← Chapters

အကန့်အသတ်မရှိသော ဆေးဝါးတာအို

Vol. 66 Ch. 918

အကန့်အသတ်မရှိသော ဆေးဝါးတာအို

Vol. 66 Ch. 918

ဆေးအိမ်တော်၏ သတ္တမအဆင့်တွင် မန်ဟိုသည် စာအုပ်များ၏အရှေ့၏ အမွှေးတိုင်တစ်တိုင်ထွန်းစာအထိ ရပ်နေ၏။ ထို့နောက် သူ၏မျက်လုံးများ ပွင့်လာပြီး သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အပင်နှင့်အသီးအရွက်ကျမ်းအား စာမျက်နှာတစ်မျက်နှာဆီသို့ လျင်မြန်စွာ လှန်လိုက်စေသည်။ ချက်ချင်းပင် ဆေးပင်တစ်ပင်ပေါ်လာပြီး လေထဲတွင် ပျံဝဲနေ၏။

နောက်ထပ်စာမျက်နှာများ ဆက်တိုက်လှန်သွားပြီး စာမျက်နှာကိုးခုမှ ဆေးပင်ကိုးပင်ပေါ်လာသည်။ မန်ဟိုက ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ကာ ဆေးပင်ကိုးပင်လုံးအား ဗလာကျင်းနေသော စာအုပ်၏ ပထမစာမျက်နှာအလွတ်တွင် ပေါ်လာစေသည်။

ထို့နောက် အပင်များသည် သူ့အတွေးများအတိုင်း လိုက်နာနေ၏။ တချို့က အခေါက်များကို ခွာသည်၊ တချို့က ပန်းပွင့်များကို ဖယ်ရှားသည်။ အဆုံးသတ်တွင် မန်ဟိုသည် နတ်ဘုရားအာရုံနှင့်အတူ ပွားခြင်းနှင့်ဖိနှိပ်ခြင်းအတတ်များကို အသုံးပြုရင်း ၎င်းတို့ကို အတူတကွ ကိုင်းဆက်လိုက်၏။

ပထမစာမျက်နှာပေါ်၌ ဆေးပင် တလက်လက် တောက်ပနေစဉ် စာအုပ်သည် ၎င်းအား ခွဲခြားစိတ်ဖြာ၍ အကဲဖြတ်နေပုံရသည်။ မျက်စိတစ်မှိတ်ကြာသော် စာရွက်က ဖြေး‌ဖြေးချင်း လှန်သွားရာ မန်ဟို၏ ပထမဆေးပင်ဖန်တီးမှု အောင်မြင်ကြောင်း ဖော်ပြနေ၏။

သူက ဘယ်လက်အား အပင်နှင့်အသီးအရွက်ကျမ်းဆီသို့ နောက်တစ်ဖန် ဝှေ့ယမ်းကာ ဆေးပင်များ ထပ်မံထုတ်၍ သူ၏နတ်ဘုရားအာရုံကို သုံးရင်း ၎င်းတို့ကို အသွင်ပြောင်း၍ ကိုင်းဆက်ကူးကာ သူ့စိတ်တိုင်းကျ ဆေးပင်များကို ဆက်လက်ဖန်တီးလိုက်သည်။

အချိန်များ ကုန်လွန်သွားသည်။ ဆေးဝါးတာအိုကို နားမလည်သော ကျင့်ကြံသူများအတွက် ဤစာမေးပွဲမှာ ပျင်းစရာကောင်းပေလိမ့်မည်။ သို့သော် ဆေးဝါးတာအိုဌာန၏ကျင့်ကြံသူများအတွက်မူ ‌ကြုံတွေ့ဖို့ ခဲယဉ်းသော ကံကြမ္မာကောင်းတစ်ခုဖြစ်၏။

အဆင့် (၇) ဆေးဝါးတာအိုကျင့်ကြံသူများပင် ထူးဆန်းစွာ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ မန်ဟို ဆေးပင်များကို ဖန်တီးနေစဉ် သူတို့မှာ အသိအမြင်များ ပွင့်လာပြီး အံ့ဩပြီးရင်း အံ့ဩနေကြရသည်။ တဖြေးဖြေး သူတို့၏အပင်နှင့်အသီးအရွက်အသိသည် တိုးတက်လာနေ၏။

"အအေးဓာတ်အပင်တွေကို အဲဒီလိုလုပ်လို့ရတာ ယုံတောင် မယုံနိုင်ဘူး.... အပူဓာတ်ကိုးမျိုးထည့်ပြီးရင် မူလဖော်စပ်နည်းက အအေးဓာတ်တစ်မျိုးပဲ ထည့်ခိုင်းတာ။ ဒါပေမဲ့ အဲဒီအစား သူက အအေးဓာတ်ကိုးမျိုးထည့်တယ်။ ပွားခြင်းနဲ့ ဖိနှိပ်ခြင်းနိယာအရ ရလဒ်အနေနဲ့ ဓာတ်ပြယ်သွားစေနိုင်မယ့် အခုကျ ရလဒ်က အဲဒီလိုမျိုးတဲ့လား"

"အဲဒီလဝိညာဉ်ပန်းပွင့်က ကိုင်းဆက်ကူးတာကနေ နေထည်ဝါသစ်ရွက်အသွင် ပြောင်းနိုင်တာလား။ ဘယ်လိုတောင် ကိုးရို့ကို့ယားအတွေးကြီးတုန်း။ ဒါပေမဲ့ အလုပ်ဖြစ်သားဟ"

အဘွားအိုပင်လျှင် မျက်လုံးပြူးလျက် ကြည့်နေသည်။ မသိလိုက်ဘဲ သူမသည် မန်ဟို့ကို တုပလာမိပြီး သူမ၏အပင်နှင့်အသီးအရွက်အသိသည် ဖြည်းဖြည်းချင်း တိုးတက်လာလေ၏။

အဆင့် (၅) နှင့် အဆင့် (၆) ဆေးဝါးပညာရှင်များမှာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် အပင်နှင့်အသီးအရွက်နှင့်ပတ်သက်လျှင် အစပျိုးအဆင့်သာ ရှိသေးလေရာ မန်ဟို့ကို ကြည့်နေစဉ် မြင်မြင်သမျှအကုန်လုံးအား မှတ်သားနေကြ၏။

သူတို့အတွက် ဤသည်မှာ အတိုင်းထက်အလွန် ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်သည်။

အဆင့်နိမ့်ဆေးဝါးပညာရှင်များအတွက်မူ ဤသည်မှာ အလှမ်းဝေးသောနယ်ပယ်တစ်ခုပင်။ သို့သော် ဆေးဝါးတာအိုလမ်းခရီးတစ်‌လျှောက် ဝေးဝေးသို့ ရောက်ချင်လျှင် အပင်နှင့်အသီးအရွက်များအား မည်ကဲ့သို့ကိုင်းဆက်ကူးရမည်လဲ လေ့လာရမည်ဖြစ်ကြောင်း သူတို့ နားလည်၏။ ထို့ကြောင့် သူတို့လည်း ဤအခြေအနေကို အခွင့်ကောင်းယူနိုင်သမျှ ယူနေကြသည်။

‌ဆေးဝါးအတတ်သင်များမှာတော့ ဘာတွေဖြစ်နေသလဲ မရှင်းလင်းပေ။ သို့သော် အဆင့်မြင့်ဆေးဝါးပညာရှင်များ၏ မျက်နှာထားများကို မြင်လျှင် မန်ဟို ယခုလက်ရှိ ကိုင်းဆက်ကူးနေသည်မှာ အံ့အားသင့်ဖွယ်ဖြစ်ကြောင်း သဘောပေါက်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် မန်ဟို့ကို မမှိတ်မသုန် ကြည့်ပြီး သုံးသွားသော ကိုင်းဆက်ကူးနည်းကို မှတ်မိအောင် အတတ်နိုင်ဆုံး ကြိုးစားနေကြလေသည်။

‌ဆေးအိမ်တော်၏ အပြင်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ အပြင်၌ စောင့်နေသော အဘိုးကြီးနှစ်ဦးပင်လျှင် မျက်လုံးများဖွင့်၍ လေလယ်ရှိ မှန်သားပြင်ကို ကြည့်နေကြသည်။

အဆင့် (၈) ဆေးဝါးပညာရှင်များမှာတော့ မန်ဟိုနှင့် သူ၏ကိုင်းဆက်ကူးနည်းများကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့အားလုံးမှာ မျှော်လင့်ချက်များ ပြည့်နှက်နေကြ၏။

မန်ဟိုမှာ အပင်နှင့်အသီးအရွက်များအား ကိုင်းဆက်ကူးရင်း အချိန်ကို မေ့လျော့သွားပြန်သည်။ သူ၏ ဘယ်လက်က အပင်နှင့်အသီးအရွက်ကျမ်း ပထမတွဲကို လှန်နေရာ စာရွက်များမှာ တရစပ် လှုပ်ရှားနေတော့၏။

အချိန်များ ကုန်လွန်သွားသည်။ မန်ဟိုသည် ဆေးပင်တစ်ပင်ပြီးတစ်ပင် ဆက်လက်ဖန်တီးနေ၏။ ၁၀ ၊ ၁၀၀ ၊ ၁၀၀၀....

ရက်အနည်းငယ်ကြာသော် ဆေးပင်တစ်သောင်း ဖန်တီးပြီးသွား၏။  သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်သော်လည်း အဆုံးမသတ်သေးပေ။ ထိုအစား ကျင့်ကြံအားထုတ်သည့်အခါ ခံစားရသကဲ့သို့ အပင်နှင့်အသီးအရွက်များနှင့်ပတ်သက်၍ ခံစားနေရသော ခံစားချက်အပေါ် ခေတ္တ အာရုံစိုက်လိုက်သည်။ သူ ဆေးပင်များ ဖန်တီးလေလေ၊ သူ၏အပင်နှင့်အသီးအရွက်အသိမှာ သန့်စင်လာလေလေဖြစ်ကြောင်း  ရှင်းရှင်းလင်းလင်း ပြောနိုင်သွား၏။

သူ ဆေး‌မဖော်ရသည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း သူ၏ဆေးဖော်စပ်စွမ်းရည်လည်း ... အစွမ်းထက်လာနေကြောင်း အာရုံရလိုက်လေသည်။

"ငါ့လက်က ဆေးပေါင်းဖို။ ငါဟာ မိုးနဲ့မြေကို ငါ့လက်ဝါးထဲထည့်ပြီး အစွမ်းထက်ဆေးလုံးတစ်လုံး ဖော်မယ်" သူ၏မျက်လုံးများသည် သူ၏ဆေးဝါးတာအိုမှ အရင်းခံသော အလင်းရောင်ဖြင့် တောက်ပလျက်ရှိ၏။ ဤတာအိုနှင့်ဆိုလျှင် သူ့အနေဖြင့် သူ၏နှလုံးသားကို ခိုင်မာစေပြီး ဆေးဖော်ရန် ထိုနှလုံးသားကို အသုံးပြုနိုင်လေသည်။

ခုနစ်ရက်ထပ်ကြာသွားသည်။ ယခုတွင် မန်ဟိုကား ဆေးပင်တစ်သောင်းခွဲကျော် ဖန်တီးပြီးသွားလေပြီ။ အပြင်ရှိ လူတိုင်းမှာ တုန်လှုပ်နေကြပြီး မန်ဟို့အပေါ် သူတို့၏လေးစားမှုကား အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။

အဘွားအိုပင်လျှင် သူမ၏အပင်နှင့်အသီးအရွက်အသိမှာ မန်ဟို့အသိနှင့် ယှဉ်နိုင်မည်လား သူမကိုယ်သူမ ပြန်မေးမိနေသည်။ အဆုံးသတ်တွင် သူမသည် သက်ပြင်းချပြီး မန်ဟိုကဲ့သို့လူများမှာ ဆေးဝါးတာအိုဌာနအတွက် မရှိမဖြစ်လိုအပ်သူများအဖြစ် ဝန်ခံလိုက်ရတော့၏။

သူမအတွက်မူ .... မန်ဟို့ကို ပစ်မှတ်ထားခိုင်းသော ပင်မမျိုးနွယ်စု၏ တောင်းဆိုမှုအား ဆက်လက်လိုက်လျောနေမည်ဆိုလျှင် ဆေးဝါးတာအိုဌာနနှင့် ပနံသင့်တော့မည်မဟုတ်ပေ။

"ထားလိုက်ဝောာ့" သူမက ခိုင်မာပြတ်သားမှုတို့ မျက်လုံးများတွင် တောက်ပနေလျက် တွေးလိုက်သည်။ "ငါက ... ဆေးဝါးတာအိုဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ မဟုတ်ဘူးလား" သူမသည် အသက်ပြင်းပြင်းရှူသွင်းပြီး မန်ဟို့ကို ပစ်မှတ်ထားမည့်အတွေးအားလုံးကို ခေါင်းထဲမှ ထုတ်လိုက်၏။ ရုတ်တရက် ကြီးမားသောဖိအားကြီးတစ်ခု သူမအပေါ်မှ ဖယ်ခွာသွားသည့်အလား ခံစားလိုက်ရလေသည်။ ထို့နောက် သူမသည် အပင်နှင့်အသီးအရွက်များအကြောင်း တွေးတောဆင်ခြင်ရင်း မှန်သားပြင်အပေါ်တွင်သာ အာရုံစိုက်ထား၏။

တစ်သောင်းခွဲ၊ နှစ်သောင်း၊ သုံးသောင်း....

တစ်ဘအတောအတွင်း မန်ဟိုသည် ဆေးပင်သုံးသောင်းအား ဖန်တီးပြီးခဲ့၏။ အပြင်၌ စုဝေးလာကြသူများလည်း တိုးပွားလာသည်။ ယခုတွင် လူပေါင်းငါးသိန်းကျော်ကား အရပ်လေးမျက်နှာ၌ ပြွတ်သိပ်ကြပ်လျက် ရှိချေသည်။

လူတိုင်းသည် မန်ဟို ဆေးပင်များအား ဖန်တီးနေသည်ကို ကြည့်ရှုနေကြ၏။ ရံဖန်ရံခါ သူတို့မှာ ပျော်ရွှင်သွားကြပြီး ရံဖန်ရံခါ တွေဝေသွားကြပုံပေါ်သည်။ သို့သော် အဆုံးသတ်တွင် စောင့်ကြည့်နေကြသူအားလုံး တစ်စုံတစ်ခု ရရှိသွားကြသည်။

ကံဆိုးစွာနှင့် မန်ဟိုမှာ သူလုပ်နေသာအရာတွင် စိတ်ရောကိုယ်ပါ နစ်မြောနေ၍ အပြင်၌ မည်သည်တို့ ဖြစ်ပျက်နေသလဲ မသိပေ။ သူသာ သိလျှင် ဒေါသူပုန်ထသွားလောက်၏။ ဤသည်မှာ စွမ်းဆောင်ရည်ရမှတ်များ ကောက်ခံရန် ...  အခွင့်ကောင်းမဟုတ်ပါလော။

ဤအခိုက်အတန့်တွင်သာ သူ ဆေးအိမ်တော်ထဲမှ ထွက်လာပြီး ‌ကြည့်ခတောင်းလျှင် အကုန်လုံးနီးပါး သူ တောင်းသည့်အတိုင်း ပေးကြမှာဖြစ်သည်။

သူ ပထမအဆင့်သို့ ဝင်ရောက်ခဲ့သည့် အခိုက်အတန့်မှစ၍ ‌ယခုအထိ လေးလတင်းတင်း ပြည့်ခဲ့လေပြီ။ ‌ကျင့်ကြံသူများ၏ သက်တမ်းများမှာ ရှည်လျားပြီး တစ်ခါတရားထိုင်လျှင် နှစ်နှင့်ချီကြာတတ်သော်လည်း သူတို့အတွက် တရားထိုင်မနေလျှင် လေးလမှာ ကြာသယောင်ထင်ရ၏။

သို့ထိတိုင် မည်သူမှ စိတ်မရှည်မဖြစ်ပေ။ ထိုအစား စောင့်ကြည့်လေ့လာခြင်းဖြင့် အမြတ်ရအောင် အားထုတ်နေကြသည်။

မန်ဟိုမှာ ကိုင်းဆက်ကူးရာတွင် စိတ်ရောကိုယ်ပါ နစ်မြှုပ်ရင်း ပျော်ရွှင်နေသည်။ ဤကဲ့သို့ ရွေးချယ်နိုင်သော ဆေးပင်သိန်းတစ်သောင်းနှင့် ဆေးအိမ်တော်မျိုး ထပ်မံမရှိနိုင်တော့ပေ။

၎င်းတို့အားလုံးမှာ ပုံရိပ်ယောင်သာ ဖြစ်သော်လည်း မန်ဟို့အတွက်တော့ အရေးမကြီးပေ။ ၎င်းတို့က သူ၏အပင်နှင့်အသီးအရွက်အား မြင့်မားသောအဆင့်သို့ ရောက်အောင် ကူညီပေးနိုင်၏။

နောက်တစ်လကြာသွားပြီး မန်ဟို၏မျက်လုံးများ နီရဲနေသည်။ သူကား ယခုတွင် ဆေးပင်ငါးသောင်း ဖန်တီးပြီးလေပြီ။

အစပိုင်းမှာ အတန်အသင့် ရိုးရှင်းခဲ့၏။ သို့သော် ဆက်ဖန်တီးလေလေ၊ ခက်လာလေလေပင်။ သူသာ ဝတ်ကျေတန်းကျေလုပ်ရုံနှင့် ကျေနပ်ပါက ဤအဆင့်သည် ရိုးရှင်းလိမ့်မည်ဖြစ်သည်။ သို့သော် သူကား စံသတ်မှတ်ချက် မြင့်မား၏။ ယခု သူ ဖန်တီးနေသော ဆေးပင်များတွင် အနည်းဆုံးဆေးပင်တစ်ထောင်ကျော် ပါဝင်နေလေပြီ။

အမှန်တွင် သူ ဖန်တီးခဲ့သော အရှေ့ကအပင်တစ်သောင်းမှာ အနည်းဆုံးဆေးပင်ငါးရာကျော်ဖြင့် ကိုင်းဆက်ထားခြင်းဖြစ်၏။

ပင်ပန်းနွမ်းနယ်မှုက သူ့ကိုယ်ထဲတွင် ပြည့်နှက်နေသည်။ အဆင့် (၅) ၊ အဆင့် (၆) နှင့် အဆင့် (၇) တို့မှာ သူ့အား အတော်လေး စိတ်ပင်ပန်းစေခဲ့၏။ ရလဒ်အနေဖြင့် သူ၏နတ်ဘုရားအာရုံမှာ တိုးတက်လာခဲ့လေသည်။

မန်ဟို့အတွက် ပို၍ပင် အံ့ဩဖွယ်ကောင်းသည်မှာ ပြီးခဲ့သည့်လများအတောအတွင်း သူ၏ကျင့်ကြံခြင်းအခြေခံသည် အစစ်အမှန်အင်မော်တယ်စွမ်းအား၏ ကိုးဆယ်ရာခိုင်နှုန်းနှင့် နီးကပ်လာခဲ့ခြင်းဖြစ်သည်။

ခြောက်လကြာသည့်အခါ မန်ဟိုမှာ တုန်ရီလာသည်။ သူ၏စိတ်စွမ်းအင်မှာ ကုန်ခမ်းသလောက်ဖြစ်လာပြီး ခေါင်းလည်း ကိုက်ခဲနေ၏။ စူးအောင့်သော နာကျင်မှုက သူ၏နားထင်များကို ထိုးကျင့်နှိပ်စက်နေရာ သူ၏တွေးတောနိုင်စွမ်းပင် လေးပင်နှေးကွေးလာသည်။

သို့သော် ယခု သူသည် ဆေးပင်ခုနစ်သောင်းနီးပါး ဖန်တီးခဲ့ပြီးပြီဖြစ်၏။

တစ်ပင်မှာ ထပ်မနေသည့်အပြင် မည်သည့်အပင်မဆို အပြင်လောက၌ ပေါ်လာလျှင် အုံးအုံးကြွက်ကြွက် ထသွားစေနိုင်လိမ့်မည်။  အထူးသဖြင့် နောက်ဆုံး (၅၀၀၀).... ထိုအပင်တစ်ပင်စီတွင် ကိုင်းဆက်ထားသောအပင်မျိုးကွဲ အနည်းဆုံးတစ်ထောင်ကျော် ပါရှိ၏။

ထိုကဲ့သို့ဆေးပင်များအား အရန်အမယ်အနည်းငယ်ထည့်လိုက်ရုံနှင့် ဆေးလုံးအဖြစ် ပြောင်းလဲနိုင်လေသည်။

အပြင်၌ စောင့်ကြည့်နေသူများမှာ မန်ဟို၏အပင်နှင့်အသီးအရွက်အသိကြောင့် စိတ်နှလုံးလှုပ်ရှားပြီး နစ်မြောနေကြသည်။ လဝက်ကြာသွားပြန်၏။ နောက်ဆုံးတော့ မန်ဟိုမှာ အားအင်ကုန်ခမ်းသွားလေပြီ။ သူ၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့မှာ သတိလစ်တော့မည့်အလား ထင်ရသည်ည်။ သူ့ထာဝရအလွှာပင် အားအင်ကုန်ခမ်းမှုအား မလိုက်နိုင်တော့ပေ။

သူက သက်ပြင်းရှည်ကြီးချပြီး လုပ်လက်စကို ရပ်လိုက်သည်။

သူ့အနေဖြင့် ဆေးပင် (၇၅၀၀၀) ဖန်တီးပြီးလေပြီ။

"ငါ့စိတ်က မလိုက်နိုင်တော့ဘူး" သူက တွေးသည်။ "ဆက်သွားနေရင် ငါ့အခြေခံကို ဒဏ်ရာစေလိမ့်မယ်။ အားလုံးအထဲ အရေးအကြီးဆုံးက .... ငါ့အပင်နဲ့အသီးအရွက်အသိက အနည်းဆုံးတော့ ကိုင်းဆက်ကူးရာမှာ ထူးချွန်သင့်သလောက် မထူးချွန်သေးဘူး

"တစ်သောင်းကျော်က ငါ့ရဲ့ အကန့်အသတ်ဖြစ်မယ်ထင်တယ်

"ဒါ့အပြင် ငါ့ရဲ့ လက်ရှိ အပင်နဲ့အသီးအရွက်အသိကို ထည့်တွက်ရင် ကိုင်းဆက်တစ်သောင်းနဲ့ ဖွဲ့စည်းထားတဲ့ အစွမ်းထက်အပင်တစ်ပင်ကို ဖန်တီးတာက အရမ်းခက်ခဲလွန်းလိမ့်မယ်" သူသည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် အစွဲအလမ်းကြီးမှုတို့ မျက်လုံးများတွင် တောက်ပနေလျက် ဖြေးဖြေးချင်း ထရပ်လိုက်သည်။

"ငါ ဖန်မျိုးနွယ်စုရဲ့ အပင်နဲ့အသီးအရွက်ကြောင်း ထဲထဲဝင်ဝင် လေ့လာရမယ်" ထို့နောက် သူသည် ချာခနဲ လှည့်၍ ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသောအခါ ဆေးအိမ်တော်၏အပြင်တွင် ဖြစ်လေသည်။ သူ့မှာ ပြွတ်သိပ်ကြပ်နေသော ကျင့်ကြံသူငါးသိန်းကို မြင်လျှင် တအံ့တဩ ပင့်သက်ရှိုက်မိသွားသည်။

လူတချို့ လာကြည့်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း ဤမျှအများကြီး ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဆေးဝါးပညာရှင်များကိုပင် မြင်တွေ့ရပြီး အတော်များများက မန်ဟို့ကို စောင့်ကြည့်ရင်း ဈာန်ဝင်စားနေခဲ့ရာမှ အပြည့်အဝ နိုးထမလာကြသေးပေ။

သူ့မှာ တစ်ခုခုပြောရန် ပင်ပန်းလွန်းနေလေပြီ။ သူ လုပ်ချင်သည့် တစ်ခုတည်းသော ကျင့်ကြံခြင်းဂူသို့ ပြန်၍ ရက်အနည်းငယ်အနားယူဖို့ရန်သာ။ သူသည် ချက်ချင်း လေပေါ်ပျံတက်၍ အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားတော့၏။

သူ လေထဲ ပျံတက်လိုက်သည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးသည် စိတ်နှင့်ကိုယ် ပြန်ကပ်သွား၏။ သူတို့က မန်ဟို အဝေးသို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် အရူးအမူးဖြစ်ကုန်ကြတော့သည်။

"အဲ့ဒါ ဖန်ဟိုပဲ" တစ်ယောက်က ထအော်သည်။ "သူ ထွက်လာခဲ့ပြီ" တဖြေးဖြေး လူများသည် စိတ်နှင့်ကိုယ်ပြန်ကပ်သွားပြီး မှန်သားပြင်ပျောက်ကွယ်သွားသောအခါ မန်ဟို ဆေးအိမ်တော်မှ ထွက်သွားခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်ကြ၏။

"ဆေးပင်ခုနစ်သောင်းခွဲ။ သူက အပင်နဲ့အသီးအရွက်မဟာအကြီးအကဲပဲ။ သူက ဆေးဆရာတစ်ဦးလို့ အခေါ်ခံရဖို့ ထိုက်တန်တယ်"

"မဟာအကြီးအကဲဖန်ဟိုရဲ့ အပင်နဲ့အသီးအရွက်အသိအရဆိုရင် သူသာ ဆေးအိမ်တော်စာမေးပွဲကို အောင်ရုံလေး အောင်ချင်တယ်ဆိုရင် နဝမအဆင့်ကို အောင်လိမ့်မယ်လို့တော့ မပြောရဲပေမယ့် အဋ္ဌမအဆင့်ကတော့ လုံးဝပြဿနာရှိမှာမဟုတ်ဘူး"

လူတိုင်းမှာ မန်ဟို ထွက်သွားသည်ကို ကြည့်ရင်း ဆူညံပွက်လောရိုက်နေကြသည်။ သူတို့၏မျက်လုံးများသည် အရူးအမူးဖြစ်ခြင်း၊ လေးစားခြင်းတို့ဖြင့် ပြည့်နှက်နေ၏။ ကျင့်ကြံခြင်းလောကတွင် အင်အားကြီးသူအား လေးစားကြသလို၊ ဆေးဝါးတာအိုဌာနတွင်လည်း ထိုနည်း၎င်းဖြစ်သည်။

"သူက ဒီတစ်ခေါက် တမင် ရပ်လိုက်ပေမယ့် လနည်းနည်းကြာရင် သေချာပေါက် ဆက်ဖြေလိမ့်မယ်"

ပတ်ဝန်းကျင်ရှိ ဆေးဝါးပညာရှင်များသည် မန်ဟိုထွက်သွားသည်ကို ကြည့်ပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ကြ၏။ အထူးသဖြင့် အဆင့် (၈) ဆေးဝါးပညာရှင်များ၏ မျက်နှာများတွင် မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေလေသည်။

အတွင်းတောင်များ၏ အနက်ပိုင်းထဲတွင် ဆေးလုံးအကြီးအကဲ ဖန်တယွမ်သည် မန်ဟို့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့၏။ နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်ပြီး အပြုံးတစ်ခု သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းလာသည်။ "နောက်ဆုံးတော့ ဆေးဝါးတာအိုဌာနရဲ့ ဆက်ခံသူတစ်ဦးပေါ်လာခဲ့ပြီ..."

သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အတွင်းထဲ၌ ရှေးဟောင်းစာအုပ်တစ်အုပ်ပေါ်လာသည်။ ၎င်း၏အပေါ်၌ 'အပင်နှင့်အသီးအရွက်ကျမ်း' ဟု ရေးသားထား၏။

"ဒါကို ဖန်ဟို့ဆီပေးလိုက်" သူက လက်ကို ထပ်မံဝှေ့ယမ်းရင်း တိုးညင်းစွာ ပြောလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်တစ်ရောင်က စာအုပ်ကို လွှမ်းခြုံ၍ သယ်ဆောင်သွား၏။

မန်ဟိုက သူ၏ပတ်ဝန်းကျင်ကိုပင် အာရုံမရှိဘဲ ဆေးဝါးတာအိုဌာန၏အပြင်သို့ ပျံထွက်လာသည်။ သို့သော် တခဏကြာသော် သူသည် တုံ့ခနဲ ရပ်ပြီး မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ သူ့စိတ်မှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

"သေစမ်း။ ဘယ်လိုလုပ်ပြီး စွမ်းဆောင်ရည်ရ‌မှတ်ကောက်ဖို့ မေ့သွားတာတုန်း။ စောစောက လူပေါင်းငါးသိန်းတောင်ကျော်တယ်။ ငါ ဆေးအိမ်တော်ထဲမှာ ဘယ်နှလတောင် ရှိနေခဲ့ရတာလဲ။ ဒါ ... ဒါ ..."

***

All Chapters