← Chapters

အပြောင်းအလဲတွေက အဖြေတွေကို သယ်ဆောင်လာတယ်

Vol. 66 Ch. 913

အပြောင်းအလဲတွေက အဖြေတွေကို သယ်ဆောင်လာတယ်

Vol. 66 Ch. 913

"အခက်အခဲတွေက ပြောင်းလဲမှုကို ဖြစ်ပေါ်စေတယ်။ အပြောင်းအလဲတွေက အဖြေတွေကို သယ်ဆောင်လာတယ်" မန်ဟိုက အစွဲအလမ်းကြီးစွာ တောက်ပနေသော မျက်လုံးများဖြင့် ပြောသည်။ ဤဆိုရိုးစကားသည် ‌တာ့ချင်းတောင်ခြေ၌ စာပေသမားအဖြစ် နေထိုင်နေခဲ့စဉ်တုန်းက ဖတ်ရှုခဲ့ရသော စာအုပ်တစ်အုပ်မှ ဖြစ်သည်။

ယနေ့အထိ ထိုဆိုရိုး၏အနက်အဓိပ္ပာယ်ကို သူ မမေ့ခဲ့ပေ။ သို့သော် သူ၏ပင်ကိုယ်စရိုက်ကြောင့် သူသည် နားလည်မှုအသစါတိုးလာခဲ့၏။ သူ့အတွက် ဆိုရိုး၏ ပထမဆုံးစာကြောင်းမှာ .... ဆင်းရဲခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။

"စွမ်းဆောင်ရည်ရမှတ်နဲ့ပတ်သက်ပြီး အမြတ်မထွက်ဝောာ့ရင် ငါ ဆင်းရဲသွားလိမ့်မယ် ... ဒါ့ကြောင့် အခြေအနေကို ပြောင်းလဲဖို့ နည်းလမ်းတချို့ စဉ်းစားဖို့ လိုအပ်တယ်။ အဲ့ဒါကပဲ ချောင်ပိတ်နေတဲ့ကြားက ထွက်နိုင်မယ့် တစ်ခုတည်းသော လမ်းပဲ။ ငါ ထွက်နိုင်ရင်တော့ စွမ်းဆောင်ရည်ရမှတ်တွေ ထပ်ရှာနိုင်ပြီ"

ဆေးအိမ်တော်၏ ပထမအဆင့်သို့ ဝင်ရောက်လိုက်လျှင် မန်ဟိုသည် မြူများဖြင့် ရစ်သိုင်းလွှမ်းခြုံခံလိုက်ရ၏။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်လုံးများ လင်းလက်တောက်ပလာလေသည်။

"အရင်က ငါ့မှာ ဝိညာဉ်ကျောက်တုံးအများကြီး မရှိခဲ့ပေမယ့် သိန်းတစ်ရာနဲ့ဆိုတော့ နည်းနည်းနောနောတော့ မဟုတ်ဘူး... ဒါပေမဲ့ သောက်ကျိုးနည်း။ နိဗ္ဗာနသစ်သီးတွေကြောင့် ဝိညာဉ်ကျောက်တုံးတွေ ကုန်ရတာ။ နဂိုရှိတာရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ် ....

"အောက်ခြေမရှိတဲ့ ကျင်းကြီးအတိုင်းပဲ။ ဝိညာဉ်ကျောက်တုံးတွေ အများကြီး သုံးခဲ့ပြီးမှတော့ ရပ်လို့မရတော့ဘူး။ ဆက်သွားမှဖြစ်မှာ။ မဟုတ်မှ မဟာအကြီးအကဲတစ်ယောက် ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေအများကြီးရှိတာ သိထားလို့ ဆင်းရဲသွားအောင် ဒီနည်းလမ်းသုံး‌စေချင်နေတာများလား

"အဆင့် (၇) ဆေးဝါးပညာရှင်က ငါ့တောင်ထွတ်ဘေးမှာ ထိုင် ၊ အပင်နဲ့အသီးအရွက်အကြောင်းတွေ ပို့ချရင်း ငါ့ကို ဘူပိတ်နေတယ်။ ဒါ ပေါ်တင်အနိုင်ကျင့်တာပဲ။ မယုံနိုင်စရာကောင်းလိုက်တာ" မန်ဟိုမှာ အမှန်တကယ် စိတ်တိုနေလေသည်။

‌ဒေါသကို လောင်စာဖြည့်ပေးနေသော အစွဲကြီးမှုနှင့်အတူ သူသည် ဆေးအိမ်တော်ထဲသို့ လမ်းလျှောက်ဝင်သွားပြီး မြူများဖြင့် ဝန်းရံခံလိုက်ရလေသည်။ မျက်စိတစ်မှိတ်အတွင်း အမွှေးတိုင်သုံးတိုင် သူ၏အရှေ့တွင် ပေါ်လာ၏။

အနက်ရောင်အခိုးအငွေ့များက ပထမအမွှေးတိုင်မှ တလူလူတက်လာရင်း မန်ဟို့ထံ လွင့်မျောလာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် စူးရှတောက်ပသောအလင်းရောင်တစ်ရောင်နှင့်အတူ မရေမတွက်နိုင်သောအပင်ပုံရိပ်များ ပေါ်ပေါက်လာသည်။

ပထမဆုံးကြည့်လျှင် အနည်းဆုံး အပင်သိန်းတစ်ရာမျှ ပြွတ်သိပ်ကြပ်နေသည့်အလား ထင်ရသည်။ အနီးကပ်ကြည့်မှသာ ရှင်းလင်းပြတ်သားစွာ မြင်ရလေသည်။

အသက်တစ်ရှိုက်အတွင်း မန်ဟို ၎င်းတို့အား  နတ်ဘုရားအာရုံဖြင့် မှတ်သားခြင်းမပြုနိုင်ခင် ဆေးပင်သိန်းတစ်ရာသည် ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် လင်းလက်လာပြီး တစ်ပင်ပေါ်တစ်ပင် ထပ်လာကြ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့အား ရှေးဟောင်းစာအုပ်ကြီးတစ်အုပ်ပုံစံ စုစည်းသွားကြသည်။

စာအုပ်သည် ရှေးကျအိုမင်းပြီး စာလုံးသုံးလုံးအား ၎င်း၏အဖုံးပေါ်တွင် ရေးသားထား၏။

အပင်နှင့်အသီးအရွက်ကျမ်း

ထို့နောက် အသက်ကြီးကြီးအသံတစ်သံက ပထမအဆင့်တစ်လျှောက် ပဲ့တင်ထပ်လာသည်။

"အမွှေးတိုင်သုံးတိုင်ထွန်းစာအတွင်း အပင်နဲ့အသီးအရွက်ကျမ်းထဲက ပထမဆုံးဆေးပင်တစ်သောင်းကို အမည်ဖော်ပြပါ။ အမှားတစ်ရာထက်ပိုရင် စာမေးပွဲကျမယ်"

"စည်းမျဉ်းတွေ ပြောင်းသွားတာကိုး" မန်ဟိုက ပြောသည်။ "ဒီစာမေးပွဲက ပိုပြီး အထင်ကြီးစရာကောင်းတယ်" သူသည် နတ်ဘုရားအာရုံထုတ်လွှတ်၍ အပင်နှင့်အသီးအရွက်ကျမ်းကို ဖွင့်ကာ ပထမဆုံးစာမျက်နှာကို ကြည့်၏။ ထိုနေရာတွင် မြင်ရသည်မှာတော့ ဆေးပင်တစ်ပင်တည်းဖြစ်သည်။

"လျင်ဝိညာဉ်ပန်းပွင့်" သူက ၎င်းကို ချက်ချင်း သိပြီး နတ်ဘုရားအာရုံဖြင့် အဖြေရေးကာ ၎င်း၏ဂုဏ်သတ္တိများနှင့် သုံးပုံသုံးနည်းများကို ဖော်ပြလိုက်သည်။

စာအုပ်က လင်းခနဲ လက်သွားပြီး ဒုတိယစာမျက်နှာပေါ်လာသည်။ မန်ဟိုက နတ်ဘုရားအာရုံအား လက်ဖျားခါစဖွယ် အမြန်နှုန်းဖြင့် အသုံးပြုရင်း အဖြေရေးလိုက်သည်။ တဖြေးဖြေး ၊ စာအုပ်မှ စာရွက်များက တဖျပ်ဖျပ် လှန်ခြင်းခံနေရသဖြင့် လေကြမ်းကြမ်းတစ်ချက် မန်ဟို့မျက်နှာကို တွန်းထိုးတိုက်ခတ်နေသကဲ့သို့ပင် ဖြစ်လာသည်။

မန်ဟိုက နတ်ဘုရားအာရုံကို စာအုပ်အား ဖုံးလွှမ်းထားစေရင်း စကားမပြောဘဲ ရပ်နေသည်။ သူ့အတွက် ‌ဤဆေးပင်များကို အမည်ဖော်ရခြင်းမှာ အလွန်ရိုးရှင်း၏။

အမွှေးတိုင်တစ်တိုင်ပင် မကုန်သေးခင် စာအုပ်၏ စာရွက်များမှာ အလွန်လျင်မြန်စွာ လှန်နေသဖြင့် သည့်ထက်ပို၍ မမြန်‌နိုင်တော့ပေ။ မျက်စိတစ်မှိတ်အတွင်း စာမျက်နှာဒါဇင်ချီ လှန်သွားတတ်၏။ အမွှေးတိုင် ၉၀% လောင်ကျွမ်းပြီးချိန်တွင် မန်ဟိုကား တစ်ချက်မှမမှားဘဲ ဆေးပင်တစ်သောင်းအား အမည်ဖော်ပြပြီးလေပြီ။

သို့သော် သူက ထိုနေရာတွင် မရပ်ပေ။ သူ၏ပန်းတိုင်မှာ ဤအဆင့်ကို အောင်ရုံသာဆိုလျှင် ကိစ္စမရှိသော်လည်း စာမေးပွဲကို ဖြေပြီဆိုမှတော့ တုန်လှုပ်မှင်သက်ဖွယ်ဖြစ်အောင် လုပ်ပေမည်။ သူ့နာမည်ကိုလည်း အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားစေမည်။ ထိုမှသာလျှင် သူ၏အပင်နှင့်အသီးအရွက်သင်ခန်းစာများမှ အမြတ်ထွက်လိမ့်မည်။

ထို့ကြောင့် သူက ဆေးပင်များကို ဆက်လက် ဖော်ထုတ်နေသည်။ မကြာမီ မျက်တစ်မှိတ်အတွင်း စာမျက်နှာရာချီ လှန်သွား၏။ မန်ဟို ၎င်းတို့ကို နတ်ဘုရားအာရုံနှင့် စစ်ဆေးလိုက်လျှင် ဤအပင်နှင့်အသီးအရွက်များနှင့် ဆက်စပ်သော အချက်အလက်များ သူ့ခေါင်းထဲတွင် ပေါ်လာသည်။

တစ်သောင်း ၊ သုံးသောင်း၊ ငါးသောင်း ၊ တစ်သိန်း။

မြန်သထက် မြန်လာသည်။

အမွှေးတိုင်တစ်တိုင်ကုန်သွားသည့်အခါ‌ မန်ဟိုကား အမှားမပါဘဲ ဆေးပင်ဆယ်သိန်းကို ဖော်ထုတ်ပြီးလေပြီ။ သူ့ပတ်ပတ်လည်ရှိ မြူများမှာ တဖွေးဖွေး လှုပ်လာပြီး ရောင်စဉ်တန်းများ ကွန့်မြူးလာသည်။ မန်ဟို၏ အံ့ဖွယ်သရဲလုပ်ဆောင်မှုကြောင့် မရေမတွက်နိုင်သော မှော်သင်္ကေတများ လွင့်မျောနေသည်ကို မြင်လာရ၏။

ဆေးအိမ်တော်၏အပြင်တွင် အတွင်း၌ ဘာဖြစ်နေသလဲ ပြောဖို့ မဖြစ်နိုင်ပေ။ ဆေးဝါးပညာရှင်များနှင့် ဆေးဝါးအတတ်သင်များသည် ဆွေးနွေးရင်း ထင်ကြေးများ ပေးနေကြ၏။ တစ်ယောက်မှ မန်ဟို ကျလိမ့်မည်ဟု မယုံကြသော်လည်း စည်းမျဉ်းများ ပြောင်းလဲထားသဖြင့် သူလည်း အားစိုက်ထုတ်ရလောက်သည်ဟု တွေးနေကြသည်။

အဆင့် (၈) ဆေးဝါးပညာရှင် အဘိုးကြီးသုံးဦးက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြောလာကြသည်။

"ဘယ်လိုလုပ်ပြီး ဒီကလေး ဒီလောက်ကြာနေတာလဲ"

"သူသာ စာမေးပွဲဖြေဖို့ တကယ် စိတ်ဝင်စားရင် အမွေးတိုင်တစ်တိုင်ထွန်းစာအတွင်း အောင်သင့်နေပြီ။ အခုထိ ထွက်မလာသေးဘူးဆိုတော့ စနစ်ကို ဖျက်စီးဖို့ လုပ်နေပြန်တာများလား"

ဆေးအိမ်တော်ထဲတွင် မန်ဟိုသည် မျက်မှောင်ကြုတ်နေ၏။

"အချိန်မရှိတော့ဘူး။ ငါ အရင်ကထက်စာရင် နည်းနေသလိုပဲ" သူ၏မျက်လုံးများ လင်းလက်သွားပြီး သူ၏ညာလက်က စာအုပ်အဖုံး၏ ညာဘက်ထောင့်ကို လှမ်းဆွဲလိုက်သည်။ တစ်ဆက်တည်းမှာပင် သူ၏နတ်ဘုရားအာရုံသည် ပေါက်ကွဲထွက်လာပြီး စာအုပ်ထဲ ဝင်ရောက်သွား၏။ မန်ဟိုက မျက်လုံးများ ပိတ်လိုက်သည်။

သူ၏မျက်လုံးများ ပိတ်လိုက်သည့်အခိုက်အတန့်တွင် သူ၏နတ်ဘုရားအာရုံကား စာအုပ်တစ်အုပ်လုံးတွင် ပြည့်နှက်သွား၏။ သူ့အရှေ့တွင် မရေမတွက်နိုင်သော ပေါ်လာသည့်အလား မြင်ယောင်လိုက်ရပြီး သူသည် ချက်ချင်း ခွဲခြားပြီး အမြန်ဆုံး ဖြေနေတော့၏။

ဆယ်သိန်း၊ ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်

မျက်စိတစ်မှိတ်အတွင်း ထစ်ချုန်းသံများအား ကြားလာရပြီး သူ့ပတ်ပတ်လည်ရှိ မြူများမှာ တအုန်းအုန်း ထကြွသောင်းကျန်းလာကြသည်။ စူးရှသော‌အလင်းရောင်တစ်ရောင် ဖြာထွက်လာပြီး ပို၍ပင်များပြားသော မှော်သင်္ကေတများက မန်ဟို့ကို အလယ်ဗဟိုထားလျက် ပေါ်လာကြ၏။

သိန်းသုံးဆယ်၊ သိန်းလေးဆယ်၊ သိန်းငါးဆယ်

ဒုတိယအမွှေးတိုင်ကား ကုန်ခါနီးလေပြီ။ မန်ဟို၏ အပင်နှင့်အသီးအရွက်အသိသည် ဇီယွင်ဂိုဏ်းမှာတုန်းက ဆေးလုံးမိစ္ဆာကိုပင် တုန်လှုပ်သွားစေလောက်အောင် နက်နဲသိမ်မွေ့၏။ နောက်ပိုင်းအတွေ့အကြုံများကို ထည့်ပေါင်းလိုက်လျှင် သူ၏ကျွမ်းကျင်မှုမှာ ပို၍သာ တိုးတက်လာခဲ့သည်။ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ ပုံရိပ်ယောင်ကမ္ဘာသို့ သွားခဲ့စဉ်ကလည်း ထိုဂိုဏ်း၏ဆေးဝါးတာအိုပညာကို သင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ အပင်နှင့်အသီးအရွက်အသိသည် ပို၍ပင် မြင့်သွားခဲ့ပြီး ကြောက်မက်ဖွယ်အဆင့်သို့ပင် ရောက်နေလေပြီ။

ယခုအခါ ထိုစုဝေးနေခဲ့သော ဗဟုသုတအားလုံးက စာအုပ်၏စာမျက်နှာများကို အံ့ဖွယ်အမြန်နှုန်းဖြင့် တဖတ်ဖတ် လန်နေစေသည်။ စာမျက်နှာများ ရွေလျားနေသည်ကိုပင် မမြင်ရတော့ပေ။ မျက်တစ်မှိတ်လေးအတွင်း စာမျက်နှာပေါင်း‌ထောင်ချီ လှန်သွားမည်ဖြစ်သည်။

ဒုတိယအမွှေးတိုင်ကုန်သွားပြီး တတိယအမွှေးတိုင် လောင်စပြုလာသည်။ မန်ဟိုက စာအုပ်၏ ကျန်တစ်ဖက်ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ဤအခိုက်အတန့်တွင် အစစ်အမှန်အင်မော်တယ်တစ်ဦး၏ စွမ်းအားရှစ်ဆယ်ရာခိုင်နှုန်း ပေါ်ထွက်လာ၏။

အလင်းရောင်များက အရပ်လေးမျက်နှာတွင် တလက်လက် တောက်ပနေပြီး မြူများ တဖွေးဖွေး လှုပ်နေသည်။ မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်သံ ထစ်ချုန်းသွားပြီး အကန့်အသတ်မရှိ‌သော မှော်သင်္ကေတများက သူ့ကို လှည့်ပတ်နေသည်။ ယခုတွင် ဤနေရာမှာ ဆေးအိမ်တော်မဟုတ်တော့ဘဲ မန်ဟို့ကို ဗဟိုအဖြစ် ထားလျက် ဖန်ဆင်းထားသော ထူးခြားဆန်းကြယ်ကမ္ဘာတစ်ကမ္ဘာနှင့်တူလာသည်။

ယခုတွင် စာမျက်နှာတစ်သောင်းက မျက်စိတစ်မှိတ်အတွင်း လှန်နေချေပြီ။ ဆေးပင်တစ်ပင်သော်မှ မန်ဟို့အတွက် ပြဿနာသေးသေးလေးပင် မဖြစ်စေပေ။ တစ်ပင်စီတိုင်းမှာ မန်ဟို၏ အပင်နှင့်အသီးအရွက်အသိ၏ လွှမ်းမိုးခြင်းခံထားရပြီးဖြစ်သည်။

ဆေးအိမ်တော်၏အပြင်တွင် စိတ်ရှုပ်ထွေးနေသောအသံများအား အဆက်မပြတ်ကြားနေရသည်။ သူတို့သည် ဆေးအိမ်တော်အတွင်း၌ ဖြစ်ပျက်နေသော အံ့ဖွယ်သရဲမြင်ကွင်းကို မမြင်နိုင်သော်လည်း တစ်ခုခု မူမမှန်ကြောင်း သိကြ၏။ တချို့မှာ မန်ဟို့အပေါ် မနှစ်မြို့သော ခံစားချက်များ ရှိသော်လည်း သူ့အနေဖြင့် ပထမအဆင့်အား လွယ်လင့်တကူ အောင်မည်ဖြစ်ကြောင်း ခံစားကြရလေသည်။

သို့ပင်ငြား အမွှေးတိုင်နှစ်တိုင်ထွန်းစာ ကြာခဲ့ပြီဖြစ်သည့်တိုင် မန်ဟိုက ပထမအဆင့်မှ ထွက်မလာသေးရာ အကုန်လုံး အံ့အားသင့်နေကြရလေသည်။ (အမွှေးတိုင်တစ်တိုင်ထွန်းစာက မိနစ်နှစ်ဆယ်၊ သုံးဆယ်လောက်နဲ့ ညီမျှပါတယ်)

သို့ရာတွင် အဆင့် (၈) ဆေးဝါးပညာရှင်သုံးယောက်လုံး၏မျက်နှာများသည် တည်ကြည်လေးနက်လျက်ရှိ၏။ ဆေးအိမ်တော်၏ ပထမအထပ်ကို ကြည့်နေသော သူတို့၏မျက်လုံးများတွင် အံ့ဩတုန်လှုပ်နေမှုအား မြင်လာရသည်။ ဤအဘိုးကြီးသုံးယောက်အနေဖြင့် အတွင်း၌ ဖြစ်ပျက်နေသောအရာကို မမြင်ရသော်လည်း ပထမအထပ်တွင် ကြောက်မက်ဖွယ်ဖိအားကြီး ဖြစ်တည်လာနေကြောင်း သတိထားမိလာကြ၏။

"ဒီကလေး ဘာလုပ်နေတာလဲ"

"အဲဒီဖိအားက တစ်ယောက်ယောက် ဆေးပင်ဆယ်သိန်းကျော်ကို ဖော်ထုတ်တဲ့အခါ ဖြစ်ပေါ်လာတာ။ ဒီကလေးက အမွှေးတိုင်နှစ်တိုင်ထွန်းစာလေးအတွင်း ဆေးပင်ဆယ်သိန်းကျော်ကို ဖော်ထုတ်ခဲ့တာများ ဖြစ်နေမလား"

အဘိုးကြီးများ အထိတ်တလန့် ကြည့်နေကြစဉ် မန်ဟိုက စာအုပ်ကို ကျစ်ကျစ်ပါပါအောင် ဆုပ်ထားသည်။ ၎င်းထဲရှိ အကြောင်းအရာအားလုံးကို ဖြေဆိုနေသဖြင့် သူ၏မျက်လုံးများက လင်းလက်လျက်ရှိချေသည်။

သိန်းခြောက်ဆယ်၊ သိန်းခုနစ်ဆယ်၊ သိန်းရှစ်ဆယ် ....

တတိယမြောက်အမွှေးတိုင်မှာ လောင်ကျွမ်းနေဆဲဖြစ်သည့်တိုင် တစ်ဝက်ကျော်ကျန်သေးလေသည်။ နောက်ဆုံးတွင် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူက ခေါင်းမော့လိုက်သည်။ သူကား နောက်ဆုံးစာမျက်နှာသို့ ရောက်‌သွားချေပြီ။

သိန်းတစ်ရာ။

ဆေးအိမ်တော်၏ ပထမအဆင့်စာမေးပွဲတစ်ခုလုံး တုန်ရီလာပြီး တောက်ပသောအလင်းရောင်များသည် အရပ်လေးမျက်နှာသို့ ဖြာထွက်လာ၏။ မှော်သင်္ကေတများ လည်ပတ်လာပြီး အင်မော်တယ်တေးသံကဲ့သို့ သီချင်းသံများ လွင့်မျောလာသည်။

ပုံမှန်အားဖြင့် လူတစ်ယောက် ပထမအဆင့်ကို အောင်လျှင် အပြင်၌ အလင်းတန်းတစ်တန်း ပေါ်လာတတ်သည်။ သို့သော် မန်ဟို စာအုပ်၏နောက်ဆုံးစာမျက်နှာသို့ ရောက်သွားသောအခါ အပြင်ရှိလူများ မြင်လိုက်ရသည်မှာ ပထမအဆင့်တစ်ဆင့်လုံး တစ်ခါမှ မတောက်ပဖူးသောအသွင်အပြင်ဖြင့် တောက်ပလင်းလက်နေသည်ကိုပင်။

ပထမအဆင့်မှာ အရပ်လေးမျက်နှာသို့ ဖြာထွက်ပြီး မိုးကောင်းကင်သို့ပင် ထိုးတက်နေသည့် အဆုံးမရှိသော ကြောက်မက်ဖွယ်အလင်းရောင်များဖြင့် လွှမ်းခြုံ‌ခံထားရသည့်အလား ထင်ရသည်။

ယခုတွင် ဆေးဝါးတာအိုဌာန၊ အတွင်းတောင်တစ်သောင်းနှင့် အပြင်တောင်တစ်သိန်းရှိ လူတိုင်းလူတိုင်း ဖြစ်ပျက်နေသည်များကို မြင်လိုက်ကြရသည်။

"ဘာတွေဖြစ်နေတာလဲ"

"ကောင်းကင်နဲ့ မြေကြီးမှာ ဘာဖြစ်လို့ ဒီလိုပြောင်းလဲမှုတွေ ဖြစ်နေတာလဲ"

စာပို့ချမှုများအား နားထောင်နေသော ဆေးဝါးအတတ်သင်များမှာ အကန့်အသတ်မရှိသောအလင်းရောင်ကို မော့ကြည့်ရင်း အံ့အားသင့်သွားကြသည်။ ဆေးဝါးပညာရှင်များလည်း တုန်လှုပ်မှုတို့ဖြင့် မျက်နှာ ရိပ်ခနဲ ဖြစ်သွားကြ၏။

"စီနီယာမျိုးဆက်ဝင်တစ်ယောက် ဆေးဖော်နေတာများလား"

"မဟုတ်ဘူး အဲဒီအလင်းရောင်ကို ကြည့်။ ဆေးအိမ်တော်ကနေ ‌ဖြာထွက်လာနေတာ"

ဘိုးဘေးစံအိမ်ထဲရှိ မျိုးနွယ်ဝင်များပင် ဆေးဝါးတာအိုဌာနမှ လာနေသော ‌အလင်းရောင်ကို မြင်လိုက်ကြရသည်။ မျိုးနွယ်ဝင်အတော်များများသည် နေအိမ်များမှ ထွက်၍ အလင်းလာရာဘက်သို့ တအံ့တဩ လှမ်းကြည့်လိုက်ကြသည်။

အရာအားလုံး တုန်ခါနေပြီး ဆေးဝါးတာအိုဌာန၏ မရေမတွက်နိုင်သော ဆေးဝါးအတတ်သင်များအပြင် ဆေးဝါးပညာရှင်အမြောက်အမြားလည်း တအံ့တဩ စိုက်ကြည့်နေကြသည်။ အလင်းက ဆေးအိမ်တော်မှ လာနေခြင်းဖြစ်ကြောင်း သဘောပေါက်သောအခါ အကုန်လုံး ၎င်းထံသို့ ပျံသန်းသွားကြ၏။

အချိန်တိုလေးအတွင်း မရေမတွက်နိုင်သော ရောင်စုံအလင်းတန်းများသည် ဆေးဝါးတာအိုဌာနအတွင်း ပြည့်နှက်သွား၏။

ဆေးအိမ်တော်၏အပြင်ရှိ လူအုပ်ကြီးမှာ ပင့်သက်ရှိုက်နေပြီး စိတ်နှလုံး တုန်ရီနေကြသည်။ သူတို့မှာ တုန်လှုပ်နေကြသည့်အပြင် ဘာဖြစ်နေမှန်း မသိတော့ပေ။ မန်ဟို ပထမအဆင့်အောင်သွားခြင်းက ယခုလို အကန့်မသတ်မရှိသော အလင်းရောင်များကို မည်ကဲ့သို့ ဖြာထွက်လာစေသည်လဲ နားမလည်နိုင်ဖြစ်နေကြတော့သည်။

အဆင့် (၈) ဆေးဝါးပညာရှင်အဘိုးကြီးသုံးဦးမှာ အကြည့်ချင်းဖလှယ်၍ တစ်ယောက်၏မျက်လုံးထဲက အံ့ဩတုန်လှုပ်မှုကို တစ်ယောက်မြင်လိုက်ကြသည်။

"သူက ဆေးပင်သိန်းတစ်ရာကို ဖြေနိုင်ခဲ့တယ်တဲ့လား။ စည်းမျဉ်းတွေ ပြောင်းလဲသွားတာကြောင့် အဲ့ဒါက အရင်က ဘယ်သူမှ မလုပ်ခဲ့ဖူးတဲ့အရာပဲ။ သူ ပထမအဆင့်ကို အခုလို အောင်သွားတဲ့ ရလဒ်အနေနဲ့ အံ့ဖွယ်တာအိုအလင်းတန်းပါ ပေါ်ပေါက်လာရတယ်"

"ဒီဖန်ဟိုမှာ .... ဒီလိုမယုံနိုင်စရာကောင်းတဲ့ အပင်နဲ့အသီးအရွက်အခြေခံရှိတာ ယုံတောင်မယုံနိုင်ဘူး"

"အဲ့ဒါ အဆင့် (၄) ဆေးဝါးပညာရှင်နဲ့တောင် ယှဉ်နိုင်တယ်။ အဲ့ဒီ‌ထက်တောင် သာကောင်းသာနိုင်တယ်။ ဒါပေမဲ့ အဆင့် (၅) ဆေးဝါးပညာရှင်အဆင့်တော့ မဟုတ်သေးဘူး"

***

All Chapters