← Chapters

မန်ဟို ဆေးဖော်လေပြီ

Vol. 66 Ch. 923

မန်ဟို ဆေးဖော်လေပြီ

Vol. 66 Ch. 923

အပြင်တောင်များရှိ ဆေးဝါးအတတ်သင်များစွာသည်‌ ဆေးဝါးပညာရှင်အမျိုးမျိုးထံမှ အပင်နှင့်အသီးအရွက်အကြောင်းပို့ချမှုများအား နားထောင်လျက်ရှိကြ၏။ ဗုံသံ ပဲ့တင်ထပ်လာသောအခါ ဆေးဝါးအတတ်သင်အားလုံး အထိတ်တလန့် ခေါင်းထောင်လိုက်ကြသည်။ ဗုံသံက ဆေးလုံးအိမ်တော်မှ လာကြောင်း သဘောပေါက်လျှင် သူတို့၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။

"အဲ့ဒါ ဆေးလုံးအိမ်တော်က ဗုံသံပဲ။ တစ်ယောက်ယောက်တော့ ဆေးဝါးတာအိုဌာနရဲ့ ဒဏ္ဍာရီလာဆေးလုံးသုံးလုံးထဲက တစ်လုံးကို ဖော်ဖို့ ကြိုးစားနေပြီ"

"အားလုံးအထဲ အရိုးရှင်းဆုံးအတွက်တောင် ဖြေခအနေနဲ့ စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်း‌ ပေးရမှာ။ ဆေးလုံးကို အောင်အောင်မြင်မြင် မဖော်နိုင်သရွေ့ အဲဒီစွမ်းဆောင်ရည်ရမှတ်တွေ အလကားဖြစ်သွားလိမ့်မယ်"

"ဘယ်သူလဲ မသိဘူး"

အပြင်တောင်များရှိ ဆေးဝါးအတတ်သင်များသာ ထိုသို့တုံ့ပြန်ကြခြင်းမဟုတ်။ အတွင်းတောင်များရှိ ဆေးဝါးပညာရှင်များလည်း ဗုံသံကို ကြားလိုက်ရပြီး အံ့ဩသွားကြသည်။ အလိုလို လှောင်ပြောင်မိသွားသူများပင် ရှိသည်။

"အဲဒီဆေးလုံးတွေထဲက တစ်လုံးကို ဖော်စပ်ဖို့ ဘယ်သူမှ မကြိုးစားခဲ့တာ နှစ်နဲ့ချီပြီ။ ဘယ်ဆေးဝါးပညာရှင်များ ကြိုးစားနေတာလဲ မသိဘူး"

"စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်းတော့ အလကားဖြစ်ပြီ။ ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ။ ဒါပေမဲ့ ဒီလိုအရာမျိုးက ဖြစ်လေ့ဖြစ်ထမရှိဘူး‌ဆိုတော့ သေချာပေါက် သွားကြည့်မှဖြစ်မယ်"

ဆေးဝါးပညာရှင်များစွာ အတွင်းတောင်များထဲမှ ပျံထွက်လာကြသည်။ လူကြားထဲ ထွက်လာလေ့မရှိသော ဆေးဝါးပညာရှင်များပင် ဆေးလုံးအိမ်တော်သို့ ပျံသွားနေကြလေသည်။ ဤသည်မှာ ... စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်းအကုန်ခံနိုင်မှ ‌ရှိလာနိုင်သော ဖြစ်ရပ်တစ်ခုမဟုတ်ပါလော။

အဆင့် (၇) ဆေးဝါးပညာရှင်များလည်း မျက်လုံးများ တလက်လက် တောက်ပနေလျက် ပျံတက်လာကြသည်။ အဆင့် (၈) ဆေးဝါးပညာရှင်ဆယ့်ကိုးယောက်ပင် ဗုံသံကို ကြားလိုက်ကြ၍ တချို့က ဆေးလုံးအိမ်တော်ထံသို့ ချက်ချင်း ထွက်သွားကြလေသည်။

အတွင်းတောင်များ၏အလယ်တွင် ဆေးလုံးအကြီးအကဲဖန်တယွမ်သည် သိချင်စိတ်ပြင်းပြနေသော မျက်လုံးများဖြင့် ဆေးလုံးအိမ်တော်သို့ လှမ်းကြည့်ရင်း သူ၏တောင်ထွတ်အပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။

"နောက်ဆုံးတော့ ဖန်ဟို ဆေးဖော်တော့မှာပဲ"

ထောင်ပေါင်းများစွာသောလူများ ဆေးလုံးအိမ်တော်၏ ပတ်ပတ်လည်တွင် စုဝေးလာရန် တခဏသာ ကြာလိုက်သည်။ အလင်းတန်းများက ဆက်တိုက်ဆိုသလို ရောက်လာကြ၏။ လူအများသည် မန်ဟို ဆေးလုံးအိမ်တော်၏အပြင်၌ ရပ်နေသည်ကို မြင်လျှင် အံ့အားသင့်သွားကြသည်။

"ဖန်ဟိုပဲ"

"ဘယ်သူက ဒီလောက်စွမ်းဆောင်ရည်ရမှတ်တွေအများကြီး တတ်နိုင်မှာလဲ တွေးနေတာ။ အခုတော့ သူ ဖြစ်နေတာကိုး ... ‌‌ဒါပေမဲ့ သူက ဆေးဖော်နိုင်တယ်လား။ ဖော်နိုင်ရင်တောင်မှ လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာအတွင်း မရေမတွက်နိုင်တဲ့ လူတွေ မအောင်မြင်ခဲ့တဲ့ အဲဒီဒဏ္ဍာရီလာဆေးလုံးတွေကိုမှ တကယ်ပဲ စမ်းသပ်ရဲတယ်လား"

“သူ့မှာ စွမ်းဆောင်ရည်ရမှတ်တွေ အများမှအများကြီးရှိတယ်။ မင်းသိလား ငါတော့ ဆေးဝါးတာအိုဌာနရဲ့ အာရုံကို ဆွဲဆောင်ဖို့ စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်းကို ကြွားလုံးထုတ်ပြပြီး ပိုနာမည်ကြီးလာအောင် လုပ်နေတာလို့ပဲ ထင်တယ်။ အဲ့ဒါပဲ"

မန်ဟိုက စုဝေးနေသောလူအုပ်ကြီးကို လျစ်လျုရှုထားသည်။ ဗုံသံ မြည်ဟည်းနေစဉ် သူသည် သူ၏သက်သေခံအမိန့်ပြားကို ထုတ်လိုက်ရာ စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်း ပျောက်ကွယ်သွား၏။

တစ်ဆက်တည်းမှာပင် ဗုံသံမှာ မန်ဟို၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ရုတ်တရက် ဆေးဖော်နည်းတစ်နည်း သူ့စိတ်ထဲတွင် ပေါ်လာသည်။ ဆေးဖော်နည်းသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်၏။ သူ့မှာ ၎င်းကို မြင်နေရသည့်တိုင် မှတ်သားခြင်းမပြုနိုင်ပေ။

"မျိုးနွယ်စုရဲ့အပြင်ကို ပေါက်ကြားမ‌သွားအောင် ဆေးဖော်နည်းကို ကာကွယ်ထားချင်တာပဲ" သူ့အရှေ့ရှိ ဗုံခေါင်းမှာ ရေပြင်ကဲ့သို့ လှိုင်းထလာပြီး ဆေးပင်တစ်စုံ လွင့်မျောလာသည်။

စုစုပေါင်း ဆေးပင်ဆယ့်သုံးပင်ရှိသည်။

ဆေးပင်တစ်ပင်စီအား အဖိုးထိုက်အနဂ္ဃထိုက်တန်သည်ဟူ၍ သတ်မှတ်နိုင်၏။ ၎င်းတို့ထဲမှ ငါးပင်က ပေါ်လာလျှင်ချင်း အံ့ဖွယ်ဆေးရနံ့ကို အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားစေသည်။ ၎င်းကြောင့် မန်ဟို၏ သူငယ်အိမ်များပင်လျှင် ပြူးကျယ်သွား၏။ သူ့အား အံ့အားသင့်စေသော ဆေးပင်နှစ်ပင်ရှိသည်။

တစ်ပင်သည် နူးညံ့ပါးလွှာသော ပန်းပွင့်တစ်ပွင့်ဖြင့် ပိတ်ပိတ်ပိန်း နက်မှောင်နေသည်။ ၎င်းက လှပပြီး တစ်ချက်ကလေးကြည့်လိုက်ရုံနှင့် ပြင်းထန်သောအပူငွေ့တို့က ၎င်းကို ရစ်သိုင်းနေကြောင်း ထင်ရှားသည်။

အံ့ဩဖွယ်ကောင်းစွာနှင့် နောက်တစ်ပင်ကား .... နေပန်းပွင့်ဖြစ်သည်။

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ အပြင်လောကတွင် နေပန်းပွင့်များ မျိုးသုဉ်းလုနီးပါးဖြစ်နေပြီဟု သူ ထင်ထားခဲ့လေသည်။ ဤနေရာတွင် တစ်ပင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကံဆိုးစွာနှင့် အင်မော်တယ်အပျက်အစီးများနယ်တွင် ခူးခဲ့သော နေပန်းပွင့်နှင့်ယှဉ်လျှင် ဤနေပန်းပွင့်မှာ အပြစ်အနာအဆာများပါပြီး ပြီးပြည့်စုံမှုမရှိပေ။ သို့သော်လည်း ‌နေပန်းပွင့်ဖြစ်နေသေးသည်။

"ဒါတွေအားလုံး ထည့်တွက်လိုက်ရင် စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်းက တကယ်တန်တာပဲ..." မန်ဟိုက အသက်ပြင်းပြင်း ရှူ၍ တွေးသည်။ သို့သော် ဤဆေးပင်များကို ယူသွား၍မရကြောင်း သူ သိ၏။ ယခု ဤနေရာတွင် ဆေးဖော်ဖို့အတွက် အသုံးပြုရပေမည်။

မန်ဟိုသည် ဆေးလုံးအိမ်တော်၏ အရှေ့တွင် တင်ပျဉ်ခွေထိုင်ပြီး ဆေးဖော်နည်းကို ခွဲခြမ်းစိတ်ဖြာရန် မျက်လုံးများ ပိတ်လိုက်သည်။ အချိန်ကုန်ဆုံးသွား၏။ တစတစ ပို၍များပြားသောလူများ ရောက်လာပြီး မကြာခင် လူငါးသိန်းမျှ ရှိနေချေပြီ။

သူတို့အားလုံးက မန်ဟို့ကို စိုက်ကြည့်နေကြ၏။ ဆေးတစ်လုံးဖော်ဖို့ စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်းအား သုံးစွဲနေသော မြင်ကွင်းမှာ ကံကောင်းထောက်မမှသာ မြင်နိုင်သောမြင်ကွင်းတစ်ခု ဖြစ်သည်။ သို့ထိတိုင် ထိုမြင်ကွင်းက ယခု သူတို့၏အရှေ့တွင် ဖြစ်ပေါ်နေလေသည်။ မန်ဟို အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ စောင့်ကြည့်နေသူအားလုံးမှာ ဤရှားပါးသောမြင်ကွင်းကို ကြည့်ရဖို့ ဝမ်းမြောက်ကြ၏။

လေးနာရီကြာသော် မန်ဟိုက မျက်လုံးများ ဖွင့်လိုက်ပြီး ‌၎င်းတို့ကား တောက်ပစွာ လင်းလက်နေလေသည်။

"ဒီဆေးလုံးက ... ဖော်ရတာ မလွယ်ဘူးပဲ" သူက ရေရွတ်လိုက်သည်။ "ဒါမျိုးတစ်ခါမှ မမြင်ခဲ့ဖူးဘူး.... နတ္ထိကနေ အတ္ထိဖန်တီးတာလောက် မခက်ပေမယ့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတုန်းပဲ။ အရေးအကြီးဆုံးက ငါ ကျရှုံးရင် ကုန်ကျစရိတ်က တော်တော်ထောင်းမှာ" သူက ‌မျက်မှောင်ကြုတ်သွားသည်။

"ဆေးဖော်နည်းက ‌ရာသီဥတုနဲ့ နေ့အချိန်အပေါ် မူတည်ပြီး ပြောင်းလဲနေတယ်။ ဒါ့အပြင် နေ့တစ်နေ့ရဲ့ ၁၂ နာရီအပိုင်းအခြားရောက်တိုင်း ယန်ချီကို အနှောင့်အယှက်မရှိ စုပ်ယူရမယ်။ အဲဒီနောက်မှာ ‌နတ်ဘုရားစိတ်ဆန္ဒ ဖြစ်တည်လာပြီး နေဝိညာဉ်တစ်ခု ဖြစ်ပေါ်လာမှာပဲ

"ဒါပေမဲ့ အဲ့ဒါတင်မဟုတ်သေးဘူး။ ဆေးလုံးနာမည်ရဲ့ ပထမဆုံးစာလုံး မိုးနန်းတော်က အရေးကြီးတယ်။ အဲ့ဒါက တကယ်တမ်း မိုးကောင်းကင်ထက်က တိမ်တိုက်တွေရဲ့ အလွန်မှာ တည်ရှိတဲ့ စိတ်ကူးယဉ်နတ်နန်းတော်ကို ညွှန်းဆိုနေတာ"

မန်ဟို မျက်မှောင်ပိုကြုတ်သွားသည်။ တခဏကြာသော် သူသည် ဆေးပေါင်းဖိုတစ်လုံးထုတ်ရန် သိုလှောင်အိတ်အား ပုတ်လိုက်သည်။ ဆေးပေါင်းဖိုကား မည်းနက်နေပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် မန်ဟို့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသော မျက်နှာတစ်ဖက်အား မြင်ရနိုင်သည်။

ဤသည်မှာ လွန်ခဲ့သောနှစ်များက ဇီယွင်ဂိုဏ်း၏ ‌ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ပြိုင်ပွဲမှာတုန်းက မန်ဟို ရရှိခဲ့သော ဆေးပေါင်းဖိုဖြစ်သည်။

သူက ဆေးပေါင်းဖိုကို ပုတ်လိုက်ရာ တကျစ်ကျစ် မြည်သွားသည်။ ဆေးပေါင်းဖိုမှာ တုန်ရီလာပြီး မျက်နှာ၏ ဆူပုပ်နေသောအမူအရာမှာ ကြောက်ရွံ့လေးစားမှုအသွင်ပြောင်းသွားသည်။

ဆေးပေါင်းဖို၏အသံ ထွက်လာရာတွင် ဆေးဝါးအတတ်သင်များက သိပ်စဉ်းစားမနေပေ။ သို့သော် အဆင့် (၅) နှင့် ထို့ထက်မြင့်သော ဆေးဝါးပညာရှင်အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ သူတို့က မန်ဟို့ကို အထင်သေးစွာ မကြည့်တော့ဘဲ အာရုံစူးစိုက်မှုအပြည့်ဖြင့် ကြည့်နေကြလေပြီ။

ဆရာသခင်များ အလုပ်လုပ်တိုင်း သူတို့အခြေခံ၏ သက်သေအား မြင်ရနိုင်သည်။

အဆင့် (၅) နှင့် ထို့ထက်မြင့်သော ဆေးဝါးပညာရှင်အားလုံးအနေဖြင့် မန်ဟို ဆေးပေါင်းဖိုအား ပုတ်လိုက်သော နည်းလမ်းတွင် ဆေးဝါးတာအိုပါကြောင်း ပြောနိုင်လေသည်။

"ဆေးပေါင်းဖိုတွေအကုန်လုံး နွေးအောင်လုပ်ပေးဖို့လိုတယ်။ အကြိမ်ပေါင်းသန်းပေါင်းများစွာ အသုံးပြုထားတဲ့ ဆေးပေါင်းဖိုကိုတောင် စွမ်းအားအပြည့်အဝမထုတ်လွှတ်ခင် နွေးအောင်လုပ်ပေးဖို့ လိုတယ်။ ဒါပေမဲ့ ဖန်ဟိုက ဆေးပေါင်းဖိုကို ပုတ်ရုံကလေး ပုတ်လိုက်တာတောင် ထွက်လာတဲ့ရလဒ်က ... အတူတူပဲ။ ဘယ်လောက်ဖန်တီးနိုင်စွမ်းကောင်းလိုက်သလဲ"

"အဲ့ဒါ သူမတူတဲ့ ‌ဆေးပေါင်းဖိုကို နွေးအောင်လုပ်နည်းလမ်းတစ်ခုပဲ။ ဘယ်လောက်ဆန်းပြားလိုက်သလဲ။ သူက ‌ဆေးလုံး လွယ်လွယ်ကူကူ ပုံသဏ္ဌာန်ဖြစ်ပေါ်လာအောင် ‌ဆေးပေါင်းဖိုထဲမှာရှိတဲ့ ဆေးချီကို လွင့်ပျယ်သွားစေလိုက်တာ

"အဲဒီလိုအရာမျိုး အောင်မြင်ဖို့အတွက်‌ မယုံနိုင်စရာကောင်းတဲ့ ဆေးဝါးတာအိုအသိကို ပိုင်ဆိုင်ထားဖို့ လိုတယ်"

မန်ဟိုသည် ပရိသတ်များထံမှ မှတ်ချက်များကို လျစ်လျူရှု၍ သူ၏အာရုံအလုံးစုံကို ‌ဖော်စပ်တော့မည့်ဆေးလုံးအပေါ် ပို့ထားလိုက်သည်။ သူ့အနေဖြင့် ဝိညာဉ်ကျောက်တုံးပြဿနာကို ဖြေရှင်းဖို့ ဆေးလုံးကို ဖော်စပ်မှ ဖြစ်ပေမည်။

"ငါ လုပ်နိုင်တာ သေချာတယ်" သူက တွေးသည်။ ခေတ္တပြန်သုံးသပ်ကြည့်ပြီးနောက် သူသည် ဆေးပင်တစ်ပင်ကို လှမ်းဆွဲလိုက်၏။ သူ ၎င်းအား လက်ထဲတွင် ဆုပ်ကိုင်ထားစဉ် ဆေးပင်မှာ အသက်ဝင်လာသယောင်ပင်။ ၎င်း၏အညစ်အကြေးအားလုံး ပျောက်ကွယ်သွားပြီး သလင်းကျောက်ပမာ ကြည်လဲ့လာသည်။ ထို့နောက် မန်ဟိုက ၎င်းကို ခြေ၍ ဆေးပေါင်းဖိုထဲ ထည့်လိုက်၏။

ဤအပြုအမူကလည်း အခြားဆေးဝါးပညာရှင်များကို သိသိသာသာ လှုပ်ရှားသွားစေသည်။

မန်ဟိုက အသက်ပြင်းပြင်းရှူပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် ဘယ်လက်ကို ဆေးပေါင်းဖိုတင်ကာ ၎င်းအား လောင်ကျွမ်းလာစေသော်လည်း မီးတောက်တော့ မရှိပေ။ ဆေးပင်သည် ချက်ချင်းပင် အရည်ပျော်သွား၏။

နှစ်နာရီကြာသော် မန်ဟို၏မျက်လုံးများ တောက်ပလာပြီး သူက ဆေးပင်‌နောက်တစ်ပင်အား ရွေးချယ်လိုက်သည်။ မကြာမီ ၂၄ နာရီ ကြာသွား၏။ နောက်ဆုံးအနေဖြင့် သူသည် နေပန်းပွင့်ကို အရောအနှောထဲ ထည့်ပြီးနောက် လက်နှစ်ဖက်လုံးကို ဆေးပေါင်းဖိုပေါ် တင်လိုက်သည်။

လူတိုင်းမှာ စောင့်ကြည့်ရင်း အသက်ရှူမြန်နေကြသည်။ မန်ဟို ဆေးဖော်နေခဲ့စဉ်အတွင်း သူတို့သည် ‌သူ၏ဆေးဖော်ခြင်းနည်းလမ်းများကို မြင်တွေ့ခဲ့ရ၏။ ဆေးဝါးတာအိုအရာ၌ မန်ဟို၏ ကျွမ်းကျင်မှုနှင့်ပတ်သက်ပြီး လူများမှာ တုန်လှုပ်ပြီးရင်း တုန်လှုပ်လာကြရလေသည်။

"ဆေးလုံးကို ကြည့်ဖို့ အချိန်ကျပြီ" မန်ဟိုက ဆေးပေါင်းဖိုအတွင်းမှ ပဲ့တင်ထပ်လာနေသော ထစ်ချုန်းသံများအကြား၌ ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် ဆေးပေါင်းဖို၏အဖုံးသည် ပွင့်သွားပြီး ဆေးလုံးတစ်လုံး ပျံထွက်လာ၏။

၎င်းက ပေါ်လာလျှင်ချင်း စူးရှသောအလင်းရောင်အား မီတာ (၃၀၀) အတွင်း ကွန့်မြူးသွားစေရာ လူတိုင်းအား ချာချာလည်သွားစေပြီး အာမေဍိတ်သံများ ထွက်လာစေသည်။

"အောင်မြင်သွားတာလား"

"သူ တကယ်ပဲ ... အောင်မြင်သွားတာလား"

မန်ဟိုက မျက်လုံးများ ပိတ်လိုက်သည်။ ဆေးလုံးထံမှ အက်ကွဲသံများ ကြားလိုက်ရပြီး ၎င်းမှာ အဆိပ်ရှိပုံပေါ်သော မည်းမည်းညစ်ညစ်အပျစ်အချွဲ ဖြစ်သွား၏။ အပျစ်အချွဲမှ တဖြေးဖြေး အမည်းရောင်အခိုးအငွေ့များ ထွက်လာသည်။

ကျရှုံးသည်။

တခဏတိတ်ဆိတ်နေပြီးနောက် စကားသံများ ဆူညံပွက်လောရိုက်သွားသည်။ မန်ဟိုက မျက်လုံးများပိတ်၍ တွေးတောရင်း ထိုင်နေသည်။ အမှန်တွင် သူသည် ‌တစ်ဝက်သာ ဖော်စပ်၍ပြီးချိန်ကတည်းက ကျရှုံးမည်ကို သိထားပြီးဖြစ်၏။

သို့သော် ကျရှုံးမှုမှာ သူ့အတွက် လိုအပ်သေုအရာပင်။ သူ၏ဆေးဝါးတာအိုအသိအပေါ် အခြေခံ၍ ‌မိုးနန်းတော်နေဝိညာဉ်ဆေးလုံးဖော်နည်းကို ခွဲခြမ်းစိတ်ဖြာလိုက်သည့်အခါ အောင်မြင်နိုင်သည့် ဖော်စပ်ခြင်းနည်းလမ်းအသွယ်သွယ်ရှိကြောင်း သိလိုက်ရသည်။ နည်းလမ်းတစ်လမ်းစီသည် အောင်မြင်စေနိုင်ပုံသော်လည်း တစ်ဆက်တည်းမှာပင် ကျရှုံးမှုကိုလည်း ဖြစ်စေနိုင်သည်။

တစ်နာရီကြာသော် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ "ငါ ဒီကျရှုံးမှုကနေ သိခဲ့ရတာအပေါ် မူတည်ပြီး ထပ်ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါ အောင်မြင်နိုင်တဲ့ ဖော်စပ်နည်း ၇၉၁ နည်းပဲ ကျန်တော့တယ်"

ထို့နောက် သူက ညာလက်ကို ဆန့်၍ ဗုံကို တီးလိုက်ပြန်သည်။ ဗုံသံသည် ပဲ့တင်ထပ်သွားပြီး စွမ်းဆောင်ရည်ရမှတ်နောက်ထပ်ဆယ်သိန်း ပျောက်ကွယ်သွား၏။ ထပ်မံ၍ ‌ဆေးပင်ဆယ့်သုံးပင် ပျံထွက်လာသည်။

ပရိသတ်များမှာ မန်ဟို နောက်တစ်ကြိမ် ကြိုးစားပြန်သည်ကို မြင်လျှင် ရူးသွားပြီဟု ထင်သွားကြ၏။ သူကား စွမ်းဆောင်ရည်ရမှတ်များစွာ ဖြုန်းနေရသည့်တိုင် ထပ်ကြိုးစားဖို့ ဆုံးဖြတ်လိုက်သေးလေသည်။

၂၄ နာရီကြာသော် ဆေးပေါင်းဖိုသည် ထစ်ချုန်းသွားပြီး နောက်ထပ်ဆေးလုံးတစ်လုံး ပျံထွက်လာသည်။ ဤတစ်ခေါက်တွင် ၎င်းက မီတာ (၃၀၀၀) အထိ‌ လင်းထိန်သွားစေခဲ့၏။ ဆေးလုံးမှာ ရွှေခရမ်းရောင်သမ်းနေပြီး တုနှိုင်းမဲ့ရတနာတစ်ပါးနှင့်တူသည်။ သို့သော် တခဏကြာသော် အက်ကွဲသံများ ကြားလိုက်ရပြီး အ‌မည်းရောင်အငွေ့များအဖြစ် ပြိုကွဲသွား၏။

"ထင်ထားတဲ့အတိုင်းပဲ" မန်ဟိုက တွေးသည်။ "ဒီ‌တစ်ခေါက် သိလိုက်ရတာအပေါ် မူတည်ပြီးတော့ ဆေးဖော်စပ်နည်းကို ၂၁၆ နည်းအထိ ချုံ့နိုင်ခဲ့ပြီ" သူသည် အနားမယူဘဲ ဗုံကို တီး၍ ဆေးပင်ဆယ့်သုံးပင်အတွက် စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်းပေးကာ တတိယအကြိမ်ဖော်စပ်ခြင်းအား စတင်တော့သည်။

ပရိသတ်များမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့သည် သူ စွမ်းဆောင်ရည်ရမှတ်များအား ဖြုန်းတီးနေသည်ကို ကြည့်၍ ရင်နာလာကြသည်။

"‌ဒီလောက် အေးအေးဆေးဆေး ဖြုန်းနိုင်နေရအောင် သူ့မှာ စွမ်းဆောင်ရည်ရမှတ်ဘယ်လောက်တောင် ရှိနေတာလဲ။ ဒီလောက်နှစ်တွေ ကြာလို့ ဘယ်သူမှ အဲဒီဆေးလုံးကို မဖော်စပ်နိုင်ခဲ့တာတောင် ဘာကြောင့် သူက ဖော်စပ်နိုင်မယ်ထင်နေတာလဲ"

"စွမ်းဆောင်ရည်ရမှတ်တွေ ပိုနေရင်လည်း ငါ့နည်းနည်းပေးလိုက်ပါလား ..."

နောက်ထပ် ၂၄ နာရီကြာသွားပြီး ဝုန်းခနဲ ထပ်မံကြားလိုက်ရသည်။ မန်ဟို၏တတိယအကြိမ် ဖော်စပ်မှုလည်း ကျရှုံးသည်။

သို့သော် သူ၏အမူအရာတွင် စိတ်‌ဓာတ်ကျနေသော အရိပ်အယောင် စိုးစဉ်းမျှ မရှိဘဲ မျက်လုံးများ တောက်ပနေလေသည်။

"ဒီတတိယအကြိမ်ကျရှုံးတာနဲ့ဆိုရင် အောင်မြင်နိုင်မယ့့် နည်းလမ်းတွေကို (၁၇) လမ်းအထိ ချုံ့လိုက်နိုင်ပြီ" သူသည် ဗုံကို စတုတ္ထအကြိမ် တီးလိုက်ရာ လူတိုင်းအား အံ့ဩ‌သွားစေသည်။ အဆင့် (၆) ဆေးဝါးပညာရှင်များပင် သူ့အား ရူးသွားပြီဟု ထင်နေကြသည်။

နောက်ထပ် (၂၄) နာရီကြာသော် လေးရက်ဆက်တိုက်ဖော်စပ်ပြီးနောက် သူ့မှာ ကျရှုံးပြန်သည်။

"ဒီလေးကြိမ်မြောက်ကျရှုံးတာနဲ့ဆိုရင် အောင်မြင်နိုင်မယ့် နည်းလမ်းကို သုံးခုအထိ လျော့ချလိုက်နိုင်ပြီ" သူသည် မျက်လုံးများ သွေးချင်းနီရဲနေလျက် ဗုံကို တီးလိုက်ပြန်သည်။

အသံက ပဲ့တင်ထပ်သွားစဉ် သူသည် ငါးကြိမ်မြောက် စတင်ဖော်စပ်တော့၏။

(၂၄) နာရီကြာသော် ဆေးလုံးတစ်လုံးသည် တောက်ပစွာ လင်းလက်လျက် ‌ဆေးပေါင်းဖိုထဲမှ ပျံထွက်လာပြီး‌နောက် ပြိုကွဲသွားသည်။ မန်ဟိုက ရုတ်တရက် ထရပ်လိုက်သည်။

"ငါ အခု နားလည်ပြီ" သူက မျက်လုံးများ တောက်ပလျက် ဗုံကို ခြောက်ကြိမ်မြောက် ထပ်တီးလိုက်သည်။

***

All Chapters