ငါ့နိဗ္ဗာနသစ်သီးတွေ
Vol. 67 Ch. 935
ခရမ်းရောင်နေရောင်ခြည်သည် အင်မတန်မျှ ပူပြင်း၏။ ခရမ်းရောင်မီးတောက်များ တဟုန်းဟုန်း ထနေသော မီးပင်လယ်တစ်စင်းက မန်ဟို့ကို အထဲ၌ထား၍ မီးလောင်တိုက်သွင်းနေသည့်အလားပင်။ သူ့မှာ မီးတောက်များအတွင်း နစ်မြောနေလေသည်။
စုန်လော့တန်က ကြည်လဲ့နေသော သလင်းကျောက်သားဖြင့် ထွင်းထားသော ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို ထုတ်ကာ ၎င်းထံမှ စီးမျောထွက်လာသော ချီကို နှာခေါင်းနှင့် ပါးစပ်တို့မှတစ်ဆင့် ရှူသွင်းလိုက်သည်။
သူ့ကိုယ်ထဲရှိ အညစ်အကြေးများ ခြောက်ကပ်သွားကြသည့်အတွက် သူ၏အပြင်အားကိုယ်အား အစစ်အမှန်အင်မော်တယ်အဆင့်နှင့် နီးကပ်သထက် နီးကပ်သွားစေသည်။
ဖန်ဝေလည်း နေရောင်ခြည်နှင့်အပူရှိန်ကို စုပ်ယူနေသည်။ ဖန်တုံးအာနှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် မီတာ (၉၀၀၀၀) အမှတ်သို့ ရောက်လာကြသည်။ သူတို့အားလုံးသည် တင်ပျဉ်ခွေထိုင်၍ ခရမ်းရောင်နေရောင်ခြည်ကို စုပ်ယူကာ သူတို့၏အပြင်အားကိုယ်ကို သန်မာစေရင်း ကျင့်ကြံနေကြသည်။
ကျင့်ကြံသူအများစုကား အောက် မီတာ (၃၀၀၀၀) အမှတ်တွင် ဖြစ်ကြ၏။ လက်တစ်ဆုပ်မျှသာ မီတာ (၆၀၀၀၀) ပတ်ချာလည်တွင် ပျံဝဲနေကြသည်။ အဖွဲ့အသီးသီးအကြား ကွာခြားမှုမှာ လွန်စွာပြတ်သား၏။
ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ထဲတွင် အကြီးအကဲများမှာ ဖြစ်ပျက်နေသော အဖြစ်အပျက်များကို နီးနီးကပ်ကပ် ကြည့်ရှူရင်း ဆွေးနွေးနေကြသည်။
"မီတာ ၉၀၀၀၀ အမှတ်က ကောင်းကင်က ခရမ်းရောင်။ မီတာ ၁၈၀၀၀၀ ကျရင် အနက်ရောင်သမ်းနေတဲ့ ခရမ်းပုပ်ရောင်ဖြစ်လာတယ်။ မီတာ ၂၇၀၀၀၀ မှာတော့ နက်မှောင်သွားပြီ"
"ဒီအလွှာသုံးလွှာထဲက တစ်လွှာစီတိုင်းက အပြင်အားကိုယ်ကျင့်ကြံတဲ့အခါမှာ အံ့ဖွယ်ထူးကဲတဲ့ ရလဒ်တွေကို ဖြစ်ပေါ်စေနိုင်တယ်။ ဒီတစ်ခေါက် တစ်ယောက်ယောက် မီဝာာ ၁၈၀၀၀၀ ကို ရောက်နိုင်မလားမသိဘူး"
"နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့တဲ့ အတောအတွင်း မီတာ ၁၈၀၀၀၀ ကို ရောက်နိုင်ခဲ့တဲ့လူ အယောက်သုံးဆယ်တောင် မပြည့်ဘူး"
အချိန်များ ကုန်လွန်သွားသည်။ ယခုတွင် မန်ဟိုအပါအဝင် လူရှစ်ယောက်၊ ကိုးယောက်ခန့် မီတာ (၉၀၀၀၀) သို့ ရောက်နေကြလေပြီ။ သူတို့အားလုံးသည် ခရမ်းရောင်နေရောင်ခြည်ကို စုပ်ယူရင်း မျက်လုံးများပိတ်၍ တရားထိုင်နေကြ၏။ သူတို့ နေရောင်ခြည်နှင့်အပူရှိန်ကို အငမ်းမရ ဝါးမြိုနေကြစဉ် သူတို့၏ပတ်ပတ်လည်၌ လည်နေသော တွင်းနက်ကြီးများကဲ့သို့ ဝဲများကိုလည်း မြင်နိုင်လေသည်။
ဤဝဲအားလုံးအနက် အအံ့ဩဖွယ်အကောင်းဆုံးမှာ မီတာပေါင်းရာချီ ကြီးမားပြီး ၎င်းတို့၏သက်ဆိုင်ရာနေရာအသီးသီးရှိ နေရောင်ခြည်များကို စုပ်ယူနေသော မန်ဟိုနှင့်ဖန်ဝေ၏ တွင်းနက်ကြီးများ ဖြစ်သည်။
တစ်ချိန်လုံးကား မွန်းတည့်ချိန်ပင်။ ယခုတွင် ပုံမှန်ရက်သုံးရက်နှင့် ညီမျှသော နာရီပေါင်းခြောက်ဆယ် ကုန်လွန်သွားလေပြီ။
နာရီ (၁၀၀) မြောက် ရောက်သောအခါ ထိုက်ယန်ကျစ်သည် ပထမဆုံး မျက်လုံးဖွင့်လိုက်သူ ဖြစ်၏။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ ထစ်ချုန်းသံများ မြည်ဟည်းသွားသည်။ သူ၏မျက်လုံးများသည် စူးရှတောက်ပနေပြီး သူ ထရပ်လိုက်စဉ် သူ၏ခန္ဓာကိုယ်မှ မယုံနိုင်ဖွယ်အပူလှိုင်းများဖြာထွက်လာ။
"ငါ့ခန္ဓာကိုယ်က ဒီနေရာ မီတာ (၉၀၀၀၀) မှာ နောက်ဆုံးအတိုင်းအတာ ရောက်သွားခဲ့ပြီ။ ငါ့ကို ဆက်မစုပ်ယူနိုင်တော့အောင် တားမြစ်နေတဲ့ အတားအဆီးတစ်ခု ပေါ်လာတယ် .... ငါ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ... ပိုပြီးနေရာကို တက်ပြီး အားကောင်းတဲ့ နေရောင်ခြည်နဲ့ အပူကို စုပ်ယူတာပဲ။ အဲဒါမှ အတားအဆီးကို ချိုးဖျက်ပြီး ငါ့အပြင်အားကိုယ်ကို အဆင့်တက်အောင် တွန်းပို့နိုင်လိမ့်မယ်" သူသည် သူ့အနီးဝန်းကျင်ရှိ အခြားသူများကို လှည့်ပတ်ကြည့်ပြီး နောက်ဆုံးတွင် သူ့အကြည့် မန်ဟိုနှင့် ဖန်ဝေ၏အပေါ်တွင် ကျရောက်လာသည်။
"သူတို့နဲ့ တစ်ခေတ်တည်း မွေးလာရတာက ... ကောင်းချီးလည်း ဟုတ်သလို၊ ကျိန်စာလည်း ဟုတ်တယ်" သူက သက်ပြင်းဖွဖွချ၍ အသက်ပြင်းပြင်းရှူကာ ညာလက်ကို မြှောက်လိုက်သည်။ သူ့လက်ဝါးထဲတွင် ကျောက်တုံးတစ်တုံး ပေါ်လာပြီး ပတ်ဝန်းကျင်၌ ခရမ်းရောင်အလင်းတို့ စူးရှနေသည့်တိုင် ၎င်းက တောက်ပသော ရွှေအလင်းတန်းများကို ထုတ်လွှတ်နိုင်သေး၏။
"နေအင်မော်တယ်သွေးကြော" သူက ကျောက်ခဲကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ဟိန်းဟောက်လိုက်သည်။ သူ၏အနောက်တွင် မီတာထောင်ချီမြင့်မားသော သူ၏ ဧရာမဓမ္မဆင်းတုကြီး ပေါ်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ဓမ္မဆင်းတုက ထိုက်ယန်ကျစ်၏အသွင်ကို ဆောင်နေသည့်အပြင် ၎င်းကို ရစ်ပတ်ထားသော အင်မော်တယ်လမ်းပြနွယ်မှာ လောင်ကျွမ်းနေပုံပေါ်သည်။
တစ်ချိန်တည်းမှာပင် ထိုက်ယန်ကျစ်၏ ခန္ဓာကိုယ်အနှံ့အပြား၌ သွေးကြောကွက်များ ရုတ်တရက် ထလကာ သူ၏စွမ်းအားအား ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်တက်သွားစေသည်။
"ဒါပြီးတာနဲ့ ငါ့ရဲ့အပြင်အားကိုယ် ဘယ်အဆင့်ရောက်ရောက် အရေးမကြီးဘူး။ တံခါးပိတ်ကျင့်ကြံပြီး အင်မော်တယ်နယ်ပယ်ကို တက်ရောက်မယ်" ထိုက်ယန်ကျစ်၏ခန္ဓာကိုယ်သည် ကြယ်တံခွန်ကြီးသဖွယ် မီးဟုန်းဟုန်းတောက်လျက် မီတာ (၉၀၀၀၀) အမှတ်ကို ဖြတ်ကျော်ကာ တဟုန်ထိုး တက်သွား၏။ သူက အသက်ရှူချိန်အနည်းငယ်အတွင်း မီတာ (၁၂၀၀၀၀) သို့ ရောက်ကာ အရှိန်လျော့သွားသည်။ သို့သော် သူသည် အံတင်းတင်းကြိတ်၍ ဆက်သွားနေ၏။
ထို့နောက် မီဝာာ (၁၅၀၀၀၀) အား ဖြတ်သွားသည်။ မီတာ (၁၅၉၀၀၀) အကွာတွင် သူက သွေးတစ်ပွက်အန် လိုက်ရပြီး သူ့လက်ထဲရှိ ကျောက်တုံးမှာ ကြေမွစပြုလာ၏။ သူ့ခန္ဓာကိုယ်မှာ အရည်ပျော်ကျတော့မည့်ပုံပေါ်သော်လည်း သူက ၎င်းအား အတင်းအကြပ် ပြန်ဆက်၍ ခြေနှစ်ချောင်းကို ချိတ်ကာ တရားစထိုင်သည်။
"ငါ့မှာ အဖိုးထိုက်နေကျောက်ခဲသုံးခဲ ရှိသေးပေမယ့် ... ဒါက ငါ့အပြင်အားကိုယ် ခံနိုင်တဲ့ နောက်ဆုံးအတိုင်းအတာပဲ။ တစ်မီတာလေး ဆက်သွားလိုက်ရင်တောင် ငါ သေသွားလိမ့်မယ်" သူ့အမူအရာမှာ အလျော့မပေးလိုသောပုံပေါ်သော်လည်း သူက မျက်လုံးများပိတ်၍ နေရောင်ခြည်ကို အရူးအမူး စုပ်ယူဝောာ့သည်။
များမကြာခင် စွန်းဟိုက်က မျက်လုံးများ ဖွင့်လိုက်သည်။ သူသည် သရဖူတစ်ခုအား ထုတ်၍ သူ့ခေါင်းပေါ် တက်လိုက်ရာတွင် သူ၏စွမ်းအားမှာ ဧကရာဇ်တစ်ပါးပမာ ဖြစ်လာ၏။ ထို့နောက် သူက မီဝာာ (၁၅၆၀၀၀) ရောက်သည်အထိ ရုန်းကန် တက်သွားပြီးနောက် ရပ်လိုက်လေသည်။
ဝမ်မုက စွန်းဟိုက်နောက်မှ ကပ်လိုက်လာသည်။ ထွက်နေသောနေ၏ ဓာတ်များ ပါဝင်နေပုံရသော ထူးဆန်းသောအရှိန်အဝါတစ်ခုက သူ၏ပတ်ပတ်လည်တွင် ပေါ်ပေါက်လာသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် ထစ်ချုန်းသွား၏။ သူ့လက်ထဲတွင် မည်သည့်အမှောင်ထုကိုမဆို ဖယ်ရှားပေးနိုင်ပုံရသော ကျောက်စိမ်းပြားတစ်ပြားရှိသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူကား မီတာ (၁၆၂၀၀၀) အထိ ထိုးတက်သွားလေပြီ။
(၁၂၆) နာရီမြောက် ရောက်သောအခါ လီလင်းအာက မျက်လုံးများ ဖွင့်လိုက်သည်။ စုန့်လော့တန်လည်း တစ်ချိန်တည်းမှာပင် ဖွင့်လိုက်၏။ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်မကြည့်ကြသော် သူတို့၏ဝတ်ရုံများထဲမှ အရာဝတ္ထုများအား တစ်ဆက်တည်း ထုတ်လိုက်ကြလေသည်။
လီလင်းအာက သူမခေါင်းထက်တွင် ပျံဝဲရန် တက်သွားသော မှော်ပုလင်းတစ်ပုလင်းကို ထုတ်သည်။ ရံဖန်ရံခါ အရည်စက်များ စိမ့်ကျလာတတ်၏။ ၎င်းတို့က လီလင်းအာအပေါ် ကျသောအခါ အငွေ့တန်းများအသွင်ပြောင်းသွားပြီး သူမက ၎င်းတို့ကို စုပ်ယူလိုက်လေသည်။
ထိုက်ယန်ကျစ်နည်းတူ ဤနှစ်ယောက်သည် သူတို့သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ သူတို့အတွက် အထူးသဖြင့် ပြင်ဆင်ပေးထားသော ပစ္စည်းများ၊ နေရောင်ခြည်ကို ကာကွယ်ပေးသော ရတနာများကို အသုံးပြုနေကြ၏။ သူတို့၏စွမ်းအင်များ တဖွေးဖွေး လှုပ်လာပြီး သူတို့ကား တစ်ပြိုင်တည်းဆိုသလို တဟုန်ထိုး တက်သွားကြ၏။
"သူတို့က ရွေးချယ်ခံဖြစ်သလို ငါလည်း ရွေးချယ်ခံပဲ" စုန့်လော့တန်က တွေးသည်။ "သူတို့ကို ငါ့ခြေထောက်အောက်မှ နင်းခြေမှ ငါ့လမ်းကို အောင်အောင်မြင်မြင် လျှောက်နိုင်မှာ"
"အင်မော်တယ်ကံတရားဟာ ပေါ်လာခဲ့ပြီးပြီ။ ငါ့မှာ အင်မော်တယ်လမ်းပြနွယ်လည်း ရှိနေပြီ" လီလင်းအာက တွေးသည်။ "ငါရဲ့ အင်မော်တယ်လမ်းကို ငါ မြင်နေရပြီ။ ငါ အောင်မြင်လိမ့်မယ်"
မီတာ (၁၂၀၀၀၀) ၊ မီတာ (၁၅၀၀၀၀) .... မီတာ (၁၆၅၀၀၀) တွင် စုန့်လော့တန်မှာ သွေးအန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ မီးဟုန်းဟုန်းတောက်နေပြီးဖြစ်ရာ နောက်ဆုံးတွင် သူ့မှာ ရပ်လိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိဝောာ့ပေ။ လီလင်းအာက မီတာ (၁၇၄၀၀၀) ရောက်မှ မျက်နှာဖြူဖပ်ဖြူလျော်နှင့် ရပ်လိုက်သည်။ သူမပါးစပ်မှ စီးကျလာသော သွေးများမှာ ချက်ချင်း အငွေ့ပျံသွား၏။
စုန့်လော့တန်က ခါးသီးစွာ ရယ်ပြီး မျက်လုံးများပိတ်ကာ နေရောင်ခြည်ကို စတင်စုပ်ယူသည်။ လီလင်းအာက ဘာမှမပြောဘဲ မီတတစ်ထောင်ကျော်သာ ကွာဝေးတော့သော မီတာ (၁၈၀၀၀၀) အမှတ်အား လှမ်းကြည့်၍ သက်ပြင်းချလိုက်သည်။
သူမ၏လက်ရှိနေရာမှာ သူမ၏အပြင်အားကိုယ်အတွက် နောက်ဆုံးအတိုင်းအတာဖြစ်သည်။
အချိန်များ ကုန်လွန်သွားသည်။ နာရီနှစ်ရာမြောက်သို့ ရောက်သောအခါ မြင့်မြတ်သော ရေစီးဓားဂူမှ ကျိုးရှင်းနှင့် ဖန်းတုံးအာတို့နှစ်ယောက်လုံး မျက်လုံးများ ဖွင့်လိုက်၏။ သူတို့လည်း နေဒဏ်ခံရတနာများကို ထုတ်၍ တဟုန်ထိုး ပျံတက်သွားကြသည်။ နှစ်ယောက်လုံး လူတိုင်းကို ဖြတ်ကျော်၍ မီတာ (၁၇၇၀၀၀) သို့ ရောက်သောအခါ မျက်နှာများ ဖြူဖျော့ပြီး အရှိန်လျော့လာကြသည်။ သို့သော် သူတို့သည် မီဝာာ (၃၀၀၀၀) အထိ ဆက်သွားနိုင်လိုက်ပြီးနောက် သွေးသုံးပွက်ဆက်တိုက်အန်ကာ တုန်ရီစွာဖြင့် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ သူတို့၏ခန္ဓာကိုယ်များမှာ မီးဟုန်းဟုန်း တောက်နေကြလေသည်။
ဤမြင်ကွင်းက စောင့်ကြည့်နေသော ဖန်မျိုးနွယ်ဝင်အားလုံးကို စိတ်ထဲတွင် တုန်လှုပ်သွားစေသည်။
"သူတို့ကို တကယ်ပဲ ရွေးချယ်ခံလို့ ခေါ်ဖို့ ထိုက်တန်ပါပေတယ်"
"အကုန်လုံးက အစွမ်းကုန် တိုက်ခိုက်နေကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင်တာအိုအတွက်၊ သူတို့ လျှောက်လှမ်းချင်ကြတဲ့ လမ်းအတွက်"
"ရွေးချယ်ခံတွေအတွက် သူတို့ ထမ်းထားရတဲ့ တာဝန်တွေ၊ ဖိအားတွေက ကြီးလေးတယ်။ သူတို့ကို လွှမ်းမိုးခွင့်မပေးချင်ကြတဲ့အပြင် ကိုယ်ပိုင်မှတ်တိုင်ကို စိုက်ထူရင်း လျှောက်လှမ်းနေကြတာပဲ"
နာရီနှစ်ရာ့လေးဆယ်ကြာသော် မန်ဟိုနှင့် ဖန်ဝေသာ မီတာ (၉၀၀၀၀) အမှတ်တွင် ကျန်ခဲ့တော့သည်။ ဤအခိုက်အတန့်တွင် ဖန်ဝေသည် မျက်လုံးများဖွင့်၍ တင်းမာခက်ထန်သော အမူအရာဖြင့် မန်ဟို့ကို လှမ်းကြည့်သည်။
"မင်းရဲ့ နောက်ဆုံးအတိုင်းအတာကို မရောက်သေးဘူးပေါ့လေ ဟမ်။ ကောင်းပြီ အဲ့ဒါက အရေးမကြီးဘူး။ ပန်းတိုင်တွေကမှ အရာရာပဲ။ ငါ့မှာ .... ပန်းတိုင်တစ်ခုပဲ ရှိတယ်။ အဲ့ဒါက မီတာ ၃၀၀၀၀၀ အထိ ရောက်ဖို့" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ထရပ်လိုက်သည်။ ထို့နောက် အခြားရွေးချယ်ခံများကဲ့သို့ ရတနာများအား မထုတ်ဘဲ သူ၏စွမ်းအားသည် ရွှေအလင်းရောင်အား အရပ်လေးမျက်နှာသို့ ဖြန့်ကြက်ရင်း ပေါက်ကွဲထွက်လာ၏။
နောက်ဆုံးတွင် သူ၏ဓမ္မဆင်းတု ပေါ်လာသည်။
ရွှေအလင်းတန်းများအပြင် သူ၏ခန္ဓာကိုယ်မှ ဘဝပြန်ဝင်စားခြင်းအရှိန်အဝါကို ထုတ်လွှတ်လာသည်။ ၎င်းသည် အဆုံးသတ်တွင် သူ၏ပတ်ပတ်လည်၌ ဝဲတစ်ဝဲ ပေါ်လာစေသည့်တိုင်အောင် အားကောင်းလာ၏။ ထို့နောက် ဖန်ဝေကား ကောင်းကင်၏အမြင့်သို့ တက်တော့သည်။
ခြေတစ်လှမ်းတွင် သူသည် မီတာ (၃၀၀၀၀) အထိ တက်သွား၏။
မီတာ (၁၂၀၀၀၀) သို့ ရောက်လျှင် အရှိန်လျော့ကျလာသော်လည်း သူ့အရှေ့ရှိ ဖန်းတုံးအာနှင့်အခြားသူများမှာ မျက်လုံးပြူး၍ ကြည့်နေကြလေသည်။
"သူက ဘာမှော်ပစ္စည်းမှ မသုံးထားဘူး။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ အပြင်အားကိုယ်ကိုပဲ အားကိုးထားတာ"
"သူက ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုနေတာပဲ။ အဲ့ဒါ ဘဝပြန်ဝင်စားခြင်းအရှိန်အဝါ ... ဖန်မျိုးနွယ်စုရဲ့ အထူးပညာရပ်တွေက တစ်ခု အတွေးတစ်ချက်ပြန်ဝင်စားခြင်းမန္တန်ပဲ ဖြစ်ရမယ်"
ဖန်ဝေ မီတာ (၁၂၀၀၀၀) အမှတ်သို့ ရောက်ရှိသွားသည်ကို ဘိုးဘေးစံအိမ်ထဲရှိ အကြီးအကဲများအပါအဝင် ဖန်မျိုးနွယ်စုရှိ အကုန်လုံး ကြည့်နေကြသည်။
"ပြန်ဝင်စားခြင်း ဒုတိယဘဝ" ဖန်ဝေက ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် သူ၏ပတ်ပတ်လည်ရှိ ဘဝပြန်ဝင်စားခြင်းအရှိန်အဝါသည် ပေါက်ကွဲထွက်လာ၏။ ဂျိန်းခနဲ ထစ်ချုန်းသံကြီးနှင့်အတူ အံ့ဩဖွယ်ကောင်းစွာနှင့် ... ဒုတိယဓမ္မဆင်းတုကား သူ့အနောက်တွင် ပေါ်လာလေပြီ။
ဤဓမ္မဆင်းတုသည် သူ၏ ပထမဓမ္မဆင်းတုနှင့်မတူပေ။ ၎င်းက ဝေဝါးပြီး မပြတ်မသားဖြစ်နေသည်။
ဒုတိယဓမ္မဆင်းတု ပေါ်လာလျှင်ချင်း ဖန်ဝေ၏ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားသွားပြီး မီတာ (၁၅၀၀၀၀) အထိ လျင်မြန်စွာ တက်သွားသည်။
အောက်တွင် စကားသံများ ဆူညံပွက်လောရိုက်သွားပြီး အံ့ဩထိတ်လန့်မှုတို့က စုန့်လော့တန်နှင့် အခြားရွေးချယ်ခံများ၏ နှလုံးသားများကို စိုးမိုးသွားလေသည်။
"ပြန်ဝင်စားခြင်း တတိယဘဝ" ဖန်ဝေက အော်လိုက်သည်။ သူ၏အံ့မခန်းလိလိ ဆင့်ခေါ်သံကြီး ပဲ့တင်ထပ်နေစဉ် ... တတိယဓမ္မဆင်းတုက သူ့အနောက်တွင် ပေါ်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံ ကြောက်မက်ဖွယ်ရာ အမြင့်သို့ တဟုန်ထိုး ရောက်ရှိသွားစဉ် သူက တတိယအကြိမ် ထိုးတက်သွား၏။ ဂျိန်းခနဲ ထစ်ချုန်းသံနှင့်အတူ သူကား မီတာ (၁၈၀၀၀၀) အမှတ်သို့ ချက်ချင်း ရောက်သွားလေပြီ။
သူသည် လူတိုင်းအား သူ့ခြေထောက်အောက်တွင် ထားဖို့ ကြံထားသူဖြစ်၏။
လူအုပ်ကြီးမှာ အုတ်အော်သောင်းနင်းဖြစ်နေကြသည်။ အမှန်တွင် ဖန်မျိုးနွယ်စုရှိ လူတိုင်း မီတာ (၁၈၀၀၀၀) အမှတ်ကို မမြင်နိုင်ကြပေ။ အစွမ်းထက်ပညာရှင်များသာလျှင် ထိုသို့မြင်ရ၏။ သို့သော် မြင်ရသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားကုန်ကြပြီး အထူးသဖြင့် ဖန်ဝေ၏သွေးဆက်များမှာ နှစ်ထောင်းအားရနေကြလေသည်။
"ပြန်ဝင်စားခြင်းမန္တန်က ဘဝလေးဘဝကို ပြန်ဝင်စားစေနိုင်တယ်။ မင်းသားဝေက ဘဝသုံးဘဝကို သန့်စင်ပြီးတဲ့အထိ အင်မတန်ပါရမီထက်သန်ပေတာပဲ"
"သူ ... သူက အင်မော်တယ်နယ်ပယ်တောင်မဟုတ်သေးဘူး။ အဆင့်တက်တာနဲ့ သေချာပေါက် အနည်းဆုံး အကြော (၉၀) အထွတ်အထိပ်အဆင့် အင်မော်တယ် ဖြစ်လာလိမ့်မယ်"
"အဲဒီလိုရွေးချယ်ခံမျိုးနဲ့ ငါတို့ဖန်မျိုးနွယ်စုဟာ ခေတ်ပေါင်းများစွာကြာအောင် တည်တံ့လိမ့်မယ်"
ဖန်ဝေသည် မီတာ (၁၈၀၀၀၀) အမြင့်တွင် ပျံဝဲနေ၏။ ဤအမှတ်မှနေ၍ ဂြိုဟ်၏ ကွေးနေသောအခုံးကို မြင်ရနိုင်ပြီး ကြယ်တာရာကောင်းကင်ထဲတွင် ပျံဝဲနေသည့်အလား ခံစားရလေသည်။ သူက မည်သည့်သွေးမှမအန်ဘဲ အမူအရာအမျိုးမျိုးနှင့် ရွေးချယ်ခံများ ကြည့်ပြီးနောက် မန်ဟိုကို ကြည့်လိုက်သည်။
သူ မန်ဟိုကို ကြည့်လိုက်သောအခါ မန်ဟို၏မျက်လုံးများမှာ ပိတ်မနေဘဲ သူ့ကို နက်နဲသိမ်မွေ့စွာ ပြန်ကြည့်နေကြောင်း မြင်လိုက်ရ၏။
မန်ဟိုသည် တကယ်တော့ စောစော ဖန်ဝေ ပျံတက်သွားခဲ့တုန်းက မျက်လုံးဖွင့်ခဲ့ခြင်းဖြစ်၏။ အကြည့်ချင်းဆုံသွားသော အခိုက်အတန့်တွင် မန်ဟို၏ စူးရှသောမျက်လုံးများနှင့် သူ့မျက်နှာထက်ရှိ အပြုံးကို ဖန်ဝေ မြင်လိုက်ရသည်။
ထို့နောက် မန်ဟို၏ နှုတ်ခမ်းများက မဆိုစလောက် လှုပ်သွားပြီး အသံထွက်မပြောလိုက်သော်လည်း ဖန်ဝေသည် သူ ပြောနေသည့်အရာကို ချက်ချင်း သိလိုက်၏။
"ငါ့နိဗ္ဗာနသစ်သီးတွေက မင်းအတွက် ကောင်းကောင်း အလုပ်ဖြစ်နေရဲ့လား"
ချက်ချင်းပင် ဖန်ဝေ၏ မျက်လုံံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး မျက်နှာကြီး မည်းမှောင်သွားသည်။