မင်းပဲ
Vol. 33 Ch. 454
အခန်း (၄၅၄) : မင်းပဲ
ဝမ်ဝေ့က ကောင်းကောင်း နားလည်သဘောပေါက်သွားသည့်နောက် လျှို့ဝှက်စိတ်ဝိညာဉ်ကို စုပ်ယူလိုက်သည်။ သူက စိတ်ခံစားချက်နှင့် တစ်သားတည်းဖြစ်ကာ သူ ကိုယ်တိုင်အပါအဝင် လူများစွာ ရူးသွပ်သွားစေသည့် ဆွဲဆောင်မှုနှင့် ပတ်သက်မှုများအကြောင်း နားလည်သဘောပေါက်လာခဲ့သည်။
သူက ဝိညာဉ်များ၏ ကိစ္စများကို နားလည်ထားသည့်အတွက် လျှို့ဝှက်စိတ်ဝိညာဉ်အား ကမ္ဘာဦးစိတ်ဝိညာဉ်ဖြင့် ပေါင်းစပ်နိုင်လေသည်။ မသေမျိုး စိတ်ဝိညာဉ်သုံးပါး အဆင့်သည် ကျင့်ကြံသူ၏ နားလည်နိုင်စွမ်းက ခန္ဓာကိုယ်ထက် ပိုအရေးပါသည့် ကျင့်ကြံဆင့်တစ်ခု ဖြစ်၏။
ထိုမသေမျိုး စိတ်ဝိညာဉ်သုံးပါးအဆင့်၏ ကွဲပြားသော ကိစ္စသဘောထားကို နားလည်သဘောပေါက်ခြင်း မရှိဘဲ ကမ္ဘာဦးစိတ်ဝိညာဉ်ဖြင့် ပေါင်းစပ်ပြီး ပြီးမြောက်သည့်အဆင့်သို့ ဝင်ရောက်ဖို့ မဖြစ်နိုင်ပေ။
လျှို့ဝှက်စိတ်ဝိညာဉ်ဖြင့် ပေါင်းစပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က လစ်ဟာနေသည့် အစိတ်အပိုင်းတစ်ခု သူ့ဆီ ပြန်ရောက်လာသလို ခံစားမိလိုက်သည်။ သူက ပြီးပြည့်စုံသွားသလို ခံစားလိုက်ရ၏။
ထို့အပြင် သူက ယခုအခါ စိတ်ဝိညာဉ်အမှုန်ပေါင်း ငါးဆယ်ဘီလီယံကျော် လင်းလက်လာကြောင်း တွေ့ရှိလိုက်ရသည်။ သူ့ဝိညာဉ်စွမ်းအားကလည်း သိသိသာသာ တိုးမြင့်လာသည်။
ဝမ်ဝေ့က ထိုတွေ့ရှိချက်နှင့် ပတ်သက်ပြီး အလွန်ကျေနပ်နေမိသည်။ သူက စိတ်ဝိညာဉ်အမှုန်များကို စတင်ဖန်တီးခဲ့စဉ်အခါက နောက်အဆင့်သို့ ဝင်ရောက်ခဲ့ပြီးသည့်နောက်တွင်ပင် သူတို့အားလုံးကို အချိန်ဆွဲထားနိုင်ဖို့အတွက် ပြင်ဆင်ထားခဲ့သည်။
သို့သော်လည်း သူက ပန်းသုံးပွင့် သရဖူအကြောင်း သင်ယူပြီးသည့်နောက်တွင် ထိုအရာအားလုံးကို စိတ်ဝိညာဉ်ပန်းပွင့် မဖွဲ့စည်းခင် အားလုံးကို လင်းလက်အောင်လုပ်ဖို့ ဆုံးဖြတ်ထားခဲ့သည်။ ထို့ကြောင့် သူက ထိုဖြစ်စဉ်အတွင်း အချိန်တချို့ယူဖို့ ပြင်ဆင်ထားသည်။
မသေမျိုး စိတ်ဝိညာဉ်သုံးပါးအဆင့်သို့ တက်လှမ်းပြီးသည့်နောက်တွင် ဝမ်ဝေ့က ဆက်လက် မလုပ်ဆောင်သေးပေ။ သူက အဆင့် ဆက်တိုက်ချိုးဖောက်ပြီးသည့်နောက် အနည်းငယ် အနားယူဖို့ လိုအပ်နေ၏။
ထို့ကြောင့် သူက အသိစိတ်ပင်လယ်မှ ထွက်ကာ တစ်စုံတစ်ခုအပေါ် အာရုံစိုက်ထားလိုက်သည်။ ကံဆိုးစွာဖြင့် သူသည် သူ့ရှေ့တွင် စားပွဲငယ်တစ်လုံးဖြင့် ထိုင်နေသည့် သူ့ကို မြင်လိုက်ရသည်။ ထိုလူက သူနှင့် တူညီသည့် မျက်နှာရှိသော်လည်း ဆန့်ကျင်ဘက် ဖြစ်၏။
“ မင်းပဲကိုး…” သူက လက်ဟန်ပြလိုက်သည်။
“ဟုတ်တယ် ငါပဲ” နှလုံးသားနတ်ဆိုးက ပြန်ပြောလိုက်သည် “ မင်းက ဒီကျင့်ကြံဆင့်မှာ ရှိနေတုန်းဆိုတော့ ငါက အချိန်မရွေး ပေါ်လာနိုင်တယ်”
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး ထိုလူသည် သူ၏ မိစ္ဆာသဏ္ဌာန်နှင့် တူနေသည်။
“ မင်းက မင်းရဲ့ စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ်နဲ့ ခွန်အားကို သုံးပြီး နှလုံးသားနတ်ဆိုးကို မောင်းထုတ်ချင်တာကို သိတယ်။ ဒါပေမဲ့ ဒီကမ္ဘာမှာ နှလုံးသားနတ်ဆိုးက အဲလိုအလုပ်လုပ်တာ မဟုတ်ဘူး။ မင်းရဲ့စိတ်နဲ့ စိတ်ခံစားချက်တွေကို ကိုယ်တိုင်မသိဘဲ ငါက အဝေးကြီးမသွားနိုင်ဘူး”
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးနောက် အဖန်ရည်တစ်ငုံ သောက်လိုက်သည်။ ထိုအရာက သူအကြိုက်ဆုံး အဖန်ရည်ဖြစ်သည့် လုံရွယ်အဖန်ရည်နှင့် တူနေသည်။
အဘွားက ငါ့ဆီလာလည်တိုင်း ယူလာတတ်တဲ့ဟာပဲ …
“ ဒီနေ့ ပုံရိပ်ယောင် မရှိဘူးလား” ဝမ်ဝေ့က လက်ဟန်ပြကာ မေးလိုက်သည်။
“ အဲဒါက အဓိကမဟုတ်ဘူး။ ငါတို့တွေ စကားပြောရအောင်” နှလုံးသားနတ်ဆိုးက အဖန်ရည်သောက်ရင်း ပြန်ပြောလိုက်သည် “ ငါက ကိစ္စတွေအကြောင်း သိထားပေမဲ့ မင်းရဲ့အကောင်းဆုံး ရည်ရွယ်ချက်ကိုလည်း သိထားတယ်”
“ ဒါက အနိုင်ကျင့်တဲ့သူတွေ သူတို့ရဲ့အပြုအမူကို မျှတအောင် ပြောတဲ့အပြုအမူမျိုးနဲ့ ဘာလို့တူနေပါလိမ့်…”
“ အခု မင်းက တစ်ခုခုရိုင်းတာ စဉ်းစားနေတာမလား”
“ငါ့ကို စိတ္တဇဖြစ်နေတယ်များ ထင်နေလား”
နှလုံးသားနတ်ဆိုးက သူ့အား လျစ်လျူရှုထားသည်။
“ အဘွားနဲ့ ပတ်သက်ပြီးတော့ မပြောတော့ဘူး။ မင်းက အခုတလော အဖြစ်အပျက်ကြောင့် ဝမ်းနည်းမှုတွေ ကျော်ဖြတ်ထားရတယ်။ ဒီလိုပြောရတာ လုပ်ဇာတ်လိုမျိုး ဖြစ်နေပေမဲ့ နားလည်နိုင်လောက်ပါတယ်။ ဒါပေမဲ့ အခု ယုယုန်အကြောင်း ပြောရအောင်။ မင်းက သူ့ကို နည်းနည်းမမျှတသလို ဆက်ဆံလိုက်တယ်လို့ မထင်မိဘူးလား။ မင်းက သူ့ကို ခွင့်လွှတ်မပေးဘူးလား”
ထိုစကားများကို ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်တွင် သင်္ကေတမြောက်များစွာ ထွက်ပေါ်လာသည်။ နှလုံးသားနတ်ဆိုးက သူ့အား စည်းပိတ်တော့မည် ဖြစ်ကြောင်း သိလိုက်၏။
“ တုံးအအ အရာတွေ မလုပ်နဲ့။ တကယ်လို့ ငါ့ကို အခု စည်းပိတ်လိုက်ရင် ငါ ပြန်ပေါ်လာတဲ့အခါ အဆရာချီ အားကောင်းလာလိမ့်မယ်” သူက အဖန်ရည်တစ်ငုံ သောက်ကာ ပြောလိုက်သည်။
“ ဒါက မင်းအတွက် အထိမခံတဲ့အရာဆိုတာ သိပေမဲ့ ပြောရဦးမှာပဲ”
လေထဲရှိ သင်္ကေတများက ပျောက်ကွယ်သွားပြီး ဝမ်ဝေ့ရှေ့တွင် စကားလုံးများ ပေါ်ထွက်လာသည်။
“ ငါက ဘာလို့ သူ့ကို ခွင့်လွှတ်ပေးရမှာလဲ”
“ ပြန်လည်ကောင်းမွန်လာစေဖို့ပေါ့။ ဒေါသက မင်းရဲ့ ကျန်းမာရေးအတွက်ရော စိတ်ဝိညာဉ်အတွက်ရော မကောင်းဘူး”
“ ဒေါသနဲ့ ပတ်သက်ပြီး မှားယွင်းနေတာ ဘာမှမရှိဘူး။ စိတ်ခံစားချက်တွေကို ကောင်းကောင်းမထိန်းချုပ်နိုင်မှ ဖျက်ဆီးနိုင်စွမ်း ရှိသွားတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ ငါ့ဒေါသက တရားမျှတပြီးတော့ ကောင်းကောင်းထိန်းချုပ်ထားတယ်”
“ အဲဒါဆို မင်းမိသားစုနဲ့ အဘိုးရော။ သူက သူ့မိသားစုကို ဒီလိုမျိုးဖြစ်စေချင်မှာ မဟုတ်ဘူးလို့တော့ သေချာတယ်။ သူ့ဆီမှာ ရွေးချယ်စရာမှ မရှိတာ။ အနည်းဆုံး မင်းက မင်းရဲ့ဒေါသကို ဖယ်ရှားပြီးတော့ ခွင့်လွှတ်ပေးလို့ ရတယ်လေ။ အဲဒါက မင်းအတွက် သက်သာစေလိမ့်မယ်”
“ ဒေါသနဲ့ ခွင့်လွှတ်မှုကြားမှာ သက်ဆိုင်တာ မရှိဘူး။ ငါက သူ့ကို ခွင့်လွှတ်နိုင်တယ်။ ဒါပေမဲ့ ဒေါသထွက်ဦးမှာပဲ။ ပြီးတော့ ဒါက ငါ့ရဲ့ စိတ်အခြေအနေပဲ။ တကယ်လို့ ငါ ဘယ်တော့မှ မလုပ်ဖို့ ဆုံးဖြတ်တယ်ဆိုရင် အဆုံးသတ်ပစ်နိုင်တယ်။ ငါက သူ့အပေါ် ခံစားရတဲ့ဟာတွေကို မိသားစုအပေါ် သက်ရောက်မှု မရှိအောင် လုပ်နိုင်သရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်”
နှလုံးသားနတ်ဆိုးက ရုတ်ချည်း ထရပ်လိုက်သည် “ မင်းမှန်တယ်။ မင်းနဲ့အသင့်တော်ဆုံး စိတ်ခံစားချက်တွေကို မင်းဘာသာမင်း စီမံနိုင်တယ်။ ကောင်းပြီ နောက်ထပ် တစ်ခုပြောရအောင်”
သူက လက်ဝှေ့လိုက်သည့်အခါ အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ထွက်ပေါ်လာသည်။ ထိုအရာကို ဝမ်ဝေ့က မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။
“ မင်းရဲ့ လက်ထပ်ပွဲအတွက် ဂုဏ်ယူပါတယ်။ ဒီလိုမျိုးလှပပြီး စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ပြီးပြည့်စုံတဲ့ ဇနီးတစ်ယောက်ကို လက်ထပ်နိုင်တာ မျိုးဆက်ထောင်ချီ ကံကောင်းမှုပဲ။ တစ်ခါတစ်လေ သူမကြောင့် မင်းကို အားကျမိသား။ ငါတို့တွေ နေရာချင်းလဲလို့ရရင် ကောင်းမယ်”
“ တည့်တိုးသာ ပြောလိုက်” ဝမ်ဝေ့က ရေးလိုက်သည်။
“ မင်းက စိတ်ရှည်ရှည်ထားလို့ မရဘူးလား။ ကောင်းပြီ … မင်းရဲ့မျက်နှာထားက မကောင်းတော့ ငါ တည့်တိုးပဲ ပြောမယ်။ ကံစပ်တဲ့ ချစ်သူတွေဆိုတဲ့ သဘောထားက ငါ့ကို စိတ်အနှောင့်အယှက် ပေးနေတာ။ မင်းက ကျောင်းတော်မှာ ပထမဆုံးအကြိမ် တွေ့ကတည်းက သူမရဲ့ အကြောင်း၊ သူမ ကြိုက်တာ မကြိုက်တာ ဘာမှမသိဘဲနဲ့ သူမကို ချစ်မြတ်နိုးသွားခဲ့တယ်။ အဲဒါက နည်းနည်း ပေါ့ပေါ့တန်တန် ဖြစ်မနေဘူးလား။ ငါ့အတွက်ဆိုရင်တောင်ပေါ့…”
“ ပေါ့ပေါ့တန်တန် ဖြစ်နေတာက ဘာမှားလို့လဲ” ဝမ်ဝေ့က ပြန်ပြောလိုက်သည် “ မြင်မြင်ချင်းချစ်တာက ယုံကြည်မှုအများကြီး လိုတယ်။ ဒီလူကို ပထမဆုံးအကြိမ် တွေ့လိုက်တာနဲ့ မင်းရဲ့ သဘောထား၊ ကြိုက်ခြင်း၊ မကြိုက်ခြင်းတွေ တူညီနေတယ်လို့ ယုံကြည်မိပြီး တစ်ဘဝလုံး သူနဲ့အတူတူ ကုန်ဆုံးသွားချင်တာမျိုး။ ပြီးတော့ ဝူဟုန်နဲ့ ငါက အဆုံးသတ်မှာ အကောင်းဆုံးဖြစ်ခဲ့တယ်လေ”
“ ဟုတ်ရဲ့လား” နှလုံးသားနတ်ဆိုးက ပြောလိုက်သည်။
“ မင်း သူ့ကို တွေ့တွေ့ချင်းတုန်းက သူမက မင်းရဲ့အကြောင်းကို မင်းထက်တောင် ပိုပြီးတော့ ကောင်းကောင်းသိနေတယ်။ သူမက မင်းကမ္ဘာမြေက ဖြစ်မှန်း သိပြီးတော့ မင်းရဲ့ တခြားလျှို့ဝှက်ချက်တွေကိုလည်း သိနေတယ်။ ဒါပေမဲ့ မင်းက သူမအကြောင်း ဘာမှမသိဘူး။ သူမက မင်းဆီကနေ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ဒီလောက်များတာ မင်းက သူမနဲ့ တစ်ကုတင်ထဲ အေးအေးဆေးဆေး အိပ်နိုင်သေးတာ အံ့ဩမိသား”
ဝမ်ဝေ့က ဘာမှမပြောပေ။ သို့သော် နှလုံးသားနတ်ဆိုးက ဆက်ပြောနေ၏။ သူ့အသံတွင် ဆွဲညှို့သည့် သက်ရောက်မှုတချို့ ပါဝင်နေသောကြောင့် လူ၏ စိတ်ထဲတွင် သံသယများဖြစ်လာစေသည်။
“ အခု သူမက လျှို့ဝှက်ချက်တွေ ထိန်းထားလို့ မင်းကိုယ်မင်း ဘယ်လောက်တောင် အားနည်းလဲဆိုတဲ့ အကြောင်းပြချက်ကိုပဲ အသုံးပြုနေတယ်။ ဒါပေမဲ့ ငါက မယုံဘူး။ မင်းက အဲ့လိုလုပ်မှာ မဟုတ်ဘူး”
ဝမ်ဝေ့က အဝေးတစ်နေရာသို့ လှမ်းကြည့်ကာ သူ့အကြည့်များက အနည်းငယ် ရှုပ်ထွေးသွားလေသည်။
နှလုံးသားနတ်ဆိုးက ဆက်ပြောလိုက်၏ “ သူမက မင်းကို တစ်ခုခု ကြံစည်နေတယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ။ သူမက မင်းကို အဆုံးသတ်ချင်နေတယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ”
“ အဲဒါဆိုရင် ငါ သေသွားလိမ့်မယ်” သူက လေအတွင်း စာရေးလိုက်ပြီး တိတ်ဆိတ်သွားသည်။
“ ဒီလိုပဲလား”
“ ငါ ပြောခဲ့သလို ငါတို့ရဲ့အချစ်က ယုံကြည်မှုကနေ ဖြစ်လာပြီးတော့ ငါက အဲဒီအရာကို ဆက်လက်ယုံကြည်သွားမယ်။ တကယ်လို့ သူမက ငါမှားကြောင်း သက်သေပြနိုင်ခဲ့တယ်ဆိုရင် ငါက သေခြင်းတရားဆိုရင်တောင် အကျိုးဆက်ကို လက်ခံရမှာပဲ”
“ မင်းက မင်းဆီမှာ နောင်တ မရှိဘူးလား။ မင်း အချစ်ရဆုံးလူက မင်းကို သစ္စာဖောက်ခံလိုက်ရပြီး သေဆုံးသွားတာက အရမ်းကို နာကျင်လွန်းတယ်။”
“ တခြားလူတွေအတွက် အဲ့လိုဖြစ်နိုင်ပေမဲ့ ငါ့အတွက်တော့ အဲ့လိုမဟုတ်ဘူး။ ငါက ဒီရွေးချယ်မှုကို ငါကိုယ်တိုင်လုပ်ခဲ့တဲ့အတွက် ဖြစ်နိုင်ချေတွေကို သိထားတယ်။ တကယ်လို့ အဲ့လိုရက်မျိုး အမှန်တကယ်ရောက်ရှိလာခဲ့ရင် ငါက ငါတို့နှစ်ယောက်ကြားက ပျော်ရွှင်တဲ့ အမှတ်တရတွေကို ပြန်လည်တွေးပြီးတော့ အပြုံးနဲ့ပဲ သေသွားလောက်တယ်”
“ ဟား…ဟား…ဟား…ဘယ်လောက်တောင် ထူးဆန်းလိုက်တဲ့လူလဲ” နှလုံးသားနတ်ဆိုးက တည်ငြိမ်စွာပြုံးရင်း ပြောလိုက်သည်။ ထိုအပြုံးက သူ၏ နဂိုလှောင်ပြုံးဖြင့် ကွဲပြားနေလေ၏။
“ မင်းက ထိန်းချုပ်မှု ပါဝင်တဲ့ တာအိုကို ကျင့်ကြံတယ်။ ဒါပေမဲ့ မင်းရဲ့ အချစ်ရေးနဲ့ ပတ်သက်လာတဲ့အခါမှာ မင်းက ကံအပေါ် ပုံအပ်ထားတယ်။ မင်းက မင်းရဲ့ တစ်ဘဝလုံးကုန်ဆုံးရမဲ့သူကို ဆုံးဖြတ်ဖို့ ကံကြမ္မာကို ခွင့်ပြုပေးထားတယ်။ ရှေ့နောက် မညီလိုက်တာ”
“ ငါကတော့ အဲလိုမတွေးမိဘူး” ဝမ်ဝေ့က ရေးပြလိုက်သည် “ ကြည့်ရတာ မင်းက ငါ့ထက်တောင် ငါ့ကို ပိုသိနေတာပဲ”
“ ဟုတ်တာပေါ့။ အခု စမ်းသပ်ချက် ပြီးဆုံးသွားပြီ။ မင်းက ဂုဏ်ထူးနဲ့အောင်တယ်။ ဒါပေမဲ့ ငါတို့ နောက်ထပ် ထပ်ပြီးတော့ တွေ့ရဦးမယ်။”
“ ငါကတော့ မတွေ့ချင်တော့ဘူး”
“ ကံဆိုးတာက ဒါက မင်း ဆုံးဖြတ်ရမဲ့ အရာမဟုတ်ဘူး”
နှလုံးသားနတ်ဆိုးက ပျောက်ကွယ်သွားသည်။ ဝမ်ဝေ့က သူ့စိတ်နှင့် စိတ်ဝိညာဉ်သည် ပိုမိုလန်းဆန်းကာ သိမ်မွေ့သွားကြောင်း ခံစားမိလိုက်၏။ သူက မျက်ဝန်းမှ အလွှာတစ်ခု ဖယ်ထုတ်လိုက်သလိုမျိုး ကမ္ဘာကြီးအား ပိုမိုကောင်းကောင်းမြင်လာရသည်။
နှလုံးသားနတ်ဆိုးက ကျင့်ကြံသူတွေရဲ့ စိတ်အခြေအနေကို တိုးတက်အောင် ကူညီပေးတယ်ဆိုပေမဲ့ ဒီလူနဲ့ စကားပြောရတာ စိတ်မသက်မသာဖြစ်တုန်းပဲ။ ဒါပေမဲ့ သူက ငါ့ကို အတွေးတစ်ခု ပေးသွားခဲ့တယ်။
သူက သူတို့၏ ဆက်ဆံရေးအား ပိုမိုကောင်းမွန်စေဖို့အတွက် ထိုစကားဝိုင်းကို ပြန်လည်ပြောပြဖို့ စီစဉ်ထားသည်။ သူက သူ့သံသရာနှင့် စိတ်မလုံမခြုံဖြစ်နေသည့် အကြောင်းအရာအားလုံးကို ပြောပြလိုက်မည်။ ထိုနည်းဖြင့် သူတို့က တာအိုလက်တွဲဖော်အဖြစ် ပိုမို နီးကပ်လာနိုင်သည်။
သူက အိမ်ငယ်လေးသို့ ပြန်သွားကာ ရှေးဟောင်းနတ်ဘုရားသန့်စင်ကျမ်းကို ထုတ်ယူလိုက်သည်။ သူက ကြယ်တာရာဆုံမှတ်များကို လေ့ကျင့်ပေးဖို့ ပြင်ဆင်ထား၏။
သူတောင်းစားအိုကြီးက သူသည် ထိုစမ်းသပ်မှုကို အောင်မြင်ဖို့ ခွန်အားကို အားကိုးလို့မရကြောင်း ပြောခဲ့ဖူးသော်လည်း သူသည် ထိုအရာမရှိပါက အသက်ရှင်နိုင်ချေ မရှိကြောင်း သိထားလေသည်။