နေနှင့် အသက်ဆယ်ရှိုက်
Vol. 68 Ch. 941
ဆယ်မီတာသာ ရွေ့လျားရန် လိုတော့ပါသော်လည်း ယခုတွင်မူ အရှေ့တက်လှမ်းခြင်း နေဝင်ဖို့ အသက်ဆယ်ရှိုက်မျှသာ လိုတော့ချေသည်။
ထိုနောက်ဆုံးရွေ့လျားမှုက မန်ဟို့အား မီတာ (၄၅၀၀၀၀) အမြင့်သို့ ရောက်ရှိစေခဲ့သည်။ ယခုတွင် သူကား အရှေ့အောင်ပွဲဂြိုလ်မှထွက်၍ ကြယ်တာရာကောင်းကင်တွင် ရှိနေလေပြီ။
ထိုအခိုက်အတန့်တွင် သူသည် သူ့အပေါ် သက်ရောက်လာနေသော မယုံကြည်နိုင်ဖွယ် အလင်းလှိုင်းနှင့် အပူလှိုင်းတို့ကို ခံစားလိုက်ရသည်။ ၎င်းကား သူ့ကို တခဏအတွင်း အရည်ပျော်ကျသွားစေနိုင်သယောင်ပင်။ တစ်ချိန်တည်းမှာပင် ရုတ်တရက် သူ့ထံ ပြေးဝင်လာနေသော အဝါရောင်သစ်ပင်ကြီးနှင့် မိုးကြိုးတိမ်တိုက်ကြီးကို မြင်လိုက်ရ၏။ ဤအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ သူ ကြယ်တာရာကောင်းကင်သို့ ထွက်လိုက်သည့်အခိုက်အတန့်တွင် သူ၏ ဓမ္မဆင်းတုသည် သူ့အနောက်တွင် အကောင်အထည်ပေါ်လာပြီး မီတာ (၁၅၀၀၀) ပင် မဟုတ်တော့ဘဲ မီတာ (၂၁၀၀၀) မြင့်နေချေသည်။
မီတာ (၂၁၀၀၀) ကား အဆင့် (၇) အင်မော်တယ် သို့မဟုတ် အကြော (၇၀) ဖွင့်ထားပြီးသော အင်မော်တယ်တစ်ဦးနှင့် နှိုင်းယှဉ်၍ရနိုင်၏။ သာမန်ကျင့်ကြံသူများအနေဖြင့် အဆင့် (၇) အင်မော်တယ်အား အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဖြစ် သတ်မှတ်ကြမည်ဖြစ်သည်။
မန်ဟို့တွင် မီတာ (၂၁၀၀၀) မြင့်သည် ဓမ္မဆင်းတုရှိခြင်းမှာ သူသည် အင်မော်တယ် အကြော (၇၀) ဖွင့်ထား၍မဟုတ်။ အင်မော်တယ်အကြောတစ်ကြောတည်းသာ ရှိသေးသည်။ သို့သော် သူကား အဆင့်တက်ခါနီးလေပြီ။
ယခုတွင် အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ် ရှိသွားပြီဖြစ်သည့်အတွက် သူ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ် အတိုင်းအတာတစ်ခုအထိ နိုးကြွလာကာ အင်မော်တယ်အကြောကို ပို၍ပင် အကောင်အထည်ဖြစ်လာစေသည်။
သို့သော်လည်း မပြည့်စုံသေးလျှင်တောင်မှ ၎င်းက မန်ဟို့ကို ပါရာဂွန်တံတားနှင့်ပက်သက်၍ ဉာဏ်အလင်းရခဲ့သော အစွမ်းထက်ဆုံးနတ်ဘုရားစွမ်းရည်ကို အသုံးပြုနိုင်သွားစေရန် လုံလောက်၏။
သူသည် အင်မော်တယ်အပျက်အစီးများနယ်ထဲတွင် ဤဉာဏ်အလင်းကို စတင် ဆင်ခြင်သုံးသပ်ခဲ့ခြင်းဖြစ်သည်။ ဤနတ်ဘုရားစွမ်းရည်ကား ပါရာဂွန်တံတားဟုခေါ်၏။
လူအတော်များများက ဤနတ်ဘုရားစွမ်းရည်ကို မြင်ခဲ့ပြီးဖြစ်၍ ယခု သူသုံးလိုက်လျှင် သူက ဖန်မုဆိုသည်ကို ဖော်ပြမိလိမ့်မည်။ သို့သော်လည်း သူသည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးဖြစ်၍ ပါရာဂွန်တံတားကို ထုတ်လွှတ်လိုက်သောအခါတွင် ၎င်းသည် တံတားနှင့်မတူဘဲ ဧရာမသစ်ပင်ကြီးတစ်ပင်နှင့်တူ၏။
မန်ဟို့ပတ်ပတ်လည်တွင် ပေါ်လာသော ရှေးဟောင်းဧရာမသစ်ပင်ကြီးသည် တကယ်တော့ ပါရာဂွန်တံတားဖြစ်သည်။ ၎င်းသည် အကောင်အထည်ဖြစ်ပေါ်လာရင်း အမြင့်ဆုံးစွမ်းအင်တို့ဖြင့် ပေါက်ကွဲသွား၏။
ထိုစွမ်းအင်ပေါက်ကွဲမှုက အပူနှင့်အလင်းလှိုင်းတို့ကို ပပျောက်သွားစေပြီးနောက် ပြစ်ဒဏ်တိမ်တိုက်ဆီသို့ ထစ်ချုန်းပြေးဝင်သွားလေသည်။
၎င်း တိမ်တိုက်ကို တိုး၀င်တိုက်လိုက်သောအခါ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံတစ်ခုလုံးသည် သစ်ပင်ကြီးအသွင် ပါရာဂွန်တံတားအား အားဖြည့်ပေးရင်း လှုပ်ရှားသွား၏။ ပါရာဂွန်တံတားက တိုက်ကွက်ထဲတွင် အစွမ်းကုန် ထည့်သွင်းလိုက်သည်။
ဘုန်း
ကြီးမားသော ပေါက်ကွဲသံကြီးက သစ်ပင်ကြီးနှစ်ပင် ၀င်တိုက်ရာတွင် ဖြစ်ပေါ်လာသည်။ ပြစ်ဒဏ်တိမ်တိုက်၏ သစ်ပင်ဝါကြီးမှာ တုန်ရီသွားပြီးနောက် မထင်မှတ်ဖွယ်ကောင်းစွာနှင့် တစ်လွှာပြီးတစ်လွှာ ကြေမွလာကာ နောက်ဆုံးတွင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။
တစ်ဆက်တည်းမှာပင် ပါရာဂွန်တံတားလည်း တုန်ခါပြီးနောက် ပျောက်ကွယ်သွား၏။ ပါရာဂွန်တံတားမှာ အစွမ်းထက်သော်လည်း မန်ဟို၏ ကျင့်ကြံခြင်းအခြေခံက ၎င်း၏ စွမ်းအားကို အပြည့်အ၀ အသုံးချနိုင်သည်အထိ မလုံလောက်သေးပေ။ သို့သော် သူ၏ အသက်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့ကိုပင် ထည့်သွင်း၍ တတ်နိုင်သမျှ စွမ်းအားအလုံးစုံကို ထုတ်လိုက်ခြင်းဖြင့် သူကား ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်ကို အပြီးတိုင် ဖျက်ဆီးနိုင်လိုက်၏။
မန်ဟိုမှာ တဆတ်ဆတ် တုန်သွားပြီး သွေးတစ်ပွက် အန်လိုက်ရသည်။ ၎င်းကား မျက်ဝါးထင်ထင်မြင်တွေ့ရန် အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော အဖြစ်အပျက်ကြီးပင်။
ယခင်က မည်သူမှ သူတော်စင်ပြစ်ဒဏ်ကို အပြီးတိုင်ဖျက်ဆီးခြင်းဖြင့် ပြန်မတိုက်ခိုက်နိုင်ခဲ့ဖူးပေ။ ထိုမျှသာမက ပါရာဂွန်တံတား၏ အဆုံးမဲ့သောစွမ်းအားက မယုံနိုင်လောက်အောင် ဩဇာအရှိန်အဝါကြီးမားခဲ့၏။
ပြစ်ဒဏ်သစ်ပင်ကြီး ကြေမွသွားပြီး ပြစ်ဒဏ်တိမ်တိုက် ပြိုကွဲသွားစဉ် အင်မော်တယ်ချီလှိုင်းများက မန်ဟို့ထံ စီးဖြာလာသည်။ ၎င်းတို့က သူ၏ မွှေးညင်းပေါက်များမှတဆင့် သူ၏ ခန္ဓာကိုယ်အတွင်း ၀င်ရောက်ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် နေရာယူရင်း ခန္ဓာကိုယ်ကို အသွင်ပြောင်းပေးလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် အင်မော်တယ်ခန္ဓာကိုယ်ကို အမှန်တကယ် ပိုင်ဆိုင်သွားခဲ့ချေပြီ။ သူကား အစစ်အမှန်သူတော်စင်တစ်ဦး ဖြစ်သွားပြီဖြစ်၏။
အင်မော်တယ်ချီတို့က သူ့ထဲသို့ တဝေါဝေါ အလုအယက် ၀င်ရောက်နေရင်း သူ့အား ကြယ်တာရာကောင်းကင်တွင် ရပ်၍ နေမင်းကြီးကို ကြည့်ခွင့်ရစေသည်။ ၎င်းမှာ သူ့ကို သေမင်းနှုတ်ခမ်း၀ဆီမှ တခဏသာ ကယ်တင်ပေးနိုင်သော အခွင့်အရေးဖြစ်သည့်တိုင် မန်ဟို့အတွက်တော့ လုံလောက်သေးလေသည်။
သူသည် ဤအားဖြည့်မှုကို အသုံးပြုပြီး ပြစ်ဒဏ်တိမ်တိုက်နှင့် ၎င်း၏သစ်ပင်တို့ကို လျစ်လျူရှုကာ အပူနှင့်အလင်းလှိုင်းတို့ကို ခုခံရင်း အာကာသထဲ၌ ပျံဝဲနေသည်။ သူလုပ်ခဲ့သမျှအားလုံးက ဤအသက်ဆယ်ရှိုက်စာလေးအတွက်ဖြစ်သည်။
သူကား အင်မော်တယ်ချီ၏ အထောက်အပံ့၊ အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်၏ ခွန်အားဖြင့် ဧရာမနေမင်းကြီးကို စိုက်ကြည့်နေ၏။ အမှန်တွင် တာအိုနယ်ပယ်ရှိ လူတစ်ယောက်သာလျှင် နေ၏ ကြောက်မက်ဖွယ်စွမ်းအားကို ခုခံနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့မှာ အရည်စတင်ပျော်လာ၏။ အသက်သုံးရှိုက်လေးအတွင်း သူ၏ ခြေထောက်နှစ်ချောင်းလုံး အရည်ပျော်ကျသွားလေပြီ။ နောက်အသက်ခြောက်ရှိုက်စာတွင် သူ၏ လက်များနှင့် ခန္ဓာကိုယ် အရည်ပျော်သွား၏။ သို့သော် သူ၏ မျက်လုံးများက နေကို စူးစူးစိုက်စိုက်ကြည့်ရင်း ကျန်ရစ်နေသေးသည်။
ဉာဏ်အလင်းက သူ၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။ သဘာ၀နိယာမတာအိုမှော်ကျင့်စဉ်က သူ၏ အသွေးအသားများထဲသို့ စီး၀င်လာ၏။ သူက ၎င်းကို အလျင်အမြန် စုပ်ယူပြီး တစ်ချိန်တည်းမှာပင် သူကိုယ့်သူ ထိန်းလိုက်သည်။ ၎င်းကား သေဖို့အတွက် စိတ်ပိုင်းဖြတ်ထားခြင်းမဟုတ်။။ မန်ဟိုသည် သူ သေမည်မဟုတ်ကြောင်း သိ၏။
အသက်ခုနစ်ရှိုက်ကြာသော် သူ၏ ခန္ဓာကိုယ်မှာ ဝါးလာသည်။ အသက်ရှစ်ရှိုက်တွင် မျက်လုံးတစ်လုံးတည်းသာ အရည်မပျော်ဘဲ ကျန်ရစ်ခဲ့၏။ အသက်ကိုးရှိုက်တွင် သူ၏ခေါင်းမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။
သေတော့မည့်အခိုက်အတန့်၌ သူ့တွင် နေကို စူးစူးစိုက်စိုက် ဆက်ကြည့်နေသော မျက်လုံးတစ်လုံးတည်းသာ ကျန်တော့သည်။ သူကား နည်းနည်းလေးမှပင် ထိတ်လန့်နေခြင်းမရှိပေ။ ကြယ်တာရာကောင်းကင်သို့ သူ လှမ်းခဲ့သည့် အခိုက်အတန့်မှစ၍ ဖြစ်ပျက်ခဲ့သမျှ အခိုက်အတန့်အားလုံးမှာ သူမျှော်လင့်ထားခဲ့သည့်အတိုင်း ဖြစ်၏။ မမျှော်လင့်ထားခဲ့သည့်အရာတစ်ခုမှ ဖြစ်မသွားခဲ့ပေ။
နောက်ဆုံးတွင်တော့ နောက်ဆုံးအသက်တစ်ရှိုက်သို့ ရောက်ရှိလာခဲ့သည်။
မန်ဟို၏အသိစိတ် ပျောက်ကွယ်နေသည့် အခိုက်အတန့်တွင် ဧရာမနေလုံးကြီးသည် စတင်မှေးမှိန်လာ၏။ တစ်ချိန်တည်းမှာပင် မန်ဟိုသည် နက်နဲသော သဘာ၀နိယာမတစ်ခုကို မြင်လိုက်ရ၏။ ဧရာမအရိပ်ကြီးက ရုတ်တရက် နေကို ဖုံးကွယ်ရင်း နေ၏အရှေ့တွင် ပေါ်လာလေသည်။
၎င်းသည် နေကို ဖုံးကွယ်လိုက်ကာ ကြယ်တာရာကောင်းကင်ရှိ အရာအားလုံးကို မှောင်မိုက်သွားစေသည်။ နေရောင်ခြည်နှင့် အပူဓာတ်တို့ကား အစအနမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။
မန်ဟို့ကို ဝန်းရံနေခဲ့သော သေလောက်အောင် ခြစ်ခြစ်တောက် ပူနေသည့် အပူလှိုင်းတို့လည်း ပျောက်ကွယ်သွားခဲ့သည်။ သူ၏ ထာ၀ရအလွှာသည် ချက်ချင်း သူ့ကို စတင်ပြုပြင်ပေးလိုက်ရာ အသက်ရှိုက်စာအနည်းငယ်အတွင်း သူ၏ ခန္ဓာကိုယ်ကား ကြယ်တာရာကောင်းကင်တွင် ပြန်ပေါ်လာ၏။
သူက တည်ငြိမ်အေးဆေးနေသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။ သူသည် ကြယ်တာရာကောင်းကင်၏ အမှောင်ထုကို လှမ်းကြည့်ပြီး မည်သည့်အရာကိုမှ မမြင်ရသော်လည်း နေ၏ တည်ရှိမှုကိုတော့ ခံစားလိုက်ရ၏။
"န၀မတောင်က အခုလေးတင် နေကို ကွယ်သွားတာပဲ" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ၏ စိတ်ထဲတွင် နေဖုံးကွယ်ခံလိုက်ရသောမြင်ကွင်းနှင့် ထိုအသက်ဆယ်ရှိုက်စာအတွင်း သူ ဆင်ခြင်သုံးသပ်နေခဲ့သော နေ၏ သဘာ၀နိယာမကို ပြန်မြင်ယောင်နေလိုက်သည်။
နောက်ဆုံးတွင် သူသည် စောစောက ဖြစ်ပေါ်လာခဲ့သော တစ်ပိုင်းတစ်စအတွေးအားလုံးကို စုစည်းပြီး မျက်လုံးများပိတ်၍ တင်ပျဉ်ခွေထိုင်ချလိုက်၏။ ထိုအခိုက်အတန့်တွင် အရှေ့အောင်ပွဲဂြိုလ်မှ မရေမတွက်နိုင်သော လူရိပ်များ ရုတ်တရက် ပျံတက်လာ၏။ ဖန်ရွှီ၏ အဖေမှာ ထိုတစ်ရာကျော်သော ပုဂ္ဂိုလ်များကြားတွင် တစ်ယောက်အပါအ၀င်ဖြစ်သည်။
တစ်ဦးတစ်ယောက်စီတိုင်းမှာ တိုက်ရိုက်သွေးဆက်မှ အစွမ်းထက်သောပညာရှင်များ ဖြစ်ကြ၏။ သူတို့၏ အမူအရာများမှာ စိတ်လှုပ်ရှားနေသောပုံစံများဖြစ်ပြီး မန်ဟို့အနားရောက်လာသောအခါ မန်ဟို လုပ်နေသည်ကို သဘောပေါက်သွားပြီးနောက် အံ့အားသင့်သွားကြ၏။
"သူက ဉာဏ်အလင်းကို ဆင်ခြင်သုံးသပ်နေတာပဲ"
"တာအိုနယ်ပယ်ပညာရှင်တွေပဲ ကြယ်တာရာကောင်းကင်မှာ နေကို မျက်နှာချင်းဆိုင်နိုင်ပေမယ့် ဒီကလေးက သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့တောင် ဒီလို လုပ်နိုင်ခဲ့တယ်။ အသက်ရှိုက်စာလေးပဲဆိုပေမယ့် သူ့အတွက် ဒီကံကြမ္မာကောင်းက အံအားသင့်ဖွယ်ပဲ"
"ငါတို့ ဘယ်သူမှ သူ့ကို နှောင့်ယှက်ခွင့်ပေးလို့မဖြစ်ဘူး" တိုက်ရိုက်သွေးဆက်အကြီးအကဲများက ဓမ္မအစောင့်အရှောက်များအဖြစ် ပြုမူရန် မန်ဟို့ကို ဝိုင်းလိုက်ကြသည်။ မကြာမီ အခြားတိုက်ရိုက်သွေးဆက်၀င်များလည်း စိတ်လှုပ်တရှား ချဉ်းကပ်လာကြပြီး ဓမ္မစောင့်ရှောက်သူများအဖြစ် နေရာယူလိုက်ကြသည်။
ဂျိန်းခနဲ ထစ်ချုန်းရင်း အရှေ့အောင်ပွဲဂြိုလ်က ၎င်း၏ ၀င်ရိုးအတိုင်း ပြန်လည်သွားသည်။ နေ၏အလင်းရောင် ပျောက်ကွယ်သွားပြီး ညရောက်လာ၏။
အရှေ့တက်လှမ်းခြင်းနေနေ့ ပြီးဆုံးသွားပြီး ကံကြမ္မာကောင်းလည်း အဆုံးသတ်သွားခဲ့လေပြီ။
ဖန်းတုံးအာနှင့် အခြားရွေးချယ်ခံများမှာ အမျိုးမျိုးသော ခံစားချက်များဖြင့် အရှေ့အောင်ပွဲဂြိုလ်မှ ထွက်ခွာသွားကြသည်။ သို့သော် ကြယ်တာရာကောင်းကင်ကို ပြန်ထွက်လာသည့်အခါ အကုန်လုံးသည် မန်ဟို့ကို အကြာကြီး ကြည့်နေခဲ့ကြ၏။
ကျိုးရှင်း၊ စုန့်လော့တန်၊ ၀မ်မု၊ ထိုက်ယန်ကျစ်၊ စွန်းဟိုက်၊ လီအာ အကုန်လုံး ထိုနည်းတူပင်။
သူတို့သည် ဖြတ်သွားစဉ် မန်ဟို့ပတ်ပတ်လည်ရှိ တိုက်ရိုက်သွေးဆက်၀င်များကို ကြည့်ရင်း စကားတစ်ခွန်း၊ နှစ်ခွန်း ရေရွတ်သွားခဲ့ကြ၏။
ကျိုးရှင်းက မန်ဟို့ကို ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။ "ငါပြန်တော့မယ်။ ပြီးရင် တံခါးပိတ်ကျင့်ကြံပြီး အစစ်အမှန် အင်မော်တယ်အဆင့် မရောက်မချင်း ထွက်မလာဘူး"
"မထင်မှတ်ထားတာတွေ မဖြစ်သရွေ့" လီလင်းအာက မန်ဟို့ကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်ရင်း ပြောသည်။ "ငါ ရက်တစ်ရာအတွင်း အစစ်အမှန်အင်မော်တယ် ဖြစ်စေရမယ်" ထို့နောက် သူမက လှည့်ပြီး လွန်းပျံဖြင့် ထွက်သွားလေသည်။
"ဖန်ဟို" ဖန်းတုံးအာက အံကြိတ်လျက် ပြောသည်။ "ငါတို့ ပြင်ဆင်ထားတွေအရ အကုန်လုံး အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို တိုက်ရိုက်တက်ကြလိ့မ်မယ်။ ပြီးရင် အင်မော်တယ်အကြော ၉၀ သို့မဟုတ် ၉၀ ထက်ပိုပြီး ဖွင့်နိုင်ကြလိမ့်မယ်"
"မင်း ဆက်ပြီး ကြိုးစားနေပါစေလို့ ငါ မျှော်လင့်ပါတယ်" ၀မ်မုက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပြောသည်။ "မဟုတ်ရင် အစစ်အမှန်အင်မော်တယ် ဖြစ်တာနဲ့ မင်းကို ကျော်တက်နိုင်တဲ့ အခွင့်အရေးတွေ ငါ့မှာ ရှိလာလိမ့်မယ်"
သူတို့အားလုံး ထွက်သွားကြပြီး ဖန်မျိုးနွယ်စု၏ အာရုံစိုက်ရာသည် ဖန်ဟိုဖြစ်လာ၏။ လူအများစုအတွက် မန်ဟိုသည် ဖန်ဝေကို ကျော်၍ မျိုးနွယ်စု၏ နံပါတ်တစ် ရွေးချယ်ခံ ဖြစ်လာလေပြီ။
ဖန်ဝေက သူ့အဖေနှင့် အဘိုးဖြစ်သူဖြင့် ဘိုးဘေးစံအိမ်အတွင်းပိုင်းရှိ တစ်နေရာသို့ ပျံသွားပြီး တိတ်ဆိတ်နေ၏။ သူသည် အရှုံးကို လက်မခံဘဲ သူ၏ မြေအောက်အခန်းထဲသို့ ၀င်သွားလေသည်။ သူ့အဘိုးနှင့် အဖေကို လှမ်းကြည့်လိုက်စဉ် သူ၏မျက်လုံးများက ခိုင်မာပြတ်သားမှုတို့ဖြင့် တောက်ပနေ၏။
"ကျွန်တော် အသက်တစ်ရှိုက် မရဏသင်္ချိုင်းမန္တန်ကို ကျင့်ကြံတော့မယ်" သူက ပြောသည်။
သူအဖေ ဤအရာကို ကြားသောအခါ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွား၏။
"မကျင့်ရဘူး" သူ့အဖေက ဒေါသတကြီး ပြန်ဖြေသည်။ "အဲ့ဒါက ဖန်မျိုးနွယ်စုရဲ့ အထင်ကရမှော်ကျင့်စဉ်လေးခုထဲက တစ်ခုဆိုပေမယ့် မပြည့်စုံဘူး။ ပြီးတော့ အတွေးတစ်ချက်ပြန်၀င်စားခြင်းမန္တန်ထက် အများကြီးပိုပြီးတော့ အန္တရာယ်များတယ်။ မင်းမှာ ဆဋ္ဌမခေါင်းဆောင်ကြီးရဲ့ အမှတ်အသားရှိတာကြောင့် နောင်တစ်ချိန်ကျရင် ဖန်မျိုးနွယ်စုကို တာ၀န်ယူမှာ။ အရှုံးလေးတစ်ခုနဲ့ မင်းတာအိုနှလုံးသားကို စွန့်လွှတ်လိုက်လို့မဖြစ်ဘူး"
"ဒါပေမယ့် အဲ့ဒါက ဖန်မျိုးနွယ်စုရဲ့ အစွမ်းထက်ဆုံးတာအိုပဲ" ဖန်ဝေက တည်ငြိမ်စွာ ပြန်ဖြေသည်။ "အတွေးတစ်ချက်ပြန်ဝင်စားခြင်းမန္တန်ထက် အင်မော်တယ်အကြောလေးကြောပိုတော့ အင်မော်တယ်အကြော ၉၈ ကြောကို ဖွင့်နိုင်လိမ့်မယ်။ ဒါက ဆဌမခေါင်းဆောင်ကြီးအတွက် ကျေနပ်စရာဖြစ်မယ်ထင်တာပဲ"
ဖန်ဝေ့အဖေ တစ်ခုခုပြောရန် ပြင်စဉ် ဖန်ဝေ၏အဘိုးက သူ့ကို တားလိုက်သည်။ သူက ဖန်ဝေကို လေးလေးနက်နက် ကြည့်ပြီးနောက် ပြောသည်။ "မင်း သေသေချာချာ တွေးပြီးသွားပြီလား"
"သေသေချာချာပဲ" ဖန်ဝေက ပြန်ဖြေသည်။ "ကျွန်တော် အသက်တစ်ရှိုက်မရဏသင်္ချိုင်းမန္တန်ကို ကျင့်ကြံသင့်တယ်။ အင်မော်တယ်အဆင့်တက်ဖို့အတွက် အဲ့တာအိုကို သုံးရင် ရက်တစ်ရာအတွင်းမှာ ရှုံးပြီး မရဏသင်္ချိုင်းထဲ နစ်မြုပ်သွားရင် သွား၊ မဟုတ်ရင် အင်မော်တယ်အကြော ၉၈ ကြောကို အောင်အောင်မြင်မြင် ဖွင့်နိုင်လိမ့်မယ်
"အဖေ ၊ ဘိုးဘိုး ကျွန်တော်ရှုံးသွားရင် ဖန်ဟိုရဲ့ ပစ္စည်းတွေကို သူ့ပြန်ပေးလိုက်ပါ။ ဒါပေမယ့် ကျွန်တော်နိုင်သွားရင်တော့ ကျွန်တော့်ရဲ့ ပန်းတိုင်တွေ အောင်မြင်ဖို့ အနစ်နာခံပေးဖို့အတွက် သူ့မှာ မွေးကတည်းက ကံပါလာတယ်လို့ ဆိုလိုတာပဲ" သူ၏ မျက်လုံးများက စူးရှတောက်ပစွာ ၀င်းလက်သွားသည်။
ဖန်ဝေ၏အဖေက ဘာမှ ပြန်မပြောပေ။ သို့သော် သူ၏ မျက်လုံးများ လင်းလက်သွားပြီး သူက ခေါင်းငြိမ့်ပြီးနောက် ချာခနဲ လှည့်ကာ လျှို့ဝှက်အခန်းမှ ထွက်သွားလေသည်။
ဖန်ဝေ၏အဘိုးက ဆိတ်ဆိတ်နေနေ၏။ ဖန်ဝေ၏ ခိုင်မာပြတ်သားမှုကို ကြည့်ရင်း သူက သက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲတွင် မန်ဟို့ကို သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာ၏။
"ဝေအာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ" သူက တွေးသည်။ "မန်ဟို မင်း ရက်တစ်ရာထက်ပိုပြီး မနေနိုင်စေရဘူး" သူက မျက်နှာကြီး မှုန်ကုပ်လျက် ထွက်သွားလေသည်။
အချိန်များ ကုန်လွန်သွား၏။ အရှေ့တက်လှမ်းခြင်းနေ ၀င်သွားပြီးနောက်တွင် န၀မတောင်နှင့်ပင်လယ်၏ မျိုးနွယ်စုအမျိုးမျိုးနှင့် ဂိုဏ်းအသီးသီးမှ ရွေးချယ်ခံများအားလုံး တံခါးပိတ်ကျင့်ကြံရန် ၀င်ရောက်သွားကြ၏။
သူတို့အတွက် အစစ်အမှန်အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းရန် အချိန်ကား ကျရောက်လာခဲ့လေပြီ။
***