← Chapters

ခြေတစ်လှမ်းလျှင် ကြာတစ်ပွင့်

Vol. 66 Ch. 916

ခြေတစ်လှမ်းလျှင် ကြာတစ်ပွင့်

Vol. 66 Ch. 916

အချိန်များ ကုန်ဆုံးသွားစဉ် တချို့လူများသည် ပုံမှန်ဆိုလျှင် ပဉ္စမအဆင့်ဖြေဆိုချိန် ပြည့်သွားလောက်ပြီဖြစ်ကြောင်း သတိထားမိလာကြ၏။ သို့သော် မန်ဟိုက ဆက်ဖြေနေဆဲပင်။

ကြည့်ရသရွေ မန်ဟို စိတ်တိုင်းကျဖြေနိုင်‌အောင် အချိန်ကန့်သတ်မှုမှာ ရုတ်သိမ်းခံခဲ့ရသည့်အလား ထင်ရသည်။

တဖြေးဖြေး သူ ဖြေဆိုနေသော အပင်နှင့်အသီးအရွက်အရေအတွက်မှာ တိုးများလာသည်။ နောက်ဆုံးတော့ သုံးရက်ကြာသွားလေပြီ။

မန်ဟိုမှာ ပဉ္စမအဆင့်တွင် အချိန်နှင့်အားအင်များစွာ ဖြုန်းတီးဖို့ လိုအပ်သည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ သူ၏မျက်လုံးများမှာ နီရဲနေပြီး စိတ်ပင်ပန်းနေသည်ကို ခံစားနေရ၏။ သို့သော် သူကား စိတ်လှုပ်ရှားနေဆဲ ဖြစ်ပြီး စိတ်အားတက်ကြွနေသည်။

နောက်ဆုံးနှစ်ဆယ်ရာခိုင်နှုန်းအထဲတွင် မန်ဟို မသိသော အပင်နှင့်အသီးအရွက်အမျိုးအစားများစွာပါသည်။ သူ့အနေဖြင့် ၎င်းတို့အား နက်နက်နဲနဲ ‌မသုံးသပ်ခင် တစ်ပင်စီအား ခွဲခြမ်းစိတ်ဖြာပြီး အကဲဖြတ်ဖို့အတွက် အချိန်နှင့်အားအင်များစွာ အသုံးပြုရ၏။ နောက်ဆုံးတွင်မှ နတ်ဘုရားအာရုံအဖြေတစ်ခုကို ဖန်တီးရန် လုံလောက်သောအချက်အလက်များ ရမည်ဖြစ်သည်။

အပင်အကြောင်း အသေးစိတ်ဖော်ပြချက်သည် သူ ဖြေလိုက်တိုင်း ပေါ်လာတတ်၏။ ၎င်းက သူ အမှန်တကယ် မြင်ချင်သော အရာပင်။ သူ့မှာ အပင်နှင့်အသီးအရွက်နှင့်ပတ်သက်သည့် အကန့်အသတ်မဲ့ဗဟုသုတများအား စုပ်ယူဖို့ စောင့်စားနေသော ခြောက်ကပ်ကပ် ဖော့တုံးတစ်တုံးပမာပင်။

သုံးရက်ထပ်ကြာသွားသည် ... ပရိသတ်တစ်ယောက်မှ ထွက်မသွားကြဘဲ ပတ်ဝန်းကျင်တွင် တင်ပျဉ်ခွေထိုင်ကာ နေရာယူထားကြ၏။ သာမန်ကျင့်ကြံသူများသာဆိုလျှင် ဤကိစ္စကို ပျင်းစရာဟု ထင်ကောင်းထင်လောက်မည်။ သို့သော် သူတို့သည်‌ ဆေးဝါးတာအိုတွင် ဘဝတစ်ခုလုံးအား မြှုပ်နှံထားသည့် ဆေးဝါးပညာရှင်များ၊ ဆေးဝါးအတတ်သင်များဖြစ်ကြသည်။ မှန်သားပြင်ထက်ရှိ မန်ဟို၏စာမေးပွဲကို ကြည့်ရခြင်းက သူတို့အား ဘယ်တော့မှ မြင်နိုင်မည်မဟုတ်သော ဆေးပင်များကို မြင်ခွင့်ရစေရာ မယုံကြည်နိုင်ဖွယ် အခွင့်အရေးတစ်ခု ဖြစ်လေသည်။

လူတိုင်းသည် အချက်အလက်များကို မှတ်သားရင်း လေ့လာနေကြ၏။

ပို၍များပြားသောလူများ ရောက်ရှိလာကြသည်။ ဆယ်ရက်မြောက်‌နေ့တွင် လူပေါင်းသုံးသိန်းနီးပါးရှိလာပြီး မျက်စိတဆုံး ပြွတ်သိပ်ကြပ်နေသည်။

ပဉ္စမအဆင့်တွင် မန်ဟိုသည် အပင်နှင့်အသီးအရွက်များအကြောင်း ဈာန်ဝင်စားနေရာမှ နိုးထလာသဖြင့် တစ်ကိုယ်လုံး တုန်ရီသွား၏။ သူ့အရှေ့တွင် ရှေးဟောင်းစာအုပ်၏ နောက်ဆုံးစာမျက်နှာ ရှိသည်။

ထိုအခိုက်အတန့်တွင် ယခင်ရက်များမှ ပင်ပန်းနွမ်းနယ်မှုအားလုံးက သူ့ကို လွှမ်းခြုံသွားပြီး သူ့မှာ ခေါင်းတစ်ခေါင်းလုံး ထူပူကိုက်ခဲလာသည်ကို ခံစားလိုက်ရသည်။ သူ့အတွက် ဤဆယ်ရက်မှာ အနက်ဝတ်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူသုံးယောက်ကို တိုက်ခိုက်ခဲ့ရစဉ်တုန်းကထက်ပို၍ အားကုန်စေလေသည်။

သို့ထိတိုင် သူက မျက်လုံးများကို မပိတ်။ သူသည် ဤအဆင့်အတွက် သူ၏ရလဒ်ပေါ်လာသော စာအုပ်ကို ကြည့်လိုက်၏။

ပထမအဆင့်လေးဆင့်တုန်းက မည်သည့်အမှားမှ မလုပ်ခဲ့ကြောင်း ယုံကြည်ချက်အပြည့်အဝရှိခဲ့သည့်အတွက် ရလဒ်များကို သူ စိတ်မဝင်စားခဲ့ပေ။ သို့သော် ပဉ္စမအဆင့်တွင်တော့ ယုံကြည်ချက်သိပ်မရှိပေ။

"ငါ နှစ်ရာကျော် လွတ်သွားတယ် ...." သူက ရေရွတ်လိုက်သည်။ "အကုန်လုံးက နောက်ဆုံး အပင်သိန်းသုံးထောင်ထဲကပဲ" နောက်ဆုံးတွင် သူသည် မျက်လုံးများကို မှိတ်၍ အားပြန်ဖြည့်ရန် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။

သူ့မှာ ရလဒ်များနှင့်ပတ်သက်၍ နည်းနည်းလေးမှ စိတ်တိုင်းမကျပေ။ သို့သော် ဤအဆင့်တွင် မရင်းနှီးသော ဆေးပင်အမြောက်အမြားဖြင့် မိတ်ဆက်ခံခဲ့ရပြီး သူ၏အပင်နှင့်အသီးအရွက်အသိမှာလည်း တစ်ဆင့်လုံး တိုးတက်သွားခဲ့သည်။

အဆင့် (၈) အကြီးအကဲသုံးဦးအပါအဝင် အပြင်ရှိ ပရိသတ်များအတွက်မူ ရလဒ်များသည် အလွန်အမင်း အံ့အားသင့်ဖွယ်ဖြစ်၍ လူတိုင်း ပင့်သက်ရှိုက်သွားကြပြီးနောက် ဆူညံပွက်လာရိုက်သွားတော့သည်။

"ဆေးပင်သိန်းတစ်သောင်းထဲမှာ နှစ်ရာကျော်ပဲ လွတ်သွားတယ်တဲ့လား ... လူတောင် ဟုတ်ရဲ့လားဟ"

"ဘယ်အဆင့် (၅) ဆေးဝါးပညာရှင်မဆို ပထမဆုံးသိန်းတစ်ထောင်ကိုပဲ ဖြေရင်း အောင်သွားကြတာ။ ‌ဒါပေမဲ့ ဖန်ဟိုက အဲ့ဒါနဲ့တင် မကျေနပ်လို့ တစ်သောင်းစလုံး ဖြေလိုက်တယ်ပေါ့။ သူ့မျက်နှာကြည့်ရတာ နည်းနည်းစိတ်ပျက်နေတဲ့ပုံပဲ"

ပရိသတ်သုံးသိန်းကြားမှ ပွက်လောရိုက်လာသော စကားသံများသည် မိုးခြိမ်းသံကြီးအလား အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ဆေးဝါးတာအိုဌာန၏ ဆေးဝါးအတတ်သင်များနှင့် ဆေးဝါးပညာရှင်များစွာမှ ကြားလိုက်ကြရသည်။ မြေပြင်သည် တုန်ခါလာပြီး ကောင်းကင်ထက်ရှိ တိမ်တိုက်များ ပြိုကွဲကုန်ကြ၏။

အဆင့် (၈) ဆေးဝါးပညာရှင်သုံးဦးက ပြုံးရင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

"ငါ အဲဒီနှစ်တုန်းက ပဉ္စမအဆင့်ကို ဖြေတုန်းကဆို ဒါမျိုး မလုပ်နိုင်ခဲ့ဘူး"

"အရင်တုန်းကဟာကို အသာထား။ အခုတောင် လုပ်နိုင်တာ ငါတို့ပဲ ရှိမယ်။ အဆင့် (၇) ဆေးဝါးပညာရှင်တွေတောင်မှ ဒါမျိုး လုပ်နိုင်လောက်မှာ မဟုတ်ဘူး"

အဝေးမှ အလင်းတန်းများစွာ ပေါ်လာပြီး အဆင့် (၈) ဆေးဝါးပညာရှင်များ ထပ်ရောက်လာသည်။ မှန်ပါသည်၊ ဘယ်သူမှ သူတို့ကို မမြင်ရပေ။ သူတို့က ရောက်လာလျှင် မျှော်လင့်ချက်များပြည့်နှက်နေသော မျက်လုံးများဖြင့် .... ဆေးအိမ်တော်ကို ကြည့်လိုက်ကြသည်။

"နောက်ဆုံးတော့ ငါတို့ ဆေးဝါးတာအိုဌာနမှာ ... စစ်မှန်တဲ့ မျိုးနွယ်ဝင်ရွေးချယ်ခံတစ်ဦး ရှိလာခဲ့ပြီ"

ဆေးအိမ်တော်၏ ပဉ္စမအဆင့်တွင် မန်ဟိုက မျက်လုံးများ ဖွင့်လိုက်သည်။ သူ၏ ပင်ပန်းနွမ်းနယ်မှုများစွာ သက်သာသွားခဲ့လေပြီ။ သူသည် အသက်ပြင်းပြင်းရှူသွင်း၍ ထရပ်ကာ ရှေးဟောင်းစာအုပ်ထံသို့ လျှောက်သွား၏။ ထို့နောက် လက်နှစ်ဖက်ယှက်၍ ခါးကိုင်းအရိုအသေပေးလိုက်လေသည်။

"အခုလို ကြင်နာမှုမျိုးနဲ့ ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်" သူက နူးညံ့ညင်သာစွာ ပြောသည်။ စကားလုံးတစ်လုံးချင်းစီသည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးထဲမှ အရင်းခံ၏။ ဆေးဝါးတာအိုကျင့်ကြံသူများအတွက် မန်ဟို၏ ယခု အတွေ့အကြုံမှာ ကြီးမြတ်သောတာအိုတစ်ပါးဖြင့် လက်ဆောင်ပေးခံရသကဲ့သို့ ဖြစ်သည်။

မန်ဟို အရိုအသေပေးပြီးနောက်တွင် စာအုပ်သည် ပျောက်ကွယ်သွားပြီး အပေါ်သို့ ဆန်းတန်းနေသော လှေကားတစ်ခုက သူ့အရှေ့တွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏နာမည်သည် ယခင်နေရာမှာ ပဉ္စမအဆင့်သို့ ရောက်လာပြီး ‌ထုံးစံအတိုင်း ပထမနေရာကို သိမ်းပိုက်ထားပြန်၏။

မန်ဟိုက တည်ကြည်လေးနက်သောအမူအရာဖြင့် ဆဋ္ဌမအဆင့်သို့ ဦးတည်နေသော လှေကားအတိုင်း ဆက်သွားသည်။ ရောက်သောအခါ သူ မြင်လိုက်သည်မှာ ဗလာကြီးသာ ဖြစ်၏။

မည်သည့်ဆေးပင်မှ မရှိ ၊ မည်သည့် စာအုပ်မှ မရှိ၊ မည်သည့်မြူမှ မရှိသလို အလင်းရောင်ပင် မရှိပေ။ ပိတ်ပိတ်ပိန်း မှောင်မည်းနေပြီး မည်သည့်ဖြစ်တည်မှုမှ မတည်ရှိသည့်အလား ဗလာကျင်းနေသည်။

မန်ဟိုမှာ အံ့အားသင့်သွားသည်။ သူတင်မဟုတ်၊ အပြင်ရှိလူများလည်း မှန်သားပြင်ကို တအံ့တဩ ကြည့်နေကြ၏။

မအံ့ဩသည့်လူများဆို၍ ဆဋ္ဌမအဆင့်ကို ဖြေဆိုခဲ့ဖူးသော ဆေးဝါးပညာရှင်သာ ရှိသည်။ သူတို့သည် မှန်သားပြင်ကို လေးလေးနက်နက် ကြည့်နေကြ၏။ အဆင့် (၇) ဆေးဝါးပညာရှင်အဘွားအိုမှာမူ မှန်သားပြင်ကို ကြည့်ရင်း သုန်မှုန်နေသည်။ ယခုတွင် သူမသည် မန်ဟို မည်မျှအစွမ်းထက်ကြောင်း မြင်ခဲ့ရပြီဖြစ်၍ စောစောက လုပ်ခဲ့မိသည်ကို နောင်တရနေလေသည်။ သူမမှာ သူ့ကို အတိုက်အခံလုပ်ခဲ့မိသော်လည်း ယခုမှတော့ ဘာမှမတတ်နိုင်တော့ကြောင်း သိ၍ ဟန်ကိုယ့်ဖိုသာ ဆက်နေတော့ပေမည်။

သူမအမြင်အရ သူသည် အစွမ်းထက်ကောင်းထက်နိုင်သော်လည်း မျိုးနွယ်စုအတွင်း၌ သူမ အကူအညီတောင်းနိုင်သောလူများနှင့် မယှဉ်နိုင်ပေ။ သူတို့ ပေးခဲ့သော နစ်နာကြေးမှာ မယုံနိုင်ဖွယ်ကောင်း၏။

"သူ ပဉ္စမအဆင့်မှာ လုပ်ခဲ့သလို ငါ လုပ်နိုင်ချင်မှ လုပ်နိုင်လိမ့်မယ်" သူမက သူမကိုယ်သူမ ပြောသည်။ "ဒါပေမဲ့ ကိစ္စမရှိဘူး။ ဆေးဝါးပညာရှင်တစ်ဦးအနေနဲ့ အပင်နဲ့အသီးအရွက်အကြောင်း အဲဒီလောက်နက်နက်နဲနဲ သိစရာမှမလိုတာ။ သိရမယ့်အရာတွေနဲ့ ရင်းနှီးရင်ပဲ ရပြီ

"ငါ ဒီအဆင့်ကို မအောင်ခင်တုန်းက အကြိမ်ပေါင်း ဒါဇင်နဲ့ချီ ကျခဲ့တယ်။ ဒီဖန်ဟိုအနေနဲ့ တစ်ခါတည်း အောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဆဋ္ဌမအဆင့်က အရှေ့ငါးဆင့်နဲ့ တူမှမတူတာလေ မဟုတ်ဘူးလား" သူမက အေးစက်စက် ရယ်လိုက်သည်။

အနီးနားရှိ အဆင့် (၅) ၊ (၆) နှင့် (၇) ဆေးဝါးပညာရှင်များသည် ခေါင်းခါရမ်းနေကြ၏။ သူတို့အားလုံး ဆေးအိမ်တော်၏ ဆဋ္ဌမအဆင့်ကို စိန်ခေါ်ခဲ့ဖူးသည့်အတွက် ၎င်း မည်မျှ ခက်ခဲသလဲ သိကြလေသည်။

"ဒီအဆင့်က ခြားနားစည်းလိုပဲ " အဆင့် (၈) အကြီးအကဲက ပေါ့ပေါ့ပါးပါး မှတ်ချက်ပြုသည်။

"ပထမအဆင့်ငါးဆင့်မှာ အပင်နဲ့အသီးအရွက်အကြောင်း လုံလုံလောက်လောက် သိဖို့လိုတယ်။ နောက်ဆုံးအဆင့်လေးဆင့်ကတော့ လုံးဝတခြားစီပဲ။ ခက်သထက် ခက်လာမှာ"

ဆေးအိမ်တော်၏အပြင်ရှိ ကျောက်တိုင်ပေါ်တွင် ပထမအဆင့်၌ နာမည်ပေါင်းသိန်းချီကို မြင်ရနိုင်သည်။ ဒုတိယအဆင့်တွင် တစ်သိန်း၊ တတိယအဆင့်တွင် ငါးသောင်းနှင့် စတုတ္ထအဆင့်တွင် နှစ်သောင်းသာရှိပြီး ပဉ္စမအဆင့်တွင်မူ တစ်သောင်းထက်မပိုပေ။

ဆဋ္ဌမအဆင့်တွင်တော့ ငါးထောင်သာ အောင်ခဲ့ဖူး၏။

သတ္တမအဆင့်တွင် နာမည်တစ်ထောင်ရှိပြီး အဋ္ဌမအဆင့်တွင်မူ နှစ်ရာစွန်းရုံသာ။ နောက်ဆုံး နဝမအဆင့်၌ကား .... ဆယ်ယောက်သာ ရှိသည်။

ဤအရေအတွက်များမှာ ဖန်မျိုးနွယ်စု၏ ဆေးဝါးတာအိုဌာနကို တည်ထောင်ကတည်းက တည်ရှိခဲ့သော ပမာဏအား ကိုယ်စားပြုသည်ကို မေ့မရပေ။ ဤအခြင်းအရာအရ ဆေးအိမ်တော်စာမေးပွဲသည် မည်မျှခက်ကြောင်း အလွယ်တကူ တွေးကြည့်နိုင်၏။

ထိုမျှသာမက ဆဋ္ဌမအဆင့်ကို တစ်ယောက်အောင်မြင်တိုင်း ‌ဖြစ်ပေါ်လာမည့် ပထမဆုံးအရာမှာ ဘိုးဘေးစံအိမ်၏ ကောင်းကင်ထက်တွင် ဝာာအိုခေါင်းလောင်းတစ်လုံး ပေါ်ပေါက်လာမည်ဖြစ်သည်။ အပြင်လူတစ်ယောက်မှ ခေါင်းလောင်းကို မမြင်နိုင်သည့်အပြင် ၎င်းမြည်လျှင်လည်း အရှေ့အောင်ပွဲဂြိုဟ်အပေါ်ရှိ ဖန်မျိုးနွယ်ဝင်များသာ စိတ်ထဲ၌ ကြားရနိုင်၏။

ထိုခေါင်းလောင်းက စစ်မှန်သော ဂုဏ်ကျက်သရေနှင့် ခမ်းနားမှုကို ကိုယ်စားပြုလေသည်။

မန်ဟိုက ပတ်ပတ်လည်ရှိ အမှောင်ထုကို ကြည့်ရင်း ဆေးအိမ်တော်၏ ဆဋ္ဌမအဆင့်တွင် ရပ်နေသည်။ သူ့မှာ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီးနောက်တွင်ပင် အမှောင်ထုမှအပ မည်သည့်အရာကိုမှ အာရုံမရပေ။ သူသည် တခဏ တွန့်ဆုတ်နေပြီးနောက် ခြေတစ်လှမ်းလှမ်းလိုက်၏။

သူ၏ခြေထောက် ကျသွားသည်နှင့်တစ်ပြိုင်နက် သူက တုံ့ခနဲ ရပ်ပြီး ခေါင်းကို ဆတ်ခနဲ ထောင်လိုက်သည်။ သူ၏အမူအရာ ရိပ်ခနဲ ဖြစ်သွား၏။

စောစောက အမှောင်ထုမှအပ မည်သည့်အရာကိုမှ မမြင်ခဲ့ရသော်လည်း ဆေးပင်များ၏အနံ့ကို ရခဲ့လေသည်။ တချို့အနံ့များက အားနည်းပြီး တချို့က စူးရှသည်။ ၎င်းတို့က အတူတကွ ရောနှော၍ ပတ်ဝန်းကျင်တွင် ပြည့်‌နှက်လာကာ ပို၍ပင်သိပ်သည်းလာသယောင်ပင်။

ဤအခိုက်အတန့်တွင် ရှေးဆန်သောအသံကြီးက ဆဋ္ဌမအဆင့်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

"အနံ့ခွဲခြင်းက အပင်နဲ့အသီးအရွက်အသိနယ်ပယ်ထဲက တစ်ခုပဲ။ မင်း ခြေလှမ်းတစ်ရာအထိ လှမ်းနိုင်တယ်။ တစ်လှမ်းလှမ်းလိုက်တိုင်း မတူကွဲပြားတဲ့ဆေးပင်တွေရဲ့ အနံ့ကို ခံရလိမ့်မယ်

"အနံ့ပေါ်မူတည်ပြီး အပင်တစ်ပင်ချင်းစီကို ခွဲထုတ်ပြီး အချက်အလက်‌တွေကို အမှောင်ထဲမှာ ခတ်နှိပ်ပါ။ တစ်ခါမှားတာနဲ့ စာမေးပွဲကျမယ်"

မန်ဟိုတစ်ယောက်တည်းသာ အသံကို ကြားရခြင်းမဟုတ်ပေ။ အပြင်ရှိ ပရိသတ်သုံးသိန်းကျော်လည်း ကြားလိုက်ရပြီး ၎င်းက သူတို့ကို မယုံနိုင်ဖြစ်သွားစေသည်။

"ဘယ်လို...ဘယ်လိုလုပ် အဖြေအကုန်လုံး ဖြေနိုင်မှာလဲ။ ဆဋ္ဌမအဆင့်ကို အရမ်းခက်တယ်ပြောကြာတာ အံ့ဩစရာမရှိဘူး။ အနံ့ခွဲခြင်းက ဒဏ္ဍာရီလာနယ်ပယ်တစ်ခုလေ မဟုတ်လား"

"ဒီစာမေးပွဲမှာ အနံ့ခွဲခြင်းပါမယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ ငါ ဆေးဝါးအတတ်သင်ဖြစ်တုန်းက ဒီနယ်ပယ်အကြောင်း ကြားခဲ့ဖူးတယ်။ နှစ်ပေါင်းသောင်းပေါင်းများစွာအတွင်း ဖန်မျိုးနွယ်စုဆေးဝါးတာအိုဌာနမှာ ငါးထောင်ကျော်ပဲ ဒီအဆင့်ကို အောင်ခဲ့ဖူးတာလေ*

အပြင်လောကမှာတော့ အုတ်အော်သောင်းနင်းဖြစ်နေ‌လေသည်။ လူတိုင်းနီးပါး ဤအဆင့်ကို အလွန်တရာခက်သည်ဟု မှတ်ယူကြ၏။ ၎င်းကား အရှေ့အဆင့်ငါးဆင့်နှင့် ကွဲထွက်နေသောအဆင့်ဖြစ်လေသည်။

အဆင့် (၇) အဘွားအိုက အေးစက်စက် ရယ်လိုက်သည်။ သူမမှာ ဤအဆင့်၏ခက်ခဲပုံကို ပြန်တွေးလိုက်လျှင် အမှန်တကယ် ကြောက်ရွံ့မိ၏။

"သတ္တမအဆင့်က ‌ဘယ်ဆေးဝါးပညာရှင်မဆိုအတွက် အင်မတန်မှ ခက်ခဲတယ်" သူမက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "ပြီးတော့ ငရဲလို အဋ္ဌမအဆင့်ရှိသေးတယ်"

သတ္တမအဆင့်တွင် မန်ဟိုသည် အသက်ပြင်းပြင်း ရှူသွင်းရင်း မရေမတွက်နိုင်သော ဆေးပင်များ၏ အနံ့များအား သူ၏နှာခေါင်းဝထဲ တိုးဝင်လာစေ၏။ ချက်ချင်းပင် သူ၏စိတ်ထဲတွင် မရေမတွက်နိုင်သော ဆေးပင်ပုံရိပ်များ ပေါ်လာပြီး တစ်ပင်စီက သူ ရရှိလိုက်သော အနံ့တစ်မျိုးစီနှင့် ဆက်စပ်နေသည်။

အပင်တစ်သောင်းထက်မနည်းသော်လည်း မျက်တစ်မှိတ်အတွင်း သူ၏နတ်ဘုရားအာရုံက စီးမျောထွက်လာပြီး သူ၏ပတ်ပတ်လည်ရှိ အမှောင်ထုထဲတွင် ဆေးပင်ပုံရိပ်များအား စတင်ပေါ်ပေါက်လာစေသည်။

ထိုမျှသာမက ပုံရိပ်ယောင်ကြာပွင့်တစ်ပွင့်၏ ကောက်ကြောင်းက သူ၏ခြေထောက်အောက်တွင် ဖြစ်ပေါ်လာ၏။

သူက ဒုတိယခြေလှမ်းလှမ်းပြီး ထပ်မံ၍ ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး နောက်ထပ် ပုံရိပ်တစ်သောင်း သူ၏ပတ်ပတ်လည်တွင် ပေါ်လာ၏။ ဒုတိယကြာပွင့်ကား သူ့ခြေထောက်အောက်တွင် ဖြစ်တည်လာသည်။

တစ်လှမ်းပြီးတစ်လှမ်း၊ တစ်လှမ်းပြီးတစ်လှမ်း ...

မန်ဟိုက ရှေ့ဆက်သွားနေပြီး တစ်လှမ်းလှမ်းပြီးတိုင်း အသက်ပြင်းပြင်း ရှူသွားသည်။ ထို့နောက် မရေမတွက်နိုင်သော ဆေးပင်များက သူ၏ပတ်ပတ်လည်တွင် ပေါ်လာကာ မှောင်မိုက်နေသာကမ္ဘာအား မီးအိမ်များဖြင့်အလား လင်းထိန်သွားစေမည်ဖြစ်သည်။

ထိုမျှသာမက ကြာပွင့်များက သူ၏ခြေထောက်အောက်တွင် ‌ဆက်တိုက် ပေါ်လာနေသည်။

‌ခြေလှမ်း (၆၉) လှမ်း လှမ်းပြီးနောက် ကြာပွင့် (၆၉) ပွင့် ပေါ်လာခဲ့ပြီး သူ့မှာ တလက်လက် တောက်ပနေသော ဆေးပင်သန်းပေါင်းများစွာဖြင့် ခြံရံခံထားရလေသည်။

စောင့်ကြည့်နေသော လူတိုင်းအတွက် မန်ဟိုမှာ ခြေတစ်လှမ်းလှမ်းတိုင်း ကြာပွင့်များ ပွင့်လန်းလျက်ရှိသော၊ ဝဲကဲ့သို့ လည်နေသောအပင်များဖြင့် ခြံရံထားသည့် နတ်မင်းကြီးတစ်ပါးအလားပင်။

"ခြေတစ်လှမ်းလျှင် ကြာပန်းတစ်ပွင့်" အဘွားအိုက တွေးသည်။ သူမမျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ်နေပြီး သူမမှာ အသက်ရှူမြန်နေ၏။ ဆဋ္ဌမအဆင့်သည် မည်မျှခက်ခဲကြောင်း သူမ ကောင်းကောင်းသိပြီး ကြာပွင့်များမှာလည်း ဆေးပင်တစ်ပင်ချင်းစီ၏အနံ့ကို ခွဲခြား၍ မှန်ကန်စွာ ဖြေဆိုနိုင်မှ ပေါ်လာတတ်ခြင်းဖြစ်သည်။

သူမသည် ဆဋ္ဌမအဆင့်ကို ‌ဖြေခဲ့တုန်းက ကြာပွင့်သုံးပွင့်ကိုသာ ပေါ်ပေါက်လာစေနိုင်ခဲ့၏။ သို့သော် မန်ဟိုက... အံ့ဩဖွယ်ကောင်းစွာနှင့်‌ ခြေလှမ်းတစ်လှမ်းလှမ်းတိုင်း ကြာပွင့်များကို ဖော်‌ဆောင်နေ‌လေသည်။

သူမတစ်ယောက်တည်းသာ တုန်လှုပ်နေခြင်းမဟုတ်ပေ။ ဆဋ္ဌမအဆင့်နှင့် ရင်းနှီးသော ဆေးဝါးပညာရှင်အားလုံး တုန်လှုပ်နေကြ၏။ သူတို့သည် မှန်သားပြင်ပေါ်ရှိ မန်ဟိုကို ကြည့်ပြီး မြင်နေရသော ထိုပုံရိပ်ကား သူတို့၏စိတ်ထဲတွင် ထာဝရစွဲထင်ကျန်ရစ်နေတော့မှာ ဖြစ်လေသည်။ ၎င်းသည် သူတို့၏ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့မည်မဟုတ်သည့် မြင်ကွင်းတစ်ခုပင် ဖြစ်တော့၏။

***

All Chapters