လျှမ်းလျှမ်းတောက် နေတစ်စင်း ထွန်းတောက်လာခြင်း
Vol. 67 Ch. 938
အောက်ရှိ ကျင့်ကြံသူများအတွက် မန်ဟို လှည့်၍ ကောင်းကင်ထက်သို့ ထိုးတက်သွားခြင်းက သူ့အပေါ် အထင်ကြီးမှုအား ပို၍ကြီးထွားသွားစေသည်။ သူ့နှင့် ကောင်းကင်ထက်၌ ရှိနေသော ကျင့်ကြံသူများအတွက်မူ သူနှင့် သူတို့အကြား ကြီးမားလာသော အကွာအဝေးသည် သူတို့၏အဆင့်ကွာဟမှုကို ကိုယ်စားပြုနေပုံပေါ်ပြီး ထိုကွာဟမှုမှာ ဆက်လက်၍သာ ကြီးမားလာနေလေသည်။
အပြတ်အသတ် ရှုံးနိမ့်သွားသော ခံစားချက် ၊ အစွမ်းအစမဲ့သွားသော ခံစားချက်များက သူတို့၏နှလုံးသားများကို ကြီးစိုးသွားသည်။
ဖန်းတုံးအာသည် လက်မခံနိုင်၍ တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။ အတန်ကြာသော် သူမ၏မျက်လုံးများ တောက်ပလာသည်။
"သူ့မှာ သူ့လမ်းသူ ရှိသလို၊ ငါ့မှာလည်း ငါ့လမ်းငါ ရှိတယ်။ သူ့လမ်းနဲ့ ငါ့လမ်းဟာ အဆုံးသတ်ချင်း တူချင်မှ တူမယ်၊ ဒါပေမဲ့ ခရီးက .... အရေးအကြီးဆုံးအပိုင်းပဲ"
ကျိုးရှင်းသည် မန်ဟို့ကို ကြည့်နေစဉ် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေ၏။ အကြောင်းတစ်စုံတရာကြောင့် မန်ဟို့ကို အမှီလိုက်ရန်က သူ၏ ဦးစားပေးပန်းတိုင် ဖြစ်လာသည်။
စွန်းဟိုက်၊ ထိုက်ယန်ကျစ်နှင့် စုန့်လောတန်တို့အားလုံး တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ သူတို့၏နှလုံးသားအနက်ရှိုင်းဆုံးထဲတွင် တူညီသောခံစားချက်များ ရှိကြလေသည်။ မန်ဟိုနှင့် တစ်ခေတ်တည်း အတူတူ မွေးဖွားလာရခြင်းက ကောင်းချီးဖြစ်သလို ကျိန်စာလည်း ဖြစ်သည်။ တဖြေးဖြေး သူတို့သည် သူ့ကြောင့် စိတ်ဓာတ်ကျလာကြသော်လည်း ထိုစိတ်ဓာတ်ကျမှုမှာ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ဖြင့် အစားထိုးခံလိုက်ရသည်။ စွန်းဟိုက်ပင်လျှင် ထိုသို့ဖြစ်သွား၏။
"ဒါက နေနဲ့ပတ်သက်တဲ့ ပြိုင်ပွဲသေးသေးလေးပါပဲ" သူက တွေးသည်။ "အနာဂတ်လမ်းဟာ အရှည်ကြီးရှိသေးတယ်။ သူ့ထက် သာအောင် လုပ်နိုင်မယ့် အခွင့်လမ်းတွေ ရောက်လာဦးမှာပဲ"
လီလင်းအာသည် အများတကာထက် မန်ဟို့ကို ကောင်းကောင်းနားလည်သည့် တစ်ယောက်တည်းသောလူ ဖြစ်၏။ သူမသည် အံတင်းတင်းကြိတ်၊ လက်သီးကို ကျစ်ကျစ်ပါအောင် အုပ်၍ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ ကောင်းကင်ထက်သို့ စတက်တော့သည်။
ဝမ်မုမှာ ဟောဟဲလှိုက်နေသည်။ သူသည် မန်ဟို ဝေးသထက် ဝေးသွားသည်ကို ကြည့်ပြီး တိုက်ခိုက်လိုစိတ်တို့ ပြင်းပြနေ၏။
မြေကြီးအပေါ်တွင် မဟာအကြီးအကဲသည် တိတ်ဆိတ်စွာ ထိုင်နေပြီး ကြားနေသွေးဆက်များမှ မျိုးနွယ်ဝင်များလည်း ထိုနည်းတူပင်။ မည်သူမှ မန်ဟို့ကို ဥပေက္ခာပြုခြင်းမရှိတော့ပေ။ အကြောင်းကိစ္စများကား ပြောင်းလဲသွားလေပြီ။
ယခုတွင် မန်ဟို့ကို ကြည့်ရင်း သူတို့သည် ပါရာဂွန်အလောင်းအလျာတစ်ဦးကို ကြည့်နေရသကဲ့သို့ ခံစားနေရ၏။
အထူးသဖြင့် မဟာအကြီးအကဲပင်လျှင် ထိုသို့ခံစားနေရသည်။ ယခု မန်ဟို့ကို စောင့်ကြည့်နေသော သူ၏မျက်လုံးများတွင် မတူကွဲပြားသော အရိပ်အယောင်တချို့ ဖြတ်ပြေးနေလေသည်။
မှန်ပါသည်၊ စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်နေသော တိုက်ရိုက်သွေးဆက်များကို ဖော်ပြရန်ပင် မလိုအပ်တော့ပေ။
ဆူပုပ်သုန်မှုန်နေကြသည့်လူများမှာတော့ ဖန်ဝေ၏သွေးဆက်ဝင်များ ဖြစ်ကြသည်။ သူတို့သည် လေလယ်တွင် ဖန်ဝေ သွေးအန်နေသည်ကို ကြည့်ရင်း သတ်ဖြတ်လိုစိတ်တို့ ပြင်းထန်နေကြ၏။ ဖန်ဝေ့ဘေးတွင် ကုသပေးနေသော မျိုးနွယ်ဝင်များ ရှိသော်လည်း သူ့အပြင်အားကိုယ်အတွက် ဒဏ်ရာများမှာ သူ၏ဓမ္မဆင်းတု ပြိုကွဲမသွားအောင် မဟန့်တားနိုင်တော့သည်အထိ ပြင်းထန်လေသည်။
ထိုပြိုကွဲမှုတွင် တစ်စုံတစ်ခုအား ဖန်ဝေ၏ဝိညာဉ်အပေါ်တွင် ဖျောက်ဖျက်မရအောင် ခတ်နှိပ်လိုက်သည့်အလား သဘာဝနိယာမတစ်ရပ်၏စွမ်းအား ပါရှိနေသယောင်ပင်။ သူ့မှာ သူ၏ဓမ္မဆင်းတုသုံးခုအနက်နှစ်ခု ပြန်ဖော်ဆောင်၍မရတော့သည်အထိ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသည်ကိုသာ ကြည့်နေနိုင်လေသည်။
ဖန်ဝေ၏အဖေနှင့် အဘိုးက သူ့ထံသို့ နေရာရွှေ့ပြောင်း၍ပင် ရောက်လာသည်။ သူ့အဘိုးက သူ၏ဒဏ်ရာများကို စစ်ဆေးပြီး မျက်နှာမသာမယာ ဖြစ်သွားသည်။
"ဘယ်လောက်ယုတ်မာလိုက်တဲ့ ခွေးမသားလဲ" သူက မျက်လုံးများတွင် သတ်ဖြတ်စိတ်များ တဝင်းဝင်းတောက်လျက် ပြောသည်။ "ဒါ ကံကြွေးစွမ်းအား။ အဲဒီခွေးမသားက ကျီမျိုးနွယ်စုရဲ့ တစ်နည်းနည်း ပတ်သက်နေရမယ်။ အဲဒီကောင် ဖန်ဝေရဲ့ ဓမ္မဆင်းတုတွေကို ချိတ်ပိတ်သွားပြီ"
ဖန်ဝေ၏မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူသည် တည်ငြိမ်နေ၏။ သူက သူ့အဖေ သူ့ဒဏ်ရာများအား ကုသပေးနေသည်ကိုပင် တားပြီး လေလယ်တွင် ယိုင်တီးယိုင်တိုင် ရပ်ကာ ဟိုးအပေါ်ရှိ မန်ဟို့ကို မော့ကြည့်လိုက်လေသည်။
မန်ဟိုက အလင်းတန်းအသွင်ဖြင့် မြင့်သထက် မြင့်မြင့်သို့ ထိုးတက်နေသည်။ သူကား မီးလောင်နေသော ငှက်တစ်ကောင်လားပင်။ သူသည် ထိုမီးတောက်များထဲတွင် နေနေခြင်းမဟုတ်ဘဲ ၎င်းတို့၏ဝါးမြိုခံနေရရင်း မီးလောင်နေသော တောင်ပံနှစ်ဖက်ကို ဖြန့်ကာ ကောင်းကင်အမြင့်သို့ ထိုးတက်သွား၏။
သူ လေကို ခွင်း၍ သွားနေစဉ် သူ့ကိုယ်ထဲ၌ အလွန်ကြာမြင့်စွာ တည်ရှိနေခဲ့သော မိုးနဂါးပျံ၏ အဆီအနှစ်သည် ရုတ်တရက် အသက်ဝင်လာရင်း နူးညံ့သောစွမ်းအားတစ်ရပ်အား သူ၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားစေသည်။
မီတာ ၂၇၀၀၀၀ ။
မီတာ ၂၇၆၀၀၀ ။
မီတာ ၂၈၂၀၀၀ ။
သူ ထိုအမှတ်သို့ ရောက်သည့်အချိန်မှာပင် ပို၍မြင့်မားသောအမြင့်သို့ ဆက်တက်သွားသည်။ သူ့မျက်လုံးထဲရှိ ခိုင်မာပြတ်သားမှုက ကြီးမားလာပြီး သူ၏ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသော မီးတောက်များသည် ပြင်းအား၏အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ ထာဝရအလွှာ၏ ကုစားမှုဖြင့်ပင်လျှင် သူ့မှာ မကြာခင် လုံးလုံးလျားလျား ဖျက်စီးခံရပေတော့မည်။
သို့သော် ထာဝရအလွှာ၏ အလုပ်လုပ်မှုရပ်တန့်တော့မည့်အချက်က မန်ဟို့အား တွန့်ဆုတ်သွားစေခြင်းမရှိပေ။ သူက သူကိုယ်တိုင် ဖော်စပ်ခဲ့သော ... မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ချက်ချင်း ထုတ်လိုက်လေသည်။
ဤသည်မှာ ဆေးလုံးအား ပထမဆုံးအကြိမ် စားခြင်းဖြစ်ပြီး ၎င်း၏စွမ်းအားအပေါ် ပထမဆုံးအကြိမ် အားကိုးခြင်းဖြစ်သည်။ ဆေးလုံး သူ၏ပါးစပ်ထဲ ဝင်ရောက်သွားလျှင်ချင်း သူ့ခန္ဓာကိုယ်တွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားပြီး အကန့်အသတ်မရှိသော အသက်စွမ်းအားသည် သူ့ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာ၏။ ၎င်းကား ရဲရဲတောက်နေပြီး ကောင်းကင်နှင့်မြေကြီးမှ၊ အပင်နှင့်အသီးအရွက်များမှ၊ နေ့တစ်နေ့၏ နှစ်နာရီအပိုင်းအခြား (၁၂)ခုမှ အရင်းခံသော ရောင်ခြည်နှင့် အပူရှိန်တို့ ပါဝင်လေသည်။ ထိုရောင်ခြည်နှင့်အပူရှိန်သည် အသက်စွမ်းအားမီးတောက်အသွင်ပြောင်းသွား၏။
ထိုမီးတောက်သည် သူ့ကိုယ်ထဲတွင် တောက်လောင်နေစဉ် သူ၏ထာဝရအလွှာအား ရုတ်တရက် အားဖြည့်ကာ အသက်သွင်းလိုက်၏။
မီတာ ၂၈၅၀၀၀ ၊ မီတာ ၂၈၁၀၀၀ ၊ မီတာ ၂၉၇၀၀၀ ။
သူသည် မီးတောက်များထဲမှ မွေးဖွားလာသော ဖီးနစ်တစ်ကောင်အလား ၊ ကောင်းကကင်ထက်တွင် ပျံဝဲလိုစိတ်ဖြင့် မွေးဖွားလာခဲ့သည့်အလား၊ ကောင်းကင်ကို အပိုင်စိုးသော ဘုရင်၊ မိုးနဂါးပျံကြီးတစ်ကောင်အလား ပျံတက်သွားလေသည်။
မိုးနန်းတော်နေဝိညာဉ်ဆေးလုံးသည် အရည်ပျော်သွား၍ သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားနေစဉ် သူ့အား အကန့်အသတ်မရှိသော အသက်စွမ်းအားတို့ဖြင့် ပြည့်နှက်သွားစေသည်သာမက သူ၏အပြင်အားကိုယ်ကိုလည်း ယခင်ထက်ပို၍ မာကြောလာစေသည်။
ယခုတွင် သူ့ကိုယ်ထဲ၌ ထာဝရ တောက်လောင်နေမည့် နေရောင်ခြည်နှင့် အပူရှိန်ကို ထုတ်လွှတ်ပေးနေသော နေတစ်စင်းရှိနေသည့်အလားပင်။ ၎င်းက မန်ဟို့အား ကောင်းကင်နှင့်မြေကြီးနှင့်သာမက အပြင်ဘက်ကြယ်တာရာကောင်းကင်ရှိ နေမင်းကြီးနှင့် တစ်သားတည်းဖြစ်နေသည့်ပုံပေါ်စေသည်။
ထိုတစ်သားတည်းဖြစ်မှုက မန်ဟိုအား ထိုထိုသော သဘာဝနိယာမများနှင့် စပ်လျဉ်း၍ တစ်စိတ်တစ်ပိုင်း ဉာဏ်အလင်းရသွားစေသော်လည်း ၎င်းတို့မှာ ဝေဝါးနေသေး၍ မဖမ်းဆုပ်နိုင်သေးပေ။ ဤသဘာဝနိယာမများတွင် နေနှင့် နီးကပ်သွားလေလေ၊ ပို၍ထင်ရှားလာလေလေ ဖြစ်သော နေ၏တာအိုပါရှိကြောင်း သူ ခံစားရသည်။
"ငါ့မှာ မိုးနန်းတော်နေဝိညာဥ်ဆေးလုံးတစ်လုံးလောက်သာ ထပ်ရှိလို့ကတော့" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် မီတာ (၃၀၀၀၀၀) ရောက်ဖို့ နောက်ဆုံးအတိုင်းအတာအား ဖြတ်ကျော်ရန် ဆေးလုံးစွမ်းအားကို အသုံးပြုလိုက်သည်။
ဂျိန်း
သူသည် အားလုံး၏ရှေ့မှောက်၌ လျှမ်းလျှမ်းတောက် နေတစ်စင်းပမာ ထိုးတက်သွားကာ ... မီတာ (၃၀၀၀၀) အမှတ်သို့ ရောက်ရှိသွား၏။
ကုန်လွန်ခဲ့လေပြီးသော နှစ်သန်းပေါင်းများစွာအတွင်း ရွေးချယ်ခံမျိုးဆက်အဆက်ဆက်အနက် အင်မော်တယ်နယ်ပယ်အောင် မည်သူမျှ ဤအမြင့်သို့ မရောက်ခဲ့ဖူးပေ။ လက်ရှိနေရာမှနေ၍ မန်ဟိုသည် အရှေ့အောင်ပွဲဂြိုဟ်၏ ကြီးမားကျယ်ပြောသော အစိတ်အပိုင်းအများစုကို မြင်လိုက်ရသည်။
လေလယ်ရှိ ကျန်ရွေးချယ်ခံအားလုံးမှာ မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဖန်မျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်အားလုံးမှာ အပ်ကျသံမကြားရအောင် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် စကားသံများ ဆူညံသွားတော့သည်။
"သူ ... မီတာ ၃၀၀၀၀၀ အထိ ပျံတက်သွားပြီ"
"ရှေးခေတ်ကနေ ယနေ့ထက်ထိ ဖန်မျိုးနွယ်စုမှာ အင်မော်တယ်နယ်ပယ်နဲ့ အင်မော်တယ်နယ်ပယ်အောက် ဘယ်သူမှ မီတာ ၃၀၀၀၀၀ အထိ မရောက်ခဲ့ဖူးဘူး။ ဖန်ဟိုက ပထမဆုံးပဲ"
"ကြားတောင် မကြားဖူးဘူးဟ။ ဒီဖန်ဝေက ရွေးချယ်ခံအကုန်လုံးတင် မကဘူး၊ မင်းသားဝေကိုတောင် ကျော်တက်သွားပြီ။ သူ အခု အားလုံးရဲ့ အာရုံစိုက်ရာ ဖြစ်နေပြီ"
ဘိုးဘေးစံအိမ်ထဲ၌ စကားသံများ ဆူညံနေစဉ် အကြီးအကဲများ၏ မျက်လုံးများသည် ထူးဆန်းစွာ တောက်ပလျက်ရှိ၏။
မှန်ပါသည်၊ အကြီးအကဲများက အခြားသူများထက် သူတို့ကိုယ်သူတို့ ကောင်းကောင်းထိန်းသိမ်းထားနိုင်၏။ မန်ဟိုက အင်မော်တယ်နယ်ပယ်နှင့် အင်မော်တယ်နယ်ပယ်အောက်တွင် မီတာ ၃၀၀၀၀၀ သို့ ပထမဆုံး ရောက်ရှိခဲ့သူ အမှန်ဖြစ်သည်။ သို့သော် ယခုလုပ်နိုင်ခဲ့သော ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတချို့ ရှိသေး၏။
သို့ပင်ငြား ဤအပြင်အားကိုယ်မီးလျှံစမ်းသပ်ပွဲသည် အငယ်မျိုးဆက်များအတွက် သီးသန့်ထားရှိသော ကံကြမ္မာကောင်းဖြစ်၏။ ရှေးဟောင်းနယ်ပယ်မျိုးနွယ်ဝင်များက တခြားနေရာတွင်များတွင် လေ့ကျင့်ရေးလုပ်ဆောင်ရလေသည်။
ဖန်ဝေသည် မန်ဟို၏ ပုံရိပ်ကို မမှိတ်မသုန် ကြည့်နေ၏။ မန်ဟို မီတာ (၃၀၀၀၀၀) အမြင့်သို့ ရောက်သွားသည်ကို ကြည့်ရခြင်းက ဧရာမလက်ဝါးကြီးတစ်ဖက် သူ၏ရင်ဘတ်အား ရက်ရက်စက်စက် ရိုက်ချလိုက်သကဲ့သို့ ဖန်ဝေအား ခံစားရစေသည်။ သွေးများ သူ့ပါးစပ်မှ စီးကျလာပြီး သူ့မျက်နှာမှာ မည်းမှောင်နေ၏။ စိတ်ထဲတွင် သူ့မှာ လက်မခံနိုင်သဖြင့် ရူးတော့မည့်အလား ဖြစ်နေလေပြီ။
"ငါ အဲဒီမှာ ရှိသင့်တာ ... သူ မဟုတ်ဘူး"
လူတိုင်း တုန်လှုပ်ချောက်ချားနေကြစဉ် မန်ဟိုသည် မီတာ (၃၀၀၀၀၀) အမြင့်၌ ပျံဝဲနေသည်။ ဤအမြင့်တွင် အသက်ရှုရန် မဖြစ်နိုင်သော်လည်း မန်ဟို၏ကျင့်ကြံခြင်းအခြေခံဖြင့် အသက်ရှူရန် မလိုအပ်ပေ။ သူကား ပြိုင်စံရှား ပါရာဂွန်တစ်ဦးပမာ ရပ်နေသည်။
ထာဝရအလွှာကြောင့် သူ၏အပြင်အားကိုယ်သည် အစစ်အမှန်အင်မော်တယ်တစ်ဦးနှင့် လွန်စွာနီးကပ်နေ၏။ ထိုမျှသာမက သူ လျှောက်လှမ်းနေသော လမ်းမှာ ဆေးလုံးမိစ္ဆာနှင့် သူ၏အင်မော်တယ်ကံတရားထက်ပင် ကျော်လွန်သော လမ်းကြောင်းဖြစ်သည်။ သူ့လမ်းကား .... အစစ်အမှန်အင်မော်တယ်များကြားက အစစ်အမှန်အင်မော်တယ်ဖြစ်လာဖို့ပင်။
သူ၏လမ်းသည် သူ့ကိုယ်သူသာ အားကိုးရသော လမ်းဖြစ်သည်။ အင်မော်တယ်ကံတရားကို မလိုအပ်ပေ။ သူကား အစစ်အမှန်အင်မော်တယ်အဆင့်သို့ တိုက်ရိုက်တက်မည်ဖြစ်သည်။ အမှန်တွင် ... ထိုကဲ့သို့လမ်းမျိုးကို လျှောက်ကြသော လူအနည်းစုအနက် သူ့လမ်းသည် ပြိုင်ဘက်ကင်း၏။ သူ့ကိုယ်ထဲတွင် ရှေးဟောင်းတာအိုဆရာများဝတ်ပြုကျောင်းမှ အင်မော်တယ်အကြောတစ်ကြော ရှိနှင့်ပြီးလေပြီ။
ဤအရာအားလုံး သူ ယခု မီတာ (၃၀၀၀၀) တွင် ပျံဝဲနေနိုင်သော အကြောင်းရင်းများ ဖြစ်သည်။
ဤနေရာတွင် ရောင်ခြည်နှင့် အပူရှိန်သည် ထူးဆန်းသောပုံစံဖြင့် မန်ဟို့အား ဝန်းရံထားသည်။ ရောင်ခြည်ကို မမြင်ရသလို၊ အပူကိုလည်း မခံစားရပေ ... သူက ရောင်ခြည်အတွင်း၌ တည်ရှိနေပြီး အပူထဲတွင် အမြိုက်ခံနေရသည်။
သူက ဖြေးဖြေးချင်း ခေါင်းမော့လိုက်ပြီး သူ၏အပြင်အားကိုယ်မှာ ပို၍မြင့်မားသောအဆင့်သို့ ရောက်ရှိသွားသဖြင့် တုန်ရီသွားသည်။
သူ့အပေါ်တွင် အနန္တကြယ်တာရာကောင်းကင်ရှိပြီး ထို့အလွန်တွင်တော့ ... တကယ့် နေအစစ်ကို မြင်ရလေသည်။
၎င်းသည် ကြယ်တာရာကောင်းကင်ထဲရှိ အရာအားလုံးကို လင်းရောင်ဆောင်ကြဉ်းပေးနေပုံပေါ်သော ဧရာမကြက်သွေးရောင်စက်လုံးကြီးတစ်လုံးဖြစ်၏။
မန်ဟိုက ၎င်းကို ကြည့်လိုက်သောအခါ ယခင်ထက်ပို၍ ထင်ရှားလာသော နေ၏တာအိုကို အာရုံရလိုက်သည်။ သို့သော် ၎င်းမှာ ထင်ရှားသင့်သလောက် မထင်ရှားသေးပေ။ မီတာ (၃၀၀၀၀၀) အထိ ပျံတက်လာခဲ့သည့်တိုင် နေနှင့် အလွန်ကွာဝေးနေသေးသည်။
"ငါ့အပြင်အားကိုယ်က အဆင့်တက်ဖို့ ဆံတစ်မျှင်ပဲ လိုတော့တယ်"
သူ၏မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်သွားသည်။ လူတိုင်းသည် သူ ကောင်းကင်၏အဆုံးသတ်သို့ ရောက်သွားပြီး ဆက်မသွားနိုင်တော့ဟု ယုံကြည်ထားကြ၏။ သို့သော် သူက ပျံသန်းနိုင်အောင် ထောက်ပံပေးဖို့ ကျင့်ကြံခြင်းအခြေခံ ၊ အပြင်အားကိုယ်နှင့် မိုးကောင်းကင်နေဝိညာဥ်ဆေးလုံး၏ စွမ်းအားများကို သုံးရင်း ရှေ့ဆက်သွားလိုက်သည်။
မီတာ (၃၀၃၀၀၀) ၊ မီတာ (၃၀၉၀၀၀) ၊ မီတာ (၃၁၅၀၀၀) ...
အောက်ရှိ လူတိုင်း ထိန်းမနိုင်သိမ်းမရအောက် ဆူညံပွက်လောရိုက်ကုန်ကြသည်။
"သူ ဆက်သွားနေသေးတာ ယုံတောင် မယုံနိုင်ဘူး"
"မီတာ ၃၀၀၀၀၀ က အဆုံးမှတ်လေ။ ဆက်သွားရင် အင်မတန် အသက်အန္တရာယ်များတယ်။ တစ်နေရာရောက်ရင် သူ ကြယ်တာရာကောင်းကင်ထဲ ဝင်ရောက်ရတော့မှာ။ အဲ့ဒါက တာအိုနယ်ပယ်ပညာရှင်တွေပဲ ဝင်ရောက်နိုင်တဲ့ နေရာပဲ"
"သူ ဘာလုပ်နေတာလဲ..."
ရွေးချယ်ခံများ၊ မျိုးနွယ်ဝင်များ၊ အကုန်လုံး အံ့ဩမှင်သက်နေကြသည်။
သူ မီတာ (၃၁၅၀၀၀) သို့ ရောက်လျှင် အကုန်လုံးက သူ ရပ်လိုက်ပြီဟု ထင်လိုက်ကြသော်လည်း ...
ထာဝရအလွှာနှင့် ရောင်ခြည်နှင့်အပူရှိန်တို့က အဆက်မပြတ် ဝင်တိုက်နေမှုက သူ၏အပြင်အားကိုယ်မှ ထစ်ချုန်းသံများ ထွက်လာစေသည်။ ထို့နောက် အဖြူရောင်အလင်းသည် သူ၏ကိုယ်တွင်းမှ ဖြာထွက်လာ၏။
အလင်းပေါ်လာလျှင်ချင်း မြင်လိုက်သူတိုင်း ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။ သူနှင့် အလွန်ကွာခြားနေသည်ကို ခံစားနေကြရသော ရွေးချယ်ခံများပင်လျှင် ရုတ်ခြည်း အံ့အားသင့်ကုန်ကြသည်။
"အဲဒီအဖြူရောင်အလင်း ... အဲ့ဒါက..."
"အဲ့ဒါ အင်မော်တယ်အလင်းပဲ"
"ကောင်းကင်နဲ့ မြေကြီးရဲ့ အစစ်အမှန်အင်မော်တယ်အလင်းက အပြင်အားကိုယ် အစစ်အမှန်အင်မော်တယ်အဆင့် မရောက်ခင်လေးမှာပဲ ပေါ်လာတတ်တာ"
ဖန်းတုံးအာနှင့် ကျန်ရွေးချယ်ခံအားလုံးမှာ ချာချာလည် မူးဝေသွားသည်ကို ခံစားလိုက်ကြရသည်။ ဖန်မျိုးနွယ်စု၏ အကြီးအကဲများနှင့် အလင်းကို မြင်နိုင်သော ကျန်မျိုးနွယ်ဝင်အားလုံး စိတ်နှလုံးတုန်လှုပ်သွားကြလေသည်။
ဖန်ဝေ အလင်းကို မြင်သောအခါ မယုံကြည်နိုင်ဖြစ်သွားသော အရိပ်အယောင်က သူ၏မျက်နှာကို စိုးမိုးသွားသည်။ သူ့အဖေနှင့် အဘိုးပင်လျှင် နွေခေါင်ခေါင် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ကြက်သေသေ သွားကြ၏။
တော်တော်များများက ကောင်းကင်အား မော့ကြည့်ရန် ဘိုးဘေးစံအိမ်အတွင်းမှ ပျံထွက်လာကြသည်။ ပထမတွင် သူတို့၏အမူအရာများမှာ အံ့ဩသွားပြပြီးနောက် မယုံနိုင်ဖြစ်ကာ နောက်ဆုံး တုန်လှုပ်သွားကြလေသည်။
"အင်မော်တယ်အလင်း..." မဟာအကြီးအကဲမှာလည်း မဆွံ့အစဖူး ဆွံ့အသွားသည်။
***