ငွေသော်တာလကန်စပ်
Vol. 67 Ch. 927
မန်ဟို့မျက်နှာကြီး မဲ့သွားသည်။ သူ့မှာ ရောင်စုံကြက်တူရွေးတစ်ကောင် တောင်ပံတဖျပ်ဖျပ်ခတ်လျက် ပျံသန်းလာသည်ကို ကြည့်ရင်း ကူကယ်ရာမဲ့သွားတော့သည်။ ၎င်း၏ ခြေချောင်းတွင် ခေါင်းလောင်းအသေးလေးတစ်လုံးက ချိတ်နေပြီး ကြက်တူရွေးကား ၎င်းကိုယ်၎င်း အလွန်ကျေနပ်နေပုံပေါ်သည်။ ၎င်းကား အဝောာ်လေး ထန်နေပုံပေါ်ပြီး အနက်ရောင်အဝတ်စတစ်စက ၎င်း၏မျက်လုံးတစ်ဖက်ကို ဖုံးအုပ်ရင်း ၎င်းခေါင်းကို ပတ်ထားသည်။ ၎င်း တောင်ထွတ်မှ ပျံထွက်လာစဉ် ၎င်း၏ကျန်မျက်လုံးမှာ တလက်လက် တောက်ပလျက်ရှိ၏။
"နေနှင့်ဦးပေါ့ ဘွားတော်ကြီး။ ကိုယ့်ရဲ့ချစ်ဇနီးလေးကတော့ စိတ်မပူနဲ့နော်။ သခင်ငါး ပြန်လာခဲ့မယ်။ အချစ်လေးကို ဒီနေရာကနေ ကယ်ထုတ်ဖို့ သခင်ငါး ဘာမဆိုလုပ်မယ်"
ကြက်တူရွေး၏နောက်တွင် အဆင့် (၇) ဆေးဝါးပညာရှင်အဘွားအို ရှိသည်။ သူမသည် ကြက်တူရွေးနောက်သို့ ဒေါကြီးမောကြီး လိုက်နေ၏။ သူမအနောက်တွင်မူ ဖြူစင်ခြင်းနှင့် အပြစ်ကင်းခြင်းအသွင်ကို ဆောင်သော အဖြူရောင်ဝတ်ရုံနှင့် မိန်းမလှလေးတစ်ဦး လိုက်ပါလာသည်။ ဤသည်မှာ မန်ဟို ဆေးအိမ်တော်၏ သတ္တမအဆင့်ကို စိန်ခေါ်၍ ထွက်လာပြီးနောက် တွေ့ခဲ့ရသော ဝမ်အာဆိုသည့် ဂျူနီယာညီမလေးဖြစ်ချေသည်။
မချိတင်ကဲ အော်သံများအား အဝေးမှ ကြားရပြီး မနည်းကုန်းရုန်းထနေသော်လည်း တဖုန်းဖုန်းသာ လဲကျနေလျက် အသက်ငင်နေသော ဒေါင်းလှလေးတစ်ကောင်ကို မန်ဟို မြင်သည်ဆိုရုံ လှမ်းမြင်လိုက်၏။ အခြေအနေကို ကြည့်ရလျှင် ဒေါင်းခမျာ စိတ်ကူးဖြင့်ပင် မှန်းဆမကြည့်နိုင်သော ကပ်ဘေးကြီးအား ကြုံတွေ့ခဲ့ရသည့်အလားပင်။
မန်ဟိုမှာ ဒေါင်းအတွက် အလွန်စိတ်မကောင်းဖြစ်မိသဖြင့် သက်ပြင်းချလိုက်သည်။ ကြက်တူရွေး၏အရှေ့တွင် ပေါ်လာသော အမွှေးအတောင်ပါသည့် မည်သည့်အရာမဆို ၎င်း၏ပက်စက်သော ဝါသနာလက်ထဲမှ လွတ်မြောက်ဖို့ ခဲယဉ်းပေလိမ့်မည်။
ကြက်တူရွေးသည် ပျံထွက်လာလျှင်ချင်း မန်ဟို့ကို မြင်သွားပြီး အနက်ရောင်အဝတ်စဖြင့် ဖုံးအုပ်မခံထားရသော ၎င်း၏မျက်လုံးမှာ တောက်ပသွားသည်။ ၎င်းက ကပျာကယာ ပျံလာပြီး သနားစဖွယ် အော်တော့သည်။
"သခင်ကြီး ကယ်ပါဦး။ သခင်ကြီးရေ ဒီဘွားတော်ကြီးကတော့ ရူးနေပြီ။ ငါ့ကို သတ်တော့မယ်။ ကယ်ပါဦး သခင်ကြီး" ကြက်တူရွေး အော်နေစဉ် ၎င်း၏ခြေချောင်း၌ ချိတ်နေသော ခေါင်းလောင်းကလည်း ဖောက်ခနဲ အသားဂျယ်လီအသွင်ပြောင်းသွားရင်း အော်တော့သည်။
"သခင်ကြီး ရောက်လာပြီကိုး။ အဲ့ဒီလူယုတ်မာမကြီးက ငါတို့နောက် လိုက်နေတာ။ သခင်ကြီး သူက တကယ့်လူယုတ်မကြီးပဲ"
မလှမ်းမကမ်းရှိ ဒေါသထွက်နေသော အဘွားအိုသည် မန်ဟို့ကို မြင်သွားပြီး အဖြူရောင်ဝတ်ရုံနှင့် မိန်းကလေးလည်း ထိုနည်းတူပင်။ သူမစိတ်ကူးထဲရှိ မန်ဟိုမှာ အရှက်မရှိသော အနှီကြက်တူရွေးနှင့် လားလားမျှမဆိုင်နိုင်ဟု တွေးနေသည့်အလား သူမမှာ တအံ့တဩနှင့် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
မန်ဟိုက လည်ချောင်းရှင်းရင်း ခပ်သုတ်သုတ် နောက်ဆုတ်ပြီး မမြင်သည့်အလား ထွက်သွားရန် ပြင်သည်။
"သခင်ကြီး ကယ်ဦးလေ..." ကြက်တူရွေးက စူးနေအောင် အော်၍ မန်ဟို့ဆီသို့ အမြန်ဆုံး ပျံသန်းလာသည်။
မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်၍ သူ၏ခန္ဓာကိုယ်မှာ အကွာအဝေးတိုနေရာရွှေ့ပြောင်းခြင်းတွင် ပျောက်ကွယ်သွားသည်။ သူ အဝေးတွင် ပြန်ပေါ်လာသောအခါ ကြက်တူရွေးက လျင်မြန်စွာ ဦးတည်ချက်ပြောင်းပြီး သူ့ဆီ လိုက်လာသည်။ မန်ဟိုမှာမူ ရုတ်တရက် ဖြောင့်မတ်တည်ကြည်သောအရှိန်အဝါကို ထုတ်လွှတ်ရင်း လေးနက်သောမျက်နှာထားဖြင့် စကားပြောလိုက်၏ ။
"ငါ မင်းကို မသိဘူး မကောင်းဆိုးဝါးခွေးတိရိစ္ဆာန်။ မင်းက ဘာကောင်တုန်း" သူက ပြောသည်။ ထို့နောက် သူသည် အူတူတူအတတ မျက်နှာပေးဖြင့် အဘွားအိုကို လှမ်းကြည့်လိုက်၏။
"မန်ဟို" ကြက်တူရွေးက လိုက်မှီတော့မည့် အဘွားအိုကို လှမ်းကြည့်ရင်း အော်သည်။ "ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှိတယ်"
"ပိတ်ထားစမ်း ခွေးတိရစ္ဆာန်" မန်ဟိုက တုံ့ခနဲ ရပ်ရင်း ပြောသည်။ သူသည် ဖြောင့်မတ်တည်ကြည်မှု၏ ကိုယ်စားလှယ်အလား လေးနက်သိမ်မွေ့နေ၏။ "ငါတို့ကြားမှာ ရန်ငြိုးမရှိဘဲ ဘာလို့ ငါ့ကို အကောက်ကြံဖို့ ကြိုးစားတာလဲ။ ကဲ ထားပါတော့။ မင်းနေရာမင်း သိအောင် လုပ်ပေးတာပဲ ကောင်းမယ်ထင်တယ်" ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်သည်။
မန်ဟိုမှာ နတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်ရန် အခွင့်အရေးပင် မရလိုက်ပေ။ မည်သည့်အရာမှ မဖြစ်ခင် ကြက်တူရွေးက ဂစ်ခနဲ အော်ပြီးနောက် ဒဏ်ရာအပြင်းအထန် ရသွားသကဲ့သို့ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ ထို့နောက် မန်ဟို၏ လက်စထဲသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။
မန်ဟိုက လည်ချောင်းရှင်း၍ ကြက်တူရွေး၏ ယုံချင်စရာမကောင်းသော ဟန်ပန်ကို ကြိတ်ဆဲလိုက်သည်။
"စီနီယာ" သူက သတိရှိရှိ နောက်ဆုတ်ရင်း အဘွားအိုကို ပြောသည်။ "ဒီငှက်က ရွံ့ရှာစရာကောင်းတယ်။ ကျုပ် အခုလေးတင် ဆေးလုံးအကြီးအကဲဆီသွားပြီး အဆင့် (၈) ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်လာပြီးတဲ့နောက် အိမ်ပြန်နေရုံတင်ပါ။ ဂျူနီယာ ဒီငှက်ကို ရှင်းပေးမယ် မပူနဲ့နော်"
အဘွားအို၏ကျင့်ကြံခြင်းအခြေခံသည် မန်ဟို ခန့်မှန်းနိုင်ခြင်းမရှိသည့်တိုင်အောင် နက်နဲ၏။ ဆေးဝါးတာအိုဌာနတွင် ဆေးဝါးပညာသည်သာ အခရာဖြစ်ပြီး ကျန်အရာများက အရန်ကဏ္ဍတွင်သာ ရှိ၏။ သို့သော် ကြုံတွေ့ ဖြတ်သန်းခဲ့ရသော သေရေးရှင်ရေးအခြေအနေများကြောင့် မန်ဟိုမှာ မည်သည့်အရေးကိစ္စတွင်မဆို သတိလစ်ဟင်းမှု မရှိတတ်သူဖြစ်၍ သူ၏ အဆင့် (၈) ဆေးဝါးပညာရှင်အမိန့်တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။
အဘွားအိုက မန်ဟို နောက်ဆုတ်သွားသည်ကို ကြည့်၍ ဘာမှမပြောပေ။ နောက်ဆုံးတွင်တော့ သူသည် အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွား၏။ ထိုအခိုက်အတန့်တွင် အဘွားအို၏မျက်လုံးများ လင်းလက်သွားလေသည်။
မိန်းကလေးမှာ တခဏ ချီတုံချတုံဖြစ်သွားပြီး တိုးတိုးလေး မေးသည်။ "ဘွားလေး အဲဒီငှက်က..."
"ထားလိုက်တော့" အဘွားအိုက တောင်ဘက်သို့ ပြန်လှည့်ရင်း ပြောသည်။ မိန်းကလေးက နောက်မှ လိုက်သွား၏။
လမ်းတစ်လျှောက်တွင် မိန်းကလေးမှာ မချုပ်တည်းနိုင်ဘဲ မေးလိုက်တော့သည်။ "ဘွားလေး ၊ ဖန်ဟို ..."
အဘွားအိုက ခေါင်းခါရုံမှတစ်ပါး ဘာမှမပြောပေ။ မန်ဟို ဆေးအိမ်တော်၏ သတ္တမအဆင့်ကို စိန်ခေါ်ခဲ့သည့် အခိုက်အတန့်ကတည်းက သူသည် ဆေးဝါးတာအိုဌာန၏ အားတစ်ရပ်ဖြစ်လာလိမ့်မည်ဟု သူမ သိခဲ့သည်။ ထို့နောက် သူက မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်ခဲ့ရာ သူမအား လုံးလုံးလျားလျား တုန်လှုပ်သွားစေပြီး ဖန်ဟိုသည် ဆေးဝါးတာအိုဌာန၏ လျှမ်းလျှမ်းတောက်နေတစ်စင်း ဖြစ်လာလိမ့်မည်ဟု အခိုင်အမာ ယုံကြည်သွား၏။
သူက ရန်ငြိုးထားတတ်သူလား သူမ မသိပေ။ သူမ၏ကျင့်ကြံအဆင့်ကြောင့် ကြက်တူရွေးနှင့် အသားဂျယ်လီမှာ သူနှင့်သက်ဆိုင်ကြောင်း သူမ သိထားပြီးဖြစ်သည်။ ထိုမျှသာမက သူမသည် ၎င်းတို့နှစ်ကောင်အား မန်ဟို ဖြတ်သွားသော အခိုက်အတန့်မှ တမင် မောင်းထုတ်ခဲ့ခြင်းဖြစ်လေသည်။
သူမ၏ရည်ရွယ်ချက်ကား မန်ဟို သူမအပေါ် မကျေမချမ်းဖြစ်နေမှုများကို ဖြေရှင်းဖို့ပင်။
သူမသည် မျိုးနွယ်စု၏ဝါစဉ်အရ သူ့ထက် များစွာ မြင့်မားပြီး နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံရှိ၍ နှစ်ပေါင်းများစွာ ထင်ရှားကျော်ကြားခဲ့သူ ဖြစ်၏။ ထို့ကြောင့် ပြဿနာများကို ပါးနပ်စွာ ဖြေရှင်းတတ်ပြီး စောစောက အဖြစ်ပျက်မှာ မန်ဟိုနှင့် သူမကြားက အဖုအထစ်များကို ဖြေရှင်းရန် တွေးလိုက်မိသော နည်းလမ်းသာ ဖြစ်လေသည်။
မန်ဟိုက ဆေးဝါးတာအိုဌာနကို ဖြတ်၍ ဆက်လက်ပျံသန်းနေသည်။ အဘွားအို သူ့နောက်လိုက်မလာကြောင်း သတိထားမိသောအခါ သူ၏မျက်လုံးများ လင်းလက်သွား၏။ မှန်ပါသည်၊ သူမ၏ရည်ရွယ်ချက်ကို သူ နားလည်၏။
ဆေးဝါးတာအိုဌာနမှ ထွက်လာသောအခါ ကြက်တူရွေးမှာ စိတ်အားတက်ကြွသွားပုံရသည်။ ၎င်းက သူ၏လက်စထဲမှ ပျံထွက်လာပြီး မောက်မာစွာ အော်တော့သည်။ "နေနှင့်ဦးပေါ့ ဘွားတော်ကြီး။ သခင်ငါး ပြန်လာခဲ့မယ်"
အသားဂျယ်လီက ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ အသားဂျယ်လီပင် ယခုကဲ့သို့ ပြုမူနေရာ ဤငတုံးနှစ်ကောင် မည်မျှနှိပ်စက်ခံခဲ့ရကြောင်း ထင်ရှားလေသည်။
သို့သော် ကြက်တူရွေး၏ ပါးစပ်မှ စကားလုံးများ ထွက်လာလျှင်ချင်း မန်ဟို့ညာဘက်က ကြက်တူရွေးကို ဖမ်းကာ သူ့အရှေ့သို့ ဆွဲခေါ်လိုက်သည်။ ကြက်တူရွေး၏မျက်လုံးများ ပြူးထွက်နေသည်။
"ဘာလုပ်တာတုန်း။ ဘာအတွက် သခင်ငါးကို ဖမ်းတာတုန်း"
"စောစောက ဝိညာဉ်ကျောက်တုံးတွေအကြောင်း မင်း မပြောခဲ့ဘူးလား" မန်ဟိုက အေးတိအေးစက် မေးသည်။ သူနှင့်ကြက်တူရွေး ထိပ်တိုက်တွေ့တိုင်း အေးအေးဆေးဆေးဖြစ်သည်ဟူ၍ မရှိပေ။
"ဝိညာဉ်ကျောက်တုံးလား" ကြက်တူရွေးက မသိချင်ယောင်ဆောင်သည်။ "ဘာဝိညာဉ်ကျောက်တုံးလဲ"
မန်ဟိုက ကြက်တူရွေးကို စိန်းစိန်းဝါးဝါး ကြည့်ပြီး ရုတ်တရက် ရှက်ကိုးရှက်ကန်း ဖြစ်သွားပုံပေါ်သည်။ ကြက်တူရွေး၏မျက်လုံးများ ပြူးကျယ်သွားပြီး ၎င်းမှာ တုန်ရီလာ၏။
အသားဂျယ်လီမှာ ပင့်သက်ရှိုက်သွားပြီး စူးစူးဝါးဝါး အော်တော့သည်။
"အဲ့ဒီမျက်နှာထား လုပ်ပြန်ပြီ။ သေပြီ။ ငါတို့တော့ သေပြီ။ အဲ့ဒီမျက်နှာထား ပေါ်လာတိုင်း အဆုံးသတ်ဖို့ နီးပြီလို ဆိုလိုတာပဲ။ ဒီငှက် ဒီတစ်ကြိမ် တကယ်ကြီး သေပြီပဲ..."
ကြက်တူရွေး၏မျက်လုံးထဲတွင် အကြောက်တရားတို့ ပြည့်နှက်လာပြီး မန်ဟို ဘာမှပင်မပြောရသေးခင် ၎င်းက ဖားရားနေသောလေသံဖြင့် ပြောသည်။ "ဟဲဟဲဟဲ။ နောက်တာပါ။ ဝိညာဉ်ကျောက်တုံးတွေ ... ဪ ဝိညာဉ်ကျောက်တုံးတွေ။ အဲဒီဘွားတော်ကြီးရဲ့ တောင်အောက်မှာ ဝိညာဉ်ကျောက်ကြောရှိတယ်။ မန်ဟို မင်း သွားခိုးချင်ရင် ငါ ကူတူးပေးနိုင်တယ်"
မန်ဟိုက 'ဝိညာဉ်ကျောက်ကြော' ဟု ကြားလိုက်လျှင်ချင်း မျက်လုံးများ တောက်ပလာသည်။ ထို့နောက် သူကား အသေးစိတ် မေးတော့၏။
လူတစ်ယောက်၊ ငှက်တစ်ကောင်၊ အသားဂျယ်လီတစ်တုံးတို့သည် တစ်ယောက်ကို တစ်ယောက် စကားအပြန်အလှန်ပြောရင်း ဘိုးဘေးစံအိမ်သို့ ပြန်သွားနေသည်။
ယခုတွင် ညနေစောင်းလာနေလေပြီ။ အဝေးတွင် ရွှေရောင်သမ်းလျက် ဝင်နေသော နေလုံးကြီးအား မြင်ရနိုင်သည်။ မန်ဟိုသည် ဘိုးဘေးစံအိမ်သို့ ပြန်ရောက်သောအခါ အရှေ့ဒေသသို့ သွားနေကြသော မျိုးနွယ်ဝင်များစွာကို မြင်လိုက်ရ၏။ မန်ဟိုက ထိုအရပ်မျက်နှာဘက်သို့ လှမ်းကြည့်ပြီး နောက်တစ်နေ့မနက်တွင် ဖြစ်လာတော့မည့်အရာကို ရုတ်တရက် သတိရလိုက်လေသည်။
"အရှေ့တက်လှမ်းခြင်းနေ" မန်ဟိုက တီးတိုးရေရွတ်ရင်း အရှေ့ဒေသသို့ ပျံသန်းလာသည်။ ကြက်တူရွေးက သူ့ပခုံးကို ကုပ်ထားပြီး အသားဂျယ်လီက ခေါင်းလောင်းအသွင်ပြောင်းကာ ကြက်တူရွေး၏ ခြေချောင်းကို ချိတ်ထားသည်။
ထိုစဉ် အရှေ့တက်လှမ်းခြင်းအိမ်တော်ထဲတွင် ဖန်ဝေသည် ရွေးချယ်ခံများနှင့် အလ္လာပသလ္လာပပြောရင်း ပြုံးနေ၏။ သူက ဖန်မျိုးနွယ်စုအား ပွက်လောရိုက်သွားစေခဲ့သည့်ကိစ္စကို တစ်ခွန်းပင်မဟပေ။
ကျန်ရွေးချယ်ခံများနှင့်ပတ်သက်၍ ထူးခြားပုံမရသော်လည်း အကုန်လုံးသည် တစ်ခုခုမူမမှန်ကြောင်း ရိပ်စားမိထားကြပြီးဖြစ်၏။ ဖန်ဝေ ထိုကိစ္စကို စကားလမ်းကြောင်းလွှဲလိုက်ကတည်းက ဤသို့ကောက်ချက်ချလိုက်မိစေခြင်းဖြစ်သည်။
တစ်နေရာတွင် တစ်ယောက်က ဖန်မုကြောင်း အစဖော်ပြန်သည်။ စောစောကအတိုင်း ဖန်ဝေက ဖန်မုမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ဝန်မခံဘဲ လီလင်းအာကို အားတုံ့အားနာ ပြုံးပြလေသည်။ ရွေးချယ်ခံအတော်များများ ဤသည် သတိထားမိသွားကြပြီး မည်သည့်အဓိပ္ပါယ်လဲ စဉ်းစားလာကြ၏ ။
လီလင်းအာက အေးစက်စက် နှာမှုတ်လိုက်ပြီး သူမ၏လှောင်ပြောင်နေသော အမူအရာမှာ ပို၍ပင် သိသာလာသည်။ မန်ဟိုက ဖန်မုဖြစ်ကြောင်း စွန်းဟိုက်ထက်ပင် သူမ ယုံကြည်သေးသည်။ ဖန်မုကို အူထဲအသည်းထဲမှ မုန်းသော်လည်း ဖန်ဝေကို ကြည့်သောအခါတွင် သူမအမူအရာသည် သရော်နေပုံပေါက်နေသည်။ သူမကား သူ့ကို အော်ဂလီဆန်နေသယောင်ပင်။
ဖန်ဝေသည် သူမ၏မျက်နှာထားကို မြင်လျှင် မျက်လုံးများ မသိမသာ တောက်ပသွား၏။ သူက ရုတ်တရက် စကားလမ်းကြောင်းလွှဲ၍ အရှေ့တက်လှမ်းခြင်းနေအကြောင်း ပြောလိုက်လေသည်။
စွန်းဟိုက်၏မျက်လုံးများက လင်းလက်သွားသော်လည်း သူ ချစ်မြတ်နိုးသော မိန်းကလေးက ဖန်မျိုးနွယ်ဖြစ်ကြောင်း တွေးမိသောအခါ ဘာမှမပြောတော့ပေ။ ထိုအစား သူက ဖန်မျိုးနွယ်ရွေးချယ်ခံတစ်ယောက်ကို အနားခေါ်၍ ဖန်ယုဆိုသော မိန်းကလေးအကြောင်း သိမသိ မေးမြန်းနေ၏။
ကောင်းကင်ကား မှောင်ရီပျိုးလာပြီး ငွေသော်တာလကန်ဘေးတွင် စုဝေးလာသော ဖန်မျိုးနွယ်များ တစတစ များပြားလာသည်။ မူလက သူတို့သည် တိတ်ဆိတ်စွာသာ စောင့်နေခဲ့ကြသော်လည်း ယခုတွင် မန်ဟို မိုးနန်းတော်နေဝိညာဉ်ဆေးလုံးများ ဖော်စပ်ခဲ့သည့်ကိစ္စအား ပြောဆိုနေကြ၏။ တာအိုခေါင်းလောင်းမြည်ခြင်း ရပ်သွားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ခေါင်းလောင်းသံက သူတို့နှလုံးသားထဲတွင် မြည်နေဆဲ ဖြစ်လေသည်။
"ဖန်ဟိုက တကယ် မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို တကယ် ဖော်ခဲ့တာ မယုံနိုင်သေးဘူး"
"အဲ့ဒါ အထွတ်အမြတ်ဆေးလုံးသုံးလုံးထဲက တစ်လုံးလေ။ သူ တစ်လုံးဖော်နိုင်လိမ့်မယ်လို့ မထင်ထားဘူး"
"ဖန်ဟို ပြန်ရောက်လာတုန်းက သိပ်ထွေထွေထူးထူး မတွေးခဲ့ဘူး။ သူက တိတ်ဆိတ်နေခဲ့သလိုပဲ။ အခုတော့ ဂယက်အမျိုးမျိုး ထအောင် လုပ်နေပြီ"
ဤကဲ့သို့စကားများသည် အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ ဖန်ဟို၏အမူအရာမှာ မပြောင်းလဲဘဲရှိရာ သူ ဘာတွေးနေသလဲ ဆုံးဖြတ်ဖို့ ခဲယဉ်းလေသည်။ ဆန့်ကျင်ဘက်တွင်တော့ ဖန်ယွင်ရီ၏မျက်နှာသည် မည်းမှောင်သထက် မည်းမှောင်လာ၏။ ထို့နောက် သူက မျိုးနွယ်ဝင်များနှင့် စိတ်လှုပ်တရှား စကားပြောနေသော ကန်စပ်နားရှိ ဖန်ရွှီကို လှမ်းကြည့်ပြီး အေးစက်စက် နှာမှုတ်လိုက်သည်။
ကောက်ကျစ်သောအလင်းရောင်က သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားပြီး သူ၏နှုတ်ခမ်းထောင့်စွန်းသည် သွေးအေးစွာ ကွေးညွတ်သွား၏။ ဖန်ရွှီကို ကိုင်တွယ်ပေးရန် သူ ပြောထားသောလူများကား ယခု ဖန်ရွှီ၏အနားသို့ ရောက်နေကြလေပြီ။
"တိုက်ရိုက်သွေးဆက်က ... အမှိုက်တွေပဲ။ အတိတ်မှာ သရဖူးဆောင်းကောင်း ဆောင်းခဲ့ရလိမ့်မယ် ဒါပေမဲ့ အခုတော့ အာဏာကျဆင်းနေပြီ။ ဖန်မျိုးနွယ်စုဟာ ... သူတို့အသာစီးရတဲ့နေရာ မဟုတ်တော့ဘူးး" ဖန်ယွင်ရီက နှာမှုတ်လိုက်ပြန်သည်။ "ဒီနေ့က တိုက်ရိုက်သွေးဆက်ဖန်ရွှီကို ငါ အရှက်ခွဲမယ့် နေ့ပဲ" သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ထိုစဉ် ဖန်ရွှီသည် သူ့ဘေး၌ ရပ်နေသော မျိုးနွယ်ဝင်များအား သူ၏လက်တလော အတွေ့အကြုံများအကြောင်း စိတ်လှုပ်ရှားစွာ ဖောက်သည်ချရင်း လူအုပ်ထဲ၌ ရပ်နေ၏။
"ဆေးဝါးတာအိုဌာနမှာ နှစ်ပေါင်းများစွာ ဆေးဖော်ခဲ့ဖူးတဲ့ လူတွေအားလုံး အဲဒီဆေးလုံးကို မဖော်နိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ ဝမ်းကွဲအစ်ကိုကြီးက ဖော်စပ်နိုင်ခဲ့တယ်
"သူ့မှာ မီတာသုံးသောင်း သွေးဆက်ဂိတ်အလင်းတန်းရှိတဲ့အပြင် ဆေးအိမ်တော်ရဲ့ သတ္တမအဆင့်ကိုတောင် စိန်ခေါ်ခဲ့တာလေ။ ပြီးတော့ ဒဏ္ဍာရီလာ မိုးနန်းတော် နေဝိညာဉ်ဆေးလုံးကို ဖော်စပ်ခဲ့တယ်။ အဲ့ဒါ ကျုပ်ရဲ့ ဝမ်းကွဲအစ်ကိုကြီး ဖန်ဟိုပဲ" အခြားမျိုးနွယ်ဝင်များမှာ မန်ဟို့အကြောင်းကြားလျှင် ရင်သပ်ရှုမောကြကုန်သည်။ မန်ဟို၏အဆင့်အတန်းအား ဖန်ဝေနှင့်တန်းတူဖြစ်သည်အထိ မြှင့်မြင်လာကြသူများ တစတစ များပြားလာသည်။
ဤအချိန်တွင် လူငယ်နှစ်ယောက်သည် လူအုပ်ကြီးကို တိုးဝှေ့ရင်း အနားရောက်လာကြ၏။ သူတို့သည် တင်းမာခက်ထန်စွာဖြင့် ဖန်ရွှီကို ကြည့်ကာ လက်များကို ရိုင်းစိုင်းစွာ ဝှေ့ယမ်းရင်း လေပြင်းတစ်ချက်အား ဖြစ်တည်လာစေသည်။ ၎င်းက ဖန်ရွှီ၏အပေါ် ကျရောက်လာရာ သူ့မျက်နှာအား ရိပ်ခနဲ ဖြစ်သွားစေသည်။ သူ့မှာ ပြန်ခုခံရန် ကြိုးစားသော်လည်း ပြိုင်ဘက်မဟုတ်သည့်အတွက် အင့်ခနဲ ညည်း၍ နောက်သို့ ဆယ်လှမ်းမျှဆုတ်သွားရသည်။
"အရှေ့တက်လှမ်းခြင်းနေထွက်ချိန်အတောအတွင်း မျိုးနွယ်စုထဲမှာ ကျယ်ကျယ်လောင်လောင် ပြောတာကို တားမြစ်ဖို့ အမိန့်ထုတ်ထားတယ်" လူငယ်နှစ်ယောက်အနက်မှ တစ်ယောက်က အေးတိအေးစက် ပြောသည်။ "စည်းမျဉ်းကို ဖောက်ဖျက်တဲ့ ဘယ်သူမဆို ကြည့်ခွင့် ရုပ်သိမ်းခံရမယ်"
"မင်း..." ဖန်ရွှီက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မော့ကြည့်ရင်း ပြောသည်။ သို့သော် ထိုလူငယ်နှစ်ယောက်က မည်သူတို့ဖြစ်ကြသည်ကို မြင်သောအခါ သူ့မျက်နှာပျက်သွား၏။ ပတ်ဝန်းကျင်ရှိ ကျန်မျိုးနွယ်ဝင်များလည်း အံ့ဩသွားကြပုံရပြီး ချက်ချင်း နောက်ဆုတ်သွားကြသည်။
***