အမြဲပြောင်းလဲ တာအိုနှလုံးသား
Vol. 33 Ch. 451
အခန်း (၄၅၁) : အမြဲပြောင်းလဲ တာအိုနှလုံးသား
တပည့်များစွာက ကျင့်ကြံရေးခန်းမဆောင်ရှေ့တွင် တန်းစီနေကြသည်။ အကြောင်းမှာ သူတို့ကို အရေအတွက်တစ်ခု ကန့်သတ်ကာ ဝင်ရောက်ခွင့်ပေးထား၍ ဖြစ်သည်။ သူတို့ကြားတွင် မတ်တပ်ရပ်နေသည့် လူတစ်ဦးက သတိပြုမိစရာ ကောင်းလွန်းနေသည်။ အကြောင်းမှာ တခြားလူများက သူနှင့် မီတာအနည်းငယ် ခွာကာ ရပ်နေ၍ဖြစ်သည်။
သူက အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ရုပ်ချောချော အမျိုးသားတစ်ဦး ဖြစ်၏။ သို့သော်လည်း သူ့ပါးစပ်များကို အပ်ဖြင့် ချုပ်ထားပြီး အစာ ဝင်လောက်အောင် အပေါက်အနည်းငယ်သာ ချန်ထားလေသည်။
သူကိုယ်တိုင် လုပ်ခဲ့သည်ဟု ကောလဟာလများ ထွက်ခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ ထိုအပြုအမူက သူ့အား ခက်ထန်သည့် အငွေ့အသက်မျိုး ထောက်ပံ့ပေးထားသည်။
ရလဒ်အနေဖြင့် သူက အစေခံတပည့်များကြား နာမည်ကျော်လေသည်။
သူ့ကို လှောင်ပြောင်သည့်သူမျိုး သို့မဟုတ် သူ့ပါးစပ်ကြောင့် လှောင်ပြောင် အနိုင်ကျင့်လိုသူများအားလုံးက သူ့လက်အောက်တွင် သွေးသံရဲရဲဖြစ်သည်အထိ ဆိုးဆိုးဝါးဝါး အရိုက်အနှက်ခံရလိမ့်မည်။
မိုဝေ့က သူ့အား ထူးထူးဆန်းဆန်း ကြည့်နေသည့်သူများကို လျစ်လျူရှုထားလေသည်။ သူက ရှေ့ဆုံးတွင် ရောက်ဖို့ သူ့ရှေ့ရှိလူများအား အကြောက်တရားကို အသုံးပြုခဲ့သည်။ ထို့နောက် မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူ့အလှည့် ရောက်ရှိလာ၏။ ထို့ကြောင့် သူက အထဲဝင်သွားလိုက်သည်။
သူက အစေခံတပည့်အနေနှင့် ပထမအထပ်သာ ဝင်ရောက်ခွင့် ရှိ၏။ ကျန်လေးထပ်ကိုမူ တားမြစ်ထားလေသည်။ ထို့ကြောင့် သူက ထိုနေရာတစ်ဝိုက်တွင် လေ့လာလိုက်သည်။ ကျင့်စဉ်အများစုက သာမန်ဖြစ်သောကြောင့် မိုဝေ့က သူနှင့် အသင့်တော်ဆုံးတစ်ခုကို ယူဆောင်ကာ ထွက်လာခဲ့လိုက်သည်။
သူ့နေရာသူ ပြန်ရောက်ပြီးသည့်နောက်တွင် မိုဝေ့က စတင်ကျင့်ကြံလိုက်၏။ သူ့အခန်းဖော်က သူ့အား ကြောက်၍ ထွက်ပြေးသွားသောကြောင့် ယခု သူက နေရာကျယ်ကျယ်ဝန်းဝန်းရှိနေလေ၏။
မိုဝေ့က တင်ပျဉ်ခွေထိုင်ကာ တရားထိုင်လိုက်သည်။ သူက ချီစုစည်းရေးအဆင့်ကို ဝင်ရောက်ဖို့အတွက် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားများကို စုပ်ယူဖို့ လိုအပ်ပေသည်။
ထိုဖြစ်စဉ်က သူ့အား သုံးရက်တာကြာမြင့်စေခဲ့၏။ ထို့နောက် သူက တစ်စုံတစ်ခု စားသောက်ဖို့အတွက် အိမ်မှ ထွက်လာခဲ့သည်။ သူ လမ်းတွင် ဖြတ်သွားဖြတ်လာ တချို့၏ စကားဝိုင်းကို နားထောင်လိုက်ရသည်။
“ မင်း ကြားပြီးသွားပြီလား။ ကျီစုက ချီစုစည်းရေးအဆင့်မှာ ၂လွှာ ရောက်သွားပြီတဲ့”
“ အခု သုံးရက်ပဲ ရှိသေးတာလေ”
“ တပည့်တိုင်းဆီမှာ ပါရမီကွာတာပေါ့ကွာ။ ငါကတော့ အခုထိ ပထမဆုံးအလွှာကို မပြောနဲ့ ပထမဆုံးချီမျှင်တောင် မစုစည်းနိုင်သေးဘူး”
ထင်ထားတဲ့အတိုင်းပဲ။ ငါ့ပါရမီက အစေခံတပည့်တွေကြားမှာ သာမန်ပဲ…
မိုဝေ့က တွေးလိုက်သည်။
ဒါကပြဿနာပဲ…
သူက ကျီစုကို သိလေသည်။ သူတို့နှစ်ဦးကြားတွင် ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ဖူး၏။ သူက အလိုလိုသိစိတ်အား အသုံးပြုကာ တစ်ဖက်လူအား သူ့အမေပင် မမှတ်မိလောက်အောင်အထိ ရိုက်နှက်ခဲ့သည်။ သို့သော်လည်း ကိစ္စများကမူ ယခုကွဲပြားသွားလေပြီ။
စားသောက်တန်းတွင် စားသောက်ပြီးနောက် မိုဝေ့က သူ့နေရာသူ ပြန်မသွားဘဲ အနီးအနားရှိ တောအုပ်တစ်ခုဆီ ဦးတည်လိုက်သည်။ သူက နာရီပိုင်းကြာ ဆေးပင်များကို ရှာဖွေလိုက်ပြီး တောအုပ်အတွင်း တောအုပ်အနက်ပိုင်း မရောက်အောင်လည်း သတိထားခဲ့သည်။ သူက မှော်သားရဲနှင့် မတွေ့ရဲပေ။
အိမ်သို့ ပြန်လာပြီးသည့်နောက်တွင် မိုဝေ့က ဆေးပင်များကို နှစ်မျိုးခွဲလိုက်ပြီး တစ်ခုက ဆေးအနှစ်လုပ်ကာ တစ်ခုကမူ အမှုန့်လုပ်လိုက်သည်။ ညနက်သန်းခေါင်လောက်တွင် သူက ဆေးအနှစ်ကို သူ့ခန္ဓာကိုယ်အနှံ့ လိမ်းကျံလိုက်ပြီး တခြားဆေးမှုန့်ကိုမူ သူနှင့်အတူ ယူဆောင်သွားလိုက်သည်။
ထို့နောက် သူက နေရာတစ်ခုဆီ တိတ်တဆိတ် ထွက်လာလိုက်၏။ သူ့ခန္ဓာကိုယ်ရှိ ဆေးအနှစ်များက သူ့တည်ရှိမှုအား လျှော့ချထားနိုင်စေသည်။ ထို့ကြောင့် သူ ချဉ်းကပ်လာသည်ကို မည်သူကမှ သတိထားမိခြင်း မရှိသလို ကြားလည်းမကြားကြပေ။
မိုဝေ့က ဝါးပြွန်တစ်ခု ထုတ်ကာ စက္ကူဖြင့် လုပ်ထားသည့် ပြတင်းပေါက်မှတဆင့် ထိုအမှုန့်များကို မှုတ်ထုတ်လိုက်သည်။ ဘေးကင်းစေရန်အတွက် သူက နောက်ထပ် လက်တစ်ဆုပ်စာကိုပါ မှုတ်ထုတ်လိုက်ပြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေလေသည်။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက အသံတစ်သံကို ကြားလိုက်ရသော်လည်း ချက်ချင်းဝင်မသွားသေးပေ။ သူက ဆယ်မိနစ်စောင့်လိုက်ပြီးမှ တံခါးဖွင့်၍ ဝင်ရောက်သွားသည်။ မိုဝေ့က ကြမ်းပြင်ပေါ်ရှိ တပည့်လေးကို ကြည့်လိုက်သည်။
သူက သွေးကြောစမ်းနေစဉ် တစ်ဖက်ကမူ ဓားကို ကိုင်ဆောင်ထားပြီး အချိန်မရွေးတိုက်ခိုက်နိုင်အောင် ပြင်ဆင်ထားသည်။ တစ်ဖက်လူက အမှန်တကယ် သတိမေ့သွားကြောင်း အတည်ပြုပြီးနောက် သူက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
ဆေးဝါးခန်းမဆောင်ရဲ့ အစေခံတပည့်အဖြစ်လာတာ အကျိုးတော့ ရှိသားပဲ…
မိုဝေ့က ခန္ဓာကိုယ်ကို ပွေ့ကာ ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ခြေရာလက်ရာဖျက်ကာ ထွက်လာခဲ့သည်။ သူက သူ့နေရာသို့ ပြန်မသွားဘဲ သူ ငါးနှစ်တာ အချိန်ယူ၍ တူးဖော်ထားသည့် လျှို့ဝှက်နေရာတစ်ခုသို့ ဦးတည်လိုက်သည်။
သူက ထောင်ချောက်ငယ်များကို သတိပေးချက်အနေဖြင့် ထည့်သွင်းထားလေသည်။ ထိုနေရာတွင် ဆေးဝါးများနှင့် ဆေးပင်များစွာ ရှိနေပြီး ထူးထူးဆန်းဆန်း သတ္တုပစ္စည်းတချို့၊ ကုတင်တစ်လုံး၊ စာအုပ်များစွာလည်း ရှိနေသည်။
တပည့်ကို ကုတင်ပေါ်တင်လိုက်ပြီးသည့်နောက်တွင် မိုဝေ့က အချိန်ဖြုန်းမနေဘဲ သူ့ပစ္စည်းများကို စတင်အသုံးပြုလိုက်သည်။
ငါ့ဝင်ခွင့်စာမေးပွဲ ကျရှုံးသွားပြီး အစေခံတပည့်ဖြစ်လာကတည်းက ငါ့ရဲ့ ပါရမီ လစ်ဟာမှုအတွက် ငါ့ဘာသာငါ နည်းလမ်း ဖန်တီးရမယ်ဆိုတာ သိထားတယ်။ မင်းက ငါ လိုအပ်တဲ့အဖြေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်…
သူက တုံ့ဆိုင်းခြင်း မရှိဘဲ ကုတင်ပေါ်မှ ခန္ဓာကိုယ်ကို စတင်ခွဲစိတ်လိုက်သည်။ ထိုလူက နာကျင်မှုကြောင့် နိုးထလာသည်ကို မြင်သည့်အခါ မိုဝေ့က ဆေးကို ထပ်မံ သုံးလိုက်ပြန်သည်။ သူက မနက်ခင်းရောက်မှ အဆုံးသတ်ကာ သူ့နေရာသို့ ပြန်လာလိုက်၏။
နောက်နှစ်ပိုင်းအတွင်း အစေခံတပည့်များက အလုပ်တချို့လုပ်ရင်း ကျင့်ကြံနိုင်ကြလေသည်။ မိုဝေ့၏ နာမည်ဖြင့် တခြားတပည့်များကို သူ့တာဝန်များခိုင်း၍ သူကမူ ကျင့်ကြံရေးကို အာရုံစိုက်ထားခဲ့သည်။
ထိုနှစ်ပိုင်းအတွင်း အစေခံတပည့်များစွာက ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားကြသည်။ အများစုက ပါရမီတချို့ပြသထားကြသူများဖြစ်၏။ အပြင်စည်းဂိုဏ်းမှ တာဝန်ခံက စစ်ဆေးဖို့ရောက်လာသော်လည်း မိနစ်သုံးဆယ်ကြာ ရှာဖွေပြီးသည့်နောက်တွင် လက်လျှော့လိုက်လေသည်။
မိစ္ဆာဂိုဏ်းအတွင်း အစေခံတပည့်များက တန်ဖိုးထားမခံရဆုံး ဖြစ်သည်။ လူမည်မျှပင် သေစေကာမူ နောက်ထပ် လူသစ်က အစားထိုးသွားလိမ့်မည်သာ ဖြစ်၏။
နောက်ထပ် တစ်နှစ်ကြာမြင့်ပြီးသည့်နောက်တွင် ချီစုစည်းရေးအဆင့် ခုနစ်လွှာသို့ ရောက်ရှိပြီးသည့် တပည့်များက ပြိုင်ပွဲရှိလာမည်ဖြစ်ကာ အားအကောင်းဆုံးလူများက အပြင်စည်းဂိုဏ်းသို့ ဝင်ရောက်နိုင်လိမ့်မည်။
မိုဝေ့က ခုနစ်လွှာသို့ ရောက်နိုင်ရုံမျှသာ ဖြစ်၏။ သူ့စမ်းသပ်ချက်မှတဆင့် သူသည် ပါရမီအရင်းအမြစ်ကို မရှာဖွေနိုင်ခဲ့ပေ။ ထိုအရာက သူ့လက်ရှိစွမ်းဆောင်ရည်ထက် ကျော်လွန်နေလေ၏။ အကယ်၍ သူသာ သာမန်ပါရမီအပေါ် မှီခိုနေလျှင် ထိုအဆင့်ကို တစ်နှစ်အတွင်း ဘယ်တော့မှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
သို့သော်လည်း လူသားခန္ဓာကိုယ်အကြောင်း နားလည်ထားပြီးသည့်နောက် သူက သူ့ကျင့်ကြံရေးကို ပိုမိုအကျိုးရှိလာစေမည့် ကျင့်စဉ်တချို့ကို ဖန်တီးခဲ့သည်။ ထို့အပြင် သူက တခြားသူ၏ ခန္ဓာကိုယ်များမှ ဝိညာဉ်စွမ်းအားကို ယူပြီး သန့်စင်ပြီးနောက် စုပ်ယူနိုင်ကြောင်း တွေ့ရှိခဲ့သည်။
သွေးအဇူရာဂိုဏ်းသည် အစေခံတပည့်များကို နယ်မြေအလိုက် ခွဲခြားထားလေသည်။ ပြိုင်ပွဲတွင် နယ်မြေအသီးသီးမှ အရည်အချင်း ပြည့်မှီသည့် တပည့်အားလုံးက ပါဝင်ယှဉ်ပြိုင်ရလိမ့်မည်။
မိုဝေ့၏ နယ်မြေအတွင်း လူတချို့ကသာ ယှဉ်ပြိုင်နိုင်ကြသည်။ အကြောင်းမှာမူ လူများ ပျောက်ကွယ်သွားမှုကြောင့် ဖြစ်၏။ သို့သော် သူ တစ်ယောက်တည်းသာ အောင်မြင်ခဲ့သည်။ စုစုပေါင်းအနေဖြင့် ခုနစ်လွှာအဆင့်သို့ ရောက်ထားသည့် လူသုံးဦးသာ အောင်မြင်ခဲ့၏။
မိုဝေ့က အောင်မြင်သွားသည်မှာ သူသည် ကျင့်ကြံရေး ပါရမီနိမ့်ကျသော်လည်း နားလည်နိုင်စွမ်း မြင့်မားမှုကြောင့် ဖြစ်၏။ သူက ဓားအရည်အချင်းကို မြင့်မားသည့် အဆင့်တစ်ခုအထိ ရောက်အောင် လေ့ကျင့်ထားခဲ့သည်။
မိုဝေ့က သူ့အခြေအနေသူ သိလေသည်။
ပြိုင်ပွဲအပြီးတွင် သူက ဆေးဝါးခန်းမဆောင်သို့ ဝင်ဖို့ ဆုံးဖြတ်ခဲ့သည်။ ဆယ်နှစ်အရွယ်တွင် သူ့ဂိုဏ်းက တပည့်အားလုံးကို သူတို့၏ ပါရမီအတွက် စစ်ဆေးပေးခဲ့သည်။ အရည်အချင်း ပြည့်မှီသူများက ပင်မဂိုဏ်းသို့ ချက်ချင်းဝင်ရောက်နိုင်ကြ၏။
ကျင့်ကြံရေးက အသက် ၁၅နှစ်တွင် စတင်သောကြောင့် အပြင်စည်းဂိုဏ်း တပည့်များသည်လည်း အစေခံငယ်များနှင့် တူညီသည့် ကျင့်ကြံချိန် ရှိလေသည်။ သို့သော်လည်း ငါးနှစ်တာ ကွာဟမှုကြောင့် သူတို့သည် သူတို့၏ အနာဂတ်ကျင့်ကြံရေးအတွက် အားကောင်းသည့် အခြေခံအုတ်မြစ်တချို့ကို ဖန်တီးနိုင်သည့် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်းတချို့ကို သင်ယူထားပြီးသားဖြစ်၏။
ထို့ကြောင့် အပြင်စည်းဂိုဏ်းတပည့်နှင့် အစေခံတပည့်များ၏ ကွာခြားချက်က တကယ်ကြီးမားသွားသည်။ ထို့အပြင် မိုဝေ့၏ သာမန်ပါရမီဖြင့် ဆေးလုံးများဖြင့်သာ မြင့်မားသည့်အဆင့်ကို ရောက်ရှိနိုင်မည်မှန်း သိထားလေသည်။
ဆေးဝါးခန်းမသို့ ဝင်ရောက်ပြီးနောက် မိုဝေ့က အနည်းငယ် တောက်ပလာသည်။ ဆေးလုံးဖော်စပ်ခြင်းထဲ သူ့ပါရမီက အနည်းငယ် ထူးချွန်လေသည်။ သူက အရည်အချင်း အပြည့်အဝ ထုတ်ပြမထားသော်လည်း လူတချို့၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ခန်းမ၏ အရင်းအမြစ်များကို အသုံးပြုကာ သူသည် ချီစုစည်းရေး ဆယ်လွှာသို့ ရောက်ရှိခဲ့သည်။ ကံဆိုးစွာဖြင့် သူက တာအိုအခြေတည်အဆင့် တက်လှမ်းဖို့ ကျရှုံးခဲ့လေသည်။
ကံကောင်းစွာဖြင့် သူက ကြိုတင်ပြင်ဆင်ထား၍ အသေးစား တန်ပြန်သက်ရောက်မှုသာ ခံစားလိုက်ရသည်။ ကြိုးစားမှုအပြီးတွင် မိုဝေ့က သူ့ချီသည် မသန့်စင်မှုများ ပြည့်နှက်နေသည့်အတွက် ကျရှုံးရသည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထို့ကြောင့် သူက ပိုက်ဆံစုကာ အညစ်အကြေးဖယ် ဆေးလုံးတချို့ကို ဝယ်ယူခဲ့သည်။ ကံဆိုးစွာဖြင့် ထိုသို့ လုပ်ဆောင်ပြီးသည့်နောက်တွင်ပင် သူက ဒုတိယအကြိမ် ကျရှုံးနေဆဲဖြစ်၏။ ထိုအခါမှ သူသည် သူ့ပါရမီ ကန့်သတ်ချက်ကြောင့် ဖြစ်မှန်း သဘောပေါက်သွားသည်။
သူက မြင့်မားသည့် ကျင့်ကြံဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်မှန်း သိလိုက်သည်။ သူက ထိုရက်စက်သည့်အချက်ကို လက်ခံဖို့ ငြင်းဆန်လေသည်။ သူက အဆင့်တက်လှမ်းချင်မိသည်။
သူက နောက်နှစ်ငါးဆယ်အထိ နည်းလမ်းရှာဖို့သာ အာရုံစိုက်ထားခဲ့သည်။ ထိပ်သီး ချီစုစည်းရေးအဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် သူ့တွင် သက်တမ်း နှစ် ၁၂၀ ရှိထားသည့်အတွက် အချိန်ရှိနေသေးသည်။
သူက သွေးအဇူရာဂိုဏ်းမှ ဗဟုသုတများကို တတ်နိုင်သမျှ စုစည်းခဲ့သည်။ ထိုစဉ် သူသည် အဆင့်တစ် ကျင့်ကြံရေးပါရမီရှင်အဖြစ် ဂုဏ်သတင်းက ပျံ့နှံ့နေပြီဖြစ်၏။ သူက ဂိုဏ်းအတွင်း အကောင်းဆုံး အဆင့်တစ် ဆေးဝါးပညာရှင်ဖြစ်လာခဲ့သည်။
လူများစွာ သူ့နိမ့်ကျသည့် ကျင့်ကြံရေးပါရမီကြောင့်သာ မဟုတ်လျှင် သူ တာအိုအခြေတည်အဆင့်သို့ ဝင်ရောက်သည်နှင့် သူ့ပါရမီသည် တောက်ပလာကာ ဂိုဏ်းမှ ပိုမိုတန်ဖိုးထားလိမ့်မည်ဟု ပြောဆိုနေကြသည်။
မိုဝေ့က အသက် ၆၀ တွင် နည်းလမ်းတစ်ခုကို ဖန်တီးခဲ့သည်။ သူက တစ်စုံတစ်ယောက်၏ အုတ်မြစ်ကို သူ့ဆီပေးလာစေနိုင်မည့် ဆေးလုံးအား ဖော်စပ်ခဲ့၏။ နောက်အဆင့်ကမူ မှန်ကန်သည့် ပစ်မှတ်ရွေးချယ်ရန် ဖြစ်၏။
သူက အဆင့်မြင့်အုတ်မြစ်၏ အရေးပါပုံကို သိထားလေသည်။ ထို့ကြောင့် မိုဝေ့က အဆင့် ၉ အုတ်မြစ်ရှိထားသည့် ပင်မတပည့်များနောက်ကို တစ်ယောက်ပြီး တစ်ယောက်လိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း ထိုပါရမီရှင်များတွင် အဆင့်မြင့်မားသည့် ဆရာများ ရှိသလို အသက်ကယ်နည်းလမ်းများလည်း ရှိထားလေသည်။ ထို့ကြောင့် ပုံမှန်နည်းလမ်းက အလုပ် မဖြစ်ပေ။
ထို့ကြောင့် မိုဝေ့က သူ စုဆောင်းထားသမျှကို အသုံးပြုကာ အမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်အား ထိုရွေးချယ်ထားသည့် တပည့်များက ဖမ်းဆီးခိုင်းခဲ့သည်။ သူက သူ့ကိုယ်ရေးကိုယ်တာကို ကာကွယ်ဖို့အတွက် ကြားခံနယ်အဖြစ် တခြားအဖွဲ့တစ်ခုကို အသုံးချခဲ့သည်။
ထိုအဖွဲ့အစည်းက သူတို့ဂုဏ်သတင်းဖြင့် ကျော်ကြားလေသည်။
မိုဝေ့က ဆေးလုံးဖြင့် တာအိုအခြေတည်အဆင့်သို့ ဝင်ရောက်ခဲ့လေသည်။ ကံဆိုးစွာဖြင့် အဆင့် ၇ အုတ်မြစ်သာ ဖြစ်နေလေသည်။ သူ၏ မသန့်စင်သော ချီများက သူ့အား ဆွဲချထားသော်လည်း သူ့အနေနှင့် တတ်နိုင်သည့် အရာမရှိကြောင်း သိထားလေသည်။
ကံဆိုးစွာဖြင့် မိုဝေ့သည် ပိုမိုစိတ်ပျက်သည့်အရာနှင့် ထပ်မံရင်ဆိုင်ရပြန်သည်။ သူ့အုတ်မြစ်သည် သူ့ပါရမီကို မပြောင်းလဲသွားစေဘဲ ပုံမှန်ထက်ပိုသည့် တိုက်ပွဲခွန်အားကိုသာ ပေးအပ်ထားလေသည်။
ထို့ကြောင့် တာအိုအခြေတည်အဆင့်ကို ကျင့်ကြံနိုင်ဖို့အတွက် သူက နိမ့်ကျသည့် ပါရမီအပေါ်ကိုသာ မှီခိုနေရဆဲဖြစ်၏။ သူက ဆေးလုံးများကို အသုံးပြုကာ တခြားလူများ၏ ချီကို သန့်စင်ခြင်း လုပ်ဆောင်ရုံမှအပ ရွေးချယ်စရာ မရှိပေ။
တစ်ချိန်တည်းဆိုသလို သူက တခြားလူများအား သူ့အဆင့်တက်လှမ်းမှုအကြောင်းကို ဖုံးကွယ်ထားခဲ့သည်။ သူက နောင်နှစ် ၂၀ ကြာပြီးမှသာ ထုတ်ဖော်ခဲ့၏။ သူ့ကို မေးမြန်းသည့်အခါ သူက ကံအပြောင်းအလဲ တွေ့ခဲ့ကြောင်းသာ ပြောခဲ့သည်။ မည်သူကမှ သူ့အား သံသယ မရှိကြပေ။ အထူးသဖြင့် သူသည် အဆင့် ၂ ဆေးဝါး ပါရမီရှင်ဖြစ်ကြောင်း သက်သေပြပြီးသည့်နောက်တွင် ဖြစ်၏။
မိုဝေ့က လက်ရှိနယ်ပယ်၏ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားသည့်အခါ အမြုတေအဆင့်သို့ တက်လှမ်းနိုင်ချေ မရှိကြောင်း သိလိုက်သည်။ သူ့အုတ်မြစ်ကမူ အဆင့် ၇ မှ အဆင့် ၃ သို့ ကျဆင်းသွားလေ၏။
ထို့ကြောင့် သူက နည်းလမ်းအသစ် လိုအပ်လာပြန်သည်။
သူက သန့်စင်ကြာရုပ်ခန္ဓာဟု ခေါ်သည့် ရှားပါးရုပ်ခန္ဓာအကြောင်း သိထားလေသည်။ အကယ်၍ သူသာ ထိုလူကို မီးပြင်းဖိုအဖြစ် အသုံးပြုနိုင်လျှင် သူ့ချီများအား သန့်စင်ပြီး နောက်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်။
ထို့ကြောင့် သူက ထိုအရာကို ရှာဖွေခဲ့၏။ သူက သတင်းအချက်အလက် အဖွဲ့အစည်းသို့ ပိုက်ဆံအမြောက်အများပေးကာ ရှာဖွေခိုင်းခဲ့သည်။ နှစ်သုံးဆယ်ကြာမြင့်ပြီးသည့်နောက်တွင် ဂိုဏ်းငယ်လေးတစ်ခုတွင် ထိုရုပ်ခန္ဓာရှိသည့် အမျိုးသမီးတစ်ဦးကို အောင်အောင်မြင်မြင်ရှာတွေ့ခဲ့သည်။
ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ အမြုတေအငွေ့အသက် ထွက်ပေါ်လာလေ၏။ ထို့နောက် သူက ခေါင်းငုံ့ကာ သွေးသံရဲရဲဖြင့် သေဆုံးနေသည့် မိန်းမငယ်လေးအား ကြည့်လိုက်သည်။
ဒီကမ္ဘာမှာ မိစ္ဆာကျင့်ကြံသူ နှစ်မျိုးပဲရှိတယ်။
ပထမတစ်ခုက သူတို့ရဲ့ စိတ်ကို အဆိုးမြင် စိတ်ခံစားချက်တွေနဲ့ လွှမ်းမိုးထားတဲ့သူ။ သူတို့က အင်အားသုံးပြီး သတ်ဖြတ်တာမျိုး၊ အရာအားလုံးကို ဖျက်ဆီးပစ်တာမျိုး လုပ်တတ်ကြတယ်။ အဲဒီလူတွေကို မြေကမ္ဘာမိစ္ဆာလို့ သတ်မှတ်လို့ရတယ်။
ဒုတိယအမျိုးအစားမှာ ကျင့်ကြံသူတွေက ရက်စက်ပြီး အစွန်းရောက်တဲ့ နည်းလမ်းတွေကို သုံးပြီးတော့ သူတို့ရဲ့ ကျင့်ကြံရေးအတွက် အာဟာရဖြည့်တာ။ သူတို့ရဲ့ ပါရမီလစ်ဟာမှုကြောင့် ရက်စက်တဲ့နည်းလမ်းတွေကို အသုံးပြုကြတယ်။ သူတို့က မိုးမြေဆီကနေ ယူဆောင်ပြီး သူတို့ကိုယ်သူတို့ အားဖြည့်ပေးမဲ့ သဘောတရားကို နားလည်ကြတယ်။ အဲဒီလူတွေက ကောင်းကင်မိစ္ဆာလို့ ခေါ်တယ်။
အဆုံးအစွန် နည်းလမ်းတွေကို အသုံးပြုတာက သူတို့အတွက် အဆုံးသတ်ပဲ
မိုဝေ့က သူ့ကျင့်ကြံရေးလမ်းစဉ်ကို ပြန်လည်သုံးသပ်လိုက်သည်။ သူက သူ့ကျင့်ကြံရေးလမ်းစဉ် တစ်လျှောက် ကူညီပေးဖို့အတွက် အပြင်စည်း အကူအညီ မြောက်များစွာကို မကြာခဏ အသုံးပြုရသောကြောင့် သူသည် ထိုသို့ မိစ္ဆာအမျိုးမျိုးရှိသည်ကို သိထားလေသည်။ ဤသည်က မိစ္ဆာလမ်းစဉ်၏ အနှစ်သာရ ဖြစ်၏။ ကံဆိုးစွာဖြင့် အချိန်ကြာလာသည်နှင့်အမျှ သွေဖယ်လာသည်။
ဒါပေမဲ့ နောက်ထပ် မိစ္ဆာအမျိုးအစား ရှိရမယ်။ ငါ အဲဒါကို နားလည်ပြီးတဲ့နောက်မှာ ငါ ဘယ်သူလဲဆိုတာကို နားလည်နိုင်လိမ့်မယ်။
မိုဝေ့က အဆုံးသတ်ပြီးနောက်ပိုင်းတွင် သွေးအဇူရာဂိုဏ်းသို့ ပြန်လာလိုက်သည်။ သို့သော်လည်း သူက သူ့ကျင့်ကြံဆင့်ကို မထုတ်ဖော်သေးပေ။ သို့သော်လည်း သူက အပြင်စည်းဂိုဏ်း အကြီးအကဲအဖြစ် ဆက်နေရင်း အစီအရင်ကို တိတ်တဆိတ် လေ့လာခဲ့သည်။
နောက်နှစ်တစ်ရာကြာမြင့်ပြီးသည့်နောက်တွင် သူက ထိပ်သီးအမြုတေအဆင့်သို့ ရောက်ရှိလာလေ၏။ သို့သော်လည်း သူက ပြင်ပလောက၏ အမြင်တွင် သူက ဆေးလုံးဖြင့် အသက်ဆက်နေရသည့် လူအိုကြီးတစ်ဦးသာ ဖြစ်၏။
လူများစွာက မိုဝေ့သည် သေဆုံးတော့မည်ဟု တွေးထားခဲ့စဉ် အံ့ဩဖွယ်အရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။ သွေးအဇူရာဂိုဏ်း တစ်ခုလုံးကို ဝန်းရံထားသည့် ကြောက်မက်ဖွယ်အစီအရင်က တပည့်အားလုံး၊ အကြီးအကဲများနှင့် ဂိုဏ်းချုပ်၏ သွေး၊ ဝိညာဉ်နှင့် စွမ်းအား အားလုံးကို စုပ်ယူသွားခဲ့သည်။
ဝိညာဉ်သဏ္ဌာန်ပြတစ်ပိုင်းအဆင့် ဘိုးဘေးပင် အသက်မရှင်ခဲ့ပေ။
ထိုအရာအားလုံးအတွက် တာဝန်ရှိသူမှာ မိုဝေ့သာ ဖြစ်၏။ ထိုနည်းလမ်းဖြင့် သူက တစ်ခါတည်းဖြင့် ဝိညာဉ်သဏ္ဌာန်ပြအဆင့်သို့ ရောက်ရှိသွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို သူက မြင့်မားသည့် ကျင့်ကြံဆင့်ကို လိုက်လံရှာဖွေဖို့ ဂိုဏ်းမှ ထွက်လာခဲ့လိုက်သည်။
သူက ကမ္ဘာ၏ ထိပ်ဆုံးသို့ ရောက်ရှိပြီးသည့်နောက်တွင် မိစ္ဆာ၏ ခွဲခြားပုံအမျိုးမျိုးကို ရှာဖွေတွေ့ရှိလိမ့်မည်ဟု ထင်နေသည်။
ထို့ကြောင့် ပါးစပ်အပ်ချုပ် မိစ္ဆာ၏ ဒဏ္ဍာရီဇာတ်ကြောင်း စတင်ခဲ့လေသည်။
မိုဝေ့က နည်းလမ်းမျိုးစုံသုံးကာ ကျင့်ကြံရေးကမ္ဘာ၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ နောက်ဆုံးတွင် သူက တစ်ကမ္ဘာလုံးကို အုပ်စိုးကာ ကံကောင်းမှုကို စုစည်းပြီး မသေမျိုး ဖြစ်လာခဲ့၏။ ပထမဆုံးနှင့် တစ်ဦးတည်းသော တည်ရှိမှု ဖြစ်၏။
တစ်ရက်တွင် သူက မိုးမြေကြား အမြင့်ဆုံးတောင်ပေါ်တွင် မတ်တပ်ရပ်နေလေသည်။ သူက ကမ္ဘာ၏ ထိပ်ဆုံးတွင် မတ်တပ်ရပ်နေစဉ် တခြားမိစ္ဆာက ဘာလဲဆိုတာကို နားလည်သွားခဲ့သည်။
အစစ်အမှန်မိစ္ဆာတဲ့လား။ တားဆီးကန့်သတ်မခံချင်တာ။ ပုံစံတစ်ခုတည်း မနေချင်တာ…။
တကယ်လို့ သူတို့သာ ဖျက်ဆီးလိုတဲ့ဆန္ဒရှိရင် ဖျက်ဆီးပြီးတော့ ရက်ရောချင်တဲ့ဆန္ဒရှိရင် ရက်ရောလိုက်မယ်။ မိုးမြေရဲ့ ဒုက္ခတွေအောက်မှာ သူတို့က လွတ်လပ်ချင်တယ်။ သူတို့က ပုန်ကန်ချင်တယ်။ သူတို့က ဘယ်အခြေအနေမဆို အသားကျအောင် ပြောင်းလဲချင်တယ်။ သူတို့က အမြဲတမ်း ပြောင်းလဲနေတယ်။ သူတို့က လွတ်လပ်ခွင့်ကို လိုချင်တယ်…
ကောင်းကင်မိစ္ဆာနည်းလမ်းက သူတို့အဓိကရည်ရွယ်ချက်ကို ရရှိဖို့ နည်းလမ်းအပြင် မှမဟုတ်ဘူး။ အဲဒါက သူတို့အတွက် အဆုံးသတ်ပဲ။
သူက ထိုအရာကို နားလည်သဘောပေါက်သွားသည်နှင့် သူ့စိတ်ထဲ မှတ်ဉာဏ်မြောက်များစွာ ပေါ်ပေါက်လာသည်။
ကြည့်ရတာ ငါ ဒီလို အနှောင်အဖွဲ့ မရှိနေချင်တဲ့ ရည်မှန်းချက်က မိစ္ဆာကျင့်ကြံသူတွေနဲ့ သက်ဆိုင်နေတာကိုး…
ဝမ်ဝေ့က သူသည် ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ မသေမျိုး သို့မဟုတ် နတ်ဘုရားလမ်းစဉ်အမျိုးမျိုးရှိ ကမ္ဘာအတွင်း ရောက်ရှိနေသလို ခံစားလိုက်ရပြီး သူ့ရည်မှန်းချက်ကြောင့် သူသည် မိစ္ဆာဖြစ်ကြောင်း နားလည်လိုက်သည်။
လောကဝတ်တွေ၊ ကျင့်ဝတ်တွေ အဲလိုအရာမျိုးတွေနဲ့ တားဆီးမခံချင်တဲ့ သက်ရှိက အစစ်အမှန်မိစ္ဆာလို့ မှတ်ယူလို့ရတယ်။
သို့သော်လည်း သူက ထိုအရာနှင့် ပတ်သက်ပြီး သိပ်ဂရုမစိုက်ပေ။ အစစ်အမှန် မိစ္ဆာတာအိုနှလုံးသား မျိုးစေ့သည် အမြဲတမ်း ပြောင်းလဲနိုင်ပြီး ကိစ္စအမျိုးမျိုးတွင် အံဝင်ခွင်ကျ ဖြစ်နေနိုင်သည်။ သူက တခြားအရာများဖြင့် ပေါင်းစပ်နိုင်လိမ့်မည်။
ထိုအရာက သူ လက်ရှိ ဂရုစိုက်သည့်အရာသာ ဖြစ်၏။