← Chapters

မိုးကောင်းကင်၏ အဆုံး

Vol. 68 Ch. 940

မိုးကောင်းကင်၏ အဆုံး

Vol. 68 Ch. 940

အစစ်အမှန်အင်မော်တယ်အဆင့် အပြင်အားကိုယ်ကို ပိုင်ဆိုင်သွားသည်နှင့် သူကား အစစ်အမှန်သူတော်စင် ဖြစ်သွားခဲ့ချေပြီ။ အစစ်အမှန်အင်မော်တယ်မဟုတ်သေးဘဲ အပြင်အားကိုယ်က အစစ်အမှန်အင်မော်တယ်အဆင့်ရောက်သွားခဲ့သူကို သူတော်စင်ဟုခေါ်သည် မဟုတ်လော။

မန်ဟို၏ခန္ဓာကိုယ်မှာ ယခုတွင် ကြောက်ခမန်းလိလိ အစွမ်းထက်နေပြီဖြစ်သည်။ သူကား အင်မော်တယ်အလင်းထဲတွင် ကောင်းချီးပေးခံရပြီး ထိုမှတစ်ဖန် အင်မော်တယ်အလင်းကပင် ... အင်မော်တယ်ခန္ဓာကိုယ်အား ဖန်တီးပေးခဲ့သည်။

မန်ဟိုက လက်သီးနှစ်ဖက်ကို ဆုပ်လိုက်သည်။ ယခုဆိုလျှင် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ပက်ပင်းတိုးပါက လက်သီးတစ်ချက်တည်းနှင့် ထိုပုဂ္ဂိုလ်အား အလွယ်တကူ တုန်လှုပ်သွားစေမည်ဖြစ်ကြောင်း သူ ပြောနိုင်သည်။

သူ၏အားအင်ကိုလည်း ခံစားနေရသည်။ ၎င်းမှာ အဆင့်တစ်ဆင့်လုံး ပြောင်းလဲသွားသည့်အလားပင်။ စောစောက သူ့တစ်ကိုယ်လုံးကို မီးလောင်တိုက်သွင်းဝောာ့မတတ် ကြောက်စရာ‌ကောင်းခဲ့သော နေရောင်ခြည်နှင့်အပူရှိန်တို့မှာ များစွာ အားနည်းသွားသယောင် ထင်ရ၏။

"ဒါက အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်ရဲ့ စွမ်းအားပဲ..." သူက ‌ကောင်းကင်ကို မော့ကြည့်ပြီး သူ၏သူငယ်အိမ်များထဲ၌ မီးလျှံများ ကခုန်သွားသည်။

"အခု .... မိုးကောင်းကင်ကြီး ဘယ်လောက်မြင့်လဲ ကြည့်ဖို့ အချိန်ကျပြီ"

သူကား မဆုတ်နစ်သောဇွဲမာန်အပြည့်ဖြင့် ကောင်းကင်ထက်သို့ ဝုန်းခနဲ ထိုးတက်သွား၏။

ဤမီတာ (၃၈၇၀၀၀) အမြင့်၌ပင် နေရောင်ခြည်နှင့် အပူရှိန်မှာ မန်ဟို့အတွက် ဖြုံလောက်စရာ မဟုတ်တော့ပေ။ သူက ရောင်စုံဖြာနေသော အလင်းတန်းတစ်တန်းအသွင်ဖြင့် အရှေ့အောင်ပွဲဂြိုဟ်မှ ထိုးတက်လာသည်။

မန်ဟိုသည် အောက်ရှိ လူအများစု မမြင်ရတော့သည့်တိုင်အောင် အလွန်မြင့်မားနေလေပြီ။ အတော်များများမှာ မိုးမဟာနှင့် ကြယ်တာရာကောင်းကင်ကို တသိမ့်သိမ့် တုန်ခါနေစေသော ရောင်စုံအလင်းတန်းတစ်တန်း မြင့်သထက် မြင့်မြင့်သို့ ရောက်သွားခြင်းကိုသာ မြင်နေရတော့သည်။

အမြန်ဆုံးနှုန်းဖြင့် တဟုန်ထိုးတက်နေသည့်အတွက် မီးတောက်များက မန်ဟို့ကို ဝန်းရံနေသည်။ အနီးကပ်ကြည့်လျှင် မြင်ရမည်မဟုတ်သော်လည်း အောက်မှ ကြည့်လျှင်မူ ထင်ရှားပြတ်သားစွာ မြင်ရနိုင်၏။

မန်ဟိုသည် ခြစ်ခြစ်တောက်ပူသော မီးပင်လယ်ထဲတွင် တည်ရှိနေဟန်တူပြီး ထိုအထဲ၌ ထာဝရနေနိုင်မည့်ပုံပင်။

လေလယ်ရှိ ရွေးချယ်ခံများမှာ တုန်လှုပ်အံ့ဩကုန်ကြသည်။ သူတို့အတွက် မန်ဟိုမှာ အလွန်ထည်ဝါသော တောင်ကြီးတစ်လုံးအလားပင်။ သူတို့အားလုံး တစ်ပြိုင်တည်း ကောက်ချက်ချမိလိုက်ကြ၏။ ဤဘဝတွင်တော့ မန်ဟို့နောက်၌ သူတို့ အမြဲ ကျန်ရစ်‌ကောင်း ကျန်ရစ်နေနိုင်သည်။ သူ့ကို ကျော်တက်နိုင်မည့် အခွင့်အရေး၊ သူ့ကို အမှီလိုက်နိုင်မည့် အခွင့်အရေးလည်း ဘယ်ဝောာ့မှ ရှိမလာကောင်း ရှိမလာလိမ့်မည်.... သူတို့အားလုံး သူ့နောက်၌ ကျန်ပြီးရင်း ကျန်ခဲ့ကောင်း ကျန်ခဲ့နိုင်သည်။

မှန်ပါသည်၊ သူတို့မသိကြသည်ကား ယခင်ပါရာဂွန်များထဲမှ တစ်ဦးက သူ့အား ... တောင်ပင်လယ်လောကကိုးခုလုံး၏ အက်ရှလွန် (၁၃) ဟူ၍ သတ်မှတ်ခဲ့ပြီးသည်ကိုပင်။

ဖန်းတုံးအာသည် တိတ်တဆိတ် ကြည့်နေ၏။ ကျိုးရှင်းက ဘာမှမပြောပေ။ လီလင်းအာ၊ စုန့်လော့တန်၊ ထိုက်ယန်ကျစ်၊ ဝမ်မု၊ စွန်းဟိုက်နှင့် ‌တခြားဂိုဏ်းများ၊ မျိုးနွယ်စုများမှ ရွေးချယ်ခံအားလုံးတွင် ရှုပ်ထွေးနေသော မျက်နှာအမူအရာများ ရှိကြသည်။ သူတို့သည် မီးလျှံကြားက နေတစ်စင်းပမာ မန်ဟို သူတို့ထံမှ ဝေးဝေးသွားသည်ကို ကြည့်နေကြ၏။

ဖန်ဝေမှာ တုန်ရီနေပြီး စိတ်ပျက်ခြင်းနှင့် ကြိတ်မှိတ်လက်ခံလိုက်ရခြင်းတို့အား မည်သူမှ မမြင်နိုင်အောင် မျက်လုံးများအား ဖြေးဖြေးချင်း ပိတ်လိုက်လေသည်။

ဖန်ဝေ၏အဘိုးနှင့် အဖေမှာတော့ ရူးတော့မည်ပုံပင်။ သူတို့သည် ကောင်းကင်ထက်ရှိ လျှမ်းလျှမ်းတောက်နေသော နေကို ကြည့်ပြီး အပြင်းထန်ဆုံးသော အသတ်အဖြတ်စိတ်ဆန္ဒတို့က သူတို့၏နှလုံးသားအနက်ရှိုင်းဆုံးထဲမှ ပြည့်သျှံတက်လာသည်။

မဟာအကြီးအကဲက ‌ကောင်းကင်ကို မော့ကြည့်ရင်း ဘိုးဘေးစံအိမ်ထဲတွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ မည်မျှ သူ ဘာတွေးနေသလဲ မပြောနိုင်သလို၊ ခန့်မှန်းခြင်းပင် မပြုနိုင်ပေ။

"ဖန်ဟို ... ဖန်ဝေ" သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။

မန်ဟိုက ဖီးနစ်သဖွယ်၊ မိုးနဂါးပျံကြီးသဖွယ် အမြန်ဆုံး ဆက်သွားနေ‌သည်။ သူ့ကိုယ်ထဲရှိ မိုးနဂါးပျံအမြုတေကား ယခုတွင် လျင်မြန်စွာ အရည်ပျော်နေပြီး အမွေအနှစ်၏ အသိအမြင်တချို့ သူ့စိတ်ထဲတွင် ပေါ်ပေါက်လာသည်။

သို့သော် မန်ဟိုသည် ယင်းကို အ‌ရေးမစိုက်။ သူ ခေါင်းထဲရှိ တစ်ခုတည်းသောအရာမှာ ... မိုးကောင်းကင်ကြီး မည်မျှမြင့်သလဲဆိုသည်သာ ဖြစ်၏။

သူ၏မျက်နှာထားသည် မဆုတ်နစ်သောဇွဲဆန္ဒကို ဖော်ပြနေသည်။ သူက မီတာ (၃၉၀၀၀၀) အမြင့်သို့ မရောက်မချင်း နောက်ထပ် မီတာ (၃၀၀၀) ထိုးတက်လိုက်သဖြင့် ဂျလိန်းဂျလိန်းမြည်သံကြီးများက သူ့ကို ဝန်းရံသွားသည်။ သို့ထိတိုင် သူကား မရပ်ပေ။

ဖိအားသည် အံမခန်းလိလိဖြစ်ပြီး ပြောင်းလဲလာနေသော အလင်းနှင့်အပူရှိန်မှာလည်း မှင်သက်ဖွယ်အတိပင်။ သို့သော် မန်ဟိုက အရှိန်ကို နည်းနည်းလေးမှ မလျှော့သလို တခဏလေးပင် ရပ်တန့်ခြင်းမရှိပေ။ သူကား အညစ်အကြေးမြူမှုန် ကင်းစင်နေသော သူ၏တာအိုနှလုံးသားပမာ ခိုင်မာပြတ်သားနေ၏။

တစ်ရက်၊ နှစ်ရက်၊ သုံးရက် .... အရှေ့တက်လှမ်းခြင်းနေပြန်ဝင်ရန် ရက်ပိုင်းမျှသာ လိုတော့သည်အထိ အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွား၏။

မန်ဟိုသည် သူ့မျက်စိရှေ့တည့်တည်ရှိ တစ်ခုတည်းသော ပန်းတိုင်၊ ကြယ်တာရာကောင်းကင်အပြင်၌ တည်ရှိနေသော နေမင်းကြီးထံသို့ တန်းတန်းမတ်မတ် ဦးတည်ရင်း အာကာသကိုခွင်း၍ ဆက်သွားနေဆဲပင်။

ယခုတွင် သူက ဤနေသန့်စင်ပွဲတွင် ကံကြမ္မာကောင်းအရှာထွက်လာကြာသော ‌သူနှင့်မျိုးဆက်တူ ရွေးချယ်ခံအားလုံး၊ မျိုးနွယ်ဝင်အားလုံးထက် သာသွားလေပြီ။ ယခုတွင် သူ့အတွက် ကျော်လွှားရန် တစ်ယောက်တည်းသာ ကျန်သည်။ ထိုလူကား ... သူကိုယ်တိုင်သာ ဖြစ်၏။

သူ့ကိုယ်သူ ကျော်တက်မည်။ သူ၏အိမ်မက်များနောက် လိုက်မည်။ ယင်းက သူ၏တာအို၊ မရေမတွက်နိုင်သော တောင်တန်းများ၊ မြစ်ချောင်းပင်လယ်သမုဒ္ဒရာများကို ဖြတ်ရင်း သွားမည့် တာအို။ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းသော တာအို။ အချုပ်အနှောင်မဲ့ပြီး တားဆီးမရသော တာအို။ အောင်မြင်မှုရှိရာသို့ အမြဲတမ်း ‌ရှေ့ရှုနေမည့်တာအိုဖြစ်သည်။

မိုးကောင်းကင်ကြီးပင်လျှင် သူ့ကို မဖုံးကွယ်ထားနိုင်၊ သူ၏တာအိုနှလုံးသားကို ယိမ်းယိုင်မသွားစေနိုင်ပေ။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်။

မီတာ (၃၉၃၀၀၀) ၊ မီတာ (၃၉၉၀၀၀) .... မီတာ (၄၀၅၀၀၀) ....

ဆက်သွားနေဆဲ။

ကျန်ရွေးချယ်ခံများသည် ကျောက်ရုပ်ကြီးသဖွယ် မော့ကြည့်နေကြသည်။ သူတို့က မန်ဟိုနှင့် သူ၏ မဆုတ်မနစ်သော ကြိုးပမ်းမှုကို ကြည့်နေကြပြီး အတွေးတစ်စက သူတို့၏စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။

"နောက်ဆုံးကျရင်... သူ ဘယ်လောက်အမြင့်အထိ သွားနိုင်လိမ့်မလဲ"

လီလင်းအာသည် ယခုကဲ့သို့ တွေးနေပြီး ဖန်းတုံးအာ၊ ထိုက်ယန်ကျစ်နှင့် စုန့်လော့တန်တို့လည်း ထိုနည်းတူပင်။

အကြီးအကဲများစွာလည်း သေသေချာချာ စောင့်ကြည့်နေကြသည်။

"ဂြိုဟ်နဲ့ ကြယ်တာရာကောင်းကင်ကြားက နယ်စပ်ဟာ မ‌သဲကွဲတဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲနိုင်တယ်။ နေနဲ့ အနီးဆုံးအခိုက်အတန့်ရောက်တဲ့အခါတော့ နယ်စပ်ဟာ ကွဲပြားလာလိမ့်မယ်"

ရက်အနည်းငယ်ကြာသော် မန်ဟိုကား ဆက်သွားနေဆဲပင်။

မီတာ (၄၁၇၀၀၀) ၊ မီတာ (၄၂၀၀၀၀)

သူ့မှာ အဆုံးရောက်သွားသည့်အလား ခံစားလိုက်ရသည်။ သူ့ကို ဝန်းရံနေသော အလင်းနှင့်အပူမှာ ဖော်ပြမတတ်နိုင်တော့သော အတိုင်းအတာအထိ ရောက်နေချေပြီ။ သူ၏အပြင်အားကိုယ်မှာ အစစ်အမှန်အင်မော်တယ်အဆင့်တွင် ဖြစ်သည့်တိုင် သူ့မှာ သွေးအိုင်အဖြစ် အရည်ပျော်ပြီးနောက် သွေးအခိုးအငွေ့များအဖြစ် အငွေ့ပျံတော့မည့်အလား ခံစားနေရသေးသည်။

သူသည် တုန်ရီသွားပြီး သူ၏ထာဝရအလွှာက မြင့်မြင့်ရောက်အောင် သွားနိုင်စေဖို့ သူ့ကို ပြန်ကုစားပေးရင်း အသည်းအသန် အလုပ်လုပ်နေ၏။

"ငါ နည်းနည်းထပ်ပြီး တောင့်ခံနိုင်သေးတယ်" သူသည် မျက်လုံးများ ကျဉ်းမြောင်းလျက် အရှေ့တည့်တည့်သို့ စူးစူးစိုက်စိုက် ကြည့်ရင်း တွေးလိုက်သည်။

ဂျိန်း

မီတာ (၄၂၆၀၀၀)

မီတာ (၄၃၂၀၀၀)

မီတာ (၄၃၈၀၀၀)

နေကား နီးသထက် နီးလာသယောင် ထင်ရသည်။ သူ၏မျက်လုံးများမှာ နီစွေးနေပြီး သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေလေသည်။ သူသည် ယခုတွင် ခြောက်သွေ့နေပြီဖြစ်သည့်တိုင် ဆက်လက် ပျံသန်းနေသေး၏။

သူ့ပတ်ပတ်လည်ရှိ မီးတောက်များမှာ အဆုံးမဲ့လာပြီး အဝေးမှကြည့်လျှင် ကောင်းကင်ကြီးတစ်ခုလုံး မီးလောင်နေသည့်အလား ထင်ရသည်။ မီးတောက်များသည် မိုးကောင်းကင်ကို တိုက်ခိုက်ရန် ဟန်ပြင်ရန်း ‌တဖျပ်ဖျပ် ခတ်နေသောာ တောင်ပံများအလားပင်။

မြေကြီးများ လှုပ်ရှားလာပြီး စောင့်ကြည့်နေသူအားလုံးမှာ စိတ်နှလုံးတုန်ရီနေကြတော့သည်။

မဟာအကြီးအကဲသည် ဘိုးဘေးစံအိမ်မှ ထွက်လာခဲ့၏။ သူက အနန္တကောင်းကင်ကို မော့ကြည့်ရင်း ပြည်သူ့ရင်ပြင်တွင် ရပ်နေသည်။

"အချိန်ပြည့်တော့မယ်..." သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။

ယခုတွင် မျက်လုံးအားလုံးသည် မန်ဟို့အပေါ် ကျရောက်နေ၏။ ဖန်မျိုးနွယ်စုတွင်သာ မဟုတ်။ အရှေ့အောင်ပွဲဂြိုဟ်၏ ချောင်ကြိုချောင်ကြားမှ အစွမ်းထက်ပညာရှင်အားလုံးလည်း ဖြစ်ပျက်နေသောမြင်ကွင်းအား အာရုံအပြည့်အဝစူးစိုက်နေကြသည်။

"အဲ့ဒါ ဘယ်သူလဲ"

"အဲ့ဒီလူက ဖန်မျိုးနွယ်စုကနေ ပျံထွက်လာတာ။ မဟုတ်မှ ... ဖန်ဝေများလား"

"ဖန်ဝေတောင် အဲ့ဒီလောက်မြင့်မြင့် မပျံနိုင်ဘူး။ ဒီလူက ကြယ်တာရာကောင်းကင်ရဲ့ နယ်စပ်နဲ့ နီးနေပြီ။ အဲဒီကို ခြေချလိုက်တာနဲ့ တာအိုနယ်ပယ်မှာ မဟုတ်သရွေ့ သေရလိမ့်မယ်"

အရှေ့အောင်ပွဲဂြိုဟ်မှ ပညာရှင်များ တုန်လှုပ်နေကြစဉ် ထိုဂြိုဟ်အပေါ် တစ်နေရာရှိ ပင်လယ်ထဲတွင် ဧရာမကျွန်းကြီးတစ်ကျွန်းရှိသည်။ ကျွန်းကြီးမျောနေသည့်အချိန် တန်ခိုးရှင်တစ်ဦးအသွင်နှင့် အဘိုးကြီးတစ်ဦးက ကောင်းကင်အား အထိတ်တလန့် မော့ကြည့်လိုက်၏။

"ငါ့လီး၊ အဲဒီခွေးသူတောင်းစားလေးပဲဟ ... သေစမ်း၊ သေစမ်း။ ငါ ဂိုဏ်းချုပ်ခမျာ ဒီနေရာအထိ လာပုန်းနေရတာကို သကောင့်သားက ... ငါ့ကို တကယ်ကြီး ရှာတွေ့တယ်တဲ့လား"

အဘိုးကြီးမှာ စိတ်ညစ်သွားသဖြင့် ကျွန်းတစ်ကျွန်းလုံး ငလျင်လှုပ်သွားသည့်တိုင်အောင် ဟိန်းဟောက်လိုက်လေသည်။

အဘိုးကြီး၏ဘေးတွင်မူ ပြစ်မျိုးမှဲ့မထင် လှပသော မိန်းကလေးတစ်ယောက် ရပ်နေသည်။ သူမသည် ကောင်းကင်ကို မော့ကြည့်ရင်း ပျော်ရွှင်စွာ ပြုံးနေ၏။

မန်ဟိုက အံတင်းတင်းကြိတ်၍ တဟုန်ထိုးတက်လိုက်သဖြင့် ထစ်ချုန်းသံများ ရိုက်ညောင်းသွားသည်။ မီတာ ၄၄၄၀၀၀ ၊ မီတာ ၄၄၇၀၀၀။

မန်ဟို၏အမူအရာမှာ ရူးမိုက်မှုတို့ဖြင့် ခက်ထန်နေသည်။ အပြင်မှကြည့်လျှင် သူ၏ခန္ဓာကိုယ်မှာ မီးလောင်နေလေပြီ။ သူ၏အတွင်းကလီစာများမှာ  အပူဒဏ်ကြောင့် မည်းခြစ်နေပြီး သူ့မှာ ပြာကျတော့မည့်အလားပင်။

သို့ထိတိုင် ... သူကား မရပ်။

မီတာ ၄၄၇၃၀၀ ၊ မီတာ ၄၄၇၉၀၀ ၊ မီတာ ၄၄၈၅၀၀ ....

မီးတောက်များက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံရင်း ပြင်းထန်လာစဉ် မန်ဟိုက မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူသည် ‌နောက်ထပ်မီတာ ၉၀၀ အမြင့်အထိ ပျံတက်လိုက်ရာ မီတာ ၄၄၉၄၀၀ သို့ ရောက်ရှိသွား၏။

ယခုတွင် ၃၆ ရက်ပြည့်ခါနီးနေလေပြီ။ မန်ဟို့တွင် အချိန်တစ်နာရီခန့်သာ ကျန်တော့သည်။

"ငါ မီတာ ၄၅၀၀၀၀ အမှတ်ကို ရောက်ရမယ်" မန်ဟို့ရင်ထဲတွင် ရူးမိုက်မှုနှင့် ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေသည်။ ယခုတွင် သူ့အားကြည့်ပါလျှင် အရိပ်ကောက်ကြောင်း ဝါးတားတားလေးကိုသာ မြင်ရနိုင်တော့သည်။

မီတာ ၄၄၉၇၀၀ ၊ မီတာ ၄၄၉၈၅၀ ၊ မီတာ ၄၄၉၉၇၀ ...

အချိန်များ စီးမျောကုန်ဆုံးသွားသည်။ ကမ္ဘာကြီးသည် တိတ်ဆိတ်နေပြီး ပထဝီမြေပြင်သည် ငြိမ်သက်နေ၏။ လူတိုင်း၏အာရုံက မန်ဟို့အပေါ်မှ မခွာ ....

နောက်ဆုံးတော့ မန်ဟိုသည် မီတာ ၄၄၉၉၉၀ အမြင့်သို့ ရောက်ရှိသွား၏။

သူကား မီတာ ၄၅၀၀၀၀ အမှတ်မှ ဆယ်မီတာသာ ကွာတော့လေသည်။

ထိုမျှသာမက အရှေ့တက်လှမ်းခြင်းနေဝင်ရန်လည်း အသက်ဆယ့်ငါးရှိုက်စာမျှသာ လိုတော့သည်။

ထိုနောက်ဆုံး ဆယ်မီတာမှာ နီးနီးလေးဟု ထင်ရသော်ငြား ဂြိုဟ်နှင့် ကြယ်တာရာကောင်းကင်အကြားက နယ်စပ်ဖြစ်သည်။

အရှေ့အောင်ပွဲဂြိုဟ်၏ မိုးကောင်းကင်ကြီး မည်မျှမြင့်ပါသနည်း။ ဤအခိုက်အတန့်တွင် အဖြေကို မန်ဟို သိသွားလေပြီ။ ‌မိုးကောင်းကင်သည် ... မီတာ ၄၅၀၀၀၀ မြင့်၏။

သူသည် ယခုတွင် ထိုအမြင့်မှ ဆယ်မီတာအကွာလေးတွင် ရပ်လိုက်၏။ သူ့တစ်ကိုယ်လုံးမှာ မီးလောင်ကျွမ်းနေသော်လည်း သူ၏မျက်လုံးများကတော့ စူးရှတောက်ပလျက်ရှိသည်။

ဧရာမနေကြီးသာမက အပြင်ဘက်ကြယ်တာရာကောင်းကင်ထဲရှိ ဆန်းပြားသောမြင်ကွင်းတစ်ခုကိုလည်း သူ မြင်လိုက်ရသည်။ မျက်လုံးများကို စူးစိုက်လိုက်သောအခါ.... ဧရာမကြက်သွေးရောင်ပြစ်ဒဏ်တိမ်တိုက်ကြီးတစ်ခုကို တွေ့လိုက်ရ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ထိုတိမ်တိုက်ကြီးအတွင်း၌ အဝါရောင်သစ်ပင်ကြီးတစ်ပင်ကိုလည်း မြင်သည်ဆိုရုံကလေး မြင်ရသည်။

သစ်ပင်ကြီးသည် မိုးမြေနှင့် အတူတကွ ဖြစ်တည်လာခဲ့သည့်အလား၊ တောင်ပင်လယ်ကိုးလောကထဲတွင် အမြဲ တည်ရှိနေခဲ့သည့်အလား ရှေးကျသော အရှိန်အဝါကို ထုတ်လွှတ်နေ၏။ ၎င်းက အလွယ်တကူ ပေါ်မလာတတ်ပေ။ အလွန်တရာထူး‌ခြားသော အခါသမယများတွင်မှ မြင်ရနိုင်ခြင်းဖြစ်သည်။

၎င်းသည် ... အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်ကို ရရှိပြီး‌ အစစ်အမှန်သူတော်စင်ဖြစ်လာသည့်အခါမှ ပေါ်လာမည့်အရာပင်။ ၎င်းကို .... သူတော်စင်ပြစ်ဒဏ်ဟု ခေါ်၏။ (အစစ်အမှန်သူတော်စင် - အစစ်အမှန်အင်မော်တယ်မဟုတ်သေးဘဲ အစစ်အမှန်အင်မော်တယ်အဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ)

၎င်းက အစစ်အမှန်အင်မော်တယ်အဆင့်တက်လျှင် ဖြစ်ပေါ်လာသော အစစ်အမှန်အင်မော်တယ်ပြစ်ဒဏ်နှင့် ဆင်တူသည်။

အင်မော်တယ်ပြစ်ဒဏ်တွင် တံခါးတစ်ချပ် ပါရှိပြီး သူဝောာ်စင်ပြစ်ဒဏ်ကဝောာ့ သစ်ပင်တစ်ပင်နှင့် ဒွန်တွဲလာသည်။

တစ်ချက်ရွေ့လျားလိုက်ပါလျှင် မန်ဟိုကား ဂြိုဟ်၏အပြင်၊ ကြယ်တာရာကောင်းကင်သို့ ရောက်ရှိပေဝောာ့မည်။

တစ်ချက်ရွေ့လျားလိုက်ပါလျှင် သူတော်စင်ပြစ်ဒဏ် ကျရောက်လာမည်။

မန်ဟိုသည် ထိုဆယ်မီတာအမှတ်တွင် ရပ်၍ အကွာအဝေးကို တိတ်ဆိတ်စွာ သုံးသပ်နေ၏။

ထိုအခိုက်အတန့်တွင် အောက်ရှိ နက်နဲသောကျင့်ကြံခြင်းအခြေခံများနှင့် အကြီးအကဲများမှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်ဖြစ်နေကြသည်။

"သူတော်စင်ပြစ်ဒဏ်" မဟာအကြီးအကဲက တွေးလိုက်သည်။ သူသည် မျက်လုံးများကို ပိတ်လိုက်ပြီး သူ၏ညာလက်က လက်သီးဆုပ်လိုက်၏။

မန်ဟို၏မျက်လုံးများသည် ချောက်ချားဖွယ်ရာ ခိုင်မာပြတ်သားမှု၊ မြနေအောင် သွေးထားသော ဓားသွားအလား ထက်မြက်သော ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပနေ၏။

"ငါ ကြယ်တာရာကောင်းကင်ကို ထွက်ပြီး နေကို တိုက်ရိုက်မရင်ဆိုင်ရင် ဒီခရီးတစ်ခုလုံးဟာ အလကားဖြစ်လိမ့်မယ်

"အချိန်ပြည့်ခါနီးပြီ.... ငါ တွက်ချက်တာမှန်ရင် ငါ့အနေနဲ့ အသက်ဆယ်ရှိုက်တောင့်ခံထားနိုင်တယ်" ထို့နောက် သူသည် ခေါင်းမော့ရင်း နောက်ထပ်ငါးရှိုက်စာမျှအထိ စောင့်ပြီးနောက် ထပ်မံ၍ ရွေ့လျားလိုက်၏။

ဆယ်မီတာ

မန်ဟို ရှေ့တက်လိုက်သော အခိုက်အတန့်တွင် အရှေ့အောင်ပွဲဂြိုဟ်ပေါ်မှ စောင့်ကြည့်နေသည့် ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြပြီး တအံ့တဩ ရေရွတ်သံများ ဆူညံသွားသည်။

***

All Chapters