အမြင့်သို့ တက်လှမ်းခြင်း
Vol. 66 Ch. 917
ပတ်ဝန်းကျင်ရှိ အဆင့် (၈) ဆေးဝါးပညာရှင်သုံးဦးမှာ သိသိသာသာ စိတ်နှလုံးလှုပ်ရှားသွားကြသည်။ သူတို့သည် မှန်သားပြင်ပေါ်ရှိ မန်ဟို့ကို ကြည့်နေပြီး သူတို့၏ မျက်လုံးများမှာ ချီးကျူးမှုနှင့် မျှော်လင့်ချက်နှစ်မျိုးလုံးဖြင့် တောက်ပနေလေ၏။
ဖန်မျိုးနွယ်စု၏ ဆေးဝါးတာအိုဌာနမှာ ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ဘဲ မျိုးနွယ်စု၏ဌာနတစ်ခု ဖြစ်သည်။ ဆေးဝါးပညာရှင်များနှင့် ဆေးဝါးအတတ်သင်အားလုံးသည် မျိုးနွယ်ဝင်များဖြစ်ပြီး သူတို့မျိုးနွယ်စုအပေါ် ဂုဏ်ယူမှုနှင့် အလေးထားမှုက မျိုးနွယ်စုအား ခေတ်များစွာကြာသည့်တိုင်အောင် တည်တံ့နေစေသော အဓိကအကြောင်းရင်းဖြစ်သည်။
အမှန်တွင် စွမ်းဆောင်ရည်ရမှတ်များက မျိုးနွယ်ဝင်များ မျိုးနွယ်စုထံမှ ခွဲထွက်မသွားအောင် ထိန်းသိမ်းပေးထားသည့် နည်းလမ်းပေါင်းများစွာထဲက တစ်ခုဖြစ်လေသည်။
မှန်ပါသည်၊ ဆေးဝါးတာအိုဌာနသည် ဖန်မျိုးနွယ်စု ဆေးဝါးတာအိုဌာန၏ ဂုဏ်ကျက်သရေကို တစ်ဖန် ဆောင်ကြဉ်းပေးဖို့နှင့် ဆေးဝါးတာအိုအပေါ် စိတ်ဝင်စားမှုများ မြင့်မားလာစေဖို့ ရွေးချယ်ခံဆေးဝါးပညာရှင်ကျင့်ကြံသူတစ်ဦး ပေါ်ထွန်းလာစေရန် မျှော်လင့်ထား၏။ သို့သော် နှစ်ပေါင်းများစွာကြာတိုင် မျိုးနွယ်စု၏ တခြားဌာနများမှ ရွေးချယ်ခံများ မွေးထုတ်ပေးခဲ့သော်လည်း ဆေးဝါးတာအိုဌာနမှာ တိတ်ဆိတ်ခြောက်ကပ်လျက်သာ ရှိခဲ့လေသည်။ ရွေးချယ်ခံဆေးဝါးပညာရှင်များမှာ လိုက်ရှာ၍မရသော အရာများဖြစ်၏။
၎င်းအတွက် ပါရမီပါသော တချို့ရှိသော်လည်း ဆေးဝါးတာအိုကို လိုက်စားရန် စိတ်မဝင်စားဘဲ ကျင့်ကြံခြင်းတွင်သာ အားစိုက်လိုသူများ ဖြစ်ကြ၏။ ထိုကဲ့သို့သူများမှာ အင်အားကြီးဖို့ လမ်းစဉ်သည် တခြားအရာများအပေါ် အားထုတ်ခြင်းဖြင့်သာ ထုဆစ်၍ရကြောင်း ယုံကြည်ထားသူများ ဖြစ်ကြသည်။
သို့သော် ယနေ့တွင် ဤအဆင့် (၈) အကြီးအကဲများ၌ မျှော်လင့်ချက်အနည်းငယ် ရှိလာလေပြီ။
ဆေးအိမ်တော်၏ ဆဋ္ဌမအဆင့်တွင် မန်ဟိုက (၇၀) လှမ်းမြောက် ခြေလှမ်းကို လှမ်းနေသည်။ ထိုအခိုက်အတန့်တွင် သူက အပင်နှင့်အသီးအရွက်များ၏ စူးရှသောအနံ့များကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့နှာခေါင်းနှင့် ခေါင်းမှာ အသံမဲ့သော ထစ်ချုန်းကြီးဖြင့် ဟိန်းထွက်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ သူ့ခန္ဓာကိုယ်ရှိ သွေးအားလုံး ရုတ်တရက် ပြောင်းပြန်စီးဆင်းလာ၏။
အကန့်အသတ်မရှိသော မျိုးကွဲများနှင့် ဆေးပင်များ၏ပုံရိပ်များက သူ၏စိတ်ထဲတွင် စတင်လွင့်မျောလာသည်။ ဤကဲ့သို့အနံ့ခွဲခြင်းမျိုးမှာ လူတစ်ယောက်၏ အပင်နှင့် အသီးအရွက်ကို စစ်ဆေးခြင်းတင်မဟုတ်ဘဲ အလိုလိုသိစိတ်ကိုပါ စစ်ဆေးခြင်းဖြစ်သည်။
ဆေးပင်အမျိုးအစားများစွာအား သိဖို့ရန်မှာ မစဉ်းစားဘဲ ရှူရှိုက်နေခြင်းသာ ဖြစ်သည်.... ဤသည်မှာ .... အပင်နှင့်အသီးအရွက်အားလုံးနှင့် မယုံနိုင်လောက်အောင် အကျွမ်းဝင်ပြီး အလိုလိုသိစိတ်အလျောက်သာ လုပ်နိုင်သည့်အရာပင်။
ဤဆဋ္ဌမအဆင့်ကို အောင်ဖို့ ဖြေဆိုသူသည် ခြေလှမ်းနှစ်ဆယ်ကို အောင်အောင်မြင်မြင် လှမ်းနိုင်ရမည်ဖြစ်သည်။ ထိုခြေလှမ်းတစ်လှမ်းစီတွင် ဆယ်ကြိမ်ထက် အကဲဖြတ်မှားလျှင် ထိုခြေလှမ်းအား ထည့်တွက်မည်မဟုတ်ပေ။
ဤစည်းမျဉ်းများကို ယခုလို ချမှတ်ထားရသည့် အကြောင်းရင်းမှာ ဤအဆင့်သည် အလွန်ခက်ခဲလွန်း၍ပင်။
ထို့ကြောင့် မန်ဟိုက ခြေတစ်လှမ်းတိုင်း ကြာတစ်ပွင့်နှင့်အတူ ခြေလှမ်း (၇၀) လှမ်းပြီးသွားခြင်းမှာ စာမေးပွဲမည်မျှခက်သလဲ နားလည်သော အပြင်ရှိဆေးဝါးပညာရှင်အားလုံးအတွက် မည်မျှမယုံကြည်နိုင်ဖွယ်ကောင်းမည်လဲ အလွယ်တကူ တွေးကြည့်နိုင်သည်။ သူတို့မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်ဖြစ်နေကြ၏။
၇၁ လှမ်း ၊ ၇၂ လှမ်း ၊ ၇၃ လှမ်း .... မန်ဟိုက မရပ်ပေ။ သူက ဝေးသထက် ဝေးဝေးသို့ ဆက်သွားနေသည်။ အပင်နှင့်အသီးအရွက်များ၏ အနံ့များမှာ အားကောင်းသထက် အားကောင်းလာပြီး အမျိုးအစားများ ပို၍ပင် များပြားလာသည်။
သို့ထိတိုင် မန်ဟိုက ခြေတစ်လှမ်းတိုင်း .... ကြာတစ်ပွင့်စီကို ဖော်ဆောင်ရင်း ဆက်သွားနေဆဲပင်။
ခြေလှမ်း (၈၀) လှမ်းမြောက်ကို လှမ်းပြီးနောက်ဆုံး သူသည် နှေးလာသော်လည်း အပြင်ရှိ ဆေးဝါးပညာရှင်များအတွက်တော့ ၎င်းကား မြန်နေသေး၏။
၈၁ ၊ ၈၂ ၊ ၈၃ ... တစ်လှမ်းလှမ်းလိုက်တိုင်း အမှောင်ထုမှာ ပို၍လင်းလက်တောက်ပလာသည်။ အပင်မီးအိမ်များသည် ဆဋ္ဌမအဆင့်တစ်ဆင့်လုံး လင်းထိန်လာသည့်တိုင်အောင် ပြိုးပြိုးပြက်ပြက် လက်နေ၏။
(၉၀) မြောက်ခြေလှမ်းကို လှမ်းပြီးနောက် မန်ဟိုမှာ ဆယ်လှမ်းသာ ဆက်သွားရန် ကျန်တော့လေသည်။ ဤဆယ်လှမ်းက သူ့အတွက်ပင် ခက်ခဲသည့်အလား သူ့မှာ ပို၍နှေးကွေးလာသည်။ ခြေတစ်လှမ်းလှမ်းဖို့ များစွာတွေးတောနေရကြောင်းကို ပရိသတ်များပင် ရှင်းရှင်းလင်းလင်း မြင်လာရသည်။
သူ၏အလိုလိုသိစိတ်မှာလည်း ယခုတွင် နောက်ကျိလာပြီး သူသည် အနံ့တစ်ခုစီကို ခွဲခြမ်းစိတ်ဖြာ၍ အဖြေထုတ်ရင်း အချိန်များစွာ လိုအပ်နေသည်။ ဖြစ်ညစ်စဉ်းစားသုံးသပ်ပြီးနောက်မှသာ ဆေးပင်အကုန်လုံးကို အမည်ဖော်နိုင်သွား၏။
အပြင်လောကတွင် တိတ်ဆိတ်နေသည်။ စောင့်ကြည့်နေသူသုံးသိန်းလုံးသည် မှန်သားပြင်ထက်ရှိ မန်ဟို့အား မမှိတ်မသုန် ကြည့်နေကြ၏။ မန်ဟို့အနောက်တွင် ကြာပွင့်တန်းကြီးရှိပြီး သူ့ကို မရေမတွက်နိုင်သော အပင်မီးအိမ်များက ခြံရံထားလေသည်။
ဤအခိုက်အတန့်တွင် မန်ဟိုမှာ အပင်နှင့်အသီးအရွက်နတ်ဝိဇ္ဇာကြီးတစ်ဦးအလားပင်။ သူသည် အားလုံး၏အာရုံစိုက်ရာ ဖြစ်လာ၏။ အဘွားအိုပင်လျှင် တိတ်ဆိတ်စွာ ကြည့်နေသည်။
၉၁ ၊ ၉၂ ၊ ၉၃ ... ယခုတွင် ခြေတစ်လှမ်းလှမ်းဖို့ နှစ်နာရီခန့် အချိန်ယူရသည်။ အချိန်တိုင်း ကြာပွင့်များ ပွင့်လာပြီး မီးအိမ်များ တဖျပ်ဖျပ် တောက်ပသွားတတ်သည်။
၉၅ လှမ်းမြောက်က သူ့အား ခြောက်နာရီ ကြာသွားစေသည်။ သူသည် အကန့်အသတ်မရှိသော အနံ့များအတွင်း၌ မလှုပ်မယှက် ရပ်နေခဲ့ပြီးနောက်မှ အပင်နှင့်အသီးအရွက်အားလုံးကို ဖြေဆိုလိုက်လေသည်။
၉၆ လှမ်းမြောက်က နာရီနှစ်ဆယ်ကြာသည်။
၉၇ လှမ်းမြောက်က နှစ်ရက်ကြာသည်။
၉၈ လှမ်းမြောက်ရောက်သည့်အခါ မန်ဟိုမှာ အချိန်ကို မသိတော့ပေ။ အပြင်ရှိ လူတိုင်းသည် မှန်သားပြင်ကို အနီးကပ်ကြည့်နေကြ၏။ ငါးရက်ကြာသောအခါ သူက ရှေ့ထပ်တက်လိုက်ပြီး နောက်ထပ်ကြာပွင့်တစ်ပွင့် ပွင့်လာသည်။
၉၉ လှမ်းမြောက်က ဆယ်ရက်အချိန်ယူခဲ့သည့်တိုင် ကြာပွင့်တစ်ပွင့် ပွင့်လန်းလာရာ လူအုပ်ကြီးမှာ ကျွတ်ကျွတ်ညံသွားတော့သည်။
ယခုတွင် ပတ်ဝန်းကျင်၌ လူပေါင်းလေးသိန်းနီးပါး စုဝေးနေကြလေပြီ။ သူတို့အားလုံးမှာ မန်ဟို နောက်ဆုံးခြေလှမ်း၊ အလှမ်း (၁၀၀) မြောက်အား လှမ်းမည်ကို စောင့်စားရင်း အသက်ပြင်းပြင်းရှူနေကြရ၏။
ဆဋ္ဌမအဆင့်တွင် မန်ဟိုသည် မျက်လုံးများ ပိတ်ထား၏။ သူ့မှာ ခြေလှမ်းမည်မျှ လှမ်းပြီးပြီလဲ မသိတော့ပေ။ ထို့နောက် စဉ်းပင်မစဉ်းစားဘဲ နောက်တစ်လှမ်း လှမ်းလိုက်သည်။ ထစ်ချုန်းသံများ သူ့စိတ်ထဲတွင် ပြည့်နှက်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။
မန်ဟိုမှာ ဟောလဲလှိုက်နေသည်။ သူ ရလိုက်သည့် အနံ့တိုင်းက သူ့အား ဇဝေဇဝါဖြစ်စရာ အချက်အလက်များဖြင့် ပြည့်နှက်သွားစေပြီး ခွဲခြမ်းစိတ်ဖြာမှုများစွာ လုပ်ဖို့ လိုအပ်လေသည်။
အချိန်များ ထပ်မံ ကုန်ဆုံးသွားသည်။ အပြင်ရှိ လူတိုင်း မျှော်လင့်တကြီး စောင့်စားနေကြ၏။ သုံးရက်၊ ခုနစ်ရက်၊ ဆယ်ရက် ....
နောက်ဆုံး ရက်နှစ်ဆယ်ကြာခဲ့လေပြီ။
အပြင်လောကမှာ အုတ်အော်သောင်းနင်းဖြစ်နေတော့သည်။ ဆေးအိမ်တော်ထဲတွင် ဘယ်သူမှ ထိုမျှကြာကြာ မနေခဲ့ဖူးပေ။ မန်ဟိုကား ပထမအဆင့်မှ ဆဋ္ဌမအဆင့်အထိ နှစ်လနီးပါး အချိန်ယူခဲ့ပြီးပြီဖြစ်သည်။
ငါးရက်ထပ်မံ ကုန်ဆုံးသွားသောအခါ ရုတ်တရက် ဆဋ္ဌမအဆင့်ရှိ မရေမတွက်နိုင်သော အပင်မီးအိမ်များသည် အံ့ဖွယ်ကောင်းစွာ လင်းထိန်လာ၏။ မန်ဟို၏ခြေထောက်အောက်တွင် ... အပွင့် (၁၀၀) မြောက် ကြာပွင့်ပေါ်လာသည်။
သူ၏မျက်လုံးများ ဖွင့်လိုက်ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။ သွေးများ သူ၏ပါးစပ်မှ ပန်းထွက်သွား၏။ ဤအဆင့်မှာ မန်ဟို့အတွက် သွေး၊ ချွေး၊ မျက်ရည်တို့ဖြင့် ရင်းရသည့်တိုင်အောင် ခက်ခဲလှသည်။ နောက်ဆုံးခြေလှမ်းက သူ၏အပင်နှင့်အသီးအရွက်အသိကို အဆုံးစွန်အထိ တွန်းပို့ပေးခဲ့၍ နောက်ဆုံးတွင် ပြီးပြည့်စုံသောအမှတ်သို့ ရောက်ရှိစေခဲ့လေသည်။
အရှေ့ရှိ မရေမတွက်နိုင်သော အပင်မီးအိမ်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းကာ အပင်နှင့်အသီးအရွက်ဘုရင်တစ်ဦးအတွက်သာ သင့်တော်သော နွယ်လှေကားအား ဖော်ဆောင်ပေးလိုက်၏။
သတ္တမအဆင့်ကား ယခု ပွင့်သွားလေပြီ။
တစ်ချိန်တည်းမှာပင် အပြင်မှကြည့်လျှင် သတ္တမအဆင့်သည် အဆုံးမဲ့အလင်းရောင်တို့ဖြင့် တောက်ပစပြုလာ၏။ ကောင်းကင်သည် မှေးမှိန်လာပြီး အမှောင်ထုအားလုံး နှင်ထုတ်ခံလိုက်ရသည်။ ယခုတွင် ဆေးဝါးတာအိုဌာနကား အားလုံး၏အာရုံစိုက်ရာ ဖြစ်လာလေပြီ။
မန်ဟို၏နာမည်သည် ကျောက်တိုင်ထက်ရှိ အဆင့် (၆) ဆေးဝါးပညာရှင်များ၏ နာမည်စာရင်းပေါ်၌ ပထမနေရာတွင် ပေါ်လာ၏။
ပရိသတ်များမှာ အုံးအုံးကြွက်ကြွက် ထနေတော့သည်။
"သူ... ဆဋ္ဌမအဆင့်ကို အောင်သွားပြီ။ ခြေလှမ်းတစ်လှမ်းတိုင်းလည်း ကြာပွင့်တွေ ပွင့်လာခဲ့တယ်။ ခြေလှမ်းအလှမ်းတစ်ရာ၊ ကြာပွင့်အပွင့်တစ်ရာ*
"ဒီဖန်ဟိုက ဆေးဝါးတာအိုဌာနရဲ့ ဂုဏ်ကျက်သရေကို ပြန်ဆောင်ကြဉ်းတော့မှာ များလား"
"သူ ဆေးအိမ်တော်စာမေးပွဲ ဖြေပြီးတာနဲ့ ကြည့်လိုက်။ ငါ သူ့ရဲ့ အပင်နဲ့အသီးအရွက်သင်ခန်းစာတွေကို သေချာပေါက် သွားနားထောင်မယ်"
ထိုစဉ် ဧရာမရှေးခေါင်းလောင်းကြီးတစ်လုံးသည် ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ထက်တွင် ပေါ်လာ၏။ ခေါင်းလောင်းကြီးမှာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရပုံပေါ်သည်။ တောင်တန်းမြစ်ချောင်းများအား ၎င်း၏အပေါ်တွင် ရေးဆွဲထားပြီး ၎င်းက ပေါ်လာလျှင်ချင်း ခပ်စူးစူး အသံကျယ်ကြီးဖြင့် မြည်သွား၏။
ဒေါင်
အသံသည် ဖန်မျိုးနွယ်သွေး စီးဆင်းနေသော မည်သူမဆို၏နားထဲ၌ ပဲ့တင်ထပ်ရင်း အရှေ့အောင်ပွဲဂြိုဟ်တစ်ခွင် မြည်ဟည်းသွားသည်။ အပြင်လူများ မကြားရသော်လည်း ဖန်မျိုးနွယ်ဝင်အကုန်လုံး ကြားရလေသည်။
ဖန်မျိုးနွယ်စုမှာ တုန်လှုပ်သွား၏။ ဆေးအိမ်တော်သို့ မသွားရသေးသော ဆေးဝါးတာအိုဌာနရှိ လူတိုင်းမှာ နိုးနိုးကြားကြား ဖြစ်လာကြသည်။ ဆေးအိမ်တော်မှ ဖြာထွက်လာနေသောအလင်းများကို အာရုံခံရင်း အတော်များများက ထိုနေရာသို့ ပျံသန်းသွားကြ၏။
ဘိုးဘေးစံအိမ်ထဲရှိ လူတိုင်းလည်း ထိုနည်းတူစွာ တုန်လှုပ်သွားကြသည်။ စစချင်း ဆေးဝါးတာအိုဌာနမှ အလင်းရောက်များ တောက်ပလာပြီး ယခု ခေါင်းလောင်းမြည်နေလေပြီ။ ဖန်မျိုးနွယ်အားလုံး အံ့အားသင့်သွားကြပြီး အတော်များများက မည်သည်တို့ ဖြစ်ပျက်နေသလဲ သိရဖို့ ဆေးဝါးတာအိုဌာနထံသို့ ပျံသန်းသွားကြသည်။
မဟာအကြီးအကဲသည် ပင်မဝတ်ပြုကျောင်းထဲတွင် တိတ်ဆိတ်စွာ ထိုင်နေ၏။ သူ၏အမူအရာမှာ တွေဝေနေပြီး အတော်လေးဒွိဟဖြစ်နေပုံပင် ပေါက်နေသည်။
"ငါ ... အမှား လုပ်ခဲ့မိတာများလား" သူက ရေရွတ်လိုက်သည်။ "မဟုတ်ဘူး မလုပ်ခဲ့ဘူး။ အကုန်လုံးက မျိုးနွယ်စုအတွက်၊ ငါ လုပ်ခဲ့သမျှအကုန်လုံးက မျိုးနွယ်စုရဲ့စည်းကမ်းတွေအတိုင်းပဲ" မဟာအကြီးအကဲက အသက်ပြင်းပြင်းရှူလိုက်သော်လည်း အတွေးထဲနစ်မြောနေသေးသယောင်ပင်။ သူသည် ဆေးဝါးတာအိုဌာနကို လှမ်းကြည့်လိုက်ပြီး ခက်ထန်သောအလင်းရောင်အား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။
မန်ဟိုက ဆေးအိမ်တော်၏ ဆဋ္ဌမအဆင့်တွင် တင်ပျဉ်ခွေထိုင်နေသည်။ အချိန်အတိုင်းအတာတစ်ခုအထိ တရားထိုင်ပြီးနောက် သူက အတန်ငယ် နီရဲနေသော မျက်လုံးများကို ဖွင့်လိုက်၏။
"ပဉ္စမအဆင့်နဲ့ ဆဋ္ဌမအဆင့်ရဲ့ ခက်ခဲမှုအတိုင်းအတာအရ ဖန်မျိုးနွယ်စု ဆေးဝါးတာအိုရဲ့ နက်ရှိုင်းကျယ်ပြန့်မှုကို ငါ မြင်လိုက်ရပြီ" သူက ရေရွတ်လိုက်သည်။ "ပဉ္စမအဆင့်မှာ ငါ အမှားတွေ အများကြီး လုပ်ခဲ့မိတယ်။ တကယ်တမ်း ဆဋ္ဌမအဆင့်က ပိုခက်တယ်။ ရှင်သန်ခြင်းနှင်းပန်းကို စုပ်ယူခဲ့လို့သာ အပင်နဲ့အသီးအရွက်နဲ့ပတ်သက်ပြီး ဒီလိုအလိုလို သိနိုင်သွားတာ
"ဒါကြောင့် .... ငါ့ရဲ့ အနံ့ခွဲခြားနိုင်စွမ်းက တကယ့်တကယ့် ရိုးသားမှုမရှိဘူး
"ဒီသတ္တမအဆင့်က တခြားအဆင့်တွေထက် သေချာပေါက် ပိုခက်မှာပဲ" ထိုသို့ပြောရင်း သူက ထရပ်လိုက်ပြီး အစွဲလမ်းကြီးမှုက သူ၏မျက်လုံးများတွင် တောက်ပသွားလေသည်။ ဆေးအိမ်တော်သို့ ဝင်ရောက်ခဲ့သောအခါက သူ၏ရည်မှန်းချက်မှာ တစ်လောကလုံးကို အံ့အားသင့်အောင်လုပ်ဖို့နှင့် နေ့ချင်းညချင်း နာမည်ကြီးလာစေဖို့ ဖြစ်သည်။ အကုန်လုံးက စွမ်းဆောင်ရည်ရမှတ်များအတွက် ဖြစ်ခဲ့လေသည်။ သို့သော် ယခုတွင် သူကား အပင်နှင့်အသီးအရွက်အသိ တိုးတက်ဖို့အတွက် လုပ်နေခြင်းဖြစ်၏။
သူသည် အဆင့်ကို အောင်ဖို့အတွက်သာ မရည်ရွယ်။ အဆင့်တစ်ဆင့်တိုင်း၌ ထိပ်ဆုံးအဖြစ် အောင်ချင်သည်။ ထိုအခြင်းအရာက သူ၏အပင်နှင့် အသီးအရွက်အသိကို တိုးတက်စေမည့် တစ်ခုတည်းသော နည်းလမ်းပင်။
သူသည် အသက်ပြင်းပြင်းရှူသွင်း၍ လှေကားအတိုင်း တက်သွား၏။
သူ သတ္တမအဆင့်အပေါ် ခြေချလိုက်သည့်အခိုက်အတန့်တွင် အပြင်မှ ပရိသတ်သိန်းချီသည် ကြည့်နေကြ၏။ ဆဋ္ဌမအဆင့်နှင့်ယှဥ်လျှင် သတ္တမအဆင့်မှာ သိပ်ထူးခြားပုံမရပေ။ မြင်ရသည့်အရာဆို၍ ဧရာမစာအုပ်ကြီးနှစ်အုပ်သာ ရှိသည်။
မှန်ပါသည်၊ တစ်အုပ်က ဆေးပင်သိန်းတစ်သောင်းနှင့် အပင်နှင့်အသီးအရွက်ကျမ်း အတွဲတစ်ပင်။
ဒုတိယစာအုပ်ကား ဗလာဖြစ်၏။ မည်သည့်အကြောင်းအရာမှ မပါ။
မန်ဟို စာအုပ်နှစ်အုပ်အပေါ် အကြည့်ရောက်သွားသည့်အချိန်မှာပင် ရှေးဆန်သောအသံက သတ္တမအဆင့်တစ်လျှောက်လုံး ဟိန်းထွက်လာသည်။
"မတူညီတဲ့ အပင်နဲ့အသီးအရွက်အမျိုးအစားတွေအကြား ကိုင်းဆက်ကူးနည်းနဲ့ တစ်ပင်ချင်းစီအလိုက် ပွားခြင်း၊ ဖိနှိပ်ခြင်းတွေနဲ့ပတ်သက်ပြီး သိထားတဲ့ အသိအမြင်နဲ့ .... ပြိုင်ဘက်ကင်း ဆေးပင်တစ်သောင်း ဖန်တီးရမယ်။ အဲ့ဒါက ဒီအဆင့်ကို အောင်ဖို့အတွက် သတ်မှတ်ချက်ပဲ။ အမှတ်ပြည့်နဲ့ အောင်ချင်ရင်တော့ အပင်တစ်သိန်း ဖန်တီးရမယ်"
မန်ဟို၏ စိတ်နှလုံး တုန်ရီသွားသည်။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်လုံးများ လင်းလက်တောက်ပလာ၏။
"နောက်ဆုံးတော့ ... ဒီလိုအဆင့်မျိုးနဲ့ တွေ့ရပြီပေါ့" အပင်နှင့်အသီးအရွက်များနှင့် ပတ်သက်၍ ဗဟုသုတများစွာ စုဆောင်းပြီးနောက်တွင် နယ်ပယ်အသစ်သို့ တက်ဖို့ အချိန်ရောက်လာမည်ကို သူ သိသည်။ ၎င်းသည် သူ့တစ်ယောက်တည်းနှင့်သာ သက်ဆိုင်သော ဆေးပင်များကို ဖန်တီးဖို့ ကိုင်းဆက်ကူးနည်းများနှင့်အတူ ပွားခြင်း၊ ဖိနှိပ်ခြင်းသဘောသဘာဝများကို အသုံးပြုရသည့် နယ်ပယ်တစ်ခုဖြစ်၏။
ယင်းအပင်များကို အသုံးပြု၍ ဆေးဖော်လျှင် အခြားသူများအတွက် ဖော်စပ်နည်းကို အဖြေထုတ်ရန် လွန်စွာခက်ခဲပေလိမ့်မည်။ ထုတ်ဖော်နိုင်လျှင်တောင်မှ လိုအပ်သော ဆေးအမယ်များကို ဖန်တီးရန် အတိုင်းထက်အလွန် ခက်ခဲဦးမည်ဖြစ်သည်။ ဤသည်မှာ ဆေးဖော်ခြင်း၏ အဆင့်မြင့်သောနယ်ပယ်တစ်ခုဆိုလည်း မမှားပေ။
မန်ဟိုသည် ဇီယွင်ဂိုဏ်းမှာတုန်းက ထိုကဲ့သို့အရာများအား မြင်တွေ့ခဲ့ဖူးသော်လည်း သိပ်မများပေ။ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ ဆေးဝါးတာအိုသည်လည်း ထိုအရာများနှင့် ထိတွေ့မှုရှိသော်လည်း သူ့မှာ ၎င်းအား စနစ်တကျ လေ့လာခွင့်မရခဲ့ပေ။
ယခုတွင် သူသည် ချီကို ငြိမ်သက်စေ၍ စိတ်ကို တည်ငြိမ်စေပြီးနောက် စာအုပ်ထံ လျှောက်သွားကာ စဉ်းစားဆင်ခြင်ရန် သူ၏မျက်လုံးများကို မှိတ်လိုက်သည်။
သတ္တမအဆင့်က မည်သို့မည်ဖို့ရှိသလဲ မသိသော အပြင်ရှိပရိသတ်များမှာ ယခုတွင် ပင့်သက်ရှိုက်မိကုန်ကြသည်။ ဖန်မျိုးနွယ်စုဆေးဝါးတာအို၏ လိုအပ်ချက်များအရ ဆေးဝါးပညာရှင်များသည် အဆင့် (၅) မှ စတင်၍ ကိုးဆက်ကူးနည်းများကို ရှာဖွေလေ့လာရ၏။ အဆင့် (၇) ဆေးဝါးပညာရှင်ဖြစ်ဖို့အလို့ငှာ ကိုယ်တိုင် ကိုင်းဆက်ပွားထားသော ဆေးပင်တစ်သောင်းအား ဖန်တီးရန် လိုအပ်သည်။
စောင့်ကြည့်နေသူသိန်းပေါင်းများစွာအကြား၌ အဆင့် (၆) နှင့် အဆင့် (၇) ဆေးဝါးပညာရှင်အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောလာကြ၏။
"မန်ဟို သတ္တမအဆင့်ကို အောင်မလား သိချင်တယ်.... ကိုင်းဆက်ကူးထားတဲ့ ဆေးပင်ဘယ်လောက်များများ သူ ဖန်တီးနိုင်မလဲ"
"သူ့အတွက် အောင်ဖို့ ခက်မှာ။ ဘယ်သူမှ တစ်ခါတည်း မအောင်ဖူးဘူး။ ဆေးလုံးအကြီးအကဲတောင်မှ လေးကြိမ်ဖြေခဲ့ရတာ"
"နက်ရှိုင်းတဲ့ အခြေခံဗဟုသုတ ၊ အပင်နဲ့အသီးအရွက်တွေကို ကိုင်းဆက်ကူးဖူးတဲ့ များပြားတဲ့အတွေ့အကြုံတွေနဲ့ပဲ လူတစ်ယောက်ဟာ သတ္တမအဆင့်ကို အောင်ဖို့အသာထား၊ စမ်းဖြေကြည့်ရုံပဲ တတ်နိုင်တယ်"
***