← Chapters

အမြဲပြောင်းလဲ တာအိုနှလုံးသား

Vol. 33 Ch. 449

အမြဲပြောင်းလဲ တာအိုနှလုံးသား

Vol. 33 Ch. 449

အခန်း (၄၄၉) : အမြဲပြောင်းလဲ တာအိုနှလုံးသား

လျှို့ဝှက်နယ်မြေအတွင်း ဝမ်ဝေ့က ကြော့ရှင်းသော်လည်း ရင့်ကျက်သည့် အမျိုးသမီးတစ်ယောက်၏ အကူအညီဖြင့် အစီအရင်မြောက်များစွာကို ခင်းကျင်းခဲ့သည်။ သူမ၏ လှုပ်ရှားမှုတိုင်းက ကြိုးစားစရာ မလိုဘဲ အားပြင်းပြင်း ဆွဲဆောင်မှုမျိုးကို အလိုလိုထုတ်လွှတ်နေလေသည်။

“ ခေါင်းဆောင်စုကို ကျေးဇူးတင်ပါတယ်”

“ သခင်လေး ကျွန်မကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ အရှင်းဆုံးပြောရရင် ကျွန်မ အကူအညီ လိုတယ်လို့တောင် မထင်ဘူး” နတ်ဆိုးမြေခွေးမျိုးနွယ်၏ ခေါင်းဆောင်စုရှန့်က ပြောလိုက်သည်။

သူမက အနီဖျော့ဖျော့ ဟန်ဖုဝတ်စုံကို ဝတ်ဆင်ထားပြီး မဟူရာ ဆံနွယ်ရှည်များကို ပိုင်ဆိုင်ထားသည်။ သူမ မေးစေ့ရှိ မှဲ့လေးက အလှတရားကို ပိုမိုတိုးမြင့်လာစေ၏။ သူမ၏ အကြည့်များက အသန့်စင်ဆုံးသော ရေကဲ့သို့ ကြည်လင်နေသော်လည်း အကြည့်တစ်ချက်တည်းဖြင့် ယောက်ျားများစွာကို ဒူးထောက်စေခိုင်းနိုင်လိမ့်မည်။

ဝမ်ထျန်း၏ မျိုးဆက်တွင် သူမက အလှပဆုံးသော အမျိုးသမီးဂုဏ်ပုဒ်ကို ရရှိခဲ့သည်။

“ ဘယ်လိုပြောရတာလဲ။ ခင်ဗျားရဲ့ အကူအညီက တကယ်ကို အဖိုးတန်ပါတယ်”

ဝမ်ဝေ့က စကားစမြည်ပြောပြီးနောက် သူမအား လိုက်လံပို့ဆောင်လိုက်သည်။

ဒါနဲ့ဆိုရင် ငါ အမြဲပြောင်းလဲ နှလုံးသားကို ဖန်တီးနိုင်လိမ့်မယ်…

သူက အစီအရင်ကို ကြည့်ကာ တွေးလိုက်သည်။

အသင်္ချေအင်ပါယာကမ္ဘာ၌ တာအိုနှလုံးသားသည် ကျင့်ကြံသူအားလုံးအတွက် အရေးပါလေသည်။ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ မဝင်ရောက်ခင် သူတို့က နှလုံးသားလမ်းစဉ်မှ တာအိုနှလုံးသားကို လေ့ကျင့်ပေးရသည်။

ကျင့်ကြံဆင့်၏ ခုနစ်ဆင့်မြောက်က လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ဖြစ်နေသည်မှာ ကျင့်ကြံသူများက လေဟာနယ်ကို ချိုးဖောက်ဖို့ စည်းမျဉ်းအသုံးပြုနိုင်၍ မဟုတ်ပေ။ ပြောရလျှင် ထိုအရာက ဗုဒ္ဓ၏ သဘောတရား သို့မဟုတ် အဆင့်တက်လှမ်းပြီးသည့်နောက်တွင် စိတ်အခြေအနေက ဗလာ သို့မဟုတ် လေဟာနယ် အနေအထားကို ရောက်ရှိသွားသည်ကို ဆိုလိုခြင်း ဖြစ်၏။

ဧကရာဇ်ချီယွမ်က တာအိုဘာသာနှင့် ဗုဒ္ဓဘာသာ၏ အတွေးအခေါ်များကို ယူကာ မူလနည်းစနစ်ကို ဖန်တီးခဲ့လေသည်။

နှလုံးသားလမ်းစဉ်က ကျင့်ကြံသူများအား သူတို့၏ တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့ ကူညီပေးသောကြောင့် အစောပိုင်းအဆင့်များတွင် ထိုသို့လုပ်ဆောင်ခြင်းက အသင်္ချေအင်ပါယာကမ္ဘာတွင် သိပ်မတွင်ကျယ်လှပေ။

ထိုအရာက လူများသည် တာအိုနှလုံးသားကို ကျင့်ကြံဖို့ ထိုအဆင့်ရောက်သည်အထိ စောင့်ဆိုင်းသည်မှာ အလေ့အကျင့်တစ်ခုလို ဖြစ်နေလေ၏။ ဝမ်ဝေ့၏ မျှော်နန်းဆောင်စစ်ဆေးမှုက ထိုသတ်မှတ်ချက်ကို စိန်ခေါ်ခဲ့ပြီး ပထမဆုံး ဖန်တီးခဲ့လေသည်။

ဂိုဏ်းများစွာသည် သူတို့၏ တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့ လျှို့ဝှက်နယ်မြေ သို့မဟုတ် အစီအရင်များ ရှိတတ်ပြီး တပည့်အသစ်များ၏ သဘာဝတာအိုနှလုံးသားကို စမ်းသပ်ပြီးမှ ဂိုဏ်းထဲ လက်ခံလေ့ရှိကြသည်။ သို့သော်လည်း ထိုအရာက ဝမ်ဝေ့ ပြုလုပ်ထားသလို မျှော်နန်းဆောင်လောက် အသေးစိတ်ကျမှု မရှိပေ။

ဂိုဏ်းရှိ သူတော်စင်နယ်ပယ်အဆင့် အကြီးအကဲများအပါအဝင် လူများစွာက ထိုမျှော်နန်းဆောင် ဆောက်လုပ်ပြီးသည့်နောက်တွင် အကျိုးအမြတ် ရရှိခဲ့ကြသည်။ ထို့အပြင် တခြား‌သော အင်အားစုများကလည်း သူတို့အား လိုက်လံအတုခိုးကာ သူတို့၏ ကိုယ်ပိုင်မျှော်နန်းဆောင်ကို ဖန်တီးခဲ့ကြသည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့စိတ်ထဲမှ မလိုလားအပ်သည့် အတွေးများကို ဖယ်ထုတ်လိုက်သည်။ ထို့နောက် သူ့ဝိညာဉ်၏ စွမ်းအားအများစုကို စည်းပိတ်လိုက်ပြီး အစီအရင်အတွင်း ဝင်ရောက်လိုက်၏။

တောင်ခြေရှိ ဘုန်းကြီးကျောင်းဆောင် အသေးလေးအတွင်း ဆံပင်မပါရှိဘဲ အဝါရောင်သင်္ကန်း ဝတ်ဆင်ထားသည့် ဘုန်းကြီးတစ်ပါးက မနက်ခင်း ဓလေ့ထုံးတမ်းများကို လုပ်ဆောင်ဖို့ တံခါးဖွင့်လိုက်လေသည်။ သို့သော်လည်း သူက ငုံ့ကြည့်လိုက်သည့်အခါ ခြင်းထဲတွင် ထည့်ထားသည့် ကလေးတစ်ယောက်ကို မြင်လိုက်ရ၏။

“ နောက်ထပ် တစ်ယောက်လား။ ဒီကမ္ဘာကြီးက ဘယ်လောက်တောင်  ဖရိုဖရဲဖြစ်နေပြီလဲ”

ဘုန်းကြီးက ခေါင်းခါလိုက်ပြီးနောက် ကလေးအား ကောက်ယူလိုက်သည့်အခါ နိုးနေသော်လည်း မငိုကြောင်း သဘောပေါက်သွားသည်။ သူက သူ့အတွင်းအားတချို့ ထည့်သွင်းလိုက်ပြီး တစ်ခုခုများ မှားယွင်းနေတာလားဟု စစ်ဆေးကြည့်လိုက်သည်။

“ သူ့လည်ပင်းက အဆင်မပြေဘူးလား။ သူ့မိဘတွေက  ဒါကြောင့် သူ့ကို စွန့်ပစ်ခဲ့တာကိုး”

ဘုန်းကြီးက မနက်ခင်း နေ့စဉ်ဆောင်တာများကို မလုပ်ဆောင်တော့ဘဲ ကလေးအား တောင်ပေါ်သို့ ခေါ်သွားလေသည်။ ကလေးကို ပြုစုပျိုးထောင်ပေးသည့် သီးသန့်ဌာနတစ်ခုရှိပြီး တခြားသော မိဘမဲ့ကလေးများလည်း ရှိကြသည်။

ငါးနှစ်တာ ကြာမြင့်ပြီးသည့်နောက်တွင် ထိုကလေးငယ်က ယခုအခါ ကလေးတစ်ယောက် ဖြစ်လာခဲ့လေပြီ။ သူက သူ့မျိုးဆက်ရှိ ကိုရင်လေးများကြား အကြောင်းအရင်း သုံးချက်ကြောင့် နာမည်ကျော်ကြားလေသည်။

ပထမတစ်ချက်မှာ သူက စကားပြောနိုင်သော်လည်း စကားတစ်ခွန်းမှ မပြောသေးပေ။

ကလေးများက သူသည် လည်ပင်းအပြစ်အနာအဆာဖြင့် မွေးဖွားလာမှန်း သိထားသော်လည်း ဘုန်းကြီးကျောင်းက အတွင်းအားဖြင့် သူ့အား ကုသပေးခဲ့ ပြီးပြီဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ထိုကိုရင်ငယ်လေးက အခုထိ စကားတစ်လုံးမှ မပြောသေးပေ။

ကလေးများစွာက သူ့ချို့တဲ့မှုကြောင့် အနိုင်ကျင့်လိုကြလေသည်။ ထိုအခါ သူ ကျော်ကြားရသည့် ဒုတိယအကြောင်းအရင်း ဖြစ်လာလေ၏။ ထိုကိုရင်ငယ်လေးက တိုက်ခိုက်ရေးစွမ်းအား ပါရမီထူးကဲလှသည်။ ကလေးများက မည်မျှပင် အနိုင်ကျင့်စေကာမူ သူက အမြဲလိုလို အနိုင်ရရှိသူသာ ဖြစ်လေသည်။

လူများစွာက သူသည် နောင်အနာဂတ်တွင် ကြီးမြတ်သည့် စစ်သည်တော် တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။

သူ ကျော်ကြားရသည့် နောက်ဆုံးအချက်မှာ သူသည် ဆံပင် မရှိသော်လည်း ချောမောနေသည့်အတွက် ဖြစ်သည်။

ယနေ့က ထိုကိုရင်ငယ်လေးများအတွက် ထူးကဲသည့် နေ့ရက်တစ်ရက် ဖြစ်၏။ အားလုံးက တန်းစီကာ သဟဇာတခန်းမအတွင်း ဝင်ရောက်သွားကြသည်။ အားလုံးက ပြုံးပျော်နေသည့် အပြုံးမျိုး ရှိနေကြ၏။

မိနစ်ပိုင်းကြာမြင့်ပြီးနောက် ဘုန်းကြီးတစ်ပါး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည့် ခန်းမအတွင်း စကားမပြောသည့် ကိုရင်လေးက ဝင်ရောက်လာသည်။ ကိုရင်ငယ်လေးက စင်မြင့်ပေါ်တွင် ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဝပ်တွားလိုက်သည်။ ထို့နောက် သူက အမွှေးနံ့သာ ထွန်းညှိလိုက်၏။ ထို့နောက် သူက ဘုန်းကြီးအိုအား ကြည့်လိုက်သည်။

ထိုအခါ ထိုဘုန်းကြီးအိုက ပြောလိုက်၏။

“ အခုကစပြီးတော့ မင်းရဲ့ နာမည်က ရွှမ်ကျန့်ပဲ။ မင်းရဲ့ နာမည်နဲ့ ကံဆက်နွယ်မှုတွေကို စွန့်ခွာလိုက်ပါတော့”

ရွှမ်ကျန့်က ဦးညွှတ်လိုက်ပြီး သူ့နာမည်အသစ်ကို ခံယူလိုက်သည်။

“ ရွှမ်မျိုးဆက် တပည့်တွေကြားမှာ မင်းကို အယုံကြည်ရဆုံးပဲ”

ရွှမ်ကျန့်က ခေါင်းညိတ်လိုက်ပြီးနောက် ဘာမှမပြောပေ။ ထိုအခမ်းအနားအပြီးတွင် ကိုရင်ငယ်လေးအားလုံးက မည်သို့ရေးဖတ်ရမည်ကို သင်ယူခဲ့ကြသည်။ အထူးသဖြင့် သိုင်းပညာကို သင်ယူခဲ့ကြသည်။

ရွှမ်ကျန့်က တစ်လအတွင်း စာလုံးသုံးထောင်ကျော်ကို သင်ယူခဲ့သည့်အတွက် ဉာဏ်ကောင်းသူဖြစ်ကြောင်း ပြသနေလေသည်။ သို့သော်လည်း သူက ယခင်ပြသထားသည့် ပါရမီများဖြင့် ကွဲလွဲစွာ သိုင်းပညာရပ်အပေါ် စိတ်ဝင်စားခြင်း မရှိပေ။

သို့သော်လည်း သူက ကျမ်းခန်းမဆောင်ရှိ ကျမ်းများကိုမူ အလွန်စိတ်ဝင်စားလေသည်။ နေ့စဉ်နေ့တိုင်း သိုင်းပညာ လေ့ကျင့်ပြီးသည့်အခါတိုင်း သူက အထဲသို့ဝင်ကာ အိပ်ချိန် မတိုင်ခင်အထိ ကျမ်းများကို ဖတ်ရှုလေ့ရှိသည်။

ဆယ်နှစ်ကြာ ကြာမြင့်ပြီးသည့်နောက်တွင် လူများစွာက ရွှမ်ကျန့်အကြောင်း အာရုံစိုက်လာကြသည်။ ခန္ဓာကိုယ် ခွန်အားတိုးစေသည့် ကျင့်စဉ်ကို ကျွမ်းကျင်ပြီးသည့်နောက်တွင်  သူက သိုင်းပညာကို လေ့လာခြင်း မရှိတော့ပေ။ ထိုအရာထဲတွင် အတွင်းအား လေ့ကျင့်မှုလည်း အပါအဝင်သာ ဖြစ်၏။

ရွှမ်ကျန့်က မနက်ခင်း ငါးနာရီတွင် ထကာ ခပ်ပေါ့ပေါ့ အသီးအရွက်ကို စားပြီး ကျမ်းခန်းမဆောင်သို့ ဝင်ကာ စာဖတ်လေသည်။ နေ့ခင်းပိုင်းမှ စားသောက်တန်းသို့ သွားကာ နေ့လည်စာစားပြီး ကျမ်းခန်းမဆောင်အတွင်း ဝင်ကာ ဆက်လက်ဖတ်ရှုလေသည်။ သူက ညသန်းခေါင်မှ သူ့နေရာသို့ ပြန်သွားကာ အိပ်စက်လေသည်။ ထိုဖြစ်စဉ်က နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေလေ၏။ ထိုအရာက ဆယ်နှစ်ကျော်ကြာသည့်တိုင်ပင် အဆုံးမသတ်သေးပေ။

လူများစွာက သူ့အား ဖျောင်းဖျကြသော်လည်း အသုံးမဝင်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ရွှမ်ကျန့်က ထူးကဲသည့် ပါရမီကို ပြသထားဆဲဖြစ်၏။ သူက ဘုန်းကြီးကျောင်းရှိ ဆရာတော်အားလုံးဖြင့် ကျမ်းများနှင့် ပတ်သက်ပြီး စကားရည် လုနိုင်လေသည်။ ထိုသူများကြားထဲတွင် လိန်ယင်ကျောင်းထိုင်ဆရာတော်လည်း အပါအဝင်ဖြစ်၏။

ထို့အပြင် သိုင်းပညာအပေါ် နားလည်နိုင်စွမ်းကလည်း အံ့ဖွယ်အဖြစ် ယူဆနိုင်လေသည်။ ထိုအရာများကို အကြိမ်တချို့ မြင်တွေ့ပြီးသည့်နောက်တွင် သူက ချက်ချင်းဆိုသလို အတွင်းအား လေ့ကျင့်ရေးနည်းလမ်း သို့မဟုတ် ပညာရပ်များကို ချက်ချင်းနားလည်ပြီး တခြားကိုရင်များအား ပြန်လည် လမ်းညွှန်ပေးနိုင်သည်။

ထိုအချက်ကို သိပြီးသည့်နောက်တွင် ကျောင်းထိုင်ဆရာတော်က ရွှမ်ကျန့်အား လွှတ်ထားပြီး သူ့စိတ်ကြိုက်လုပ်ခိုင်းဖို့သာ ဆုံးဖြတ်လိုက်သည်။ သူက တခြားလူများ မနှောင့်ယှက်နိုင်အောင်လည်း တားဆီးပေးခဲ့သည်။ ထို့အပြင် အပြင်ဘက်မှ သူ့အတွက် ကျမ်းများစွာကိုလည်း ရယူပေးခဲ့သည်။

ရာသီများစွာက တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲလာပြီး အဆုံးမဲ့ စက်ဝန်းတစ်ခုလို ထပ်ခါထပ်ခါ ဖြစ်နေလေသည်။ ထိုကလေး ရောက်ရှိလာသည်မှာ နှစ် ၆၀ ကြာမြင့်သွားပြီဖြစ်၏။

သူ့တည်ရှိမှု၊ သက်ရောက်မှုက စကားလုံးအနည်းငယ်ဖြင့် ရှင်းပြ၍ မရပေ။

သို့သော် ယနေ့တွင် လိန်ယင်ဘုန်းကြီးကျောင်းအတွက် ထူးဆန်းသည့် နေ့တစ်ရက် ဖြစ်၏။ အကြောင်းမှာ ဗုဒ္ဓဝင်စားသည်ဟု ခေါ်ဆိုရသည့် သိက္ခာတော်ရ ကိုယ်တော်ရွှမ်ကျန့်က ပထဆုံးအကြိမ်အနေဖြင့် ကျောင်းထဲမှ ထွက်လာလေသည်။

ရွှမ်မျိုးဆက်မှ ကျောင်းထိုင်အသစ်က သူ့အား စိုးရိမ်တကြီးဖြင့် လာရောက်တွေ့ဆုံလေသည်။

ယခင်ဆယ်စုနှစ် ၆ခုအတွင်း လိန်ယင်ဘုန်းကြီးကျောင်းက ကျန်းဟူလောကအတွင်း အလားအလာကောင်းသည့် အင်အားစုတစ်ခုအဖြစ် ကြီးထွားလာခဲ့သည်မှာလည်း ရွှမ်ကျန့်ကြောင့်သာ ဖြစ်၏။ ထို့ကြောင့် သူက ဘာတွေဖြစ်ပျက်နေမည်ဆိုသည်ကို သိဖို့လိုအပ်လေသည်။

“ စီနီယာအစ်ကို ဘယ်သွားမလို့လဲ” ကျောင်းထိုင်က မေးလိုက်သည်။

ထို့နောက် သူ့ရှေ့တွင် ရွှေရောင်စကားလုံးများစွာ ထွက်ပေါ်လာသောကြောင့် လန့်ဖျပ်သွားမိသည်။

“ အံ့…အံ့…အံ့ဖွယ်စွမ်းရည်လား” သူက ရေရွတ်လိုက်၏။ သူက သူ့စီနီယာအစ်ကိုကြီးသည် သူ့အတွင်းအားကို တစ်ခါမှ မကျင့်ကြံဖူးကြောင်း သိထားလေသည်။ သူက လုပ်ဆောင်ခဲ့လျှင်ပင် ဤသို့အဆင့်မျိုး ရောက်ရှိဖို့ရာ မဖြစ်နိုင်သေးပေ။

ကျောင်းထိုင်က အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် စိတ်ငြိမ်ငြိမ်ထားကာ ထိုမျောလွင့်နေသည့် ရွှေရောင်စာလုံးများအား ဖတ်ရှုလိုက်၏။

“ ကမ္ဘာကြီးက ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်။ ငါ လူတွေကို ဘေးဒုက္ခကနေ ကယ်တင်ဖို့ တောင်အောက်ကို ဆင်းရမယ်။ ဒါက ငါ့တာဝန်ပဲ။ အဲဒါကြောင့် ငါ့ကို မတားပါနဲ့”

ကျောင်းထိုင်က ခေတ္တမျှ တုံ့ဆိုင်းသွားလေသည်။ ထို့နောက် သူက အံကြိတ်လိုက်ပြီး ပြောလိုက်သည် “ ဒီလိုဆိုရင် အကူအညီရအောင် လူတချို့ကို ခေါ်သွားလိုက်ပါ”

ရွှမ်ကျန့်က ဘာမှမပြောဘဲ ဆက်သွားလေသည်။ သူက တောင်အောက်ကို ဆင်းသွားလေ၏။ ယခုအခါ သူက မုတ်ဆိတ်ဖြူ ရှိနေသည့် လူအိုကြီးတစ်ယောက် ဖြစ်နေသော်လည်း သူ့ခန္ဓာကိုယ်က ကျန်းမာနေဆဲ ဖြစ်လေသည်။ အကြောင်းမှာ သူက လေ့ကျင့်ခန်းအနေဖြင့် ခန္ဓာကိုယ် လေ့ကျင့်မှုကို မရပ်တန့်ခဲ့ပေ။

သူက ကျောင်းနှင့်အနီးဆုံး မြို့ဆီ ဦးတည်လိုက်သည်။ အရာအားလုံးက သာမန်ဟု ထင်ရသော်လည်း ရွှမ်ကျန့်က လိန်ယင်ဘုန်းကြီးကျောင်းက ထိုလူများကို ကာကွယ်ပေးထားကြောင်း သိလေသည်။

သူက ဘုန်းကြီးကျောင်းနှင့် ဝေးဝေးလျှောက်လာသည့်အခါ ကမ္ဘာ၏ ကပ်ဘေးဒုက္ခများကို မျက်မြင်တွေ့လိုက်ရသည်။ လူများက စားစရာ အစားအစာမရှိသလို သူတို့၏ အိမ်များကလည်း စစ်ပွဲကြောင့် ဖျက်ဆီးခံထားရပြီး အမျိုးသားများကိုမူ တပ်အတွင်း အတင်းအကြပ် ခေါ်ဆောင်သွားလေသည်။

တပ် သို့မဟုတ် ပုန်ကန်သူများက မြို့တချို့ကို သိမ်းပိုက်ပြီးသည့်နောက်တွင် အပြစ်မဲ့ပြည်သူများက မုဒိန်းအကျင့်ခံရသလို အတင်းအကြပ် သတ်ဖြတ်ခံရတာမျိုးလည်း ရှိသည်။ ကလေးများပင် ချမ်းသာမပေးပေ။ သူတို့လက်ဝယ်ပိုင်ဆိုင်ထားသည့် ချမ်းသာမှုလေးကလည်း အတင်းအကြပ် လုယူခံရပြီး အသက်ရှင်ကျန်သူပင် မချန်ထားခဲ့ကြပေ။

နောက်တစ်နှစ်တိုင် ရွှမ်ကျန့်က ကမ္ဘာတစ်ဝှမ်း ဘာမှမလုပ်ဘဲ လမ်းလျှောက်နေလေသည်။ အဓိကရည်ရွယ်ချက်က သူက မပြင်ဆင်ခင် ကမ္ဘာ၏ ကပ်ဘေးဒုက္ခကို နားလည်ဖို့ ဖြစ်၏။ သူ လုပ်သည့် တစ်ခုတည်းသောအရာမှာ လူများကို မြှုပ်နှံပေးပြီး သူတို့၏ အုတ်ဂူရှေ့တွင် ဆုတောင်းပေးခဲ့ခြင်း ဖြစ်သည်။ နောက်မှပါလာသည့် ကိုယ်တော်များကလည်း သူ့အပြုအမူကြောင့် နားမလည်ဖြစ်နေကြသည်။ သို့သော် ရွှမ်ကျန့်က သူတို့ကို ဂရုမစိုက်ပေ။

နှစ်အနည်းငယ်ကြာ ခရီးသွားလာပြီးသည့်နောက်တွင် သူက စတင်လှုပ်ရှားလာပြီဖြစ်၏။

All Chapters