ရန်စမှု
Vol. 66 Ch. 919
မန်ဟိုမှာ မျက်နှာဖြူဆုပ်လျက် တုန်ရီသွားသည်။ စစချင်း သူသည် သူမည်မျှရှုံးခဲ့သလဲ တွက်ချက်မကြည့်ခဲ့သော်လည်း မအောင့်နိုင်လိုက်ပေ။ သူ၏စိတ်ထဲတွင် ကြောက်မက်ဖွယ်ရာ စွမ်းဆောင်ရည်ရမှတ်ပမာဏကြီးပြည့်နှက်သွား၍ သူ့မှာ သွေးအန်လုနီးနီးဖြစ်သွားသည်။
"ရှုံးပြီး အကြီးကြီးရှုံးသွားပြီ" သူ့မှာ ငိုချင်ပါသော်လည်း မျက်ရည်ကျမလာပေ။ စွမ်းဆောင်ရည်ရမှတ်များစွာ ရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့မိသော သူ့ကိုယ်သူသာ ကျိန်ဆဲနေနိုင်သည်။
သူ့မှာ ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ အနီးနားရှိ ငှက်များကို ဝရုန်းသုန်းကား ပျံပြေးသွားစေသည်။
မန်ဟို့ခမျာ တစ်ကိုယ်လုံး တုန်ရီလျက် ၊ နှလုံးသွေးတို့ ယိုစီးလျက်၊ မျက်နှာဖြူဆုပ်လျက် အားအင်တို့ ကုန်ခမ်းသွားသည်။ ခြေကုန်လက်ပန်းကျပြီး စိတ်ဓာတ်ကျနေစဉ် သူ့အနောက်မှ လေကိုခွင်းလာနေသော တစ်စုံတစ်ယောက်ကို ရုတ်တရက် သတိထားမိလိုက်၏။
သူက ချည့်ချည့်နှဲ့နှဲ့ လှည့်လိုက်ပြီး မိန်းကလေးတစ်ဦးကို မြင်လိုက်သည်။ သူ၏ အသက်မဲ့နေသောမျက်နှာထားက သူမအား တအံ့တဩ ဖြစ်သွားစေသည်။
သူမသည် ချစ်ခင်နှစ်သက်ဖွယ်မျက်နှာလေးနှင့် လှပကြော့ရှင်းပြီး ပန်းရောင်ဂါဝန်ရှည်လေးကို ဝတ်ထားလေသည်။ သူမ၏ကိုယ်သင်းနံ့လေးမှာ သင်းပျံ့ပြီး ရှူချင့်ဖွယ်ကောင်း၏။
သူမက မန်ဟို့ကို အထိတ်တလန့် တခဏ ကြည့်ပြီးနောက် မဝံမရဲ မေးလေသည်။ "ဟို ဟိုလေ ... ဝမ်းကွဲအစ်ကိုကြီးဖန်ဟိုလားရှင်"
မန်ဟိုက စိတ်မပါ့တပါဖြင့် ခေါင်းညိတ်လိုက်ပြီး သူ ဆုံးရှုံးခဲ့သော စွမ်းဆောင်ရည်ရမှတ်နှင့်ပတ်သက်၍ ဖြေမဆည်နိုင်ဖြစ်နေသေးလေသည်။ သူ့စိတ်ထဲတွင် ကောင်းကင်ကြီးပင်လျှင် မှောင်မည်းသွားသယောင်ပင်။
မိန်းကလေးသည် မန်ဟို့ကို ကြည့်နေစဉ် လေးနက်တည်ကြည်လာ၏။ ဤလူသည် အပင်နှင့်အသီးအရွက်အသိလေးအတွက်နှင့် လက်မလျှော့ခင် သူ့ကိုယ်သူ ရူးလောက်အောင် ဖိအားပေးခဲ့သူဖြစ်သည်။ မန်ဟို့မျက်လုံးထဲတွင် သူမ၌ မရှိသော မယိုင်လဲသည့်ခိုင်မာပြတ်သားမှုကို သူမ မြင်နေရသည်။
"ဝမ်းကွဲအစ်ကိုကြီးဖန်ဟို၊ စောစောက ဆေးအိမ်မှာတုန်းက ကျွန်မ အစ်ကိုကြီးကို မြင်ခဲ့ရပါတယ်။ ကျွန်မ ဝမ်အာ အစ်ကိုကြီးကို မလေးစားဘဲ မနေနိုင်ပါဘူး" သူမက လက်နှစ်ဖက်ယှက်၍ အရိုအသေပေးပြီးနောက် စာအုပ်တစ်အုပ်အား မန်ဟို့ထံ ကမ်းပေးလေသည်။ "ဒါ...ဒါက ဆေးလုံးအကြီးအကဲ အစ်ကိုကြီးကို ပေးခိုင်းလိုက်တဲ့ စာအုပ်ပါ"
မန်ဟိုမှာ ငေးငိုင်နေဆဲဖြစ်သည်။ သူက စိတ်နှင့်ကိုယ်မကပ်ဘဲ ရေရွတ်လိုက်၏။ "စိတ်ကူးလို့တောင် မရတဲ့ စွမ်းဆောင်ရည်ရမှတ်တွေကို မျက်စိရှေ့မှာတင် မြင်ခဲ့ရပေမယ့် အလေးမထားမိခဲ့ဘူး ... ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ"
မိန်းကလေးမှာ သူမ ယခုလေးတင်ကြားလိုက်ရသော စကား၏အဓိပ္ပာယ်ကို မသေချာသဖြင့် ပါးစပ်ကလေးဟသွားသည်။ "ဝမ်းကွဲအစ်ကိုကြီး ဘာပြောလိုက်တာလဲဟင်"
မန်ဟိုက ခေါင်းခါလိုက်ပြီး စာအုပ်ကို စိတ်ညစ်ညစ်နှင့် လက်ခံလိုက်သည်။ ထို့နောက် ချာခနဲ လှည့်၍ အဝေးသို့ တဟုန်ထိုးထွက်သွားဝောာ့သည်။ မိန်းကလေးမှာ သူ ထွက်သွားသည်ကို ကြည့်ပြီး သူ့အား ပို၍ပင် မလေးစားမိဘဲ မနေပေ။
"သူက တကယ်ကိုပဲ တိုက်ရိုက်သွေးဆက်ရဲ့ အကြီးဆုံးမြေးပီသပါပေတယ်။ ဝမ်းကွဲအစ်ကိုကြီးဖန်ဟိုက ဆေးဝါးတာအိုနဲ့ပတ်သက်ပြီး သိပ်ရူးသွပ်နေတာပဲ။ ဆေးအိမ်တော်ရဲ့ သတ္တမအဆင့်မှာ ဆေးပင်ခုနစ်သောင်းကျော် ဖန်တီးခဲ့ပေမယ့် စိတ်ပျက်နေသေးတယ်တဲ့။ သူ့ကြည့်ရတာ စံသတ်မှတ်ချက်တွေ မြင့်မားပုံပေါ်တယ်။ အဲဒီလိုလူမျိုးက တကယ့်ကို ရှားမှရှားတဲ့ လူမျိုး။ ဆေးလုံးအကြီးအကဲ ငါ့ကို သူ့ဆီ အဲဒီစာအုပ်သွားပေးခိုင်းတာ အံ့ဩစရာမရှိဘူး
"ဝမ်အာ" သူမက သူမကိုယ်သူမ အားတက်သရော ပြောသည်။ "နင် ဝမ်းကွဲအစ်ကိုကြီးလို ပြင်းပြင်းထန်ထန် ကြိုးစားရမယ်၊ လေ့လာရမယ်" သူမသည် မန်ဟို ထွက်ခွာသွားသည်ကို ကြည့်ရင်း လေးစားပြီးရင်း လေးစားနေတော့၏။
မန်ဟိုမှာတော့ သူ၏အမူအရာက အားနွဲ့သော မိန်းကလေးအတွက် တွန်းအားမည်မျှဖြစ်စေခဲ့သည်လဲ မသိပေ။ သူသည် ခေါင်းငိုက်စိုက်ကျလျက် ဘိုးဘေးစံအိမ်ထံသို့ ဆက်သွားနေ၏။
သူ ဘိုးဘေးစံအိမ်ထဲ ဝင်လိုက်လျှင်ချင်း စိတ်ပိုညစ်သွားတော့သည်။ သူ အလင်းတန်းတစ်တန်းအသွင်ပြောင်း၍ ရှေ့ဆက်သွားလိုက်သည့်အချိန်မှာပင် သူ့အရှေ့တွင် စကားတပြောပြော၊ ရယ်တမောမောဖြင့် လမ်းလျှောက်လာနေသော လူခုနစ်ယောက်၊ ရှစ်ယောက်ကို မြင်လိုက်ရ၏။
ထိုအဖွဲ့တွင် မန်ဟို အရှေ့ကောင်းကင်ဂိတ်သို့ ပထမဆုံး ရောက်လာခဲ့စဉ်တုန်းက သတိထားမိခဲ့သော မိန်းကလေးတစ်ဦးပါသည်။ သူမသည် ဖန်ဟုန်ဟု အမည်ရသော မိန်းကလေးတစ်ဦးဖြစ်ပြီး သဘာဝအတိုင်းလှသော အလှပဂေးလေးတစ်ဦးဖြစ်သည်။ လောလောဆယ်တွင် သူမကား ဖျော့တော့တော့ဂါဝန်ရှည်လေးကို ဝတ်ဆင်ထား၏။ သူမက ပါးစပ်ကလေးကို လက်ဖြင့် အုပ်၍ ရယ်ရင်း လျှောက်လာသည်။ သူမနှင့်အတူ လျှောက်လာသူများအထဲတွင် သုံးယောက်သည် အတုအယောင်အင်မော်တယ်များနှင့် ညီမျှသော တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထား၏။ စိတ်ဝိညာဉ်နယ်ပယ်အဆင့်ဖြစ်သော အခြားသူများလည်း ရှိသည်။
သူတို့အားလုံးက ဝတ်ပြုကျောင်းထဲမှာတုန်းက ဖန်ဝေ၏နောက်လိုက်များအဖြစ် မန်ဟို မြင်ခဲ့ရသူများပင်။
သူတို့၏အနောက်တွင် မီးခိုးရောင်နှင့်အနက်ရောင်တို့ရောနှောနေသော ဆံပင်များဖြင့် အဘိုးကြီးတစ်ဦးက စိတ်မပါ့မပါနှင့် လိုက်လာသည်။ သူက အစေခံတစ်ဦးသဖွယ် လက်တစ်ဖက်စီကို အခြားလက်တစ်ဖက်၏ အင်္ကျီလက်စထဲ ထည့်ယှက်၍ အတန်ငယ် ခါးကိုင်းလျက် ထိုအဖွဲ့၏ နောက်မှ လိုက်လာနေ၏။
သူသည် ဖန်မျိုးနွယ်ဝင်တစ်ယောက်မဟုတ်၍ မျိုးရိုးမတူသော်လည်း အငယ်ပိုင်းမျိုးဆက်များအတွက် တာအိုစောင့်ရှောက်သူအဖြစ် ပြုမူပေးရန်အတွက် အလဲအလှယ်အနေဖြင့် ခိုလှုံခွင့်ရခဲ့သူဖြစ်လေသည်။
ဖန်ဟုန်၏ပတ်ပတ်လည်ရှိ လူငယ်လူရွယ်များက စကားတပြောပြောနှင့် ရယ်မောနေကြသည်။
"ဟုန်အာ၊ မင်း ဒီတစ်ခေါက် လေ့ကျင့်ဖို့ ထွက်သွားတုန်းက ဆရာကြီးရွှေယွင်ကို ဆရာတင်နိုင်တယ်ကြားတယ်။ စီနီယာရွှေယွင်က သင်းကွဲကျင့်ကြံသူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ့ကျင့်ကြံခြင်းအခြေခံက မယုံနိုင်လောက်အောင်ပဲ။ ဂုဏ်ယူပါတယ် ဟုန်အာရေ။ ဪ ဒါနဲ့ အခု ပြန်ရောက်လာပြီဆိုတော့ ထပ်ထွက်မသွားနဲ့ဦး။ အရှေ့တက်လှမ်းခြင်းနေ ရဲ့ နှစ်တစ်ရာပြည့်ရောက်ဖို့ သိပ်မကြာတော့ဘူး။ မင်းသားဝေက အရှေ့တက်လှမ်းခြင်းအိမ်တော်မှာ တာဝန်ယူရလိမ့်မယ်။ အခမ်းအနားကို တက်ရောက်ဖို့ တခြားဂိုဏ်းက ရွေးချယ်ခံတွေကကိုလည်း သူ ဖိတ်ထားပြီးပြီ။ အချိန်ကျလာရင် မင်း သူတို့အားလုံးနဲ့ ဆုံတွေ့နိုင်လိမ့်မယ်"
"ဟုတ်တယ် မင်းသမီးလေးဟုန်။ ဖန်မျိုးနွယ်စုရဲ့ ရွေးချယ်ခံတွေအကြားမှာ မင်းသမီးထက် ကျင့်ကြံအဆင့်မြင့်တဲ့သူ အနည်းအကျဉ်းပဲရှိတယ်။ အရှေ့တက်လှမ်းခြင်းအိမ်တော်မှာ မင်းသမီးက လျှမ်းလျှမ်းတောက် နေတစ်စင်းဖြစ်လာမှာ အသေအချာပဲ"
အကုန်လုံး၏အပြောကို တုံ့ပြန်သည့်အနေဖြင့် မိန်းကလေးက အတန်ငယ် ပြုံးရင်း ခေါင်းခါလိုက်သော်လည်း သူမ၏မျက်နှာထားက မာနအရိပ်အယောင်တချို့အား ဖော်ပြနေသည်။
"မင်းသားဝေနဲ့ မင်းသားဟန်မှာ ကျွန်မထက် မြင့်မားတဲ့ကျင့်ကြံခြင်းအခြေခံ ရှိကြတယ်လေ" သူမက ပြောသည်။ "ပြီးတော့ အစ်ကိုတော်တို့ မင်းသားတောက်နဲ့ မင်းသားဟိုင်၊ အစ်ကိုတို့ရဲ့ ကျင့်ကြံခြင်းအခြေခံအဆင့်နဲ့ဆိုရင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားသရွေ့ အင်မော်တယ်လမ်းပြနွယ်ကို အချိန်မရွေး သုံးနိုင်မှာပါ"
"မဖြစ်နိုင်ဘူး" သူမ၏အဖော်များထဲမှ တစ်ယောက်က ပြောသည်။ "မျိုးနွယ်စုမှာ အင်မော်တယ်လမ်းပြနွယ်တွေ ရှိပေမယ့် အင်မတန် ရှားဝာယ်။ ဒီမျိုးဆက်မှာဆို နည်းနည်းလေးပဲ ရနိုင်မှာ။ လက်ရှိမျိုးဆက်ရဲ့ ထိပ်ဆုံးသုံးယောက်ထဲမှာ မပါသရွေ့ တစ်ခုတည်းသောနည်းလမ်းက စွမ်းဆောင်ရည်ရမှတ်တန်နဲ့ချီ ပေးဖို့ပဲ။ တကယ့်ကို ခက်တယ်"
"ဒါပေမဲ့ ဟုန်အာအနေနဲ့ စိတ်ပူစရာမဟုတ်ပါဘူး။ ဆရာကြီးရွှေယွင်ရဲ့ အကူအညီနဲ့ဆိုရင် မင်းမှာ ငါတို့အားလုံးထက် အခွင့်အရေးပိုရှိပါတယ်" သက်ပြင်းချသံများအား ကြားရနိုင်သည်။ ဤအခိုက်အတန့်တွင် မန်ဟိုက အလင်းတန်းအသွင်ဖြင့် ခေါင်းအထက်၌ ပျံသန်းသွားသည်။ အောက်ရှိ လူများက မော့ကြည့်လိုက်ကြပြီး အတုအယောင်အင်မော်တယ်နှင့်ညီမျှသော ကျင့်ကြံခြင်းအခြေခံများဖြင့် လူငယ်သုံးဦးလုံး မျက်မှောင်ကြုတ်သွားကြ၏။
မိန်းကလေးဖန်ဟုန်ပင် မျက်မှောင်ကြုတ်နေသည်။
ဖန်မျိုးနွယ်ဘိုးဘေးစံအိမ်ထဲတွင် လူနှစ်ယောက်တည်းသာ ပျံသန်းပိုင်ခွင့်ရှိသည်။ တစ်ယောက်က ဖန်ဝေဖြစ်ပြီး နောက်တစ်ယောက်ကား .... မန်ဟိုမှတစ်ပါးအခြားမဟုတ်ပေ။
"ဆရာချန်၊ ကျွန်မ ခေါင်းပေါ်ကနေ လူတွေ ပျံသွားတာ မကြိုက်ဘူး" ဖန်ဟုန်က တည်ငြိမ်အေးဆေးစွာ ပြောသည်။ တုံ့ပြန်သည့်အနေဖြင့် သူတို့၏နောက်မှ လိုက်နေခဲ့သော အဘိုးကြီးက မော့ကြည့်လိုက်ပြီး စောစောက အေးဆေးတည်ငြိမ်နေခဲ့သော သူ၏မျက်လုံးများသည် တလက်လက် တောက်ပစပြုလာ၏။ သူက လေကို ခွင်းလျက် ပျံသန်းနေသော မန်ဟို့ကို မော့ကြည့်လိုက်သည်။
"ဒီကိုဆင်းလာခဲ့စမ်း" သူက ငေါက်ငမ်းလိုက်သည်။ သူသည် မတိုက်ခိုက်ဘဲ စကားပြောရုံသာ ပြောလိုက်ခြင်းဖြစ်၏။ သူ၏စကားလုံးများက သိပ်ဝေးဝေးလံလံသို့ ပဲ့တင်ထပ်မသွားပေ။ ၎င်းတို့က မန်ဟို့တစ်ယောက်တည်းကိုသာ ရည်ရွယ်ပြီး သူ့အမိန့်အတိုင်း စေစားခြယ်လှယ်နိုင်သော သဘာဝနိယာမများ ပါရှိနေသယောင်ပင်။ ၎င်းတို့သည် မန်ဟိုသာ ကြားလိုက်ရသည့် မိုးခြိမ်းသံကြီးသဖွယ် ခပ်အုပ်အုပ် ပေါက်ကွဲသွား၏။
ဂျိန်း
ဧရာမအားကြီးတစ်ရပ်က ပတ်ပတ်လည်တွင် ဖြစ်တည်လာ၍ မန်ဟိုမှာ လေလယ်တွင် တုံ့ခနဲ ရပ်လိုက်ရသည်။ သူ၏ပတ်ဝန်းကျင်ရှိ လေထုအား ကန့်သတ်ချုပ်ချယ်လိုက်သည့်အလား သူ့မှာ ရုတ်တရက် အောက်သို့ဆွဲချခံလိုက်ရလေသည်။ ဧရာမလက်ကြီးတစ်ဖက်က သူ့ကို ကောင်းကင်ထက်မှ တွန်းထုတ်ရိုက်ချလိုက်သကဲ့သို့ပင်။
သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့မှာ အင်မော်တယ်နယ်ပယ်၏အထွတ်အထိပ်၊ အဆင့် (၇) အင်မော်တယ်တစ်ဦး၏ မယုံကြည်နိုင်ဖွယ်ဖိအားကြီးကို ခံစားလိုက်ရသည်။
"ဟမ်" အဘိုးကြီးက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ မန်ဟို့ကို ချက်ချင်း မဖိနှိပ်နိုင်ကြောင်း မြင်သောအခါ သူက အေးစက်စက် နှာမှုတ်၍ ကျင့်ကြံခြင်းအခြေခံကို စွမ်းအားအပြည့်အဝဖြင့် ပေါက်ကွဲသွားစေသည်။ ပြင်းထန်သော ဖိအားလှိုင်းများ ရိုက်ခတ်လာ၍ မန်ဟိုမှာ သူ့ကိုယ်သူ လုံးဝမထိန်းချုပ်နိုင်တော့ဘဲ ကောင်းကင်မှ ပြုတ်ကျလာလေသည်။
သူ မြေကြီးအပေါ်သို့ ရောက်မှ ဖိအားမှာ လွင့်ပျယ်သွားသည်။ အဘိုးကြီးသည် ဘာမှမဖြစ်သွားခဲ့သည့်အလား တည်ငြိမ်အေးဆေးစွာ ခေါင်းပြန်ငုံ့သွား၏။
ဖန်ဟုန်နှင့် သူမ၏နောက်လိုက်များက မန်ဟို့ကို လှမ်းကြည့်ကြလေသည်။
ချက်ချင်းပင် ဖန်ဟုန်၏နောက်လိုက်များထံမှ စကားသံများ ထွက်လာသည်။
"ဒီတော့ မင်းက ဆေးဝါးတာအိုဌာနမှာ အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့တဲ့ ဖန်ဟိုပေါ့"
"မှတ်ထား၊ မဟာအကြီးအကဲ မင်းကို ဘိုးဘေးစံအိမ်ထဲမှာ ပျံသန်းခွင့်ပေးထားပေးထား၊ မင်းမှာ အင်အားလုံလုံလောက်လောက် မရှိရင် လူတွေရဲ့ ခေါင်းပေါ်ကနေ ပျံမသွားစမ်းနဲ့
"ကဲ အခု သွားလို့ရပြီ"
ဤလူများသည် မန်ဟို့အကြောင်း များများစားစားမသိပေ။ သူ မျိုးနွယ်စုသို့ ပြန်လာပြီးနောက် ပထမဆုံးလုပ်ခဲ့သောအရာမှာလည်း ဆေးဝါးတာအိုဌာနတွင်သာ အချိန်အများစုကုန်ဆုံးနေခဲ့ခြင်း မဟုတ်ပါလော။
သူတို့သိသိသမျှမှာ သူ၏သွေးဆက်ဂိတ်အလင်းတန်းက မီတာ (၃၀၀၀၀) ရှိသည်သာဖြစ်၏။ ၎င်းက သူတို့အား အတန်ငယ် ရှိုးတိုးရှန့်တန့်ဖြစ်စေသည်။ ဆေးဝါးတာအိုနှင့်ပတ်သက်လျှင်တော့ သူတို့သည် ၎င်းအား ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်ဖို့ မထိုက်တန်သော အသေးအဖွဲတာအိုဟုသာ မြင်ကြ၏။
သူတို့သည် စကားပြောပြီးလျှင် မန်ဟို့ကို တွန်းတိုက်၍ စကားပြောပြော၊ ရယ်မောမောဖြင့် ဆက်သွားကြလေသည်။
မန်ဟိုမှာ စိတ်အခြေအနေ ဆိုးရွားနေခဲ့ပြီးဖြစ်သည်။ သူ့မှာ ယခုလေးတင် ကိုယ့်ကိစ္စကိုသာ အာရုံစိုက်ရင်း ပျံသန်းနေခဲ့သော်လည်း ရုတ်တရက် မြေပြင်ထက်သို့ ဆွဲချခံခဲ့ရသည်။ သူ၏စရိုက်အရ ယခုလိုအပြုအမူမျိုးကို အသာတကြည် လက်ခံပေးလိမ့်မည်လော။ သူ၏မျက်လုံးများက သွေးအေးလာပြီး အပြုံးတစ်ခုသည် သူ၏မျက်နှာအပေါ်တွင် တဖြေးဖြေး ဖြစ်ထွန်းလာ၏။
၎င်းက အပြုံးဖြစ်သော်လည်း အလွန်သွေးအေးသော အပြုံးဖြစ်သည်။
"ဒီတော့" သူက မထူးခြားသလို ပြောသည်။ "မင်းတို့တွေက ငါ့ကို မြင်တာတောင် မနှုတ်ဆက်ဘူးပေါ့လေ။ မင်းတို့အားလုံး မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေကို မေ့ထားကြတာလား"
လူရှစ်ယောက်က မျက်မှောင်ကြုတ်၍ တုံ့ခနဲ ရပ်ပြီး မန်ဟို့ကို ဖြေးညင်းစွာ လှည့်ကြည့်ကြသည်။
"ဆရာချန်" ဖန်ဟုန်က ပြောသည်။ "သူ့ကို ဘာလို့ ဒီနေရာကနေ ဆွဲထုတ်မသွားသေးတာလဲ"
ဆရာချန်က မူလအတိုင်း တည်ငြိမ်အေးဆေးစွာဖြင့် ခေါင်းညိတ်ပြီးနောက် မန်ဟို့ထံ လျှောက်လာသည်။ သူက ညာလက်ကို ဆန့်ထုတ်လိုက်ကာ မယုံကြည်နိုင်ဖွယ် အားတစ်ရပ်အား မန်ဟို့ထံ လိမ့်ထွက်သွားစေသည်။ သူ၏ရည်ရွယ်ချက်ကား မန်ဟို့အား လွင့်ထွက်သွားအောင် တွန်းထုတ်ဖို့ဖြစ်၏။
သူ ရှေ့တက်လာစဉ် အားလှိုင်းကြီးက သူ၏အရှေ့တွင် ထစ်ချုန်းထွက်သွားသည်။ မန်ဟိုသည် အင်္ကျီလက်စကို ခါလိုက်ရာ အလင်းတန်းတစ်တန်း ပျံထွက်လာပြီး မိကျောင်းအသွင်ပြောင်းသွား၏။ မိကျောင်းက အမြီးကို ရမ်းရင်း ကြောက်မက်ဖွယ်စွမ်းအင်အား ဖြာထွက်သွားစေသည်။
အဘိုးကြီး၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားစဉ် အမြီးက သူ့ကို ရိုက်ချပြီး အုန်းခနဲ မြည်ဟည်းသွားစေသည်။
"မင်းလို အပြင်လူအစေခံကများ၊ ရာရာစစ ငါ့ကို လက်ပါရဲတယ်ပေါ့" မန်ဟိုက အေးတိအေးစက် ပြောသည်။ ထို့နောက် ရှစ်ယောက်အဖွဲ့ထံသို့ လျှောက်သွား၏။
လူငယ်ရှစ်ယောက်မှာ အဘိုးကြီး မိကျောင်းနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရပြီးနောက် မန်ဟို သူတို့ထံ လျှောက်လာနေသည်ကို တွေ့သောအခါ မျက်နှာပျက်သွားကြသည်။
"ပြီးတော့ မင်းတို့ကောင်တွေ။ ငါ့ကို မြင်တာတောင် နှုတ်မဆက်တာ မယုံနိုင်ဘူး" သူသည် စွမ်းအင်များအား ထုတ်ဖော်၍ မျက်လုံးများ သွေးအေးစွာ တောက်ပနေလျက် သူတို့ထံ လျှောက်လာ၏။
အတုအယောင်အင်မော်တယ်နှင့် ညီမျှသော ကျင့်ကြံခြင်းအခြေခံများပိုင်ရှင် လူငယ်သုံးယောက်က ချက်ချင်း ရှေ့တက်လာသည်။
"မင်းကို ငါတို့က နှုတ်ဆက်ရအောင် မင်းကိုယ်မင်း ဘာထင်နေလဲ" တစ်ယောက်က ပြော၏။
"ငါ့ကို မင်းတို့က နှုတ်ဆက်ရအောင် ငါ့ကိုယ်ငါ ဘာထင်နေလဲတဲ့လား။ ငါက တိုက်ရိုက်သွေးဆက်ရဲ့ အကြီးဆုံးမြေး။ မင်းတို့ ဘယ်သွေးဆက်ကပဲလာလာ၊ လက်ရှိမျိုးဆက်အားလုံး ငါ့ကို ဝမ်းကွဲအစ်ကိုလို့ ခေါ်ရတယ်" သူ၏ အသံဟိန်းထွက်သွားစဉ်မှာပင် မန်ဟိုက ညာလက်ဖြင့် ရိုက်ထုတ်လိုက်သည်။
လူငယ်သုံးယောက်က နှာမှုတ်၍ ပြန်လည်တိုက်ခိုက်တော့မည့်အချိန် ရုတ်တရက် မျက်နှာပျက်သွားကြသည်။ သူတို့မှာ ဘာဆိုဘာမှမလုပ်နိုင်လိုက်ပေ။ မန်ဟို၏ အံ့မခန်းလိလိအားလှိုင်းကြီးက သူတို့၏နတ်ဘုရားစွမ်းရည်အားလုံး၊ မှော်သိုင်းကွက်အားလုံးကို တစ်စမကျန် ဖျက်စီးပစ်လိုက်လေပြီ။
မန်ဟို့လက်က သူတို့သုံးယောက်၏ မျက်နှာများကို ဖြန်းခနဲ ဖြန်းခနဲ ဆက်တိုက်ချသွားသည်။ သူတို့မှာ ပါးစပ်မှ သွေးများပန်းထွက်လျက် ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားကြလေသည်။
ထိုအခိုက်အတန့်တွင် မန်ဟိုက ရှေ့တက်လာပြီး သူ၏ခြေထောက်သည် လူငယ်သုံးယောက်အား လေပွေကဲ့သို့ ဝိုက်ကန်ချလိုက်ပြန်သည်။ တဖြောင်းဖြောင်းမြည်သံများနှင့်အတူ သွေးပျက်မတတ် အော်သံများ ကြားလိုက်ရကာ သူတို့အားလုံး လွင့်ထွက်ပြီး မြေပြင်နှင့် မိတ်ဆက်သွားကြ၏။
သူတို့၏အရိုးတစ်ဝက်ကျော် ကျိုးကြေသွားသဖြင့် အက်ကွဲသံများ ကြားလိုက်ရသည်။
"မင်းကိုယ်မင်း ဘာလုပ်နေတယ်ထင်လဲ" တစ်ယောက်က မျက်စိမျက်နှာပျက်လျက် ပြောသည်။ "ငါတို့ အခု မျိုးနွယ်စုထဲမှာနော် မင်း ..."
"ဆိုဝောာ့ ဖန်မျိုးနွယ်စုထဲမှာဆိုတာ မင်းတို့ သိသေးတာပဲ" မန်ဟိုက အေးတိအေးစက် ပြောသည်။ "ငါလည်း ဖန်မျိုးရိုးဆိုတာ မင်းတို့ မေ့သွားတာတော့ မဟုတ်ပါဘူးနော်" သူသည် ရှေ့တက်လာပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်ကာ ဖန်ဟုန်၏ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အခြွေအရံများ၏ ခန္ဓာကိုယ်များထဲရှိ အရိုးများစွာအား ချိုးပစ်လိုက်သဖြင့် သူတို့အား သွေးအန်လိုက်ရစေသည်။ မချိတင်ကဲအော်သံများ ဆူညံသွား၏။
"မင်းတို့က ငါ့ကို မြင်ပြီး နှုတ်မဆက်ကြဘူးတဲ့လား။ ငါက အကြီးဆုံးမြေးဆိုတော့ ငါလုပ်နိုင်တာ မင်းတို့ကို မျိုးနွယ်စုရဲ့စည်းမျဉ်းတွေအကြောင်း သင်ပြပေးရသေးတာပဲ ရှိတယ်ထင်တယ်။ ပြီးတော့ မင်း..." သူက ဖန်ဟုန်အား မျက်နှာချင်းဆိုင်ရန် လှည့်လိုက်သည်။ သူ ရှေ့တက်လိုက်သည်နှင့်တစ်ပြိုက်နက် အဝေးမှ အသံတစ်သံအား ကြားလိုက်ရ၏။
"ထိရဲ ထိကြည့်စမ်း"
ဖန်ဟုန်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူမက ညာလက်ကို သွက်လက်စွာ ဝှေ့ယမ်း၍ အပေါ်တွင် 'ဖန်' ဆိုသော စာလုံးအား မြင်ရနိုင်သော ပုံရိပ်ယောင်ဒယ်အိုးကြီးတစ်လုံးအား ဖော်ဆောင်လိုက်သည်။ ၎င်းက ချက်ချင်း မန်ဟို့ကို ဖိချလိုက်၏။
***