အဟုန်
Vol. 67 Ch. 929
ဖန်ဝေ၏ အကြည့်သည် ချက်ချင်း မန်ဟို့အပေါ် ကျရောက်လာ၏။ သူ၏ အမူအရာမှာ နဂိုအတိုင်းသာ ဖြစ်သော်လည်း သူ၏ သူငယ်အိမ်များက ကျဉ်းမြောင်းသွားလေသည်။ မန်ဟို ပေါ်လာသည်ကို သူမအံ့ဩပေ။ ပင်မ၀တ်ပြုကျောင်းထဲတွင် ပထမဦးဆုံး ဆုံတွေ့ခဲ့စဉ် တစ်ယောက်ကိုတစ်ယောက် ကြည့်ခဲ့သည့် အခိုက်အတန့်တွင် မန်ဟိုကား ခပ်လွယ်လွယ်လူတစ်ယောက် မဟုတ်ကြောင်း ဖန်ဝေ ပြောနိုင်ခဲ့၏။ သို့သော် သူသည် မန်ဟို့ကို သိပ်အရေးမစိုက်ခဲ့သည့်အပြင် အဖက်မလုပ်ခဲ့ပေ။ မန်ဟို ဆေးဝါးတာအိုဌာနတွင် ထင်ရှားကျော်ကြားလာသည့်အခါမှသာ သူ့မှာ မတတ်သာပဲ အလေးအနက် ထားခဲ့ရလေသည်။
အထူးသဖြင့် ယခုကဲ့သို့ မန်ဟို ရုတ်တရက် ရန်လိုစွာ ပြုမူသော အချိန်တွင် ဖြစ်သည်။ ဖန်ဝေက အေးစက်စက် နှာမှုတ်လိုက်သည်။
တခဏကြာသော် သူ၏ အမူအရာသည် စိတ်အနှောင့်အယှက်တစ်စုံတစ်ရာ မဖြစ်သည့်အလား တည်ငြိမ်အေးဆေးသွား၏။
၀မ်မုလည်း အရှေ့တက်လှမ်းခြင်းအိမ်တော်ထဲတွင် ရှိလေသည်။ မန်ဟို့ကို မြင်သောအခါ သူ၏ မျက်လုံးများသည် စူးရှတောက်ပသွားပြီး တိုက်ခိုက်လိုစိတ်ပြင်းထန်လာ၏။
ဖန်ယွင်ရီလည်း သွေးအေးစွာ ပြုံးရင်း မန်ဟိုရှိရာသို့ အဆိပ်ပြင်းပြင်း ရပ်ကြည့်နေသည်။
ငွေသော်တာလကန်၏ ပတ်ပတ်လည်ရှိ လူအုပ်များမှာ ဆူညံပွက်လောရိုက်နေ၏။ သူတို့သည် မန်ဟို ဖြည်းညင်းစွာ လျှောက်လှမ်းလာနေစဉ် လမ်းဖယ်ပေးနေကြသည်။ အနောက်က လိုက်လာသော ဖန်ရွှီမှာ စိတ်လည်းလှုပ်ရှား၊ စိုးလည်းစိုးရိမ်နေပုံရသည်။ မဟူရာလအစောင့်များသည် ဖန်မျိုနွယ်စု၏ အစောင့်တပ်ဖွဲ့ ကိုးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်ပြီး ငြိမ်၀ပ်ပိပြားရေးအတွက် တာ၀န်ရှိသူများ ဖြစ်လေသည်။ သူတို့သည် မန်ဟို သူတို့အား ရန်စသည်ကို အသာတကြည် တုံ့ပြန်မည့်သူများမဟုတ်ပေ။
"အစ်ကိုကြီး" သူက တိုးတိုးလေးပြောလိုက်သည်။ ရုတ်တရက် တရွှီးရွှီး လေတိုးသံများ ကြားလိုက်ရပြီး လူအရိပ်သုံးဆယ်ကျော်သည် အရပ်လေးမျက်နှာမှ မန်ဟို့ထံသို့ ချဥ်းကပ်လာနေကြ၏။
ဤလူများသည် ငြိမ်၀ပ်ပိပြားရေးတာဝန်ခံ မဟူရာလအစောင့်များ ဖြစ်ကြ၏။ သူတို့ မန်ဟို့ထံ ပျံသန်းလာနေစဉ် သူတို့၏ ကျင့်ကြံခြင်းအခြေခံများသည် စွမ်းအားများဖြင့် ဟုန်းဟုန်းတောက်နေကြသည်။ ဤကျင့်ကြံသူအားလုံးကား အင်မော်တယ်အဆင့် ဖြစ်ကြလေသည်။
သူတို့ထဲက နှစ်ယောက်သည် အဆင့် (၅) အင်မော်တယ်များ ဖြစ်ကြပြီး သူတို့သည် အမြန်ဆုံးနှုန်းနှင့် ချဉ်းကပ်လာနေကြစဉ် နတ်ဘုရားစွမ်းအင်များနှင့် မှော်သိုင်းကွက်များကို ထုတ်လွှတ်လိုက်ကြ၏။ စူးရှသော အလင်းရောင်များက ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်ရင်း အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။
"ဘယ်လောက် ရိုင်းစိုင်းလိုက်သလဲ"
"မင်းကများ မဟူရာလအစောင့်ကို တိုက်ခိုက်ရဲတယ်ပေါ့လေ။ လူထုကို ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ရဲတယ်ပေါ့လေ။ မင်း ဘယ်ကောင်ပဲဖြစ်ဖြစ် အခု ဒူးထောက်ပြီး အကျဉ်းခန်းမှာ အနှိပ်စက်ခံရဖို့ အသင့်ပြင်စမ်း"
အသံများ ပဲ့တင်ထပ်လာသည့်အခါ ဖန်ရွှီမှာ စိုးရိမ်သောကရောက်လာသည်။
သို့သော် မန်ဟို၏ အမူအရာက နည်းနည်းလေးမှ ပြောင်းလဲမသွားဘဲ သူက အေးစက်စွာ ပြုံးလိုက်သည်။
"ကြည့်ရတာ ဘာကောင်မှ မဟုတ်တဲ့ကောင်တွေတောင် ငါ့အရှေ့မှာ စွာကျယ်စွာကျယ် လုပ်ရဲတယ်ထင်တယ်" သူက ပြောသည်။ "မဟုတ်မှ ငါ မျိုးနွယ်စုထဲမှာ နည်းနည်းပါးပါး အာဏာမပြထားတာကြောင့်မို့လို့လား" ထိုသို့ပြောပြီး သူက ရှေ့တက်လိုက်၏။ သူ၏ခြေထောက် မြေကြီးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။
အလင်းတန်းသည် ရွှေရောင်ဖြစ်ပြီး အတွင်းထဲတွင် မန်ဟိုက ရွှေရောင်သိမ်းငှက်ကြီးအသွင်ကို ယူထားသည်။ သူက လာနေသော မဟူရာလအစောင့်များထံသို့ အမြန်ဆုံးပြေး၀င်သွားသဖြင့် ရွှီးခနဲ အသံတစ်သံကို ကြားလိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်း သူသည် သူတို့အထဲမှ သုံးယောက်ကို ၀င်တိုက်ပစ်လိုက်သည်။ သိမ်းငှက်ကြီး၏ ခြေသည်းများက လေထုကို ဆုတ်ဖြဲလိုက်ရာ စုတ်ပြဲသံများအား ပဲ့တင်ထပ်သွားစေသည်။ မဟူရာလအစောင့်သုံးယောက်၏ မျက်နှာများ ပျက်သွားကြသည်။ သူတို့၏ ပါးစပ်မှ သွေးများပန်းထွက်ကာ တိုက်ပင်မတိုက်ခိုက်နိုင်တော့ဘဲ ခန္ဓာကိုယ်များ လိမ်ဖယ်သွားကြ၏။ သူတို့မှာ မန်ဟို၏ ခြေသည်းများကို မခုခံနိုင်လဲ ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားကြလေသည်။
သူတို့ သွေးများအန်လျက် လွင့်ထွက်သွားကြသည့်အချိန်မှာပင် သူတို့သည် မန်ဟို့ကို အလန့်တကြား ပြန်ကြည့်ကြသည်။
"ဘယ်လိုလုပ်ပြီး သူက ဒီလောက် သန်မာရတာတုန်း"
မန်ဟိုက တခဏလေးပင် မရပ်ဘဲ အခြားအစောင့်များဆီသို့ ပျံသန်းသွားသည်။ သိမ်းငှက်ကြီးသည် တောင်ပံနှစ်ဖက်ကို ခတ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း မဟူရာလအစောင့် ငါးယောက်ကျော်မှာ အင့်ခနဲ ညည်းလိုက်ကြရ၏။ သူတို့ ဒလိမ့်ခေါက်ကွေး လိမ့်ထွက်သွားကြစဉ် သွေးများက သူတို့၏ပါးစပ်မှ ပန်းထွက်လာပြီး အံ့ဩတုန်လှုပ်နေသော အမူအရာများဖြင့် သိမ်းငှက်အသွင်မန်ဟို့ကို လှမ်းကြည့်နေကြလေသည်။
"သူ့မှာ ဘာကျင့်ကြံခြင်းအခြေခံ ရှိတာလဲ။ ငါတို့သုံးယောက်ရဲ့ ပူးပေါင်းအားတောင်မှ သူ့ကို မတားနိုင်ဘူး"
ဤအပြုအမူအားလုံးကို ဖော်ပြရန် စာကြောင်းများစွာ ကြာလိုက်သော်လည်း ဤလူရှစ်ယောက် ဒဏ်ရာရပြီး လွင့်ထွက်သွားခြင်းမှာ လျှပ်တစ်ပြက်အတွင်း၌သာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ လူရှစ်ယောက်မှာ ဒဏ်ရာရသွားပြီး အဝေးသို့ လွင့်ထွက်သွားခဲ့၏။ ယခုတွင် မဟူရာလအစောင့်ခုနစ်ယောက်သာ မန်ဟို့အရှေ့တွင် ရပ်ကျန်ခဲ့လေပြီ။
ထိုလူခုနစ်ယောက်အနက် အသက်ရှုမြန်နေကြသော အဆင့် (၅) အင်မော်တယ်နှစ်ယောက် ပါ၀င်သည်။ သူတို့၏ အမူအရာများမှာ အံ့အားသင့်နေသောပုံစံရှိပြီး သူတို့က အံတင်းတင်းကြိတ်၍ ဆင့်ခေါ်လိုက်ကြသည်။ "မဟူရာလဝင်္ကပါ"
ချက်ချင်းပင် ကျန်ငါးယောက်က ပထမဆုံးနှစ်ယောက်နှင့် ပူးပေါင်းပြီး လပုံဏ္ဌာန်ကို အတူတကွ ဖော်ဆောင်လိုက်သည်။ သူတို့၏ အ၀တ်အစားများက အနက်ရောင်ဖြစ်၍ ထိုလသည်လည်း အနက်ရောင်ဖြစ်လေသည်။
မဟူရာလ။
လပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြီးမားသော စွမ်းအင်က ပတ်၀န်းကျင်ရှိ လူတိုင်း၏ အပေါ်သို့ သက်ရောက်လာသည်။ အရှေ့တက်လှမ်းခြင်းအိမ်ထဲရှိ ကျင့်ကြံသူတစ်ချို့က ထူးဆန်းစွာ တောက်ပနေသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြ၏။
"မဟူရာလအစောင့်တွေရဲ့ ပထမပေါင်းစည်းခြင်းပညာရပ်ပဲ" ထိုက်ယန်ကျစ်က မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောသည်။
"ကောလဟာလတွေအရဆိုရင်" စွန်းဟိုက်က မဟူရာလကို ကြည့်ရင်း ပြောသည်။ ဒီပညာရပ်နဲ့ လူခုနစ်ယောက်မန္တန်၀င်္ကပါကို ဖန်တီးတယ်။ ၀င်္ကပါခုနစ်ခုက မှော်မန္တန်တစ်ခုကို ဖန်တီးတယ်။ မန္တန်ခုနစ်ခုက နတ်ဘုရားစွမ်းအင်တစ်ခုကို ဖန်တီးတယ်။ နတ်ဘုရားစွမ်းအင်ခုနစ်ခုက တာအိုတစ်ခုကို ဖန်တီးတယ်"
အခြားသူများလည်း တူညီသော တုံ့ပြန်မှုများရှိသော်လည်း လီလင်းအာက အေးစက်စက်တောက်ပနေသော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေလေသည်။
ငွေသော်တာလကန်၏ ပတ်ပတ်လည်ရှိ လူအုပ်ကြီးများမှာလည်း အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။
ဖန်ရွှီ၏ မျက်နှာပျက်ယွင်းသွားပြီး ဖန်ယွင်ရီ၏ အပြုံးမှာ ပို၍ ယုတ်မာရက်စက်လာသည်။
ထိုအခိုက်အတန့်တွင်....
ရွှေရောင်သိမ်းငှက်ကြီးအသွင်ဖြင့် မန်ဟို တခဏမျှ မတွန့်ဆုတ်ပေ။ သူသည် မဟူရာလထံသို့ ပြေး၀င်သွား၏။ ထိုသို့ ပြေး၀င်သွားသောပခါ သိမ်းငှက်ကြီးသည် ဝါးသွားပြီး မရေမတွက်နိုင်သော တောင်များအသွင် ပြောင်းသွား၏။ တောင်များက တစ်တောင်နှင့်တစ်ထောင် ချိတ်ဆက်၍ မဟူရာလအပေါ်ဖိချလိုက်သော တောင်တန်းကြီးတစ်တန်းကို ဖော်ဆောင်လိုက်ကြသည်။
ဤသည်ကား တောင်ဝါးမြိုမန္တန်မှတစ်ပါး အခြားမဟုတ်ပေ။
အဝေးမှ ကြည့်လျှင် အလွန်ကြီးမားသော တောင်ထိပ်ကြီးများက ကောင်းကင်ပေါ်ရှိ လကို ဖိနှိပ်နေသည်နှင့်တူသည်။ မရေမတွက်နိုင်သော တောင်ထိပ်ကြီးများမှာ ကောင်းကင်တွင် ပြည့်နှက်နေပြီး မဟူရာလမှာမူ သိသိသာသာ ကျုံ့လာနေ၏။ စောင့်ကြည့်နေသော လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ အထူးသဖြင့် မန်ဟိုနှင့် တိုက်ခိုက်ခဲ့ဖူးသော အရှေ့တက်လှမ်းခြင်းအိမ်တော်ရှိ ရွေးချယ်ခံများဖြစ်သည်။ သူတို့သည် တောင်များကို မြင်လျှင် ထိုနှစ်က တော်ကောင်းကင်ဂြိုလ်တွင် မန်ဟိုတစ်ယောက်တည်း ရွေးချယ်ခံအားလုံးကို အနိုင်ယူခဲ့သည့်အချိန်ကို သတိရလိုက်သည်။ ပြိုင်ဘက်တစ်ထောင်ကျော်၏ လိုက်ဖမ်းခြင်းခံခဲ့ရသော်လည်း သူကား ရဲစွမ်းသတ္တိရှိမြဲရှိနေခဲ့၏။
တဝုန်းဝုန်း မြည်သံကြီးများ အရပ်လေးမျက်နှာသို့ ရိုက်ညောင်းသွားသည်။
မဟူရာလမှာ တောင်များ၏ ဖိနှိပ်နေမှုအောက်တွင် အသက်ရှိုက်စာ အနည်းငယ်မျှသာ ခံလိုက်၏။ ၎င်းမှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး အတွင်းရှိ လူခုနစ်ယောက်ကား သွေးများအန်၍ ကြောက်လန့်နေသော မျက်နှာထားများဖြင့် လွင့်ထွက်သွားကြလေသည်။
တောင်များ လွင့်ပျယ်ပျောက်ကွယ်သွားပြီး မန်ဟိုက ၎င်းတို့ထဲမှ ထွက်လာသည်။ သူက နောက်တဖန် အရှေ့သို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားသည်။
"ဖန်ရွှီ လိုက်လာခဲ့" သူက အထက်စီးဆန်စွာ ပြောသည်။ "ငါ မင်းကို ကန်ပေါ်က အိမ်တော်ဆီ ခေါ်သွားမယ်" သူ၏ ဟိန်းထွက်လာသော အသံကို ကြားလိုက်သူတိုင်းအတွက် မန်ဟိုတစ်ယောက်တည်းသာ ဤလောကတွင် တည်ရှိနေသည့်အလား ခံစားလိုက်ကြရ၏။
မျိုးနွယ်၀င်များစွာမှာ မန်ဟို့အား ပထမဦးဆုံးအကြိမ် တွေ့နေရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့မှာ ထိတ်လန့်တုန်လှုပ်နေကြပြီး ဖန်ရွှီပင်လျှင် ပင့်သက်ရှိုက်နေရသည်။ သူက အံတင်းတင်းကြိတ်၍ မန်ဟို့နောက်မှ ပျံလိုက်လာ၏။
သူတို့နှစ်ယောက်ကား ငွေသော်တာလကန်သို့ ဆက်သွားနေကြလေသည်။ မန်ဟိုက ဦးဆောင်ပြီး ဖန်ရွှီက နောက်ကလိုက်နေ၏။
ငွေသော်တာလကန်၏ အလယ်ရှိ အရှေ့တက်လှမ်းခြင်းအိမ်တော်ထဲတွင် ရွေးချယ်ခံအမျိုးမျိုးသည် မန်ဟို့ကို ကြည့်နေကြသည်။ သူတို့သည် အတိတ်တုန်းက သူနှင့် မည်ကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ပါစေ ဤအခိုက်အတန့်တွင် မန်ဟိုကား လျှမ်းလျှမ်းတောက် နေတစ်စင်းဟု ၀န်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
ဖန်ဝေသည် မျက်လုံးများ အေးစက်နေလျှက် တိတ်ဆိတ်စွာ ရပ်နေ၏။ အခြားတစ်ဖက်တွင် ဖန်ယွင်ရီမှာ အလွန်တရာ မုန်းတီးနေသော အမူအရာရှိလေသည်။
ဖန်ဟုန်မှာ မန်ဟို့ကို ကြောက်ရွံ့လေးစားနေခဲ့ပြီးဖြစ်၍ မသိလိုက်ဘဲ နောက်ဆုတ်မိလိုက်သည်။ ဖန်ရှန်ရှန်းလည်း ထိုနည်းတူပင်။ ဖန်တုံးဟန်မှာတော့ တိတ်တိတ်လေး စိတ်လှုပ်ရှားနေ၏။ ဤရလဒ်ကား သူ ဖြစ်စေချင်နေခဲ့သည့် မန်ဟိုနှင့် ဖန်ဝေ၏ တိုက်ပွဲဖြစ်လေသည်။
မန်ဟို ငွေသော်တာလကန်သို့ ချဉ်းကပ်လာနေစဉ် ကန်စပ်၌ ရုတ်တရက် လူတစ်ဦး ပေါ်လာသည်။
၎င်းသည် လနှစ်စင်းရေးဆွဲထားသော အနတ်ရောင်၀တ်ရုံကို ၀တ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ သူ့တွင် အဆင့် (၆) အင်မော်တယ်အဆင့် ကျင့်ကြံခြင်းအခြခံရှိလေသည်။
"ရှက်စရာကောင်းတဲ့ သောက်အရူး" သက်လတ်ပိုင်းလူက အေးတိအေးစက် ပြောသည်။ "နောက်ဆုတ်စမ်း" ဤအဆင့် (၆) အင်မော်တယ်သည် ဤပတ်၀န်းကျင်ရှိ မဟူရာလအစောင့်များ၏ ခေါင်းဆောင်ဖြစ်၏။ သူက မန်ဟို့အပေါ် စက်ဆုပ်မှုများကို ဖုံးကွယ်ရန် မကြိုးစားဘဲ မျက်မှောင်ကြုတ်လျက် ရပ်နေသည်။ စကားပြောနေသည့်အချိန်မှာပင် သူသည် လက်ကို အရှေ့သို့ တွန်းထုတ်လိုက်ရာ ကြီးမားသောဖိအားကြီး လိမ့်ထွက်သွား၏။ တစ်ချိန်တည်းမှာပင် ကြီးမားသော ပုံရိပ်ယောင်လက်ကြီးက မန်ဟို့ထံ ပြေး၀င်သွားလေသည်။
"ငါက ဖန်မျိုးနွယ်စုရဲ့ တိုက်ရိုက်သွေးဆက်" မန်ဟိုက ပြန်ဖြေသည်။ "ငါက ဒီမျိုးဆက်ရဲ့ အကြီးဆုံးမြေး။ မျိုးနွယ်စုမှာ အမြင့်ဆုံးအဆင့်အတန်းပိုင်ရှင်။ မင်းကမှ နောက်ဆုတ်ရမယ့်ကောင်" မန်ဟိုက အရှိန်လျော့ရမည့်အစား အရှိန်တင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ညာလက်ကို လက်သီးဆုပ်၍ လေထုကို ကိုးကြိမ်ဆက်တိုက် ထိုးလိုက်၏။
ကောင်းကင်ဘုံကိုးဆင့်ပျက်စီးခြင်း။
ဝုန်း
အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးက မြည်ဟည်းသွားစဉ် သူ၏ ဓမ္မဆင်းတုသည် ရုတ်တရက် သူ၏ အနောက်တွင် ဖြစ်ပေါ်လာ၏။ အဆုံးအစွန်အထိ အံ့ဩဖွယ်ကောင်းသော မီတာ ၁၅၀၀၀ အမြင့်ဖြင့် ၎င်းကလည်း ထိုးချလိုက်သည်။ ကောင်းကင်နှင့်မြေကြီးကို ထက်ခြမ်းခြမ်းပစ်နိုင်ပုံရသော လက်သီးချက်ကိုးချက်က သက်လတ်ပိုင်းလူထံသို့ ပြေးဆင်းသွားသည်။
သူ၏ တိုက်ကွက်များ လက်ဝါးရိုက်ချက်အား ဝင်ဆောင့်သောအခါ လက်ဝါးမှာ ကြေမွသွားသည်။ မန်ဟို၏လက်သီးက သူ့အပေါ် ကျဆင်းလာနေရာ သက်လတ်ပိုင်းလူမှာ မျက်နှာပျက်သွား၏။
မျက်စိတစ်မှိတ်အတွင်း တိုက်ကွက်ဒါဇင်ကျော် ဖလှယ်ပြီးသွားပြီ။ ဖလှယ်မှုတိုင်းက သက်လတ်ပိုင်းလူ၏ မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေသည်။ ယခုတွင် သူမှာ ကျင့်ကြံခြင်းအခြေခံ အားနည်းလာနေပြီး အသက်စွမ်းအားတို့ ကုန်ခမ်းလာနေကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏ အမူအရာမှာ ကြောက်ရွံ့မှုတို့ဖြင့် စိုးမိုးနေတော့သည်။ ၎င်းတို့သည် မန်ဟို၏ စုပ်ယူခြင်း ခံနေရသည်။
အဆုံးသတ်တွင် သူ၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး မတတ်သာဘဲ နောက်ဆုတ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် မန်ဟိုက ဖန်ရွှီကို လှမ်းဆွဲလိုက်၏။ လူတိုင်း စောင့်ကြည့်နေစဉ် သူက ငွေသော်တာလကန်၏ အပေါ်သို့ ပျံတက်လိုက်၏။
မန်ဟို လေထဲရောက်သွားသည်နှင့်တစ်ပြိုင်နက် လူအုပ်ထဲရှိ မဟူရာလအစောင့်များသည် အလောတကြီး ပျံတက်လာကြပြီး မန်ဟို့ထံ ပြေး၀င်လာကြ၏။ သူသည် တစ်မျိုးနွယ်တည်းသာဖြစ်သော်လည်း မဟူရာလအစောင့်များကို ပေါ်ပေါ်တင်တင် စိန်ခေါ်ခြင်းမှာ အလျှော့ပေးနိုင်သည့်အရာမျိုး မဟုတ်ပေ။
သို့သော်လည်း မန်ဟိုက သူတို့ကို အဖက်ပင် မလုပ်ပေ။ သူက အံ့အားသင့်နေသော ဖန်ရွှီကို ဆွဲ၍ ငွေသော်တာလကန်အပေါ်မှ ဖြတ်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ အရှေ့တက်လှမ်းခြင်းအိမ်တော်ထဲသို့ ဦးတည်သွားလေသည်။
အိမ်တော်ထဲတွင် ရွေးချယ်ခံအားလုံး အံ့အားသင့်နေကြသည်။ လီလင်းအာက အံတင်းတင်းကြိတ်ထားပြီး အေးစက်သော အလင်းရောင်အား ဖန်းတုန်းအာ၏ မျက်လုံးများထဲတွင် မြင်နိုင်သည်။ ၀မ်မုသည် တိုက်ခိုက်လိုစိတ်ပြင်းပျနေပြီး စုန့်လော့တန်၏ မျက်နှာက တင်းမာခက်ထန်နေ၏။ စွန်းဟိုက်မှာမူ ပျာယာခတ်နေသည်။ ထိုက်ယန်ကျစ်နှင့် အခြားလူများမှာလည်း မန်ဟို သူတို့ထံ ချဥ်းကပ်လာနေစဥ် စွမ်းအားများ ဆူပွက်လာနေသည်ကို ခံစားနေရ၏။
ဖန်ဝေမှာတော့ မျက်မှောင်ကြုတ်သွားသည်။ ဖန်ယွင်ရီမှာ အသက်ပြင်းပြင်း ရှုနေရ၏။ မန်ဟို၏ အင်အားကြီးမားသောအဟုန်ကို မြင်ရခြင်းက သူ့အား မသိလိုက်ဘဲ နောက်ဆုတ်မိလိုက်စေလေသည်။
လူတိုင်းစောင့်ကြည့်နေသည့်အချိန်မှာပင် မန်ဟိုက ရေပြင်ကို ဖြတ်၍ ဖန်ရွှီအား ခေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူကား အရှေ့တက်လှမ်းခြင်းအိမ်တော်သို့ ရောက်ခါနီးလေပြီ။ သူ အထဲသို့ ခြေလှမ်းတော့မည့်အချိန်မှာပင်…
"မင်း ဒီကို ဝင်ဖို့ အရည်အချင်း မပြည့်မှီဘူး" ဖန်ဝေက တည်ငြိမ်စွာပြောလိုက်သည်။
သူက ရှေ့တစ်လှမ်း တက်ပြီး လက်ဝါးဖြင့် ရိုက်ချလိုက်၏။
လက်ဝါးရိုက်ချက်က လူတိုင်းကို ငလျင်များ လှုပ်ခတ်နေပြီး တောင်တန်းများ တုန်ခါနေသည့်အလား ခံစားလိုက်ရစေသည်။ ရှေးသတ္တဝါကြီးတစ်ကောင် မြေကြီးအောက်၌ နိုးထလာနေပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှတ်နေသည့်အလား ငွေသော်တာလကန်ရေပြင်မှာ တဖွေးဖွေး လှုပ်နေသည်။
လက်ဝါးရိုက်ချက်သည် ပုံမှန်သာ ထင်ရသော်လည်း ၎င်းအား ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် အရှေ့တက်လှမ်းခြင်းအိမ်တော်အရှေ့တွင် ရွှေရောင်မှော်သင်္ကေတတစ်ခု ပေါ်လာသည်။ ထိုသင်္ကေတသည် နေနှင့်တူနေပြီး အပြင်ရှိအရာအားလုံးကို ရွှေရောင်သန်းသွားစေ၏။
လက်ဝါးရိုက်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ဖန်းတုန်းအာ၊ မြင့်မြတ်သော ရေစီးဓားဂူမှ ကျိုးရှင်းတို့အပါအ၀င် အိမ်တော်ထဲရှိ ရွေးချယ်ခံအားလုံးမှာ မျက်လုံးများ ကျဉ်းမြောင်း၍ အာရုံစူးစိုက်လိုက်ကြ၏။ အမျိုးမျိုးသော အမူအရာများအား မြင်ရနိုင်၏။ ဖန်ဝေ့တိုက်ကွက်၏ ကြောက်မက်ဖွယ်ရာစွမ်းအားက လူတိုင်းကို အံ့အားသင့်သွားစေလေသည်။
အထူးသဖြင့် ဖန်ဝေ၏တိုက်ကွက်တွင် ပြန်၀င်စားခြင်းအရှိန်အဝါတစ်ခုပါရှိနေကြောင်း လူအများ သဘောပေါက်လိုက်သောအခါတွင် ဖြစ်သည်။ ၎င်းက သဘာ၀နိယာမတစ်ခုအလား ဖန်ဝေကို ဆန့်ကျင်သော မည်သူမဆို ကောင်းကင်ကြီး၏ ရန်သူဖြစ်သွားစေသည့်အလားပင်။
အန္တရာယ်များသော ခံစားချက်က မန်ဟို၏ ရင်ထဲတွင် ဖြစ်တည်လာပြီး သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် ဖန်ရွှီကို လွှတ်၍ ပုလဲဖြူပုလဲနက်များကို လည်သွားစေ၏။ ထိုမျှသာမက သွေးချီသည် သွေးမိစ္ဆာခေါင်းကြီးအသွင်ပြောင်းရင်း ထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးသည် မန်ဟို၏လက်ထဲတွင် စုစည်းသွားပြီးနောက် သူလည်း လက်ဝါးအား ရိုက်ချလိုက်၏။
မန်ဟိုနှင့် အရှေ့တက်လှမ်းခြင်းအိမ်တော်ထဲရှိ ဖန်ဝေ့အကြားကွက်လပ်ထဲတွင် ထစ်ချုန်းသံကြီး မြည်ဟည်းသွားသည်။
ဤသည်မှာ မန်ဟိုနှင့် ဖန်ဝေ ပထမအဆုံးအကြိမ် တိုက်ကွက်ဖလှယ်ခြင်းဖြစ်သည်။
***