နေထွက်လာခြင်း
Vol. 67 Ch. 932
နေထွက်ဖို့ကား အခိုက်အတန့်မျှသာ လိုချေတော့သည်။ အရာအားလုံး ပိတ်ပိတ်ပိန်း မှောင်မည်းနေပြီး မျက်လုံးအားလုံးသည် အရှေ့အရပ်ကို မမှိန်မသုန် ကြည့်နေကြကုန်၏။
အရှေ့တက်လှမ်းခြင်းအိမ်တော်အတွင်းရှိ အုပ်စုသာ စိုက်ကြည့်နေကြခြင်းမဟုတ်။။ ငွေသော်တာကန်စပ်များအပေါ်ရှိ ဖန်မျိုးနွယ်ဝင်များ၊ ကျန်ဘိုးဘေးစံအိမ်တစ်ဝန်းရှိသူများအပြင် အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံးအပေါ်ရှိ လူအားလုံးပင်လျှင် စောင့်စားနေကြလေသည်။
သို့သော် အရှေ့တက်လှမ်းခြင်းအိမ်တော်တွင်တော့ မန်ဟိုသည် 'ဖန်ယု' နာမည်ကို ကြားလိုက်ရ၍ ချက်ချင်း မျက်နှာထားပြောင်းလဲသွား၏။ သူ၏မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး စွန်းဟိုက်ကို လှည့်ကြည့်လိုက်လေသည်။
စွန်းဟိုက်မှာ အတန်ငယ် ရှက်ရွံနေပုံရသည်။ ဖန်ယုနာမည်လေးကို ပြောတိုင်း သူသည် ပျော်ရွှင်မိသလို၊ မြတ်နိုးသောအမူအရာက သူ့မျက်နှာအား စိုးမိုးသွားတတ်သည်။
"မင်း ကြိုက်တဲ့ ကောင်မလေးနာမည်က ဖန်ယုလို့ အခု မင်းပြောလိုက်တာလား" မန်ဟိုက မေးသည်။ သူ့မှာ အသက်ရှူသံများ မြန်လာပြီး ရုတ်တရက် နေလို့ထိုင်လို့ မကောင်းတော့ပေ။
"အင်း ဟုတ်တယ်" စွန်းဟိုက်က ခေါင်းညိတ်ရင်း ပြန်ဖြေသည်။ "သူ့နာမည်လေးက ဖန်ယုတဲ့လေ။ ဖန်မျိုးနွယ်ဆိုပေမယ့် အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းရဲ့ တပည့်လည်းဟုတ်တယ်" သူ့ရင်ထဲရှိ ပျော်ရွှင်ကြည်နူးမှုတို့မှာ ကြီးထွားလာပြီး သူ့မှာ မန်ဟို၏မျက်နှာရိပ်မျက်နှာကဲကို သတိမထားမိသေးပေ။
"အစ်ကိုကြီးမန်၊ အခု အစ်ကိုကြီးတာဝန် ဖြစ်သွားပြီနော်" သူက ဆက်ပြောသည်။ "ဝိညာဉ်ကျောက်တုံး ဘယ်လောက်လိုလို ကျုပ် လက်လှမ်းမှီသရွေ့ ရှာပေးတယ်။ အစ်ကိုကြီးကို အကုန်ပေးပ့ါမယ်။ ကျေးဇူးပြုပြီး ၊ ကျုပ်အတွက် သူလေးကို စကားလေးတစ်ခွန်း၊ နှစ်ခွန်း ပါးပေးပါနော်..."
မန်ဟို၏အမူအရာမှာ ပြောင်းလဲသွားပြန်သည်။ ယခု သူ့မှာ ကြောင်ကြောင်ကြီး ရပ်ကြည့်နေ၏။
အမှန်တရားကို လက်မခံနိုင်သေး၍ သူက နောက်ထပ်မေးခွန်းထုတ်လိုက်သည်။
"အဲဒီဖန်က ငါတို့ဖန်မျိုးနွယ်စုက ဖန်နဲ့တူတူပဲလား။ ပြီးတော့ ယုက 'လှပသောကျောက်စိမ်းလေး' ဆိုတဲ့ စကားလုံးလား"
"ဟုတ်တာပေါ့" စွန်းဟိုက်က အသေအလဲ ကြွေနေသောပုံစံဖြင့် ပြောသည်။ "သူက လှပတဲ့ကျောက်စိမ်းလေး ဖန်ယုက လွဲပြီး တခြားမဟုတ်ဘူး"
မန်ဟိုမှာ ရင်တဒိန်းဒိန်းခုန်လာသည်။ "သူအင်မော်တယ်ဧကရာဇ်ဘုရားကျောင်းကို ဝင်ရောက်လာတာ နှစ်နှစ်တောင် မရှိသေးဘူးမလား" သူ့မှာ ကြားနေရသည်ကို မယုံနိုင်သေးသဖြင့် မေးလိုက်ပြန်သည်။
"အယ် အစ်ကိုကြီး ဘယ်လိုသိတုန်း။ ဟုတ်တယ် သူလေး အင်မော်တယ်ဧကရာဇ်ဘုရားကျောင်းကို ဝင်ရောက်လာတာ နှစ်နှစ်တောင် မရှိသေးဘူး။ ဒါပေမဲ့ ဂျူနီယာညီမလေးဖန်ရဲ့ ပင်ကိုယ်ပါရမီက အံ့မခန်းဖွယ်ရာပဲ။ သူ့အနာဂတ်အလားအလာတွေ ဘယ်လိုရှိလာမလဲ ပြောဖို့ခက်တယ်" စွန်းဟိုက်က သက်ပြင်းချသည်။
"မင်း..." မန်ဟို့နဖူးထက်တွင် အပြာရောင်သွေးကြောကြီးများ ထောင်လာပြီး သူက စွန်းဟိုက်ကို အမဲဖြတ်တော့မလို ကြည့်နေသည်။
မန်ဟို၏ထူးဆန်းသောအမူအရာကို သတိထားမိလျှင် စွန်းဟိုက်မှာ လန့်သွား၏။
သူက ကပျာကယာ ပြောလိုက်သည်။ "အစ်ကိုကြီးမန်၊ မပူပါနဲ့။ ဒီကျေးဇူးကို စွန်းဟိုက် ဘယ်တော့မှ မမေ့ပါဘူး။ ဖန်ယုနဲ့ ကျုပ် ပေါင်းဖက်ခဲ့ရရင် အစ်ကိုကြီးကို သေချာပေါက် မင်္ဂလာပွဲဆီ ဖိတ်ပါ့မယ်..."
မန်ဟိုမှာ သူ့အစ်မကြီးဖန်ယု၏ ဒေါသကို တွေးမိသောအခါ ခေါင်းနပန်းကြီးသွားသည်။ စွန်းဟိုက်အတွက် မည်သည့်အရာကို လုပ်ပေးမည်ဟု ကတိပေးခဲ့မိသလဲ သူ့အစ်မသာ သိသွားလျှင် နောက်တစ်ခေါက် သူတို့မောင်နှမနှစ်ယောက် ပြန်တွေ့ပါက သူမ သူ့ကို မည်မျှထုထောင်းရိုက်ပုတ်လိမ့်မည်လဲ တွေးပင် မတွေးဝံ့ပေ... ရုတ်တရက် သူ့မှာ တစ်လောကလုံးတွင် အဖျင်းဆုံးငပိန်းကြီးအလား ခံစားလိုက်ရသည်။ သူသည် သူ့အစ်မဖြစ်သူကို ... ရောင်းခဲ့မိပြီ မဟုတ်လော ...
စွန်းဟိုက်က ဆက်ပြောရင်း စိတ်လှုပ်ရှားသထက် လှုပ်ရှားလာသည်။
"ကျုပ်တို့ သားလေးရရင် အစ်ကိုကြီးက သူတို့ရဲ့ ခေါင်းကိုင်အဖေတောင် လုပ်လို့ရတယ်
"လင်မယားအနေနဲ့ အစ်ကိုကြီးရဲ့ ကျေးဇူးကို တစ်သက်လုံး မေ့မှာမဟုတ်ပါဘူး.... အကုန်လုံး အစ်ကိုကြီးမန်အပေါ်ပဲ မူတည်သွားပြီနော် ...
"ဒါနဲ့ အစ်ကိုကြီးမန် ၊ ဖန်ယု ဘယ်သွေးဆက်ကလာလဲ မေးပေးလို့ရလား။ ကျုပ် မကြာခင် သွားနှုတ်ဆက်ဖို့ စဉ်းစားထားလို့ ..."
"မင်းပါးစပ်ကို အခုချက်ချင်း ပိတ်လိုက်စမ်း" မန်ဟိုက အော်ငေါက်လိုက်သည်။ သူ့မှာ ဤဖြစ်နိုင်ခြေကို မထည့်တွက်မိသဖြင့် တုံးအသလို ခံစားနေရလေသည်။ သူ၏ရုတ်တရက် ပေါက်ကွဲမှုက အိမ်တော်ထဲရှိ လူအတော်များများအား သူ့ဘက် လှည့်ကြည့်မိလိုက်စေသည်။ စွန်းဟိုက်မှာ မန်ဟို မည်သည့်အတွက်ကြောင့် ဤမျှဒေါသထွက်သွားသည်လဲ နားမလည်သဖြင့် အူတူတူဖြစ်နေသည်။
မန်ဟိုက စွန်းဟိုက်ကို လှမ်းဆွဲလိုက်သည်။ စွန်းဟိုက် ဤအရာအားလုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ပြီး သူ့သေတွင်းသူ တူးမိအောင် လုပ်ကြံခဲ့ကြောင်း သေချာ၍ သူက အံတင်းတင်းကြိတ်ရင်း စွန်းဟိုက်၏မျက်လုံးများကို စိုက်ကြည့်လိုက်၏။
"မင်းမှာ ညီမရှိလား" မန်ဟိုက အံကြိတ်ထားရင်း မေးသည်။
စွန်းဟိုက်မှာ တခဏ ကြောင်သွားသည်။ မန်ဟိုကား မိုးမီးလောင်တော့မည့်အလားပင်။
"အမ် ... ဟုတ် ဟုတ် ။ ကျုပ်မှာ ညီမရှိပါတယ်။ သူက ..."
"ဘယ်သူက ခွေးမလဲ မင်းလား မင်းညီမလား" မန်ဟိုက အသံကျယ်ကြီးဖြင့် ကြားဖြတ်ပြောသည်။ "ခွေးကောင်။ မင်းကများ ရာရာစစ ငါ့ကို ကလိမ်ကျရဲတယ်ပေါ့" သူ၏မျက်လုံးများက သွေးချင်းနီနေပြီး သူ့မှာ ဒေါသတို့ကြောင့် ရင်တဒိန်းဒိန်း ခုန်နေသည်။ သူ့တစ်ဘဝလုံးတွင် သူသည် အခြားသူများကို ကလိမ်ကျသူသာ ဖြစ်ခဲ့ပြီး စွန်းဟိုက်က တစ်နည်းနည်းဖြင့် သူ့အား ကလိမ်ကျနိုင်ခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အထူးသဖြင့် မြားနတ်မောင်လုပ်ပေးရန် ကတိပေးခဲ့မိသည်ကို သတိရလိုက်သောအခါတွင် ဖြစ်သည်။ မန်ဟိုမှာ စိတ်ထဲတွင် သက်ပြင်းမချမိဘဲ မနေပေ။ သူ့အစ်မ၏ အချစ်ရေးကိစ္စကို သူ မည်သို့ စွက်ဖက်ရဲမည်နည်း။ သူမ၏ ဒေါသကြီးသောစရိုက်ကို တွေးလိုက်မိတိုင်း သူ့မှာ ခေါင်းကိုက်ရလေသည်။
"ကလိမ်မကျပါဘူး" စွန်းဟိုက်က အူတူတူ ပြောသည်။ "ကျုပ်မှာ တကယ် ညီမလေးရှိပါတယ်။ သူ့နာမည်က စွန်းချန်းတဲ့" မန်ဟို၏ ဒေါသမှာ သူ့အတွက် အလွန်ထူးဆန်းလေသည်။ စောစောက အကုန်လုံး အဆင်ပြေချောမွေ့နေခဲ့သော်လည်း မျက်စိတစ်မှိတ်လေးအတွင်း သူက ဒေါသူပုန်ထသွားလေသည်။ ရုတ်တရက် စွန်းဟိုက်သည် မန်ဟိုနှင့် ဖန်ယုမှာ အလွန်ဆင်ကြောင်း ခံစားလာရ၏။
မန်ဟိုက မိုးမီးလောင်နေပြီး တစ်ခုခု ပြောရန်ပြင်လိုက်စဉ် အပြင်အမှောင်ထုထဲ၌ အလင်းရောင်တို့ ပေါ်လာသည်။
အလင်းရောင်သည် အမှောင်ထုကို တစစီ ဖျက်စီးရင်း ဖြာထွက်လာ၏။ နေရောင်တို့ကား အရပ်လေးမျက်နှာသို့ နယ်ချဲ့လာပြီး ကြီးမားသောအားတစ်ရပ်သည် ည၏အမှောင်ထုကို အကျဉ်းချလိုက်ချေပြီ။
အမှောင်နှင့်အလင်း ဆုံ၍ အဖြူနှင့်အမည်း တွေ့သည့်အခိုက်အတန့်တွင် တစ်လောကလုံးရှိ မျက်လုံးအားလုံးသည် .. အလင်းတန်းများလာရာ ဖြစ်သော အရှေ့အရပ်ကို ..... စိုက်ကြည့်နေကြသည်။
"အရှေ့တက်လှမ်းခြင်းနေက နှစ်တစ်ရာကြာတိုင်း ထွက်လာတယ်။ နှစ်တစ်ရာစက်ဝန်းဟာ အခု အထွတ်အထိပ်သို့ ရောက်သွားပြီ။ ဒီအချိန်ဟာ နေ အရှေ့အောင်ပွဲဂြိုဟ်နဲ့ အနီးဆုံးကို ရောက်လာတဲ့အချိန်ပဲ"
"အရှေ့တက်လှမ်းခြင်းနေရဲ့ အလင်းရောင်ထဲမှာ သန့်စင်ရင် အပြင်အားကိုယ်ဟာ မယုံကြည်နိုင်ဖွယ်အဆင့်ကို ရောက်သွားနိုင်တယ်"
စကားသံများ ဆူညံနေစဉ် အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံးတွင် မီးမြှိုက်နေသကဲ့သို့ အင်မတန် ပူလောင်သော အပူဓာတ်က စိုးမိုးလာသည်။ ဂြိုဟ်တစ်ဂြိုဟ်မှာ မီးလောင်နေသည့်အလားပင်။
အနက်ရောင်မီးခိုးများ မြေကြီးထဲမှ ထွက်လာကြပြီး ရေများမှ ရေခိုးရေငွေ့များ မြောက်တက်လာသည်။ အပူလှိုင်းများ ဖြာထွက်နေသည့်အလား မြေပြင်တွင် ဂယက်များ ထလာ၏။
အရှေ့တက်လှမ်းခြင်းနေကား ... ထွက်လာနေလေပြီ။
မန်ဟိုပင်လျှင် စွန်းဟိုက်အား ပြဿနာရှာရန် မေ့လျော့သွားပြီး မော့ကြည့်လိုက်သည်။
ထိုမြင်ကွင်းက သူ့အား ချာချာလည်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့အရပ်မှ ထွက်လာနေသော နေမှာ ပုံမှန်အတိုင်းဆိုလျှင် ဖြည်းဖြည်းချင်းသာ ထွက်လာသင့်၏။ သို့ရာတွင် မန်ဟို လှမ်းကြည့်လိုက်သောအခါ မြင်လိုက်ရသည်ကား ... မွန်းတည့်နေပင်။
မိုးကုပ်စက်ဝန်းမှ ကောင်းကင်၏အလယ်သို့ နေတက်လာရန် အသက်ရှူချိန်အနည်းငယ်မျှသာ ကြာလိုက်ပုံပေါ်သည်။
တကယ်တော့ ၎င်းသည် အရှေ့တက်လှမ်းခြင်းနေ၏ ရွေ့လျားမှုမဟုတ်ဘဲ အရှေ့အောင်ပွဲဂြိုဟ်၏ ရွေ့လျားမှုဖြစ်သည်။ ထိုအခိုက်အတန့်တွင် မတွေးတတ်အောင် နက်နဲသော နည်းလမ်းတစ်ခုက ဂြိုဟ်တစ်ဂြိုဟ်လုံး၏ ဝင်ရိုးကို ထိန်းချုပ်ရင်း ဖန်မျိုးနွယ်စုဘိုးဘေးအိမ်အား နေနှင့် အနီးဆုံးအမှတ်သို့ ရောက်သည်အထိ လည်သွားစေသည်။
ယခုတွင် ဂြိုဟ်မှာ နေနှင့်အတူ ရွေ့လျားနေပြီဖြစ်ရာ ... ကောင်းကင်ထက်ရှိ အရှေ့တက်လှမ်းခြင်းနေဖြင့် နေ့တစ်နေ့သည် (၂၄) နာရီအစား (၃၆) ရက် ကြာမြင့်ပေလိမ့်မည်။
(၃၆) ရက်ပြီးလျှင် နေက အဝေးသို့ ဆက်လက်ရွေ့လျားသွားပြီး အရှေ့အောင်ပွဲဂြိုဟ်၏ အနီးဆုံးတွင် ရှိတော့မည်မဟုတ်ပေ။ ဂြိုဟ်သည်လည်း မူလအခြေအနေသို့ ပြန်ရောက်ရှိသွားလိမ့်မည်။
ထိုအရာက အရှေ့တက်လှမ်းခြင်းနေထွက်ခြင်း၏ အဆုံးသတ်ဖြစ်သည်။ နဝမတောင်ပင်လယ်၏ ကျန်ဂြိုဟ်ကြီးသုံးလုံးအပေါ်ရှိ လူများအနေဖြင့်လည်း အကျိုးအမြတ်တချို့ ရကောင်းရနိုင်သော်လည်း အရှေ့အောင်ပွဲဂြိုဟ်ကဲ့သို့ အကျိုးအမြတ်များမည်မဟုတ်ပေ။
နေထွက်ခြင်းက တခဏသာ ကြာလိုက်ပြီးနောက် ၃၆ ရက်တိုင်တိုင် မွန်းတည့်ချိန်သာ ဖြစ်ပေလိမ့်မည်။
မြင်ကွင်းတစ်ခုလုံးသည် အပြင်အာကာသမှ ကြည့်လျှင် ပို၍ပင် ထင်ရှား၏။ အရှေ့အောင်ပွဲဂြိုဟ်ကား အရည်ပျော်တော့မည့်အလား အငွေ့များ တထောင်းထောင်းထ၍ တောက်ပနေချေသည်။
အရှေ့အောင်ပွဲဂြိုဟ်အား အရည်ပျော်ကျမတတ် ဖြစ်စေသော စွမ်းအားသည် ကြယ်တာရာကောင်းကင်အာကာပြင်တစ်ခုလုံးအား ထိန်ထိန်လင်းနေစေသော အလင်းပြင်ကြီးတစ်မှ လာသည်။
အလင်းသည် အရှေ့အရပ်မှ ဖြာထွက်၍ ကြယ်တာရာကောင်းကင်ကို ခြုံလွှမ်းကာ ထိတွေ့သမျှအရာအားလုံးကို အရည်ပျော်သွားစေသည်။
မရေမတွက်နိုင်သော ဥက္ကာခဲများနှင့် အပျက်အစီးများသည် အငွေ့ပျံသွားသည့်အလား အစအနမကျန် ပျောက်ကုန်ကြ၏။
အကယ်၍ ထိုအလင်းရောင်ထဲ၌သာ အစွမ်းထက်တန်ခိုးရှင်ကြီးတစ်ဦး ရပ်နေလျှင် သူတို့မြင်ရလိမ့်မည်။ ယခုတွင်မူ အရှေ့အောင်ပွဲဂြိုဟ်၏ အရှေ့အရပ်၊ စောစောက မှောင်ပိန်းနေခဲ့သော အာကာသထဲတွင် ... ရုတ်တရက် ပြိုင်ဘက်ကင်းအောင် ကြီးမားသော ဧရာမနက္ခတ်တာရာကြီးတစ်ခု ရှိနေလေပြီ။
ဤနက္ခတ်တာရာကြီးသည် ချော်ရည်ပူမှ ဖြစ်ပေါ်လာသည့်အလား ကြက်သွေးရောင်အဆင်းရှိကာ ပြင်းထန်သော အပူနှင့်အလင်းကို ထုတ်လွှတ်နေ၏။ ဤသည်ကား ... နေပင်။
ဤသည်မှာ တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း၏အပြင်၌ တည်ရှိသော နက္ခတ်တာရာကြီးနှစ်ခုအနက်မှ နေ ဖြစ်သည်။
တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ အပြင်တွင် ပုံသေဝင်ရိုးများအတိုင်း တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းကို လှည့်ပတ်နေသော ဧရာမနေကြီးတစ်စင်းနှင့် လကြီးတစ်စင်းရှိသည်။ ၎င်းသည် တစ်စင်းနှင့်တစ်စင်း ဆုံတွေ့ခြင်းမရှိဘဲ နှစ်ပေါင်းမရေမတွက်နိုင်အောင် လည်နေခဲ့ကြပြီး ကြည့်ရသရွေ့ ထိုအတိုင်း ထာဝရ ဆက်သွားနေသည့်ပုံရ၏။
နဝမတောင်ပင်လယ်၏ တည်နေရာကြောင့် ၎င်းနှင့် ပထမတောင်ပင်လယ်သည် ယခုတွင် နေရောင်နှင့်လရောင်ထဲ၌ သန့်စင်နိုင်သော နေရာများဖြစ်ကြ၏။ အရှေ့အောင်ပွဲဂြိုဟ်မှာမူ နဝမတောင်ပင်လယ်တွင် နေနှင့်အနီးဆုံးဖြစ်သည်။
ဤအခိုက်အတန့်တွင် နေနှင့် အရှေ့အောင်ပွဲဂြိုဟ်အကြားကွက်လပ်၌ အသက်ရှင်နိုင်သည့် ကျင့်ကြံသူအနည်းအကျဉ်းသာ ရှိသည်။ ထိုလူများက ... နဝမတောင်ပင်လယ်၏ တာအိုနယ်ပယ်ပညာရှင်များဖြစ်၏။
နေရောင်ထဲတွင် သန့်စင်၍ ကံကြမ္မာကောင်းကို သိမ်းပိုက်ရရှိဖို့ ဤအခိုက်အတန့်ကို စောင့်နေကြသော တခြားအစွမ်းထက်ပုဂ္ဂိုလ်များ ရှိကြသည်။
နေထွက်လာသည်နှင့် တစ်ပြိုင်တည်းဆိုသလို အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နေရောင်ကို ခံစား၍ ၎င်းထဲတွင် သန့်စင်ပြီး ကောင်းချီးပေးခံရရန် ပျံတက်လာကြသည်။
ထိုကဲ့သို့လူများမှာ ဖန်မျိုးနွယ်စုသို့ သွားရောက်နိုင်သော အရည်အချင်းမရှိ၍ ကျန်နေရာများတွင် ခံစားနိုင်လေသည်။
မှန်ပါသည်၊ ဖန်မျိုးနွယ်စု၏ဘိုးဘေးစံအိမ်တွင် ငွေသော်တာလကန်ထက်ရှိ အရှေ့တက်လှမ်းခြင်းအိမ်တော်သည် အရှေ့တက်လှမ်းခြင်းနေနှင့် အနီးဆုံးနေရာအတိအကျတွင် ဖြစ်သည်။ လက်ရှိအချိန်၌ ၎င်းသည် ဂြိုဟ်တစ်ဂြိုဟ်လုံးအပေါ်၌ အသွားချင်ကြဆုံးနေရာပင်။
ကြယ်တာရာကောင်းကင်သို့ ထွက်ခြင်းကလွဲ၍၊ အရှေ့တက်လှမ်းခြင်းအိမ်တော်ထက်ပို၍ နေရောင်ထဲတွင် ဆေးကြောသန့်စင်ရန် အကောင်းဆုံးနေရာ မရှိတော့ပေ။ မှန်ပါသည်၊ တာအိုနယ်ပယ်အောက် မည်သူမှလည်း မသေဆုံးဘဲ နေကို မျက်နှာချင်းဆိုင်ဖို့ ကြယ်တာရာကောင်းကင်သို့ ထွက်သွားနိုင်သည်သာ။
သို့ဖြစ်၍ အရှေ့တက်လှမ်းခြင်းအိမ်တော်တွင် ယခုလက်ရှိ ရောက်ရှိနေနိုင်ခြင်းမှာ မည်မျှအဖိုးတန်သောအခွင့်အရေးလဲ မှန်းဆကြည့်နိုင်သည်။
တစ်ချိန်တည်းမှာပင် ဖန်မျိုးနွယ်အကြီးအကဲများသည် အစွမ်းထက်ပညာရှင်သုံးသောင်းကို စုရုံး၍ ဧရာမမန္တန်အစီအရင်ကြီးတစ်ခု၏ ပုံသဏ္ဌာန်အတိုင်း တင်ပျဉ်ခွေထိုင်လိုက်ကြသည်။ မန္တန်အစီအရင် အသက်သွင်းခံလိုက်ရသောအခါ ကြီးမားသောအလင်းတိုင်ကြီးက အပေါ်သို့ ထိုးတက်သွား၏။
အလင်းတိုင်ကြီးသည် ငွေသော်တာလကန်ကို ဝန်းရံရင်း မီတာ (၉၀၀၀) အဝန်းအထိ ပြန့်ကားလာပြီးနောက် မြေပြင်မှ ကောင်းကင်ထက်အထိ ဆန့်တန်းထိုးတက်သွား၏။ ၎င်းကား မိုးကောင်းကင်ကို အရှေ့အောင်ပွဲဂြိုဟ်နှင့် ဆက်သွယ်ပေးထားသည့်ပမာ ဖြစ်နေသည်။ ဤအလင်းတန်းက အပြင်လူတစ်ယောက်မှ ထိုဧရိယာထဲ ဝင်ရောက်မလာနိုင်အောင် ကာကွယ်ထားပြီး တခြားနေရာများထက် အားကောင်းနေနှင့်ပြီးသော ဤနေရာရှိ အရှေ့တက်လှမ်းခြင်းနေစွမ်းအားကို များစွာပို၍ အားကောင်းသွားစေ၏။
မီတာ (၉၀၀၀) အလင်းတန်း၏အတွင်း၌ ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ ဖန်မျိုးနွယ်များဖြစ်ကြသည်။ ကျန်ရှိသူများမှာ အရှေ့အောင်ပွဲဂြိုဟ်သို့ လောလောလတ်လတ်ကမှ ရောက်ရှိလာခဲ့ကြသော ရွေးချယ်ခံများဖြစ်ကြသည်။
အလင်းအတွင်း၌ တင်ပျဉ်ခွေထိုင်ရုံသာ ထိုင်ပြီး ကောင်းကင်ထက်အထိ မတက်လျှင်တောင်မှ အပြင်အားကိုယ်အရ တိုးတက်မှုများစွာ ကြုံတွေနိုင်ဦးမည်ဟု ဆိုနိုင်သည်။ အဓိကမေးခွန်းက လူတစ်ယောက် အလင်းအတွင်း၌ မည်မျှကြာကြာ နေနိုင်မည်လဲ ဆိုသည်ပင်။ မိမိနေနိုင်သည့်အတိုင်းအတာ၏ အဆုံးသို့ အတင်းအကြပ် တွန်းပို့လိုက်လျှင်တော့ လောင်ကျွမ်းပြာကျသွားရလိမ့်မည်။
မှန်ပါသည်၊ စစ်မှန်သော အစွမ်းထက်ပညာရှင်များကား မြေကြအပေါ်တွင် တင်ပျဉ်ခွေထိုင်နေရုံနှင့် မရောင့်ရဲကြပေ။ သူတို့သည် လေပေါ် ပျံတက်ရန်သာ ရွေးချယ်ကြ၏။ မြင့်မြင့်ပျံနိုင်လေလေ၊ အရှေ့တက်လှမ်းခြင်းနေနှင့် နီးကပ်သွားလေလေ ဖြစ်မည်။ ဂြိုဟ်နှင့် အပြင်အာကာသ၏အကြားက ကန့်သတ်အမှတ်သို့ ရောက်နိုင်လျှင်တော့ ထိုပုဂ္ဂိုလ်သည် အံ့ဖွယ်အကျိုးအမြတ်များ ရရှိပေလိမ့်မည်။
ကံဆိုးစွာနှင့် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ဝာာအိုနယ်ပယ်အောက် မည်သူမှ ထိုအမှတ်သို့ မရောက်ရှိခဲ့ဖူးပေ။
ထိုမျှသာမက ထိုအမှတ် မည်သည့်နေရာတွင် ရှိသည်လဲ ပြောဖို့မဖြစ်နိုင်ပေ။
တချို့က မီတာ (၁၅၀၀၀၀) တွင်ဟု ဆိုကြသည်။ အကြောင်းမူ မီတာ (၁၅၀၀၀၀)တွင် ကောင်းကင်သည် အပြာရောင်မဟုတ်တော့ဘဲ ခရမ်းပုပ်ရောင်သမ်း၍ပင်။ တချို့ကမူ ကောင်းကင်မှောင်မည်းသွားပြီး ထိုဧရိယာနှင့် အာကာသကွဲပြားမှု အနည်းငယ်သာ ရှိတော့သော မီတာ (၃၀၀၀၀၀) တွင်ဟု ဆိုကြပြန်သည်။ ထိုနေရာမှနေ၍ လူတစ်ယောက်သည် ခြေထောက်အောက်ရှိ ဂြိုဟ်တစ်ဂြိုဟ်လုံးကို ငုံ့ကြည့်နိုင်၏။
မီတာ (၆၀၀၀၀၀) တွင် ရှိသည်ဟု ဆိုကြသူများလည်း ရှိပြီး တချို့ဆိုလျှင် မီတာ (၉၀၀၀၀၀) တွင်ဟူ၍ပင် ဆိုကြသည်။ အထင်အမြင်မျိုးစုံပင်။ သို့သော်လည်း မည်သူမျှ အတိအကျမဆိုနိုင်။ ဂြိုဟ်အရွယ်အစားက ထိုကိစ္စနှင့်ပတ်သက်နေသည် မဟုတ်ပါလော။
ထို့ကြောင့် အရှေ့အောင်ပွဲဂြိုဟ်၏ ကောင်းကင်အမြင့်အတိအကျကို အကဲဖြတ်ဖို့ရန် ခက်ခဲ၏။
ဖန်မျိုးနွယ်စုကတော့ ဂြိုဟ်နှင့် ကြယ်တာရာကောင်းကင်အကြား ပိုင်းခြားထားသော အမှတ်သည် မီတာ (၃၀၀၀၀၀) တွင် ဟူ၍ ပြဌာန်းထားသည်။
ယခုတွင် တာအိုနယ်ပယ်အောက် မည်သူမှ ထိုမီတာ (၃၀၀၀၀၀) အဆုံးမှတ်သို့ မပျံတက်နိုင်လောက်ပေ။
***