ကျင့်ကြံခြင်း
Vol. 33 Ch. 453
အခန်း (၄၅၃) : ကျင့်ကြံခြင်း
တာအိုအခွင့်အလမ်းဂိုဏ်း၏ အချိန်စီးဆင်းမှု အစီအရင်က အလယ်အလတ်ကမ္ဘာလောက် ကြီးမားပေသည်။ သို့သော်လည်း ထိုကမ္ဘာတွင် တောအုပ်၊ တောင်တန်း၊ ပင်လယ်အစရှိသည့်အရာများ ရှိမနေပေ။
ထိုအရာက အစိမ်းရောင်ကမ္ဘာ ဖြစ်၏။ ကောင်းကင်နှင့် မြေကြီးက အစိမ်းရောင်ဖြစ်ကာ တစ်ကမ္ဘာလုံးက ထူးဆန်းနေလေသည်။ အထဲတွင် လူနှစ်ယောက်သာ ရှိကြပြီး သူတို့က တစ်ယောက်နှင့် တစ်ယောက် ဝေးဝေးတွင် နေနေကြသည်။
ဝမ်ထျန်းက သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကို ပြန်လည်တည်ဆောက်ပြီး တုယီနယ်ပယ်အဆင့် ဝင်ရောက်ဖို့ မြေအောက်ဂူတစ်ခု တူးထားလေသည်။ ထိုစဉ် ဝမ်ဝေ့က ကောင်းကင်ဖုံးကွယ်ရေးအစီအရင် ဝန်းရံလျက် အိမ်ငယ်တစ်ခု ဆောက်လုပ်ထား၏။ သူက သူ့ရွယ်တူများနှင့် ကျင့်ကြံဆင့်ကို အမှီလိုက်ဖို့ ပြင်လိုက်သည်။
သူ ထိုအချိန်စီးဆင်းမှုအစီအရင်ထဲ ရောက်ရှိလာသည်နှင့် နောက်တစ်ဆင့်သို့ ချက်ချင်းမတက်လှမ်းသေးဘဲ သူ့ယန်နတ်ဘုရားအဆင့်သည် အထွတ်အထိပ် ရောက်ရှိတာ သေချာကြောင်း စစ်ဆေးလိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ရှိ အတားအဆီးများကို စတင်ချိုးဖျက်လိုက်၏။
သို့သော် ထိုစဉ် သူက ကျိန်ဆဲလိုသွားသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် သံကြိုးသုံးထောင် ရှိနေလေသည်။ ကျင့်ကြံသူအများစုတွင် ဒါဇင်ချီမျှသာ ရှိကြပြီး အားကောင်းသည့် ခန္ဓာကျင့်ကြံသူများအတွက်မူ ရာချီ၍ ရှိတတ်ကြသည်။
သို့သော် သံကြိုးသုံးထောင်ရှိနေသည့် သူ့ခန္ဓာကိုယ်က မည်မျှအားကောင်းမှန်း သိနိုင်လေသည်။ သူက ညည်းတွားလိုက်ပြီးနောက် ဆက်လက်လုပ်ဆောင်လိုက်သည်။
အကယ်၍ သူသာ သာမန်လူ တစ်ယောက်ဖြစ်ပါက ထိုမျှ သံကြိုးများသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်။
သို့သော်လည်း ဧကရာဇ်မျိုးနွယ်များစွာက ကောင်းကင်ရွေးချယ်ခံများအား အရေးသာချက်ပေးနိုင်ရန် လျှို့ဝှက်နည်းစနစ်တစ်ခုကို ဖန်တီးထားခဲ့ကြသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများက အတားအဆီးများကို ချိုးဖောက်ရမည်။ ဤသည်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်တွင် လုပ်ဆောင်ပုံ ဖြစ်၏။ သို့သော် ထိုလျှို့ဝှက်နည်းစနစ်က ကောင်းကင်ရွေးချယ်ခံများအား ထိုသံကြိုးများ ချိုးဖျက်သည့်အရာမှ ထွက်လာသည့်စွမ်းအားကို အသုံးပြုပြီး ဝိညာဉ်ကို အားဖြည့်ကာ ခန္ဓာကိုယ်ကို ခွန်အားတိုးလာစေသည်။
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ရှိ သံကြိုးသုံးထောင်ကို စစ်ဆေးလိုက်ပြီးနောက် မူလအဆီအနှစ်၊ အိမ်ငယ်ထဲရှိ ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်အင်အားတို့ဖြင့် တစ်ခုပြီးတစ်ခု ချိုးဖောက်လိုက်သည်။
ထိုသံကြိုးများမှ ထွက်ပေါ်နေသည့် စွမ်းအားကို သူ့ခန္ဓာကိုယ်ခွန်အား တိုးမြှင့်ဖို့ အသုံးပြုလိုက်သည်။
သူ့ဝိညာဉ်နှင့် ပတ်သက်လာသည့်အခါ ကျင့်ကြံရေးခရီးစဉ်တွင် အရေးသာချက်များရှိ၏။ ကံဆိုးစွာဖြင့် ဝိညာဉ်ကျင့်စဉ်အများစုက သူ့အတွက် သက်ရောက်မှု မရှိပေ။
သို့သော်လည်း သူ့ခန္ဓာကိုယ်ကမူ နောက်ထပ် အခြေအနေတစ်ခုဖြစ်၏။ သူက ဤအခွင့်အရေးအား အသုံးချကာ ခွန်အားအစစ်အမှန် တာအိုလမ်းစဉ်သည် မည်မျှခက်ခဲကြောင်း တွေးမိကာ ထိုအခွင့်အရေးကို အပြည့်အဝ အသုံးချလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူက စွမ်းအားအနည်းငယ်ကို စိတ်ဝိညာဉ်အမှုန်များ လင်းလက်လာဖို့ အသုံးပြုလိုက်၏။
ဝမ်ဝေ့က ထိုသံကြိုးသုံးထောင်လုံးကို ဖယ်ရှားဖို့ မည်မျှကြာမြင့်သွားသည်ကို မသိပေ။ သို့သော် သူ ပြီးဆုံးသွားသည့်အခါ သူ့ကမ္ဘာဦးစိတ်ဝိညာဉ်က အတားအဆီးမရှိ ခန္ဓာကိုယ်ထဲ ဝင်နိုင်ထွက်နိုင်လေပြီ။
ထိုအရာက မိနစ်ပိုင်းကြာ ကောင်းကင်ထဲ ပျံသန်းနိုင်ပြီး သူ့ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသည်။ သူက မသက်မသာ မဖြစ်မိပေ။
ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သည် ကျင့်ကြံရေးလမ်းစဉ်တွင် အရေးပါ၏။ ပထမအဆင့်ဖြစ်သည့် ယင်နတ်ဘုရားနှင့် ယန်နတ်ဘုရားတို့က ကျင့်ကြံသူ၏ ဝိညာဉ်သည် နေရောင်အောက် သို့မဟုတ် ယန်ဓာတ်ကမ္ဘာတွင် ရှင်သန်နိုင်စေသည်။ သို့သော်လည်း ဝိညာဉ်က ခန္ဓာကိုယ်နှင့် တွဲငြိနေဆဲသာ ဖြစ်၏။ ဖျက်ဆီးမခံရသရွေ့ ထိုအရာသည် ခန္ဓာကိုယ်အပြင်ဘက်တွင် ကြာကြာမနေနိုင်ပေ။ ထို့ကြောင့် သံကြိုးဖယ်ရှားခြင်းအဆင့်က လိုအပ်ခြင်း ဖြစ်၏။
ဝမ်ဝေ့က အိမ်ငယ်လေးမှ ထွက်လာကာ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။
ဝုန်း…
ကမ္ဘာတစ်ခုလုံး တုန်ခါသွားလေသည်။ သို့သော် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက ရုတ်ချည်းပေါ်ထွက်လာကာ ထိုလက်သီးချက်၏ စွမ်းအားကို ချေဖျက်လိုက်၏။
အချိန်စွမ်းအားလား…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့ ရုပ်ပိုင်းဆိုင်ရာခွန်အားသည် နဂါးခုနစ်ကောင်နီးပါးသို့ ရောက်ရှိသွားသည်။ သူက အဆီအနှစ်ပန်းပွင့်ကို ဖွဲ့စည်းပြီးသည့်နောက်တွင် နဂါးဆယ်ကောင် ခွန်အားနီးပါး တိုးတက်လာခဲ့သည်။
ဝူဟုန်နှင့် တူနှစ်ကိုယ် ကျင့်စဉ်ကျင့်ကြံပြီး ဆုံမှတ် ၃၂၀ဖွင့်လှစ်ပြီးသည့်နောက်တွင် သူက နဂါးသုံးဆယ် ခွန်အား ရရှိလာခဲ့သည်။ သို့သော် ယခုတွင် သူက နဂါးလေးဆယ့်ခုနစ်ကောင်စာ ခွန်အား ရှိလာလေပြီ။
နောက်ထပ်အနေဖြင့် သူက စိတ်ဝိညာဉ်အမှုန်များကို စစ်ဆေးကြည့်လိုက်သည်။ သူက နှစ်ဆယ်ဘီလီယံ လင်းလက်နေသည်ကို မြင်လိုက်ရ၏။ ယခင်အရေအတွက်ထက် နှစ်ဆ ဖြစ်၏။ ထို့နောက် သူက ပြန်လည်ကျင့်ကြံလိုက်သည်။
ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်၏ နောက်အဆင့်မှာ မသေမျိုးဝိညာဉ်သုံးပါးအဆင့် ဖြစ်၏။ ဝိညာဉ်က မသေမျိုး ဝိညာဉ်သုံးပါး (ဟွင်းဝိညာဉ်) နှင့် ရုပ်ပိုင်းဆိုင်ရာ ဝိညာဉ်ခုနစ်ပါး (ဖိုဝိညာဉ် )ဟူ၍ ပါဝင်သည်။
ရုပ်ပိုင်းဆိုင်ရာ ဝိညာဉ်သည် သဘာဝအားဖြင့် ယင်ဓာတ်ရှိပြီး အတွင်းအင်္ဂါ ၅ ခုနှင့် ဒွာရ ၉ခု အပါအဝင် ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည်။ ဖိုဝိညာဉ်ကမူ ကျန်းမာရေးကို အုပ်စိုးပြီး ရောဂါများကို တိုက်ထုတ်ပေးမည့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို ထိန်းချုပ်သည်။
သေမျိုးများကြားတွင် ဆေးဝါးသည် ရုပ်ပိုင်းဆိုင်ရာဝိညာဉ်၏ ပင်မရည်ရွယ်ချက်ဖြစ်ကာ ကျင့်ကြံသူများနှင့် ပတ်သက်လာသည့်အခါ သူတို့တွင် သက်ရောက်မှုမရှိသလောက်ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်က အဆင့်တစ်ဆင့်ပြီး တစ်ဆင့် ဆင့်ကဲပြောင်းလဲလာလေသည်။
မူလနည်းစနစ်တွင် အံ့ဖွယ်ခန္ဓာကိုယ်အဆင့်တွင် ခန္ဓာကိုယ် လေ့ကျင့်ပေးခြင်းက ရုပ်ပိုင်းဆိုင်ရာဝိညာဉ်ကို ပေါင်းစပ်ဖို့ ခွင့်ပြုပေးထားသည်။ ဤသည်က ကျင့်ကြံသူများသည် ပိုမိုမြင့်မားသည့် သက်ရှိအဖြစ် ဆင့်ကဲပြောင်းလဲလာသည့် နည်းလမ်းတစ်ခု ဖြစ်၏။
ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်တွင် မသေမျိုး ဝိညာဉ်သုံးပါး အလှည့်ရောက်လာသည်။
[ လျှို့ဝှက်စိတ်ဝိညာဉ်၊ သန္ဓေသားအလင်း နှင့် တောက်ပစိတ်ဝိညာဉ်] ဟူ၍ ဖြစ်သည်။
ဝမ်ဝေ့က သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကို အပြင်းအထန် အာရုံစိုက်ထားပြီး တရားထိုင်လိုက်သည်။ သူက သူ့အပြုအမူများ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို ပြန်လည်သုံးသပ်လေ၏။
ထိုစဉ် သူက သူ့ကမ္ဘာဦးစိတ်ဝိညာဉ်မှ ကြိုးသုံးမျှင်သည် သူ့ပုံရိပ်သုံးခုနှင့် ဆက်နွယ်နေကြောင်း တွေ့ရှိလိုက်ရသည်။
ပထမပုံရိပ်တွင် အရောင်များက ဝန်းရံနေပြီး သူ့အနားတွင် လွင့်မျောလျက်ရှိသည်။ အရောင်တစ်ခုချင်းစီက ကွဲပြားသည့် စိတ်ခံစားချက်ကို ကိုယ်စားပြု၏။ ဤသည်က လျှို့ဝှက်စိတ်ဝိညာဉ် ဖြစ်သည်။
ထိုအရာက လူတစ်ယောက်၏ စိတ်အခြေအနေ၊ ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ သူတို့သဘောကျသည့်သူ အစရှိသဖြင့် ဆုံးဖြတ်ပေးသည်။ ယေဘုယျအားဖြင့် ထိုသို့သော ဝိညာဉ်မျိုးသည် လူတစ်ယောက်၏ စိတ်ခံစားချက်ကို ထုတ်ဖော်ပြသပေးပြီး တခြားလူများနှင့် ပတ်သက်သည့်အခါ မည်သို့ ပြောင်းလဲသွားသည်ကို ပြသနိုင်သည်။
မသေမျိုးဝိညာဉ်က ကံနဲ့ဆက်နွယ်နေတာပဲ။ ဒါကို အသုံးချရင် ငါ တစ်ယောက်ယောက်ကို တခြားတစ်ယောက်နဲ့ သဘောကျသွားအောင် လုပ်နိုင်တယ်။ သူတို့ကို ကံကြိုးနဲ့ ဆက်ပေးလို့ရတယ်။
ထိုအရာကို နားလည်သဘောပေါက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ကံစွမ်းရည်ဖြင့် အချစ်နှောင်ကြိုးကို ဖန်တီးနိုင်ကြောင်း နားလည်သွားသည်။ အကယ်၍ အချစ်နှောင်ကြိုးသာ ချစ်နေပြီးသားလူနှစ်ယောက်ကို ဆက်နွယ်ပေးထားလျှင် သူတို့က ထိုကြိုးကို မဖြတ်တောက်သရွေ့ ဘယ်တော့မှ ခွဲခွာရမည် မဟုတ်ပေ။ သူတို့က ပြန်လည်ဝင်စားခြင်း စက်ဝန်းကို ဖြတ်ကျော်သည့်အခါတွင်ပင် ဖြစ်၏။
ငါ့အဘွား ထွက်မသွားခင်အထိ ဒီစွမ်းရည်သာ ရှိထားခဲ့ရင်…
ဝမ်ဝေ့က ညည်းတွားလိုက်သည်။ သို့သော်လည်း သူ့အဘွားသည် သူမဘာသာ ကံအနှောင်အဖွဲ့ ဖြစ်တည်လာအောင်အထိ ထိုလူ့ကို ချစ်မြတ်နိုးခဲ့သေးသည်။ သူတို့က ပြန်လည်ဝင်စားခြင်းတွင်ပင် တစ်ယောက်နှင့်တစ်ယောက် ထာဝရအဖော်ပြုလိုကြ၏။
ထို့နောက် သူက ဒုတိယပုံရိပ်အား ကြည့်လိုက်သည်။ ထိုအရာ၏ ခေါင်းအထက်တွင် [၆၊ ၃၄၅၊ ၉၂၁] ဟူ၍ ရှိနေသည်။ ထိုအရာက သန္ဓေသားအလင်း ဖြစ်၏။ ထိုအရာက အသက်ဓာတ်၏ အရင်းအမြစ်ဖြစ်ကာ အပေါ်ရှိအရေအတွက်သည် ဝမ်ဝေ့၏ လက်ရှိသက်တမ်း ဖြစ်၏။
နောက်ဆုံးတွင် သူက နောက်ဆုံးပုံရိပ်ကို ကြည့်လိုက်သည်။ ထိုအရာက တစ်ခုလုံး ခရမ်းရောင် သန်းနေလေ၏။ သို့သော်လည်း သူက ထူးခြားသည့် အရောင်အပြင် ထူးခြားသည့် အချက်တစ်ခုကို သတိထားမိသွားသည်။ ထိုအရာပေါ်တွင် သံကြိုးများစွာ ရှိနေလေသည်။
တောက်ပစိတ်ဝိညာဉ်က အသိဉာဏ်၊ ဉာဏ်ပညာနှင့် ဖန်တီးနိုင်စွမ်းကို ထိန်းချုပ်ထားသည်။ ဤသည်က ကျင့်ကြံသူ၏ နားလည်နိုင်စွမ်းကို ဆုံးဖြတ်ပေးနိုင်သည့် အဓိကအရင်းအမြစ် ဖြစ်၏။ ထိုအရာရှိ အပြောင်းအလဲက အကောင်းဖြစ်သွားနိုင်သလို အဆိုးလည်း ဖြစ်သွားနိုင်သည်။
ဝမ်ဝေ့က ထိုသို့ခရမ်းရောင် ဖြစ်နေသည့် အကြောင်းအရင်းမှာ သူ့စံပြအရည်အသွေး ဝိညာဉ်ကြောင့် ဖြစ်မှန်း နားလည်လေသည်။ သို့သော် သံကြိုးများရှိနေသည့် အကြောင်းအရင်းကိုမူ နားမလည်ပေ။ ထို့ကြောင့် သူက ခေတ္တမျှ လေ့လာကြည့်လိုက်သည်။
သူ့အတိတ်ဘဝတွင် ပြန်လည်ဝင်စားခြင်းစက်ဝန်းသို့ မဝင်ရောက်ခင် သူ့ဝိညာဉ်က ပမာဏအားဖြင့် မယုံကြည်နိုင်လောက်အောင် ကြီးမားလေသည်။ သို့သော်လည်း ဒီကမ္ဘာသို့ ရောက်ရှိလာပြီး ကလေးလေး ဖြစ်လာပြီးသည့်နောက် သူ့ဝိညာဉ်စွမ်းအား၏ ၉၉ရာခိုင်နှုန်းကျော်က ပျောက်ဆုံးသွားပြီး အနည်းငယ်သာ ကျန်ရှိတော့သည်။
သူက ပြန်လည်ဝင်စားခြင်းအတွင်း တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်၏ အတင်းအကြပ် ဖိအားပေးခံလိုက်ရတာ ဖြစ်ရမည်ဟု တွေးကာ ထိုအရာများကို လျစ်လျူရှုထားခဲ့မိသည်။ သို့သော် ယခုတွင် ထိုအရာက စည်းပိတ်ခံထားရနိုင်ချေ ရှိ၏။ သူ့ဝိညာဉ်စွမ်းအားသာမက သံသရာနှင့် သူ့အတွေ့အကြုံများကိုပင် စည်းပိတ်ခံထားရသည်။
သူ တွေ့ကြုံခဲ့ရသည့် မှတ်ဉာဏ်များက လက်ရှိတွင် စည်းပိတ်ခံထားရပြီး ဖြည်းဖြည်းချင်း ပြန်လည်ပေါ်ပေါက်လာသည်။
ယခုမေးခွန်းက သူကိုယ်တိုင် စည်းပိတ်တာလား ဒါမှမဟုတ် တခြားတစ်ယောက်က စည်းပိတ်ပေးတာလားဟူ၍ ဖြစ်သည်။
ဝမ်တေ့က သိချင်စိတ်ဖြင့် တောက်ပစိတ်ဝိညာဉ် သံကြိုးကို ထိကြည့်ဖို့လုပ်လိုက်သည်။
“ တုံးအအ အရာတွေ မလုပ်နဲ့နော်” ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာသည်။
သူက လှည့်ကြည့်လိုက်သည့်အခါ သူ့အသိစိတ်ပင်လယ်အတွင်း ဝူဟုန်ကို မြင်လိုက်ရ၏။
“ မင်းက ဒီမှာ ဘယ်လိုရောက်နေတာလဲ” ဝမ်ဝေ့၏ ကမ္ဘာဦးစိတ်ဝိညာဉ်က လက်ဟန်ဖြင့် ပြောလိုက်သည်။
“ ကျွန်မ ရှင့်ဝိညာဉ်ကို စည်းပိတ်ဖို့ ကူညီပေးခဲ့တုန်းက ကျွန်မရဲ့ စိတ်ဆန္ဒကို ဒီလိုအခြေအနေ ဖြစ်လာခဲ့ရင် သတိပေးဖို့ ဆိုပြီးထားခဲ့တာ”
“ ဒီလိုအရာမျိုးက ကြိုတင်ပြောထားရမယ်လေ ”
“ ဟုတ်သားပဲ”
“ ကောင်းပြီ။ လက်ရှိအခြေအနေအရဆိုရင် ကိစ္စတွေက အကောင်းဖက် ဖြစ်လာနိုင်တယ်။ အခုရှင်းပြလို့ရမလား”
“ ရှင်က ဒီစည်းတံဆိပ်ရဲ့ အရင်းအမြစ်ကိုတော့ ခန့်မှန်းမိပြီးသားဖြစ်လောက်မှာပါ။ ဒါပေမဲ့ ဒါကို ရှင် ကောင်းကင်ဘုံအဆင့် မရောက်မချင်း အပြည့်အဝ မဖယ်ရှားဖို့ သတိပေးချင်တယ်။ ရှင်က ဧကရာဇ်အဆင့်က မှတ်ဉာဏ်တချို့ကိုတော့ စစ်ဆေးကြည့်နိုင်ပေမဲ့ သတိထားပါ”
ဝူဟုန်က ကပ်ပါးခုနစ်ကောင်သည် အသင်္ချေအင်ပါယာကမ္ဘာသို့ လာရမည်ကို ကြောက်နေမှန်း သိထားလေသည်။ သို့သော် အကယ်၍ တစ်ယောက်ယောက်ကသာ သူတို့၏ အာဏာကို ခြိမ်းခြောက်လာပါက သူတို့သည် နောက်ဆုံးစည်းမျဉ်းထားမည် မဟုတ်သလို အန္တရာယ်ကို ဖယ်ရှားပစ်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
ဝမ်ဝေ့က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူက သူမ၏ မျက်နှာအထက် ထူးထူးဆန်းဆန်း အမူအရာကို သတိပြုမိလိုက်၏။
“ ကိုယ် မင်းရဲ့မျက်နှာပေါ်မှာ မြင်လိုက်ရတာ အားကျမှုလား”
“ ဟုတ်တယ်။ အဲဒီဝိညာဉ်စွမ်းအားက ရှင့်ကို အချိန်တိုအတွင်း စံပြဝိညာဉ်အဆင့် ရောက်အောင် လုပ်ပေးနိုင်တယ်။ ဟူး … တစ်ခါတစ်လေကျလည်း ရှင်ဘယ်လောက်ကံကောင်းလဲဆိုတာ ကျွန်မ အားကျမိသား”
သူမအတွက် သူမ ဝိညာဉ်ကို စံပြအဆင့် ရောက်ရှိဖို့အတွက် မည်မျှကြာရှည်ကာ ခက်ခဲကြောင်း တွေးမိလိုက်လျှင် သူမက သူ့ကို ရိုက်နှက်ချင်လာသည်။ အကြောင်းမှာမူ သူ့အတွက် ကိစ္စများက လွယ်ကူနေ၍ ဖြစ်သည်။
“ ကံကောင်းတာတဲ့လား။ မဟုတ်ပါဘူး။ ကိုယ် အဲဒါကို ရယူခဲ့တာပဲ”
ထို့နောက် ဝူဟုန်က သူသည် ထိုစွမ်းအားကို မည်သို့ရလာကြောင်း မှတ်မိသွားကာ သူ ပြောသည့်အရာမှန်ကန်ကြောင်း သဘောပေါက်သွားသည်။ သေမျိုးတစ်ယောက်အနေနှင့် ခေတ်ကာလများစွာ အသက်ရှင်ကျန်ခြင်းက ၉၉.၉၉၉ ရာခိုင်နှုန်းလောက်က ဘယ်တော့မှ အောင်မြင်မည် မဟုတ်ပေ။
သူတို့က နောက်ထပ်အပြာရောင် အလင်းပြောက်နားမရောက်ခင် သေဆုံးသွားသည်မျိုး သို့မဟုတ် အထီးကျန်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေသွားခြင်း သို့မဟုတ် ရူးသွပ်သွားကာ သူတို့၏ စိတ်ဝိညာဉ်များက ပြိုကွဲသွားနိုင်လေသည်။
သို့သော် ဝမ်ဝေ့က အသက်ရှင်ကျန်ခဲ့၏။ ထိုအချက်တစ်ခုတည်းကပင် သူက ထိုခွန်အားနှင့် အကျိုးအမြတ်များနှင့် ထိုက်တန်ကြောင်း သက်သေပြပြီးသား ဖြစ်လေပြီ။
“ ရှင် ပြောတာမှန်တယ်။ ရှင့်ရဲ့ စစ်ဆေးမှုအကြောင်း ပြောရအောင်”
“ မင်းတစ်ခုခု တွေ့ခဲ့လို့လား”
“ ဒီစစ်ဆေးမှုက ရှင် ထင်ထားတာထက် ပိုပြီးတော့ ပြင်းထန်တယ်။ ရှင့်ကို ကူညီတဲ့သူတွေက ကြိုတင်တွက်ချက်ထားမှုအတွင်း ကျရောက်သွားနိုင်တယ်။ ကျွန်မလို အခြေအနေမျိုးဆိုရင် အစစ်အမှန် ကောင်းကင်တာအိုက ကျွန်မကို ယာယီစည်းပိတ်ထားပြီး အစအဆုံး ဝင်စွက်ဖက်ခဲ့တာပဲ။ အဲဒါကြောင့် သတိကြီးကြီးထားပါ”
ဝမ်ဝေ့၏ မျက်နှာအထက်တွင် အလေးအနက် အမူအရာဖြစ်လာပြီး ခေါင်းညိတ်လိုက်သည်။ ထိုစဉ် သူက ဝူဟုန်သည် စတင်ပျောက်ကွယ်လာကြောင်း မြင်လိုက်ရသည်။
“ ကျွန်မ အချိန်မရှိတော့ဘူး။ ရှင့်ကို သတိပေးဖို့ မလိုဘူးဆိုတာ သိထားပေမဲ့ ကျွန်မ သတိပေးရဦးမယ်။ ဒီစစ်ဆေးမှုကျရှုံးခဲ့ပြီး သေဆုံးသွားခဲ့ရင်ဆိုတဲ့ အခြေအနေအတွက် အရံအစီအစဉ် လုပ်ထားဖို့ လိုတယ်။ ရှင့်ဝိညာဉ် အကောင်းအတိုင်းနဲ့ သံသရာထဲ ဝင်ရောက်ဖို့က အကောင်းဆုံးပဲ။ တကယ်လို့ ရှင့်ဝိညာဉ် ပျက်သုဉ်းသွားရင်တော့ ကျွန်မတောင် ကယ်နိုင်မှာ မဟုတ်ဘူး”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ စကားများသည် နက်နဲသည့် အဓိပ္ပာယ်များ ပါဝင်နေကြောင်း ခံစားမိလိုက်လေ၏။ စံပြများသည် အချိန်နောက်ပြန်သွားနိုင်လေရာ သူမက သူ့ကို ကယ်တင်နိုင်မည် မဟုတ်ပါလော။
သူမက အလိုမရှိသည်ဟုတော့ မထင်မိပေ။ တစ်ခုခုက သူမကို တားဆီးထားသည်သာ ဖြစ်ရမည်။ သို့မဟုတ် သူ လုံးဝသေဆုံးသွားသည်နှင့် သူမက သူ့ကို အသက်ပြန်မသွင်းနိုင်သည့် တခြားအကြောင်းအရင်းများလည်း ရှိနေနိုင်သည်။
ကိစ္စတွေက ပိုမိုရှုပ်ထွေးလာပြီပဲ…
ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်ပြီးနောက် အဆင့်တက်လှမ်းမှုအပေါ် အာရုံအပြည့်အဝ စိုက်ထားလိုက်သည်။