အခန်း(၄၅၇)
Vol. 33 Ch. 457
အခန်း (၄၅၇)
ဝမ်ဝေ့က သူ့အိမ်ငယ်လေးအတွင်း မျက်လုံးမှိတ်ကာ တရားထိုင်နေသည်။ သူ့အနောက်ဘက်တွင် သူ့မျက်နှာနှင့် ရွှေရောင်ဗုဒ္ဓက အမြန်အဆန် ဖွဲ့စည်းပုံပေါ်လာသည်။
ထိုဗုဒ္ဓ ပုံပေါ်လာသည်နှင့် ဝမ်ဝေ့က မျက်လုံးဖွင့်ကာ အသက်ရှူထုတ်လိုက်သည်။
စိတ်ဝင်စားစရာပဲ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်… ဒီသုံးခုလုံးက ငါ့အတွက် အနာဂတ်မှာ အရေးပါလာလိမ့်မယ်လို့ ခံစားမိနေတယ်။
သို့သော် ယခုကား တခြားကျမ်းနှစ်ခုကို တွေးနေဖို့ အချိန်မဟုတ်ပေ။ ဝမ်ဝေ့က တုံ့ဆိုင်းခြင်းမရှိ သူ့ကံကြမ္မာဆက်နွယ်မှုဖြင့် အနာဂတ် ဗုဒ္ဓခန္ဓာကိုယ်ကို အသက်သွင်းလိုက်သည်။
ထို့နောက် သူက သေဆုံးသည့် အခိုက်အတန့်ကို မြင်လိုက်ရသည်။ အတိအကျဆိုရလျှင် သူက သတင်းအချက်အလက် တချို့မြင်လိုက်ရ၏။
သူက သူ နားမလည်နိုင်သည့် ထူးထူးဆန်းဆန်း နေရာတစ်ခုသို့ ရောက်ရှိနေကာ အရာအားလုံးကို တမင်ဝေဝါးထားဟန်ပေါ်သည်။ သူက ဓားမော့တစ်ချောင်းနှင့် တိုက်ပွဲတိုက်ခိုက်နေဟန်ပေါ်၏။
သို့သော်လည်း သူက ထိုသူ၏ မျက်နှာကို မမြင်ရသလို သူ့ခန္ဓာကိုယ်နှင့် အရပ် အနေအထားကိုလည်း မမြင်ရပေ။ သူက လုံးဝဗလာကျင်းနေလေ၏။ ဝမ်ဝေ့ သတိထားမိသည်က ထိုသူသည် သူ့ဝိညာဉ်အပါအဝင် အစိတ်စိတ်အမြွာမြွာ ပိုင်းဖြတ်ခဲ့လေသည်။
ဝမ်ဝေ့က မျက်လုံးဖွင့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ငါ သိထားတာက ဒီအနာဂတ်ပုံစံက အနာဂတ်မှာ တစ်ယောက်ယောက်က ငါ့ကို သတ်တယ်။ အဲဒီလူက ဓားမော့ကို အဓိကလက်နက်အနေနဲ့ အသုံးပြုထားပြီးတော့ ကြည့်ရတာ ငါက တိုက်ပွဲအတွင်းမှာ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ပဲ ရှိသေးတဲ့ပုံပဲ…
ဝမ်ဝေ့က နက်နက်နဲနဲ စဉ်းစားလိုက်သည်။ ရွယ်တူအတွင်း သူတို့၏ အဓိကလက်နက်အဖြစ် ဓားမော့ကို အသုံးပြုသည့်သူကို မသိပေ။ ထို့ကြောင့် သူနှင့် နီးကပ်သည့်သူ တစ်ယောက်ယောက်က ဓားမော့တာအိုကို တိတ်တဆိတ် ကျင့်ကြံနေခြင်း သို့မဟုတ် ထိုလက်နက်ကို ပြောင်းလဲလိုက်ခြင်းသာ မဟုတ်သရွေ့ သူ့လူသတ်သမားကို သိနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ထိုအရာက စစ်ဆေးမှုအကြောင်း လက်ရှိသိထားသည်နှင့် သွေဖယ်နေလေ၏။
ကျင့်ကြံတဲ့ ခရီးစဉ်အတွင်း ငါ ရင်းနှီးတဲ့သူ မဟုတ်ဘူးဆိုရင် ငါနဲ့ ကံကြမ္မာဆိုးရှိတဲ့သူပဲ ဖြစ်ရမယ်။
ဝမ်ဝေ့က ခေါင်းခါလိုက်သည်။ အကယ်၍ ထိုသို့သာ ဖြစ်နေလျှင် သူ့အနေနှင့် လူသတ်သမားကို ဆုံးဖြတ်ဖို့ မလွယ်လှပေ။ သူက လူများစွာကို တွေ့ဆုံပြီး ကံကြမ္မာဆိုး ရှိခဲ့ဖူးသည်။
လတ်တလောလေး အနောက်ပိုင်းကုန်းမြေ သောင်းကျန်းမှုက ရန်သူများစွာ ဖန်တီးစေခဲ့၏။
ဝမ်ဝေ့က ခေါင်းခါလိုက်ပြီးသည့်နောက်တွင် ကံကြမ္မာဆက်နွယ်မှုအား ဆက်လက်ကြည့်ရှုလိုက်ပြီး အသေးငယ်ဆုံး သတင်းအချက်အလက်အထိ ရှာဖွေဖို့ ကြိုးစားလိုက်သည်။
ခဏနေပါဦး … တစ်ခုခုတော့ လွဲနေပြီ…
ဝမ်ဝေ့က ထိုမြင်ကွင်းအား နှစ်ခါပြန် စစ်ဆေးကြည့်လိုက်သည်။
ဒီတစ်ခါ ငါ့သေဆုံးမှုက ငါးနှစ်တောင် လျော့သွားတာပဲ …
ယခု သူက အချိန်တာအိုအကြောင်း အနည်းငယ် သိနေပြီဖြစ်ကာ သူ ဓားမော့ လူသတ်သမားနှင့် တိုက်ပွဲအတွင်း အချိန်သည် ငါးနှစ်တာ လျော့ကျသွားကြောင်း တွေ့ရှိလိုက်ရသည်။ ဆိုလိုသည်မှာ သူသည် လွန်ခဲ့သည့်စက္ကန့်ပိုင်းကထက် သုံးနှစ်တာ စော၍ သေဆုံးသွားသည်။
သူက ထိုမြင်ကွင်းအား အဆုံးသတ်လိုက်သည်။ ကြည့်ရသည်မှာ သူ ပျက်စီးခြင်းအချိန်က ယခင်ထက် တစ်နှစ်တာ စောလာခဲ့သည်။ ထို့ကြောင့် ကုန်ဆုံးသွားသည့်စက္ကန့်တိုင်း သူက သေခြင်းတရားနှင့် နီးကပ်လာလေ၏။
ဝမ်ဝေ့က ထိုမူမမှန်သည့် အကြောင်းအရင်းအား ချက်ချင်းရှာဖွေလိုက်သည်။ သူက ကံကြမ္မာ၊ ကံ၊ အချိန်နှင့် တခြားသော လျှို့ဝှက်နည်းစနစ်များ၏ စွမ်းအားကို ထုတ်သုံးလိုက်သည်။
ကျစ်… တိထျန်း…
သူက သူ့ဘာသာသူ တွေးလိုက်မိပြီး ကျိန်ဆဲလုနီးပါးဖြစ်ကာ သူ့ကျမ်းသစ္စာကို ချိုးဖောက်လုနီးပါး ဖြစ်သွားခဲ့သည်။
သူက အကြောင်းအရင်းကို ရှာတွေ့သွားသည်။ ဤသည်က တိထျန်း သူ့အပေါ် ထားခဲ့သည့် ကံအပြစ်ကြွေးများ ဖြစ်၏။ တားမြစ်ခံစစ်ဆေးမှုသည် ကောင်းကင်တာအိုက လူတစ်ယောက်၏ အပြုအမူနှင့် ဆက်နွယ်မှုများအား အသုံးပြုကာ အကွက်ကျကျ စီစဉ်သည့် စစ်ဆေးမှုတစ်ခု ဖြစ်ပေသည်။
တိထျန်းက ကံကြမ္မာ အပြစ်ကြွေးဖြင့် ဝမ်ဝေ့၏ စစ်ဆေးမှုအချိန်အား ရှေ့တိုးစေခဲ့ပြီး ပြင်ဆင်ချိန်နည်းအောင် လုပ်ဆောင်ခဲ့သည်။
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ထိုစစ်ဆေးမှုကို သက်ရောက်စေသည့်အရာအား ဖယ်ရှားဖို့ ပြင်လိုက်သည်။ ယခင် သူသာ ဖြစ်နေပါက မအောင်မြင်ခင် အပြင်းအထန် ရုန်းကန်ရလိမ့်မည်။
ယခုတွင် သူက ကံကြမ္မာနှင့် အချိန်အပေါ် နားလည်နိုင်စွမ်းဖြင့် ထိုအရာကို ဖယ်ရှားဖို့ နာရီပိုင်းမျှသာ ကြာမြင့်လိုက်သည်။ သို့သော် သူက ပြီးဆုံးပြီးသည့်နောက်တွင် ပင်ပန်းသွားပြီး အနိုင်ယူဖို့ လိုအပ်လာလေပြီ။
ထိုစဉ် အနောက်ပိုင်းကုန်းမြေရှိ တိထျန်းက ဝမ်ဝေ့ အောင်မြင်သွားကြောင်း ချက်ချင်းဆိုသလို ခံစားမိလိုက်သည်။ သူက မျက်လုံးဖွင့်ကာ တာအိုအခွင့်အလမ်းဂိုဏ်းဘက်သို့ လှမ်းကြည့်လိုက်ပြီး ရေရွတ်လိုက်သည် “ ဒီလောက်တောင် ကြာသွားတာလား”
သူ့မူလအစီအစဉ်က ဝမ်ဝေ့၏ ကံကောင်းမှုကို ပျက်သုဉ်းအောင် လုပ်ဖို့ဖြစ်၏။ ထိုအရာက ဝမ်ဝေ့သည် ကူးပြောင်းရေးအစီအရင် အသုံးပြုနေစဉ်အတွင်း လေဟာနယ် ကပ်ဘေး ကြုံတွေ့စေခဲ့သည်။ ထို့နောက် ကိစ္စများက အမျိုးမျိုးကွဲပြားသွားခဲ့သည်။
သူ့ကံကောင်းမှုက ဆိုးရွားနေသည့်အတွက် သူ သေဆုံးသွားနိုင်သည့် ကမ္ဘာ့အသိုင်းအဝိုင်း သို့မဟုတ် အန္တရာယ်များသည့်နေရာသို့ ကျရောက်သွားစေသည်။ ဤနည်းဖြင့် သူက သူ့ရန်သူကို သတ်ဖြတ်နိုင်သလို သူ့အဓိကရည်ရွယ်ချက်ကိုလည်း အောင်မြင်ပြီးသား ဖြစ်သွားလိမ့်မည်။
သူက ဝူဟုန်နှင့် ကွဲထွက်ပြီး အသက်ရှင်သန်နိုင်ခဲ့လျှင် ထိုမန္တန်က ဝမ်ဝေ့၏ စစ်ဆေးမှု၏ အကျိုးနှင့် အကြောင်းကို ဆက်တိုက် ပြောင်းလဲသွားစေပြီး အချိန်အား ရှေ့တိုးလာစေလိမ့်မည်။
တိထျန်း၏ တွက်ချက်ထားမှုအရ ဝူဟုန်သည် ထိုအရာကို သတိထားမိပြီး ထိုနည်းစနစ်ကို ခွဲခြားဖို့ လုပ်ဆောင်လိမ့်မည်။ သူ မသိထားသည်က ကံကောင်းမှုက သူ့ဘက်တွင် ရှိနေလေ၏။
ကောင်းကင်တာအိုက ဝင်စွက်ဖက်လာသည်။ ဝူဟုန်၏ မှတ်ဉာဏ်လစ်ဟာနေမှုဖြင့် သူမသည် အခြေအနေတစ်ခုလုံးကို မသိခဲ့ပေ။
တိထျန်းက နှောင့်နှေးသွားရသည့် အကြောင်းအရင်းကို စဉ်းစားကြည့်လိုက်သော်လည်း ကောက်ချက်ချစရာ သဘောတရား ဘာမှမစဉ်းစားမိပေ။
ကိစ္စတွေက အကောင်းဘက်က ဖြစ်လာတာဆိုတော့ ကိစ္စမရှိပါဘူး။ ငါက ဒီစစ်ဆေးမှုကို အထွတ်အထိပ်အဆင့်ကနေ လေဟာနယ်ဖြိုခွင်းခြင်းအဆင့်အထိ ရွှေ့လိုက်နိုင်တယ်။
သူက ဝမ်ဝေ့လိုမျိုး ထူးကဲသည့်သူနှင့် ပတ်သက်လာသည့်အခါ ကောင်းကင်တာအိုသည် စစ်ဆေးမှုကို အချိန်ယူရမှန်း သိထားကာ အောင်မြင်မှုနှုန်း သေချာဖို့ သတင်းအချက်အလက် စုဆောင်းထားလေသည်။ ဤသည်က သူ့အလှည့် ကျရောက်လာခြင်း ဖြစ်၏။ သို့သော်လည်း တိထျန်းက နောက်ထပ်အရေးပါသည့် အချက်တစ်ချက်ကို သိနေသေးသည်။
ကံကြမ္မာနှင့် ဟွင်သွမ်း အထွတ်အထိပ်တားမြစ်ခံများသည် တခြားသုံးခုနှင့် ယှဉ်လိုက်လျှင် အရေးသာချက်များ ရှိကြသည်။ သူတို့က သူတို့၏ သေဆုံးမှုကို ကြိုတင်ခန့်မှန်းနိုင်ကြပြီး စစ်ဆေးမှုအကြောင်းကို သိရှိသွားကြသည်။ ထို့ကြောင့် သူတို့က ကြိုတင်ပြင်ဆင်ထားနိုင်ကြ၏။
ထိုအရာက မမျှတသော်လည်း ကိစ္စများက ထိုသို့သာ ဖြစ်နေသည်။ ကောင်းကင်တာအိုသည် ထိုအချက်ကို မှတ်ယူထားသော်လည်း တိထျန်းကမူ ထိုအခွင့်အရေးကို မပေးလိုပေ။ ထို့ကြောင့် သူက စစ်ဆေးမှုအား ရှေ့တိုးခဲ့ပြီး သူတို့၏ တိုက်ပွဲမှ ဝမ်ဝေ့အကြောင်း သတင်းအချက်အလက်များကို စုစည်းကာ ကောင်းကင်တာအိုဆီ လွှဲပေးခဲ့သည်။
သူက ငါ့မန္တန်ကို သိသွားပြီဆိုတော့ စစ်ဆေးမှုအကြောင်းကိုလည်း သိသွားလောက်ပြီ။ အဆုံးသတ်တော့ ငါ့စိုးရိမ်မှုတွေက အချည်းနှီးမဖြစ်ခဲ့ဘူးပဲ။
ထို့နောက် သူက မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံလိုက်သည်။ သူက သူ့အပိုင်းပြီးဆုံးသွားပြီ ဖြစ်၏။ ကျန်သည့်အရာက ကောင်းကင်တာအိုသာ ဖြစ်ပေသည်။ သူ့ကိုယ်ပွားက သူသည် ပြန်လည်ဝင်စားခြင်း ၉ ဘဝ ကန့်သတ်ချက်ကို ချိုးဖောက်နိုင်မည့်နည်းလမ်းကို တွေ့လာကြောင်း သတင်းပါးလာသည်။ ထို့ကြောင့် သူက သတင်းစကားကို စောင့်ဆိုင်းနေလေ၏။
………………………
ဝမ်ဝေ့က ဆေးလုံးများစွာဖြင့် ပြန်လည်ကောင်းမွန်အောင် အားဖြည့်ပြီးသည့်နောက်တွင် သူ့အနာဂတ်ကို ထပ်မံကြည့်ရှုလိုက်သည်။ သူက အချိန်မည်မျှဆုံးရှုံးသွားသည်ကို တွေးမိကာ ဒေါသထွက်လာမိသည်။ သူက ဒေါသထွက်နေ၍ အကျိုးမရှိမှန်း သိသဖြင့် သက်ပြင်းသာချလိုက်သည်။ ဤသည်က ပလ္လင်တိုက်ပွဲ ဖြစ်၏။ ကောင်းကင်ရွေးချယ်ခံများက တစ်ယောက်နှင့်တစ်ယောက် အကွက်ချကာ သတ်ဖြတ်နိုင်လေသည်။
အကယ်၍ သူ့တွင် အခွင့်အရေးရှိပါက သူသည်လည်း တိထျန်းအပေါ် တူညီသည့် အရာလုပ်ဆောင်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ ထို့ကြောင့် သူက လက်ရှိအခြေအနေအပေါ် အာရုံစိုက်ထားလိုက်ပြီး ကံကြမ္မာကို ထပ်မံဖတ်ရှုလိုက်သည်။ သူက သတင်းအချက်အလက် စုစည်းသည့်အပေါ် အာရုံစိုက်မထားဘဲ ယခုအခါ ရလဒ်ပြောင်းလဲမှုအပေါ် အာရုံစိုက်လိုက်၏။
ဝမ်ဝေ့က အနာဂတ် ဗုဒ္ဓခန္ဓာကိုယ်စွမ်းအားကို အသုံးပြုကာ ရလဒ်အမျိုးမျိုးကို တွက်ချက်ပြီး သူ့ကံကြမ္မာကို ပြောင်းလဲဖို့ လုပ်ဆောင်လိုက်သည်။ ရွှေရောင်ဗုဒ္ဓက သူ့အထက်တွင် လွင့်မျောနေပြီး အချိန်မြစ်ကြောင်းက ဘေးပတ်လည်တွင် ပုံရိပ်ယောင်အဖြစ်နှင့် ဝန်းရံထားသည်။
အမည်မသိ အချိန်တချို့ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်လုံးပွင့်လာ၏။ သူ့မျက်ဝန်းထဲ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်ကို မြင်တွေ့နေရသည်။ သူက သေခြင်းတရားကို ဆက်တိုက်ကြုံတွေ့ခဲ့ရသည်မှာ အသားကျနေလေပြီ။
အနာဂတ် နှစ်ရာကျော်ကြားထဲ တူညီသည့်ရလဒ်သာ ထွက်ပေါ်လာလေသည်။ လှုံ့ဆော်မှုတစ်ခုက အချိန်များစွာ လိုအပ်သည့်အတွက် ကိစ္စများက ဝေဝါးနေ၏။
ငါ သန်းချီမဟုတ်ရင်တောင် တစ်ထောင်လောက်ကတော့ လုပ်ဖို့လိုတယ်…
ထို့နောက် ဝမ်ဝေ့က အနာဂတ်ဗုဒ္ဓကိုယ်ကို သူ့အသိစိတ်ပင်လယ်ထဲထားကာ စိတ်အာရုံရုပ်လွှာကို အသက်သွင်းလိုက်သည်။ ထိုအရာက အနည်းငယ် ကွဲပြားသွားပြီး သူကိုယ်တိုင် ပလ္လင်ပေါ်ထိုင်နေသည့် ပုံရိပ်ယောင်တစ်ခု ဖြစ်၏။
ယခင်က သူ့လက်တွင် အသင်္ချေကမ္ဘာနှင့် မျိုးနွယ်များနှင့် ဆက်နွယ်ထားသည့် ကြိုးများစွာ ရှိနေလေသည်။ ယခုတွင် ကံကြမ္မာမြစ်ကြောင်းက သူ့အောက်တွင် ရှိနေပြီး ကမ္ဘာများစွာ၊ မျိုးနွယ်များစွာနှင့် ဆက်နွယ်နေသည်။
ငါ အနာဂတ်ဗုဒ္ဓကိုယ်ကို ကံကြမ္မာစွမ်းအားနဲ့ ပေါင်းစပ်လိုက်ဖို့ နည်းလမ်းရှာလိုက်သင့်တာ။ မဟုတ်သေးဘူး။ အဲဒါက အဲဒီနှစ်ခုကို ပေါင်းစပ်ဖို့ အချိန်ယူရလိမ့်မယ်။ အဲဒါဆိုတော့ ငါ အနာဂတ်ဗုဒ္ဓကိုယ်ကို အများကြီးရှိအောင်လုပ်ဖို့ နည်းလမ်းလိုတယ်။ ငါ စိတ်ဝိညာဉ်အမှုန်တွေကို အသုံးပြုနိုင်တာပဲ။ ဒါပေမဲ့ တခြားတစ်ခုလည်း လိုအပ်နေသေးတယ်။
ဝမ်ဝေ့က စဉ်းစားနေရင်း အတွေးများစွာ ပေါ်ထွက်လာလေသည်။ သူက အခြေခံကျသည့် အစီအစဉ်အား ဖန်တီးပြီးသည့်နောက် ရပ်တန့်လိုက်၏။
ကြည့်ရတာ အခု ပြန်ထွက်သွားရတော့မဲ့အချိန်ပဲ။
သူက ချက်ချင်းထွက်မသွားသေးဘဲ လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ ကံကြမ္မာမြစ်ကြောင်းမှ ခဲဖြူရောင်ကြိုးမျှင် အခွေလိုက်ပေါ်လာသည်။ ထိုအရာက သူ့ တာအိုသက်သေပြပစ္စည်း ဖြစ်၏။ ဝူဟုန် ပေးထားသည့် ကံကြမ္မာကျောက်တုံးအပြင် ကံကြမ္မာမြစ်ကြောင်းမှ အားဖြည့်မှုကြောင့် ဝမ်ဝေ့က လက်နက်ကို ပြန်လည် မွမ်းမံပြီးသွားလေပြီ။
ကြည့်ရတာ အရင်ကထက် ပိုအားကောင်းလာတဲ့ပုံပဲ။ အတိအကျပြောရရင် ငါနဲ့ ပိုပြီး သင့်တော်သွားတယ်။
ကံကြမ္မာသက်ဆိုင်သည့်ပစ္စည်းများက ရှားပါးလာလေရာ ဝမ်ဝေ့က လူများ၏ ကံကြမ္မာကြိုးမျှင်ကို အသုံးပြုပြီး တာအိုသက်သေပြပစ္စည်းကို ဖန်တီးခဲ့သည်။ သို့သော်လည်း ဤကံကြမ္မာကျောက်တုံးဖြင့် သူက လက်နက်ကို အထွတ်အထိပ် နယ်ပယ်အဆင့်ထိရောက်အောင် တိုးမြှင့်နိုင်လေပြီ။
သူက လက်နက်ကို ကြည့်ကာ ဝူဟုန်အကြောင်း မတွေးမိဘဲ မနေနိုင်တော့ပေ။ သူမက အဆင်ပြေမည်မှန်း သိထားသော်လည်း သူ့အနေနှင့် မစိုးရိမ်ဘဲ မနေနိုင်ပေ။ ထို့နောက် သူက လျှို့ဝှက်နယ်မြေမှ ထွက်လာလိုက်၏။
သူက အသင်္ချေအင်ပါယာကမ္ဘာသို့ ပြန်ရောက်လာသည်နှင့် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို တွက်ချက်ကြည့်လိုက်သည်။
ငါ အစီအရင်ထဲမှာ နှစ်ပေါင်း ၂၁၀၀ ကုန်ဆုံးခဲ့တယ်ဆိုပေမဲ့ ပြင်ပလောကမှာ နှစ်၅၂၀ပဲ ရှိသေးတယ်။ အဲဒါဆိုတော့ လေးဆလောက် ကွာတာပဲ…
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူ့မိသားစုနှင့် တွေ့ဆုံဖို့ ထွက်သွားလိုက်သည်။