အဆင့်တစ်ဆင့်ပြီးတစ်ဆင့် ပထမရခြင်း
Vol. 66 Ch. 914
ဆေးဝါးတာအိုဌာနတစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။ ဆေးအိမ်တော်၏အပြင်သို့ လူများ တစတစ ရောက်ရှိလာကာ ကောင်းကင်ထက်အထိ ဖြာထွက်နေသော အလင်းရောင်ကို တအံ့တဩ ကြည့်နေကြသည်။ သူတို့သည် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေလျက် ပတ်ဝန်းကျင်၌ ရှိသူများအား မည်သည်တို့ဖြစ်ပျက်နေလဲ မေးမြန်းကြည့်ပြီး မန်ဟို ဆေးအိမ်တော်သို့ ဝင်ရောက်သွားခဲ့၍ ဤကဲ့သို့ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အကြောင်း ကြားလျှင် မယုံနိုင်လောက်အောင် အံ့ဩတုန်လှုပ်ကုန်ကြ၏။
"ဖန်ဟိုလား"
"သူက ဆေးအိမ်တော်ထဲ ဝင်သွားတဲ့ တစ်ယောက်ပေါ့လေ။ သူ့ ... သူ့ အပင်နဲ့အသီးအရွက်အသိက ဆေးအိမ်တော်ကို ဒီလောက်လင်းထိန်သွားစေတာလား"
"အပင်နဲ့အသီးအရွက်အကြောင်း ဖန်ဟို ပို့ချတုန်းက တစ်ခါ နားထောင်ခဲ့ဖူးပေမယ့် ... ဒီလိုအံ့ဖွယ်ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေတာ တကယ်ပဲ ဖန်ဟိုလား" ယခုတွင် လူတစ်ထောင်ကျော် ရောက်ရှိနေကြလေပြီ။ အကုန်လုံး အလင်းရောင်အား တအံ့တဩ ကြည့်နေကြစဉ် တချို့က ဆေးအိမ်တော်၏အပြင်ရှိ ကျောက်တိုင်ထံသို့ အာရုံရောက်သွားကြသည်။
ကျောက်တိုင်၏ အောက်ဆုံး၌ နာမည်ပေါင်းသောင်းသိန်းချီကို မြင်ရနိုင်သည်။ ဤအခိုက်အတန့်တွင် ... နာမည်အားလုံး မှေးမှိန်သွားပြီးနောက် အောက်သို့ရွေ့လျားလာကြပုံပေါ်သည်။ စာရင်း၏ထိပ်ဆုံးတွင် ... နာမည်အသစ်တစ်ခု ရောက်လာလေပြီ။
ဖန်ဟို
စောင့်ကြည့်နေသူများမှာ စာရင်း၏ထိပ်ဆုံးရှိ နာမည်ကို မြင်သောအခါ ချက်ချင်း ဆူညံသွားကြသည်။
"တကယ်ပဲ ဖန်ဟိုဟ။ သူ့နာမည်က ပထမဆုံးမှာ"
"ဒီစာမေးပွဲကို အောင်တဲ့ အများစုရဲ့ နာမည်က အောက်ခြေမှာ ပေါ်လာကြတာ။ အနည်းစုပဲ အလယ်ပိုင်းမှာ ပေါ်လာဖူးတယ်။ ဒါတောင် ဖန်ဟိုက တကယ်ပဲ ပထမနေရာရသွားတယ်ပေါ့"
"သူ ဒီလို ပထမနေရာရတယ်ဆိုတော့ သူ့အပင်နဲ့အသီးအရွက်အသိက စာရင်းပေါ်က လူပေါင်းများစွာထက် သာတယ်လို့ ဆိုလိုတာပဲ"
"ဟုတ်ဝာာပေါ့၊ အစွမ်းထက်ဆေးဝါးပညာရှင်အားလုံးရဲ့နာမည်တွေက ကျောက်တိုင်ရဲ့အမြင့်ပိုင်းမှာ။ ဖန်ဟိုတစ်ယောက် ဒီတစ်ခေါက် ဆေးအိမ်တော်မှာ ဆက်ဖြေမှာလား၊ အရင်တစ်ခေါက်က ကောလဟာလတွေလိုမျိုး ဆေးဝါးအတတ်သင်တွေအတွက် အကျိုးအမြတ်ရအောင် စနစ်ရဲ့ချို့ယွင်းချက်ကို ရှာမှာလားမသိဘူး"
စကားသံများ ဆက်လက်ဆူညံနေသည်။ နောက်ဆုံးတွင် သူတို့သည် မန်ဟို ဆေးအိမ်တော်မှ ထွက်လာမည်မဟုတ်ကြောင်း သဘောပေါက်သွားကြ၏။ သူက စာမေးပွဲကို ဆက်ဖြေပေလိမ့်မည်။
လူတိုင်းမှာ ယခုတွင် ယခင်ထက်ပင် စိတ်လှုပ်ရှားလာကြတော့သည်။ သူတို့သည် ဆေးဝါးတာအိုဌာနတွင် လောလောလတ်လတ်ကမှ ထင်ရှားကျော်ကြားလာခဲ့သော ဤလူအသစ်ဖြစ်သူ မန်ဟို၏ အပင်နှင့်အသီးအရွက်အသိမှာ မည်သည့်အဆင့်သို့ ရောက်နေပြီလဲ သိချင်နေကြ၏။
သူတို့သာ သိချင်နေကြခြင်းမဟုတ်။ ပတ်၀န်းကျင်ရှိ ဆေးဝါးပညာရှင်များမှာလည်း အလွန်သိချင်စိတ်ပြင်းပြနေကြ၏။
ဆေးအိမ်တော်အတွင်းတွင် မန်ဟိုသည် အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး ပတ်ပတ်လည်ရှိ မြူများ လွင့်ပျယ်ပျောက်ကွယ်သွားမည်ကို စောင့်နေလိုက်၏။ သူ၏ အရှေ့တွင် ဒုတိယအဆင့်သို့ ဦးတည်နေသော လှေကားပေါ်လာသည်။ မန်ဟိုက ချက်ချင်း လှေကားအတိုင်း တက်သွားလိုက်၏။
"ငါ လူတွေကို အံ့အားသင့်အောင်လုပ်မယ်ဆိုရင် ကောင်းကောင်း အံ့အားသင့်အောင် လုပ်သင့်တယ်" သူကတွေးသည်။ "ငါ့ရဲ့ အပင်ရဲ့အသီးအရွက်အသိက ဒီဖန်မျိုးနွယ်စုရဲ့ ဆေးအိမ်တော်အတွင်းမှာ ဘယ်အဆင့်ထိ ခေါ်သွားနိုင်မလဲဆိုတာလဲ သိချင်သေးတယ်
"ဖန်မျိုးနွယ်စုမှာ အပင်နဲ့အသီးအရွက်အသိဆိုတာ သူတို့ဆေးဝါးတာအိုမှာ အရေးပါဆုံး အခန်းကဏ္ဍပဲ။ ဆေးဝါးပညာရှင်အဆင့်တွေကြားမှာ ထွန်းတောက်ကျော်ကြားလာဖို့ဆိုရင် လူတစ်ယောက်အနေနဲ့ ဆေးအိမ်တော်ရဲ့ အသိအမှတ်ပြုတာ ခံရဖို့လိုတယ်။ တကယ်တော့ ဒီစနစ်က ဆေးဆရာနဲ့ ဆေးဝါးပညာရှင်တွေကို ခွဲခြားပေးထားတာပဲ" လှေကားထစ်၏ ထိပ်ဆုံးသို့ ရောက်သော် မန်ဟိုသည် ဒုတိယအဆင့်တွင် ဖြစ်ကြောင်း တွေ့လိုက်ရ၏။
တောက်ပသော အလင်းရောင်က ဒုတိယအဆင့်တွင် ပြည့်နှက်သွားပြီး ဆေးပင်ဆယ်သိန်း ထပ်မံပေါ်လာပြန်၏။ ၎င်းတို့ထဲမှ အချို့က ပထမအဆင့်က အပင်များဖြစ်ကြသည်။ ၎င်းတို့က ရှေးဟောင်းစာအုပ်တစ်အုပ်အဖြစ် လျင်မြန်စွာ စုစည်းသွားကြသည်။
ဤတစ်ခေါက်တွင် အမွှေးတိုင်သုံးတိုင် ပေါ်မလာဘဲ ခြောက်တိုင်ပေါ်လာသည်။
ထပ်မံ၍ ရှေးဆန်သောအသံကြီးသော ဒုတိယအဆင့်တစ်ဆင့်လုံးတွင် ပဲ့တင်ထပ်သွားသည်။။
"မင်းမှာ ပထမဆုံး ဆေးပင်တစ်သိန်းကို အမည်ဖော်ဖို့ အမွှေးတိုင်ခြောက်တိုင်ထွန်းစာ ရမယ်။ အမှားဆယ်ခုပါရင် စာမေးပွဲကျမယ်"
မန်ဟိုက မျက်မှောင်ကြုတ်သွားပြီးနောက် ဒုတိယအဆင့်ကို တခဏကြည့်လိုက်သည်။
"ဆိုတော့ ဒါက ဒုတိယအဆင့်ပေါ့လေ" သူသည် ရှေ့သို့ လျှောက်သွားပြီး စာအုပ်ကို ဖွင့်ပြီးနောက် သူ၏ နတ်ဘုရားအာရုံကို ၎င်းအထဲသို့ ထည့်သွင်းကာ ဆေးပင်များအား ဖြေကြားနေတော့သည်။
အမွှေးတိုင်သုံးတိုင်ထွန်းစာသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ အကန့်အသတ်မရှိသော အလင်းရောင်တို့ စာအုပ်မှ ဖြာထွက်လာသည်။ မန်ဟိုကား ဆေးပင်ဆယ်သိန်းလုံးအား ဖြေဆိုပြီးသွားလေပြီ။ ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားပြီး နောက်ထပ်လှေကားထစ်တစ်ခု သူ့ရှေ့တွင် ပေါ်လာ၏။
သူက တတိယအဆင့်ဆီသို့ လှေကားထစ်အတိုင်း လျင်မြန်စွာ တက်သွားသည်။ သူသည် ဘေးဘီဝဲယာကို ကြည့်ပြီးနောက်တွင် စိတ်ပျက်သွားသော အမူအရာတစ်ခုအား သူ၏မျက်နှာတွင် မြင်ရနိုင်၏။ တတိယအဆင့်ကား ဆေးပင်ဆယ်သိန်းကို ဖော်ပြနေပြီး ၎င်းတို့က တစ်ပင်နှင့်တစ်ပင်ထပ်ကာ တူညီသော အပင်နှင့်အသီးအရွက်ကျမ်းကို ဖန်တီးလိုက်ပြန်သည်။
သို့သော်လည်း ဤအဆင့်အောင်ဖို့အတွက် လိုအပ်ချက်များမှာ ဆေးပင်တစ်သိန်းအား ဖော်ပြရန် မဟုတ်တော့ဘဲ ဆယ်သိန်းလုံးဖော်ပြရမည် ဖြစ်ပြီး ရှေးဟောင်းစာအုပ်ကြီး၏ အထူးနည်းလမ်းအတိုင်း အစဉ်လိုက်စီပေးရမှာဖြစ်သည်။ ထိုမျှသာမက သုံးခါမှားလျှင် စာမေးပွဲကျမည်။
မန်ဟို့အတွက် ၎င်းက လုံး၀ ခက်ခဲခြင်းမရှိပေ။ သူက ခေါင်းခါရမ်း၍ ရှေ့သို့လျှောက်သွားပြီး ရှေးဟောင်းကျမ်းကို ဖွင့်လိုက်သည်။
ဤတစ်ခေါက်တွင် သူသည် အမွှေးတိုင်နှစ်တိုင်ထွန်းစာသာ ယူလိုက်ရပြီး စာအုပ်ကြီးမှာ ဂျိန်းခနဲ မြည်၍ တတိယအဆင့်မှ အလင်းရောင်များအား အပြင်သို့ ဖြန့်ကျက်လိုက်၏။ထပ်မံ၍ မန်ဟိုမှာ အောင်သွားခဲ့လေပြီ။ စတုတ္ထအဆင့်သို့ ရောက်မှ နောက်ဆုံး သူ၏ မျက်နှာမှာ ချက်ချင်း ၀င်းပသွားတော့သည်။
စတုတ္ထအဆင့်တွင် သူ မြင်လိုက်ရသည်မှာ တတိယအဆင့်တွင် မြင်ခဲ့ရသည့် ဆေးပင်များထက် ဆယ်ဆများသော ဆေးပင်များဖြစ်သည်။ ၎င်းတို့ သိန်းတစ်ထောင်ကျော်လေရာ သူ၏ မျက်လုံးများကို တောက်ပ၀င်းလက်သွားစေတော့၏။
"ကဲ အခုတော့ စိတ်ဝင်စားစရာကောင်းလာပြီ " သူက ရေရွတ်လိုက်သည်။ " ဒါပေမယ့် နည်းနေလွန်းသေးတယ်" ဆေးပင်သိန်းတစ်ထောင်သည် အတူတကွ ပေါင်းစည်းကာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဖော်ဆောင်လိုက်ပြီး အပင်နှင့် အသီးအရွက်ကျမ်းဟူ၍ ရေးထိုးထားပြန်သည်။
စတုတ္ထအဆင့်အတွက် လိုအပ်ချက်မှာ ဆေးပင်သိန်းတစ်ရာအား အမှားတစ်ခုမှ မပါဘဲ ဖော်ပြရန်ဖြစ်သည်။ အမှားလေးတစ်ခုနှင့်တင် စာမေးပွဲကျနိုင်၏။
"ဆေးပင်သိန်းတစ်ရာထဲလား ဟမ်" မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းပြီး ဖြေဆိုရန် တက်ကြွလာသည်။ ဇီယွင်ဂိုဏ်းမှာတုန်းက သူသည် ယခုလို စာမေးပွဲများကို အလွန်တရာ နှစ်ခြိုက်ခဲ့၏။ ၎င်းတို့က တာ့ချင်းတောင်ခြေရှိ သူ၏ စာပေသမားနေ့ရက်များနှင့် အရာရှိစာမေးပွဲများကို အမှတ်ရစေ၏။
သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ လက်နှစ်ဖက်ကို စာအုပ်ပေါ်တင်ကာ နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ ချက်ချင်းပင် ဆေးပင်များအား ဖြေဆိုတော့သည်။
ယခုတွင် ဆေးအိမ်တော်၏ အပြင်၌ လူပေါင်းတစ်သိန်းသည် အလင်းရောင်များ၏ ဆွဲဆောင်ခြင်းခံခဲ့ရသဖြင့် ရပ်နေကြ၏။ ပထမအဆင့်မှ အလင်းပင် ပျောက်ကွယ်သွားခြင်းမပြုခင် တောက်ပသော အလင်းရောင်က ဒုတိယအဆင့်မှ ပေါ်လာပြီးနောက် တတိယအဆင့်မှ ပေါ်လာပြန်သည်။
ဤအလင်းရောင်များမှာ ပထမအဆင့်မှ အလင်းရောက်ကဲ့သို့ မျက်စိကျိန်းမတက် စူးရှတောက်ပခြင်းမရှိသော်လည်း အံ့အားသင့်ဖွယ်ကောင်းနေသည်။ အရေးကြီးဆုံးမှာ မန်ဟို၏ နာမည်က ဒုတိယနှင့် တတိယအဆင့်သို့ တက်နေစဉ် ပထမနေရာကိုသာ သိမ်းပိုက်ထားခြင်းဖြစ်သည်။
ပတ်၀န်းကျင်ရှိ ဆေးဝါးပညာရှင်များမှာ အလွန်လေးနက်သော အမူအရာများဖြင့် စောင့်ကြည့်နေကြသည်။
"သူ အဆင့်လေးရောက်သွားပြီ"
"ဒီ ဖန်ဟိုက အစနေပြီးတော့ တတိယအဆင့်အထိ အချိန်တိုတိုလေးနဲ့ အောင်သွားတာ။ အဆင့်လေးက သူ့အတွက်များ ပြဿနာဖြစ်စေမလားမသိဘူး"
"ဆေးဝါးတာအိုဌာနရဲ့ ဆေးအိမ်တော်မှာ ပထမအဆင့်သုံးဆင့်က အခြေခံသက်သက်ပဲ။ ငါကြားရသလောက် ဆေးပင်သိန်းတစ်ရာထက်ပိုပြီး မပေါ်လာဘူးလို့ကြားတယ်။ စတုတ္ထအဆင့်ကတော့ မတူဘူး။ ခက်ခဲမှုအဆင့်က ဆယ်ဆပိုမြင့်တယ်"
စတုတ္ထအဆင့်တွင် မန်ဟို၏ မျက်လုံးများသည် ထူးဆန်းစွာ တောက်ပလျက်ရှိ၏။ သူကား ဆေးပင်များအား အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ဖြေကြားနေသဖြင့် သူ၏ နတ်ဘုရားအာရုံမှာ ထစ်ချုန်းသံများ ထုတ်လွှတ်နေလေသည်။ သူသည် ဆေးပင်တစ်ပင်ကို မြင်လိုက်လျှင်ချင်း ချက်ချင်း မှတ်မိရာ စာအုပ်၏ စာရွက်များအား တဖျတ်ဖျတ် လှန်နေစေ၏။ ၎င်းမှာ သဲသဲကွဲကွဲပင် မမြင်ရတော့လေရာ အပြင်လူများသာတွေ့လျှင် အင်မတန် တုန်လှုပ်သွားလိမ့်မည် ဖြစ်သည်။
တကယ်တော့ မန်ဟိုမှာ အပြင်ရှိလူများကို မြင်စေချင်၏။ သူတို့သာ မြင်ရလျှင် ၎င်းတို့က သူ့အတွက် စွမ်းဆောင်ရည်ရမှတ်များ ရှာဖွေဖို့ အထောက်အကူကြီး ဖြစ်လိမ့်မည်။ တခဏကြာသော် သူသည် နတ်ဘုရားအာရုံကို ရုတ်သိမ်းပြီး ထိုကဲ့သို့ အရာတစ်ခုက ဖြစ်နိုင်သည်လား ဆေးအိမ်တော်ကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
အရာအားလုံး တခဏ တိတ်ဆိတ်သွားပြီးနောက်တွင် ရှေးဆန်သော အသံကြီးက ထွက်ပေါ်လာ၏။
"ဆေးအိမ်တော်မှာ အဲ့ဒီလို စွမ်းအားမျိုးမရှိဘူး။ မင်း ဒီဆေးပင် သိန်းတစ်ထောင်လုံးကို အမည်ဖော်ထုတ်နိုင်မယ်ဆိုရင် နောက်တစ်ဆင့်မှာ အဲ့ဒီလိုလုပ်ဖို့အတွက် ငါ ကြိုးစားကြည့်နိုင်တယ်"
ဤအခြင်းအရာကြောင့် မန်ဟိုက ချက်ချင်း ခေါင်းညိတ်ပြီး အသက်ပြင်းပြင်းရှုသွင်း၍ ဆက်လက်ဖြေကြားတော့သည်။
"အပြင်ကလူတွေ ငါ့ရဲ့သင်ခန်းစာတွေကို များများနားထောင်စေဖို့အတွက် ငါ စွမ်းဆောင်ရည်ရမှတ်များများ ရဖို့အတွက် ငါ အစွမ်းကုန်ကြိုးစားမယ်
"ငါ ဒီက ထွက်တဲ့အထိပဲ စောင့်ပေါ့ကွာ။ ပြီးတာနဲ့ သေချာပေါက် ပို့ချခကို တိုးပစ်မယ်။ နှစ်နာရီကို စွမ်းဆောင်ရည်ရမှတ်နှစ်မှတ်" သူ၏ မျက်လုံးများ၌ ခိုင်မာပြတ်သားမှုဖြင့် ပြည့်နှက်သွားပြီး ၎င်းက သူ၏ နတ်ဘုရားအာရုံကို သက်ရောက်ကာ ယခင်ထက်ပို၍ မြန်သွားစေသည်။
ဆယ်သိန်း ၊ သိန်းတစ်ရာ ၊ သိန်းသုံးရာ
မန်ဟိုက သူ၏နတ်ဘုရားအာရုံများနှင့် ပေါ်လာသော ဆေးပင်များကို အဆက်မပြတ် ဖြေကြားနေ၏။ သူ ရရှိနေသော ခံစားချက်က သူ့အား ခံစားချက်အပြည့်ဖြင့် သက်ပြင်းချမိလိုက်စေသည်။ သူ့တွင် ထိုနှစ်တုန်းက အရာရှိစာမေးပွဲဖြေခဲ့တုန်းကသာ ယခုလို အသိအမြင်ရှိခဲ့လျှင် သေချာပေါက် ကျိုးပြည်၌ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်နေပေလိမ့်မည်။
"ဒါပေမယ့် သိပ်ကြာမှာမဟုတ်ပါဘူး။ နှစ်ပေါင်းရာနဲ့ချီလည်း ကြာခဲ့ပြီဆိုတော့ ငါသာ ကျင့်ကြံအားမထုတ်ခဲ့ရင် သေတာဖြင့် ကြာလောက်ပြီ" သူက သက်ပြင်းချရင်း ခေါင်းခါရမ်းကာ ဆက်လက်ဖြေကြားလိုက်၏။
စာအုပ်ကား သဲသဲကွဲကွဲပင် မမြင်ရတော့ချေ။ စာရွက်များမှာ အလွန်လျင်မြန်စွာ လှန်နေသဖြင့် စာအုပ်မှာ ထာ၀ရတစ်လျှောက်လုံး မလှုပ်မယှက် တန့်နေသည့်အလား ထင်ရ၏။
သိန်းလေးရာ ၊ သိန်းငါးရာ ၊ သိန်းခြောက်ရာအထိ။
အချိန်များ ကုန်လွန်သွားသည်။ မန်ဟို့အတွက်တော့ အားနည်းနည်းမှ ထုတ်သုံးနေရသည့်ပုံမပေါ်ပေ။ ထိုမျှသာမက သူ၏ အပင်နှင့်အသီးအရွက်အသိသည် ပို၍ပင် ခိုင်မာလာ၏။
သိန်းခုနစ်ရာ ၊ သိန်းရှစ်ရာ ၊ သိန်းကိုးရာ။
နောက်ဆုံးသတ်တွင် မန်ဟိုက ခပ်ဆတ်ဆတ် အသက်ရှုသွင်းလိုက်ပြီး စာအုပ်ကို ဘုံးခနဲ ပိတ်ပစ်လိုက်သည်။
သိန်းတစ်ထောင်။
ဆေးအိမ်တော်မှာ တုန်ခါသွားပြီး အကန့်အသတ်မဲ့သော အလင်းရောင်က အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။ လှေကားတစ်ခု ပေါ်လာပြီး မန်ဟိုက မျှော်လင့်ချက်အပြည့်ဖြင့် တက်လိုက်သည်။
ဆေးအိမ်တော်အပြင်ရှိ လူများစောင့်ကြည့်နေစဉ် အဆင့်လေးမှ တောက်ပသော အလင်းရောင်က အရပ်လေးမျက်နှာသို့ ဖြာထွက်လာ၏။
"သူ အဆင့်လေးကို အောင်သွားပြီ"
"သူအဆင့်လေးကို အောင်သွားပြီဆိုတော့ သူက အဆင့် (၄) ဆေးဆရာ ဖြစ်သွားပြီလို့ ဆိုလိုတယ်။ သူရဲ့ ဆေးဖော်စပ်စွမ်းရည်က အဲ့ဒီလို အစွမ်းထက်တယ်ဆိုရင် အဆင့် (၄) ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်"
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေ၏။ မှန်ပါသည်။ အချို့လူများ၏ မျက်နှာပေါ်၌ အထင်သေးသော အမူအရာများ ရှိနေကြသည်။ သူတို့အမြင်အရ အဆင့်(၄) ဆေးဝါးပညာရှင်မည်သူမဆို စတုတ္ထအဆင့်ကို အောင်နိုင်ရာ မန်ဟို့အနေဖြင့် မည်သည့်အောင်မြင်မှုကို မသိမ်းပိုက်ရသေးဟု ဆိုလိုလေသည်။ အလွန်ဆုံး သူက ပထမအဆင့်တွင်သာ ထူးထူးခြားခြား လုပ်ဆောင်ခဲ့၏။
သို့သော် ဆွေးနွေးသံများ မပြီးဆုံးသေးခင် အလင်းတန်းတစ်တန်း ပဉ္စမအဆင့်မှ ဖြာထွက်လာသည်။ ၎င်းက လေပေါ် မြင့်တက်သွားပြီး လှိုင်းများ ထွက်လာ၏။
အံ့ဩဖွယ်ကောင်းစွာနှင့် ထိုလှိုင်းများအတွင်းတွင် မှန်သားပြင်တစ်ခု ပေါ်လာသည်။
ပဉ္စမအဆင့်သို့ လှေကားအတိုင်း တက်သွားနေသော မန်ဟို့အား ထိုမှန်သားပြင်တွင် မြင်လာရ၏။
ဤမြင်ကွင်းက ပတ်၀န်းကျင်ရှိ စောင့်ကြည့်နေသူ တစ်သိန်းကို အံ့ဩသွားစေသည်။ အကြီးအကဲများပင် အံ့အားသင့်သွားကြ၏။ မှန်သားပြင်ကြီးမှာ အလွန်ကြီးမားသဖြင့် ကောင်းကင်တစ်ခုလုံးပြည့်နေသည်။ ဆေးအိမ်တော်သို့ မသွားခဲ့သော ဆေးဝါးတာအိုဌာနရှိ လူပေါင်းများစွာမှာ ဧရာမမှန်သားပြင်ကြီးကို မြင်လျှင် ရုတ်တရက် သိချင်လာကြပြီး အမြန်ဆုံး ထွက်လာကြ၏။
သူတို့ထဲက တစ်ယောက်မှာ မန်ဟို၏ သင်ခန်းစာကို နှောင့်ယှက်ခဲ့သော အဆင့် (၇) ဆေးဝါးပညာရှင် အဘွားအိုပင်။ သူမက တအံ့တဩနှင့် အပြင်တောင်များမှ ပျံထွက်လာသည်။
ဆေးအိမ်တော်ရှိ လူတိုင်းသည် မှန်သားပြင်ပေါ်ရှိ မမြင်စဖူး မြင်နေရသော မြင်ကွင်းကိုကြည့်ရင်း ဆွေးနွေးလာကြ၏။ သူတို့မှာ အလွန်စိတ်လှုပ်ရှားနေကြလေသည်။
"ဘာတွေ ဖြစ်နေတာလဲ။ ဆေးအိမ်တော်ထဲ ၀င်သွားရင် မှန်သားပြင်ပေါ်တယ်လို့ တစ်ခါမှ မကြားဖူးပါဘူး"
"အဲ့ဒါက ... နေပါဦး စည်းမျဉ်းတွေ ပြောင်းလဲသွားလို့ ဆေးအိမ်တော်ရရှိလိုက်တဲ့ နတ်ဘုရားစွမ်းရည်အသစ်များလား"
"ဟာ မိုက်လိုက်တာ။ ငါတို့ ဖန်ဟို ပဉ္စမအဆင့်ကို ဘယ်လိုအောင်သွားလဲ မြင်ရတော့မယ်။ ဒါက အရင်ထက် အများကြီးပိုကောင်းတယ်ကွ"
အကြီးအကဲသုံးဦးမှာ တအံ့တသြ ကြည့်နေကြပြီး တစ်ယောက်ကိုတစ်ယောက် မသင်္ကာသလို အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဆေးအိမ်တော်ထဲ၌ ဖြစ်ပျက်နေသော အရာကို မဖော်ပြဖို့ စည်းကမ်းတင်းတင်းကြပ်ကြပ် တားမြစ်ထား၏။ အချို့လူများအနေဖြင့် အသေးစိတ်နှင့် ပက်သက်ပြီး တိုးတိုးတိတ်တိတ် သိလျှင်တောင်မှ သိုသိုသိပ်သိပ်သာနေပြီး အချက်အလက်များကို အပြင်သို့ ဖြန့်ဝေမည်မဟုတ်ပေ။ အထူးသဖြင့် ပဉ္စမအဆင့်နှင့် ထို့ထက်မြင့်သော အဆင့်များတွင် ဖြစ်သည်။
"ဆေးလုံးအကြီးအကဲက ဆေးအိမ်တော်ကို ထိန်းချုပ်နေတာဆိုတော့ သူ့မှာ လျှို့ဝှက်တဲ့ အစီအစဥ်တစ်ခုများ ရှိနေတာလား မသိဘူးနော်" အဘိုးကြီးသုံးယောက် တစ်ယောက်ကိုတစ်ယောက် စကားများ ပေးပို့၍ ဆက်သွယ်နေကြသည့်အချိန်မှာပင် သူတို့၏ ပတ်ပတ်လည်ရှိ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။ မှန်သားပြင်ပေါ်တွင် လှေကားထစ်များမှ ထွက်ခွာ၍ ပဉ္စမအဆင့်၌ ခြေချလိုက်သော မန်ဟို့အား မြင်နိုင်လေသည်။
တစ်ချိန်တည်းမှာပင် ဆေးအိမ်တော်၏ အပြင်ရှိ ကျောက်တိုင်၏ အပေါ်တွင် မန်ဟို၏နာမည်သည် စတုတ္ထအဆင့်၌ ပထမနေရာတွင် ပေါ်လာပြန်၏။
***