← Chapters

အကုန်လုံးကို သတိရနေတာ

Vol. 67 Ch. 930

အကုန်လုံးကို သတိရနေတာ

Vol. 67 Ch. 930

၎င်းကား ရွှေနှင့်သွေး၏ ထိတွေ့မှုဖြစ်သည်။

၎င်းကား ပြန်ဝင်စားခြင်းစွမ်းအားနှင့် ပုလဲနက်ပုလဲဖြူတို့၏ ရုန်းကန်မှုစွမ်းအားဖြစ်သည်။

ဤသည်ကား ဖန်ဝေ အပြိုင် မန်ဟိုဖြစ်သည်။

သူတို့၏ ပထမဦးဆုံးတိုက်ပွဲပင် ဖြစ်လေ၏။

ရွှေရောင်နှင့် သွေးရောင်တို့ အချင်းချင်း ၀င်တိုက်သွားသောအခါ ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားသည်။ မှောင်မိုက်သော ညကောင်းကင်မှာ ရုတ်တရက် ၀င်းခနဲ လက်သွားပြီး ပြန်၀င်စားခြင်းစွမ်းအားနှင့် ပုလဲဖြူပုလဲနက်တို့ ထိတွေ့မှုက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။ ကြီးမားသော ထစ်ချုန်းသံကြီးက အရပ်လေးမျက်နှာသို့ ရိုက်ညောင်းသွားလေ၏။

သွေးမိစ္ဆာခေါင်းကြီး ပြိုကွဲသွားပြီး ရွှေကမ္ဘာလည်း ကြေမွသွားသည်။ ပြန်၀င်စားခြင်းအရှိန်အဝါကား လွင့်ပျယ်ပျောက်ကွယ်သွားပြီး မန်ဟို၏ ပုလဲဖြူပုလဲနက်များလည်း ပျက်စီးကြေမွသွားသည်။

မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ ထာ၀ရအလွှာမှာ တိုက်ကွက်ကို တောင့်ခံနိုင်သော စွမ်းအားကို ပေးစွမ်းပြီး ချက်ချင်းအ သက်၀င်သွား၏။ စောင့်ကြည့်နေသူများ မြင်ရလိုက်ရသည်က ဖန်ဝေ၏ လက်ဝါးရိုက်ချက်က သူ့အား နည်းနည်းလေးမှ မဟန့်တားနိုင်လိုက်ခြင်းကိုသာ ဖြစ်လေသည်။ သူက ရပ်ပင်မရပ်ဘဲ အရှေ့တက်လှမ်းခြင်းအိမ်တော်ထဲသို့ ခြေချလိုက်၏။

ဖန်ဝေ၏ မျက်လုံးများက အေးစက်စွာ တောက်ပသွားပြီး သူ့မျက်နှာမှာ အတန်ငယ် ဖြူဖတ်သွားသည်။ သူသည် မန်ဟို၏တိုက်ကွက်ထံမှ အတန်ငယ် ကွာဝေးသော်လည်း တန်ပြန်သက်ရောက်မှုကိုတော့ ခံစားလိုက်ရ၏။

အားလုံးအထဲ အံ့ဩစရာအကောင်းဆုံးမှာ ဤသည်မှာ ဖန်ဝေ ကျင့်ကြံအားထုတ်ရာနေရာ၊ ငွေသော်တာလကန်ဖြစ်သည်။ သူသည် ကန်ရေနှင့် တစ်သားတည်းဖြစ်နေသည့်အတွက် အသာစီးရထားသည်သာမက မန်ဟိုက ဖန်ရွှီကို ကာကွယ်နေခဲ့၏။

သို့သော် အဆုံးသတ်တွင် မည်သူက ပို၍ အစွမ်းထက်သည်လဲ ဆုံးဖြတ်ရန် ခက်ခဲလေသည်။

မန်ဟို အိမ်တော်ထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် မဟူရာလအစောင့် ဒါဇင်ပေါင်းများစွာက ကန်ရေကို ဖြတ်၍ သူ့ထံ ဦးတည်လာကြသည်။

မန်ဟိုက သူတို့ကို အဖက်မလုပ်ပေ။ ထိုအစား သူ၏အကြည့်သည် လူအုပ်ကြီးကို ဖြတ်သွားပြီး ဖန်ဝေ့ထံ ကျရောက်လာ၏။

"၀မ်းကွဲညီလေး ဖန်ဝေ။ ငါက ဘာကြောင့် ဒီအိမ်တော်ထဲ ၀င်ခွင့်မရှိတာလဲ"

"မဟူရာလအစောင့်တွေရဲ့ လိုက်ဖမ်းတာ ခံနေရတဲ့ ဘယ်သူမဆို ဒီထဲ ၀င်ခွင့်မရှိဘူး" ဖန်ဝေက အေးတိအေးစက် ပြန်ပြောသည်။ မဟူရာလအစောင့်များသည် အိမ်တော်နှင့် နီးကပ်နေပြီဖြစ်ပြီး ပို၍ များပြားသောအစောင့်များက ကန်စပ်တွင် စုဝေးနေကြလေသည်။ ထိုမျှသာမက သူတို့၏ အစစ်အမှန်ပညာရှင်များ ရောက်လာဖို့ အချိန်အနည်းငယ်သာ လိုတော့သည်။

စိတ်ထဲတွင် ဖန်ဝေက အေးတိအေးစက် ရယ်နေ၏။ သူသည် မန်ဟို လက်ရှိအခြေအနေကို မည်သို့ဖြေရှင်းမည်လဲ သိ‌ချင်နေသည်။

ဖန်ရွှီမှာတော့ မန်ဟို့ဘေးတွင် ဟောဟဲလိုက်နေလျက် မျက်နှာ ဖြူဖတ်ဖြူရော်ဖြင့် ရပ်နေလေသည်။ သူ့မှာ အရှေ့တက်လှမ်းခြင်းအိမ်တော်ထဲသို့ ဘယ်တုန်းကမှ မ၀င်ခဲ့ဖူး၍ ပုံမှန်ဆိုလျှင် အလွန်စိတ်လှုပ်ရှားနေမိမှာဖြစ်သည်။ သို့သော် ယခုတွင်တော့ မဟူရာလအစောင့်များ မှီလာဖို့ အချိန်အနည်းငယ်မျှသာ လိုတော့ပြီး ထို့နောက်တွင် မည်သို့ဖြစ်ပျက်မည်လဲ တွေးမိ‌သောအခါ သူ့မှာ အသက်ပြင်းပြင်းရှု၍ အားတင်းထားရုံမှတစ်ပါး မတတ်နိုင်တော့ပေ။

ဤအဖြစ်အပျက်အားလုံးမှာ သူ့ကြောင့်ဟု ဆုံးဖြတ်ထားပြီးဖြစ်၍ သူသည် တာ၀န်အပြည့်အ၀ယူပြီး မျိုးနွယ်စုမှ မန်ဟို့အား ပြဿနာမရှာနိုင်အောင် လုပ်မည်ဖြစ်သည်။

"အဲ့ဒီလိုလား" မန်ဟိုက ပြုံးရင်း ပြန်ဖြေလေသည်။ မဟူရာလ‌အစောင့် (၇) ယောက်၊ (၈) ယောက်က သူ့အနောက်ရှိ လေကို ခွင်းလာကြသဖြင့် တရွှီးရွှီးမြည်သံများ ကြားလိုက်ရ၏။ သူတို့၏ အမူအရာများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေပြီး သူတို့ တိုက်ခိုက်တော့မည့်အချိန်မှာပင် …

မန်ဟိုက လက်ကို မြှောက်ကာ သူ့အနောက်ရှိ မဟူရာလအစောင့်များအား တစ်စုံတစ်ခုကို ပြသလိုက်သည်။

ထို့နောက် သူက ခေါင်းပင်မလှည့်ဘဲ အေးတိအေးစက် ဟိန်းဟောက်လိုက်၏။ "ထွက်သွားစမ်း"

သူ့အသံ ပဲ့တင်ထပ်လာစဉ် အိမ်တော်၏ အပြင်ရှိ မဟူရာလအစောင့်များသည် သူ့လက်ထဲရှိ ပစ္စည်းကို မြင်လိုက်ကြရ၏။ သူတို့မျက်နှာများ ပျက်သွားကြပြီး သူတို့က တုံ့ခနဲ ရပ်ကာ မန်ဟို့လက်နှင့် ထိုထဲရှိ ပစ္စည်းကို မယုံနိုင်စွာ ကြည့်နေကြသည်။

ထို့နောက် သူတို့မှာ အသက်ရှူသံများ မြန်လာကြ၏။ ထိုစဉ် ပတ်၀န်းကျင်တွင် မဟူရာလအစောင့်များစွာ စုဝေးလာကြပြီး သူတို့အားလုံးမှာ ‌‌နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသည့်အလား တူညီသော မျက်နှာအမူအရာများ ရှိကြသည်။

အနီးအနားရှိ မဟူရာလအစောင့်ဒါဇင်ကျော်နှင့် အဝေးတွင် စုဝေးနေကြသော ရာပေါင်းများစွာအားလုံး အသံမထွက်နိုင်ဘဲ အံ့အားသင့်သွားကြလေသည်။

အရှေ့တက်လှမ်းခြင်းအိမ်တော်ထဲရှိ ရွေးချယ်ခံများမှာ ဖြစ်ပျက်နေသော အရာကို မြင်လျှင် ရုတ်တရက် မျက်လုံးများ တောက်ပသွားကြ၏။ ဖန်ဝေက ရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး သူ့မျက်နှာမှာ ချက်ချင်း အရုပ်ဆိုးသွားတော့သည်။ ဖန်ယွင်ရီမှာ ဤအဖြစ်အပျက်ကို မည်သို့တုံ့ပြန်ရမည်လဲမသိသဖြင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။

မည်သည့်အရာက မဟူရာလအစောင့်များကို ရုတ်တရက်ရပ်၍ အနားကပ်မလာရဲအောင် လုပ်နိုင်သည်လဲ သူ နားမလည်ပေ။

ဖန်ဟုန်သည်လည်း တအံ့တဩ စိုက်ကြည့်နေသည်။ ဖန်ရှန်ရှန်းမှာ တွန့်ဆုတ်နေ၏။ ဖန်တုံးဟန်၏ မျက်လုံးများမှာ သိချင်စိတ်တို့ဖြင့် တောက်ပနေသည်။

"မင်းတို့ကောင်တွေ ဒီမှာ ဘာလုပ်နေသေးတာတုန်း" မန်ဟိုက‌ နောက်သို့လှည့်ပင်မကြည့်ဘဲ အေးတိအေးစက် ဆက်ပြောသည်။

စကားလုံးများ သူ၏ ပါးစပ်မှ ထွက်သွားသည့်အခိုက်အတန့်တွင် သူ့နောက်ရှိ မဟူရာလအစောင့်များမှာ ပင့်သက်ရှိုက်သွားကြ၏။ သူတို့သည် ရုတ်တရက် လက်ယှက်ပြီး မန်ဟို့ကို အရိုအသေပေးပြီးနောက် ခါးသီးစွာ လှည့်ထွက်သွားကြတော့သည်။

ငွေသော်တာလကန်ပတ်ပတ်လည်ရှိ ပရိတ်သတ်တော်တော်များများ ဤအခြင်းအရာကို မြင်သွားပြီး ထိတ်လန့်သွားကြ၏။ သူတို့သည် သတ်ဖြတ်ချင်စိတ်နှင့် ပြည့်နှက်နေသည့် မဟူရာလအစောင့်များ ရုတ်တရက်ရပ်ပြီး တစ်လက်မလေးပင် အနားမကပ်ရဲဘဲ ပြန်ထွက်သွားကြသည်ကို မျက်မြင်တွေ့ခဲ့ကြရလေသည်။

အမြင်စူးရှသော လူတချို့က မန်ဟို့လက်ထဲရှိ ပစ္စည်းကို ဖျတ်ခနဲ လှမ်းမြင်လိုက်ကြသည်။ သူတို့မှာ ပင့်သက်ရှိုက်သွားကြပြီး မယုံကြည်နိုင်သောအမူအရာများက သူတို့၏မျက်နှာအပေါ်တွင် ပေါ်လာကြသည်။

"အဆင့် (၈) ဆေးဝါးပညာရှင် အမိန့်တံဆိပ်ပြား"

"အဲ့ဒါက အိမ်တော်အကြီးအကဲတစ်ဦးရဲ့ အမိန့်တံဆိပ်ပြားနဲ့ အတူတူပဲ ... အဆင့် (၈) ဆေးဝါးပညာရှင်တစ်ဦးရဲ့ အမိန့်တံဆိပ်ပြား။ အဲ့ဒါက သူ့အဆင့်အတန်းကို အိမ်တော်အကြီးအကဲအဆင့်နဲ့ တူသွားစေတယ်။ အိမ်တော်အကြီးအကဲတွေက ... မဟူရာလအစောင့်တွေကို အမိန့်ပေးပိုင်ခွင့်ရှိတယ်"

"ဖန်ဝေက မိုးနန်းတော်နေဝိညာဉ် ဆေးလုံးကို ဖော်စပ်ခဲ့တာဆိုတော့ ချက်ချင်း အဆင့် (၈) ဆေးဝါးပညာရှင် ချက်ချင်း ဖြစ်လာတာပဲ"

အပြင်ရှိ ဆူညံသံများက အိမ်တော်ထဲ ရောက်ရှိလာကာ ထိုနေရာ၌ စုဝေးနေသော ကျင့်ကြံသူများအား အသက်ပြင်းပြင်း ရှူလိုက်မိစေသည်။

ဖန်ရွှီသည် ပင့်သက်ရှိုက်သွားပြီး ရုတ်တရက် ထခုန်မတတ် ‌ပျော်သွား၏။

မန်ဟိုက လက်ကို ဖြေးဖြေးချင်း ပြန်ချရင်း ဖန်ဝေကို အပြုံးလေးဖြင့် ကြည့်သည်။

"အခု ငါ ဝင်ခွင့်ရှိပြီလား"

ဖန်ဝေမှာ မန်ဟို့ကို စိုက်ကြည့်နေစဉ် အတိုင်းထက်အလွန် မျက်စိမျက်နှာပျက်နေသည်။ သူ တုံ့ပင် မတုံ့ပြန်နိုင်ခင် မန်ဟိုက ရှေ့တက်လာပြီး ညာလက်ကို မြှောက်လိုက်သည်။ ဖန်ယွင်ရီမှာ မျက်နှာပျက်သွားပြီး ထွက်ပြေးဖို့ ကြိုးစားသော်လည်း သူ၏ခန္ဓာကိုယ်မှာ မန်ဟို့ထံသို့ အလိုအလျောက် ပျံသွားလေသည်။ မန်ဟိုက သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

"မင်း ငါ့ကို မြင်တာတောင် သေသေချာချာ မနှုတ်ဆက်ဖူးပေါ့လေ" မန်ဟိုက ခပ်ပြုံးပြုံးဖြင့် ဖန်ယွင်ရီ၏ပါးကို အသာအယာပုတ်ရင်း ပြောသည်။ "အာ ယွင်ရီ။ အရင်တစ်ခေါက် မင်းကို ငါ ဆုံးမတုန်းက မင်း မမှတ်ထားဘူးထင်တယ်"

မန်ဟို့အပြုံးက ဖန်ယွင်ရီကို တုန်ရီသွားစေသည်။ သူ တစ်ခုခု ပြောတော့မည့်အချိန် ရုတ်တရက် မန်ဟို့မျက်နှာသည် မည်းနှောင်သွားပြီး သူက ဖန်ယွင်ရီကို အိမ်တော်၏ကြမ်းပြင်အပေါ် ရိုက်ချလိုက်လေသည်။

အိမ်တော်သည် မှော်အစွမ်းများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် ထိုကဲ့သို့လုပ်ရပ်မျိုးကြောင့် မပျက်စီးနိုင်ပေ။ ၎င်းက မယုံနိုင်လောက်အောင် မာ၍ ဖန်ယွင်ရီအား သွေးပျက်မတတ် အော်လိုက်ရစေသည်။ ထို့နောက် မန်ဟိုက သူ့ကား ကြမ်းပြင်နှင့် ခုနစ်ကြိမ်၊ ရှစ်ကြိမ်မျှ ထပ်ရိုက်နေတော့သည်။

သွေးများ ဖန်ယွင်ရီ၏ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ အကြောက်အကန် အော်ဟစ်ရင်း အသက်ချမ်းသာပေးရန်ပင် တောင်းဆိုနေတော့သည်။ ဖန်ဝေက မျက်မှောင်ကြုတ်လိုက်သည်။

"လုံလောက်ပြီ" သူက ပြောသည်။

မန်ဟိုက ပြုံး၍ ဖန်ဝေကို လှမ်းကြည့်လေသည်။

"အကြီးအကဲတစ်ဦးရဲ့ လုပ်ပိုင်ခွင့်အရ ငါက မျိုးနွယ်ဝင်တစ်ယောက်ကို ဆုံးမပေးနေတာလေ။ ဝမ်းကွဲညီလေးဖန်ဝေ၊ မင်းက ဘယ်လိုလုပ်ပိုင်ခွင့်မျိုးနဲ့ ငါ့ကို တော်သင့်ပြီလို့ ပြောလိုက်တာလဲ"

ထို့နောက် မန်ဟိုက ဖန်ယွင်ရီကို ဆံပင်မှ ဆောင့်ဆွဲ၍ ဘေးသို့ လွှင့်ပစ်လိုက်သည်။ သွေးများ နေရာအနှံ့သို့ လွင့်စင်သွား၏။ အိမ်တော်ထဲရှိ ရွေးချယ်ခံများက ကြည့်နေပြီး ဘာမှမပြောပေ။ သို့သော် သူတို့သည် မန်ဟို၏လုပ်ရပ်များကို ကြည့်နေစဉ် အတွေးကိုယ်စီ တွေးနေကြ၏။

အထူးသဖြင့် အတန်ငယ် တုန်ရီနေသော စွန်းဟိုက်ပင်။

မန်ဟို့ကို ကြည့်နေစဉ် ဖန်ဝေ၏ အမူအရာမှာ အတိုင်းထက်အလွန် တင်းမာခက်ထန်နေ၏။ သူကတစ်ခုခု ပြောတော့မည့်အချိန် မန်ဟိုက ရယ်လိုက်သည်။

"အခြားတစ်ဖက်မှာ" သူက ပြောသည်။ " ဒီည လသာနေတယ်။ ကြယ်တွေကလည်း တောက်ပနေတယ်။ မနက်ဖြန်က အရှေ့တက်လှမ်းခြင်းနေနေ့။ အံ့ဖွယ်ထူးကဲတဲ့ နေ့တစ်နေ့ပဲ။ ဒါ့အပြင် ဒီမှာ ငါ မိတ်ဆွေဟောင်းတွေအများကြီးတွေ့တယ်ဆိုတော့ အရမ်းပျော်နေတယ်။ အဲ့ဒါကြောင့်မလို့ မင်းကို ခက်ခဲအောင် လုပ်မှာမဟုတ်ပါဘူး" သူက မတူညီသော မျက်နှာအမူအရာများရှိကြသည့် ရွေးချယ်ခံအားလုံးကို လှည့်ကြည့်လိုက်သည်။

စွန်းဟိုက်မှာ အလိုလို ခေါင်းငုံ့မိသွား၏။ လီလင်းအာက ဒေါသတကြီး စိုက်ကြည့်နေသည်။ ဖန်းတုံးအာ၏မျက်နှာတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွားပြီး ၀မ်မုကား ယခုချက်ချင်း ထတိုက်ခိုက်တော့မည့်အလားပင်။ စွန်းလော့တန်နှင့် ထိုက်ယွင်ကျစ်တို့နှစ်ယောက်က အံတင်းတင်းကြိတ်၍ သူ့ကို ကြည့်နေကြသည်။

မန်ဟိုနှင့်သူတို့ ဆုံတွေ့ခဲ့သည့် အတွေ့အကြုံများမှာ သူတို့ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သည့်အရာများ ဖြစ်လေသည်။

မန်ဟိုမှာ အတန်ငယ် ရှက်သွားပုံပေါ်ပြီး ရှက်ကိုးရှက်ကန်း ရယ်ကာ အရိုးများကြေမွပြီး စုတ်ပြတ်သပ်လျက် လဲလျောင်းနေသော ဖန်ယွင်ရီကို ငုံ့ကြည့်လိုက်သည်။

"အကြွေးစာချုပ်ရေးပေး" မန်ဟိုက မျက်လုံးများကို ကျဉ်းမြောင်း၍ ပြုံးရင်းပြောသည်။ သူက ချက်ချင်းပင် သိုလှောင်အိတ်ထဲမှ စာရေးတံတစ်ချောင်းနှင့် စာရွက်တစ်ရွက်ကို ထုတ်ကာ ဖန်ယွင်းရီအား လှမ်းပေးလိုက်သည်။ "မင်း ငါ့ကို သိပါတယ်။ ဘာရေးရမလဲဆိုတာ မင်း သိပါတယ်"

ထို့နောက် သူက ဖန်ယွင်ရီ၏ ခေါင်းကို ပုတ်လိုက်၏။

ဖန်ယွင်ရီ၏မျက်နှာမှာ ဖြူဖျော့သွား၏။ သူ့အတွက် မန်ဟိုမှာ ကောင်းကင်နှင့်မြေကြီးတွင် အဆိုးဝါးဆုံး မကောင်းဆိုးဝါးကြီးတစ်ကောင် ဖြစ်နေလေပြီ။ သူက ကတုန်ကယင်ဖြင့် သူ့သွေးနှင့်သူ အကြွေးစာချုပ်အား ရေးလိုက်သည်။

မန်ဟိုက အကြွေးစာချုပ်ကို လက်ခံပြီး ခြောက်သွားအောင် လေနှင့်မှုတ်ကာ ရတနာတစ်ပါး သိုလှောင်အိတ်ထဲသို့ တယုတယ ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက ဖန်ယွင်ရီကို ကြည့်ပြီး ဖန်ယွင်ရီ၏ သွေးများကို အေးခဲသွားစေသော တစ်စုံတစ်ခုအား ပြောလိုက်၏။

"ယွင်ရီ မင်းမှာ တတိယအခွင့်အရေးဆိုတာ ရှိလာမှာမဟုတ်ဘူး။ မင်း ဒီလိုမျိုး ထပ်လုပ်မယ်ဆိုရင် နောက်တစ်ခေါက် ငါ့ကိုမြင်ရင် မင်းဘ၀ သေရတာထက်ဆိုးတဲ့ ဘ၀မျိုးနဲ့ နေထိုင်‌ရအောင်လုပ်ပေးမယ်" မန်ဟို၏ အပြုံးက နားရွက်တက်ချိတ်မတက် ပြုံးနေသော်လည်း သူ့မျက်လုံးများက ရေခဲတမျှ အေးစက်နေလေသည်။ ၎င်းက အိမ်တော်ထဲရှိ ရွေးချယ်ခံအားလုံးကို တိတ်ဆိတ်စွာ ကြည့်လိုက်မိစေ၏။

ဖန်ယွင်ရီမှာ ဟောဟဲဟောဟဲလှိုက်၍ တုန်ရီလာပြီး အင်မတန် ကြောက်လန့်နေသောပုံစံဖြစ်လာသည်။ သူသည် မန်ဟို့စကားလုံးများထဲရှိ သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရပြီး မန်ဟိုက တစ်ခုခုလုပ်မည်ဟု ပြောလျှင် ... ဘယ်တော့မှ ကတိမပျက်သောလူမျိုးဖြစ်ကြောင်းလည်း သိ၏။

ဖန်ယွင်ရီသည် နောက်တစ်ကြိမ် မန်ဟို့ကို မြင်၍ လေးလေးစားစား မနှုတ်ဆက်လျှင် သေချာပေါက် သေရမည်ဖြစ်ကြောင်း သိ၏။

သူ့မှာ ကြောက်သွားသည်။ အမှန်တကယ် ကြောက်သွားခြင်းဖြစ်၏။ ဖန်ဝေပင်လျှင် ဤအခြေအနေတွင် သူ့ကို မကူညီနိုင်ရာ သူ၏ကြောက်လန့်မှုအား 'ကြောက်လန့်မှု' ဆိုသော စကားလုံးဖြင့် မဖော်ပြနိုင်သည်အထိပင် ရောက်ရှိသွားစေသည်။

"အခု မင်းထွက်လာတဲ့ဂူထဲ ပြန်သွားစမ်း" မန်ဟိုက ပြောသည်။ သူသည် ဖန်ယွင်ရီကို ဆံပင်မှ ဆောင့်ဆွဲ၍ အိမ်တော်၏အပြင်သို့ ကြမ်းကြမ်းတမ်းတမ်း လွှင့်ပစ်လိုက်လေသည်။ ဖန်ယွင်ရီသည် ငွေသော်တာလကန်ပေါ်မှ ပျံထွက်၍ အပြင်ရှိ လူအုပ်ကြီး၏အလယ်သို့ ကျသွားသောအခါ ပြင်းထန်သော နာကျင်မှုက ဖန်ယွင်၏ခန္ဓာကိုယ်ကို စိုးမိုးသွားသည်။

အများအကူအညီဖြင့် ထရပ်ပြီးနောက် သူက ချက်ချင်း မန်ဟိုနှင့်သူကြား တတ်နိုင်သမျှ အကွာအဝေးခြားလိုက်သည်။ တစ်ချိန်လုံး သူ့နှလုံးသားမှာ ‌ကြောက်စိတ်တို့ကြောင့် အေးခဲနေလေသည်။

အရှေ့တက်လှမ်းခြင်းအိမ်တော်ထဲတွင် မန်ဟိုက ရွေးချယ်ခံများကို ကြည့်ပြီး မိတ်ဆွေဟောင်းကြီးများနှင့် ရုတ်တရက် ပက်ပင်းတိုးရသည်ကို ရှက်နေသည့်အလား ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

"ဂါဝရပြုပါတယ် တာအိုရောင်ရင်းတို့" သူက ပြောသည်။ "ထပ်တွေ့ပြန်ပြီနော်၊ ကျုပ် အကုန်လုံးကို သတိရနေတာ"

သူက အတော်လေးသက်တောင့်သက်တာ ဖြစ်နေသောပုံစံဖြင့် စွန်းဟိုက်ထံ လျှောက်ခလာပြီး စွန်းဟိုက်နောက်မဆုတ်နိုင်ခင် မိတ်ဆွေကောင်းများအလား သူ့လည်ပင်းကို ဖက်လိုက်သည်။

"ဟေး ဟိုက်ကလေးမဟုတ်လား။ နေကောင်းလား ။ အဆင်ပြေရဲ့လား ။ ဘာလို့ကတုံး အပြောင်တုံးလိုက်တာတုန်း၊ မဆိုးဘူး တမူထူးခြားနဲ့ ဆံပင်စတိုင်ပေါ့ကွာ"

စွန်းဟိုက်မှာ တုန်ရီလာပြီး အချိန်မရွေး ထငိုတော့မည့်ပုံပေါ်လာသည်။ မန်ဟို၏အရိပ်က ပြောင်ရှင်းနေအောင် ရိတ်ထားသော သူ၏ကတုံးပေါ်တွင် ရှင်းရှင်းလင်းလင်း မြင်လာရသည်အထိ သူ့အပေါ် စိုးမိုးလာလေသည်။

မန်ဟိုသည် စွန်းဟိုက်၏ ပြောင်နေသော ကတုံးကို ပွတ်သပ်ရင်း တဖျပ်ဖျပ် ရိုက်လိုက်၏။ စွန်းဟိုက်မှာ မချင့်မရဲဖြစ်နေလျက် တိတ်ဆိတ်စွာ ဒေါသထွက်နေသည်။ ဤအခိုက်အတန့်တွင် မန်ဟို့အကြည့်က လီလင်းအာအပေါ် ကျရောက်သွား၏။ သူက .... လီလင်းအာ၏ တင်းတင်းရင်းရင်း တင်ပါးလေးကို မကြည့်မိဘဲ မနေနိုင်လိုက်ပေ။

"အိုင်းရား ညီမလေးလင်းအာ။ မတွေ့ရတာကြာပြီနော်။ အရင်ကထက်တောင် လှလာပါလား။ တင်ပါလေးကလည်း ... ကြည့်လို့ကောင်းလိုက်တာ...." သူက ချောင်းဟန့်လိုက်သည်။ "ဟေး အဲ့ဒီလိုမကြည့်စမ်းပါနဲ့။ မင်းသိလား။ အခုတွေးကြည့်မှ ငါတို့က ကလေးကတည်းက စေ့စပ်ထားတဲ့သူတွေပဲ"

လီလင်းအာမှာ မန်ဟို့ကို စိုက်ကြည့်နေစဉ် ဆူပုပ်သုန်မှုန်နေသည်။ သူမ၏ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး သူမကား ပေါက်ကွဲတော့မည့်အလားပင်။ သူမက မန်ဟို့အတွက် ပြိုင်ဘက်မဖြစ်နိုင်ကြောင်းသိပြီး ဖန်မျိုးနွယ်စုတွင် ဖြစ်နေ၍သာမဟုတ်လျှင် သေချာပေါက် သူ့ကို အစွမ်းကုန်တိုက်ခိုက်မှာဖြစ်သည်။

လီလင်းအာ ပေါက်ကွဲတော့မည်ကို မြင်လျှင် မန်ဟိုက ကပျာကယာ အကြည့်လွှဲရင်း ဖန်းတုံးအာဆီ အာရုံရောက်သွားသည်။ ချက်ချင်းပင် သူ၏မျက်လုံးများ လင်းလက်သွား၏။

"အယ် အမည်းတုံးလေး။ မင်းလည်း ဒီရောက်နေတာကိုး။ ညီမလေးတုံးအာ၊ အမည်းတုံးလေးကို မင်းဆီ ငှားပေးထားတာ ကြာပြီ ဘယ်တော့ ပြန်ပေးမှာလဲဟင်"

ဖန်းတုံးအာ၏ မျက်လုံးများမှာ မီးဝင်းဝင်းတောက်သွားပြီး သူမက ညာလက်ကို မြှောက်လိုက်သည်။ ခရမ်းရောင်ဓားပျံခုနစ်လက်သည် ရုတ်တရက် ပေါ်လာ၏။ လျှို့ဝှက်ဆန်းကြယ်သောမီးတောက်များက ဓားမြှောင်များမှ တောက်လောင်လာပြီး ကြောက်မက်ဖွယ်အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

"နင် တစ်ခွန်း ထပ်ပြောရဲ ပြောကြည့်စမ်း" သူမက အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။

***

All Chapters