မင်း အစ်ကိုကြီးအနားမှာနေ
Vol. 67 Ch. 928
ဖန်ရွှီကို တွန်းထုတ်ခဲ့သော လူငယ်များသည် လတစ်စင်းပုံစံရေးဆွဲထားသော အနက်ရောင်၀တ်ရုံရှည်များကို ၀တ်ဆင်ထား၏။ သူတို့တွင် တင်းမာခက်ထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရှိသည့်အပြင် အေးစက်သော သွေးအေးမှုက သူတို့ကို ကြည့်လိုက်သည့် မည်သူ့ကိုမဆို မြွေပွေးတစ်ကောင်အား ကြည့်လိုက်ရသကဲ့သို့ ခံစားရစေသည်။
ထိုမျှသာမက သူတို့တွင် အဆင့် (၃) အင်မော်တယ်အဆင့် ကျင့်ကြံခြင်းအခြေခံများရှိပြီး ကြောက်မက်ဖွယ်လှိုင်းဂယက်များအား ထုတ်လွှတ်နေလေသည်။
အနားပတ်၀န်းကျင်ရှိ မျိုးနွယ်၀င်များမှာ လူငယ်နှစ်ယောက် မည်သူဖြစ်သည်လဲမြင်သည်နှင့် မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး ရင်ထဲ၌ ကြောက်ရွံ့လေးစားမှုတို့ ပြည့်နှက်သွားကြ၏။ သူတို့က ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြသည်။
"အဲ့ဒီနှစ်ယောက်က မဟူရာလအစောင့်တွေပဲ"
"အခြားဂိုဏ်းက ရွေးချယ်ခံတွေအများကြီး အရှေ့တက်လှမ်းခြင်းနေအတွက် ဒီနေရာကို ရောက်နေကြတာမလို့ မဟူရာလအစောင့်တွေကို တာ၀န်ချထားတာပဲဖြစ်မယ်"
"ဖန်မျိုးနွယ်စုမှာ အစောင့်တပ်ဖွဲ့ကိုးဖွဲ့ရှိတယ်။ လေးဖွဲ့က ဂြိုလ်အပြင်မှာ တပ်ချထားပြီး ငါးဖွဲ့က ဒီနေရာ အရှေ့တောင်ဘက်ဂြိုလ်တရားစီရင်ရေးတွေကို ကွပ်ကဲပေးတယ်။ အဲ့ဒီငါးဖွဲ့မှာ မဟူရာလအစောင့်တွေနဲ့ ခရမ်းနေအစောင့်တွေက ဘိုးဘေးစံအိမ်အတွက် တာ၀န်ရှိတယ်"
ဖန်မျိုးနွယ်စု၏ အစောင့်တပ်ဖွဲ့ကိုးဖွဲ့သည် တိုက်ပွဲများတွင် ကြီးကျယ်ခမ်းနားသော အောင်ပွဲများအား ကိုယ်စီသိမ်းပိုက်ထားခဲ့ကြပြီး န၀မတောင်ပင်လယ်အား တုန်လှုပ်အံ့ဩစေခဲ့လေသည်။ မဟူရာလအစောင့်များမှာမူ မြွေပွေးများကဲ့သို့ အန္တရာယ်များပြီး ရက်စက်ခြင်းကြောင့် အသိများ၏။
ယင်းက အပြင်လောကနှင့် ဖန်မျိုးနွယ်စုအတွင်း၌ သူတို့၏ ဂုဏ်သတင်းဖြစ်သည်။ လူတိုင်းလူတိုင်း မဟူရာလအစောင့်များကို ကြောက်ကြ၏။
ဖန်ရွှီသည် လူငယ်နှစ်ယောက်ကို ကြည့်ပြီး မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ သူပြောတော့မည့်စကားအားလုံးမှာ လည်ချောင်း၀တွင် တစ်ဆို့သွား၏။ သူသည် တိုက်ရိုက်သွေးဆက်မှ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မျိုးနွယ်ဝင်တိုင်း တိုက်ရိုက်သွေးဆက် အာဏာကျဆင်းလာနေသည်ကို သိကြလေသည်။ သူ့အနေဖြင့် မဟူရာလအစောင့်များကို အတိုက်အခံမလုပ်နိုင်ပေ။
"ဖန်ရွှီ" လူငယ်တစ်ယောက်က အေးစက်သော အသံဖြင့် ပြောသည်။ "ငွေသော်တာလကန်စပ်မှာ ဆူညံဆူညံပြုမူတဲ့အတွက်၊ လူထုကို နှောင့်ယှက်တဲ့အတွက် အခြားဂိုဏ်းက ဧည့်သည်တွေရဲ့အရှေ့မှာ မျိုးနွယ်စု မျက်နှာပျက်ရအောင် လုပ်တဲ့အတွက် မင်း ဒီနေရာကနေ မီတာသုံးရာအကွာကို ထွက်သွားစမ်း" လူငယ်က ယဉ်ကျေးမှုတစ်စက်မှ မရှိဘဲ ပြောသည်။
"မင်း မဟူရာလအစောင့်တစ်ယောက်ယောက်ရဲ့ မီတာသုံးရာအတွင်းကို ခြေချရဲရင်" အခြားလူငယ်တစ်ယောက်က အထင်သေးနေသော မျက်လုံးများဖြင့် ပြောသည်။ "အဲ့ဒီလုပ်ရပ်ကို ပုန်ကန်မှုအဖြစ် သတ်မှတ်မယ်၊ ဖန်ရွှီ ခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း" ထိုသို့ပြောပြီး သူက လက်ကို ဝှေ့ယမ်းလိုက်ရာ နောက်ထပ်လေပြင်းတစ်ချက်အား ဖန်ရွှီအား တိုးဝှေ့၍ နောက်သို့ တွန်းထုတ်လိုက်စေသည်။
ဖန်ရွှီမှာ ခုခံနိုင်ခြင်းမရှိဘဲ မျက်စိတစ်မှိတ်အတွင်း မီတာသုံးရာအကွာအဝေးအထိ လွင့်ထွက်သွား၏။ ပတ်၀န်းကျင်ရှိ ရွေးချယ်ခံများမှာ ဖန်ရွှီ့ကို လှမ်းကြည့်နေကြသဖြင့် တိတ်ဆိတ်မှုက ကြီးစိုးနေလေသည်။
သူက နောက်ဆုံးတွင် (၂၉၉) မီတာ၌ ရပ်သွား၏။ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ၏ခန္ဓာကိုယ်မှာ တုန်ရီနေလေသည်။ သူက ဒေါသထွက်နေသော အမူအရာဖြင့် လူငယ်နှစ်ယောက်ကို အမဲဖျက်တော့မည့်အာလး လှမ်းကြည့်သည်။
သူသည် အရူးမဟုတ်သည့်အတွက် ဤနှစ်ယောက် သူ့ကို မျိုးနွယ်ဝင်များအရှေ့၌ အရှက်ခွဲရန် တမင်တကာ ရောက်လာကြောင်း သိလေသည်။ သူတို့၏ ဘာမပြော၊ ညာမပြော နှင်ထုတ်ခံရသည်ဆိုသော သတင်းမှာလည်း လျင်မြန်စွာ ပျံ့နှံ့သွားလိမ့်မည်။
အထူးသဖြင့် ပို၍သိသာသည်ကား သူတို့ သူ့ကို အရှက်ခွဲနေသော ပုံစံပင်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများဖြင့် သူတို့သည် သူ့ကို မီတာသုံးရာအကွာာအဝေးရောက်အောင် အလွယ်တကူ တွန်းထုတ်နိုင်၏။ ထိုအစား သူတို့က (၂၉၉) မီတာအထိသာ တွန်းထုတ်လိုက်ရာ ဖန်ရွှီ့အနေဖြင့် နောက်တစ်မီတာအား သူ့ဘာသာသူ ဆုတ်ရပေတော့မည်။
ဖန်ရွှီ၏ မျက်လုံးများမှာ နီရဲနေပြီး မီတာသုံးရာအကွာရှိ လူငယ်နှစ်ယောက်ကို စိန်းစိန်းဝါးဝါး ကြည့်ကာ အသက်ရှူသံများမြန်နေသည်။ သူ့မှာ နောက်မဆုတ်ချင်သော်လည်း မျိုးနွယ်စုတွင် စည်းမျဉ်းများက ဦးစားပေးဖြစ်ကြောင်း သိ၏။ မဟူရာလအစောင့်များက ပတ်၀န်းကျင်တွင် စီမံကွပ်ကဲရန် တာ၀န်ရှိသူများဖြစ်၍ သူသာ သူတို့ကို ပေါ်ပေါ်ထင်ထင် အာခံလျှင် သူတို့အတွက် သူ့အား အပြစ်ရှာရန် အကြောင်းရင်းများစွာ ရသွားပေလိမ့်မည်။ အားလုံးထက် အရေးကြီးဆုံးကား မဟူရာလအစောင့်များသည် ဖန်ဝေတို့မိသားစု၏ အာဏာစက်အောက်တွင် ရှိနေခြင်းပင်။
လူတိုင်း ကြည့်နေစဉ် ဖန်ရွှီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ခေါင်းငုံ့၍ မီတာသုံးရာအမှတ်ရောက်အောင် ခြေတစ်လှမ်းဆုတ်လိုက်သည်။
ထိုနောက်ဆုံးခြေလှမ်းက ဖန်ရွှီ၏ ဂုဏ်သိက္ခာကို နင်းခြေလိုက်ပြီး သူ၏ သွေးဆက်ကို စော်ကားလိုက်၏။ သို့သော်လည်း ဖန်ရွှီမှာ လက်ခံရပေလိမ့်မည်။ သူ့အနေဖြင့် သူတို့အား ဘယ်နည်းနှင့်မှ မတိုက်ခိုက်နိုင်ပေ။
လူတိုင်း၏ရှေ့တွင် သူသည် တဆတ်ဆတ်တုန်လျက် ရပ်နေ၏။ မည်သူမှ စကားမပြောကြသော်လည်း အတော်များများမှာ စိတ်ထဲတွင် သက်ပြင်းချနေကြ၏။
မဟူရာလအစောင့်လူငယ်နှစ်ဦးကမူ အေးတိအေးစက် ရယ်ပြီးနောက် ဖန်ရွှီကို လျစ်လျူရှုပြီး လှည့်ထွက်သွားကြသည်။
လူတိုင်းမှာ ဖန်ရွှီကို အရှက်ခွဲခြင်း ယခုပြီးဆုံးသွားပြီဟု ယူဆကြလိုက်ကြ၏။ ဖန်ရွှီပင်လျှင် ခေါင်းငုံ့ရင်း နောက်ထပ် ပြဿနာတက်တော့မည်မဟုတ်ဟု ထင်လိုက်လေသည်။
သို့သော် ဤအခိုက်အတန့်တွင် မဟူရာလအစောင့်နှစ်ယောက်က ရုတ်တရက် ဖန်ရွှီ့ဘေးတွင် ပေါ်လာ၏။ ချက်ချင်းပင် သူတို့က လက်များကို ဝှေ့ယမ်းလိုက်ကာ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထွက်သွားစေသည်။ ပြင်းထန်သော လေပြင်းတစ်ချက်က ဖန်ရွှီ့ကို နောက်သို့ တွန်းထုတ်လိုက်ပြန်၏။
ဤတစ်ခေါက်တွင် သူ့မှာ (၂၉၉) မီတာအထိ ရွေ့သွားပြန်သည်။
"မဟူရာလအစောင့်တွေ မင်းကို တစ်ကြိမ် သတိပေးပြီးသွားပြီ" နှစ်ယောက်အနက် တစ်ယောက်က အေးတိအေးစက်အသံနှင့် ပြောသည်။ "မင်း ငါတို့ရှိတဲ့ ဘယ်နေရာကမဆို မီတာ ၃၀၀ အကွာမှာ နေရမယ်။ မင်းက အခု ဒီမှာ ရပ်နေတယ် ကြည့်စမ်း။ ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ"
"မင်း…" ဖန်ရွှီမှာ တုန်ရီနေပြီး မျက်လုံးများ နီရဲနေ၏။
မဟူရာလအစောင့်များက ဖန်ရွှီ၏ တုံပြန်မှုကို ရယ်မောနေပြီး သူတို့၏ မျက်လုံးများက သွေးအေးနေလေသည်။ သူတို့သည် သူ့အဖေကို ကြောက်သော်လည်း မင်းသားဝေထံမှ အမိန့်များကို ရထားခြင်းဖြစ်သည်။ ထို့အပြင် ဤနေရာတွင် စီမံကွပ်ကဲရန် တာ၀န်ရှိထားသည့်အတွက် ဖန်ရွှီ ကမူးရှုးထိုး လုပ်ဆောင်လျှင် သူတို့၏နောက်ခံများက သူတို့အား ကာကွယ်ပေးမှာ ဖြစ်သည်။
ဖန်ရွှီမှာ ဒေါသပုန်ထနေ၍ အရာအားလုံးကို ဘေးဖယ်ကာ ပြန်တိုက်ခိုက်ချင်သွားသည်။ သို့သော်လည်း သူ့အဖေ သူ့အား တိုက်ရိုက်သွေးဆက်၏ အာဏာကျဆင်းလာမှုနှင့် ပက်သက်ပြီး တဖွဖွပြောခဲ့သော စကားများကို ပြန်သတိရသွား၏။ ဖန်ရွှီမှာ စိတ်မာသော လူမဟုတ်သည်သာမက နူးညံ့သိမ်မွေ့သော လူတစ်ယောက်ဖြစ်သည်။ သူ့မှာ သူ့အဖေအတွက် ပြဿနာမဖြစ်စေလို၍ ခါသီးစွာဖြင့် နောက်တစ်လှမ်း ထပ်ဆုတ်လိုက်လေသည်။
သူ နောက်ဆုတ်လိုက်သည့်အခါ သူ့မျက်လုံးများတွင် စိတ်ပျက်နေမှုများကို မြင်ရနိုင်၏။
ဤအခိုက်အတန့်တွင် မဟူရာလအစောင့်ဆယ်ယောက်ကျော် ပေါ်လာသည်။ လူအုပ်ကြီးက နောက်ဆုတ်ရင်း သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ မဟူရာလအစောင့်များက ဖန်ရွှီ့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကြသည်။
ဖန်ရွှီက ခေါင်းငုံ့ပြီး ဆက်ဆုတ်သွား၏။
မီတာ ၃၀၀၊ မီတာ ၆၀၀၊ မီတာ ၁၅၀၀။
မကြာမီ သူ့မှာ လူအုပ်ကြီး၏အပြင်၊ ငွေသော်တာလကန်မှ မီတာသုံးထောင်အကွာအထိ ရောက်သွားခဲ့လေပြီ။ မဟူရာလအစောင့်များက ယခုတွင် စိတ်ဒဏ်ရာရနေသော ဖန်ရွှီကို အထင်သေးစွာ စောင့်ကြည့်နေကြသည်။
"နောက်တစ်လှမ်း" ဖန်ရွှီနှင့် အနီးဆုံးရှိ မဟူရာလအစောင့်တစ်ဦးက အေးတိအေးစက် ပြောသည်။ လောလောဆယ်တွင် သူတို့ကား (၂၉၉) မီတာကွာနေလေသည်။
အပ်ကျသံပင် မကြားရပေ။ ဖန်မျိုးနွယ်၀င်အများစုမှာ စိတ်ထဲတွင် သက်ပြင်းချနေကြသော်လည်း မည်သည်ကိုမျှ မပြောကြပေ။ ဖန်မျိုးနွယ်၏ တိုက်ရိုက်သွေးဆက်သည် အာဏာကျဆင်းနေပြီး ဖန်ဝေ၏ သွေးဆက်ကား ထွန်းတောက်လာနေ၏။ ထိုအခြင်းအရာကား လက်ရှိအခြေအနေဖြစ်လေသည်။
ဖန်ရွှီမှာ ဤနေရာတွင် ဆက်နေ၍ မရတော့ကြောင်း သဘောပေါက်လိုက်ပြီး ခါးခါးသီးသီး ရယ်လိုက်သည်။ သူ ထွက်သွားတော့မည့်အချိန်တွင် ရုတ်တရက် သူ့အနောက်တွင် လက်တစ်ဖက်ပေါ်လာပြီး သူ၏ကျောကို ခပ်ဖွဖွပုတ်ကာ သူ့အား နောက်တစ်လှမ်းမလှမ်းအောင် တားလိုက်သည်။
ထို့နောက် တည်ငြိမ်အေးဆေးသော အသံက သူ့အနောက်မှ ထွက်လာ၏။
"ဘာဖြစ်တာလဲ ဖန်ရွှီ"
ဖန်ရွှီမှာ အသံကို ကြားလိုက်သည်နှင့် တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ လှည့်ကြည့်လိုက်ရာတွင် သူ့အနောက်၌ မည်သည့်အချိန်က ပေါ်လာခဲ့မှန်းမသိသော မန်ဟို့ကို မြင်လိုက်ရ၏။ မန်ဟို့ပခုံးပေါ်တွင် နားနေသော ကြက်တူရွေးက ဖန်ရွှီကို မျက်လုံးတစ်ဖက် မှိတ်ပြလေသည်။
မန်ဟိုက အသံတစ်ချက်မှ မထွက်ဘဲ ပေါ်လာခဲ့သည့်အပြင် အနီးအနားရှိ မည်သည့်မျိုးနွယ်၀င်တစ်ယောက်မှလည်း သတိပင်မထားမိခဲ့ကြပေ။ သူတို့အားလုံး မြင်လိုက်သည်မှာ မန်ဟို ရုတ်တရက် ထိုနေရာ၊ ဖန်ရွှီ၏ နောက်တည့်တည့်၌ ပေါ်လာခဲ့သည်ကိုသာ။
မဟူရာလအစောင့်များက ကောက်ကျစ်သော မျက်လုံးများဖြင့် လှမ်းကြည့်ကြသည်။ သူတို့မှာ မန်ဟို မည်ကဲ့သို့ ပေါ်လာခဲ့သည်လဲ သူတို့ပင် မသိသဖြင့် အံ့ဩနေကြလေသည်။ မန်ဟိုက မျက်စိတစ်မှိတ်အတွင်း ဗြုန်းစာကြီး ပေါ်လာခဲ့ခြင်းဖြစ်သည်။
မြင်ကွင်းထဲတွင် သူ၏ ပေါ်ပေါက်လာမှုက ချက်ချင်းပင် ဖန်မျိုးနွယ်၀င်များကြား၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
"အဲ့တာ ဖန်ဟိုပဲ"
"ဘယ်လိုမျိုး ထူးထူးဆန်းဆန်းကြီး ၀င်လာတာလဲ။ သူက နေရာရွှေ့ပြောင်းလှိုင်းတွေလည်း ထအောင်မလုပ်ခဲ့ပါလား" လူတော်တော်များများမှာ ရင်တဒိန်းဒိန်းခုန်လာသည်ကို ခံစားလိုက်ကြရ၏။ မန်ဟိုသည် မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ယခုလေးတင် ဖော်စပ်ခဲ့ပြီး ဖန်မျိုးနွယ်စု၏ တာအိုခေါင်းလောင်းကို မြည်စေခဲ့သည်။ ယခုတွင် မန်ဟိုကား မျိုးနွယ်၀င်အများစု အလေးထားတွေးနေမိသော လူတစ်ယောက် ဖြစ်နေလေပြီ။
"အစ်ကိုကြီး" ဖန်ရွှီက မန်ဟို့ကို လှမ်းကြည့်ရင်း ပြောသည်။ သူ၏ အမူအရာမှာ မိမိ မလုပ်ချင်သောအရာကို အတင်းလုပ်ခိုင်းခံနေရသည့်အချိန် ချစ်ခင်ရသော ဆွေမျိုးတစ်ယောက် ပေါ်လာသဖြင့် ဖြစ်ပေါ်လာတတ်သော အမူအရာမျိုးဖြစ်သည်။
မန်ဟိုက အသာအယာပြုံးပြီး ဖန်ရွှီ၏ ပခုံးကို ပုတ်လိုက်၏။ သို့သော်လည်း မန်ဟို၏ ရင်ထဲရှိ သွေးအေးမှုက ကြောက်မက်ဖွယ်ရာအမြင့်အထိ ထိုးတက်နေခဲ့လေပြီ။ စောစောက သူသည် ဖန်ရွှီ မဟူရာလအစောင့်များ၏ တွန်းထုတ်ခြင်းခံနေရသည်ကို စောင့်ကြည့်ရင်း အဝေးတွင် ရပ်နေခဲ့၏။
"ဖန်ရွှီ အစ်ကိုကြီးနားမှာပဲနေ။ ဘယ်သူ ငါတို့လမ်းမှာ ပိတ်ရဲမလဲ ကြည့်ကြသေးတာပေါ့" ထို့နောက် မန်ဟိုက ဖန်ရွှီ၏ အရှေ့တည့်တည့်တွင် ရပ်ပြီးနောက် ရှေ့လျှောက်သွားသည်။ ဖန်ရွှီက အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ သူက ခိုင်မာပြတ်သားမှုတို့ မျက်လုံးထဲတွင် ပြည့်နှက်လျက် မန်ဟို၏နောက်မှ လိုက်သွား၏။
မဟူရာလအစောင့်တစ်ဒါဇင်ကျော်မှာ မန်ဟို အရှေ့သို့ လျှောက်လာသည်ကို အမူအရာအမျိုးမျိုးဖြင့် ကြည့်နေကြသည်။ သူ သူတို့ထံသို့ မီတာသုံးဆယ်ကွာသည်အထိ လျှောက်လာသောအခါ မဟူရာလအစောင့်နှစ်ယောက်က အေးစက်စက်နှာမှုတ်ပြီးနောက် သူ့ထံ ချဉ်းကပ်သွားသည်။
"မင်း လာလို့ရတယ်" သူတို့ထဲက တစ်ယောက်က ပြောသည်။ "ဒါပေမယ့် ဖန်ရွှီက ဒီနေရာမှာ လူထုရဲ့ တည်ငြိမ်အေးဆေးမှုကို နှောင့်ယှက်ခဲ့တာမလို့ မီတာ ၃၀၀အတွင်း ခြေချရဲရင် သူ အပြစ်ပေးခံရမယ်" မျက်စိတစ်မှိတ်အတွင်း မဟူရာလအစောင့်တစ်ယောက်က မန်ဟို၏ အရှေ့တည့်တည့်သို့ ရောက်ရှိနေလေပြီ။
သူတို့၏ စကားလုံးများ လေထဲတွင် ပျံ့လွင့်နေသည့်အချိန်မှာပင် မန်ဟိုက ရုတ်တရက် ညာလက်ကို မြှောက်ပြီး အရှေ့သို့ တွန်းထုတ်လိုက်၏။ လေပြင်းတစ်ချက် ဝေါခနဲ တိုက်ခတ်သွားသည်။ အကောင်အထည်မရှိသော မိုးနဂါးပျံတစ်ကောင်က ရုတ်တရက် ပေါ်လာကာ အသံမဲ့ဟိန်းဟောက်ရင်း မဟူရာလအစောင့်ထံသို့ ပြေး၀င်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက သူတို့ထံ ရောက်ရှိသွား၏။ သူတို့၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး သူတို့က အစွမ်းကုန်ထုတ်၍ ပြန်တိုက်ခိုက်ကြလိုက်သည်။ သို့သော်လည်း သူတို့မှာ ပါးစပ်မှ သွေးများ ပန်းထွက်ပြီး ဘေးသို့ လွင့်ထွက်သွားကြလေသည်။
ဤအဖြစ်အပျက်က လူအုပ်ကြီးအား ချက်ချင်း အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။ မဟူရာလအစောင့်များသည် မန်ဟို့ကို ပစ်မှတ်ထားခဲ့သော်လည်း သူတို့လုပ်ခဲ့သည့် တစ်ခုတည်းသောအရာက မောင်းထုတ်ရုံသာ ဖြစ်ခဲ့သည်။ သူတို့သည် သူ့ကို မတိုက်ခိုက်ခဲ့သလို ဒဏ်ရာရအောင်လည်း မလုပ်ခဲ့ပေ။ ဆန့်ကျင်ဘက်တွင် မန်ဟိုက တင်စီးစွာ တိုက်ခိုက်ခဲ့ပြီး မဟူရာလအစောင့်နှစ်ယောက်အား ဒဏ်ရာရသွားစေသည်။
ဖန်ရွှီမှာ စိုးရိမ်စပြုလာသော်လည်း မန်ဟို၏ အမူအရာကတော့ အေးစက်မြဲ အေးစက်ဆဲသာ ဖြစ်သည်။ သူ ရှေ့ဆက်လျှောက်လာစဉ် ကျန်ရှိသော မဟူရာလအစောင့်ဒါဇင်ကျော်က သူ့ထံ ဦးတည်လာကြသည်။
"မင်းက လူထုကို နှောင့်ယှက်ပြီး လူတွေကိုတောင် ဒဏ်ရာရအောင်လုပ်ရဲတယ်။ ဖန်ဟို မင်းနောက်မှာ ဆေးဝါးတာအိုဌာနပဲရှိရှိ အရေးမကြီးဘူး။ မင်း ဒီနေ့မှာ မျိုးနွယ်စုရဲ့ အပြစ်ပေးတာကို ခံရမယ်"
မဟူရာလအစောင့်ဒါဇင်ကျော်က မန်ဟို့အပေါ် ထိုးဆင်းလာကြသည်။ သူတို့ မီတာဒါဇင်ကျော်မျှသာ ကွာတော့သည့်အချိန်တွင် မန်ဟို၏ မျက်လုံးများမှ တောက်ပသောအလင်းရောင်များ ရုတ်တရက် ထွက်လာပြီး သူက တစ်ခွန်းတည်း ပြောလိုက်သည်။
"ထွက်သွားစမ်း"
စကားလုံးများက မိုးခြိမ်းသံများသဖွယ် မြည်ဟီးသွား၏။ ထစ်ချုန်းသံများက ပတ်၀န်းကျင်တွင် ပြည့်နှက်သွားသည်။ အရှေ့တက်လှမ်းခြင်းအိမ်တော်ရှိ ရွေးချယ်ခံများပင်လျှင် ၎င်းကို ကြားလိုက်ကြရ၍ လှမ်းကြည့်လိုက်ကြသည်။
မန်ဟို့အရှေ့ရှိ မဟူရာလအစောင့်များမှာ မမြင်ရသော ဧရာမတောင်ကြီးတစ်လုံး သူတို့အပေါ် ကျလာသည့်အလား ခံစားလိုက်ရသည်။ သူတို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး နားကွဲလုမတတ် ကျယ်လောင်သော ထစ်ချုန်းသံများ သူတို့နားထဲတွင် ပြည့်နှက်သွား၏။ သူတို့မှာ ချက်ချင်းဆိုသလို သူတို့၏ ကျင့်ကြံခြင်းအခြေခံများ မတည်မငြိမ်ဖြစ်လာသည်ကို ခံစားလိုက်ကြရလေသည်။ သူတို့သည် အင်မော်တယ်နယ်ပယ်တွင် ဖြစ်လင့်ကစား ကြောက်မက်ဖွယ်ကောင်းသော လေပြင်းတစ်ချက်က သူတို့ကို တိုးဝှေ့လိုက်သဖြင့် တဆတ်ဆတ် တုန်ရီလာကြပြီး အဝေးသို့ လွင့်ထွက်သွားကြ၏။ မန်ဟို၏ စကားလုံးလေးတစ်ခွန်းက သူတို့၏ စိတ်နှလုံးများကို ချာချာလည်သွားစေပြီး လွင့်ထွက်သွားစေခဲ့လေပြီ။
ပတ်၀န်းကျင်ရှိ ဖန်မျိုးနွယ်၀င်အားလုံးမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။
ဖန်ရွှီတစ်ယောက် ကြက်သေသေလျက် ကြည့်နေစဉ် မန်ဟိုက တည်ငြိမ်အေးဆေးစွာ ရှေ့ဆက်သွားသည်။ လူအုပ်ကြီးများက ချက်ချင်း လူစုခွဲပြီး ငွေတော်တာလကန်သို့ ဦးတည်နေသော လမ်းအား ဖယ်ပေးလိုက်ကြသည်။
ကန်၏အလယ်၊ ကျွန်းပေါ်ရှိ အရှေ့တက်လှမ်းခြင်းအိမ်တော်တွင် ဖန်ဝေနှင့် ကျန်ရှိသူအားလုံးသည် အင်မော်တယ်နတ်မင်းကြီးတစ်ပါး ပေါ်လာသည့်အလား လူအုပ်ကြီး လမ်းဖယ်ပေးလိုက်သည်ကို မြင်လိုက်ကြရ၏။
မန်ဟိုက ခြုံထည်ပမာ ပခုံးကိုကျော်၍ ကျနေသော ဆံပင်ရှည်ရှည်များဖြင့် လျှောက်လာသည်။ သူ၏ အမူအရာသည် လေးနက်ပြီး ခက်ထန်နေသည့်အပြင် သူ၏ ထင်ရှားကျော်ကြားလာမှုက မည်သူမှ လျစ်လျူရှု၍မရသည့် ကြောက်မက်ဖွယ် အရှိန်အဝါကို ပေးစွမ်းနေသည့်အလားပင်။
အိမ်တော်ထဲရှိ ရွေးချယ်ခံများမှာ သူတို့ထံ လျှောက်လာနေသူမှာ မန်ဟိုဖြစ်ကြောင်းမြင်လျှင် မျက်နှာအမူအရာ အမျိုးမျိုးဖြစ်ကြကုန်၏။
လီလင်းအာ၏ မျက်နှာတွင် အမုန်းတို့ ဖြတ်ပြေးသွားသည်။
စွန်းဟိုက်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက အသက်ပြင်းပြင်းရှုသွင်းကာ အလိုအလျောက် နောက်ဆုတ်မိလိုက်သည်။
စုန့်လော့တန်နှင့် ထိုက်ယန်ကျစ်တို့သည် မန်ဟို့ကို တစ်ပြိုင်တည်း မြင်လိုက်ပြီး သူတို့၏ မျက်လုံးများသည် စူးရှတောက်ပသွားကြ၏။
ထို့နောက် ဓားမြောင်ပမာ ချွန်ထက်နေသော အကြည့်နှင့် ဖန်းတုံးအာ။ ထိုအခိုက်အတန့်တွင် မန်ဟို့ကို တစ်စစီ ခုတ်ပိုင်းပစ်လိုစိတ်ထက် ပြင်းထန်သော အလိုဆန္ဒ သူမတွင် မရှိတော့ပေ။ သူမမှာ အသက်ရှုသံများ မြန်လာပြီး စောစောကကဲ့သို့ တည်ငြိမ်သော အမူအရာကို ထိန်းမထားနိုင်တော့ပေ။
"မန်ဟို...."
***