← Chapters

သူ့နာမည်က ဖန်ယု

Vol. 67 Ch. 931

သူ့နာမည်က ဖန်ယု

Vol. 67 Ch. 931

ဖန်းတုံးအာ၏စကားလုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်သျှံနေပြီး မသင့်တော်သော စကားလုံးလေးတစ်လုံးက တိုက်ပွဲကို ဦးတည်သွားစေနိုင်သည့်အလားပင်။

မန်ဟိုက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ချောင်းဖွဖွ ဆိုးလိုက်သည်။ သူသည် စွန်းဟိုက်၏လည်ပင်းကို ဖက်ထားရင်း အခြားသူများကို လှည့်ပတ်ကြည့်လိုက်၏။

"အံမယ် စုန့်လော့တန်မဟုတ်လား ထိုက်ယန်ကျစ်ရောပဲ။ ဝမ်မု ၊ မင်းလည်း ဒီရောက်နေတာပါလား။ ကောင်းတယ် ကောင်းတယ်။ မင်းတို့အားလုံး ဒီရောက်နေကြတာပဲ။ ကဲ .... ငါ့အကြွေး ဘယ်တော့ပြန်ဆပ်ကြမလဲ"

မန်ဟို၏စကားတစ်ခွန်းနှစ်ခွန်းက အရှေ့တက်လှမ်းခြင်းအိမ်တော်ထဲရှိ ရွေးချယ်ခံများအား ‌ရန်စလိုက်လေသည်။ တချို့က ဒေါသတကြီး ပေါက်ကွဲကြသည်။ တချို့က သူ့ကို စိတ်ဆိုးမာန်ဆိုး မျက်စောင်းထိုးကြပြီး တချို့မှာတော့ မျက်လုံးများ နီရဲသွားကြလေသည်။

"နင့် ပါးစပ်ပိတ်ထားစမ်း"

"မင်းအပေါက်ပိတ်လိုက်"

"မန်ဟို ၊ မင်း လွန်နေပြီ"

"မန်ဟို နင် ငါ့ကို ထပ်စော်ကားရဲရင် စော်ကားကြည့်စမ်းပါ။ တစ်ခါမှ မမြင်ဖူးတဲ့ သွေးသံရဲရဲ ရန်ပွဲကို မြင်ရစေမယ်"

ဖန်ရွှီသည် ဖြစ်ပျက်နေသောအရာအားလုံးကို မြင်သောအခါ မန်ဟို့အား ကြောင်၍ ကြည့်သည်။ ထို့နောက် သူက စိတ်တိုနေသော ရွေးချယ်ခံများကို ကြည့်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။‌ ရွေးချယ်ခံများ ယခုလို အကုန်လုံး ဆွေ့ဆွေ့ခုန်သွားအောင် မန်ဟို ဘာလုပ်ခဲ့သလဲ သူ မသိပေ။

ဖန်ရွှီမှာ မန်ဟိုနှင့် လီလင်းအာအပြင် ဖန်းတုံးအာတို့အကြား ပြောဆိုသွားသော စကားများကြောင့် ပို၍ပင် ဆွံ့အသွားသည်။ အမှန်တွင် ဖန်းတုံးအာသည် ဖန်ရွှီ၏ အိပ်မက်ထဲက နတ်သမီးလေးဖြစ်၏။

သို့သော် မျက်စိတစ်မှိတ်အတွင်း ထိုနတ်သမီးလေးက သေစေနိုင်သော လက်နက်များကို ဆင့်ခေါ်ခဲ့လေသည်။ သူမနှင့်ပတ်သက်၍ ဖန်ရွှီ စိတ်ကူးယဉ်ထားသော ဇာတ်လမ်းများအားလုံး သူမ၏ပြင်းထန်သော အမျက်ဒေါသကြောင့် ချက်ချင်း အငွေ့ပျံသွားတော့သည်။

ဖန်ရွှီသာလျှင် အံ့အားသင့်နေခြင်းမဟုတ်။ ဖန်ဟုန်လည်း မျက်လုံးအဝိုင်းသားနှင့် ကြည့်နေသည်။ ဤလူများ ယခုလို ပြုမူအောင် မန်ဟို မည်သိို့လုပ်ခဲ့သည်လဲ သူမ တွေးပင်မကြည့်နိုင်ပေ။ ကြည့်ရသရွေ့ မန်ဟို၏စကားတစ်ခွန်းနှစ်ခွန်းက သူတို့၏အရှိုက်တည့်တည့်သို့ ထိမှန်နေသည့်အလားပင်။

ဖန်ဝေပင်လျှင် မန်ဟို ဤလူများနှင့် လွန်စွာရင်းနှီးနေသည့်အတွက် ဆွံ့အနေသည်...

ဖန်ရှန်ရှန်းနှင့် ဖန်တုံးဟန်သာလျှင် သူတို့အားလုံးအကြားရှိ သနားဖွယ်ပတ်သက်မှုနှင့် ထိုအဖြစ်အပျက်များ မည်မျှအံ့ဩဖွယ်ကောင်းခဲ့သည်လဲ သိကြသူများဖြစ်သည်။

ပတ်ပတ်လည်ရှိ ဖန်မျိုးနွယ်ဝင်များမှာ မန်ဟိုနှင့်ရွေးချယ်ခံများကို တအံ့တဩကြည့်ရင်း ချာချာလည်နေကြသည်။

မန်ဟို အိမ်တော်ထဲတွင် ပေါ်ပေါက်လာခြင်းက သူ့အား အားလုံး၏အာရုံစိုက်ရာ ဖြစ်သွားစေပြီး ဖန်ဝေကိုပင် မှေးမှိန်သွားစေသည်။

ရွေးချယ်ခံများ သူ၏စကားလုံးများကို တုံ့ပြန်ပုံက မန်ဟို့မျက်နှာအား ရုတ်တရက် မည်းမှောင်သွားစေ၏။

သို့သော် သူ ဘာမှပင်မပြောနိုင်ခင် ဤအခိုက်အတန့်အထိ တိတ်ဆိတ်နေခဲ့သော ကြက်တူရွေးက မျက်လုံးကို ကစားပြီး အကုန်လုံးအား စိန်းစိန်းဝါးဝါး ကြည့်လိုက်လေသည်။

"အကြွေးတင်ရင် ပြန်ဆပ်ရတယ်" ၎င်းက ပြောသည်။ "ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းပဲ။ အရှက်မရှိတဲ့ငနဲလေးတွေ အခုချက်ချင်း အကြွေးပြန်ဆပ်တာ ကောင်းမယ်နော်

"‌ပေးစရာငွေမရှိရင်လည်း သခင်ငါးအတွက် ‌အမွှေးတောင်ပါသားရဲလေးတွေ ရှာပေး။ သခင်ငါး စိတ်ကျေနပ်ရင်တော့ ‌အကြွေးပြန်ဆပ်နိုင်အောင် ကူညီပေးမယ်။ ဘယ်လိုလဲ"

မန်ဟိုက အေးစက်စက် နှာမှုတ်၍ လူအုပ်ကြီးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် သိုလှောင်အိတ်ကို ပုတ်ကာ အကြွေးစာချုပ်တစ်ထပ်ကြီး ထုတ်လိုက်၏။ သူက စာချုပ်များကို လက်ဖြင့် တောက်ရင်း မော့ကြည့်လိုက်သည်။

"စာရွက်အဖြူပေါ်မှ သွေးနဲ့ရေးထားတဲ့ စာလုံးတွေ။ လက်ရေးကလည်း သိပ်ထင်ရှားတယ်မဟုတ်လား။ မင်းတို့ကောင်တွေ တကယ်ပဲ အကြွေးမဆပ်ဘဲ နေရဲလား" မန်ဟိုမှာ လွန်စွာစိတ်ဆိုးနေကြောင်း သိသာသည်။ မိုးနန်းတော်နေဝိညာဉ်ဆေးလုံးများ ဖော်စပ်နိုင်ခဲ့ခြင်းက သူ၏ဝိညာဉ်ကျောက်တုံးပြဿနာကို ယာယီဖြေရှင်းပေးနိုင်ခဲ့သော်လည်း သူ၏တွက်ချက်မှုများအရ မလုံလောက်သေးပေ။ ယခုတွင် သူ့အပေါ် လူပေါင်းများစွာ အကြွေးတင်နေသည့်အတွက် အပျော်က ဒေါသဖြစ်သွားချေပြီ။

မန်ဟို အကြွေးစာချုပ်တစ်ထပ်ကြီး ထုတ်လိုက်သည့်အခိုက်အတန့်တွင် ဖန်‌ရွှီမှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဖန်ဟုန်၏မျက်လုံးများ ဝိုင်းစက်သွားပြီး ဖန်ဝေပင်လျှင် မှင်သက်သွား၏။

မန်ဟို အကြွေးစာချုပ်များအပေါ်သို့ လက်ချောင်းဖြင့် တောက်၍ ရပ်နေသည်ကို ပတ်ဝန်းကျင်ရှိ ဖန်မျိုးနွယ်အားလုံး မယုံနိုင်စွာ ကြည့်နေကြလေသည်။ မန်ဟို၏ ဤပုံစံမှာ သူတို့စိတ်ထဲတွင် ဖျောက်ဖျက်၍ရတော့မည်မဟုတ်ပေ။

"သူ့မှာ .... အကြွေးစာချုပ် ဘယ်နှစ်ခုတောင် ရှိတာတုန်း"

"ဖန်ဟိုက တောင်ကောင်းကင်ဂြိုဟ်ကမလား။ ဘယ်လိုလုပ်ပြီး အဲဒီမှာ ဒီလောက်လူတွေအများကြီး အကြွေးတင်နိုင်မှာလဲ"

"ဒီလူ ဘာအလုပ်လုပ်တာလဲဟေ။ ကျင့်ကြံသူရော ဟုတ်ရဲ့လား။ ငါ့အတွက် သူက ဘာလို့ ကျင့်ကြံသူနဲ့ မတူတာပါလိမ့်"

ဖန်မျိုးနွယ်ဝင်များ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ရှုပ်ယှက်ခတ်နေသည်။

"စွန်းဟိုက်" မန်ဟိုက အလွန်ဘဝင်မကျသော လေသံဖြင့် ပြောသည်။ "မင်းက အရင်စတာပေါ့" သူက စွန်းဟိုက်၏ကတုံးကို ပုတ်လိုက်သည်။ "ကတုံးဖြစ်နေလို့ ငါ မင်းကို မဆွဲနိုင်ဘူးထင်လား။ ခန္ဓာကိုယ်မှာ အမွှေးရှိတဲ့ တခြားနေရာတွေ ရှိသေးတယ်မဟုတ်လား"

ဤစကားလုံးများကို ကြားကြားချင်း ကြက်တူရွေး၏မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး စွန်းဟိုက်ကို စိတ်ဝင်တစားကြည့်သည်။

စွန်းဟိုက်မှာ တုန်ရီလာ၏။ သူက အံတင်းတင်းကြိတ်၍ ပြန်အာခံတော့မည့်အချိန် မန်ဟို၏စကားလုံးများက သူ့အား တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာတုန်းက အိပ်မက်ဆိုးကဲ့သို့ အတွေ့အကြုံကို အမှတ်ရလိုက်သည်။‌ နောက်ဆုံးတော့ သူ့မှာ မျက်နှာကြီးဆူပုပ်သွားလေသည်။

"ဟို .... အကြွေးတင်ထားတာထက် နည်းနည်းလျော့ပေးလို့ရမလား"

မန်ဟိုမှာ ချက်ချင်း ကျေနပ်သွားသည်။

"ကောင်းပြီ" သူက မျက်လုံးများ ဝင်းလက်နေလျက် ပြောသည်။ "အတိုးကနေ စတာပေါ့ ဘယ်လိုလဲ" စွန်းဟိုက်မှာ အံတင်းတင်းကြိတ်၍ သိုလှောင်အိတ်ကို ပုတ်ကာ ဝိညာဉ်ကျောက်တုံးတချို့အား မန်ဟို့အတွက် ထုတ်ပေးလိုက်လေသည်။

မန်ဟိုက ၎င်းတို့ကို လျင်မြန်စွာ သိမ်း၍ နှုတ်ခမ်းသပ်ကာ စွန်းဟိုက်၏ သိုလှောင်အိတ်ကို ကြည့်သည်။

"ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဆုံဖို့က ခဲယဉ်းတော့ နည်းနည်းလောက် ထပ်ပေးရင် ဘယ်လိုလဲ"

"တကယ်မပေးနိုင်လို့ပါ" စွန်းဟိုက်က ပြောသည်။ "ငါ ... တကယ်တော့ ပစ္စည်းတစ်ခုဝယ်ဖို့ ဖန်မျိုးနွယ်စုကို လာတာ ... အဲ့ဒါက ဟို .... ဖန်မျိုးနွယ်စုက မိန်းကလေးကို သိလို့ သူ့အတွက် လက်ဆောင်ပေးချင်တာနဲ့ ....။ ဟေး ငါတို့ မိသားစုတောင် ဖြစ်လာနိုင်မလား မင်း မသိနိုင်ဘူးနော်"

"ဪ အဲ့ဒီလိုလား" မန်ဟိုက ပြောသည်။ "မင်းအကြွေးနည်းနည်းလောက် ထပ်ဆပ်လေ၊ ငါ မင်းအတွက် စကားပါးပေးမယ်" သူက ပြုံး၍ စွန်းဟိုက်ခေါင်းကို ပွတ်လိုက်သည်။

စွန်းဟိုက်ကတုံးကို ပွတ်ရခြင်းက အတော်လေး ခံစား၍ကောင်းသဖြင့် မန်ဟိုက အကြိမ်အနည်းငယ် ထပ်မံပွတ်လိုက်လေသည်။

"ဟိုက်ကလေး မပူနဲ့။ အဲဒီဝိညာဉ်ကျောက်တုံးတွေကိုသာ ပေးလိုက်၊ ငါ ကူညီပေးမယ်။ ဖန်မျိုးနွယ်စုမှာ အဆင့်အတန်းအမြင့်ဆုံးအကြီးအကဲတွေနဲ့ အနိမ့်ဆုံးသွေးဆက်တွေအားလုံး ငါ့ကို မျက်နှာသာပေးရတယ်"

စွန်းဟိုက်မှာ တခဏ ချီတုံချတုံ ဖြစ်သွားသည်။ မန်ဟိုက တိုက်ရိုက်သွေးဆက်၏ အကြီးဆုံးမြေးဖြစ်ကြောင်း သူ သိလေသည်။ တိုက်ရိုက်သွေးဆက်၏အာဏာ ကျဆင်းလာလျှင်တောင်မှ မန်ဟို၏အဖေသည် သက်ရှိထင်ရှားရှိနေဆဲဖြစ်ပြီး မန်ဟိုကိုယ်တိုင်ကလည်း မျိုးနွယ်စုထဲတွင် မကြာသေးမီက ထင်ရှားကျော်ကြားလာခဲ့လေ၏။

သူ၏စုံစမ်းမှုများအရ မျိုးနွယ်စုထဲရှိ မည်သည့်ရွေးချယ်ခံမှ သူ သဘောကျသော မိန်းကလေးနှင့် မရင်းနှီးကြရာ စွန်းဟိုက်အား စိုးရိမ်သောကရောက်လာစေသည်။ ယခုတွင် မန်ဟို မည်မျှ ဩဇာရှိသလဲ မြင်သောအခါ .... မန်ဟို အကြံပြုသည့်အတိုင်း လုပ်သင့်ကြောင်း တွေ့လိုက်ရ၏။

"သူ တကယ်ပဲ ငါ့အတွက် စကားကောင်းကောင်းပါးပေးမှာလားမသိဘူး...." စွန်းဟိုက်က အံတင်းတင်းကြိတ်ရင်း တွေးသည်။ သူ့မှာ ဆင်ခြင်တုံတရားမရှိတော့သည့်တိုင်အောင် ဤဖန်မိန်းကလေးကို အရူးအမူးဖြစ်‌နေလေသည်။ နောက်ဆုံးတွင် သူက သိုလှောင်အိတ်ကို ပုတ်၍ ဝိညာဉ်ကျောက်တုံးတစ်ပုံကြီးထုတ်ကာ မန်ဟို့ကို ကမ်းပေးလိုက်သည်။

မန်ဟိုမှာ ၎င်းတို့ကိုမြင်လျှင် မျက်လုံးများ စူးရှတောက်ပလာတော့၏။

"ဟိုက်ကလေး မပူနဲ့။ မင်းအစ်ကိုကြီး တာဝန်သာထားလိုက်" မန်ဟိုက ဝိညာဉ်ကျောက်တုံးများကို သိမ်းလိုက်ပြီး စွန်းဟိုက် ဘာမှထပ်မပြောနိုင်ခင် လီလင်းအာဆီသို့ လမ်းလျှောက်သွားလေသည်။

သူမက ‌ရေခဲတမျှ‌ အေးစက်သော မျက်နှာထားဖြင့် သူ့ကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်နေသည်။

သူ့မှာ တခဏ တွန့်ဆုတ်နေပြီး သူမတင်ပါးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချရင်း ဖန်မုအဖြစ် လုပ်ခဲ့သောအပြုအမူများကို တွေးပြီး လီလင်းအာ သူ ဆိုသည်ကို သိထား‌ကြောင်း (၈၀) ရာခိုင်နှုန်းသေချာသွားလေသည်။ ထို့ကြောင့် သူမကို အတင်းအကြပ် ဖိအားပေး၍မဖြစ်ပေ။

သူသည် ဖန်းတုံးအာကို လှည့်ကြည့်လိုက်သော်လည်း သူမလက်ကို ပတ်၍ ပျံဝဲနေသော ခရမ်းရောင်ဓားပျံများကို မြင်သောအခါ သူ၏အမူအရာမှာ တည်ကြည်သွားပြီး ထိုက်ယန်ကျစ်နှင့်အခြားသူများထံသို့ လှည့်လျှောက်သွားလေ၏။

"ထိုက်ယန်ကျစ်၊ စုန့်လောတန်၊ ဝမ်မု" သူက အော်လိုက်သည်။ "မင်းတို့အားလုံး ငါ့အပေါ် အကြွေးတင်ထားတယ်။ အခု ပြန်ပေးရမယ့် အချိန်ပဲ"

ထိုက်ယန်ကျစ်နှင့် အခြားသူနှစ်ယောက်က ဒေါသမီးတဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို စိန်းစိန်းဝါးဝါး ပြန်စိုက်ကြည့်သည်။

သူတို့အားလုံး တစ်ယောက်ကို တစ်ယောက် အသက်ရှူချိန်အနည်းငယ်အထိ စိုက်ကြည့်နေပြီးနောက် မန်ဟိုက သူတို့ထံသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ဤအခိုက်အတန့်မှာပင် ထိုက်ယန်ကျစ်နှင့် အခြားသူများက တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြ၏။ လေးယောက်လုံး အိမ်တော်၏အပြင်သို့ ပျံထွက်ပြီး စတင်တိုက်ခိုက်ကြသဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။

မန်ဟိုက ခြေသည်းများဖြင့် ထိုက်ယန်ကျစ်အား ခုတ်ပိုင်းလိုက်သော ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင်အသွင် ဂျိန်းခနဲ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် တောင်တန်းကြီးတစ်တန်းက စုန့်လော့တန်ကို ဖိနှိပ်ရင်း ထစ်ချုန်းထွက်လာသည်။ တခဏကြာသော် သူက တောင်ပံကို ခတ်ကာ လေစွမ်းအားအား ဝမ်မုကို စုတ်ဖြဲပစ်လိုက်စေ၏။

တဝေါဝါ မြည်သံများ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားသည်။ ညဉ့်နက်ပြီး အလွန်မှောင်မိုက်နေသည့်တိုင် မှော်အလင်းရောင်က လင်းထိန်သွားပြီး အောက်ရှိဖန်မျိုးနွယ်အားလုံး မော့ကြည့်နေကြလေသည်။ သူတို့သည် အံ့ဖွယ်ရွေးချယ်ခံသုံးဦးအား မန်ဟိုတစ်ယောက်တည်း ရင်ဆိုင်နေသည်ကို မြင်လျှင် စိတ်နှလုံးတုန်ရီသွားကြ၏။

"စုန့်မျိုးနွယ်စုက စုန့်လော့တန်၊ အထွတ်အမြတ်မြေငါးမြေက ထိုက်ယန်ကျစ်။ နောက်ဆုံးတစ်ယောက်က ဝမ်မျိုးနွယ်စုရဲ့ ရွေးချယ်ခံ ဝမ်မု"

"သူတို့သုံးယောက်လုံးက အစစ်အမှန်အင်မော်တယ်အဆင့်ကို တက်လှမ်းနေကြတဲ့သူတွေပဲ။ အစစ်အမှန်အင်မော်တယ် ဖြစ်လာတာနဲ့ သေချာပေါက် အခုထက်ပိုပြီး ထင်ရှားကျော်ကြားလာကြမှာ"

"ဖန်ဟိုက သုံးယောက်လုံးကို တစ်ပြိုင်တည်း တိုက်ခိုက်နေတာ မယုံနိုင်ဘူး"

လေးယောက်လုံးသည် အဆင်မပြတ် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေကြသဖြင့် တအုန်းအုန်းတဝုန်းဝုန်း ပဲ့တင်ထပ်နေတော့၏။ မန်ဟိုက လက်သီးဆုပ်၍ ကောင်းကင်ဘုံကိုးထပ်ပျက်စီးခြင်းလက်သီးကို ထုတ်လွှတ်ရင်း ထိုးချလိုက်သည်။ စုန့်လော့တန်၏ ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ ဝမ်မုနှင့် ထိုက်ယန်ကျစ်မှာမူ သူတို့ထဲက တစ်ယောက်သည် မိုးလေကို ဆင့်ခေါ်ကာ ကျန်တစ်ယောက်က မျက်စိကျိန်းမတတ် တောက်ပသော နေရောင်ခြည်အသွင် ပြောင်းသွားသည်။ သူတို့ မန်ဟို့အနားချဉ်းကပ်လာစဉ် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်၏။ ဝမ်မုကို ခေါင်းနှင့် တိုက်ချလိုက်သော သွေးမိစ္ဆာခေါင်းကြီးပေါ်လာသည်။ တစ်ဆက်တည်းမှာပင် နဝမတောင်က ထိုက်ယန်ကျစ်ကို ဝင်တိုက်ရင်း ဖြစ်တည်လာ၏။

"မင်းတို့တွေ ငါတို့ ပထမဆုံးတစ်ခေါက် တိုက်ခိုက်တုန်းကထက် အများကြီး အစွမ်းထက်လာကြတာပဲ" မန်ဟိုက ပြောသည်။ "ကံဆိုးစွာနဲ့ .... အရင်တစ်ခေါက်တုန်းက မင်းတို့ကို မင်းတို့နေရာ မင်းတို့ သိအောင် လုပ်ပေးခဲ့တယ်။ ဒီနေ့လည်း အဲ့ဒီလိုလုပ်နိုင်တယ်" သူ၏ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားများဖြင့် ဟုန်းဟုန်းတောက်လာပြီး သူက လက်ကို ဆန့်ထုတ်လိုက်သည်။ မရေမတွက်နိုင်သော တောင်များက ထိုက်ယန်ကျစ်နှင့်အခြားသူများအတွက် ပြေးပေါက်မှန်သမျှကို ပိတ်ရင်း တဝုန်းဝုန်း ကျလာသည်။

သူတို့သုံးယောက်လုံး ဟိန်းဟောက်ရင်း ဓမ္မဆင်းတုအသီးသီးကို ဖော်ဆောင်လိုက်ကြသည်။ မန်ဟိုက အေးအေးဆေးဆေးသာ တုံပြန်သည်။ ထိုက်ယန်ကျစ်နှင့် အခြားသူများ၏ သက်ဆိုင်ရာ ဓမ္မဆင်းတုများတွင် အင်မော်တယ်လမ်းပြနွယ်၏အရိပ်အယောင်များအား မြင်ရနိုင်လေသည်။

သူတို့ တိုက်ခိုက်နေကြစဉ် ထိုက်ယန်ကျစ်နှင့် အခြားသူများမှာ အဆက်မပြတ် နောက်ဆုတ်နေကြရသည်။ နောက်ဆုံးတွင် ဝုန်းခနဲ အသံ ကြားလိုက်ရပြီး သူတို့မှာ ပါးစပ်မှ သွေးများပန်းထွက်လျက် လွင့်ထွက်သွားကြလေသည်။ မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး သူက နောက်မှလိုက်ရန် ပြင်လိုက်သည်။

သို့သော် ဤအခိုက်အတန့်တွင် ဘိုးဘေးစံအိမ်မှ ရှေးကျသောအသံတစ်သံ ဟိန်းထွက်လာသည်။

"အရှေ့တက်လှမ်းခြင်းနေနေ့အတောအတွင်း မှော်တိုက်ပွဲတွေကို တားမြစ်ထားတယ်။ တစ်ယောက်ယောက် နောက်ထပ်တိုက်ခိုက်ရဲရင် .... နေရောင်ခြည်ထဲမှာ သန့်စင်ခွင့် ရုပ်သိမ်းခံရမယ်"

အသံကြီးပဲ့တင်ထပ်နေစဉ် လူရိပ်နှစ်ခုသည် အရှေ့တက်လှမ်းခြင်းအိမ်တော်အနားတစ်ဝိုက်ရှိ လေလယ်တွင် အသံမထွက်ဘဲ ပေါ်လာသည်။ ကြီးမားသောဖိအားကြီးက မန်ဟို့အား ထိုက်ယန်ကျစ်နှင့်အခြားသူများထံမှ ခွဲရင်း လိမ့်ထွက်လာ၏။

ဤနှစ်ယောက်သည် ဖန်မျိုးနွယ်စု၏အကြီးအကဲများ ဖြစ်လေသည်။ သူတို့က မျက်မှောင်ကြုတ်၍ မန်ဟို့ကို လှမ်းကြည့်ပြီးနောက် ထိုက်ယန်ကျစ်နှင့် အခြားသူများကို ကြည့်သည်။

"မင်းတို့အားလုံး အိမ်တော် အခုပြန်ဝင်ကြ။ နေထွက်လာခါနီးပြီ"

ထိုက်ယန်ကျစ်နှင့် အခြားသူများက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူတို့သည် လက်ယှက်၍ အဘိုးကြီးနှစ်ယောက်ကို အရိုအသေပေးလိုက်ပြီး မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ကာ အိမ်တော်ထဲ ပြန်ဝင်သွားလေသည်။

မန်ဟိုကလည်း သူတို့ကို စိန်းစိန်းဝါးဝါး ပြန်ကြည့်ပြီး အိမ်တော်ထဲ ပြန်ဝင်လိုက်၏။

"ပြန်မပေးသေးဘူးပေါ့လေ" သူက‌ အေးစက်စက် ပြုံးရင်း ပြောသည်။ "အခုကစပြီး မင်းတို့နဲ့ ဆုံတိုင်း မင်းတို့နေရာမင်းတို့ သိအောင် သေချာပေါက် လုပ်ပေးမယ်" အိမ်တော်ထဲ ပြန်ဝင်ပြီး သူသည် ဖန်ရွှီနှင့် စွန်းဟိုက်ကို မမြင်မချင်း လှည့်ပတ်ကြည့်ပြီးနောက် စွန်းဟိုက်ထံ လျှောက်သွားလေသည်။

အချိန်များ ကုန်လွန်နေစဉ် အိမ်တော်ထဲရှိ လူတိုင်းသည် တင်ပျဉ်ခွေထိုင်နေကြ၏။ ဖန်ဝေက တိတ်ဆိတ်လျက်သာရှိသည်။ မန်ဟို အိမ်တော်ထဲ ပြန်ဝင်လာပြီးနောက် သူက များသောအားဖြင့် တိတ်တိတ်ဆိတ်ဆိတ်သာ နေလေသည်။ စောစောက သူတို့နှစ်ယောက်၏ ထိပ်တိုက်တွေ့မှုမှာ သူ့အတွက် နည်းနည်းလေးမှ အရေးမပါသည့်အလား သူ၏အမူအရာက မည်သည့်အရာကိုမှ မဖော်ပြပေ။ အမှန်တွင် မန်ဟို ထိုင်ယန်ကျစ်တို့နှင့် တိုက်ခိုက်ခဲ့တုန်းက ဖန်ဝေသည် တစ်ချက်သာ ကြည့်ပြီး ဂရုမစိုက်သကဲ့သို့ အကြည့်လွှဲခဲ့သည်။

မကြာမီ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ‌နေထွက်ချိန်ကား နီးကပ်လာနေလေပြီ။ နောက်ဆုံးတွင် မိုးသောက်ချိန်မတိုင်ခင် အမှောင်မိုက်ဆုံးအချိန်သို့ ရောက်လာသောအခါ လူတိုင်းသည် အရှေ့တက်လှမ်းခြင်းနေ ထွက်လာတော့မည့်ဖြစ်ကြောင်း သိလိုက်၏။

မန်ဟို၏မျက်လုံးများက ထူးဆန်းစွာ တောက်ပသွားပြီး သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ဤအခိုက်အတန့်တွင် စွန်းဟိုက်သည် တခဏ ‌တွန့်ဆုတ်နေပြီးနောက် ကပျာကယာ ပြောလိုက်၏။

"မန်ဟို ... ဟို ... စောစောက မင်း ကတိပေးခဲ့တဲ့ ကိစ္စလေ..."

"မပူနဲ့ ငါ ကြည့်လုပ်ပေးမယ်" မန်ဟိုက သမ်းရင်း ပြောသည်။ "ဪ ဒါနဲ့ မင်း အဲ့မိန်းကလေးနဲ့ တွဲနေတာ ဘယ်လောက်ကြာပြီလဲ"

စွန်းဟိုက်၏မျက်နှာ နီရဲသွားပြီး သူ့အသံမှာ ပို၍ပင် တိုးဝင်သွားသည်။

"မပြောတတ်ဘူး" သူက ပြောသည်။ "သူက ငါ့ကို အမြဲရိုက်ပုတ်နေတာ ..."

မန်ဟိုမှာ ဤသည်ကို ကြားလျှင် ခေါင်းထောင်လာသည်။

"ဟာ ဒီလိုဆို ဘယ်ဖြစ်မတုံး" သူက ပြောသည်။ "သူ့နာမည်က ဘာလဲ။ ဒီအိမ်တော်ထဲမှာ ရှိလား။ ရာရာစစ လူတွေကို ရိုက်ပုတ်ရဲရတယ်လို့"

"အာ ကိစ္စမရှိပါဘူး" စွန်းဟိုက်က အလျင်အမြန် ပြန်ပြောသည်။ "သူ ငါ့ကို နာကျင်အောင် လုပ်တိုင်း ငါ အရမ်းပျော်မိတယ်... ဒါမဲ့ သူ အခု ဒီမှာမရှိဘူး။ သူက အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းရဲ့ တပည့်မလေးလေ ။ နာမည်က ဖန်ယုတဲ့ ..."

***

All Chapters