မန်ဟို အပြိုင် ဖန်ဝေ
Vol. 67 Ch. 936
ဖန်ဝေ စောစောက ကောင်းကင်ထက်သို့ ပျံတက်သွားသည့်အချိန်က မန်ဟိုသည် တရားထိုင်ရာမှ နိုးထလာခဲ့သည်။ သဘာဝအလျောက် မဟုတ်ဘဲ အလွန်ရင်းနှီးသောတစ်စုံတစ်ခုက သူ့အား ခေါ်နေသည်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရ၍ပင်။
ထိုရင်းနှီးသောအငွေ့အသက်က ဖန်ဝေထံမှ လာသည်။
၎င်းကား တခြားမည်သည့်အရာနှင့်မှ မတူသော အငွေ့အသက်ဖြစ်ပြီး အထူးသဖြင့် ဖန်ဝေ၏ ဒုတိယနှင့် တတိယဓမ္မဆင်းတုတို့မှ လာခြင်းဖြစ်သည်။ ၎င်းတို့သည် မန်ဟို၏သွေးကို ခေါ်နေကြောင်း သိသာ၏။
အစကတည်းက ဖန်ဝေ၏အရှိန်အဝါနှင့်ပတ်သက်ပြီး တစ်ခုခုက ရင်းနှီးနေသည်ကို သူ ခံစားခဲ့ရလေသည်။ သူ့တွင် ထင်မြင်ချက်များရှိခဲ့သော်လည်း ယခုအချိန်ရောက်မှ ထိုထင်မြင်ချက်များမှာ အထောက်အထားခိုင်လုံသွားလေပြီ။
ဖန်ဝေ၏ ဒုတိယနှင့် တတိယဓမ္မဆင်းတုများမှ မန်ဟိုသည် ... ၎င်းတို့က သူ့အပိုင်ဖြစ်သည်ဆိုသော ခံစားချက်ရလိုက်၏။
၎င်းတို့ကား ... သူ့နိဗ္ဗာနသစ်သီးများ၏ ဖန်ဆင်းမှုအသွင်များ ဖြစ်သည်။
ယခုတွင် အမှန်တရားက အရှေ့တည့်တည့်တွင် ပေါ်လာခဲ့ပြီဖြစ်သည့်တိုင် မန်ဟိုမှာ မထင်မှတ်ဖွယ်ကောင်းစွာနှင့် တည်ငြိမ်နေသည်။ မဟာအကြီးအကဲက သူ့ကို မျိုးနွယ်စုတစ်စုလုံး၏ ရှေ့မှောက်၌ နိဗ္ဗာနသစ်သီးများပေးခဲ့သည့်အတွက် ထိုကိစ္စကို အမှန်အတိုင်း ဖော်ထုတ်လျှင် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
မန်ဟိုက ပြုံးသည်။ ဒေါသအစား တည်ငြိမ်မှုပါရှိနေသော အေးစက်စက် အပြုံးဖြစ်သည်။
သူက ဖြေးဖြေးချင်း ထရပ်၍ နေရောင်ခြည်နှင့် အပူဓာတ်ကို ခုခံရန် မည်သည့်မှော်ပစ္စည်းများကိုမှ မမှီခိုဘဲ ပျံတက်လိုက်သည်။ သူသည် လောလောဆယ် နိဗ္ဗာနသစ်သီးကိစ္စအား ဘေးချိတ်ပြီး တာအိုမန္တန်တစ်ခုအပေါ်တွင် အာရုံစိုက်လိုက်၏။
ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအို။
မီးတောက် စာလုံး မန္တန်။
အလွန်ပြင်းထန်သော အပူဓာတ်က သူ့ကိုယ်ထဲတွင် ဖြစ်တည်လာပြီး ခန္ဓာကိုယ်အနှံ့အပြားသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အပူဓာတ်သည် မန်ဟို့ထံမှ ဖြာထွက်လာရင်း ခရမ်းရောင်နေရောင်ခြည်နှင့် တစ်သားတည်းဖြစ်ကာ ၎င်း၏အပူဓာတ်ကို စုပ်ယူနေသော မီးပင်လယ်တစ်စင်းအသွင်ပြောင်းသွား၏။
သူ၏ဓမ္မဆင်းတုသည် သူ့အနောက်တွင် ပေါ်လာပြီး ၎င်းသည်လည်း မီးပင်လယ်တစ်စင်းဖြင့် ဝန်းရံခံထားရရာ အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းနေတော့သည်။
ထိုအခိုက်အတန့်တွင် သူက ပတ်ပတ်လည်ရှိ အပူဓာတ်အားလုံးကို အရူးအမူး စုပ်ယူနေသဖြင့် သူ၏အပြင်အားကိုယ်မှာ အဆင့်တက်တော့မည့်ပုံပေါ်လာသည်။
သူ့စိတ်ထဲတွင် မီးတောက်စာလုံးမန္တန်သာမဟုတ်၊ ခြောက်သွေ့စာလုံးမန္တန်နှင့် ကိုယ်စာလုံးမန္တန်တို့လည်း ရှိသည်။ ဤတာအိုမန္တန်သုံးခုလုံးကား သူ၏ကိုယ်ထဲတွင် အတူတကွ ပေါင်းစည်းသွားသယောင်ပင်။ ပြင်းထန်သောအပူဓာတ်၏ အောက်ဝယ် မန်ဟို၏ ခန္ဓာကိုယ်မှာ ခြောက်သွေ့လာသည့်တိုင် ထိုခြောက်သွေ့ခြင်းကား ကြီးမားသောအသက်စွမ်းအားဖြစ်ပေသည်။
အမှန်တွင် သူ ခြောက်သွေ့နေစဉ် မီးတောက်စာလုံးမန္တန်မှ လှုံ့ဆော်ခံနေရသည့်ည့် ခရမ်းရောင်နေရောင်ခြည်များနှင့် ပြင်းထန်သောအပူဓာတ်တို့က သူ၏ခန္ဓာကိုယ်ကို ပြန်ကုစားပေးနေသည်။ ခြောက်သွေ့ခြင်းကား စစ်မှန်သော တွင်းနက်ကြီးအသွင်ပြောင်းရင်း သူ့ကိုယ်ထဲ၌ ဟန်ချက်ညီလာ၏။
မန်ဟို၏ မီးတောက်စာလုံးမန္တန်မှာ ခရမ်းရောင်နေရောင်ခြည်များစွာကို စုပ်ယူရင်း မန္တန်တစ်ခုလုံး ပြည့်စုံပြီးမြောက်သွားသည့်တိုင်အောင် လျင်မြန်စွာ ခိုင်မာလာသည်။
"ခြောက်သွေ့မီးတောက်မိစ္ဆာမှော်အစစ်အမှန်ကိုယ်တာအိုမှာ မန္တန်ခုနစ်ခုပါဝင်တယ်" မန်ဟိုက ရေရွတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ ရရှိခဲ့သော ဤတာအိုမှော်ကျင့်စဉ်ကို ပို၍နားလည်သွားလေပြီ။
"ဒါပေမဲ့ ဖန်မျိုးနွယ်စုရဲ့ ပြန်ဝင်စားခြင်းမန္တန်ကို မယှဥ်နိုင်သေးဘူး" မန်ဟိုက သက်ပြင်းချလိုက်သည်။ အတွေးတစ်ချက်ပြန်ဝင်စားခြင်းမန္တန်မှာ ဖန်မျိုးနွယ်စု၏ မဟာတာအိုမှော်ကျင့်စဉ်ကြီးလေးခုအနက်မှ တစ်ခုဖြစ်ပြီး နဝမတောင်ပင်လယ်တစ်ခွင် ထင်ရှားကျော်ကြားလေသည်။
ထိုမဟာတာအိုမှော်ကျင့်စဉ်လေးခုသည် မျိုးနွယ်စု၏ တာအိုများဖြစ်ပြီး မန်ဟိုပင်လျှင် စွမ်းဆောင်ရည်ရမှတ်များဖြင့် မလဲမချင်း မလေ့လာနိုင်ပေ။ လေ့လာ၍ရလျှင်ပင် ခေါင်းဆောင်ကြီးအဆင့်ပညာရှင်တစ်ဦး၏ အကူအညီမပါဘဲ တတ်မြောက်နိုင်မည်မဟုတ်ပေ။
"မီး .... အလင်း..." မန်ဟိုမှာ ရုတ်တရက် အတွေးထဲ နစ်မြောသွားပြီး စိတ်ထဲတွင် ပုံရိပ်များကို မြင်လာသည်။ ထိုမြင်ကွင်းထဲတွင် နေမင်းကြီးတစ်စင်း သို့မဟုတ် မျက်လုံးကြီးတစ်လုံးနှင့် တူသော ဧရာမမီးအလင်းလုံးကြီးကို သူ မြင်လိုက်၏။
၎င်းကား .... တောင်ကောင်းကင်၏မြေပြင်အောက်ရှိ နတ်မီးတောက်အဆီအနှစ်မှတစ်ပါး အခြားမဟုတ်ပေ။
ယင်းသည် မန်ဟို့ တစ်ဘဝလုံးတွင် မြင်ခဲ့ဖူးသမျှ အပြင်းထန်ဆုံးသော မီးအလင်းထုကြီးဖြစ်၏။
သူက မျက်လုံးများ ပိတ်၍ နတ်မီးတောက်အဆီအနှစ်နှင့်ပတ်သက်ခဲ့သော အတွေ့အကြုံများကို ပြန်တွေးလိုက်သည်။ တဖြေးဖြေး ပုံရိပ်များ ရှင်းလင်းလာကာ မြေအောက်ဘုံ၏ တတိယအထပ်သို့ ပြန်ရောက်သွားသည်ကို သတိရလိုက်၏။ ထိုအဆီအနှစ်တချို့ကို သူ ရယုခဲ့တုန်းက မြင်ခဲ့ရသည်မှာ နေတစ်စင်း၏ အလင်းရောင်မဟုတ်ဘဲ ... နတ်မီးတောက်အဆီအနှစ်မှ ဖြစ်ပေါ်လာသော မီးမျက်လုံးကြီးဖြစ်သည်။
မန်ဟို ထိုမြင်ကွင်းအား မြင်ယောင်နေသည့်အခိုက်အတန့်မှာပင် တောင်ကောင်းကင်ဂြိုဟ်၊ ထူးဆန်းသောသားရဲများ စောင့်ရှောက်နေသော ထိုမြေအောက်ဘုံ၏ တတိယအထပ်ရှိ မီးတောက်ကမ္ဘာထဲတွင် နတ်မီးတောက်အဆီအနှစ်မျက်လုံးကြီးသည် ရုတ်တရက် ... ပွင့်လာ၏။
မျက်လုံးကြီး ပွင့်လာသည့်အခိုက်အတန့်တွင် ၎င်းက မန်ဟို့စိတ်ထဲတွင် တည်ရှိသော နတ်မီးတောက်အဆီအနှစ်၏ပုံရိပ်နှင့် တစ်ထပ်တည်းကျသွားပုံရသည်။ တဂျိန်းဂျိန်း မြည်သံများ ကြားလိုက်ရပြီး မန်ဟို၏စွမ်းအားသည် ရုတ်တရက် စတင်မြင့်တက်လာ၏။
တစ်ချိန်တည်းမှာပင် မန်ဟို့ကို ဝန်းရံထားသော မီးပင်လယ်မှာ ရုတ်တရက် မည်းနက်သွားသည်။ မီးတောက်များက ဧရာမစက်လုံးကြီးတစ်လုံးအသွင်ဖြင့် သူ့ကို လှည့်ပတ်လာသည်။
မန်ဟိုက ထိုစက်လုံးကြီး၏အလယ်တည့်တည့်တွင် သူ့ဓမ္မဆင်းတု၏ ပင့်မြှောက်ခြင်းခံထားရသည်။ အဝေးမှကြည့်လျှင် သူကား ... နေတစ်စင်းဖြစ်လာသည့်အလားပင်။
ဤနေသည် ကြီးမားလာပြီး ထိုက်ယန်ကျစ်၏ နတ်ဘုရားစွမ်းရည် ဖန်ဆင်းခဲ့သော နေထက်ပို၍ အသက်ဝင်ပြီး ၎င်း ထုတ်လွှတ်နေသော အပူရှိန်မှာ အကန့်အသတ်မဲ့လေသည်။
အောက်ဘက် ဘိုးဘေးစံအိမ်ထဲတွင် စောင့်ကြည့်နေသော အကြီးအကဲများ၏ မျက်နှာများသည် အံ့ဩမှုတို့ဖြင့် ရိပ်ခနဲ ဖြစ်သွားကြသည်။ တစ်ချိန်လုံး တည်ငြိမ်နေခဲ့သော မဟာအကြီးအကဲပင်လျှင် မျက်လုံးများ ပြူးကျယ်သွားသည်။
"အဲ့ဒါက ... စိတ်အာရုံမြင်ကွင်း။ နေရဲ့ စိတ်အာရုံမြင်ကွင်းပဲ"
"ဖန်ဟို သုံးနေတာ ဘာနတ်ဘုရားစွမ်းရည်ပါလိမ့်။ နေအစစ်ရဲ့ စိတ်အာရုံမြင်ကွင်းကို ဖန်ဆင်းနိုင်တာ ယုံတောင် မယုံနိုင်ဘူး"
"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အရှေ့တက်လှမ်းခြင်းနေ ထွက်လာတဲ့အတောအတွင်းမှာ လူနှစ်ယောက်ပဲ နေရဲ့ စိတ်အာရုံမြင်ကွင်းကို ဖန်တီးခဲ့ဖူးပြီး သူတို့က လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာက ခေါင်းဆောင်ကြီးတွေပဲ။ ဒါပေမယ့် ဖန်ဟိုက ... အဲဒီအတိုင်း လုပ်နေတယ်တဲ့လား"
ဖန်မျိုးနွယ်စုဘိုးဘေးစံအိမ်၏ အောက်ထဲတွင် ကျောက်လိုဏ်ဂူကြီးတစ်ဂူရှိသည်။ ထိုနေရာတွင် ရှေးကျသောအဘိုးကြီးခုနစ်ယောက် တင်ပျဉ်ခွေထိုင်နေ၏။
ဤခုနစ်ယောက်လုံးကား မယုံနိုင်လောက်အောင် ထင်ရှားကျော်ကြားသည် ပုဂ္ဂိုလ်များဖြစ်ကြသည်။ သူတို့ အပြင်လောကတွင် ပေါ်လာလျှင် ကြယ်တာရာကောင်းကင်၌ပင် အုတ်အော်သောင်းနင်း ဖြစ်သွားစေမည်ဖြစ်ပြီး သက်ရှိသတ္တဝါအားလုံးကို ဖိနှိပ်အုပ်ချုပ်နိုင်လေသည်။
သူတို့သည် တင်ပျဉ်ခွေလျက် တရားထိုင်နေကြပြီး သူ့ကိုယ်ထဲတွင် မည်သည့်အသက်ငွေ့မှ မရှိကြသည့်အလားပင်။ သူတို့အဝတ်အစားများ၏ အရောင်များက ကွဲပြားပြီး လောလောဆယ်တွင် ကြက်သွေးရောင်ဝတ်ရုံဝတ်ထားသော အဘိုးကြီးက မျက်လုံးများအား ဖျတ်ခနဲ ဖွင့်လိုက်သည်။
သူသည် ခေါင်းကို ဖြေးညင်းစွာ မော့လိုက်ပြီး သူ့အကြည့်က ကျောက်သားကျောက်စိုင်များကို ထိုးဖောက်ကာ အပြင်လောကသို့ ရောက်ရှိသွား၏။
"အဆီအနှစ်အငွေ့အသက်..."
အပြင်တွင် ကောင်းကင်ထက်ရှိ မီတာ (၉၀၀၀၀) အမြင့်၌ မန်ဟိုသည် မျက်လုံးများ ဖြေးဖြေးချင်း ဖွင့်လိုက်၏။ ကြည့်နေကြသူများအတွက် သူ့အား နေတစ်စင်း၏စိတ်အာရုံမြင်ကွင်းဖြင့် ဝန်းရံခံထားရသကဲ့သို့ဖြစ်သော်လည်း ထိုသို့မဟုတ်ကြောင်း မန်ဟို သိသည်။ ထိုအစား ... သူက နေစွမ်းအားကို ငှားယူပြီး ၎င်း၏ပုံရိပ်ကို ကူးချဖို့ နတ်မီးတောက်အဆီအနှစ်နှင့်ပတ်သက်သော သူ၏မှတ်ဉာဏ်များနှင့် မီးတောက်စာလုံးမန္တန်ကို အသုံးပြုနေခြင်း ဖြစ်သည်။
သူသည် မီတာ (၁၈၀၀၀၀) အမှတ်ရှိ ဖန်ဝေကို မော့ကြည့်လိုက်ပြီး သူ၏အမူအရာမှာ စောစောကထက်ပင်ပို၍ တည်ငြိမ်သွားသည်။ ထို့နောက် သူသည် ညာခြေကို မြှောက်၍ ဆောင့်နင်းကား လေထဲ ပျံတက်လိုက်၏။
၎င်းက လှုပ်ရှားမှုလေးတစ်ခုသာ ဖြစ်သော်လည်း ဂျိန်းခနဲ မြည်ဟည်းသွားစေသည်။ ဟင်းလင်းပြင်သည် လှိုင်းထသွားပြီး ကောင်းကင်ထက်ရှိ နေပင် ပုံပျက်သွားသယောင်ပင်။ တစ်ချိန်တည်းမှာပင် မန်ဟို့ပတ်ပတ်လည်ရှိ နေသည် ပြန့်ကားလာ၏။
ကြားမီတာ (၉၀၀၀၀) မှာ တစ်မီတာထက် အနည်းငယ်ပိုရုံလေးသာ ဖြစ်သည့်အလား မန်ဟို့အရှေ့၌ ဆန့်တန်းနေသောလမ်းသည် ကျုံလာ၏။
ခြေတစ်ချက်ဆောင့်နင်းလိုက်မှုက .... သူ့အား မီတာ (၉၀၀၀၀) ခုန်တက်သွားစေလေပြီ။
သူသည် လီလင်းအာကို ကျော်၍ စွန်းဟိုက်နှင့် ထိုက်ယန်ကျစ်တို့ကို ဖြတ်ကာ ဖန်းတုံးအာ၏ အပေါ်တည့်တည့်တွင် ပေါ်လာသည်။
သူကား ... မီတာ (၁၈၀၀၀၀) အမြင့်သို့ တန်းတန်းမတ်မတ် ရွေ့လျားသွားလေသည်။ သူ ဖန်ဝေ၏ဘေးတွင် ပေါ်လာသောအခါ ဖန်ဝေမှာ မျက်လုံးများ ပြူးကျယ်သွားပြီး သိသိသာသာ တုန်လှုပ်သွားတော့သည်။
မန်ဟိုက ယခုတွင် နေတစ်စင်းပုံသဏ္ဌာန်ဖြင့် အကန့်အသတ်မဲ့သော ခရမ်းရောင်ရောင်ခြည်များကို ထုတ်လွှတ်နေသည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေပြီး လူတိုင်းကို အံ့အားသင့်သွားစေသော မြင်ကွင်းတစ်ခုဖြစ်၏။ အောက်မှ ကြည့်နေကြသူများမှာ နေကြီး အောက်ကျလာခဲ့သည့်အလားပင် အထင်မှားကုန်ကြသည်။
"မင်း" ဖန်ဝေက ပြောသည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ပျာယာခတ်သွားခြင်းဖြစ်သည်။ သူ၏မျက်နှာမှာ ရိပ်ခနဲ ဖြစ်သွားပြီး မန်ဟို့ကြောင့် အလွန်တုန်လှုပ်သွား၍ နောက်ဆုတ်မိလိုက်လေသည်။
ဖန်းတုံးအာမှာ မန်ဟိုကို မော့ကြည့်ရင်း ရင်အစုံနိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ ဤအခိုက်အတန့်တွင် မန်ဟိုသည် သူမအတွက်ပင် တုန်လှုပ်ဖွယ်ကောင်းသည်ဟု သူမ ဝန်ခံရပေမည်။ သူက နေတစ်စင်း၏ စိတ်အာရုံမြင်ကွင်းကို ဖန်ဆင်းခဲ့ပြီး တစ်ချက်တည်း မီတာ (၉၀၀၀၀) ဖြတ်သွားခဲ့၏။ ၎င်းကား ကြောက်ခမန်းလိလိပင်။
မြင့်မြတ်သောရေစီးဓားဂူ၏ ကျိုးရှင်းက သူ့နှလုံးသားထဲရှိ ရှုံးနိမ့်သွားသော ခံစားချက်ကို မယုံနိုင်သည့်အလား အကြည့်စူးစူးတို့ဖြင့် ကြည့်နေသည်။
လီလင်းအာမှာ ပါးစပ်အဟောင်းသားနှင့် အံ့ဩနေရင်း အသက်ပြင်းပြင်းရှူလိုက်မိသည်။ မန်ဟိုက ဖန်မုဖြစ်ကြောင်း သိထားပြီး သူ၏ပင်ကိုယ်စွမ်းရည်အရ သူသည် နဝမတောင်ပင်လယ်၌ နံပါတ်တစ်ဖြစ်သည်ကိုလည်း သူမ သိသည်။ သို့ထိတိုင် သူမမှာ သူ့ကြောင့် ထပ်မံ၍ အံ့အားသင့်ရပြန်ချေပြီ။
တဖြေးဖြေး သူမစိတ်ထဲ၌ မန်ဟို၏တည်ရှိမှုသည် ကျော်သွားရန် မဖြစ်နိုင်သော တောင်ကြီးတစ်လုံးနှင့် တူလာသည်။
စုန့်လော့တန်မှာ တုန်ရီသွားပြီး ခါးသီးစွာ ခေါင်းငုံ့လိုက်၏။ ထိုက်ယန်ကျစ်က အကြာကြီး ကြောင်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။
"သူနဲ့ တစ်ခေတ်တည်းမှာ နေထိုင်ပြီး သူ့ရဲ့လုပ်ဆောင်မှုကို မျက်မြင်တွေ့ရတာ ကောင်းချီးတစ်ခုပဲ။ ဒါပေမဲ့ သူရဲ့အရောင်အဝါက ကျန်တဲ့သူတိုင်းကို အရိပ်ထ ရောက်သွားစေတဲ့အတွက် ... ကျိန်စာဆိုလည်း ဟုတ်တယ်"
ဝမ်မုသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရင်ထဲတွင် တိုက်ခိုက်ချင်နေ၏။ သူကား ဝမ်မျိုးရိုးဖြစ်ပြီး ဝမ်မျိုးရိုးတွင် ... အထူးအဓိပ္ပာယ်ရှိသည်ဟု သူ့ကိုယ်သူ ပြောနေသည့်အလား သူ၏မျက်လုံးများတွင် လက်မခံလိုမှုတို့ ပြည့်နှက်နေသည်။
ဝမ်မျိုးနွယ်စု၏ ရွေးချယ်ခံတစ်ဦးဖြစ်ခြင်းက မည်သူ့ကိုမှ မရှုံးနိမ့်နိုင်ဟု ဆိုလိုလေသည်။
စွန်းဟိုက်မှာ တုန်လှုပ်နေပြီး ခါးသက်သက် ရယ်လိုက်သည်။ သူ့တွင် မန်ဟိုနှင့်ပြိုင်လိုစိတ်မရှိသော်လည်း သက်ပြင်းချလိုက်မိသေး၏။
မန်ဟိုက မီတာ (၁၈၀၀၀၀) အမှတ်တွင် ပျံဝဲနေသည်။ ဤနေရာတွင် ကောင်းကင်သည် မည်းနက်နေသော ခရမ်းပုပ်ရောင်ဖြစ်၏။ အလွန်မည်းနက်နေသဖြင့် အနီးကပ်ကြည့်မှသာ ခရမ်းရောင်ကို မြင်ရနိုင်သည်။ ထို့အပြင် နေရောင်ခြည်သည် ခန္ဓာကိုယ်ကို အရည်ပျော်ကျစေနိုင်သည့်တိုင်အောင် မီတာ (၉၀၀၀၀) ထက် အဆများစွာပို၍ ခြစ်ခြစ်တောက် ပူနေ၏။
မှော်ပစ္စည်းများပင်လျှင် ချက်ချင်း အရည်ပျော်၍ အငွေ့ပျံသွားလိမ့်မည်။
သို့သော် မန်ဟို၏အမူအရာမှာ တည်ငြိမ်အေးဆေးနေသည်။ သူက တွင်းနက်ကြီးပမာ နေရောင်ခြည်နှင့် အပူဓာတ်ကို အငမ်းမရ စုပ်ယူလျက်ရှိ၏။ သူ့ကို ဝန်းရံထားသော နေမှာ ကောင်းကင်ထက်ရှိ နေမင်းကြီးသဖွယ် ခံ့ညားထည်ဝါနေသည်။
မန်ဟိုက မျက်နှာထားတင်းမာနေသော ဖန်ဝေကို ကြည့်သည်။
"ဖန်ဝေ" သူက အေးအေးလူလူ ပြောသည်။ "ငါနဲ့ နည်းနည်းပါးပါးပြိုင်ချင်လား။ ဘယ်သူ အမြင့်ဆုံးရောက်မလဲ ကြည့်ကြတာပေါ့"
ဖန်ဝေက မျက်လုံးပြူး၍ မန်ဟို့ကို စိုက်ကြည့်သည်။
"ငါတို့ ထွေထွေထူးထူး လောင်းကြေးထပ်နေစရာမလိုပါဘူး" မန်ဟိုက ပြုံးရင်းဆိုသည်။ "ဒါပေမဲ့ အနိုင်ရတဲ့သူက ရှုံးတဲ့သူက ထိုးခွင့်ရှိမယ်။ တစ်ချက်ပါပဲ.... မင်းကို ထိုးကြည့်ချင်လို"
ဖန်ဝေက ဘာမှပြန်မပြောဘဲ နှာတစ်ချက်မှုတ်ကာ အပြုအမူဖြင့် တုံ့ပြန်လိုက်သည်။ သူ့အနောက်ရှိ ဓမ္မဆင်းတုသုံးခုသည် ရုတ်တရက် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သူကိုယ်တိုင်ကား တဟုန်ထိုး တက်သွားလေသည်။
မန်ဟို၏အမူအရာမှာ ပုံမှန်အတိုင်းသာ ဖြစ်သည်။ ဖန်ဝေ ပျံတက်သွားသည်နှင့် သူက နောက်မှ လိုက်သွားပြီး နှစ်ယောက်လုံး ထိုးတက်သွားသော အလင်းတန်းများအသွင် ပြောင်းသွားကြလေသည်။
မျက်စိတစ်မှိတ်အတွင်း သူတို့သည် မီတာ (၂၁၀၀၀၀) သို့ ရောက်သွားကြ၏။
မန်ဟို့တစ်ကိုယ်လုံးမှာ မီးဝောာက်နေသည်။ ဤနေရာရှိ နေရောင်ခြည်နှင့် အပူဓာတ်မှာ မီတာ (၁၈၀၀၀၀) ထက် ဆယ်ဆပြင်းထန်သည့်တိုင် သူ့ကို ဝန်းရံထားသော နေက ရှိနေသေးလေသည်။ ဖန်ဝေမှာတော့ တုန်ရီနေပြီး သူ့နောက်ရှိ ဓမ္မဆင်းတုသုံးခုမှာ ပျက်စီးလာ၏။ သူက အံတင်းတင်းကြိတ်ရင်း သိုလှောင်အိတ်ကို ပုတ်၍ ဆေးတစ်လုံးထုတ်ကာ ချက်ချင်း မြိုချလိုက်သည်။
၎င်းသည် မိုးနန်းတော်နေဝိညာဉ်ဆေးလုံးတစ်လုံးဖြစ်ပြီး သူက မြိုချလိုက်လျှင်ချင်း ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီးနောက် ပို၍မြင့်မားသော အမြင့်သို့ တက်သွားဝောာ့သည်။
မီတာ (၂၂၅၀၀၀) ၊ မီတာ (၂၄၀၀၀၀) ။
ယခုတွင် ကောင်းကင်ကား မည်းနက်သွားလေပြီ။ ဖန်ဝေ၏ခန္ဓာကိုယ်တွင် မီးတောက်များ ကခုန်နေပြီး အက်ကြောင်းများက သူ၏အရေပြားတစ်လျှောက် ပြေးလွှားနေသည်။ မိုးနန်းတော်နေဝိညာဉ်ဆေးလုံးဖြင့်ပင်လျှင် သူ့မှာ ဤအမြင့်တွင် ကြာကြာနေနိုင်စွမ်းမရှိပေ။
မန်ဟို၏နေမှာလည်း စတင်ပြိုကွဲလာပြီး သူ့တစ်ကိုယ်လုံး ခြောက်ကပ်လာသည်။ သူ၏အသွေးနှင့်အသားမှာ အငွေ့ပျံပြီး ကွဲထွက်လာနေ၏။ မီတာ (၂၄၀၀၀၀) ရှိ ပြင်းအားသည် စောစောကထက် ဆယ်ဆပြင်းထန်ပြီး အပူနှင့်အလင်းမှာ ကြောက်ခမန်းလိလိအဆင့်သို့ ရောက်ရှိနေချေပြီ။ သို့သော် သူ၏ခန္ဓာကိုယ် ခြောက်ကပ်နေသည့်အချိန်မှာပင် သူက ဖန်ဟိုက အေးစက်စက် လှမ်းကြည့်သည်။
"ဘာလဲ မလိုက်နိုင်တော့ဘူးလား" သူက မေးသည်။
ဖန်ဝေအတွက် ဤမယုံကြည်နိုင်ဖွယ် အပူဓာတ်နှင့် နေရောင်ခြည်မှာ ကြောက်စရာကောင်း၏။ မန်ဟို့အတွက်လည်း ထိုနည်းတူပင်။ သို့သော် မန်ဟိုက ထူးခြားသည်။ သူသည် အခြားများအပေါ် ရက်စက်သော်လည်း ... သူ့အပေါ်သူ ပို၍ပင်ရက်စက်သေး၏။
မန်ဟို့တွင်လည်း မိုးနန်းတော်နေဝိညာဉ်ဆေးလုံးရှိသည့်တိုင် မစားပေ။ သူသည် ဖန်ဝေ၏ မောက်မာမှုကိုသုံး၍ ဖန်ဝေအား ပေါ်ပေါ်ထင်ထင် နှိမ့်ချချင်ပြီး မည်သည့်လှည့်ကွက်မှမပါဘဲ ဖန်ဝေ ပျက်စီးပြီး လဲပြိုသွားသည့်တိုင်အောင် နှိပ်စက်ချင်၏။
ဆေးလုံးလေးတစ်လုံးပင် မစားဘဲ အနိုင်ယူခြင်းဖြင့် ဖန်ဝေ၏တာအိုနှလုံးသားကိုလည်း ထိခိုက်စေချင်သည်။ ၎င်းက ဖန်ဝေအတွက် ကြီးမားသောထိုးနှက်ချက်ကြီးဖြစ်လိမ့်မည်။
ဖန်ဝေ၏ ဉာဏ်ရည်အဆင့်အတန်းကို ထည့်တွက်လျှင် မန်ဟို၏ရည်ရွယ်ချက်ကို နားမလည်ဘဲ ရှိမည်လော။ ဤသည်မှာ ... ဖန်မျိုးနွယ်စု၏ နံပါတ်တစ်ရွေးချယ်ခံနေရာအတွက် တိုက်ပွဲပင်။
ဤအခိုက်အတန့်တွင် ဖန်မျိုးနွယ်စု၏ ပညာရှင်အားလုံး၊ အကြီးအကဲအားလုံးအပြင် မဟာအကြီးအကဲပင်လျှင် လေးလေးနက်နက် အာရုံစူးစိုက်နေကြ၏။
***