မိုးနန်းတော်နေဝိညာဉ်ဆေးလုံး
Vol. 66 Ch. 924
ဆက်တိုက်ကျရှုံးမှုများက စောင့်ကြည့်နေသူများကို အံ့အားသင့်သွားစေသည်။ သို့သော် အဆင့် (၇) ဆေးဝါးပညာရှင်များသည် မန်ဟို လုပ်နေသောအရာကို ရိပ်စားမိစပြုလာကြ၏။
"တစ်ခါကျရှုံးတိုင်း အောင်မြင်နိုင်ချေများလာတယ်"
"သူ ... ဒီဆေးလုံးကို အောင်အောင်မြင်မြင် တကယ် ဖော်စပ်နိုင်လောက်တယ်" အဆင့် (၇) ဆေးဝါးပညာရှင်အားလုံးမှာ တစ်ယောက်ကို တစ်ယောက် တအံ့တဩ ကြည့်ရင်း အသက်ရှူမြန်လာကြသည်။
အဆင့် (၈) ဆေးဝါးပညာရှင်များမှာမူ သူတို့၏မျက်လုံးများသည် သိချင်နေသောအလင်းရောင်များဖြင့် တောက်ပနေ၏။
မန်ဟို့တွင် ယခု စွမ်းဆောင်ရည်ရမှတ်ဆယ်သိန်းစွန်းစွန်းသာ ကျန်တော့သည်။ သူသာ ခြောက်ကြိမ်မြောက် ကျရှုံးလျှင် ဆက်ကြိုးစားနိုင်တော့မည်မဟုတ်ပေ။ သူက စွမ်းဆောင်ရည်ရမှတ်များစွာကို သုံးလိုက်ပြီးနောက် ဆေးပင်ဆယ့်သုံးပင် ပျံထွက်လာသည်။
"မိုးနန်းတော်နေဝိညာဉ်ဆေးလုံး ဖော်စပ်ရာမှာ ပထမဆုံး အခက်အခဲက ဆေးပင်တွေကို နှစ်နာရီကြာတိုင်း ရာသီဥတု၊ အချိန်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်ပမာဏအပေါ်မူတည်ပြီး ချိန်ညှိပေးရတာပဲ
"အောင်မြင်ဖို့အတွက် နက်ရှိုင်းတဲ့ အပင်နဲ့အသီးအရွက်အသိတင်မကဘူး၊ ကိုင်းဆက်ကူးနည်းတွေအရလည်း သင့်တင့်လျောက်ပတ်တဲ့ ပြင်ဆင်မှုတွေ ရှိဖို့ လိုအပ်တယ်
"ဒုတိယအခက်အခဲက ဆေးလုံးနဲ့ ပတ်သက်တယ်။ ဆေးဖော်နည်းထဲမှာ ရှိတဲ့ ဆေးပင်ဆယ်သုံးပင်ရဲ့ အခန်းကဏ္ဍက ပုံသေလို့ ထင်ရပေမယ့် တကယ်တမ်း ဆေးဖော်နည်းအစစ်ရယ်လို့ မရှိဘူး။ ဆေးပင်ဆယ်သုံးပင်လုံးကို ဆက်တိုက်ထည့်ရမှာမဟုတ်ဘဲ နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာ ဆေးဖော်နေတာလဲအပေါ် မူတည်ပြီး ထည့်ပေးရမှာ
"မူလဆေးဖော်နည်းကို မိုးနန်းတော်နေဝိညာဉ်ဆေးလုံး အောင်အောင်မြင်မြင် ဖော်ဖို့ သေချာပေါက် အသုံးပြုနိုင်ပေမယ့် ပြိုင်ကင်းနေရာတစ်နေရာ၊ ပြိုင်ဘက်ကင်းအချိန်တစ်ချိန်နဲ့ ပြိုင်ဘက်ကင်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်အခြေအနေတွေအောက်မှာပဲ ဖြစ်နိုင်တယ်။ တခြားအခြေအနေမှာ မူလဆေးဖော်နည်းအတိုင်း ဆေးဖော်ရင်တော့ ကျရှုံးလိမ့်မှာပဲ" မန်ဟိုသည် ဆေးပင်ဆယ့်သုံးပင်ကို ကြည့်၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
"တတိယအခက်အခဲက ... ဒီဆေးလုံးဟာ တကယ်တမ်း ဆေးပေါင်းဖို မလိုဘူး။ ဖော်စပ်ဖို့ ၁၂ နာရီအပိုင်းအခြားနှစ်ခုပဲလိုတာတောင် ဆေးပင်ဆယ့်သုံးပင်ပေးထားတယ်။ အဲဒီထဲက တစ်ပင်က ... ဆေးပေါင်းဖိုအဖြစ် ပြုမူပေးတယ်
"စတုတ္ထအခက်အခဲက ၁၂ နာရီအပိုင်းအခြားနှစ်ခုအတွင်း ဖော်စပ်ပြီးရမှာပဲ။ အသက်တစ်ရှိုက်လေး နောက်ကျသွားရင်တောင်မှ ကျရှုံးနိုင်ခြေမြင့်မားတယ်" မန်ဟို၏မျက်လုံးများသည် စူးရှတောက်ပနေ၏။ သူက ဆေးလုံးများစွာကို ဖော်စပ်ခဲ့ဖူးသည့်အပြင် ဗလာနိတ္ထိမှ အရှိအတ္ထိကိုပင် ဖန်တီးခဲ့ဖူး၏။
သူ၏ ဆေးဝါးတာအိုအသိမှာ ရှိန်ချင့်ဖွယ်ကောင်းလေသည်။ သို့ထိတိုင် သူ့အတွက် ဤသည်မှာ မူလမျိုးကွဲပေါင်းများစွာ ပါရှိသော ဆေးလုံးတစ်လုံးကို ပထမတွေ့ရခြင်းဖြစ်သည်။ သူက အသက်ပြင်းပြင်းရှူ၍ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ လက်ရှိအချိန်ကား မွန်းတည့်ချိန်ပင်။
သူက တိတ်ဆိတ်စွာ စောင့်နေသည်။ အချိန်သည် ဖြေးညင်းစွာ ကုန်ဆုံးသွား၏။ ပရိသတ်အများစုမှာ တအံ့တဩ ကြည့်နေကြသော်လည်း အဆင့် (၈) ဆေးဝါးပညာရှင်များ၏ မျက်လုံးများက ရုတ်တရက် လင်းလက်တောက်ပလာလေသည်။
တစ်ချိန်တည်းမှာပင် အတွင်းတောင်များ၏ အလယ်ဗဟိုတွင် ဆေးလုံးအကြီးအကဲသည် ထရပ်၍ ဆေးလုံးအိမ်တော်ကို ကြည့်လိုက်၏။ စိတ်လှုပ်ရှားသွားသောအလင်းရောင်က သူ၏မျက်လုံးများတွင် မသိမသာဖြတ်ပြေးသွားသည်။
"သူ တစ်ခုခုကို သိလိုက်ပြီ" ဖန်တယွမ်က ရေရွတ်လိုက်သည်။ "တကယ်တော့ ငါလည်း မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်နိုင်တယ်။ ဒါပေမဲ့ ဒီတောင်ပေါ်၊ နှစ်တစ်ရာမှတစ်ခါ ဖြစ်ပေါ်တဲ့ အရှေ့တက်လှမ်းခြင်းနေနေ့အတောအတွင်းမှာပဲ။ အဲဒီနေ့မှ ... ငါ ကောင်းကောင်းမွန်မွန် ဖော်စပ်နိုင်မှာ
"တခြားအချိန်မှာဆို ငါ့အောင်မြင်နိုင်ခြေက ဆယ်ရာခိုင်နှုန်းပဲ ရှိသလို အရည်အသွေးကလည်း မြင့်မားမှာမဟုတ်ဘူး"
ဆေးလုံးအိမ်တော်၏အပေါ်တွင် ကောင်းကင်သည် မွန်းလွဲပိုင်းသို့ ကူးပြောင်းလာနေ၏။ မန်ဟို၏မျက်လုံးများ တောက်ပလာပြီး သူက နေပန်းပွင့်ကို အလျင်အမြန် လှမ်းယူလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်း၏အကိုင်းအခက်များ၊ အရွက်များအားလုံး အခြွေခံလိုက်ရကာ ပန်းပွင့်ချပ်များသာ ခွက်ပုံသဏ္ဌာန်ပြန့်ကားရင်း ကျန်ခဲ့၏။
"နေပန်းပွင့်ကို ဆေးပေါင်းဖိုအဖြစ် သန့်စင်"
နေပန်းပွင့်အား ဆေးပေါင်းဖိုအဖြစ် အောင်မြင်စွာ ပြောင်းလဲပြီးသွားသည့်အခိုက်အတန့်တွင် မန်ဟိုသည် ဆေးပင်ဆယ့်နှစ်ပင်လုံးကို ခွဲခြမ်းစိတ်ဖြာလိုက်သဖြင့် သူ၏မျက်လုံးများမှာ နိမိတ်အလင်းရောင်ဖြင့် တောက်ပလာသည်။ ထို့နောက် သူက ဆေးပင်တစ်ပင်ကို လှမ်းဆွဲ၍ တစ်ဆက်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ပို့လွှတ်ရင်း အပင်၏ပုံသဏ္ဌာန်ကို ပြောင်းလိုက်၏။ ၎င်း၏ဆေးဂုဏ်သတ္တိများ ပျက်ပြယ်သွားသောအခါ သူက ၎င်းကို ပတ်ဝန်းကျင်ရှိ လက်ရှိယန်ချီနှင့် စိတ်ဝိညာဥ်စွမ်းအင်ပမာဏအတိုင်း စတင်ပုံသွင်းသည်။
တအောင့်ကြာသော် ဆေးပင်တစ်ပင်လုံးသည် လင်းလက်နေသော ရွှေရောင်အရည်စက်တစ်စက်အသွင်ပြောင်းသွားပြီး သူက နေပန်းပွင့်အပေါ် ချလိုက်လေသည်။
ပထမအစက်အား ဖန်တီးပြီးသောအခါ သူ့နဖူး၌ ချွေးသီးများ ထွက်လာသည်။ သူသည် နေပန်းပွင့်ကို ဆက်လက်အပူပေးရင်း စိတ်အာရုံရှင်းလင်းရန် တရားထိုင်လိုက်သည်။ မကြာမီ ဒုတိယမြောက် နှစ်နာရီအပိုင်းအခြားသို့ ရောက်လာပြီး သူက မျက်လုံးများအား ဖျတ်ခနဲ ဖွင့်လိုက်သည်။ သူသည် ကောင်းကင်ကို မော့ကြည့်၍ နေရောင်နှင့် စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားပြီးနောက် နောက်ထပ်ဆေးပင်တစ်ပင် ရွေးချယ်လိုက်သည်။ စောစောက နည်းလမ်းအတိုင်း သူက ၎င်းကို အရည်ပြောင်းပြီး နေပန်းပွင့်အပေါ် ချလိုက်၏။
သုံးကြိမ်မြောက် နှစ်နာရီအပိုင်းအခြားရောက်လာပြီးနောက် လေးကြိမ်မြောက်၊ ငါးကြိမ်မြောက် ..
အချိန်များ ကုန်လွန်သွားသည်။ နေဝင်ပြီး မှောင်ရီပျိုးလာသည်။ လနှစ်စင်းထွက်လာသည့်အခါ မန်ဟိုသည် အနက်ရောင်ပန်းတစ်ပွင့်အား သန့်စင်ပြီးသွား၏။ နောက်ဆုံးနှစ်နာရီအပိုင်းအခြားလေးခုတွင် သူ၏အမူအရာမှာ အတိုင်းထက်အလွန် လေးနက်လာသည်။ သူသည် ဆေးအိမ်တော်တွင် စိန်ခေါ်ခဲ့စဉ်တုန်းကအတိုင်း ယခုလည်း ကြောက်မက်ဖွယ်ရာ စိတ်စွမ်းအားပမာဏကို သုံးနေရကြောင်း သိသာ၏။
နှစ်နာရီကြာတိုင်း သူ့အနေဖြင့် သင့်တော်သော ဆေးပင်ကို ရွေးချယ်ရပြီး ကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုအတိုင်း အသွင်ပြောင်းရသည်။ ဤအတွက် အာရုံစူးစိုက်မှုနှင့် အကဲဖြတ်မှုများစွာ လိုအပ်ရာ အဆင့် (၈) ဆေးဝါးပညာရှင်များအတွက်ပင် ခက်ခဲမည့်အရာဖြစ်သည်။
မန်ဟို၏ အပင်နှင့်အသီးအရွက်အသိက မယုံနိုင်ဖွယ်အဆင့်သို့ ရောက်နေခဲ့သည့်အပြင် ဆေးဝါးတာအိုတွင် ပါရမီထက်သန်၍သာမဟုတ်လျှင် သူလည်း ဤအရာကို ဘယ်တော့မှ လုပ်နိုင်မည်မဟုတ်ပေ။
ကိုးကြိမ်မြောက်နှစ်နာရီအပိုင်းအခြား ရောက်လာသည်။ ထို့နောက် ဆယ်ကြိမ်မြောက်၊ ဆယ့်တစ်ကြိမ်မြောက်....
နောက်တစ်နေ့၏ မွန်းတည့်ချိန်ရောက်သော် မန်ဟိုက နောက်ဆုံးဆေးပင်အား ကောက်ယူလိုက်သည်။ သူသည် ၎င်းအား အရည်ပြောင်း၍ နေပန်းပွင့်ဆေးပေါင်းဖိုအပေါ် ချလိုက်လေ၏။ မျက်လုံးများ သွေးချင်းနီရဲနေလျက်၊ မျက်နှာတွင် ပင်ပန်းမှုတို့ စိုးမိုးနေလျက် သူက လက်နှစ်ဖက်လုံးကို ဆန့်ထုတ်၍ နေပန်းပွင့်အပေါ် ဖိချလိုက်သည်။
သူ၏အပြုအမူက နေပန်းပွင့်ချပ်အား စုဆုံသွားစေပြီး လက်သီးဆုပ်အရွယ် အဖူးသည် လေပေါ်သို့ ဖြေးညင်းစွာ မြောက်တက်လာ၏။
ဤအခိုက်အတန့်တွင် ရင်ခုန်နေကြသော ပရိသတ်များမှာ ပန်းဖူးထံမှ အကြည့်မခွာကြတော့ပေ။
ပြီးခဲ့သော ခြောက်ရက်တာကာလမှာ ဆေးဝါးအတတ်သင်၊ ဆေးဝါးပညာရှင်အကုန်လုံးကို တုန်လှုပ်သွားစေခဲ့သည်။ မန်ဟို၏ ဆေးဖော်စပ်စွမ်းရည်မှာ ရှိသမျှလူတိုင်း စိတ်ကူးကြည့်နိုင်သည်ထက် သာလွန်၏။ သူတို့မျက်စိဖြင့် တပ်အပ်မြင်တွေ့နေရသည့်တိုင် ၎င်းမှာ စကားလုံးများဖြင့် ဖော်ပြမရနိုင်သောအရာဖြစ်နေသေးသည်။ သူတို့မှာ သူ ဘာလုပ်နေသလဲ ဆိုသည်ကိုပင် မသိကြပေ။
ဤဖော်စပ်မှု အောင်မြင်သည်လား၊ ကျရှုံးသည်လား ဖော်ပြမည့် အခိုက်အတန့်ကား ရောက်ရှိလာခဲ့လေပြီ။
မန်ဟိုက ပျံဝဲနေသော နေပန်းပွင့်အဖူးကို မော့ကြည့်လိုက်သည်။
ရုတ်တရက် အတွင်းမှ အလင်းတန်းတစ်တန်းပြီးတစ်တန်း ဖြာထွက်လာ၏။ ၎င်းတို့က ပွင့်ချပ်များကို ထိုးဖောက်၍ ကောင်းကင်နှင့်မြေကြီးအား ဖောက်ထွင်းရင်း မီတာတစ်သိန်းပတ်ပတ်လည်တွင် တောက်ပသွားသည်။
အဆုံးစွန်အထိ ခံ့ညားသော အလင်းတန်းများ ဆက်လက်ဖြာထွက်လာသည်။ ပန်းဖူးသည် တဖြေးဖြေး လာပြီး ပွင့်ချပ်တစ်ချပ်ပြီးတစ်ချပ် ကွာကျလာကာ မျက်စိကျိန်းမတတ် စူးရှနေသော အလင်းရောင်ကို ဖော်ပြလိုက်သည်။
အလင်းရောင်က ကောင်းကင်ကို မှေးမှိန်သွားစေပြီး မြေပြင်တစ်ခွင် တိတ်ဆိတ်သွားစေသည်။ နေမွန်းတည့်ချိန် ဖြစ်သည့်တိုင် မျက်စိတစ်မှိတ်အတွင်း အရောင်အားလုံး မှေးမှိန်လာသည်။ ဤပန်းပွင့်ချပ်များတွင် ... နေတစ်စင်းပါရှိနေသည့်အလားပင်။
ထိုနေက မြင့်တက်လာပြီး အတွင်း၌ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခုကို မြင်သည်ဆိုရုံကလေး မြင်ရ၏။ ဤပုံရိပ်လေးမှာ နေအတွင်း၌ မွေးဖွားလာခဲ့သော နေဝိညာဉ်ပင်။
မိုးနန်းတော်နေဝိညာဉ်ဆေးလုံး
ဒေါင် ..... ဒေါင်..... ဒေါင်.....
ရှေးတာအိုခေါင်းလောင်းသည် ဖန်မျိုးနွယ်စုဘိုးဘေးစံအိမ်၏အပေါ်တွင် တဖြေးဖြေး ပေါ်လာပြီး ရှေးကျသောခေါင်းလောင်းသံအား ထုတ်လွှတ်လိုက်၏။ အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသော ခေါင်းလောင်းသံကိုးချက်အား ကြားရနိုင်လေသည်။ တစ်ဆက်တည်းမှာပင် ခေါင်းလောင်း၏ မျက်နှာပြင်အပေါ်၌ လက်ရေးစာများ မြင်သာလာသည်။
ဖန်ဟို - မိုးနန်းတော်နေဝိညာဉ်ဆေးလုံး ဖော်စပ်မှု - အောင်မြင်သည်
ခေါင်းလောင်းသံနှင့်အတူ စကားလုံးများမှာ အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ မျိုးနွယ်ဝင်တိုင်း၏ စိတ်ထဲသို့ ကူးပြောင်းပေးပို့ခံလိုက်ရသည်။ ထိုအခိုက်အတန့်တွင် လူတိုင်း ယခုလေးတင် ဘာဖြစ်သွားသည်လဲ သိရှိသွားကြလေပြီ။
ဆေးဝါးတာအိုဌာနတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ဆေးလုံးအိမ်တော်ရှိ အဖြစ်အပျက်များကို လာရောက်မကြည့်ရှုခဲ့သောလူများပင်လျှင် ထိုနေရာမှ ဖြာထွက်လာသည့် စူးရှသောအလင်းရောင်ကို မြင်ပြီး မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။
ထို့နောက် ခေါင်းလောင်းသံအား စိတ်ထဲ၌ ကြားလိုက်ရ၍ အကုန်လုံး ဆေးအိမ်တော်ထံသို့ ပျံသန်းသွားကြလေသည်။
တစ်ချိန်တည်းမှာပင် မည်သည့်နေရာသို့ ရောက်နေသည်ဖြစ်စေ၊ လက်ရှိ မည်သည့်အရာကို လုပ်နေသည်ဖြစ်စေ အရှေ့အောင်ပွဲဂြိုဟ်အပေါ်ရှိ ဖန်မျိုးနွယ်ဝင်တိုင်းမှာ သူတို့၏စိတ်ထဲ၌ ထစ်ချုန်းသံကြီးကို ကြားလိုက်ရသည်။
"ဖန်ဟိုပဲလား။ သူက ... သူက တကယ်ကြီး မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်လိုက်တာလညး"
"နှစ်ပေါင်းသောင်းနဲ့ချီကြာတဲ့အထိ ဘယ်သူ့မှ အဲဒီဆေးလုံးကို မဖော်စပ်နိုင်ခဲ့ဘူးလေ။ သူ အောင်မြင်သွားတာ ယုံတောင်မယုံနိုင်ဘူး။ ဒီနေ့ကစပြီး ဖန်မျိုးနွယ်စုထဲမှာ သူ့ရဲ့အဆင့်အတန်းကတော့ အခြားနားကြီး ခြားနားသွားပြီ"
သွေးဆက်အားလုံး အံ့ဩသွားကြပြီး မရေမတွက်နိုင်သောကျင့်ကြံသူများသည် ချာချာလည် မူးဝေသွားသည်ကို ခံစားလိုက်ကြရ၏။ ယခုတွင် ဖန်ဟို၏နာမည်ကား သူတို့အားလုံး၏စိတ်ထဲတွင် စွဲထင်ကျန်ရစ်နေလေပြီ။ ပြီးခဲ့သည့်အတောအတွင်း မန်ဟိုက ... ဖန်မျိုးနွယ်စုကို ထပ်တလဲလဲ အံ့အားသင့်အောင် လုပ်ခဲ့သည်ဟု ဆိုနိုင်၏။
ဖန်မျိုးနွယ်စုတစ်ဝန်းလုံးတွင် သူသည် တာအိုခေါင်းလောင်းအား အများဆုံးမြည်စေခဲ့သူဖြစ်၏။ ဖန်ဝေပင်လျှင် ထိုကဲ့သို့အရာမျိုးမလုပ်နိုင်ပေ။ ပို၍ပင် အရေးကြီးသည်မှာ ... သူက သူ၏နာမည်ကို တာအိုခေါင်းလောင်းပေါ်တွင် ပေါ်လာစေခဲ့သည်။ ဖန်မျိုးနွယ်စုအတွက် ၎င်းမှာ စိတ်ကူးကြည့်၍မရနိုင်သော ဂုဏ်ကျက်သရေပင် ဖြစ်သည်။
သူ့နာမည်နှင့် ၎င်းဘေးရှိ စကားလုံးများသည် ထာဝရတစ်လျှောက်လုံး တည်မြဲနေတော့မည်ဖြစ်သည်။ ဖန်မျိုးနွယ်စုတည်ရှိနေသရွေ့ တာအိုခေါင်းလောင်းနှင့်အတူ ထိုစကားလုံးများကား တည်ရှိနေတော့ပေမည်။
တိုက်ရိုက်သွေးဆက်မှာ အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။ မန်ဟို ထင်ရှားကျော်ကြားလာလေလေ၊ တိုက်ရိုက်သွေးဆက်တစ်ကျော့ပြန် အရှိန်အဝါကြီးမားလာဖို့ မျှော်လင့်ချက်ရှိလေလေပင်။
"အစ်ကိုကြီးရေ ဟိုအာကတော့ ဖန်မျိုးနွယ်စုရဲ့ ရွေးချယ်ခံဆိုတာ အသိသာကြီးပဲဗျ" ဦးလေးဆယ့်ကိုးသည် တောင်ကောင်းကင်ဂြိုဟ်ရှိရာသို့ လှမ်းကြည့်၍ အားရဝမ်းသာစွာ ရယ်ရင်း တွေးလိုက်သည်။
ထိုစဉ် ဖန်ဝေ၏အဖေနှင့် အဘိုးသည် ဘိုးဘေးစံအိမ်ထဲတွင် မှုန်ကုပ်လျက် ထိုင်နေကြ၏။ ဖန်ဝေ၏အဖေ၊ ဖန်ရှုံ့ရှန်းက သူ့ဘေးရှိ မှော်ကျောက်စိမ်းပုလင်းကို လှမ်းဆွဲ၍ ခွဲပစ်လိုက်သည်။
"င့လိုးမ ခွေးသား။ သူ့ဆေးဝါးတာအိုက ဒီလောက်ထိ မြင့်မားလိမ့်မယ်လို့ မထင်ထားဘူး
"သူက မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်လိုက်ပြီ။ ဆေးဝါးတာအိုဌာနမှာ နာမည်ကြီးလာရင်း မျိုးနွယ်စုထဲမှာလည်း နာမည်ကြီးလာမှာပဲ။ အခုတော့ ဘယ်သူမှ သူ့ကို အကောက်ကြံရဲတော့မှာ မဟုတ်ဘူး" ဖန်ရှုံ့ရှန်းက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏မျက်နှာကြီးသည် အရုပ်ဆိုးအကျည်းတန်နေတော့သည်။
"အဖေ ဖန်ဝေ့အတွက် အဲဒီခွေးသား သေမှဖြစ်မယ်။ ကျုပ်တို့ ဖန်မျိုးနွယ်စု အင်မော်တယ်ကမ္ဘာကို ဖွင့်ဖို့ လိုအပ်နေပြီ"
သူ့အဖေက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်တို့ ဖြတ်ပြေးသွားသည်။
"အဲ့ဒါက ငါတစ်ယောက်တည်း လုပ်နိုင်တာမဟုတ်ဘူး" သူက ပြောသည်။ တခဏကြာတွေးပြီးသော် သူ၏မျက်လုံးများထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ ပိုမိုအားကောင်းလာ၏။
ဘိုးဘေးစံအိမ်ထဲရှိ ပင်မဝတ်ပြုကျောင်းထဲတွင် မဟာအကြီးအကဲ ဖန်သုံ့တျန်းသည် ဆေးဝါးတာအိုဌာနကို လှမ်းကြည့်ရင်း တံခါးဝ၌ ရပ်နေသည်။ သူ၏မျက်နှာအပေါ်၌ မြင်ရခဲသော အံ့ဩမှုကို မြင်ရနိုင်သည်။
"ငါ ... မှားများ သွားပြီလား" မဟာအကြီးအကဲမှာ ရုတ်တရက် ပိုအိုသွားသယောင်ပင်။ "မဟုတ်ဘူး မမှားဘူး။ အကုန်လုံးက မျိုးနွယ်စုအတွက်ပဲ"
ဘိုးဘေးစံအိမ်၏ အရှေ့ဒေသရှိ နောက်တစ်နေရာတွင် ငွေသော်တာလကန်ဟု အသိများသော ကန်တစ်ကန်ရှိသည်။ ဟိုးလွန်ခဲ့တုန်းက ရှေးနတ်နဂါးကြီးတစ်ကောင် ဤနေရာတွင် စုတေသွားခဲ့ရာ အင်မော်တယ်ချီများ ပေါကြွယ်ဝစေခဲ့လေသည်။ အမှန်တွင် ဤနေရာသည် အရှေ့အောင်ပွဲဂြိုဟ်ပေါ်၌ နှစ်ခုမရှိနိုင်သော အထွတ်အမြတ်မြေတစ်မြေပမာဖြစ်သည်။
ကန်၏အလယ်တွင် လှပစွာ တန်ဆင်ထားသော အဆောက်အဦးတစ်ခုရှိ၏။ ၎င်းသည် လွန်စွာကြီးမားပြီး လောလောဆယ်တွင် စကားတပြောပြောနှင့် ရယ်မောနေကြသော လူများဖြင့် ပြည့်နေသည်။ သူတို့အားလုံး၏အလယ်တွင် ဖန်ဝေရှိကာ ဖန်ဝေ၏ဘေးတွင်တော့ ဖန်ယွင်ရီအပြင် ဖန်ဟုန်ကဲ့သို့ ဖန်မျိုးနွယ်ရွေးချယ်ခံများ ရှိကြသည်။
ဖန်တုံးဟန်နှင့် ဖန်ရှန်ရှန်းလည်း ရှိပြီး ထိုက်ယန်ကျစ်၊ စွန်းဟိုက်၊ စုန့်လောတန်၊ ဝမ်မု၊ လီလင်းအာနှင့် အခြားမျိုးနွယ်စုများမှ ရွေးချယ်ခံများလည်း ရှိကြသည်။။
ဖန်တုံးအာလည်း သူမအနောက်၌ ပျံဝဲနေသော အမျိုးသမီးအလောင်းနှင့်အတူ လူအုပ်ထဲတွင် ရပ်နေသည်။ သူမ၏အမူအရာမှာ တည်ငြိမ်နေပြီး အင်မော်တယ်အပျက်အစီးများနယ်မှာတုန်းကကဲ့သို့ စိတ်မကြည်မလင်ဖြစ်နေသည့်ပုံမပေါ်ပေ။ သူမကား ယခုတွင် လှပချိုမြိန်သောအပြံးဘေးတစ်ပွင့်ကို ဆင်မြန်းထားလေ၏။
ဖန်ဝေလည်း ဖော်ရွေစွာ ပြုံးနေသည်။ သူကား ဧည့်ဝတ်ကျေပွန်ပြီး လွန်စွာယဉ်ကျေးရည်မွန်သည့်အတွက် အမျိုးသမီးကျင့်ကြံသူများအား တက်တက်ကြွကြွ ဖြစ်နေစေသည်။
လောလောဆယ်တွင် သူတို့သည် မကြာသေးမီက တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲအကြောင်း ဆွေးနွေးနေကြ၏။ မှန်ပါသည် ၊ ဖန်မုနာမည်လည်း ပါလာသည်။ အတ်ောများများက ဖန်မုမှာ ... ဖန်မျိုးနွယ်တစ်ယောက် သို့မဟုတ် ဖန်ဝေဖြစ်သည်ဟု ယုံကြည်နေကြသည်။
ဖန်ဝေက သူသည် ဖန်မုဖြစ်ကြောင်း အထင်မှားနေကြသည်ကို မဖြေရှင်းဘဲ ခေါင်းခါ၍သာ စကားလမ်းကြောင်းလွှဲလိုက်တတ်သည်။ အမှန်ပင် ယင်းက သံသယသာ ပိုများသွားစေ၏။
"ဖန်မျိုးနွယ်စုမှာ ကြယ်တာရာအရိပ်မှော်ကျင့်စဉ်တစ်ခုရှိတယ် ကြားတယ်" ထိုက်ယန်ကျစ်က မျက်လုံးများ ဝင်းလက်နေလျက် ပြောသည်။ "ဆိုတော့ ဖန်မုက ... တကယ်ပဲ အစ်ကိုကြီးဖန်လား"
ဖန်ဝေက ပြုံးပြီး တစ်ခုခု ပြောတော့မည့်အချိန် ရုတ်တရက် မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူတင်မဟုတ်။ ဖန်မျိုးနွယ်ဝင်အားလုံးလည်း မျက်နှာ ရိပ်ခနဲ ဖြစ်သွားကြပြီး ဆေးဝါးတာအိုဌာနကို အလိုလို လှမ်းကြည့်မိလိုက်ကြလေသည်။
***