← Chapters

အမြင့်ဆုံးအတွက် ရုန်းကန်ခြင်း

Vol. 67 Ch. 933

အမြင့်ဆုံးအတွက် ရုန်းကန်ခြင်း

Vol. 67 Ch. 933

မှန်ပါသည်၊ တာအိုနယ်ပယ်‌ရှိ လူများအနေဖြင့် နက္ခတ်တာရာများ၏ အလင်းရောင်ထဲတွင် မလှုပ်မယှက်‌ သန့်စင်ဖို့ မလိုအပ်ပေ။ သူတို့သည် ဂြိုဟ်မှ ပျံထွက်၍ နေရောင်ကို တိုက်ရိုက် ရင်ဆိုင်နိုင်၏။

ယခုအချိန်တွင် ငွေသော်တာလကန်၏ပတ်ပတ်လည်ရှိ မီတာ (၉၀၀၀) ဧရိယာထဲတွင် လူတိုင်းလူတိုင်းကား အရှေ့တက်လှမ်းခြင်းနေရောင်ခြည်ကို လှုံရင်း တင်ပျဉ်ခွေထိုင်နေကြသည်။ ရုတ်တရက် ဖန်ဝေသည် အရှေ့တက်လှမ်းခြင်းအိမ်တော်မှ ပျံထွက်လာပြီး တစ်ချက်လေးမှ မရပ်နားဘဲ ကောင်းကင်ထက်သို့ ထိုးတက်သွား၏။

အဆုံးမရှိသော နေရောင်ကား ကြောက်စရာကောင်းလောက်အောင် ပူပြင်းလေသည်။ လေထဲရှိ အစိုဓာတ်အားလုံး တစ်စက်မကျန် စုပ်ယူခံလိုက်ရသည့်အလား တစ်လောကလုံးမှာ သိသိသာသာ ပုံပျက်ရှုံ့တွလာသည်။ ငွေသော်တာလကန်ရေအားလုံး အငွေ့ပျံကုန်ပြီး ခမ်းခြောက်ကုန်ကြလေပြီ။

ငွေသော်တာလန်ကန်၏ပတ်ပတ်လည်ရှိ ဖန်မျိုးနွယ်အားလုံး နေရောင်၏စွမ်းအားထဲတွင် ခိုလှူံ၍ သူတို့၏အပြင်အားကိုယ်များ ကြောက်မက်ဖွယ်အဆင့်ရောက်သည်အထိ သန်မာလာစေ‌ဖို့ နေစွမ်းအားကို အသုံးပြုနေကြစဉ် မြေကြီးအပေါ်၌ အက်ကြောင်းများထလာသည်။

ဖန်ဝေ ပျံထွက်လာသောအခါ ၎င်းက အာရုံအများစုကို ဆွဲဆောင်လိုက်သည်။ သူသည် ရွေးချယ်ခံ၊ ဖန်မျိုးနွယ်စု၏ လျှမ်းလျှမ်းတောက် နေတစ်စင်းဖြစ်၏။ သူက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် မီတာ (၃၀၀၀) အမြင့်သို့ ချက်ချင်း ထိုးတက်သွားလေသည်။ ထိုနေရာတွင် သူသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် တင်ပျဉ်ခွေထိုင်ချကာ‌ နေစွမ်းအားကို လျင်မြန်စွာ စုပ်ယူနေသော တွင်းနက်ကြီးအသွင်ပြောင်းသွားသယောင်ပင်။

စကားသံများ ရုတ်ခြည်း ဆူညံပွက်လောရိုက်သွားသည်။

"မင်းသားဝေက တကယ်ကို ကြားထားရတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်"

"သူက နေရောင်ကို စုပ်ယူနေတာမဟုတ်ဘူး၊ ဝါးမြိုနေတာ။ အရှေ့တက်လှမ်းခြင်းနေကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း နားလည်ထားလိုက်သလဲ"

ဘိုးဘေးစံအိမ်ရှိ ပညာရှင်များနှင့် အကြီးအကဲများပင်လျှင် တိတ်ဆိတ်စွာ ခေါင်းညိတ်နေကြသည်။

ကောင်းကင်ထက်သို့ ပျံတက်သွားသော ဒုတိယလူမှာ ဝမ်မျိုးနွယ်စု၏ ရွေးချယ်ခံ၊ ဝမ်မုဖြစ်သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် လေပေါ်ပျံတက်ရင်း မျက်လုံးများ ထူးဆန်းစွာ တောက်ပနေ၏။

"နေထွက်တာနဲ့ပတ်သက်ပြီး ဉာဏ်အလင်းရပြီးနောက် ဖန်တီးခဲ့တဲ့ ညအမှောင်ခွင်းသိုင်းဆိုတဲ့ မှော်ကျင့်စဉ် ခေါင်းဆောင်ကြီးမှာ ရှိတယ်။ ဒီနေ့ ငါ ဝမ်မု ငါ့ရဲ့ကိုယ်ပိုင် ညအမှောင်ခွင်းဉာဏ်အလင်းကို တိုးတက်စေဖို့ အရှေ့တက်လှမ်းခြင်းနေကို ဆင်ခြင်သုံးသပ်မယ်"

ဝမ်မုနောက်တွင် ထိုက်ယန်ကျစ်သည် တဟားဟား ရယ်ရင်း လေပေါ် ပျံတက်လာ၏။ သူက အထွတ်အမြတ်မြေငါးမြေမှ နေသူရိန်တောင်၏တပည့် ဖြစ်၍ နေကျင့်စဉ်ကို ကျင့်ကြံထားလေသည်။ သို့ဖြစ်၍ ဤနေ့၏ကံကြမ္မာကောင်းသည် တခြားသူများထက် သူနှင့်များစွာ သက်ဆိုင်၏။

ထိုက်ယန်ကျစ်က မီတာ (၂၄၀၀) အမြင့်အထိ ချက်ချင်း ပျံတက်သွားသည်။ သူသည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် ... နေတစ်စင်းအသွင်ပြောင်းသွားလေသည်။ သူ့ကို မြင်လိုက်သူတိုင်း အံ့ဩမှင်သက်ကုန်ကြ၏။

ထို့နောက် ဖန်းတုံးအာနှင့် လီလင်းအာ။ မိန်းမပျိုလေးနှစ်ယောက်အနက် တစ်ယောက်သည် မီတာ (၃၀၀၀) အမြင့်၊ တစ်ယောက်က မီတာ (၂၇၀၀) အမြင့်သို့ ပျံတက်ကာ တင်ပျဉ်ခွေထိုင်ကြသည်။ နှစ်ယောက်လုံးမှာ နဂိုကတည်းက လှပချောမောကြသော်လည်း နေအလင်းရောင်၏အောက်ဝယ် လင်းလက်တောက်ပ‌နေကြပြီး သန့်စင်မွန်မြန်သောအရှိန်အဝါကို ထုတ်လွှတ်နေကြ၏။ သူတို့ကို မြင်လိုက်သူတိုင်း နတ်မိမယ်၊ နတ်သမီးများကို ရှုစားနေကြရသကဲ့သို့ ရင်ခုန်သံတို့ ဆူဝေသွားကြရမည်သာ ဖြစ်ချေသည်။

စုန့်လော့တန်လည်း အနောက်မှ လိုက်လာသည်။ သူ့နောက်တွင် အခြားဖန်မျိုးနွယ်ရွေးချယ်ခံများ ပါလာပြီး ဖန်တုံးဟန်က အမြန်ဆုံးဖြစ်သည်။ သူသည် မီတာ (၁၈၀၀) အမြင့်တွင် ရပ်ကာ မျိုးနွယ်ဝင်များစွာအား အံ့ဩသွားစေသည်။

မန်ဟိုက စွန်းဟိုက်ကို လွှတ်ပေးလိုက်သည်။ စွန်းဟိုက်သည် တည်ကြည်လေးနက်သောအမူအရာဖြင့် ရှေ့တက်၍ မီတာ (၂၁၀၀) အထိ ပျံတက်သွား၏။ သူက သူ၏ပတ်ပတ်လည်တွင် နေရောင်များစွာအား စုဝေးလာစေရင်း ဧကရာဇ်တစ်ပါး၏အင်အားကို ထုတ်လွှတ်နေသည်။

အရှေ့တက်လှမ်းခြင်းအိမ်တော်မှ ပျံထွက်လာသော ရွေးချယ်ခံအားလုံးအနက် မည်သူမှ မီတာ (၁၈၀၀) ထက် နိမ့်သော နေရာတွင် မရပ်ကြပေ။ ဖန်ရွှီပင်လျှင် မီတာ (၁၂၀၀) အထိ တက်နိုင်ခဲ့ပြီး စတင်ကျင့်ကြံနေသည်။ ငွေသော်တာလကန်၏ ပတ်ပတ်လည်မှ ပျံတက်လာကြသူအများစုလည်း ထိုနည်းတူအမြင့်တွင် ရှိကြ၏။

မန်ဟိုက ပျံတက်မသွားပေ။ သူသည် အိမ်‌တော်ထဲတွင် တင်ပျဉ်ခွေထိုင်လျက် ကျန်ခဲ့၏။ အပြင်မှ အပူသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်လာကာ သူ့အား မီးမြိုက်ခံနေရသည့်အလား ခံစားရစေသည်။

၎င်းက အမည်းရောင်ချွေးစက်များအား သူ့မျက်နှာတစ်လျှောက် စီးကျလာစေသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ အညစ်အကြေးများ ထွက်လာနေသည့်အလားပင်။ တစ်ချိန်တည်းမှာပင် သူသည် အပူတချို့ကို စုပ်ယူ၍ သူ၏ချီစီးဆင်းမှုလမ်းကြောင်းမ်းကြောင်းများကို သန်မာစေပြီး အရိုးများကို မာကြောစေကာ အသွေးအသားခွန်အားကို မြှင့်တင်နေသည်။

"အရှေ့တက်လှမ်းခြင်းနေ" သူက အသက်ပြင်းပြင်းရှူသွင်းရင်း တွေးသည်။ အပူလှိုင်းက သူ၏မျက်နှာကို တိုးဝှေ့၍ သူ၏ခန္ဓာကိုယ်ထဲ စီးဝင်ကာ တုန်ခါလာစေသည်။ အချိန်အနည်းငယ်ကြာမှနောက်ဆုံး သူက အိမ်တော်ထဲမှ ပျံထွက်လာလေသည်။

အပြင်သို့ ရောက်လျှင်ချင်း ဆူဆူညံညံသံများကို ကြားလိုက်ရသည်။ သို့သော် လူများသည် သူ့အကြောင်း ပြောနေကြခြင်းမဟုတ်၊ မင်းသားဝေကို အာရုံစိုက်နေကြလေသည်။

"မီတာ ၂၁၀၀၀။ မင်းသားဝေ မီတာ ၂၁၀၀၀ ‌ကို ရောက်နေတာ ယုံတောင်မယုံနိုင်ဘူး"

"တစ်နာရီပဲ ရှိသေးတယ်။ သူက မီတာ ၂၁၀၀၀ ကို ရောက်နေပြီတဲ့လား။ အဲဒီက အပူလှိုင်းက အသက်တစ်ရှိုက်လေးအတွင်း သာမန်စိတ်ဝိညာဉ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ပြာချပစ်နိုင်တယ်"

"မင်းသားဝေက တကယ်ပဲ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"

မန်ဟိုသည် တအံ့တဩပြောသံများကို ကြားနေ၏။ စောစောက သူသည် အရှေ့တက်လှမ်းခြင်းနေ၏ အလင်းရောင်နှင့် ရင်းနှီးအောင် အိမ်တော်ထဲတွင် တစ်နာရီ နေခဲ့၏။ ယခု သူ ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ အမြင့်အသီးသီးသို့ ရောက်နေကြပြီဖြစ်သော ရွေးချယ်ခံများစွာကို မြင်လိုက်ရသည်။

အမြင့်ဆုံးကတော့ မှန်သည် ... ဖန်ဝေ ဖြစ်သည်။

သူသည် အဖြူရောင်အဝတ်အစားများကို ဝတ်၍ ‌မီတာ (၂၁၀၀၀) အမြင့်တွင် တစ်ယောက်တည်း ခံ့ညားထည်ဝါစွာ ပျံဝဲနေသည်။ နေရောင်တို့ သူ၏ခန္ဓာကိုယ်ထဲ စီးဝင်နေစဉ် ရွှေရောင်အလင်းက သူ့အား ခြံရံထား၏။

ဖန်ဝေ၏ဆံပင်များသည် တလွင့်လွင့် ပျံ့လွင့်နေရာ နဂိုကတည်းက ချောမောသော သူ၏ရုပ်ရည်ကို ပို၍တင့်တယ်ခံ့ညားသွားစေသည်။ သူ့ကို မြင်လိုက်သည့် မည်သူမဆို မချီးကျူးမိဘဲ မနေနိုင်ပေ။

ဖန်ဝေ အောက်နားလေးရှိ သုံးယောက်မှာတော့ ထိုက်ယန်ကျစ်၊ ဖန်းတုံးအာနှင့် ... မန်ဟို မရင်းနှီးသော လူပင်။ စောစောက ရွေးချယ်များနှင့် ရယ်မောစကားပြောခဲ့တုန်းက ဤလူမှာ ‌မြင့်မြတ်သောရေစီးဓားဂူ၏ ... ကျိုးရှင်းဖြစ်ကြောင်း မန်ဟို သိခဲ့ရ၏။

ကျိုးရှင်းကို မြင်ရခြင်းက မန်ဟို့အား မြင့်မြတ်သောရေစီးဓားဂူမှ တခြားတစ်ယောက်ကို အမှတ်ရ‌သွားစေသည် ...

"ကျောက်ရီဖန်း ဘာလုပ်နေလဲ မသိဘူး..." သူက တွေးသည်။

မန်ဟို ဤရွေးချယ်ခံအားလုံးနှင့် စစချင်း ရင်းနှီးလာတုန်းက ထိုက်ယန်ကျစ်၏ ကျင့်ကြံခြင်းအခြေခံသည် ဖန်တုံးအာနှင့် တန်းတူယှဉ်နိုင်သည်အထိ မဟုတ်ပေ။ သို့သော် သူသည် နေနှင့်ဆက်နွှယ်နေသော ကျင့်စဉ်ကို ကျင့်ထား၍ ကျန်နှစ်ယောက်နှင့်အတူ မီတာ (၁၉၅၀၀) တွင် ရှိနေ၏။ သူတို့အောက် မီတာ (၁၈၀၀၀) အမှတ်တွင် လီလင်းအာနှင့် ဝမ်မုရှိသည်။

စုန့်လော့တန်၊ စွန်းဟိုက်နှင့် အခြားသူအားလုံးက မီတာ (၁၅၀၀၀) အမှတ်တွင် ဖြစ်ကြသည်။ ဖန်းတုံးအာလည်း သူတို့အကြားတွင် ဖြစ်ရာ အတော်များများ၏ အာရုံစိုက်ခြင်းခံနေရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဖန်မျိုးနွယ်စုတွင် လွန်စွာ သိုသိုသိပ်သိပ် နေတတ်သည့်တိုင် ဤအခါသမယတွင် မထင်မှတ်ဖွယ်ကောင်းစွာနှင့် မီတာ (၁၅၀၀၀) အမြင့်အထိ တက်နိုင်ခဲ့၍ပင်။

ထိုစဉ် ဖန်မျိုးနွယ်စုဘိုးဘေးစံအိမ်ထဲတွင် အကြီးအကဲများနှင့် အခြားအစွမ်းထက်ပညာရှင်များသည် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို စောင့်ကြည့်နေ၏။ မဟာအကြီးအကဲလည်း သူတို့ထဲတွင် ထိုင်နေပြီး ဖန်ဝေ၏ မြင့်မားသောနေရာကို ကြည့်နေစဉ် သူ၏မျက်နှာတွင် ခံစားချက်ကင်းမဲ့နေ၏။ မည်သူမှ သူ ဘာတွေးနေသလဲ မခန့်မှန်းနိုင်ပေ။

ဖန်ဝေ၏အဖေနှင့် အဘိုးက မဟာအကြီးအကဲထံမှ ခပ်လှမ်းလှမ်းတွင် ရှိပြီး နှစ်ယောက်လုံး ပြုံးနေကြသည်။

"ဝေ့အာက မီတာ (၃၀၀၀၀၀) အမြင့်ရောက်ဖို့အတွက် အရင်းအမြစ်တွေ စုဆောင်းရင်း နှစ်နဲ့ချီ ပြင်ဆင်နေခဲ့တာ"

"လုပ်နိုင်သူ တစ်ယောက်ရှိလာရင် အဲ့ဒါက ဝေ့အာပဲ ဖြစ်လိမ့်မယ်"

ဘိုးဘေးစံအိမ်၏အပြင်တွင် မန်ဟိုသည် ဖန်ဝေနှင့် အခြားရွေးချယ်ခံများအပါအဝင် လူတိုင်း ဖြည်းဖြည်းချင်း တက်သွားနေကြသည်ကို စောင့်ကြည့်နေ၏။ သူတို့ အမြင့်ရောက်သည်နှင့်အမျှ ရရှိသော ကံကြမ္မာကောင်းမှာ တိုးများလာနေသည်။

မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။

"ငါ ဖန်မျိုးနွယ်စုမှာ သိုသိုသပ်သပ် မနေခဲ့ဖူးဆိုတော့ ဒီနေ့လည်း ဘာမှမထူးဘူး

"ဒါ့အပြင် ဒီနေရောင်က ငါ့အပြင်အားကိုယ်အတွက် အကျိုးအမြတ်များတယ်။ တကယ်တမ်းဆိုရရင် ငါ့အပြင်အားကိုယ်ကို .... အစစ်အမှန်အင်မော်တယ်အဆင့်အထိ တိုးမြှင့်နိုင်လောက်တယ်"

မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းပြီးနောက် လေပေါ် တက်သွားသည်။ သူ၏ လှုပ်ရှားမှုလေးတစ်ချက်က သူ့အား မီတာ (၃၀၀၀) သို့ရောက်ရှိသွားစေသည်။ သူက အသက်ရှူသွင်းရန် ထိုနေရာတွင် ခဏ ရပ်လိုက်သည်။  သူ့ကို လွှမ်းခြုံလိုက်သော နေရောင်တို့မှာ သူ့ပါးစပ်ထဲ ရှူသွင်းခံလိုက်ရသဖြင့် လှိုင်းဂယက်များ ထသွား၏။

မန်ဟို စုပ်ယူနေသော နေရောင်ပမာဏမှာ အလွန်များပြားလှသည့်အတွက် ထစ်ချုန်းသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

၎င်းသည် စုပ်ယူခံနေရသော ဖြစ်စဉ်အတွင်း မြင့်မားသောအရှိန်သို့ တင်ခံလိုက်ရသဖြင့် သဘာဝနိယာမပါရှိသော အလင်းရောင်မှ ထွက်လာသောအသံဖြစ်၏။ ပထမတွင် မိုးခြိမ်းသံနှင့်တူသော်လည်း အနားကပ်နားထောင်လျှင် မာန်သွင်းဟိန်းဟောက်လိုက်သံနှင့် တူလေသည်။

အသံ ပျံ့လွင့်လာသောအခါ အတော်များများ သတိထားမိသွားကြ၏။

"အဲ့ဒါ ဖန်ဟိုပဲ"

"စောစောက အသံက ဘာသံတုန်း"

"အဲ့ဒါ ဖန်ဟိုပတ်ပတ်လည်က လာနေတာ။ အလင်းတန်းတွေကို ကြည့်ဦး၊ ပုံပျက်နေဝးတယ်။ သူက မင်းသားဝေလို ဝါးမြိုနေတာပဲဟ"

မန်ဟိုက စကားသံများကို လျစ်လျူရှုထားသည်။ သူ၏ခန္ဓာကိုယ်မှာ မီးထတောက်တော့မည့်အလားပင်။ သူသည် တခဏ တုန်ရီသွားပြီးနောက် မျက်လုံးများပိတ်၍ မီးနှင့်တစ်သားတည်းဖြစ်လာသော ခံစားချက်ကို သဘောကျနေ၏။ သူ၏အပြင်အားကိုယ်မှာ မီးတောက်နေပြီး ၎င်းကြောင့် ပြောင်းလဲသော အခိုက်အတန့်တွင် ဖြစ်ချေသည်။

"မိုက်ချက်ပဲ" သူက မျက်လုံးများ ဖွင့်ရင်း တွေးသည်။ မီးတောက်များက သူ၏သူငယ်အိမ်ထဲတွင် ကခုန်နေ၏။ သူက ခေါင်းနောက်လှန်၍ တဟားဟား ရယ်ကာ မြင့်မြင့့်သို့ ဆက်တက်သွားသည်။ ယခုတွင် သူသည် မီတာ (၆၀၀၀) သို့ ရောက်သွားလေပြီ။

သူ ရောက်လာလျှင်ချင်း မီတာ (၆၀၀၀) အမှတ်ရှိ မျိုးနွယ်ဝင်များက သူ့ကို လှမ်းကြည့်ကြသည်။ ဖန်ရွှီသည် ထိုနေရာတွင် ဖြစ်ပြီး မန်ဟို့ကို မြင်သောအခါ စိတ်လှုပ်ရှားလာ၏။

မန်ဟိုသည် ဒုတိယအကြိမ် အသက်ရှူသွင်းရင်း နေရောင်ခြည်များကို စုပ်ယူလိုက်သည်။ သူ၏ပတ်ပတ်လည်ရှိ ပူပြင်းသော အပူဓာတ်များသည် ဝဲကဲ့သို့ လည်သွားပြီး သူ့မှာ နေရောင်၏ လွှမ်းခြုံခြင်း ခံလိုက်ရသည်။

ထပ်မံ၍ ထိုထူးဆန်းသောအသံ ထွက်လာပြန်သည်။

ထို့နောက် မန်ဟိုက ရယ်ပြီးနောက် တတိယအကြိမ် ဆက်သွားလိုက်သည်။ ထို့နောက် စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်။

မီတာ (၉၀၀၀) ၊ မီတာ (၁၂၀၀၀)  ၊ မီတာ (၁၅၀၀၀)။

အံ့ဖွယ်အသံသည် သုံးကြိမ်ဆက်တိုက် ပဲ့တင်ထပ်သွား၏။ ဂျိန်းးးးးးး

ပတ်ဝန်းကျင်ရှိ အရာအားလုံး တုန်ခါသွားပြီး နေရောင်ထဲတွင် ဆေးကြောသန့်စင်ရင်း မြေကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော မျိုးနွယ်ဝင်များမှာ အသံကြောင့် လန့်ဖျပ်သွားကြသည်။ သူတို့သည် ဖြစ်ပျက်နေသောအရာကို မြင်လျှင် အံ့ဩတုန်လှုပ်သွားကြ၏။

သူတို့သာ အံ့အားသင့်နေခြင်းမဟုတ်။ မီတာ (၁၅၀၀၀) အမှတ်ရှိ လူများမှာ မန်ဟို အမြင့်ဆုံးအရှိန်ဖြင့် ချဉ်းကပ်လာနေသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်နေရသဖြင့် တုန်လှုပ်နေကြလေသည်။ သူ လှုပ်ရှားလိုက်တိုင်း မီတာ (၃၀၀၀) ရောက်သွားပြီး ထစ်ချုန်းသံများ ထွက်ပေါ်နေသည်။

"ငါးလှမ်းတည်းနဲ့ မီတာ (၁၅၀၀၀) ကို ရောက်လာတယ်။ ဖန်ဟိုက ဆေးဝါးတာအိုမှာတင် ကျွမ်းကျင်တာမဟုတ်ဘူး။ သူ့ရဲ့ အပြင်အားကိုယ်က မယုံနိုင်လောက်အောင် အစွမ်းထက်တယ်"

"နေရောင်ထဲမှာ သန့်စင်နိုင်ဖို့ အားကောင်းတဲ့ ကျင့်ကြံခြင်းအခြေခံ လိုအပ်ပေမယ့် ပိုလို့တောင် အရေးကြီးတာက ထောက်ပံ့ပေးမယ့် အပြင်အားကိုယ်ပဲ။ အဲ့ဒါမရှိဘဲ အမြင့်တက်ရင် ချက်ချင်း အသက်ထွက်ရလိမ့်မယ်"

ဘိုးဘေးစံအိမ်ထဲတွင် မန်ဟို့ကို စောင့်ကြည့်နေသော မဟာအကြီးအကဲ၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်အား မြင်ရနိုင်သည်။ ဖန်ဝေ၏အဖေနှင့် အဘိုးမှာ မျက်မှောင်ကြုတ်နေကြသည်။ တိုက်ရိုက်သွေးဆက်များမှာမူ စိတ်လှုပ်ရှားလာကြ၏။ ဖန်ရွှီ၏အ‌ဖေ ဦးလေးဆယ့်ကိုးကတော့ အားရစွာ ရယ်မောနေသည်။

မန်ဟိုက မီတာ (၁၅၀၀၀) အမှတ်တွင် ပျံဝဲနေစဉ် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူသည် ကြောက်မက်ဖွယ်အပူရှိန်နှင့် သူ့ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သော နေရောင်ခြည်တို့အား အချိန်ခဏပေး၍ ခံစားလိုက်၏။ သူ့တစ်ကိုယ်လုံးမှာ ကောင်းကင်နှင့်မြေကြီး၏ ဆေးပေါင်းဖိုထဲတွင် သန့်စင်ခံနေရသလို ခံစားရလေသည်။

"ကောင်းကင်နဲ့မြေကြီးဆေးပေါင်းဖိုနဲ့ ဆေးလုံးတွေကို သန့်စင််နိုင်သလို လူတွေကိုလည်း သန့်စင်နိုင်တယ်" မန်ဟိုက ဆက်သွားသည်။ မီတာ (၁၅၀၀၀) အမှတ်ရှိ မျိုးနွယ်ဝင်အားလုံးအတွက် အံ့ဩဖွယ်ကောင်းစွာနှင့် သူကား တစ်ချက်လေးလှုပ်ရှားကာ နောက်ထပ် ‌‌မီတာ (၃၀၀၀) သို့ ပျံတက်၍ မီတာ (၁၈၀၀၀) အမှတ်သို့ ရောက်ရှိသွားလေပြီ။

ဤအခိုက်အတန့်တွင် ဖန်ဝေသည် မီတာ (၂၇၀၀၀) ၌ ဖြစ်၏။ ထိုက်ယန်ကျစ်၊ ကျိုးရှင်းနှင့် ဖန်းတုံးအာက မီတာ (၂၄၀၀၀) အမှတ်တွင် ဖြစ်ကာ လီလင်းအာမှာမူ မန်ဟို၏လက်ရှိနေရာမှ မီတာ (၃၀၀၀) သာ ကွာဝေးသည်။

ယခုတွင် သူတို့အားလုံး မန်ဟို့ကို သတိထားမိသွားကြသည်။ မှန်ပါသည်၊ တစ်ယောက်မှ သူ ဤမျှအမြင့်သို့ တက်လာနိုင်သည်ကို မအံ့သြကြပေ။ သူတို့၏နှလုံးသားထဲတွင် မန်ဟိုအား သူတို့နည်းတူ ရွေးချယ်ခံတစ်ဦးအဖြစ် သတ်မှတ်ထားပြီးဖြစ်ကြ၏။

အထူးသဖြင့် မန်ဟိုနှင့် ဖန်မုသည် တစ်ယောက်တည်းဖြစ်ကြောင်း သိထားသော လီလင်းအာပင်။ သူ့ကို သူမအောက်တွင် မြင်လိုက်သော် သူမသည် အံတင်းတင်းကြိတ်၍ မြင့်မြင့်ရောက်အောင် အားထည့်လိုက်၏။

မီတာ (၂၇၀၀၀) ရှိ ဖန်ဝေ၏အမူအရာကတော့ ပုံမှန်အတိုင်းသာ။ သူ့အောက်ရှိ မန်ဟို့ကို ငုံ့ကြည့်လိုက်သောအခါ အထင်သေးသော အရိပ်အယောင်အား သူ၏မျက်လုံးများတွင် မြင်ရနိုင်သည်။ မန်ဟို မြင့်မြင့်တက်လာနေသည်ကို သူ ဂရုမစိုက်ပေ။ သူသည် မန်ဟို့အား ထုံးစံအတိုင်း လျစ်လျူရီုထား၏။

"ငါ့ပန်းတိုင်က မီတာ (၃၀၀၀၀၀) " ဖန်ဝေက ရေရွတ်လိုက်သည်။ "ငါ့ကိုယ်ငါ သူများတွေနဲ့ နှိုင်းယှဉ်စရာမလိုဘူး

"ငါ ငါ့လမ်းအတိုင်း ဆက်သွားနေရင် လူတိုင်းကို ဖိနှိပ်‌နင်းခြေပစ်နိုင်မယ် ...

"ငါဟာ လူတိုင်း လိုက်မှီအောင် ကြိုးစားနေရတဲ့သူ ဖြစ်ရမယ်။ ဖန်ဟို ... မင်းရည်ရွယ်ချက်က ငါ့ထက်သာဖို့ ဖြစ်လောက်တယ်။ အေး နည်းနည်း ထပ်ကြိုးစားလိုက်ဦး။ အများကြီး နောက်ကျမကျန်ခဲ့စေနဲ့" ထိုသို့ပြောပြီး ဖန်ဝေသည် မြင့်သထက်မြင့်မြင့် တက်သွားရင်း မီတာ (၃၀၀၀၀) သို့ ရောက်ရှိသွား၏။

***

All Chapters