← Chapters

ရည်ရွယ်ချက်များ

Vol. 66 Ch. 921

ရည်ရွယ်ချက်များ

Vol. 66 Ch. 921

မန်ဟိုက နေအိမ်ထဲတွင် တင်ပျဉ်ခွေထိုင်ချကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် ဖန်မျိုးနွယ်စုသို့ ရောက်နေပါသော်လည်း ၎င်းနှင့်သက်ဆိုင်သည်ဟူ၍ မခံစားရပေ။

"ဒါ ငါ့အိမ်မဟုတ်ဘူး" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါ့အဖေနဲ့အမေလည်း ဒီမှာ မရှိဘူး။ သူတို့က တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာဆိုတော့ တောင်ကောင်းကင်ဂြိုဟ်က ငါ့အိမ်ပဲ"

လောလောဆယ်တွင် သူ့မှာ အားအင်တစ်စက်မှ မရှိတော့‌ပေ။ ဆေးအိမ်တော်တွင် နှစ်ဝက်မျှ ကုန်ဆုံးခဲ့ရသည့်အပြင် စောစောက အဖြစ်အပျက်ပြီးနောက် စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဖြစ်သည်။

အ

ထို့နောက် သူသည် ဆေးအိမ်တော်တွင် ရှိနေစဉ်တုန်းက ဆုံးရှုံးခဲ့ရသော စွမ်းဆောင်ရည်ရမှတ်အားလုံးကို တွေးလိုက်မိပြန်၏။ သူ့မှာ ဓားတစ်လက် သူ၏နှလုံးသားကို ထိုးမွှေနေသကဲ့သို့ ခံစားရလေသည်။

"ရင်နာလိုက်တာ..." သူက အံတင်းတင်းကြိတ်ရင်း တွေးသည်။ "တော်သေးတယ် အဆုံးထိမသွားခဲ့လို့။ နောက်တစ်ခေါက်ကျရင် သေချာပေါက် ကြိုတင်စီစဉ်ထားရမယ်။ စွမ်းဆောင်ရည်ရမှတ်မပေးဘဲ ငါ့ကို မကြည့်ရစေရဘူး" ဤသို့ ဆုံးဖြတ်ချက်ချပြီးသော် သူက သက်ပြင်းရှည်ကြီးချပြီးနောက် ပြန်လည်ကုစားရန် မျက်လုံးများ ပိတ်၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။

ဆယ်ရက်ကြာပြီးနောက် သူသည် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး ၎င်းတို့က ရွှန်းလဲစွာ တောက်ပနေတော့၏။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းသည်။ ပြီးခဲ့သည့်နှစ်ဝက်အတောအတွင်း သူ့မှာ စိတ်စွမ်းအင်များစွာ သုံးစွဲခဲ့ရလေသည်။ ယခု အကောင်းအတိုင်း ပြန်လည်သက်သာလာပြီဖြစ်၍ သူ၏မျက်လုံးများ တောက်ပလာသည်။ သူက မိန်းကလေးပေးသွားခဲ့သော စာအုပ်ကို သိုလှောင်အိတ်ထဲမှ ထုတ်လိုက်သည်။

"ဒီတော့ ဆေးလုံးအကြီးအကဲက ငါ့ကို ဒီဟာပေးခိုင်းတာတဲ့လား..." သူသည် တခဏတွေးပြီးသော် စာရွက်များကို စလှန်ကြည့်သည်။ သူ၏မျက်လုံးများမှာ လွန်စွာ တောက်ပလာတော့၏။ ဤသည်ကား အပင်နှင့်အသီးအရွက်ကျမ်းအစစ်ဖြစ်ပြီး မယုံနိုင်လောက်အောင် အသေးစိတ်၏။ ဆေးအိမ်တော်တွင် မမြင်ခဲ့ရသော ဆေးပင်များကိုပင် မှတ်သားထားလေသည်။

မန်ဟိုသည် အကြောင်းအရာများကို အပေါ်ယံဖတ်ကြည့်နေစဉ် ဆေးအိမ်တော်သို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း သူ၏နတ်ဘုရားအာရုံ တိုးတက်လာခဲ့ကြောင်း ရုတ်တရက် သတိထားမိလိုက်၏။ သူက ၎င်းအား ခြံဝင်းထဲသို့ ဖြန့်ကျက်လိုက်ရာ ဖန်ရွှီတစ်ယောက် ခြေမှိုင်လက်မှိုင်ကျလျက် ထိုင်နေသည်ကို မြင်လိုက်ရသည်။ ကြက်တူရွေးနှင့် အသားဂျယ်လီမှာ ခါတိုင်းကဲ့သို့ သူ၏ပခုံးထက်တွင် နားမနေပေ။ သူတို့ကား အရိပ်အယောင်ပင် မမြင်ရခြင်းဖြစ်သည်။

မန်ဟို တခဏ ပါးစပ်အဟောင်းသားဖြစ်သွားသည်။‌ ဆေးအိမ်တော်၏အပြင်ရှိ စောင့်ကြည့်နေကြသူငါးသိန်းအထဲ၌ ဖန်ရွှီကို မြင်ခဲ့ရကြောင်း မှတ်မိသော်လည်း ကြက်တူရွေးနှင့် အသားဂျယ်လီတို့နှစ်ကောင် ထိုနေရာတွင် ရှိခဲ့သည်လား မမှတ်မိပေ။ သူသည် အိမ်တံခါးကို ဖွင့်လိုက်ရာ တံခါးဖွင့်သံက ဖန်ရွှီအား မော့ကြည့်မိလိုက်စေသည်။ သူ၏မျက်လုံးများက ငေးကြောင်နေပြီး မန်ဟို့ကို မြင်လျှင် သူက သက်ပြင်းချ၍ ထရပ်လိုက်သည်။

သူက ခေါင်းငိုက်စိုက်ကျလျက် ခါးသီးစွာ ပြောသည်။ "အစ်ကိုကြီး ၊ ငါ့ကို အပြစ်ပေးရင်လည်း ပေးလိုက်ပါတော့။ အကုန် ငါ့အမှားပါ။ သခင်ငါးနဲ့ သခင်သုံးကလေ သူတို့ ... ငါ ... ငါ ..."

ကြည့်ရသရွေ့ သူ့မှာ သူ့အတွေးများကို အဆုံးမသတ်နိုင်သယောင်ပင်။

"ဘာဖြစ်လို့လဲ" မန်ဟိုက တအံ့တဩ မေးသည်။

"သခင်ငါးလေ ဘာဖြစ်မှန်းကို မသိဘူး။ အစ်ကိုကြီး ဆေးအိမ်တော်ကနေ ထွက်လာတော့ ငါ သူနဲ့ သခင်သုံးကို ဒီကို ပြန်ခေါ်လာမလို့ပဲ။ ဒါပေမဲ့ သခင်ငါးက ရုတ်တရက်ကြီး ... အဆင့် (၇) ဆေးဝါးပညာရှင် ဖန်‌ရွှေယန်‌ ဟိုအဘွားကြီးဆီ ဦးတည်သွားတယ်။ ပြီးတော့ သခင်ငါးနဲ့ သူ့ရဲ့ဒေါင်းတို့ တိုက်ခိုက်ကြတော့တာပဲ..."

"ငါ တားဖို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ သခင်ငါးက ရူးကိုသွားတာ....  သခင်သုံးကလည်း ဖြစ်နေဝာာကို တားဖို့ ဘာမှမပြောနိုင်တော့ သခင်ငါးနဲ့ပဲ သွားပေါင်းလိုက်တယ်" ဖန်ရွှီမှာ စိတ်လက်မသက်မသာဖြစ်နေသည့်အတွက် အမြီးအမောက်တည့်အောင်ပင် မပြောနိုင်ပေ။

မန်ဟိုသည် ဖန်ရွှီ၏ဇာတ်လမ်းကို ကြားလျှင်ချင်း မည်သည်တို့ဖြစ်ပျက်နေသလဲ သိသွား၏။ ထိုဒေါင်းနှင့် ၎င်း၏ အမွှေးထူထူများကို သူ မှတ်မိလေသည်...

"မပူပါနဲ့ ကြက်တူရွေးက ဒေါင်းနဲ့ နည်းနည်းပါးပါး ပျော်ပါးနေရုံပါ" မန်ဟိုက စကားလုံးများကို လှပစွာ သုံးရင်း ပြောလိုက်သည်။

"ပျော်ပါးနေတာတဲ့လား အစ်ကိုကြီးကလည်းဗျာ" ဖန်ရွှီက စိတ်ဆိုးမာန်ဆိုး ပြန်ပြောသည်။ သူ့မှာ စိတ်မကောင်းဖြစ်နေသယောင်ပင်။ "ဘာမှပျော်စရာမရှိတာ သေချာတယ်ဗျ

"ဘာဖြစ်သွားလဲ အစ်ကိုကြီး မမြင်ပါဘူး။။ အဲ... အဲ့ဒါကလေ ကြောက်စရာကြီး။ ဒေါင်းရဲ့ဖင်က ပွင့်တော့မယ့်အထိ ဖြစ်သွားတာ။ ‌တော်တော်ဆိုးတယ်ဗျ" ဖန်ရွှီမှာ တုန်ရီသွားသည်။ သူသည် မြင်ခဲ့ရသောအရာကို ပြန်တွေးလျှင် ကြက်သီးထလာမိ၏။ ထို့နောက် သခင်ငါးနှင့် အချိန်အတူ ကုန်ဆုံးခဲ့တုန်းက သခင်ငါး သူ့တင်ပါးအား မည်ကဲ့သို့ဆက်တိုက်ကြည့်နေခဲ့သလဲ ပြန်တွေးမိသောအခါ သူ၏ခန္ဓာကိုယ်‌ပေါ်၌ ရှိသမျှအမွှေးအားလုံး ထောင်သွားလေသည်။

"အစ်ကိုကြီး အဲဒီငှက်ကလေ... သူ့ကို လွှတ်ပေးဖို့ နေရာတစ်နေရာ သွားရှာသင့်တယ်နော်။ တကယ် ဖင်ကြိမ်းစရာကြီး" ဖန်ရွှီမှာ အသက်ပင်မှန်မှန် မရှူနိုင်တော့ပေ။

"မင်းက ငယ်သေးတော့ နားမလည်တာပါ" မန်ဟိုက အလွန်သေချာနေသည့်အလား ပြောသည်။ "အဲဒီငှက်ကတော့ ဒီတိုင်း ပျော်ပါးနေရုံပါကွာ"

"အစ်ကိုကြီး ၊ ငါ မပြောပြရသေးတာ တစ်ခုရှိသေးတယ်" ဖန်ရွှီက မအောင့်နိုင်တော့ဘဲ ဆက်ပြောသည်။ "တစ်ခါက ငါ သခင်ငါးရယ်၊ သခင်သုံးရယ်နဲ့ အပြင်သွားတုန်းက ‌ဝက်ဝံကြီးတစ်ကောင်နဲ့ တိုးခဲ့တယ်။ သခင်ငါး...  သခင်ငါးက အဲဒီတုန်းကလည်း ပျော်ပါးခဲ့သေးတယ်"

မန်ဟိုက ဖန်ရွှီ၏ပခုံးကို ပုတ်ပြီးနောက် ၎င်းသည် ပျော်ပါးနေရုံသာဖြစ်ကြောင်း ထပ်မံရှင်းပြလိုက်သည်။

"နောက်ဆုံးကျတော့" ဖန်ရွှီက ထပ်ပြောသည်။ "သခင်ငါးနဲ့ သခင်သုံးနှစ်ကောင်လုံး ဆေးဝါးပညာရှင်ဖန်ရွှေယန် ခေါ်သွားတာ ခံလိုက်ရတယ်...."

"စိတ်မပူနဲ့" မန်ဟိုက အမှုမထားသလို ခေါင်းခါရင်း ပြောသည်။ "အသားဂျယ်လီကို သတ်လို့မရဘူး။ ပြီးတော့ ကြက်တူရွေး သေသွားရင်လည်း ဆန်ကုန်မြေလေးတစ်ကောင် ကမ္ဘာပေါ်ကနေ လျော့သွားတာပေါ့ကွာ။ သူတို့ကို ခေါင်းထဲ ထည့်မနေနဲ့တော့" ထိုအရှုပ်ထုပ်နှစ်ကောင်သည် လက်ဖျားခါလောက်အောင် ဇွဲကြီးပြီး အလွယ်တကူ ဒဏ်ရာမရနိုင်ကြောင်း သူ ကောင်းကောင်း သိ၏။ သူတို့ကား ဖျက်စီး၍မရနိုင်သလောက်ဖြစ်သည်။

"ဒါပေမဲ့ ..."

"တကယ်ပါပဲ ဘာမှထပ်မပြောနဲ့။ လာ ဆေးဝါးတာအိုဌာနကို သွားရအောင်။ ငါ ဆေးအိမ်တော်မှာ နှစ်ဝက်လောက် အချိန်ဖြုန်းခဲ့မိတယ်။ အခု စွမ်းဆောင်ရည်ရမှတ်တချို့ ရှာဖို့ အချိန်ကျပြီ" မန်ဟိုသည် ကျင့်ကြံခြင်းဂူထဲမှ ထွက်သွားပြီး ဖန်ရွှီမှာ မလိုက်ချင်လိုက်ချင်နှင့် လိုက်လာလေသည်။ သူတို့နှစ်ယောက်သည် ဆေးဝါးတာအိုဌာနသို့ တတ်နိုင်သမျှမြန်မြန် ဦးတည်သွားကြ၏။

လမ်းတစ်လျှောက်တွင် မန်ဟိုမှာ စိတ်လှုပ်ရှားလာသည်။ သူသည် သူ၏ဆေးအိမ်တော်သို့ သွားခဲ့သော‌ ဗျူဟာက စွမ်းဆောင်ရည်ရမှတ်ပြဿနာကို ဖြေရှင်းပေးနိုင်မည်လား အလွန်သိချင်လေ၏။

"အခက်အခဲတွေက အပြောင်းအလဲ‌တွေကို ဖြစ်စေတယ်။ အပြောင်းအလဲတွေက အဖြေကို သယ်ဆောင်လာတယ်။ အဖြေတွေက အခက်အခဲတွေကို ဖြေရှင်းပေးတယ်" များမကြာခင် သူတို့နှစ်ယောက် ဆေးဝါးတာအိုဌာနသို့ ရောက်သွားပြီး အပြင်တောင်များထဲ ဝင်ရောက်လိုက်သည်။ မန်ဟိုမှာ ချက်ချင်းပင် သတိထားမိခြင်းခံလိုက်ရ၏။

"အဲ့ဒါ ဖန်ဟိုပဲ"

"သူ ‌ဒီကို ရောက်လာပြီ"

"မဟုတ်မှ ဆေးအိမ်တော်ကို ထပ်ဝင်မလို့များလား။ စောသေးတယ်မဟုတ်လား။ နေဦး မဟုတ်မှ ... သူ အပင်နဲ့အသီးအရွက်အကြောင်း ပို့ချမလို့များလား" အနီးနားရှိ ဆေးဝါးအတတ်သင်များကို မန်ဟို့ကို မြင်လျှင်ချင်း အလွန်စိတ်လှုပ်ရှားလာကြပြီး မျိုးနွယ်စုထဲရှိ သူတို့၏မိတ်ဆွေများထံသို့ သတင်းဖြန့်လိုက်ကြသည်။

မန်ဟို တောင်ထိပ် (၇၁၉၁) သို့ ရောက်သောအခါတွင် သူ့အနောက်မှလိုက်နေကြသူများမှာ ထောင်သောင်းချီနေလေပြီ။ သူက စင်မြင့်ပေါ်တွင် ရပ်၍ ချောင်းဟန့်ကာ  စတင်ဟောပြောတော့မည့်အချိန် ရုတ်တရက် မရေမတွက်နိုင်သောအလင်းတန်းများက ဟောပြောရာနေရာသို့ ဦးတည်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း လူအုပ်ကြီးကား တစ်သိန်းကျော်သွားလေပြီ။

မန်ဟို၏ အပင်နှင့်အသီးအရွက်ပို့ချမှုကို နားထောင်ရန် အတွင်းတောင်များမှ ရောက်လာကြသော ဆေးဝါးပညာရှင်များပင် ရှိသည်။

မန်ဟိုသည် သူ၏အပင်နှင့်အသီးအရွက်အသိမှာ မည်မျှကြောက်စရာကောင်းသည်ကို လူတိုင်းအား သက်သေပြခဲ့ပြီးလေပြီ။ ယခုတွင် အများစုသည် သူ၏အသိက အနည်းဆုံးအဆင့် (၈) ဆေးဝါးပညာရှင်အဆင့် ရှိသည်ဟူ၍ ယုံကြည်ထားကြ၏။

ဆေးဝါးတာအိုဌာနတစ်ခုလုံးတွင် မန်ဟို့ကို ထည့်မတွက်လျှင် အပင်နှင့်အသီးအရွက်အရာ၌ အဆင့် (၈) ဖြစ်သောလူ (၁၉) ယောက်သာ ရှိသည်။ ထိုလူများသည် ဆေးအိမ်တော်၏ အိမ်တော်အကြီးအကဲများအဖြစ်လည်း ညွှန်းဆိုနိုင်သော အဆင့် (၈) ဆေးဝါးပညာရှင်များဖြစ်ကြ၏။

ထိုကဲ့သို့လူများသည် အပြင်သို့ ထွက်လာပြီး စာပို့ချမည်မဟုတ်ပေ။ ဤအခြင်းအရာအရ ပရိသတ်ထုကြီး မည်မျှစိတ်အားထက်သန်နေမည်လဲ ခန့်မှန်းကြည့်နိုင်သည်။  များမကြာခင် ပရိသတ်ကား နှစ်သိန်းအင်အားအထိ ရောက်ရှိလာသည်။

မန်ဟိုအနေဖြင့် စွမ်းဆောင်ရည်ရမှတ်အကြောင်း တစ်ခွန်းဟရန် မလိုပေ။ လူတိုင်းသည် စည်းမျဉ်းများကို သိသည့်အတွက် အလိုက်တသိ ပေးကြ၏။

အဘွားအိုဖန်ရွှေယန်လည်း မျက်နှာချင်းဆိုင် တောင်ထွတ်‌တွင် မရှိတော့၍ မန်ဟိုမှာ စိတ်လှုပ်ရှားနေသည်။ စိတ်ပူစရာ ပြိုင်ဘက်မတော့သဖြင့် စွမ်းဆောင်ရည်ရမှတ်တိုးကောက်ရန် အကြံအစည်ကို ဘေးဖယ်ပြီး ဆက်လက်ပို့ချလေသည်။

ခြောက်နာရီကြာ၍ စွမ်းဆောင်ရည်ရမှတ်သိန်းနှင့်ချီ ရရှိသောအခါ မန်ဟိုက အံတင်းတင်းကြိတ်ပြီး နောက်ထပ်လေးနာရီ ဆက်လက်ဟောပြောရန် ဆုံးဖြတ်လိုက်သည်။ ယင်းက သူ၏အမြတ်ကို ဆယ်သိန်းအထိ ရောက်ရှိသွားစေရာ မန်ဟိုမှာ ပျော်ရွှင်မြူးထူးနေတော့လေသည်။

စွမ်းဆောင်ရည်ရမှတ်အမြောက်အမြား ရှိပြီဖြစ်၍ မန်ဟိုမှာ များစွာ သက်တောင့်သက်သာ ရှိသွားသည်။ သူကား တစ်ရက်လျှင် နာရီအနည်းငယ်မျှ ပို့ချရုံနှင့် စွမ်းဆောင်ရည်ရမှတ်တစ်ပြုံကြီး ဝင်နေလေသည်။ ဖန်မျိုးနွယ်စု၏ဆေးဝါးတာအိုဌာနမှ သူ့အား အလေးပေး၊ ဖော်ရွှေနေသည်ကိုလည်း သူ ခံစားရသည်။

မန်ဟိုကား ယခုတွင် အသုံးအဖြုန်းကြီးစွာဖြင့် နေထိုင်နေသည်။ သူသည် ဆေးလုံးများနှင့် ဆေးပင်များစွာ ဝယ်၏။ အင်မော်တယ်ကျောက်စိမ်းအမြောက်အမြားပင် ရယူပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ သူ၏အင်မော်တယ်အကြောကို ပို၍ပင် မာကြောလာစေသည်။ အထူးသဖြင့် မျိုးနွယ်စု၏ တစ်နှစ်စာ အင်မော်တယ်ကျောက်စိမ်းခွဲတမ်းကို ရရှိပြီးနောက် သူသည် သူ၏အင်မော်တယ်ကျောက်စိမ်းကို ကိုးဆယ်ရာခိုင်နှုန်းအထိ အစိုင်အခဲ ဖြစ်သွားစေခဲ့၏။

သူ၏ကျင့်ကြံခြင်းအခြေခံသည် လျင်မြန်စွာ တိုးတက်လာသည်။ သူ့တွင် အစစ်အမှန်အင်မော်တယ်စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းမဟုတ်ဘဲ ကိုးဆယ်ရာခိုင်နှုန်းရှိနေလေပြီ။ သူ၏အတိုက်အခိုက်စွမ်းရည်သည် အဆင့် (၄) အင်မော်တယ်အဆင့်ကိုပင် ကျော်သွား၏။ သူ၏ကျင့်ကြံခြင်းဂူထဲတွင် မိကျောင်းကို ထုတ်၍ လက်ရည်အနည်းငယ်စမ်းပြီးနောက်တွင် သူကားအဆင့် (၅) အင်မော်တယ်နှင့် ယှဉ်နိုင်ပြီဖြစ်ကြောင်း ဆုံးဖြတ်နိုင်သွား၏။

ပြစ်ဒဏ်စွမ်းအားကိုလည်း မဆိုစလောက်စလေး အာရုံရလိုက်သည်။ တစ်ရာရာခိုင်နှုန်း အစစ်အမှန်အင်မော်တယ် ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်တံခါးကျဆင်းလာမည်ဖြစ်ကြောင်း သူ သိလေသည်။

"ငါ အဲဒီနေ့ ရောက်လာမှာကို စောင့်နေတာ ကြာပြီ" သူက စိတ်လှုပ်ရှားမှုတို့ဖြင့် မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောသည်။ "ငါ ကောင်းကောင်းပြင်ဆင်ထားပြီးပြီဆိုတော့ အစစ်အမှန်အင်မော်တယ်အဆင့် တက်လိုက်တာနဲ့ အင်မော်တယ်တံခါးကနေ အင်မော်တယ်ချီအများကြီး စုပ်ယူနိုင်လိမ့်မယ်။ တစ်ခါတည်း အင်‌မော်တယ်အကြောတွေအများကြီး ဖွင့်လိုက်မယ်"

ဤသည်မှာ နောက်တစ်ဆင့်မတက်ခင် ဂိုဏ်းအသီးသီး၏ ရွေးချယ်ခံများ သူတို့၏အင်အားကို စုဆောင်း၍ အစစ်အမှန်အင်မော်တယ်ကံတရားကို စောင့်ကြသည့်အကြောင်းရင်း ဖြစ်၏။ သူတို့က အင်မော်တယ်အကြောများစွာ ဖွင့်ခြင်းဖြင့် အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်လိုကြလေသည်။ တစ်ပြိုင်တည်း အင်မော်တယ်အကြောခြောက်ဆယ်၊ ခုနစ်ဆယ်ကျော်ဖွင့်နိုင်ခဲ့သော ရွေးချယ်ခံတချို့ပင် ရှိလေသည်။

ထိုကဲ့သို့ အခွင့်အရေးမျိုးသည် အင်မော်တယ်တံခါး သက်ဆင်းလာမှသာ ရရှိနိုင်၏။ တခြားအချိန်များတွင် လူတစ်ယောက်၏ကျင့်ကြံခြင်းအခြေခံသည် ထိုသို့ ခုန်ပျံကျော်လွှားတက်ဖို့ မဖြစ်နိုင်ပေ။

တစ်ချိန်တည်းမှာပင် မန်ဟိုသည် ရှားပါးသောဆေးပင်များဖြင့် ဝိညာဉ်အဆီကို ဆက်လက်ဖော်စပ်လျက်ရှိ၏။ သူ ဖန်တီးနေသော ဝိညာဉ်အဆီ၏အရည်အသွေးက ကြောက်ခမန်းလိလိအဆင့်တစ်ဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။

နိဗ္ဗာနသစ်သီးများထဲရှိ အသက်စွမ်းအားသည် အားကောင်းသထက် အားကောင်းလာ၏။ မှန်ပါသည်၊ သူ၏ဝိညာဉ်ကျောက်တုံးများမှာတော့ လျင်မြန်စွာ လျော့နည်းလာပြီး ကုန်ခါနီးလျှင် သူက ဝိညာဉ်ကျောက်တုံးများစွာ ရဖို့ စွမ်းဆောင်ရည်ရမှတ်များနှင့် လဲလှယ်တော့သည်။

ကံဆိုးစွာနှင့် အကြိမ်အနည်းငယ် လဲလှယ်ပြီးနောက် သူ့မှာ ဝိညာဉ်ကျောက်တုံးများထပ်မံ မရနိုင်တော့ပေ။ လူတစ်ယောက်ချင်းစီအတွက် ခွဲတမ်းချပေးသော ဝိညာဉ်ကျောက်တုံးအရေအတွက်မှာ အကန့်အသတ်ရှိလေသည်။

တကယ်တော့ ထိုစည်းမျဉ်းမျိုး ရှိသည်ကို သိသူ မရှိသလောက်ရှား၏။ မည်သူမျှ မန်ဟို‌ကဲ့သို့ ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ရန် စွမ်းဆောင်ရည်ရမှတ်များစွာ မဖြုန်းဖူးကြပေ။ မန်ဟိုမှာ ဤစည်းမျဉ်းကြောင့် အံ့ဩသွားပြီး ဒေါကန်သွားသည်။

ယခု သူ့တွင် စွမ်းဆောင်ရည်ရမှတ်များမဟုတ်ဘဲ ဝိညာဉ်ကျောက်တုံးများ ကုန်နေလေပြီ။ သူသည် ဝိညာဉ်ကျောက်တုံးများအတွက် စွမ်းဆောင်ရည်ရမှတ်များကို ရောင်းဖို့ပင် တွေးမိသော်လည်း ၎င်းက မျိုးနွယ်စု၏စည်းမျဉ်းများကို ချိုးဖောက်ရာရောက်၏။ မှန်ပါသည် ၊ စည်းမျဉ်းများကို နဂိုကတည်းက ဂရုမစိုက်သော သူ့အတွက် စည်းမျဉ်းချိုးဖောက်ခြင်းက မည်သို့မျှမဖြစ်ပေ။

သို့သော် ဖန်မျိုးနွယ်စုသည် ယခုလောလောဆယ်တွင် ဆတ်ဆတ်အထိမခံသော အခြေအနေ၌ ဖြစ်၏။ သူ့ကို တိတ်တဆိတ် စောင့်ကြည့်သူများရှိ၍ အမှားသေးသေးလေးတစ်ခုကပင် ပြဿနာအကြီးအကျယ် တက်သွားစေနိုင်ကြောင်း မန်ဟို သိသည်။

မန်ဟို တစ်ခါမှ အလည်အပတ်မသွားခဲ့ဖူးသော နေရာတချို့ ဘိုးဘေးစံအိမ်ထဲတွင် ရှိသည်။ သူသည် ဆေးဝါးတာအိုဌာနတွင် ထင်ရှားကျော်ကြားလာဖို့ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၏။ ထိုနေရာရှိ သူ၏ အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းကြောင့် သူ့ကို မျက်စိစပါးမွှေးစူးနေသူများအနေဖြင့် သူ့အား အလွယ်တကူ အကောက်ကြံ၍မရပေ။

အရေးကြီးဆုံးအနေဖြင့် သူသည် ဖန်မျိုးနွယ်စုနှင့် သိပ်မရင်းနှီးပေ။ တခြားသွေးဆက်များမှ အမျိုးများနှင့် ကောင်းကောင်းမဆက်ဆံဖူးသည်သာမက တိုက်ရိုက်သွေးဆက်မှ လူ‌အတော်များများကိုပင် မသိချေ။

သူ အများဆုံး အဆက်အဆံရှိသူများမှာ ဖန်ရွှီနှင့် ဦးလေးဆယ့်ကိုးဖြစ်သည်။ တခြားသူများနှင့် ဖက်လှဲတကင်း ရင်းနှီးလိုစိတ်လည်း မရှိပေ။

သူ့ကို အမြဲ ရှောင်နေတတ်သော ဖန်တုံးဟန်ကို တစ်ခါတရံ မြင်ရသည်။ ဖန်တုံးဟန်သည် ဖန်ဝေနည်းတူ ရွေးချယ်ခံတစ်ဦးဖြစ်ကြောင်း မန်ဟို‌ ကောင်းကောင်းသိ၏။ သို့သော် သူ့မှာ ဖန်ဝေ၏ ဖိနှိပ်ခြင်းခံထားရသဖြင့် မန်ဟိုနှင့် ဖန်ဝေ နောက်ဆုံးတိုက်ခိုက်ကြမည်ကို ‌မျှော်လင့်နေသူဖြစ်သည်။ သူ၏ခံစားချက်ကို မန်ဟို နားလည်၏။

ဖန်ရှန်ရှန်းနှင့်ပတ်သက်၍မူ သူမလည်း သူ့ကို ရှောင်နေသည်။ သူတို့နှစ်ယောက် ရံဖန်ရံခါ ပက်ပင်းတိုးလျှင် သူမမျက်ဝန်းများထဲ၌ အကြောက်တရားကို မြင်ရနိုင်သည်။

သူ့မှာ ထိုအခါမျိုးတွင် သက်ပြင်းမချမိဘဲ မနေဘဲပေ။ သူက တကယ်ပဲ ထိုမျှ ကြောက်စရာကောင်းနေသည်လော။

အခြားရွေးချယ်များကိုတော့ မန်ဟို မသိသလို၊ သိလိုစိတ်လည်း မရှိပေ။

သူသည် ဖန်မျိုးနွယ်စုတွင် ကြာကြာနေဖို့ စိတ်ကူးမရှိခြင်းဖြစ်၏။ ဤနေရာသို့ သူ လာခဲ့သည်မှာလည်း ရည်ရွယ်ချက်သုံးချက်ကြောင့်သာ မဟုတ်ပါလော။

ပထမအချက်မှာ သူ၏နိဗ္ဗာနသစ်သီးများကို ယူဖို့။ ‌ဒုတိယအချက်မှာ သူ့အဖေနှင့်အမေ၏ဆန္ဒအတိုင်း ထွန်းတော်ကျော်ကြားလာပြီး ဖန်မျိုးနွယ်စု၏ ရွေးချယ်ခံအားလုံး သူ့ကို လေးစားစေဖို့ဖြစ်သည်။

တတိယကတော့ အင်မော်တယ်အဆင့်သို့ တက်လှမ်းရန်ပင်။

ဤရည်ရွယ်ချက်သုံးချက် ပြည့်သည်နှင့် မန်ဟိုသည် ဖန်မျိုးနွယ်စုမှ ထွက်သွားမည်ဖြစ်၏။ ထို့နောက် အင်မော်တယ်ရှေးတာအိုဆရာများဝတ်ပြုကျောင်းသို့ ဝင်ရောက်ဖို့ ‌အင်မော်တယ်ရှေးတာအိုဆရာတံဆိပ်ပြားကို အသုံးပြုမည်။ ထိုနေရာတွင် ... သူသည် ဆက်လက်ကျင့်ကြံအားထုတ်ပြီး အမှန်အကန် ‌ကျော်ကြားလာရမည်ဖြစ်သည်။

"မှီခိုလို့ရတဲ့သူ တစ်ယောက်ယောက် ရှိဖို့ အရေးကြီးတယ်။ မှီခိုရာဂိုဏ်းမှာတုန်းက အဲ့ဒါကို သင်ယူခဲ့ရတယ်။ ဒီနေရာ ၊ အရှေ့အောင်ပွဲဂြိုဟ်ရဲ့ ဖန်မျိုးနွယ်စုမှာတော့ ဆေးဝါးတာအိုဌာနက ငါ မှီခိုရမယ့်အရာပဲ" မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီး မျက်လုံးများ တောက်ပလာသည်။ သို့သော် တခဏကြာသော် ၎င်းတို့သည် မှေးမှိန်သွား၏။

"ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေ ကုန်နေပြီ။ ဘယ်လိုလုပ်ရမလဲ...."

***

All Chapters