လက်သီးတစ်ချက်
Vol. 67 Ch. 937
ဖန်ဝေသည် နီရဲနေသော မျက်လုံးများဖြင့် မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်လေ၏။ သူ့ရင်ထဲရှိ နှလုံးသားမှာ နင်းခြေခံလိုက်ရလေပြီ။ သူသည် မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို စားခဲ့သည့်တိုင် .. မန်ဟို့အား တုန်လှုပ်သွားအောင် မလုပ်နိုင်သေးပေ။
သူ့အတွက် ပို၍ပင် လက်ခံဖို့ မဖြစ်နိုင်သည်မှာ မန်ဟိုက အစမှ ယခုထက်ထိတိုင်အောင် မည်သည့်အပြင်အကူအညီကိုမှ မသုံးရသေးခြင်းဖြစ်သည်။ သူသည် သူ၏အပြင်အားကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံကိုသာ အားကိုးရင်း ဤမျှမယုံကြည်နိုင်ဖွယ့်အမြင့်အထိ တက်လာနိုင်ခဲ့သေး၏။
ထိုအချက်က ဖန်ဝေအတွက် ကြီးမားသော ထိုးနှက်ချက်ကြီးပင်။
"ငါက ဖန်မျိုးနွယ်စုမှာ နံပါတ်တစ် ရွေးချယ်ခံ" သူက အံတင်းတင်းကြိတ်ရင်း တွေးသည်။ "မွေးလာတဲ့အခိုက်အတန့်ကတည်းက ငါဟာ ... နဝမတောင်ပင်လယ်ကို ကိုင်လှုပ်ဖို့ ကံပါပြီးသား" သူက ညာလက်ကို မြှောက်လိုက်ရာ အတွင်းထဲ၌ အရိုးစတစ်စပေါ်လာသည်။
၎င်းသည် ရှုပ်ထွေးဆန်းပြားစွာ ထွင်းထားသော မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းနေပြီး အရိုင်းဆန်သောအငွေ့အသက်နှင့်အတူ အလွန်ရှေးကျသော ခံစားချက်ကို ထုတ်လွှတ်နေ၏။ ဖန်ဝေက အရိုးစကို ဆုပ်လိုက်ရာ ၎င်းသည် ကြေမွမသွားဘဲ သူ့လက်ဝါးအသားထဲ နစ်ဝင်သွားသည်။
သွေးစက်များသည် ထူးဆန်းသောစွမ်းအားတစ်ရပ်နှင့်အတူ စီးကျလာ၏။ အရိုးစများ အသားထဲ နစ်ဝင်၍ ပေါင်းစည်းသွားသောအခါ ဖန်ဝေမှာ တုန်ရီလာပြီး အပြာရောင်သွေးကြောများ သူ၏မျက်နှာပေါ်တွင် ဖောင်းကြွလာသည်။
"ငါ ဖန်ဝေ ... ဘယ်တော့မရှုံးဘူး" သူ ဤစကားလုံးများကို ပြောလိုက်စဉ် ထစ်ချုန်းသံကြီး ပဲ့တင်ထပ်သွားပြီး သူသည် ကောင်းကင်ထက်သို့ ထိုးတက်သွားလေ၏။
မန်ဟို၏မျက်လုံးများ လင်းခနဲ လက်သွားသည်။ သူ့အနေဖြင့် ထာဝရအလွှာအား သူ့ကို ကုစားစေနိုင်သော်လည်း ယခုထိ ကုစားခွင့်မပေးပေ။ သူသည် ဖန်ဝေ၏ မိမိကိုယ်ကို ယုံကြည်နေမှုအား ရစရာမရှိအောင် နင်းခြေပြီး အရိုးကြိုးပြတ်ပြိုလဲသွားစေချင်သည်။
မန်ဟိုလည်း ပြင်းထန်သောနေရောင်ခြည်နှင့် အပူရှိန်ကို သည်းခံရင်း ထိုးတက်သွားသည်။
သူတို့နှစ်ယောက်သည် အလင်းတန်းများသဖွယ် သွားနေကြ၏။ တခြားအဖွဲ့အစည်းများမှ ရွေးချယ်ခံများဖြစ်စေ ၊ ဖန်မျိုးနွယ်ပညာရှင်များဖြစ်စေ၊ သူတို့ကို မြင်နိုင်သော မည်သူမဆိုသည် မန်ဟိုနှင့် ဖန်ဝေတို့နှစ်ယောက် ခိုင်မာပြတ်သားသော စိတ်ဆန္ဒ၊ တလိပ်လိပ် ထနေသော စွမ်းအင်များဖြင့် ကောင်းကင်ထက်သို့ ထိုးတက်သွားနေသည်ကို ကြည့်နေကြ၏။
မီတာ (၂၄၉၀၀၀)
ဤမယုံကြည်နိုင်ဖွယ်ရာအမြင့်တွင် ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ ဖန်ဝေ၏ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ အရိုးစမှ စွမ်းအားဖြင့်ပင်လျှင် သူ့မှာ မီတာ (၉၀၀၀) ထပ်တက်သွားနိုင်အောင် မနည်းကြိုးစားလိုက်ရသည်။ ဤနေရာကား သူ၏နောက်ဆုံးအတိုင်းအတာပင်။
မိုးနန်းတော်နေဝိညာဉ်ဆေးလုံးမှာလည်း သူ့တွင် တစ်လုံးတည်းသာ ရှိသည်။ ထိုကဲ့သို့ဆေးလုံးများသည် ဖန်ဝေအတွက်ပင်လျှင် ရှားပါး၏။ သူ့အဖေနှင့် အဘိုးမှာ ဆေးဝါးတာအိုဌာနမှ မိုးနန်းတော်နေဝိညာဉ်ဆေးလုံးလေးတစ်လုံးရဖို့ နင့်နင့်နဲနဲ ပေးဆပ်ခဲ့ရလေသည်။
ဆေးဝါးတာအိုဌာနမှာ မျိုးနွယ်စုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဌာနဖြစ်ပြီး မဟာအကြီးအကဲပင်လျှင် စစ်မက်မဖြစ်ပွားသရွေ့ အမိန့်ပေးခွင့်မရှိသည် မဟုတ်ပါလော။
ဖန်ဝေ ဆက်၍ တောင်မခံနိုင်တော့သည့်အခိုက်အတန့်မှာပင် မန်ဟို့ပတ်ပတ်လည်ရှိ အနက်ရောင်နေသည် တစ်လွှာပြီးတစ်လွှာ ကြေမွလာပြီး ပြင်းထန်သောအပူရှိန်ကြောင့် လျင်မြန်စွာ အငွေ့ပျံသွားသော အပိုင်းအစများအဖြစ် ပြိုကွဲသွား၏။
မန်ဟိုမှာ ယခုတွင် အကာအကွယ်မဲ့သွားပြီဖြစ်၍ သူ၏အရေပြားတို့ စတင်ခြောက်ကပ်လာသည်။ မကြာမီ သူသည် အချိန်မရွေး အရည်ပျော်ကျသွားတော့မည့် အလောင်းခြောက်ကြီးနှင့် တူလာသည်။
သို့ထိတိုင် ဖန်ဝေကို ကြည့်လိုက်စဉ် သူ၏မျက်လုံးများက တဖျပ်ဖျပ် လက်နေသည်။
"အရှုံးကို ဝန်ခံပြီလား" သူက အသံဩဩကြီးဖြင့် မေးသည်။
ဖန်ဝေမှာ မန်ဟို၏ ကြီးမားသောခွန်အားကို ကြည့်ရင်း စိတ်နှလုံးတုန်လှုပ်သွားသည်။ မန်ဟို၏ ခြောက်ကပ်နေသော ခန္ဓာကိုယ်ကို မြင်တွေ့လိုက်သည့်အခါ ဖန်ဝေသည် သူ မီတာအနည်းငယ်မျှ ဆက်သွားနိုင်လျှင် မန်ဟို မလိုက်နိုင်တော့ဘဲ နေစွမ်းအားကြောင့် သေဆုံးသွားလိမ့်မည်ဟု ထင်သွား၏။
သူ ထိုနေရာတွင် တိတ်ဆိတ်စွာ ပျံဝဲနေစဉ် ရူးမိုက်မှုက သူ၏မျက်လုံးများတွင် ရုတ်တရက် ပေါ်လာသည်။ သူက ဘာမှမပြောဘဲ ခေါင်းနောက်လှန်၍ အားကုန်အော်ဟစ်လိုက်သည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ဓမ္မဆင်းတုသုံးခု ရုတ်တရက် ပေါ်လာလေသည်။
"သုံးဘဝပြန်ဝင်စားခြင်း။ တစ်သက်တာ၏ ကျက်သရေ" သူက ဓမ္မဆင်းတုသုံးခုကို ထပ်သွားစေသော မုဒြာလက်ကွက်တစ်ကွက်အား ဖော်ရင်း ဟိန်းဟောက်လိုက်သည်။ ထို့နောက် ဖန်ဝေ၏ အရှိန်အဝါသည် အကန့်အသတ်မဲ့သောအဆင့် ရောက်သည့်တိုင်အောင် အားကောင်းသထက် အားကောင်းလာရင်း မြင့်တက်သွား၏။
"ငါက ဖန်ဝေ ။ ဘယ်တော့မှ .... မရှုံးနိမ့်ဘူး" သူက အံတင်းတင်းကြိတ်ပြီး ဝုန်းခနဲ ထပ်တက်သွားပြန်သည်။ အမြင့်ရောက်လေလေ၊ သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်လာလေလေ ဖြစ်ပြီး အသက်စွမ်းအားမီးတောက်မှ မှေးမှိန်စပြုလာသည်။ သို့ထိတိုင် သူသည် ကြက်တံခွန်ကြီးသဖွယ် ဆက်သွားနေသေးသည်။
မီတာ ၂၅၂၀၀၀ ၊ မီတာ ၂၅၈၀၀၀ ၊ မီတာ ၂၆၇၀၀၀။
ဖန်ဝေ ပို၍မြင့်မြင့်သို့ရောက်အောင် တွန်းပို့နေစဉ် သူ၏သွေးများသည် အငွေ့ပျံနေ၏။ မန်ဟိုက တိတ်ဆိတ်စွာ လိုက်လာပြီး သူ၏ခန္ဓာကိုယ်မှာ ပို၍ပင် ခြောက်ကပ်လာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် အပြည့်အဝလှည့်ပတ်နေပြီး သူ၏ဓမ္မဆင်းတုက သူ့ကို နောက်မှ ထောက်ပံ့ပေးထားသည်။ သူ၏စွမ်းအင်အား အထွတ်အထိပ်အဆင့်တွင် အလုပ်လုပ်နေလေသည်။
အထူးသဖြင့် သတိပြုဖွယ်ရာမှာ သူ၏အင်မော်တယ်အကြောသည် တစ်ကိုယ်လုံးတွင် လင်းထိန်နေစေသော အလင်းရောင်ဖြင့် တောက်ပနေ၏။ သွေးမိစ္ဆာခေါင်းကြီးတစ်ခေါင်းသည် သူ၏ပတ်ပတ်လည်တွင် ဖြစ်တည်လာပြီး နဝမတောင်သည် ပုလဲနက်ပုလဲဖြူများနှင့်အတူ ပေါ်လာ၏။
သူက ကံကြွေးအမိန့်စာချွန်နှင့်အတူ ကျန်နတ်ဘုရားစွမ်းရည်များနှင့် မှော်ပစ္စည်းမျိုးစုံကိုလည်း သုံးလိုက်သည်။ သူသည် ဖန်ဝေကို မှီရန် ရှိသမျှစွမ်းရည်အလုံးစုံအား အသုံးပြုရင်း သူ၏အရှိန်အဝါကို အဆုံးစွန်အထိ တွန်းပို့လိုက်၏။ မကြာမီ သူလည်း မီတာ (၂၆၇၀၀၀) သို့ ရောက်ရှိသွားလေပြီ။
ထိုအခိုက်အတန့်တွင် မန်ဟိုက သွေးတစ်ပွက်အန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ ယခုတွင် နောက်ဆုံးအတိုင်းအတာသို့ ရောက်လုနီးသည်အထိ ခြောက်ကပ်သွားပြီး ဖန်ဝေ ခြေတစ်လှမ်းလေး လှမ်းလိုက်ရုံနှင့်။ မန်ဟိုမှာ နောက်ကျန်ခဲ့ပြီး လိုက်မှီနိုင်တော့မည်မဟုတ်သည့်ပုံရသည်။
ဖန်ဝေက မန်ဟိုကို ကြည့်ပြီး သူ၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်တို့ဖြင့် စူးရှနေသည်။ အစမှ ယခုအထိ မန်ဟိုမှာ အမြဲ သေအံ့ဆဲဆဲ ဖြစ်ပုံပေါ်ခဲ့သည်။ သို့သော် သူက နေကြောင့် အရည်မပျော်သေးဘဲ ဆက်တက်လာသေးလေသည်။
ဖန်ဟိုမှာ အစွမ်းကုန် ထုတ်ခဲ့ပြီး မီတာ (၂၇၀၀၀၀) အမှတ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း မန်ဟို့ကို ကျော်နိုင်မည့်ပုံမပေါ်ပေ။
မန်ဟိုနှင့် ဖန်ဝေနှစ်ယောက်လုံး မီတာ (၂၆၇၀၀၀) တွင် ပျံဝဲနေပြီး တစ်ယောက်မှ ဦးဆောင်နေပုံမရပေ။
"ဖန်ဟို ... " ဖန်ဝေက ပြောသည်။ သူသည် မန်ဟို့ကို ရူးမိုက်စွာ ကြည့်ရင်း အသက်ပြင်းပြင်းရှူ၍ ညာခြေကို ဖြေးညင်းစွာ မြှောက်၏။ ၎င်းက ရိုးရှင်းသော လှုပ်ရှားမှုလေး ဖြစ်ပေါ်သော်လည်း သူ၏ခန္ဓာကိုယ်ကို ပြိုကွဲသွားတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ရီသွားစေသည်။
ထိုအခိုက်အတန့်တွင် အောက်ဘက် ဘိုးဘေးစံအိမ်ထဲတွင် ဖန်ဝေ၏ အဖေသည် မျက်နှာပျက်သွားပြီး ရုတ်တရက် လှမ်းအော်လိုက်၏။
"ဝေအာ အဲဒီနေရာမှာပဲ နေပြီး တရားထိုင်ချည်။ ထပ်မတက်ခင် ပတ်ဝန်းကျင်နဲ့ အသားကျအောင် အရင်လုပ်" ဖန်ဝေ၏အဖေသာ ထိုကဲ့သို့ ပြောလိုက်ခြင်းမဟုတ်။ သူ၏သွေးဆက်အကြီးအကဲအားလုံး ဖန်ဝေကို ဆက်မတက်ဖို့ လှမ်းတားကြသည်။
"ဖန်ဝေ၊ သူရဲ့ထောင်ချောက်ထဲ မဝင်နဲ့။ အလျင်စလို မလုပ်စမ်းနဲ့"
"ဖန်ဝေ၊ မင်း အနားယူပြီး ဝင်လေထွက်လေကို ထိန်းညှိဖို့ လိုတယ်။ မင်းရဲ့ ပန်းတိုင်က တခြားသူတွေနဲ့ ဘာမှမဆိုင်ဘူး။ မင်းပန်းတိုင်က ကောင်းကင်ကြီးတစ်ခုတည်းပဲ"
ဖန်ဝေက ဘာမှမပြောသလို၊ ဖန်ဝေကို အေးစက်စက် ကြည့်ရင်း ဘေးတွင် ပျံဝဲနေသော မန်ဟိုလည်း ထိုနည်းတူပင်။
အချိန်များ ကုန်လွန်သွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာသော် ဖန်ဝေ၏ မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်သွားပြီး သူက မန်ဟို့ကို စိုက်ကြည့်သည်။
"စောစောက မင်းလုပ်ရပ်တွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို ငါ သိတယ်" သူက ပြောသည်။ "မင်း ဘာလုပ်ဖို့ ကြိုးစားနေတာကိုလည်း ငါ သိတယ်။ မင်းဟာ ငါ့တာအိုနှလုံးသားကို ထိုးနှက်ဖို့ မျှော်လင့်ရင်း မင်းနဲ့ပြိုင်ချင်အောင် လုပ်နေတာ။ အဲဒီလိုအရာမျိုးတွေကို ... ငါ နားလည်တယ်" သူ၏မျက်လုံးများသည် အစွဲအလမ်းကြီးမှုတို့ဖြင့် တောက်ပနေ၏။
"ဒါပေမဲ့" သူက ဆက်ပြောသည်။ "ငါက ဖန်ဝေ။ ဘယ်သူ့ကို အရှုံးပေးမှာ မဟုတ်ဘူး။ မင်း တိုက်ခိုက်တယ်မလား။ အေး တိုက်ခိုက်တာကြတာပေါ့။ မင်း ငါ့ကို ပြိုင်စေချင်တယ်မလား။ ပြိုင်ကြမယ်။ ငါ နောက်တစ်လှမ်းလှမ်းမယ်။ မင်းကို မင်းတော်တယ်ထင်ရင် အမှီလိုက်နိုင်မလား ကြည့်ရတာပေါ့" ဖန်ဝေသည် မျက်လုံးများ နီရဲနေလျက် ညာကို ပြန်ချပြီး ထပ်မြင့်မြင့်သို့ မြှောက်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူ့အဘိုးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ဖန်ဝေ၊ ဒီကို ပြန်လာခဲ့စမ်း"
ဂျိန်းခနဲ ထစ်ချုန်းသွားသည်။ ဖန်ဝေ အပေါ်တက်ပြီးသောအခါ သွေးများက သူ့ခန္ဓာကိုယ်အနှံ့အပြားမှ ပန်းထွက်လာပြီး သူ့ဆံပင်များမှာ လောင်ကျွမ်းသွားလေပြီ။ သူ၏အရေပြားလည်း အက်ကွဲလာပြီး သူ့မှာ မီးပင်လယ်ကြီး၏ ဝါးမြိုခြင်းခံရတော့မည့်အလားပင်။
သူ့မှာ သူ့ကိုယ်သူ မထိန်းနိုင်တော့သည့်အလား ယိမ်းယိုင်လာသည်။ သို့သော် ဤသို့ဖြစ်ပျက်နေသော တစ်ချိန်တည်းမှာပင် မန်ဟိုလည်း တက်လာသည်။ တူညီသောထစ်ချုန်းသံကြီး ပဲ့တင်ထပ်လာပြီး သူလည်း မီးပင်လယ်တစ်စင်း၏ ဝါးမြိုခြင်းခံလိုက်ရသည်။ သူလည်း တုန်ရီလာသည့်တိုင် .. မြဲမြံစွာ ရပ်နေနိုင်သေး၏။ ထို့နောက် သူက ဖန်ဝေကို ပြန်ကြည့်လိုက်သည်။
ဖန်ဝေ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ နောက်ပြန်ကျသွားသည်။
မန်ဟို၏အမူအရာမှာ ရှုပ်ထွေးနေသောပုံစံ ဖြစ်သည်။ ဖန်ဝေကား အမှန်တကယ် ချီးကျူးထိုက်သည်ဟု သူ ခံစားရသည်။ သူသည် ကျင့်ကြံသူများအတွက် အလွန်အဖိုးတန်သော ခေါင်းမာမှုကို ပိုင်ဆိုင်ထား၏။ သို့သော် ထိုအရာအားလုံးမှာ အမြင်သက်သက်သာ ဖြစ်ပြီး ယခုလက်ရှိဖြစ်ပျက်နေသော အကြောင်းအရာများကြောင့် မန်ဟိုသည် သူ့အား ဘယ်တော့မှ မသနားနိုင်ပေ။
"မင်းက တော်သင့်သလောက် မတော်သေးဘူး" သူက တည်ငြိမ်စွာ ပြောသည်။ "ငါ့နိဗ္ဗာနသစ်သီးနှစ်လုံးကို ယူထားတာတောင်မှ လိုက်မမှီနိုင်သေးပါလား" ထိုစကားလုံးများက ဖန်ဝေ၏အရှိုက်တည့်တည့်ကို ထိမှန်သွားသည်။ သူ၏မျက်နှာမှာ ဖြူဆုပ်သွားပြီး သူက သွေးထပ်အန်လိုက်ရလေသည်။
"မင်းကရော ငါ့ထက် တစ်လှမ်းလေးပဲ သာတာလေ" မီးတောက် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် တဟုန်းဟုန်း တောက်နေစဉ် သူက အံကြိတ်ရင်း ပြောလိုက်သည်။ သူ့မှာ ခြေတစ်လှမ်းမျှသာ ပြန်ကျသွားခဲ့သော်လည်း သူ၏ခန္ဓာကိုယ်ပြိုကွဲမသွားအောင် ကြိုးစားရင်း မန်ဟို့ကို ပြန်ကြည့်လိုက်သည်။
"တစ်လှမ်းတဲ့လား" မန်ဟိုက အေးအေးလူလူ ပြောသည်။ ဤအခိုက်အတန့်တွင် သူသည် ထာဝရအလွှာကို ထုတ်လွှတ်လိုက်၏။ ၎င်းက ပေါက်ကွဲသွားပြီး မျက်စိတစ်မှိတ်အတွင်း မန်ဟို၏ခြောက်ကပ်နေသောခန္ဓာကိုယ်သည် ပြန်လည်ကုစားလာ၏။ သူ၏ဆံပင်များ ပြန်ရှည်လာပြီး သူ၏အရေပြားတို့ စိုပြေလာသည်။ သူ၏ဒဏ်ရာအားလုံးကား အကောင်းအတိုင်း ပြန်ဖြစ်သွားလေပြီ။
ဤအဖြစ်အပျက်က ဖန်ဝေအား ထပ်မံ မျက်နှာပျက်သွားစေသည်။ သူ့မှာ ချာချာလည်သွားပြီး မျက်နှာဖြူဖပ်ဖြူလျော်နှင့် နောက်ပြန်ကျသွားပြန်သည်။
"မဖြစ်နိုင်ဘူး ... ဒါ ... ဒါ ..."
"ဘာလို့မဖြစ်နိုင်ဘူးလို့ ထင်တာလဲ" မန်ဟိုက အေးစက်စက် ပြောသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် အပေါ်ထပ်တက်သွားမည့်အစား ဖန်ဝေ၏အရှေ့တည့်တည့်တွင် ရိပ်ခနဲ ပေါ်လာ၏။
"မင်း ရှုံးသွားပြီ" သူက ပြော၍ ဖန်ဝေအား ထိုးချလိုက်လေသည်။
မန်ဟို၏လက်သီး ကျဆင်းလာစဉ် ဖန်ဝေ၏ ဓမ္မဆင်းတုသုံးခုက ပြန်ပေါ်လာပြီး ပြန်ဝင်စားခြင်းအရှိန်အဝါ ပေါ်ထွက်လာသည်။ သူသည် မန်ဟို့ကို ခုခံရန် အစွမ်းကုန် ကြိုးစားလိုက်သော်လည်း ထိုအခိုက်အတန့်တွင် မန်ဟိုက စကားသုံးလုံးပြောလိုက်သည်။
"ကံကြွေး အမိန့် စာ"
ဘုန်းးးးး
အားပြင်းသော လက်သီးတစ်ချက်က ဖန်ဝေကို ဝင်တိုက်ကာ မီတာ (၂၇၀၀၀၀) အမြင့်မှာ မြေကြီးအထိ ကျသွားစေသည်။
အားပြင်းသော လက်သီးတစ်ချက်က ဖန်ဝေ၏ ဓမ္မဆင်းတုသုံးခုကို ကြေမွသွားစေသည်။ ထိုဓမ္မဆင်းတုများသည် မန်ဟို၏ နိဗ္ဗာနသစ်သီးများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၍ ကံကြွေးအမိန့်စာသုံးရင်း ကံကြမ္မာကို ချုပ်နှောင်လိုက်ခြင်းဖြင့် ၎င်းတို့မှာ ချက်ချင်း ကြေမွသွားပြီး ချိတ်ပိတ်ခံလိုက်ရတော့သည်။
ကံကြွေးနက်ရှိုင်းလေလေ၊ စွမ်းအားက ပြင်းထန်လေလေပင်။
မန်ဟို၏လက်သီးချက် ကျရောက်သွားသည့်အခိုက်အတန့်တွင် အောက်ဘက်မြေပြင်မှ လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် ဖန်ဝေ၏ပတ်ပတ်လည်တွင် ပေါ်လာ၏။ သူတို့က ဖန်ဝေကို လှမ်းဆွဲ၍ ကျင့်ကြံခြင်းအခြေခံစွမ်းအားများအား သူ့ထဲ ထည့်သွင်းပေးကာ ကုသပေးကြသည်။ ထို့နောက် သူတို့သည် သတ်ဖြတ်လိုစိတ်များဖြင့် မန်ဟို့အား ဒေါသတကြီး မော့ကြည့်ကြလေသည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရားအာရုံစီးကြောင်းတစ်ရာကျော်က မန်ဟို့အနားတွင် ရုတ်ခြည်း ပေါ်လာကြသည်။ ကြည့်ရသရွေ့ သူသာ ဖန်ဝေကို ထပ်မံခြိမ်းခြောက်လျှင် သူတို့က သူ့ကို ချက်ချင်း သုတ်သင်ကွပ်မျက်တော့မည့်အလားပင်။
ပို၍ပင် အံဩစရာကောင်းသည်ကား မဟာအကြီးအကဲ၏အကြည့်သည် သူ၏အသက်ကြိုးကို ဖြတ်တောက်ပစ်ရန် အသင့်ဖြစ်နေသော ဓားသွားထက်ထက်ပမာ မန်ဟို ပျံဝဲနေသော မီတာ (၂၇၀၀၀၀) အမြင့်အထိ ရောက်ရှိလာ၏။
မန်ဟိုသည် သူ့အပေါ် စူးစိုက်နေသော နတ်ဘုရားအာရုံအကုန်လုံးအပြင် အောက်ရှိ အကြီးအကဲခုနစ်ယောက် ၊ ရှစ်ယောက်မှ သူ့ကို ကြည့်နေသော သတ်ဖြတ်လိုသည့်အကြည့်များအား အာရုံရလိုက်သောအခါ မောက်မာဝင့်ကြွားစွာ ရယ်လိုက်သည်။
သူသည် သူ၏နိဗ္ဗာနသစ်သီးများအား ပြန်လုပြီး ဖန်ဝေအား သတ်ရန် အကြံအစည်မရှိပေ။ သူသာ ထိုသို့လုပ်လိုက်ပါက မျိုးနွယ်စုရှိ မည်သူမှ သူ့ဘက်လိုက်ပေးနိုင်တော့မည်မဟုတ်ပေ။
သူက သင်ခန်းစာပေးရန်အတွက်သာ ဖန်ဝေ့အား ထိုးခဲ့ခြင်း ဖြစ်သည်။ ထို့ထက်မပို။
မှန်ပါသည်၊ ၎င်းက အလွန်ကြမ်းသော သင်ခန်းစာဖြစ်ခဲ့သည်။
နတ်ဘုရားအာရုံများ၊ အောက်ရှိ အကြီးအကဲခုနစ်ယောက်ရှစ်ယောက်မှ သတ်ဖြတ်လိုသောအကြည့်များနှင့် မဟာအကြီးအကဲ၏ အကြည့်ကို လျစ်လျူရှုရင်း မန်ဟိုသည် မှောင်မိုက်နေသော ကောင်းကင်ကို မော့ကြည့်ပြီး သူ၏မျက်လုံးများတွင် မျှော်လင့်ချက်တို့ တောက်ပလာသည်။
"ငါ ဘယ်လောက် ဝေးဝေးအထိ သွားနိုင်မလဲ မသိဘူး" ထို့နောက် သူသည် လှည့်၍ အပေါ်သို့ တက်သွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားသည်။ အောက်ရှိ လူတိုင်းမှာ သူ တဟုန်ထိုး တက်သွားသည်ကို တအံတဩ ကြည့်နေကြ၏။ ကြည့်ရသရွေ့ ... ဖန်ဝေကား ကျော်ဖြတ်သွားပြီးနောက် ပြန်လှည့်ကြည့်ဖို့ရန် မထိုက်တန်သော အနှောင့်အယှက်တစ်ခုထက် မပိုသယောင်ပင်။
***