← Chapters

ယောက်ဖလောင်းလော

Vol. 66 Ch. 925

ယောက်ဖလောင်းလော

Vol. 66 Ch. 925

ဖန်ယွင်ရီ၏ မျက်နှာမှာ ရုတ်တရက် အတိုင်းထက်အလွန် အရုပ်ဆိုးသွားတော့သည်။ ကျန်ရွေးချယ်ခံများ၏ ‌မျက်နှာများလည်း မည်းမှောင်သွားကြသလို၊ ဖန်ဝေကို အဖော်ပြုနေကြသော ဖန်မျိုးနွယ်ဝင်အားလုံး၏ မျက်နှာများလည်း ထိုနည်းတူဖြစ်သွားကြသည်။

သူတို့၏ အမြင်အရ မန်ဟိုက တိုက်ရိုက်သွေးဆက်၏ အကြီးဆုံးမြေးဖြစ်‌လျှင်တောင်မှ ဖန်မျိုးနွယ်စုတွင် ဖန်ဝေသည် တာအိုကလေးဟူ၍ ခေါင်းဆောင်ကြီးကိုယ်တိုင် ကြေညာပေးထားသူဖြစ်သည်။ ဖန်ဝေကား နှစ်‌တစ်ထောင်အတွင်း ရှေးဟောင်းနယ်ပယ်သို့ ရောက်ရှိရန် သေချာသည့်အတွက် သူ့အား မည်သူမှ ဖြုတ်ချ၍မရသလို၊ အတိုက်အခံလုပ်၍လည်း မရနိုင်ပေ။

ထို့အပြင် ဖန်ယွင်ရီ၏ သွားပုပ်လေလွင့်ပြောစကားများလည်း ရှိသေးသည်။ သူက မန်ဟိုသည် မည်မျှရက်စက်ကြောင်း လူတိုင်းကို အဆက်မပြတ် ပြောနေတတ်၏။ အဆုံးသတ်တွင် မျိုးနွယ်စု၏ ရွေးချယ်ခံများမှာ မန်ဟို့ကို သိပ်မကြည်‌ကြတော့ပေ။

ဖန်တုံးဟန်၏ မျက်လုံးများမှာ မသိမသာ လင်းလက်သွား၏။ ယခုဖြစ်ပျက်နေသော အရာအားလုံးမှာ သူ မြင်ချင်သော အရာနှင့် ထပ်တူကျလေသည်။ မန်ဟိုသည် ထင်ရှားကျော်ကြားလေလေ ၊ ဖန်ဝေနှင့် မတည့်လေလေဖြစ်ကာ နှစ်ယောက်လုံး ဘယ်တော့မှ ရန်ပြေမငြိမ်းနိုင်သော ပြိုင်ဘက်များ ဖြစ်သွားပေလိမ့်မည်။

"သူတို့နှစ်ယောက် အနှေးနဲ့အမြန် တစ်ယောက်ကို တစ်ယောက်တိုက်ခိုက်ကြတော့မယ်" သူက တွေးသည်။ "တိုက်ပွဲပြီးတာနဲ့ ... ငါ ‌‌ထွန်းတောက်လာဖို့ အခွင့်အရေးရပြီ" သူက မျက်လုံးထဲရှိ ပြင်းပြသော ရည်မှန်းချက်များကို အခြားလူများ မမြင်စေရန်အလို့ငှာ ခေါင်းငုံ့လိုက်သည်။

ဖန်ရှန်ရှန်းမှာ မျက်လုံးများပြူးကျယ်လျက် အသက်ပြင်းပြင်းရှုရင်း ဘေးတွင် ရပ်နေသည်။ သူမသည် မျိုးနွယ်စုအတွင်း၌ မန်ဟိုအား တစ်ခါတလေ မြင်ခဲ့ရပြီး သူ့မြင်ကွင်းမှ တမင်တကာ ပုန်းရှောင်နေခဲ့၏။ ယခုတွင် ခေါင်းလောင်းသံကား သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ သူမအနေဖြင့် မန်ဟိုကား မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို အမှန်တကယ် ဖော်စပ်နိုင်လိမ့်မည်ဟု မည်ကဲ့သို့ ထင်ထားခဲ့မည်နည်း။

မျိုးနွယ်စုတစ်စုလုံး တုန်လှုပ်နေကြသည်။

"ဘာဖြစ်သွားတာလဲ" စုန့်လောတန်က မျက်လုံးများ တဖျက်ဖျက် လက်လျက် ‌အပြုံးလေးတစ်ခုဖြင့် မေးသည်။ အခြားမျိုးနွယ်စုများ၏ ရွေးချယ်ခံအားလုံးလည်း ဖန်ဝေကို သိချင်စိတ်များဖြင့် ကြည့်လိုက်ကြ၏။ လီလင်းအာနှင့် ဖန်းတုံးအာပင် ပါ၀င်သည်။

လီလင်းအာ၏ အမူအရာတွင် အထင်သေးသော အငွေ့အသက်များအား မြင်ရနိုင်သည်။ စောစောက ဖန်မုအကြောင်းပြောခဲ့တုန်းက ဖန်ဝေပြုမူခဲ့ပုံနှင့် ပက်သက်ပြီး သူမသည် မထီမဲ့မြင်သာ ရယ်ခဲ့၏။ ဖန်မုက ဖန်ဝေမဟုတ်ဘဲ မုန်းစရာကောင်းသော မန်ဟိုသာဖြစ်ကြောင်း သူမ ကောင်းကောင်းသိလေသည်။

ဖန်ဝေ၏ အမူအရာသည် ပုံမှန်အတိုင်းဖြစ်သွားပြီး သူက အခြားရွေးချယ်ခံများဘက်သို့ လှည့်ကာ မဆိုစလောက် ပြုံးပြလိုက်သည်။

"ဪ ဘာမှ မဟုတ်ပါဘူး" သူက ပြောသည်။ "မျိုးနွယ်၀င်တစ်ယောက်က တာအို‌ခေါင်းလောင်း မြည်သွားစေတဲ့ ‌ဆေးလုံးကို ဖော်စပ်ခဲ့တာကြောင့်ပါပဲ။ ဒါလေးပါပဲ။ တာအိုရောင်ရင်းတို့ ဒီနေ့ပြီးတာနဲ့ နှစ်ပေါင်းရာချီကြာမှ ဖြစ်ပေါ်တတ်တဲ့ အရှေ့တက်လှမ်း‌ခြင်းနေနေ့ ရောက်လာတော့မယ်နော်

"ကျုပ် ဖန်ဝေအနေနဲ့ ခင်ဗျားတို့ ရရှိမယ့် အကျိုးအမြတ်တွေကို ကြိုပြီး ဂုဏ်ပြုထားချင်ပါတယ်။ ဒီနေ့ဟာ နဝမတောင်ပင်လယ်ရဲ့ မျိုးနွယ်စု‌ကြီးလေးစုထဲက တစ်စုဖြစ်တဲ့ ဖန်မျိုးနွယ်စုအတွက် နှစ်တစ်ရာမှ တစ်ကြိမ်ကျင်းပတဲ့ ရတုသဘင်နေ့ဖြစ်ပါတယ်။ ဂိုဏ်းအသီးသီး၊ မျိုးနွယ်စုအသီးသီးက တပည့်အကျော်အမော်တွေကို ဖိတ်ကြားဧည့်ခွင့်ရတာက ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ။ ကဲ ဒီအရှေ့တက်လှမ်းခြင်းနေနေ့ကို ဆက်ပြီး ကျင်းပကြစို့လား"

ဖန်ဝေ၏ စကားလုံးများက မည်သူမဆိုအတွက် မေးခွန်းဆက်ထုတ်ရန် ခက်ခဲသွားစေသည်။ သူတို့သည် ပြန်လည်၍ စကားပြော၊ ရယ်မောနေကြသော်လည်း မည်သူမှ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သောအရာကို မမေ့ကြပေ။

စွန်းဟိုက်သည် သူ့ဘေးရှိ ဖန်မျိုးနွယ်ကျင့်ကြံသူနှင့် စကားပြောရင်း စိတ်ကြီးဝင်နေသော မျက်နှာထားရှိ၏။ ဖန်မျိုးနွယ်ဝင်များမှာ နည်းနည်းလေးမှ မလေးစားသည့် အရိပ်အယောင်မပြပေ။ စွန်းဟိုက်ကား အင်မော်တယ်ဧကရာဇ်‌ဘုရားကျောင်း၏ အင်ပါယာကလေးအလောင်းအလျာအဖြစ် လျာထားခံထားရသည်ဟု မကြာသေးမီကမှ သူတို့ ကြားထားရသည် မဟုတ်ပါလော။

"မင်း ပြောမှပဲ တွေးမိတယ်" စွန်းဟိုက်က တဟားဟားရယ်၍ သူ့ကတုံးကို ပုတ်ရင်း ပြောသည်။ "တကယ်တော့ ကျုပ်နဲ့ ဖန်မျိုးနွယ်စုရဲ့ ပတ်သက်မှုက နက်ရှိုင်းတယ်ဗျ

"ကျုပ်တို့အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖန်မျိုးနွယ်၀င်ဖြစ်နေတဲ့ ဂျူနီယာညီမလေးတစ်ယောက်ရှိတယ်" ထိုဂျူနီယာညီမလေးအကြောင်းပြောသောအခါ စွန်းဟိုက်၏မျက်လုံးများတွင် ချစ်စိတ်တို့ လျှံတက်လာ၏။ သူသည် ထိုမိန်းကလေးအား ပထမဆုံး မြင်ခဲ့သည့်အချိန်တုန်းက ငေးကြောင်၍ ကြည့်နေခဲ့မိပုံ၊ သူ့စိတ်မှာ မိုးကြိုးပစ်ခံရသည့်အလား ထစ်ချုန်းသွားခဲ့ပုံကို မှတ်မိနေသေး၏။ ထိုအခိုက်အတန့်တွင် ဖန်မျိုးနွယ်စုမှ ထိုအမျိုးသမီးလေးသာ စကြ၀ဠာတစ်ခုလုံးတွင် တည်ရှိတော့သည့်အလား ထင်ခဲ့ရလေသည်။

သူမက မည်သူမည်ဝါဖြစ်သည်ကို အင်မော်တယ်ဧကရာဇ်ဘုရာကျောင်းတွင် လျှို့ဝှက်ထားသော်လည်း စွန်းဟိုက်သည် သူမက ဖန်မျိုးနွယ်၀င်ဖြစ်ကြောင်း သိထား၏။

သူက တစ်နေ့တွင် သူတို့နှစ်‌ယောက် အကြင်လင်မယားအဖြစ် ပေါင်းဖက်စေရမည်ဟု သစ္စာဆိုခဲ့လေသည်။ ထိုအိပ်မက်အတိုင်း သူ့မှာ သူမအနားသွားရုံလေးနှင့် ကြိမ်ဖန်များစွာ ရက်ရက်စက်စက် ဆော်ပလော်တီးခံခဲ့ရလေသည်....

တစ်ခါရိုက်ခံရတိုင်း သူသည် ထိုအရာကို သူမ၏ သူ့အပေါ် သဘောကျမှုအား ပြသပုံဟု မှတ်ယူထား၍ ရင်ဖိုသွားတတ်၏။

အရှေ့တက်လှမ်းခြင်းအိမ်တော်တွင် လူတိုင်းသည် ကျရောက်လာတော့မည့် နေဝင်ဆည်းဆာအကြောင်းနှင့် အရှေ့တက်လှမ်းခြင်းနေအကြောင်း ပြောနေကြ၏။ အိမ်တော်၏အပြင်၊ ငွေသော်တာလကန်စပ်၏ပတ်ပတ်လည်တွင် လူတစ်သိန်းကျော် စုရုံးနေကြသည်။ အများစုက ဖန်မျိုးနွယ်ဝင်များဖြစ်ကြပြီး အသက်တစ်ထောင်အောက်ဖြစ်ကာ နေထွက်လာမည်ကို မျှော်လင့်စောင့်စား‌ရင်း စိတ်လှုပ်ရှားနေကြသော်လည်း တာအိုခေါင်းလောင်းကြောင့် စိတ်ထဲတွင် တုန်လှုပ်နေကြသည်။

ဖန်ရွှီသည် အများစုထက်ပို၍ ကန်စပ်နားရောက်နေ၏။ လောလောဆယ်တွင် သူက စိတ်လှုပ်ရှားလွန်း၍ လက်သီးဆုပ်ထားသော်လည်း မန်ဟို၏တက်ဆက်မှုကို ကိုယ်တိုင်သွားမကြည့်ခဲ့မိသည့်အတွက်လည်း နောင်တအနည်းငယ် ရနေသည်။

သူ့မှာ စိတ်လှုပ်ရှားနေသဖြင့် အရှေ့တက်လှမ်းခြင်းစံအိမ်ထဲရှိ ဖန်ယွင်ရီ၏ တင်းမာခက်ထန်သောအကြည့် သူ့အပေါ် ကျရောက်လာသည်ကို သတိမထားမိပေ။

"ငါ မန်ဟိုက ထပ်ရန်မစရဲတော့ဘူး" ဖန်ယွင်ရီက တွေးသည်။ "ဒါပေမဲ့ ဖန်ရွှီက ... အမြဲ သူ့နောက်က လိုက်နေတာ။ အဲဒီကောင်တော့ ပြဿနာကို မီးမွှေးရှာနေတာပဲ" သူက အေးစက်စက် နှာမှုတ်ပြီး အနားရှိ မျိုးနွယ်ဝင်တစ်ယောက်နား ကပ်၍ တိုးတိုးပြောလိုက်သည်။ ထိုလူငယ်က စီစဉ်မှုများ လုပ်ဆောင်ရန် အိမ်တော်မှ ချက်ချင်း ထွက်ခွာသွား၏။

ထိုစဉ် ဆေးဝါးတာအိုဌာနတွင် မန်ဟိုသည် လေ၌ ပျံဝဲနေသော ဆေးလုံးကို ကြည့်နေ၏။ ဆေးလုံးထံမှ စူးရှသော်လည်း နူးညံ့သောအလင်းရောင် ဖြာထွက်နေစဉ် သူက အသက်ပြင်းပြင်းရှုထုတ်လိုက်သည်။ နောက်ဆုံးတွင် ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ကာ ဆေးလုံးအား သူ၏လက်ဝါးပေါ် ပျံဆင်းလာစေပြီး ၎င်းကို အနီးကပ်ကြည့်လိုက်၏။

ပတ်၀န်းကျင်ရှိ ကျင့်ကြံသူများမှာ စိတ်နှလုံးတုန်ရီစွာဖြင့် မန်ဟိုနှင့် သူ့လက်ထဲရှိ ဆေးလုံးကို ကြောင်တောင်တောင်ကြည့်နေကြသည်။ ပင့်သက်ရှိုက်သံများ လေတွင် ပြည့်နှက်သွား၏။

၎င်းက သိသိသာသာပင် မိုးနန်းတော်နေဝိညာဉ်ဆေးလုံးတစ်လုံးပင်။

ဆေးလုံးတွင် ဖိနှိပ်၍မရနိုင်သော ယန်ဂုဏ်သတ္တိများအပြင် နတ်ငွေ့အသက်များပါဝင်သည်။ မီးကျင့်စဉ်ကို ကျင့်ကြံသူများအတွက် ၎င်းကား ကောင်းကင်ရတနာ သို့မဟုတ် လောကဓာတ်ရတနာတစ်ပါးအလားပင်။ အမှန်တွင် ၎င်းသည် စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူများ စား၍မရသော ဆေးလုံးတစ်လုံးဖြစ်ပြီး အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများပင်လျှင် ၎င်းကို အလွန်အမင်း သတိထား၍ သုံးရမှာဖြစ်သည်။

၎င်းကို အောင်အောင်မြင်မြင် စုပ်ယူပြီးနောက်တွင် လူတစ်ယောက်၏ မီးအစွမ်းသည် မယုံကြည်နိုင်ဖွယ်အဆင့်သို့ ရောက်ရှိသွားပြီး ကျင့်ကြံခြင်းအခြေခံလည်း ထိုနည်းတူစွာ တိုးတက်လာလိမ့်မည်။ ထွက်ပေါ်လာသော မီးအဆိပ်က မီးကျင့်စဉ်ကို ကျင့်ကြံသော မည်သည့်ကျင့်ကြံသူမဆိုမတွက် အံ့ဖွယ်နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်လာလိမ့်မည်။

ထိုမျှသာမက နောက်ရက်တွင် အရှေ့တက်လှမ်းခြင်းနေ‌ပွဲ‌တော်ရှ်ိသည့်အတွက် ဤဆေးလုံးကို ထိုအချိန်တွင်သာ စားလိုက်ပါက အတွင်းမီးဓာတ်နှင့် အပြင်မီးဓာတ်တို့ ပေါင်းစည်းသွားပြီး ဆေးလုံး၏ဂုဏ်သတ္တိများကို ဓာတ်ကူကာ ၎င်းအား ခန္ဓာကိုယ်သန့်စင်ရာတွင် အဆုံးမရှိသော အာနိသင်ကို ပေးစွမ်းနိုင်စေလိမ့်မည်။

ဆေးဝါးပညာရှင်များအတွက်မူ ဤဆေးလုံးသည် ... ပို၍ပင် အဖိုးထိုက်တန်၏။ ၎င်းကို စားသုံးခြင်းအားဖြင့် လူတစ်ယောက်သည် ဆေးဝါးတာအိုကို သန့်စင်၍ တိုးတက်အောင် လုပ်နိုင်သည်။ ဖန်မျိုးနွယ်စု၏ အခြားရှားပါးဆေးလုံးနှစ်လုံးမှာ ဆေးလုံးအိမ်တော်အတွင်း၌ တစ်လုံးမှ မကျန်တော့ပေ။ သို့ရာတွင် မိုးနန်းတော်နေဝိညာဉ်ဆေးလုံးများမှာတော့ ဆယ်လုံးအောက်ရှိနေသေး၏။

ကောလဟာလများအရ ထိုဆေးလုံးများသည် ထိုနေရာတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီး စွမ်းဆောင်ရည်ရမှတ် အမြောက်အမြားဖြင့် လဲလှယ်လျှင် ရရှိနိုင်သည်ဟု ဆိုကြသည်။

မှန်ပါသည်။ ဆေးနတ်ဂိုဏ်းက ဆေးလုံးများ ဖော်စပ်သော်လည်း ထိုနေရာတွင် ၀ယ်ယူဖို့ရန်မှာ ဝိညာဉ်ကျောက်တုံးများစွာ ကုန်ကျစေမည်ဖြစ်သည်။ အဆင့် (၇) ဆေးဝါးပညာရှင်များပင်လျှင် ၀ယ်ယူနိုင်မည်မဟုတ်ပေ။

ချက်ချင်းပင် ပတ်၀န်းကျင်ရှိ ဆေးဝါးပညာရှင်များသည် ဆေးလုံးအား အလုအယက် ၀ယ်ယူလိုလာကြ၏။

"ဆေးဝါးပညာရှင်ဖန် ၊ အဲ့ဆေးလုံးကို မရောင်းဘူးလား"

"အဲ့ဆေးလုံးကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်နဲ့ ရောင်းမလဲ။ ကျုပ်၀ယ်ချင်တယ်"

မန်ဟိုသည် ဝိညာဉ်‌ကျောက်တုံးဟု ကြားလိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးများ တောက်ပသွား၏။ သူ တွေဝေနေစဉ် စောစောက မမြင်ခဲ့ရသော အဆင့် (၈) ဆေးဝါးပညာရှင်များက ကိုယ်ထင်ပြလိုက်ကြသည်။

ချက်ချင်းပင် ‌ဆေးဝါးပညာရှင်များ၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး သူတို့က လက်ယှက်၍ အရိုအသေပေးလိုက်ကြ၏။

"ဂါ၀ရပြုပါတယ် အိမ်တော်အကြီးအကဲတို့"

သူတို့၏ တုံ့ပြန်မှုက ပရိသတ်များကို ပင့်သက်ရှိုက်သွားစေပြီး ယခုလေးတင် ပေါ်လာသည့် အဘိုးကြီးများအား လှမ်းကြည့်မိလိုက်စေသည်။ ဤအဘိုးကြီးများသည် ဆေးလုံးအကြီးအကဲအပြင် ဆေးဝါးတာအိုဌာန၌ အာဏာအရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည့် အိမ်တော်အကြီးအကဲများဟု သဘောပေါက်သွားကြသောအခါ အကုန်လုံး ချာချာလည် မူးဝေသွားကြ၏။

"ဂါ၀ရပြုပါတယ် အိမ်တော်အကြီးအကဲတို့"

"ဂါ၀ရပြုပါတယ် အိမ်တော်အကြီးအကဲတို့"

ပတ်၀န်းကျင်ရှိ ထောင်ပေါင်းများစွာသော ကျင့်ကြံသူအားလုံး လက်ယှက်၍ အရိုအသေပေးလိုက်ကြသည်။ သူတို့၏ အသံများက မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်သွား၏။ တုံ့ပြန်သည့်အနေဖြင့် အိမ်တော်အကြီးအကဲများ၏ မျက်နှာများမှာတော့ ခပ်တည်တည်သာ။ သူတို့ထဲမှ ‌အတော်လေး အရပ်ပုသော ခါးကုန်းကုန်းအဘိုးကြီးက ပြုံး၍ လက်ဝှေ့ယမ်းလိုက်ရာ သူ့အား ရိပ်ခနဲ ဖြစ်သွားစေပြီနောက် မန်ဟို့အရှေ့တွင် ပေါ်လာသည်။

"ဖန်ဟို ဝါ၀ရပြုပါတယ်။ အိမ်တော်အကြီးအကဲ" မန်ဟိုက လက်ယှက်၍ ခါးကိုင်းအရိုအသေပေးရင်း ပြောသည်။

"ဖန်ဟို ဒီလိုမျိုး ပြုမူစရာမလိုပါဘူ။ ဆေးဝါးတာအိုဌာနမှာ ဒီအထွတ်အမြတ်ဆေးလုံးသုံးလုံးထဲက တစ်လုံး ဖော်စပ်နိုင်တဲ့ ဘယ်သူမဆို အိမ်တော်အကြီးအကဲအဖြစ် မြှောက်စားခံရတယ်။ လာ။ မင်းကို ဆေးလုံးအကြီးအကဲဆီ ခေါ်သွားပေးဦးမှ" အဘိုးကြီး၏မျက်နှာတွင် လေးစားမှုနှင့် အသိအမှတ်ပြုမှုတို့ တောက်ပနေသည်။ သူတို့ပတ်ပတ်လည်ရှိ ကျန်အကြီးအကဲလေးယောက်မှာ မျက်နှာများ တည်နေကြသော်လည်း ထိုနည်းတူ ခံစားကြရလေသည်။

မန်ဟိုက အသက်ပြင်းပြင်းရှူရင်း သူတို့အနောက်မှ ရိုရိုသေသေ လိုက်သွားသည်။ တစ်ဖွဲ့လုံးသည် အတွင်းတောင်များထံသို့ ထွက်သွားသော အလင်းတန်းများအသွင်ပြောင်းသွား၏။

ကျန်ခဲ့သောကျင့်ကြံသူသိန်းချီမှာ အားကျမနာလိုဖြစ်နေကြသည်။ မန်ဟို၏ ပို့ချမှုများကို နားထောင်ခဲ့သော ဆေးဝါးအတတ်သင်များမှာမူ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြပုံပေါ်သည်။ သူတို့က မန်ဟို၏နောက်လိုက်များဖြစ်ရာ ... အိမ်တော်အကြီးအကဲတစ်ဦး၏နောက်လိုက်များ ဖြစ်သွားပြီဟု ဆိုလိုသည် မဟုတ်ပါလော။

အဝေးရှိ လေလယ်တွင် အိမ်တော်အကြီးအကဲများသည် မန်ဟို၏ ရိုကျိုးမှုနှင့် နှစ်လိုဖွယ်အပြုအမူကို ကြည့်ပြီး ပို၍အသိအမှတ်ပြုလာကြသည်။

"မမောက်မာသလို၊ စိတ်လိုက်မာန်ပါလည်း မလုပ်ဘူး" အကြီးအကဲတစ်ဦးက ပြုံးရင်း ပြောသည်။ "ဒါ့အပြင် အကျင့်စာရိတ္တလည်း ချို့ယွင်းချက်မရှိသလို ၊ ကျင့်ဝတ်လည်း သိတတ်တယ်။ နည်းနည်းတော့ လောဘကြီးပေမယ့် ပြဿနာမရှိဘူး။ ဟိုအာ မင်းက တကယ်ပဲ ထူးခြားတယ်။ မင်းအဖေနဲ့များ ကွာပ"

"အဖေနဲ့လား" မန်ဟို ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

"မင်းအဖေ မင်းအမေနဲ့ မတွေ့ခင်တုန်းက ငါ့ကို ဆေးလုံးတချို့ ဖော်စပ်ခိုင်းဖို့ ရောက်လာခဲ့တယ်။ သူက လုံးဝ မောက်မာပြီး တင်စီးတယ်လေ။ ငါ့တောင် ခြိမ်းခြောက်ခဲ့သေးတာ။ သူ့အတွက် ဆေးလုံးမဖော်ပေးရင် ငါ့မြေးမလေးကို သူ့ညီတစ်ယောက်ယောက်နဲ့ ပေးစားပစ်မယ်တဲ့လေ" အဘိုးကြီးမှာ ရုတ်တရက် အတန်ငယ် စိတ်တိုသွားပုံရပြီး နှာခေါင်းရှုံ့လိုက်သည်။

"ဗျာ တကယ်လား" မန်ဟိုက မျက်လုံးပြူးလျက် တအံ့တဩ ပြောလိုက်သည်။ သူ့မှာ အင်အားကြီးမားပြီး စည်းကမ်းတင်းကြပ်သော သူ့အဖေက ဤအိမ်တော်အကြီးအကဲပြောသွားသကဲ့သို့ ပြုမူလိမ့်မည်ကို ယုံရခက်နေသည်။

"သွေးထွက်အောင် မှန်တယ်" အိမ်တော်အကြီးအကဲ‌နောက်တစ်ယောက်က ခေါင်းတဆတ်ဆိတ် ညိတ်ရင်း ပြောသည်။ "မင်းအမေနဲ့ တွေ့ပြီးတဲ့နောက်မှာမှ မင်းအဖေက ငြိမ်လာတာ။ ပြန်စဉ်းစားကြည့်ရင် အဲဒီတုန်းက သူက အရှေ့အောင်ပွဲဂြိုဟ်မှာ နံပါတ်တစ် လူဆိုးပဲ။ ‌ယောက်ျားမိန်းမအားလုံးကို ဖိနှိပ်ထားခဲ့တာ" အဘိုးကြီးက သက်ပြင်းချလိုက်သည်။

မန်ဟိုမှာ ဘာပြောရမှန်းမသိ၍ လည်ချောင်းရှင်းရင်း ခေါင်းခါလိုက်ကာ သူကြားနေရသည်ကို မယုံကြည်နိုင်သေးပေ။

"အဲ့ဒါကြောင့် မင်းက ထူးခြားတယ်လို့ ပြောတာ ဟိုအာရ" ခါးကုန်းအဘိုးကြီးက ပြောသည်။ "အကန့်အသတ်မရှိတဲ့ အလားအလာ‌တွေနဲ့ သိပ်တော်တယ်" သူက အားပါးတရ ရယ်ပြီး မန်ဟို့ကို ချီးကျူးနေသော အမူအရာဖြင့် ကြည့်သည်။

"အိမ်တော်အကြီးအကဲ..." မန်ဟိုက မေးသည်။ "အဲဒီတော့ ... အဖေ့အတွက် ဆေးဖော်ပေးလိုက်လား"

"ဟမ့်။ ငါက ဖြောင့်မတ်ပြီး မာနကြီးတဲ့သူ" အဘိုးအိုက ‌ဝင့်ကြွားစွာ ပြောသည်။ "ဘယ်သူ့ကိုမှ ခေါင်းမငုံ့ဘူး။ ငါ့မှာ ငါ့စည်းမျဉ်းနဲ့ ငါ ရှိတယ်။ အဲ့ဒါကြောင့်ပဲ ငါ ဆေးမဖော်ချင်ရင် မင်း အဖေပဲမကလို့ ဘယ်သူလာလာ ခြွင်းချက်ထားပေးမယ်ထင်လား။ အဲဒါကြောင့် သူ့အတွက် ဆေးလုံးအသုတ်ငါးရာပဲ ဖော်စပ်ပေးခဲ့တာ။ တစ်လုံးမှ မပိုဘူး"

စကားများများ မပြောရသေးသော နောက်အဘိုးကြီးတစ်ယောက်က မန်ဟို့ကို ကြည့်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

မန်ဟိုက မျက်တောင် တဖျက်ဖျက် ခတ်ပြီး လည်ချောင်းရှင်းကာ နောက်ထပ်မေးခွန်း ထပ်မမေးရဲတော့ပေ။

မကြာခင် အိမ်တော်အကြီးအကဲများသည် မန်ဟို့ကို အတွင်းတောင်များ၏ အလယ်ဗဟိုသို့ ခေါ်သွား၏။ အဝေးတွင် တိမ်တိုက်များအထဲထိ မြင့်သွန်းနေသော တောင်ထိပ်တစ်ခုရှိသည်။ အနီးကပ်ကြည့်လျှင် တောင်ထွတ်အပေါ်၌ ဆန်ခါပေါက်ကဲ့သို့ ပွထနေသော ဂူများကို မြင်ရနိုင်သည်။

တဖြည်းဖြည်း ဂူများအတွင်းမှ မန်ဟို့ကို ခေါင်းနပန်းကြီးသွားစေသော တဝီဝီမြည်သံကြီးတစ်သံ ကြားလိုက်ရ၏။

သူတို့အနားမရောက်ခင် မရေမတွက်နိုင်သော အနက်ရောင်အလင်းတန်းများက ဂူများထဲမှ ထွက်လာကြသည်။ ကောင်းကင်တစ်ခုလုံးမှာ ချိုနှစ်ခွချေးပိုးထိုးကောင်များဟု အသိများသော အနက်ရောင်ချေးပိုးထိုးကြီးများဖြင့် ပြည့်နှက်သွား၏။

၎င်းတို့က အံ့ဖွယ်စွမ်းအင်များကို ထုတ်လွှတ်ရင်း မန်ဟိုတို့အဖွဲ့ကို ပတ်၍ တဝီဝီပျံသန်းနေသည်။

"မကြောက်ပါနဲ့" ခါးကုန်းကုန်းအကြီးအကဲက ပြုံးရင်းပြောသည်။ "ငါတို့ ဒီပိုးကောင်တွေကို ယူနီကွန်းအင်မော်တယ်တွေလို့‌ခေါ်တယ်။ ဆေးအကြီးအကဲကိုယ်တိုင် မွေးထားတာတွေလေ။ တကယ်တော့ သူနဲ့ပတ်သက်ပြီး မင်းမသိ‌လောက်တာ တစ်ခုရှိသေးတယ်။ ဆေးလုံးအကြီးအကဲက ဆေးဝါးတာအိုမှာ ကျွမ်းကျင်တာမဟုတ်ဘူး။ ပိုးမွှားတာအိုမှာ ကျွမ်းကျင်တာ"

မန်ဟိုမှာ အကြီးအကျယ် တုန်လှုပ်သွား၏။ ဆေးလုံးအကြီးအကဲမှာ ဆေးဝါးတာအိုအရာ၌ မကျွမ်းကျင်သည့်တိုင် အဆင့် (၉) ဆေးဝါးပညာရှင် ဖြစ်နေသေး၏။ သူသာ ၎င်းတွင် ကျွမ်းကျင်လျှင် မည်မျှကြောက်စရာကောင်းမည်လဲ တွေးသာ ကြည့်နိုင်လေသည်။ ဤယူနီကွန်းအင်မော်တယ်များကို မြင်လျှင် မန်ဟိုသည် အင်မော်တယ်အပျက်အစီးများနယ်ပယ်ရှိ ဆေးပင်ဥယျာဥ်တွင် မြင်ခဲ့ရသော ချေးပိုးထိုးများကို ပြန်သတိရသွား၏။

ဤအခိုက်အတန့်တွင် ရှေးဆန်သော အသံကြီးတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"ဖန်ဟို လာခဲ့..."

ယူနီကွန်းအင်မော်တယ်များက တောင်ထိပ်ကို ၀န်းရံလှည့်ပတ်ပြီးနောက် ဂူများအနက် တစ်ဂူထဲသို့ ၀င်ရောက်သွားကြ၏။

***

All Chapters