ခြွင်းချက်
Vol. 66 Ch. 920
"အစစ်အမှန်အင်မော်တယ်စွမ်းအားဆယ်ရာခိုင်နှုန်းတဲ့လား။ အသေးအဖွဲပဲ" မန်ဟိုက သူ့အနောက်ရှိ လူကို လျစ်လျူရှူရင်း အေးစက်စွာ ပြုံး၍ လက်သီးဆုပ်လိုက်သည်။ သူ၏လက်သီးက ဒယ်အိုးကို အစိတ်စိတ်အမြွှာမြွှာ ခွဲ၍ ဖန်ဟုန်ဆီ ဆက်လက် ဦးတည်သွားလေသည်။
ဘုန်း ....။ ဖန်ဟုန်၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ မန်ဟို၏လက်သီးချက်မှာ အလွန်ပြင်းထန်လွန်း၍ သူမသည် ချီစီးဆင်းမှုလမ်းကြောင်းများပင် ပျက်စီးပြတ်တောက်လျက် လွင့်ထွက်သွား၏။ သူမက မိန်းကလေးပင်ဖြစ်လင့်ကစား မန်ဟိုကတော့ သွေးအေးဆဲသွေးအေးမြဲသာ ဖြစ်သည်။
သူမကို ထိုးပြီးနောက် သူသည် အဝေးမှ သူ့ထံသို့ တဟုန်ထိုးလာနေသော အဖွဲ့ကို အေးအေးဆေးဆေး မျက်နှာချင်းဆိုင်လိုက်၏။
"မန်ဟို င့လိုးမသား ရာရာစစ" လူခြောက်ယောက်သည် လေကို ခွင်းလာနေ၏။ သူတို့အနက် သုံးယောက်က အင်မော်တယ်နယ်ပယ်ကျင့်ကြံခြင်းအခြေခံများဖြင့် ဆံဖြူအဘိုးကြီးများဖြစ်ကြသည်။ အလယ်ရှိ တစ်ယောက်မှ အခြားသူများထက် အစွမ်းထက်ပြီး အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်ဖြစ်ချေသည်။
ယင်းက စောစောက လှမ်းအော်လိုက်သူလည်း ဖြစ်၏။
အဘိုးကြီးသုံးယောက်၏ အနောက်တွင် မျက်နှာဖုံးနှင့် ကျင့်ကြံသူနှစ်ယောက်ရှိသည်။ တစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံမှာ ဖုံးကွယ်ခံထားရသည့်အတွက် မည်မျှ နက်ရှိုင်းသည်လဲ မမြင်ရပေ။ သို့သော် သူသည် ဖန်မျိုးနွယ်စုအတွင်း၌ သူ၏ တစ်ခုတည်းသော အလုပ်မှာ လူသတ်ရန်သာ ဖြစ်သည့်အလား အထူးသဖြင့် အလွန်အားကောင်းသော အသတ်အဖြတ် အရှိန်အဝါကို ထုတ်လွှတ်နေ၏။
အဖွဲ့ထဲရှိ နောက်ဆုံးတစ်ယောက်မှာတော့ ဖန်ယွင်ရီမှတစ်ပါး အခြားမဟုတ်ပေ။
သူက မန်ဟို့ကို လက်ဖယ်ရန် လှမ်းအော်ခဲ့သော တစ်ယောက်ဖြစ်၏။
စောစောက စကားပြောခဲ့သည့် အဘိုးကြီးမှာမူ စကားလုံးများ ပဲ့တင်ထပ်သွားသည့်အချိန်မှာပင် ဖန်ဟုန်၏ ဘေးတွင် ပေါ်လာခဲ့၏။ သူက ချက်ချင်း သူမကို ဆွဲထူပြီး ဆေးလုံးတစ်ချို့ပေးလိုက်သည်။
ဖန်ဟုန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူမမှာ တုန်ရီနေလေသည်။ သွေးများက သူမ၏ ပါးစပ်မှ စီးကျနေပြီး ဆေးလုံးများကို ခက်ခက်ခဲခဲ မြိုချလိုက်ရ၏။
"ဘိုးဘိုး" သူမက ခါးသီးစွာ ပြုံးရင်း ပြောသည်။ "သ... သမီးရဲ့ ချီစီးဆင်းမှုလမ်းကြောင်းတွေ..."
အဘိုးကြီးသည် ဖန်ဟုန်၏ ချီစီးဆင်းမှုလမ်းကြောင်းများ ပျက်စီးသွားသည်ကို သတိပြုမိပြီးဖြစ်၍ ချက်ချင်း ပြန်ပြောလိုက်သည်။ "စိတ်မပူနဲ့ ဘိုးဘိုး မြေးလေးကို ပြန်ကုပေးမယ်" ထို့နောက် သူက သတ်ဖြတ်လိုသော မျက်လုံးများဖြင့် မန်ဟို့ကို လှည့်ကြည့်သည်။
"အတင့်ရဲလိုက်တာ ။ ရာရာစစ မျိုးနွယ်စုထဲမှာ လူသတ်ရဲတယ်ပေါ့လေ။ မင်းကို မြေအောက်အကျဉ်းတိုက်ဆီ ပို့စရာမလိုဘူး။ ငါကိုယ်တိုင် မင်းကို အခုချက်ချင်း ဒီနေရာမှာ သုတ်သင်ပစ်မယ်" ထို့နောက် သူနှင့်အတူ လိုက်ပါလာခဲ့သော အဘိုးကြီးနှစ်ယောက်က မန်ဟို့ထံ ချဉ်းကပ်လာသည်။
"အဲ့ဒီမိကျောင်းရောပဲ သတ်ပစ်လိုက်" မျက်နှာဖုံးနှင့် ကျင့်ကြံသူနှစ်ယောက်က ချက်ချင်း မိကျောင်းဆီသို့ ဦးတည်သွားကြ၏။ ဆရာချန်မှာ စိုးရိမ်နေသောမျက်နှာထားဖြင့် ချက်ချင်း ဖန်ဟုန်၏အနားသို့ ရောက်ရှိလာသည်။
အေးစက်စက်အပြုံးတစ်ခု ဖန်ယွင်ရီ၏မျက်နှာတွင် ဖြစ်ထွန်းလာပြီး သူကား မန်ဟို သတိလက်လွတ်ဖြစ်သွားသည်ကို အမိဖမ်းနိုင်လိုက်သည့်အတွက် ပျော်ရွှင်မြူးထူးနေတော့သည်။ ဤတစ်ခေါက်တွင် မန်ဟိုကား သံသယမရှိ သတ်ခံရတော့မည်ဖြစ်ကြောင်း သူ သိလေသည်။
"ဘိုးဘိုးခြောက် ဟုတ်လား" မန်ဟိုက သူ့အနား ချဉ်းကပ်လာနေသော အဘိုးကြီးနှစ်ယောက်ကို လျစ်လျူရှုရင်း ရပ်နေသည်။ "ဘိုးဘိုးကို မေးပါရစေဦး။ ကျုပ် တစ်ယောက်ယောက်ကို သတ်လိုက်တာများ မြင်မိလို့လား" သူက သူ၏ သက်သေခံအမိန့်ပြားကို ထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။
"ကျုပ်က တိုက်ရိုက်သွေးဆက်ရဲ့ အကြီးဆုံးမြေး။ ကျုပ်အဖေက ဖန်ရှုံ့ဖုန်း ။ မဟာအကြီးအကဲက ကျုပ်ရဲ့ ဘိုးဘိုးသုံး။ ခင်ဗျားတို့ လူတွေ ကျုပ်ကို သတ်ရဲရင် မျိုးနွယ်စုရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာပဲ။ မျိုးနွယ်စုစည်းမျဉ်းတွေကို ချိုးဖောက်တဲ့ ဘယ်သူမဆို သေဒဏ်ပေးခံရမယ်" သူ၏ အသံပဲ့တင်ထွက်လာစဉ် သူ့ထံသို့ လျှောက်လာနေသော အဘိုးကြီးနှစ်ယောက်မှာ တွေဝေသွားသည့်အလား တုံ့ခနဲ ရပ်သွားကြသည်။
"ကျုပ်က အေးအေးဆေးဆေး ပျံသွားနေတာ" မန်ဟိုက တည်ငြိမ်စွာ ထပ်ပြောသည်။ "ဒါပေမယ့် အဲ့ဒီအချိန်မှာ ဒီမျိုးနွယ်ဝင်တွေက ဒီအပြင်လူအစေခံကို ကျုပ်ကို ဖိနှိပ်ခိုင်းလိုက်တယ်။ ကျုပ်ဘယ်သူမှန်းသိတာတောင် သူတို့တွေက ကျုပ်ကို လေးလေးစားစား မနှုတ်ဆက်ကြဘူးလေ။ မျိုးနွယ်စုစည်းမျဥ်းတွေရဲ့ မရင်းနှီးဘူးထင်လို့ ရင်းနှီးသွားအောင် ဆုံးမပေးလိုက်တာပါ။ ဘိုးဘိုးခြောက် မျက်လုံးများမှုန်နေသလား" သူက မျက်နှာထားခပ်မာမာဖြင့် ရပ်နေသည်။
"သူ့ကို သတ်လိုက်" ဖန်ဟုန်၏အဘိုးက အေးစက်စက်နှာမှုတ်၍ ဒုတိယအကြိမ် အော်လိုက်သည်။ သူ၏ စကားလုံးများကို ကြားသောအခါ အဘိုးကြီးနှစ်ယောက်က အံတင်းတင်းကြိတ်ပြီး မန်ဟို့ထံ ဆက်လျှောက်လာသည်။
မန်ဟို့မျက်နှာ ရိပ်ခနဲဖြစ်သွားပြီး သူက နောက်ဆုတ်လိုက်သည်။ အဘိုးကြီးနှစ်ယောက် သူ့အနားမကပ်နိုင်ခင် သူက သူ့ရင်ဘတ်သူ လက်ဝါးဖြင့် ရိုက်ပြီး သွေးတစ်လုပ်အန်ပြီးနောက် မချိတင်ကဲ အော်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် သိုလှောင်အိတ်ကို ပုတ်၍ နိဗ္ဗာနသစ်သီးနှစ်လုံး ပါရှိသော ကျောက်စိမ်းသေတ္တာအား ပျံထွက်လာစေ၏။
ထို့နောက် သူက အသံကုန် အော်လိုက်သည်။ "ခင်ဗျားတို့ ကျုပ်ရဲ့ နိဗ္ဗာနသစ်သီးတွေကို လုချင်တယ်ပေါ့လေ။ မဟာအကြီးအကဲ၊ ဘိုးဘိုးသုံး၊ တစ်ယောက်ယောက် ကျုပ်ရဲ့ နိဗ္ဗာနသစ်သီးတွေကို လာလုနေတယ်ဗျို့"
သူသည် ထုတ်နိုင်သမျှ ကျင့်ကြံခြင်းအခြေခံအလုံးစုံကို သုံးရင်း သူ၏ အသံအား အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားစေ၏။
မဟာအကြီးအကဲသည် မန်ဟို့ကို နိဗ္ဗာနသစ်သီးများအား ပေးခဲ့စဉ်တုန်းက မန်ဟို့ထံမှ ၎င်းတို့ကို လုယူရန် ကြိုးစားသော မည်သည့်မျိုးနွယ်ဝင်မဆို သုတ်သင်ကွပ်မျက်ခံရမည်ဟု ကျမ်းကျိန်ခဲ့လေသည်။ မျိုးနွယ်စုတစ်လျှောက်လုံး ပဲ့တင်ထပ်လာသော မန်ဟို၏အသံကို တော်တော်များများ ကြားလိုက်ရ၏။ မန်ဟို့ကို သတ်ဖို့လာနေသော အဘိုးကြီးနှစ်ယောက်မှာ တုံ့ခနဲရပ်ပြီး မျက်နှာများ ပျက်သွားကြသည်။
ဖန်ဟုန်၏အဘိုးပင်လျှင် မျက်နှာပျက်သွားပြီး အံတင်းတင်းကြိတ်လိုက်၏။
"သိပြီ" မန်ဟိုက နောက်လည်းဆုတ်၊ အသံကုန်အော်ရင်း ဆက်ပြောသည်။ "မင်းတို့လူတွေ ငါ့ကို ဘာလို့ ကောင်းကင်က ဆွဲချပြီး အဲ့ဒီအပြင်လူအစေခံကို ငါ့ဆီက နိဗ္ဗာနသစ်သီးတွေ ခိုးခိုင်းမလို့ လုပ်နေကြတာမလား
"င့လိုးမလူဆိုးလေးတွေ၊ ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ဘာလို့ ငါ့နိဗ္ဗာနသစ်သီးတွေကို လုဖို့ ကြိုးစားရဲတာလဲ
"မဟာအကြီးအကဲ ကယ်ပါဦး။ ဘိုးဘိုးသုံး မြန်မြန်ပေါ်မလာဘူးဆိုရင် ကျုပ် နိဗ္ဗာနသစ်သီးတွေ အလုခံရတော့မယ်။ ဘိုးဘိုးသုံး ၊ မဟာအကြီးအကဲရေ ကယ်ပါဦး"
သူ့အော်သံက အတုအယောင်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းအခြေခံများဖြင့် ဒေါသထွက်နေသော လူငယ်သုံးဦးကို သွေးထပ်အန်လိုက်ရစေသည်။
"မဟုတ်တာတွေ လျှောက်မပြောနဲ့" ဖန်ဟုန်က ပါးစပ်မှ သွေးများစီးကျနေရင်း အော်သည်။ သူမလည်း ပျာယာခတ်လာ၏။ "နင် ငါတို့ဆီ ပျံလာတာတွေ့လို့ နင့်ကို မြေကြီးပေါ် ဆွဲချချင်ရုံပဲ။ နင့်နိဗ္ဗာနသစ်သီးတွေ ငါတို့ ဘာမှ မလုပ်ဘူးလေ"
"လျှာနှစ်ခွနဲ့ ခွေးသားလေး" ဖန်ဟုန်၏ အဘိုးက ဟိန်းဟောက်လိုက်သည်။ "မင်းက ဖန်မျိုးနွယ်စုက မဟုတ်ဘူး။ သေစမ်း" သူ မန်ဟို့ထံ ချဉ်းကပ်လာစဉ် မဟာအကြီးအကဲအား မည်သည့်နေရာတွင်မှ မမြင်ရကြောင်း ထင်ရှားလာသည်။
မန်ဟို မျက်လုံးများ အေးစက်စွာ လက်သွားပြီး သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်၏။ မိုးကြိုးဒယ်အိုးပေါ်လာပြီး ဤအခိုက်အတန့်တွင် သူက ဖန်ယွင်ရီကို လှမ်းကြည့်လိုက်ရာ ဖန်ယွင်ရီမှာ ချက်ချင်း မျက်နှာပျက်သွားတော့သည်။
ဂျိန်း
သူတို့နှစ်ယောက် နေရာလဲသွားပြီး မန်ဟိုက အဘိုးကြီး၏လက်ဝါး ဖန်ယွင်ရီအပေါ် ကျရောက်သွားပြီး ဖန်ယွင်ရီ အသားကုန်အော်ဟစ်လိုက်ရမည်ကို စောင့်ကြည့်နေသည်။
သို့သော် အဘိုးကြီးက နောက်ဆုံးအခိုက်အတန့်တွင် လက်ဝါးကို ပြန်ရုတ်လိုက်ပြီးနောက် မန်ဟို့ကို လှည့်ကြည့်၏။ သူ မန်ဟို့ထံ ထပ်မံ၍ ဦးတည်လာတော့မည်အချိန် ရုတ်တရက် နေရာမျိုးစုံမှ အလင်းတန်းများမှ လေကိုခွင်းလျက် သူတို့ဆီရောက်လာသည်။
"ဦးကြီးခြောက်၊ ကျုပ်ရဲ့ ၀မ်းကွဲအစ်ကိုကြီးက ဟိုအာကို စောင့်ရှောက်ပေးဖို့ ကျုပ်လက်ထဲ အပ်ထားခဲ့တာ။ သူ့ကို ထိရဲထိကြည့်။ ခင်ဗျားတို့ သွေးဆက်တစ်ခုလုံးကို ကျုပ်သုတ်သင်ပစ်မယ်။ အဆိုးဆုံးတွေ ဖြစ်လာခဲ့ရင် ကျုပ်မိသားစုတစ်စုလုံးကို ခေါ်ပြီး ကျုပ်၀မ်းကွဲအစ်ကိုကြီးနဲ့အတူ တောင်ကောင်းကင်ဂြိုလ်မှာ သွားနေမယ်" စကားပြောလိုက်သူမှာတော့ မန်ဟို၏ အရှေ့တည့်တည့်တွင် ရပ်လိုက်သော မန်ဟို၏ ဦးလေးဆယ့်ကိုးမှတစ်ပါး အခြားမဟုတ်ပေ။ သူက ဖန်ဟုန်၏အဘိုးကို အေးတိအေးစက် လှမ်းကြည့်သည်။
အလင်းတန်းပေါင်းများစွာ ထိုးဆင်းလာကြ၏။ ထိုထဲမှ သက်လတ်ပိုင်းလူနှစ်ယောက်က မိကျောင်းသုတ်သင်မခံရအောင် မိကျောင်းကို တိုက်ခိုက်နေသော မျက်နှာဖုံးနှင့် ကျင့်ကြံသူများ၏ တိုက်ကွက်ကို နှောင့်ယှက်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်း အခြေအနေတစ်ရပ်လုံး ပြောင်းလဲခဲ့လေပြီ။ မန်ဟိုမှာ ကျင့်ကြံသူ တစ်ဒါဇင်ကျော်ဖြင့် ၀န်းရံခံလိုက်ရ၏။ သို့သော် ဦးလေးဆယ့်ကိုးမှ ဦးကြီးခြောက်ဟု ခေါ်လိုက်သောလူ၏အနားတွင်လည်း အသစ်ရောက်ရှိလာသူများရှိသည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြစဉ် မဟာအကြီးအကဲဖန်သုံ့တျန်း၏ ရှေးဆန်သောအသံကြီးက ရုတ်တရက် ဘိုးဘေးစံအိမ်တော်အတွင်းပိုင်းထဲမှ ပဲ့တင်ထပ်လာ၏။
"တော်သင့်ပြီ။ ဖန်ဟုန်၊ ဖန်တောက်၊ ဖန်ဟိုင်နဲ့ မင်းတို့အပေါင်းအပါတွေ။ မင်းတို့က အကြီးအပေါ် မလေးမစား လုပ်ခဲ့တယ်။ မင်းတို့ မီးရည်ကျိုကျင်းမှာ ဆယ်ရက်တိတိ အပြစ်ပေးခံရမယ်
"ဖန်ဟို၊ မျိုးနွယ်ဝင်တွေ မင်းကို မလေးမစားဆက်ဆံခဲ့ပေမယ့် အခုလို ရက်ရက်စက်စက် တိုက်ခိုက်စရာမလိုဘူး။ မင်းလည်း မီးရည်ကျိုကျင်းမှာ ဆယ်ရက် အပြစ်ခံရမယ်
"အခုချက်ချင်း အပြစ်ဒဏ်သွားခံကြ"
မဟာမကြီးအကဲ၏အသံ ပဲ့တင်ထပ်လာသည်နှင့် ဖန်ဟုန်နှင့် အခြားသူများ မျက်နှာပျက်သွားကြသည်။ မီးရည်ကျိုကျင်းမှာ ငရဲဟုလည်းခေါ်ပြီး ဆယ်ရက်သွားနေရန်မှာ သူတို့အား အရှင်လတ်လတ် အရေခွံဆုတ်နေသည်နှင့် တူပေလိမ့်မည်။
မန်ဟို၏ သွေးဆက်များနှင့် ဦးကြီးခြောက်၏ လူများမှာ စကားတစ်ခွန်းမှ မပြောရဲကြပေ။ ခေါင်းဆောင်ကြီးခြောက်၏ မျက်လုံးများ လင်းခနဲ လက်သွားပြီး သူက နှုတ်ဆိတ်၍သာ နေလိုက်၏။
သို့သော်လည်း မန်ဟိုက ချက်ချင်း ပါးစပ်ဟလိုက်သည်။
"ဘိုးဘိုးသုံး မဟာအကြီးအကဲ။ ကျုပ်ရဲ့ ဝိညာဉ်အဆီကလေ ပြီးခါနီးနေပြီ။ နိဗ္ဗာနသစ်သီးတွေကို စုပ်ယူဖို့ အဆင့်သင့်ဖြစ်နေပြီဆိုတော့ မီးရည်ကျိုကျင်းကို သွားဖို့အချိန်မရှိဘူး။ ဒီမှာ ဒီလိုလုပ်ပါလား။ ဘိုးဘိုးသုံး ခြွင်းချက်အနေနဲ့ ထားပေးမယ်ဆိုရင် ကျုပ် နောက်ကျမှ ပြစ်ဒဏ်သွားခံပါ့မယ်။ ဘယ်လိုလဲဟင်"
မန်ဟို၏ စကားလုံးများက အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားမှုနှင့် ဆုံတွေ့သွားသည်။ မည်သူမှ မဟာအကြီးအကဲ၏ အမိန့်များကို အာမခံ၀ံ့ပေ။ ဖန်ဟုန်နှင့် အခြားလူများက မျက်လုံးပြူးကြီးများဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ အမြင်တွင် မန်ဟိုက အလွန်မျက်နှာပြောင်တိုက်လွန်း၏။ ပတ်၀န်းကျင်ရှိ အကြီးအကဲများပင်လျှင် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြလေသည်။
ဖန်ယွင်ရီမှာတော့ ၀မ်းသာသွားပြီး စိတ်ထဲတွင် တဟားဟား အော်ရယ်နေ၏။ သူသည် မန်ဟို မဟာအကြီးအကဲအား ပြန်ပြောလိုက်သည့် စကားလုံးများနှင့်ပက်သက်ပြီး ကျေနပ်နေပြီး မန်ဟို ပို၍ပင် ဒုက္ခရောက်တော့မည်ကို မစောင့်နိုင်တော့ပေ။
"တိတ်တိတ်နေစမ်း"
ဦးလေးဆယ့်ကိုးက ဆိုသည်။ မန်ဟို၏ ပတ်၀န်းကျင်ရှိ အခြားမျိုးနွယ်၀င်များလည်း သူ၏ စကားလုံးများက ရိုင်းစိုင်းပြီး မဆင်ခြင်ရာကျသည်ဟု ခံစားကြရလေသည်။
"ဘာ" မဟာအကြီးအကဲက ပြန်ပြောသည်။ မန်ဟို စကားပြန်ပြောရဲမည်ဟု သူ့မှာ မထင်ထားခဲ့သဖြင့် သူ၏အသံ ပဲ့တင်ထပ်လာသောအခါ ၎င်းကား ပတ်၀န်းကျင်တစ်ခုလုံးအား အေးစိမ့်သွားစေပုံရသည်။ သို့သော်လည်း အသက်ရှိုက်အနည်းငယ်သာ ကြာသော် သူက စကားထပ်ပြောလိုက်ပြီး သူ ပြောလိုက်သော စကားလုံးများက လူတိုင်းကို ပင့်သက်ရှိုက်သွားစေ၏။
"သိပ်ကောင်းတယ်။ နိဗ္ဗာနသစ်သီးတွေကို စုပ်ယူတယ်ဆိုတာ သိပ်အရေးပါတဲ့ ကိစ္စပဲ။ ပြီးတာနဲ့ မီးရည်ကျိုကျင်းကို သွားချည်"
"ကျေးဇူးအများကြီးတင်ပါတယ် ဘိုးဘိုးသုံး" မန်ဟိုက အလွန်ကျေးဇူးတင်နေသော ပုံစံဖြင့် ပြောသည်။ ပတ်၀န်းကျင်ရှိ လူတိုင်းမှာ အံ့ဩပြီး ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြ၏။ သူတို့မှတ်မိရသလောက် မဟာအကြီးအကဲသည် အမြဲတမ်း ဘက်လိုက်ခြင်း မရှိခဲ့၍ မျိုးနွယ်စု၏ လေးစားမှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုတွင် သူက မန်ဟို့ကို အလေးပေးနေချေပြီ။
"သူက မဟာအကြီးအကဲကို ဘိုးဘိုးသုံးလို့ ခေါ်လိုက်တာနော်။ ငါ အခုမှ တွေးကြည့်တော့ မဟာအကြီးအကဲကလည်း တိုက်ရိုက်သွေးဆက်၀င်တစ်ယောက်ပဲ မဟုတ်ဘူးလား"
ရုတ်တရက်ဆိုသလို စောင့်ကြည့်သူများ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လာကြသည်။ ခေါင်းဆောင်ကြီးခြောက်၏ မျက်နှာအမူအရာမှာ ရိပ်ခနဲဖြစ်သွားပြီး သူက အံတင်းတင်းကြိတ်လိုက်၏။ နောက်ဆုံးတွင် သူသည် အေးစက်စက် နှာတစ်ချက်မှုတ်၍ တင်းမာခက်ထန်သော မျက်နှာထားဖြင့် အင်္ကျီလက်စကို ခါကာ ဖန်ဟုန့်ကို ခေါ်၍ ထွက်သွားတော့သည်။
ခေါ်သွားခံရစဉ် ဖန်ဟုန်က မန်ဟို့ကို ပြန်လှည့်ကြည့်ပြီး သူ မည်မျှကြောက်စရာကောင်းကြောင်း မတွေးမိဘဲ မနေပေ။
"မဟာအကြီးအကဲက သူ့ကို တကယ်အရေးပေးနေတာပဲ"
အတုအယောင်အင်မော်တယ်အဆင့်နှင့် ညီမျှသော ကျင့်ကြံခြင်းအခြေခံများဖြင့် လူငယ်များလည်း တုန်ရီသွားပြီး မန်ဟို့ကို လက်ယှက်၍ အရိုအသေပေးလိုက်ကြ၏။
"၀မ်းကွဲအစ်ကို"
မန်ဟိုက ဟမ့်ခနဲ တုံ့ပြန်ပြီး ခိုးကြောင်ခိုးဝှက် ထွက်သွားရန် ပြင်နေသော ဖန်ယွင်ရီကို လှမ်းကြည့်ကာ ပြုံးပြလိုက်သည်။ အပြုံးက အပြုံးတုပင်။
ဖန်ယွင်ရီမှာ ခေါင်းနပန်းကြီးသွားပြီး တောင်ကောင်းကင်ဂြိုလ်ပေါ်၌ ဖြစ်ပျက်ခဲ့သော ပုံရိပ်များက သူ့စိတ်ထဲ ဖြတ်ပြေးသွား၏။ သူက အံတင်းတင်းကြိတ်၍ ခေါင်းငုံ့လိုက်သည်။
"ဝမ်းကွဲအစ်ကို"
မန်ဟိုက ပြုံးပြီးနောက် လှည့်၍ ဦးလေးဆယ့်ကိုးနှင့် သွေးဆက်တူအခြားသူများကို လက်ယှက်၍ ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ သူ အလင်းတန်းအသွင်ဖြင့် အဝေးသို့ ထွက်သွားစဉ် သူတို့အားလုံးက သူ့ကို အားရကျေနပ်စွာ ကြည့်နေကြလေသည်။
"မဟာအကြီးအကဲ မန်ဟို့ကို ကြည့်ခဲ့တုန်းက မန်ဟို့ရဲ့ အဘိုးအကြောင်းကို တွေးမိလိမ့်မယ်။ သူတို့နှစ်ယောက် ညီအစ်ကိုတွေလေ။ ပြီးတော့ အရမ်းရင်းနှီးကြတာ"
"ဟုတ်တယ်။ အမှန်ပဲ။ မဟာအကြီးအကဲက အမြဲဘက်လိုက်မှု မရှိခဲ့ဘူး။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကလည်း ဘယ်သူ့ကိုမှ အရေးမပေးခဲ့ဘူး။ ဘယ်တော့မှလည်း ခြွင်းချက် မရှိခဲ့ဘူး"
"ဟိုအာက တကယ်ပဲ ဖန်မျိုးနွယ်စုရဲ့ လျှမ်းလျှမ်းတောက် နေတစ်စင်းပဲ။ မဟာအကြီးအကဲ သူ့ကို ခြွင်းချက်ထားပေးတာက အဲ့အချက်ကို သက်သေပြနေတယ်"
သူတို့ဆွေးနွေးနေကြသည့်အချိန်မှာပင် မန်ဟိုက အဝေးသို့ ၀င်ရောက်ပျောက်ကွယ်သွား၏။
နောက်ဆုံးတွင် သူသည် သူ၏ ကျင့်ကြံခြင်းဂူသို့ ရောက်ရှိသွား၏။
အထဲတွင် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ မျက်လုံးများက အေးစက်သွားပြီး တင်းမာခက်ထန်သော အမူအရာက သူ၏ မျက်နှာကို ဖုံးလွှမ်းသွားသည်။
"မဟာအကြီးအကဲ ဘိုးဘိုးသုံး။ ဘာလို့ ကျုပ်ကို ဒီလောက် သေစေချင်နေတာလဲ"
***