို ဖြစ်စေတယ်

Vol. 66 Ch. 912

ဆေးဝါးတာအိုဌာနသည် သူ့ထက်ငါ ပြိုင်ဆိုင်မှုများဖြင့် တစ်ကျော့ပြန် တိုးတက်လာနေ၏။ ဆေးဝါးအတတ်သင်များထံမှ စွမ်းဆောင်ရည်ရမှတ်များရအောင် သင်ခန်းစာများပို့ချဖို့ အတွင်းတောင်များမှပင် အဆင့်မြင့်ဆေးဝါးပညာရှင် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ ဆေးဝါးတာအိုဌာနမှာ အရှိန်အဟုန်နှင့် တိုးတက်လာပြီး စည်ကားသိုက်မြိုက်နေသည်မှာ အံ့သြဖွယ်ကောင်းလာ‌တော့၏။

ထိုမျှသာမက ပြိုင်ဆိုင်လိုစိတ်များက အားလုံး၏ရင်ထဲတွင် ပြင်းထန်လာပြီး ဆေးဝါးပညာရှင်များမှာတော့ ၎င်းကို သိပ်အာရုံမစိုက်ကြသော်လည်း ဆေးဝါးပညာရှင်တစ်ဦး၏သင်ခန်းစာမှ ဆွဲဆောင်ပေးသော ပရိသတ်အရေအတွက်က အဆိုပါဆေးဝါးပညာရှင် မည်မျှဩဇာတိက္ကမကြီးမားသလဲ၊ ဆေးဝါးတာအိုအဆင့် မည်မျှရှိသလဲ သက်သေပြနေမည်ဖြစ်ကြောင်း လူတိုင်း သိကြလေသည်။

မကြာမီ ပုဂ္ဂိုလ်အသီးသီးကြား၌ ပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာသည်။ သို့သော် ထွက်ပေါ်လာသော ပဋိပက္ခများက ဆေးဝါးတာအိုဌာန၏စည်းမျဉ်းများအား ဘောင်ကျော်လာတော့၏။ ရလဒ်အနေဖြင့် အပြင်တောင်များတွင် ဆေးဝါးအတတ်သင်များသည် နေ့တိုင်း မည်သည့်ဆေးဝါးပညာရှင်၏ အတန်းသို့ တက်ရမည်လဲ ရွေးချယ်ရ၏။

မှန်ပါသည်၊ မန်ဟိုမှာ ဤအခြင်းအရာနှင့်ပတ်သက်ပြီး ဘဝင်မကျပေ။ သူ၏ပရိသတ်တစ်‌ယောက်ပြီးတစ်ယောက် အလုခံနေရရာ နောက်ဆုံးတွင် သူ့မှာ ငါးသောင်းခန့်သာ ဆွဲဆောင်နိုင်တော့သည်။ ယင်းက သူ၏မူလပရိသတ်ထု၏ ထက်ဝက်မျှသာ ရှိသည့်အတွက် တစ်နေ့လျှင် စွမ်းဆောင်ရည်ရမှတ်တစ်သိန်းကျော် ဆုံးရှုံးနေရသည်ဟု ဆိုလိုလေသည်။

သူ့မှာ တစ်ယောက်ယောက် သူ၏အသားကို ပါးပါးလှီးနေသည့်အလား ခံစားနေရ၏။

သို့သော်လည်း သူ သည်းခံနိုင်သည်။ သူ၏သင်ခန်းစာများမှာ ပြိုင်ဘက်ကင်းပြီး အဆုံးသတ်တွင် သူ၏သင်ခန်းစာများကို နားထောင်သော ဆေးဝါးအတတ်သင်များသည် ဆေးအိမ်တော်၏ပထမအဆင့်အောင်ဖို့ ယုံကြည်ချက်များ မြင့်မားလာကြ၏။

သို့သော် များမကြာခင် မန်ဟိုမှာ ဒေါသထွက်လာတော့သည်။ အကြောင်းမူ သူနှင့်မျက်နှာချင်းဆိုင်ဝောာင်ဖြစ်သည့် တောင်ထွတ် (၇၁၉၂) သို့ အဆင့် (၇) ဆေးဝါးပညာရှင်တစ်ဦးက အတန်းပို့ချရန် ဗြုန်းစားကြီး ရောက်လာ၍ပင်။

၎င်းသည် ငါးရောင်ခြယ်‌‌ဒေါင်းတစ်ကောင်ကို စီးနင်းလာပြီး မောက်မာဝင့်ကြွားသော မျက်နှာထားနှင့် အဘွားအိုတစ်ဦးဖြစ်၏။ ဆေးဝါးအတတ်သင်များအတွက် အဆင့် (၇) ဆေးဝါးပညာရှင်တစ်ယောက်ဆိုသည်မှာ ကြက်ကန်းဆန်အိုးတိုးမှသာ ဆုံတွေ့နိုင်ပြီး မည်သည့်အခါမှ သွားရှာ၍မရသော လူစားမျိုးဖြစ်သည်။ သူမကား သူတို့အတွက် အဆင့်မြင့်ဝိဇ္ဇာတစ်ဦးအလားပင်။

ယခုအချိန်အထိ အဆင့် (၇) ဆေးဝါးပညာရှင်တစ်ဦးသာ သင်ခန်းစာပို့ချရန် ရောက်လာခဲ့ဖူး၏။ ထိုမျှသာမက ထိုဆေးဝါးပညာရှင်သည် နေ့စဉ်နေ့တိုင်း မလာပေ။ ထိုသင်ခန်းစာများ နားထောင်ရန်အတွက် နေရာတစ်‌သိန်းမှာ အမြဲတမ်း အကြိတ်အနယ် လုယက်ခံရလေသည်။ အမှန်တွင် နေရာအရေအတွက် ထို့ထက်သာ ပိုများလျှင် တက်ရောက်သူပို၍ များပြားမည်ဖြစ်သည်။

ယခုမူ အဆင့် (၇) ဆေးဝါးပညာရှင်နောက်တစ်ဦး ပေါ်လာပြန်လေပြီ။ သူမသည် ဆေးဝါးတာအိုဌာနတွင် အလွန်နာမည်ကြီးပြီး မန်ဟိုနှင့် မျက်နှာချင်းဆိုင်တွင် စာပို့ချရာ သူ၏ပရိသတ်ထဲမှ ဆေးဝါးအတတ်သင်အမြောက်အမြားသည် သူမထံသို့ ‌ချက်ချင်း ရောက်ရှိကုန်ကြ၏။

တစ်ရက်တွင် မန်ဟိုမှာ လက်ရှိပရိသတ်၏တစ်ဝက်ကျော်အထိ ဆုံးရှုံးလိုက်ရရာ ဆေးဝါးအတတ်သင်နှစ်သောင်းခန့်သာ ကျန်ရစ်တော့သည်။ သူက စင်မြင့်ပေါ်တွင် ရပ်ရင်း အဘွားအိုကို ခြံရံနေသော ‌လူ‌‌တစ်သိန်းကို ကြည့်ကာ အံကြိတ်လိုက်သည်။

"အဲဒီဘွားတော်ကြီး ဒီလိုတမင်လုပ်နေတာ" သူက အေးစက်စက် နှာတစ်ချက်မှုတ်ကာ တွေးသည်။ အပြင်တောင်များသည် ကြီးမားကျယ်ပြောပြီး စာပို့ချသူဆေးဝါးပညာရှင်များသည် တစ်ယောက်နှင့်တစ်ယောက် အမြဲ ခပ်တန်းတန်း နေတတ်လေ့ရှိ၏။ အဘွားအိုက ဤနေရာကိုမှ တမင် ရွေးချယ်လိုက်သည့်အတွက် သူမ သူ့ကို ပစ်မှတ်ထားနေခြင်းမဟုတ်ဟု တစ်ယောက်ယောက် အခိုင်အမာပြောလျှင်ပင် မန်ဟိုမှာ ယုံမည်မဟုတ်ပေ။

မန်ဟို၏ပို့ချမှုကို နားထောင်ရန် ရောက်လာကြသော ဆေးဝါးအတတ်သင်များသည် တောင်ထွတ် (၇၁၉၂) ဆီသို့ လှမ်းကြည့်ရင်း မန်ဟို့ပို့ချမှုကို နားထောင်မည်လား၊ အဆင့် (၇) ဆေးဝါးပညာရှင်ကို ရွေးချယ်မည်လား ဆုံးဖြတ်ကြရ၏။ ထို့အပြင် အဘွားအိုက လေးနာရီအတန်းအတွက် စွမ်းဆောင်ရည်ရမှတ်တစ်မှတ်သာ ကောက်ခံရာ မန်ဟိုမှာ စိတ်တိုနေတော့သည်။

၎င်းက မန်ဟို့ထက် တစ်ဝက်လျှော့၏။

မန်ဟို့ပရိသတ်ထုမှာ ဆက်လက်၍ နည်းပါးလာသည်။ သုံးရက်ကြာသော် တစ်သောင်းခန့်သာ သူ့အတန်းအား တက်ရောက်တော့သည်။

ဤရွေ့ဤမျှသာဆိုလျှင် ကိစ္စမရှိသေး။ ပရိသတ်ပမာဏ လျော့သွား‌သော်လည်း နေ့တိုင်း စွမ်းဆောင်ရည်ရမှတ်ထောင်သောင်းချီ ရနေသေးသည်။ သို့သော် နောက်ရက်များတွင် မန်ဟိုသည် သူ၏သင်ခန်းစာများအား ကျောက်စိမ်းပြားများတွင် အသံသွင်းပြီး အလကားဖြန့်ဝေနေသူတစ်ယောက်ရှိကြောင်း သိလာ၏။ ကိုယ်တိုင်နားထောင်ဖို့အတွက် စွမ်းဆောင်ရည်ရမှတ် သုံးမှတ်ပေးရမည့် အချက်အလက်များကား ဤနည်းဖြင့် အလကားရနေလေသည်။

ဤသည်မှာ မန်ဟို့သင်ခန်းစာများအတွက် အလွန်တရာပြင်းထန်သော ထိုးနှက်ချက်ကြီးတစ်ချက် ဖြစ်၏။ မကြာမီ သူ၏ပရိသတ်ပမာဏမှာ တစ်သောင်းမှ တစ်ထောင်အထိ သိသိသာသာ လျော့ကျသွားတော့သည်။

မန်ဟိုမှာ သူ၏စီမံကိန်းကြီးတစ်ခုလုံး အဖျက်စီးခံလိုက်ရသည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေရသည်။ သူ၏ပရိသတ်မှာ တစ်နေ့လျှင် စွမ်းဆောင်ရည်ရမှတ်သိန်းချီ ဝင်‌စေခဲ့သော အရေအတွက်တစ်သိန်းမှ အစပြုခဲ့ပြီး တစ်ထောင်သာ ကျန်တော့သည့်တိုင်အောင် တစတစ နည်းပါးလာခဲ့၏။

တစ်‌ရက်တွင် မန်ဟိုက အသက်ပြင်းပြင်း ရှူသွင်းပြီး ပို့ချမှုကို အဆုံးသတ်လိုက်သည်။ သူသည် အဘွားအိုထံ ပျံသွားပြီး စွမ်းဆောင်ရည်ရမှတ်တချို့ ပေးကာ သူမ၏ပို့ချမှုကို စတင်နားထောင်လေ၏။

အဘွားအိုသည် စင်မြင့်ထက်တွင် တင်ပျဉ်ခွေထိုင်လျက်ရှိပြီး သူမ၏ငါးရောင်ခြယ်ဒေါင်းက သူမကို လှည့်ပတ်ပျံဝဲနေသည်။ ဒေါင်းက တစ်ခါတရံ ၎င်း၏လှပသော အမြီးတောင်များကို ဖြန့်ကားတတ်ရာ ပုံမှန်ထက်ပင်ပို၍ တင့်တယ်လှပသွားတတ်၏။ အဘွားအိုက အပင်နှင့်အသီးအရွက်များအကြောင်း ဟောပြောနေပြီး ရံဖန်ရံခါ ပရိသတ်များထံမှ မှတ်ချက်များ ဆူဆူညံညံ ထွက်လာစေသော တချို့ဆေးအတတ်များကို ဖော်ပြတတ်သည်။ အဘွားအို ပြောသမျှ စကားတစ်ခွန်းတိုင်းသည် ကိုယ်ပိုင်မူများဖြစ်ပြီး တမူထူးခြားပေ၏။

မန်ဟို ရောက်သည်ကို သတိထားမိသောအခါ အထင်သေးသောအရိပ်ယောင်တစ်ခုက သူမ၏မျက်နှာအပေါ်တွင် ထင်ဟပ်လာသည်။ ဆေးဝါးတာအိုဌာနတွင် အဆင့် (၇) ဆေးဝါးပညာရှင်တစ်ရာပင် မရှိပေ။ သူမအနေဖြင့် ထိုအဖွဲ့ထဲတွင် အတော်ဆုံးမဟုတ်ဘဲ အလယ်အလတ်သာ ဖြစ်သော်လည်း ‌အဆင့် (၇) ဆေးဝါးပညာရှင်တစ်ဦး၏ အရည်အချင်းကိုတော့ ပိုင်ဆိုင်ထားသေး၏။ ဆေးအိမ်တော်၏ သတ္တမအဆင့်စာမေးပွဲကို အောင်ထားပြီးသူဖြစ်သည်နှင့်အညီ အပင်နှင့်အသီးအရွက်အကြောင်း ဟောပြောရန်မှာ သူမအတွက် လွယ်ကူရိုးရှင်းလေသည်။

သူမ၏ ‌အပင်နှင့်အသီးအရွက်အသိမှာ ကြောက်မက်ဖွယ်ကောင်းပြီး ပုံမှန်ဆိုလျှင် မန်ဟို့အား ယခုလို အရေးတယူ ပစ်မှတ်ထားနေမည်မဟုတ်ပေ။ သို့သော် သူမအတွက် အလွယ်တကူ ငြင်းမရသော အရန်သွေးဆက်ဝင်တစ်ဦးက တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ မှန်ပါသည်၊ သူမသည် ကိုယ့်မူနှင့်ကိုယ် ရပ်တည်သော ဆေးဝါးတာအိုဌာန၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော်ငြား ထိုအရန်သွေးဆက်ဝင်ဖြစ်နေသေးသည့်အတွက် အတွင်းတောင်များထဲမှ ထွက်လာခဲ့ရ၏။

မန်ဟိုက အဘွားအို အပင်နှင့်အသီးအရွက်များအကြောင်း ပြောနေသည်ကို နားထောင်ရင်း တိတ်ဆိတ်စွာ ပျံဝဲနေသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာမျှကြာသော် သူ၏မျက်လုံးများ လင်းလက်သွားပြီး လှည့်ထွက်သွား၏။ အဘွားအိုက သူ ထွက်သွားသည်ကို လှမ်းကြည့်ပြီးနောက် အဖက်မလုပ်တော့ပေ။

သူမအမြင်တွင် မန်ဟို၏ပရိသတ်သည် ရာဂဏန်းမျှသာ ကျန်တော့သည်အထိ လုံးပါးပါးသွားသင့်၏။ ထိုအခါ သူ့အနေဖြင့် မည်သည့်ဂယက်မှ ထအောင် လုပ်နိုင်စွမ်းရှိတော့မည် မဟုတ်ပေ။

သူမအား ယုံကြည်ချက်ရှိစေသည့် အဓိက‌အကြောင်းရင်းမှာ ဆေးအိမ်တော်၏ ပထမအဆင့်စာမေးပွဲစည်းမျဉ်းများ ပြောင်းလဲတော့မည်ဆိုသော ကောလဟာလပင်။

ထင်ထားသည့်အတိုင်း သုံးရက်ကြာသော် ဆေးအိမ်တော်၏ ပထမအဆင့်စည်းမျဉ်းများ ပြောင်းလဲသွားပြီဆို‌သော ကြေညာချက်အား ဆေးဝါးတာအိုဌာနတွင် ထုတ်ပြန်သည်။ ဆေးပင်ဆယ်သိန်းလုံး အစားထိုးခံလိုက်ရ၏။ ယခုတွင် ဆေးပင်သိန်းတစ်ရာအား ဖြေဆိုရတော့မည်ဖြစ်သည်။ ၎င်းက ‌ကြောက်စရာကောင်းလောက်အောင် မြင့်မားပေသည်။

ယင်းအပြင် ‌နောက်ထပ်ပြောင်းလဲသွားသော စည်းမျဉ်းရှိသေးသည်။ ယခုတွင် စာမေးပွဲကား ပေးထားသောအချိန်အတွင်း ဆေးပင်မည်မျှအမည်ဖော်နိုင်မည်ဆိုသည်ကို ‌စစ်ဆေးမည်ဖြစ်၏။ ထိုအပြောင်းအလဲက မန်ဟို၏သင်ခန်းစာများကို ကမောက်ကမ ဖြစ်သွားစေသည်။ ထိုတင်မကသေး၊ မမြင်နိုင်သော ပြဿနာများကို ဟန့်တားဖို့အတွက် ဆေးဝါးအတတ်သင်တစ်ယောက်သည် ဆေးအိမ်တော်သို့ တစ်လလျှင် တစ်ကြိမ်သာ ဝင်ရောက်နိုင်တော့မည်။

ဤအပြောင်းအလဲများက မန်ဟို၏ အကြံအစည်အလုံးစုံကို ဖျက်စီးပစ်လိုက်လေပြီ။

ဤအရာအားလုံးမှာ မန်ဟို့အတွက် အင်မတန် ပြင်းထန်ပေသော ထိုးနှက်ကြီးတစ်ချက် ဖြစ်သည်။ နှစ်ရက်အတွင်း သူ၏ပရိသတ်သည် တစ်ထောင်မှ ရာဂဏန်းအနည်းငယ်အထိ ကျဆင်းသွား၏။

ကျန်ခဲ့သူအများစုမှာ သူနှင့်တစ်လျှောက်လုံး ရှိနေခဲ့သူများ ဖြစ်သည်။

သို့သော် အတန်ကြာသော် ထိုထဲမှ အတော်များများလည်း ထွက်သွားရန် ရွေးချယ်ကြသည်။ အခြေအနေမှာ ယခင်တုန်းက မန်ဟို မည်သူမဆိုထက် ထင်ရှားကျော်ကြားနေခဲ့စဥ်နှင့် ကွဲပြားနေပြီမဟုတ်ပါလော။ ယခု သူတို့တွင် အဆင့် (၇) ဆေးဝါးပညာရှင်များ၏ပို့ချမှုများအား နားထောင်ရန် အခွင့်အရေးရှိပြီဖြစ်ရာ မည်သူက ထိုအခွင့်အရေးအား လက်လွှတ်ခံတော့မည်နည်း။

အဆုံးသတ်တွင် မန်ဟိုမှာ ပရိသတ်‌အယောက် (၇၀)မျှနှင့်သာ ကျန်ခဲ့တော့သည် ...

ဤထိုးနှက်ချက်များက မိုးကြိုးများသဖွယ် ပစ်ချထိမှန်ခဲ့၍ မန်ဟိုအား ရှူးရှူးရှားရှား ဖြစ်လာစေသည်။ သူက လက်တစ်ဆုပ်မျှသာ ရှိတော့သော ဆေးဝါးအတတ်သင်များကို ကြည့်ပြီး ရုတ်တရက် မျက်လုံးများ တောက်ပလာသည်။ ထို့နောက် သူသည် လူတစ်သိန်းဝန်းရံနေသော မျက်နှာချင်းဆိုင်တောင်ကို ခေါင်းလှည့်ကြည့်လိုက်၏။

"အစ်ကိုကြီး ငါတို့ ဘာလုပ်ကြမလဲ" ဖန်ရွှီကဘေးမှ ခပ်တိုးတိုး မေးသည်။ "သခင်သုံးနဲ့ သခင်ငါးတောင် အဲ့ဒီကို သွားကုန်ကြပြီ...."  မထင်မှတ်ဖွယ်ကောင်းစွာနှင့် ကြက်တူရွေးနှင့်အသားဂျယ်လီသည် အဆင့် (၇) ဆေးဝါးပညာရှင်၏ သင်ခန်းစာကို ‌နားထောင်ဖို့အတွက် အခြားတောင်တစ်‌တောင်မှ သုတ်တီးသုတ်ပျာ ပြန်ရောက်ချလာခဲ့၏။ သူမ ပြောနေသည်ကို သူတို့နားလည်သည်လား မသိသော်လည်း ကြည့်၍သရွေ့ မိန်းမောနေကြပုံပေါ်သည်။

မှန်ပါသည်။ တကယ်တော့ ကြက်တူရွေးမှာ ငါးရောင်ခြယ်ဒေါင်းကို နှာဘူးကျနေခြင်းဖြစ်ကြောင်း မန်ဟို သိ၏။ အသားဂျယ်လီကတော့ သိသိသာသာပင် ကြက်တူရွေး၏ ‌ဆွဲခေါ်ခြင်း ခံခဲ့ရရုံသာဖြစ်သည်။

"အခက်အခဲတွေက အပြောင်းအလဲ ဖြစ်စေတယ်။ အပြောင်းအလဲတွေက အဖြေကို သယ်ဆောင်လာတယ်"

ဖန်ရွှီမှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"တစ်ယောက်ယောက်က ငါ ချမ်းသာမယ့်လမ်းကို ဟန့်တားဖို့၊ ကြွယ်ဝတော့မယ့် လမ်းကို ပိတ်ပင်ဖို့ ကြိုးစားနေတယ်။ အဲ့ဒါက ငါ့ကို ဓားပါးပါးနဲ့ လှီးနေသလို ခံစားရတယ်" မန်ဟိုသည် အံတင်းတင်းကြိတ်၍ အင်္ကျီလက်စကို ခါကာ လေပေါ်ပျံတက်လိုက်၏။

သူ အဝေးသို့ ထွက်သွားစဉ် ဖန်ရွှီက နောက်မှ လိုက်လာသည်။ သူ့မှာ မန်ဟို ယခုတင် ပြောသွားခဲ့သည့်အရာကို နားမလည်သည့်အတွက် ကပျာကယာ မေးလိုက်သည်။ "အစ်ကိုကြီး အခု အစီအစဉ်က ဘယ်လိုတုန်း"

"အစီအစဉ်မရှိဘူး" မန်ဟိုက ပြန်ဖြေသည်။ "ငါ့နာမည်က ဆေးဝါးတာအိုဌာနကို တုန်လှုပ်သွားစေပြီးတော့ ဒီပြဿနာကို အဆုံးသတ်စေလိမ့်မယ်" သူ၏အသံ ဟိန်းထွက်သွားစဉ် သူက အရှိန်ကို အမြင့်ဆုံးသို့ တင်လိုက်ကာ အတွင်းတောင်များထဲသို့ ၀င်ရောက်သွားလေ၏။ ထို့နောက် တားမြစ်နေရာများကို ရှောင်ရှားရင်း ဆေးအိမ်တော်သို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

၎င်းထံသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။

ဆေးအိမ်တော်၏ အပြင်တွင် ၀င်သင့်မဝင်သင့် တွေဝေနေကြသော ဆေးဝါးအတတ်သင်အနည်းစုရှိ၏။ ဆေးဝါးပညာရှင်များပင်လျှင် ဘေးတွင် ရပ်နေကြလေသည်။ သူတို့အားလုံးသည် မန်ဟို ရောက်လာသည်ကို သတိထားမိသွားကြပြီး ရုတ်တရက် တက်တက်ကြွကြွဖြင့် တီးတိုးပြောလာကြသည်။

"ပထမအဆင့်ရဲ့ စည်းကမ်းတွေ ပြောင်းလဲသွားပြီလို့ သတင်းကြားထားတယ်။ ဘာကြောင့်လဲဆိုရင် ပထမအဆင့်တစ်ဆင့်လုံးကို ဖန်ဟိုက အလွတ်ကျက်ပြီး မသမာနည်းသုံးဖို့ ကြိုးစားခဲ့လို့တဲ့လေ။ အဲ့ဒီဆေး၀ါးအတတ်သင်တွေအားလုံး အလွယ်တကူအောင်သွားခဲ့တာလည်း အဲ့လိုကြောင့်တဲ့"

"သူက ပထမအဆင့်မှာ ဘယ်မသမာနည်းသုံးရမလဲ အကြံထုတ်မလို့ ထပ်ရောက်လာတာများလား"

"စိတ်၀င်စားစရာပဲ။ စည်းကမ်းတွေ ပြောင်းလဲသွားတာကို ထည့်တွက်ရင် တော်တော့်ကို ခက်မှာ။ ပြီးတော့ တစ်လမှာ တစ်ကြိမ်ပဲ ၀င်ခွင့်ရှိတော့တယ်"

မန်ဟိုက ‌တခဏလေးမျှ တုံ့ဆိုင်းခြင်းမရှိဘဲ ဆေးအိမ်တော်အတွင်းသို့ တန်းတန်းမတ်မတ် ၀င်သွား၏။ အိမ်တော်၏ ဘေးတွင် ထိုင်နေသော အဘိုးကြီးနှစ်ယောက်က မျက်လုံးများဖွင့်၍ မန်ဟို့ကို ကြည့်သည်။ သူတို့သည် အပြင်လောကတွင် ဖြစ်ပျက်နေသော အရာများနှင့် ပက်သက်ပြီး အာရုံမရှိသော်လည်း မန်ဟို ပထမအဆင့်ကို အကြိမ် (၁၄၀) ဖြေဆိုခဲ့ခြင်းက သူတို့အား သတိထားမိသွားစေ၏။ ကောလဟာလများကို ကြားသည့်အခါ မန်ဟို၏ အားထုတ်မှုများမှာ မသမာနည်းသုံးရန်အတွက်သာ ဖြစ်ကြောင်း နှစ်ယောက်လုံး သိလိုက်ကြရလေသည်။

အဘိုးကြီးနှစ်ဦးက မန်ဟို့ကို တည်ကြည်လေးနက်စွာ ကြည့်သည်။

"ဒါက ဆေးဝါးတာအိုဌာန" တစ်ယောက်က ပြောသည်။ "ဘယ်လိုလုပ်ပြီး ဖြတ်လမ်းတွေကိုပဲ အမြဲ တွေးနေနိုင်တာလဲ။ မင်းရဲ့ ပင်ကိုယ်ပါရမီက ပြောင်‌မြောက်သလို မင်းရဲ့ အပင်နဲ့ အသီးအရွက်အသိကလည်း သန်စွမ်းတယ်။ မင်းအနေနဲ့ ဖြောင့်မတ်တဲ့လမ်းကိုပဲ လျှောက်သင့်တယ်"

မန်ဟိုက အကြံပေးသည်ကို လက်ခံပြီး လက်နှစ်ဖက်ယှက်၍ အဘိုးကြီးနှစ်ဦးအား အရိုအသေပေးလိုက်သည်။

"အကြီးအကဲတို့" သူက မဆိုင်းမတွ ပြောသည်။ "ကျုပ် ကျုပ်အမှားကို သိပါပြီ။ အခုက အမှားကို ပြန်ပြင်ရမယ့်အချိန်ပါ။ ကျုပ် ဒီကို မသမာနည်းသုံးဖို့ ရောက်လာတာ မဟုတ်ပါဘူး။ ကျုပ်ကိုယ်ကျုပ် စမ်းသပ်ဖို့ ရောက်လာတာပါ"

အဘိုးကြီးနှစ်ဦးက ခေါင်းငြိမ့်ပြီး မျက်လုံးများ ပိတ်လိုက်သည်။

မန်ဟိုက အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ ပတ်၀န်းကျင်ရှိ လူတိုင်း စောင့်ကြည့်နေစဉ် သူကား ဆေးအိမ်တော်အတွင်းသို့ ၀င်ရောက်လိုက်လေပြီ။ သူ‌ ၀င်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ဆေးဝါးတာအိုဌာန၏ အဆင့် (၈) ဆေးဝါးပညာရှင်ဆယ့်ကိုးယောက်အနက် တစ်ချို့တစ်၀က်က ချက်ချင်း သတိပြုမိသွားကြ၏။ သူတို့သည် ဆေးဖော်စပ်နေသည်ကို ရပ်ပြီး နတ်ဘုရားအာရုံများအား ဆေးအိမ်တော်၏ အပြင်ဘက်သို့ ပို့လွှတ်လိုက်ကြသည်။

ထိုနေရာတွင် ဆံဖြူအဘိုးကြီးသုံးဦး၏ ပုံသဏ္ဌာန်ပေါ်လာ၏။

"ဒီဖန်မုက တကယ်ပဲ စနစ်ကို ဖျက်စီးဖို့ ရောက်လာတာလို့ မပြောနဲ့နော်။ မဟုတ်မှ ဒီကောင်လေး ဆေးစွဲနေတာများလား"

"ဘယ်လိုလုပ် ဒီခွေးသားလေးက တုံးအနေရတာတုန်း။ ပထမအဆင့်မှာ ဘာချို့ယွင်းချက်မှ မရှိအောင် ငါတို့ခမျာ အားစိုက်လိုက်ရတာ။ ဒါတောင် သူက ထပ်ရောက်လာသေးတယ်ပေါ့လေ"

"ဒီကလေး ပြဿနာထပ်ရှာရင် ငါ သူ့ကို ဆွဲထုတ်ပြီး ရိုက်တော့မယ်။ သူ့အဖေပေါ်လာရင်တောင်မှ ဂရုမစိုက်ဘူး။ ငါ သူ့အဖေအတွက် ဆေးလုံးတစ်ခါ ဖော်ပေးဖူးတယ်သိလား"

သူတို့မှာ ဒေါသထွက်နေပုံရသော်လည်း တကယ်တမ်း အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။ သူတို့သည် သူတို့ကို ပြဿနာရှာနိုင်သည့် လူတစ်ယောက်အား တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူတို့အတွက် ဤအခြေ‌အနေမှာ အလွန်အပျင်းပြေစရာ‌ကောင်းနေ၏။

သူတို့၏ တည်ရှိမှုအား သူတို့ကို သာမန်ကာသျှံကာသာ လှမ်းကြည့်လိုက်သော ‌ဆေးအိမ်တော်၏ စောင့်ရှောက်သူ အဘိုးကြီးနှစ်ဦးမှအပ ဘယ်သူမှ မသိကြပေ။

***

All Chapters