တတိယနတ်ဘုရားစွမ်းရည်
Vol. 68 Ch. 941
ခုနစ်ရက်ကြာသော် အရှေ့အောင်ပွဲဂြိုဟ်သည် မူလအခြေအနေသို့ ပြန်ရောက်သွား၏။ အရှေ့တက်လှမ်းခြင်းနေနေ့မှာ အတိတ်က အကြောင်းအရာတစ်ခုအဖြစ်သာ ရှိတော့ချေသည်။ သို့သော် ကံကြမ္မာကောင်းကို အံ့ချီးဖွယ်ရာပုံစံဖြင့် သိမ်းပိုက်ခဲ့သည့်အတွက် ဖန်ဟို၏နာမည်သည် ဟိုးလေးကျော်လာ၏။
ဖန်မျိုးနွယ်စုတစ်စုလုံး ဖန်ဟိုအကြောင်း ပြောနေကြပြီး ဖန်ဟိုဆိုသော နာမည်သည် အရှေ့အောင်ပွဲဂြိုဟ်၏ ကျန်နေရာဒေသများသို့ ပျံ့နှံ့လာသည်။
သူ့တွင် မီတာ (၃၀၀၀၀) သွေးဆက်ဂိတ်အလင်းတန်းရှိသည်။
သူသည် ဆေးအိမ်တော်တွင် သတ္တမအဆင့်အထိ တောက်လျှောက်တက်ခဲ့သည်။
သူက ... အထွတ်အမြတ်ဆေးလုံးသုံးလုံးအနက်မှ မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်ခဲ့သည်။
သူ့တွင် အစစ်အမှန်အင်မော်တယ်အဆင့်အပြင်အားကိုယ် ရှိသည်။
သူက နေမင်းကြီးကို မျက်နှာမူရန် ကြယ်တာရာကောင်းကင်သို့ လျှောက်လှမ်းခဲ့သည်။
မန်ဟို၏ အမျိုးမျိုးသော လုပ်ဆောင်မှုများနှင့် စပ်လျဉ်းသော သတင်းစကားများက ပျံ့နှံ့လာပြီး ဖန်မျိုးနွယ်စုမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။ အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ ကျန်ကျင့်ကြံသူများသည် မန်ဟို့ကို ဖန်မျိုးနွယ်စု၏ လျှမ်းလျှမ်းတောက် နေတစ်စင်းအဖြစ် မြင်လာကြလေပြီ။
ထိုတစ်ချိန်လုံး မန်ဟိုက ကြယ်တာရာကောင်းကင်တွင် တင်ပျဉ်ခွေလျက် တရားထိုင်နေခဲ့သည်။ နေကို မျက်နှာမူခဲ့ခြင်းက သူ့အတွက် အံ့မခန်းကံကြမ္မာကောင်းတစ်ခုဖြစ်ခဲ့သည်။ အထူးသဖြင့် နဝမတောင်မှ ၎င်းကို ကွယ်သွားသည်ကို မြင်လိုက်ရသောအချိန်ပင်။ ထိုမြင်ကွင်းက သူ့အား စိတ်နှလုံးတုန်လှုပ်သွားစေခဲ့သည်။
သူသည် ဉာဏ်အလင်းအား ခုနစ်ရက်တိုင် ဆင်ခြင်သုံးသပ်နေခဲ့ပြီး ထိုအတောအတွင်း သူ့ခန္ဓာကိုယ်သည် အရောင်အဝါကွန်မြူးတောက်ပလာ၏။ အရောင်အဝါတို့ ဖြာထွက်လာသောအခါ အံ့ဩဖွယ်ကောင်းစွာနှင့် သူ၏ဓမ္မဆင်းတုက သူ့အနောက်တွင် ပေါ်လာသည်။
ဓမ္မဆင်းတုသည် မီတာ (၂၁၀၀၀) မြင့်မားပြီး တိုက်ရိုက်သွေးဆက်များမှာ ၎င်းကို မြင်လျှင် မမှိတ်မသုန် စိုက်ကြည့်လိုက်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဓမ္မဆင်းတုက ပေါ်လာသည်နှင့်တစ်ပြိုင်နက် အရောင်အဝါတောက်ပလာ၍ပင်။
တစ်ချိန်တည်းမှာပင် မန်ဟို၏ အင်မော်တယ်အကြောသည် ပို၍ပင် အစိုင်အခဲဖြစ်တည်လာ၏။ ကြည့်ရသရွေ့ ဤဉာဏ်အလင်းက မန်ဟို့ကို အစစ်အမှန်အင်မော်တယ်ဖြစ်ရန်ပင် တွန်းပို့နေပုံရသည်။
အချိန်များ ကုန်လွန်ရင်း သုံးရင်ကြာသော် မန်ဟို့တစ်ကိုယ်လုံးမှ တောက်ပသောအရောင်အဝါကို ဖြန့်ကျက်နေပြီး သူ၏ဓမ္မဆင်းတုသည် မီတာ (၂၁၀၀၀) မဟုတ်တော့ဘဲ မီတာ (၂၂၅၀၀) မြင့်နေလေပြီ။
ထိုကဲ့သို့အမြင့်သည် အကြော (၇၅) ခု ဖွင့်ထားသော အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်နှင့် ညီမျှရာ တိုက်ရိုက်သွေးဆက်များအား ချက်ချင်း စိတ်အားတက်ကြွသွားစေတော့သည်။
ငါးရက် ထပ်ကြာသည်။ ယခုဆိုလျှင် မန်ဟို ဉာဏ်အလင်းကို ဆင်ခြင်သုံးသပ်နေခဲ့သည်မှာ လဝက်ကြာလေပြီ။ သူ့ခန္ဓာကိုယ်မှ အရောင်အဝါများက ပိုမိုဖြာထွက်လာပြီး သူ့ဓမ္မဆင်းတုသည် မီတာ (၂၂၅၀၀) မှ မီတာ (၂၄၀၀၀) အထိ ကြီးထွားသွား၏။
ထိုကဲ့သို့ဓမ္မဆင်းတုသည် မိုးမြေကို ကိုင်လှုပ်နိုင်ရာ တိုက်ရိုက်သွေးဆက်များအား စိတ်လှုပ်ရှားလာစေတော့သည်။
မန်ဟိုသည် ယခုတွင် အကြော (၈၀) ဖွင့်ထားသော အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ဦးနှင့် ညီမျှနေလေပြီ။ ယင်းက တချို့သောဂိုဏ်းများ၏ အတွင်းစည်းတပည့်များသာ ရရှိနိုင်သော အင်မော်တယ်နယ်ပယ်အဆင့်တစ်ဆင့် ဖြစ်သည်။
"သူက အစစ်အမှန်အင်မော်တယ်တောင် ဖြစ်မလာသေးဘူး။ အဲ့ဒီအတွင်းစည်းတပည့်တွေကိုတောင် ယှဉ်နိုင်နေပြီ"
"မင်းတို့အားလုံး သေချာကြည့်စမ်း ... ဟိုအာရဲ့ ဓမ္မဆင်းတုမှာ ... အင်မော်တယ်လမ်းပြနွယ်ပင်မရှိဘူး"
တိုက်ရိုက်သွေးဆက်များမှာ မန်ဟို့ကို ကြည့်ရင်း ရင်ခုန်သွားပြီးနောက် အာမေဍိတ်သံများ ထွက်လာတော့သည်။
"သူက အင်မော်တယ်လမ်းပြနွယ်ကို သုံးမနေပါလား။ မဟုတ်မှ မဟုတ်မှ ... သူ့ရဲ့ ကိုယ်ပိုင်အစစ်အမှန်အင်မော်တယ်လမ်းကို လျှောက်နေတာများလား"
"ကိုယ်ပိုင်လမ်းကို လျှောက်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲတယ်။ ဒါပေမဲ့ ကြည့်ဦး သူ့ဓမ္မဆင်းတုက မီတာ (၂၄၀၀၀) မြင့်နေပြီ"
"တိုက်ရိုက်သွေးဆက်တော့ ခေါင်းပြန်ထောင်နိုင်တော့မယ်"
ဤအခိုက်အတန့်တွင် မန်ဟိုသည် တဖြေးဖြေး သတိပြန်လည်လာပြီး မျက်လုံးများကို ဖွင့်လိုက်၏။ သူ့စိတ်ထဲတွင် သဘာဝနိယာမနှင့်ပတ်သက်၍ နေထံမှ သိရှိခဲ့ရသော အရာအားလုံး၏ပုံရိပ်များ ပြေးလွှားသည်။ ထိုအခိုက်အတန့်တွင် ၎င်းတို့သည် နတ်ဘုရားစွမ်းရည်တစ်ခုအဖြစ် ရုတ်တရက် ပေါင်းစည်းသွား၏။
နေ၏ဉာဏ်အလင်း နှင့် နဝမတောင် ၎င်းကို ဖုံးကွယ်လိုက်သော မြင်ကွင်းက သူ့အား တတိယမြောက်နတ်ဘုရားစွမ်းရည်ကို ဖန်တီးနိုင်လိုက်စေသည်။
သူသည် အတွင်း၌ မီးစလေးတစ်စ ရှိနေသော လက်ကို ဖြေးညင်းစွာ မြှောက်၏။ မီးစလေးသည် ပတ်ဝန်းကျင်ရှိ အပူအားလုံးကို စုပ်ယူ၍ မန်ဟို၏ပုံပန်းသွင်ပြင်ကို ပုံပျက်ရှုံ့တွနေစေရင်း အလင်းဖန်လုံးသဖွယ် ဖြစ်လာသည်။
မန်ဟို တစ်ပိုင်းတစ နိုးထလာသည်ကို မြင်တွေ့သော် တိုက်ရိုက်သွေးဆက်များမှာ အလွန်စိတ်လှုပ်ရှားသွားကြသည်။ သို့သော် သူတို့၏မျက်နှာများက ရုတ်ခြည်းဆိုသလို ပျက်ယွင်းသွားပြီး နောက်ဆုတ်သွားကြ၏။
သူတို့မှာ ခန္ဓာကိုယ်ထဲမှ အပူအားလုံး စုပ်ထုတ်ခံနေရသည့်အလား အချိန်တိုလေးအတွင်း တစ်ကိုယ်လုံး ရေခဲတမျှ အေးစက်လာခဲ့သည်ကို ယခုလေးတင် သတိထားမိခဲ့လေသည်။
ပို၍ပင် တုန်လှုပ်ဖွယ်ကောင်းသည်ကား အရှေ့အောင်ပွဲဂြိုဟ်တစ်ဂြိုဟ်လုံး သက်ရောက်ခံနေရခြင်းပင်။ အပူငွေ့တန်းများက ဂြိုဟ်ပေါ်ရှိ သက်ရှိသတ္တဝါအားလုံးနှင့် ကမ္ဘာမြေကြီးထံမှ ပျံ့လွင့်တက်လာသည်။
ကြီးမားသော အပူလှိုင်းကြီးက အရာအားလုံးကို ပုံပျက်ရှုံ့တွနေစေရင်း မန်ဟို့ဆီသို့ ဦးတည်လာသည်။ သူသည် ထိုမြင်ကွင်းကို အေးဆေးတည်ငြိမ်စွာ ကြည့်နေ၏။ သူ၏မျက်ဝန်းများအရ သူသည် ဈာန်ဝင်စားနေဆဲဖြစ်သယောင်ပင်။
သူ့လက်ထဲရှိ အလင်းဖန်လုံးသည် အပူများကို မြန်သထက် မြန်မြန် ဆက်လက်စုပ်ယူနေ၏။ နောက်ဆုံးတွင် သူက လက်ကို မြှောက်လိုက်ရာ အလင်းဖန်လုံးကား မီတာသုံးဆယ်အရွယ်အစားသို့ ရောက်ရှိသွားလေပြီ။ ထိုအလုံးထဲတွင် အံ့မခန်းလိလိအရှိန်အဝါကို ထုတ်လွှတ်နေသည့် စူးရှတောက်ပသောအလင်းရောင်က လှည့်ပတ်သွားလာနေသည်။
အရှိန်အဝါသည် အပူငွေ့များကို စုပ်ယူရင်း အားကောင်းလာကာ အလင်းကိုပင် စတင်စုပ်ယူလာ၏။
အလင်းဖန်လုံးသည် ကြီးထွားလာပြီး ၎င်း၏အရှိန်အဝါသည် ပိုမိုပြင်းထန်လာ၏။ မန်ဟို့ပတ်ပတ်လည်ရှိ အပူနှင့်အလင်းအားလုံး စုပ်ယူခံလိုက်ရရာ အရာအားလုံးမှာ ရေခဲတမျှ အေးစိမ့်လာသည်....
အောက်ဘက် အရှေ့အောင်ပွဲဂြိုဟ်ပေါ်၌ပင် သက်ရောက်မှုများမှာ သိသာလာသည်။ တဖြေးဖြေး ဂြိုဟ်တစ်ဂြိုဟ်လုံး၏ အပူချိန်သည် လျော့ကျစပြုလာ၏။
ထိုမျှသာမက မှောင်မိုက်လာသည်။ အရှေ့အောင်ပွဲဂြိုဟ်၏ နေရာအနှံ့အပြားရှိ အစွမ်းထက်ပညာရှင်အားလုံး သတိထားမိသွားကြပြီး အကြောင်းရင်းကို စုံစမ်းရန် နတ်ဘုရားအာရုံများကို ချက်ချင်း ထုတ်လွှတ်လိုက်ကြ၏။ မကြာမီ သူတို့သည် မန်ဟိုနှင့် သူ့အပေါ်ရှိ မီတာရာပေါင်းများစွာ ကြီးမားနေပြီဖြစ်သော ဧရာမအလင်းလုံးကြီးတစ်လုံးကို မြင်သွားကြသည်။
၎င်းသည် နေအသေးစားလေးနှင့် တူပြီး ၎င်းကို ကြည့်လိုက်သည့် မည်သူမဆို တုန်လှုပ်ချောက်ချားသွားရမည်ဖြစ်သည်။ ၎င်း၏အရှိန်အဝါမှာ ကြမ်းတမ်းရက်စက်ပြီး ကြည့်နေသူမည်သူမဆိုအား နေအား ကြည့်ရသကဲ့သို့ အမှန်တကယ် ခံစားသွားရစေသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာမျှကြာသော် အရှေ့အောင်ပွဲဂြိုဟ်၏အပူချိန်သည် ပို၍လျော့ကျလာပြီး ပို၍ပင်မှောင်မည်းသွားသည်။ အလင်းဖန်လုံးကား ယခုတွင် မီတာ (၃၀၀၀) ကျယ်ဝန်းနေပြီဖြစ်ရာ မည်သူမဆို အန္တရာယ်ကို ခံစားလာကြရတော့သည်။
အလင်းဖန်လုံးအတွင်းရှိ စွမ်းအင်သာ ပေါက်ကွဲထွက်လာလျှင် ရှေးဟောင်းနယ်ပယ်အဆင့်ပညာရှင်များကိုပင် ထိတ်လန့်၍ မျက်နှာဖြူဖျော့သွားစေလိမ့်မည်။
အားလုံးအထဲ တုန်လှုပ်စရာအကောင်းဆုံးမှာ မန်ဟို့အား အချိန်လုံလုံလောက်လောက် ပေးထားလျှင် အလင်းလုံးကြီးသည် ဆက်လက်ကြီးမားလာဦးမည်ဖြစ်၏။ ဤအခြင်းအရာက အရှေ့အောင်ပွဲဂြိုဟ်ပေါ်ရှိ အစွမ်းထက်ပညာရှင်များကို နိုးကြားသွားစေသည်။ ဖန်မျိုးနွယ်စုဘိုးဘေးစံအိမ်ထက်တွင်ပင် နတ်ဘုရားအာရုံများ စုဝေးလာကြသည်။
မန်ဟို့အနီးနားရှိ တိုက်ရိုက်သွေးဆက်များက ချက်ချင်း နတ်ဘုရားစိတ်ဆန္ဒများဖြင့် သတိလှမ်းပေးလိုက်ကြသည်။
"မန်ဟို"
"ဟိုအာ နိုးလာတော့"
ပတ်ပတ်လည်ရှိ မျိုးနွယ်ဝင်များ ခေါ်လိုက်သဖြင့် မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ အသိစိတ်ပြန်ဝင်လာသည်နှင့်အမျှ သူ၏မျက်လုံးများသည် ရှင်းလင်းပြတ်သားလာပြီး စူးရဲတောက်ပလာသည်။ စစချင်း သူ့မှာ ဇဝေဇဝါဖြစ်နေပုံရသော်လည်း အပေါ်ရှိ မီတာ (၃၀၀၀) အကျယ် အလင်းလုံးကြီးကို မော့ကြည့်လိုက်သည်။
"မန်ဟို၊ အဲ့ဒီမှော်အတတ်ကို ချက်ချင်း ရုတ်သိမ်းလိုက်" ဖန်ရွှီ၏အဖေ ဦးလေးဆယ့်ကိုးက လှမ်းအော်သည်။
နတ်ဘုရားအာရုံစီးကြောင်းများနှင့် အလင်းဖန်လုံးကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့တော့မည့်အချက်ကြောင့် မန်ဟို့ခေါင်းထဲတွင် အချက်ပေးသံများ ဆူညံသွားသည်။
သူသည် အာရုံစူးစိုက်မှုတို့ မျက်လုံးထဲတွင် တောက်ပနေလျက် မာန်သွင်းဟိန်းဟောက်ပြီး လက်နှစ်ဖက်လုံးကို ခေါင်းပေါ် မြှောက်လိုက်၏။ သူက ထုတ်နိုင်သမျှ အစွမ်းကုန်ထုတ်ရင်း အလင်းဖန်လုံး၏ စုပ်ယူနေမှုကို ပြောင်းပြန်လှန်ရန် သူနှင့်အလင်းဖန်လုံးအား ဆက်သွယ်ပေးထားသော နောက်ဆုံးအမျှင်အား အသုံးချလိုက်သည်။
အလင်းဖန်လုံးသည် အလင်းနှင့်အပူအား စုပ်ယူနေသည်ကို ဖြည်းဖြည်းချင်း ရပ်ပြီးနောက် ပြန်ကျုံ့စပြုလာ၏။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် အလင်းဖန်လုံးမှာ မှေးမှိန်ပျောက်ကွယ်လာသည်။ ချွေးသီးချွေးပေါက်များ မန်ဟို၏နဖူးမှ ကျလာသည်။
သူ့မှာ ကိုယ်ထဲရှိ စွမ်းအင်အလုံးစုံကို အသုံးပြုခဲ့ရပြီး သတိနည်းနည်း လွတ်သွားသည်နှင့် အလင်းဖန်လုံးအား ပေါက်ကွဲသွားစေနိုင်သည်။
၎င်း နောက်ဆုံး ပျောက်ကွယ်သွားပြီးနောက် တိုက်ရိုက်သွေးဆက်များက သူ့ထံ ချဉ်းကပ်လာကြသည်။ အပြုံးများအား သူတို့၏စိတ်လှုပ်ရှားနေသော မျက်နှာများအပေါ်တွင် မြင်ရနိုင်သည်။
မန်ဟိုသည် သူ၏ မီတာ (၂၄၀၀၀) ဓမ္မဆင်းတုကို ကြည့်ပြီး သူ့ကိုယ်ထဲရှိ အင်မော်တယ်အကြောကို ခံစားကြည့်လိုက်ရာ အားအနည်းငယ်မျှ ထုတ်ရုံနှင့် ၎င်းအား ရာခိုင်နှုန်းပြည့် အကောင်အထည်ပေါ်လာအောင် လုပ်နိုင်ကြောင်း သိလိုက်၏။
"မကြာခင် ငါ့ကျင့်ကြံခြင်းအခြေခံ အင်မော်တယ်အဆင့်တက်မယ့်နေ့ ရောက်လာတော့မယ်" မန်ဟို၏မျက်လုံးများတွင် ခိုင်မာပြတ်သားမှုတို့ တောက်ပနေသည်။
"ဟိုအာ" တိုက်ရိုက်သွေးဆက်အကြီးအကဲများအနက်မှ တစ်ယောက်က ပြုံးရင်း ပြောသည်။ "အဲ့ဒါ မှော်အစွမ်းလဲ"
"နေနှင့်ပတ်သက်ပြီး ဉာဏ်အလင်းရပြီးတဲ့နောက်မှာ ဖန်တီးခဲ့တဲ့ မှော်အစွမ်းပါ" မန်ဟိုက အကြီးအကဲအား လက်ယှက်အရိုအသေပြုရင်း ပြောသည်။ ယခုတွင် သူသည် နတ်ဘုရားစွမ်းရည်သုံးခု ဖန်တီးပြီးသွားပြီဖြစ်၏။ တစ်ခုက ကံကြွေးအမိန့်စာ၊ အခြားတစ်ခုက ပါရာဂွန်တံတား ... တတိယမြောက်ကတော့ ဤအလင်းဖန်လုံးပင်။
"ကျုပ် ဒါကို ... မဟာပေါက်ကွဲခြင်းအစွမ်းလို့ ခေါ်မယ်" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြောလိုက်သည်။
"မဟာပေါက်ကွဲခြင်းအစွမ်း .... ဟိုအာ မင်းရဲ့ ဒီနတ်ဘုရားစွမ်းရည်က ... အစွမ်းထက်တယ်။ အဲ့ဒါက အပူနှင့်အလင်းကို အကန့်အသတ်မရှိ စုပ်ယူနိုင်ပြီး နေအတုတစ်စင်းကို ဖန်တီးပေးနိုင်တဲ့အပြင် ဘယ်လောက်စုပ်ယူထားလဲ အပေါ် မူတည်ပြီး ပေါက်ကွဲအားကို ခန့်မှန်းလို့ မရနိုင်ဘူး" အကြီးအကဲက မန်ဟို့ကို လေးလေးနက်နက် ကြည့်သည်။ "ဒါပေမဲ့ သေစေနိုင်တဲ့ အားနည်းချက်တစ်ခုရှိနေတယ်။ ဘာလဲဆိုတော့ အဲ့ဒါကို သုံးနေတဲ့အချိန် မင်းကို နှောင့်ယှက်နိုင်တာပဲ။ ဒါ့အပြင် ပြင်ဆင်ချိန်ကလည်း ကြာလွန်းတယ်။ အမွှေးတိုင်တစ်တိုင်ထွန်းစာမှ မီတာ (၃၀၀၀) ကို ရောက်နိုင်တာ။ မီတာ (၃၀၀၀၀) ရောက်ဖို့ဆို နာရီပေါင်းများစွာ ကြာလိမ့်မယ်
"ပြီးတော့ မင်း အဲ့ဒါကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးဆိုတာ ငါ ပြောနိုင်တယ်။ ဒီထက်ပိုကြီးလာရင် မင်း လုံးဝ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူး
"ဒါကြောင့် နောက်တစ်ခေါက် မသုံးခင် သေသေချာချာ ဆင်ခြင်သုံးသပ်ဦး" အဘိုးကြီးကား စကားသုံးလေးခွန်းတည်းနှင့် မှော်အစွမ်း၏ အားနည်းချက်၊ အားသာချက်များကို ခွဲခြမ်းစိတ်ဖြာပေးသွားသည်။
မန်ဟိုက ခေါင်းညိတ်ပြီးနောက် သူ့အတွက် ဓမ္မစောင့်ရှောက်သူများအဖြစ် ရပ်တည်ပေးခဲ့သော တိုက်ရိုက်သွေးဆက်အားလုံးကို လက်ယှက်၍ အရိုအသေပေးလိုက်သည်။ သူ့မှာ သူတို့အား အလွန်ကျေးဇူးတင်ပြီး သူတို့နှင့်အမျိုးတော်သော ခံစားချက်မှာ ပို၍ပင် ခိုင်မာလာသည်။
မကြာမီ သူတို့အဖွဲ့သည် အရှေ့အောင်ပွဲဂြိုဟ်ထံ ပြန်ဆင်းလာကြ၏။ သူတို့အနားရောက်လာစဉ် မန်ဟိုသည် ဘိုးဘေးစံအိမ်မှ ပျံထွက်လာသော မျိုးနွယ်ဝင်များကို မြင်လိုက်ရ၏။ သူတို့၏မျက်နှာများတွင် လေးစားသောအမူအရာများက ဖုံးလွှမ်းနေသည်။
"ဂါဝရပြုပါတယ် မင်းသားဟို"
ဤအခေါ်အဝေါ်က မန်ဟို့ကို အံ့အားသင့်သွားစေသည်။ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက်တွင် နွေးထွေးသောအပြုံးတစ်စက သူ့မျက်နှာပေါ်တွင် ဖြစ်ထွန်းလာပြီး သူက တိုက်ရိုက်သွေးဆက်အားလုံးကို နှုတ်ဆက်ဂါဝရပြုလိုက်သည်။ ထို့နောက် သူသည် ကျင့်ကြံခြင်းဂူသို့ ပြန်လာ၏။
ထိုပြန်ခါနီးအခိုက်အတန့်တွင် စောစောက သူ၏နတ်ဘုရားစွမ်းရည်နှင့်ပတ်သက်၍ အားနည်းချက်များကို ထောက်ပြခဲ့သော အကြီးအကဲက နတ်ဘုရားအာရုံဖြင့် သူ့အား စကားတစ်ခွန်း ပေးပို့လိုက်သည်။
"ဖန်ရှုံ့ရှန်းကို သတိထားပါ"
မန်ဟို၏အမူအရာကား ပြောင်းလဲခြင်းမရှိပေ။ ဖန်ရှုံ့ရှန်းသည် ဖန်ဝေ၏ အဖေဖြစ်ကြောင်း သိသည့်အတွက် သူက ခေါင်းညိတ်ပြီးနောက် ထွက်လာခဲ့၏။
နေအိမ်သို့ ပြန်ရောက်သော် သူက တရားထိုင်ရန် တင်ပျဉ်ခွေထိုင်ချလိုက်သည်။ အတန်ငယ် စစ်ဆေးပြီးနောက်တွင် သူသည် သူ၏အင်မော်တယ်အကြောမှာ ယခုတွင် ၉၉ ရာခိုင်နှုန်းကျော် အစိုင်အခဲဖြစ်နေချေပြီ။
"နည်းနည်းပဲ လိုတော့တယ်" သူက တွေးသည်။ "ရက်တစ်ရာအတွင်း တစ်ရာရာခိုင်နှုန်းပြည့်သွားလိမ့်မယ်။ ပြီးရင်တော့ ...." သူ၏မျက်လုံးများ အေးစက်စွာ တောက်ပသွားသည်။ "ငါ အစစ်အမှန်အင်မော်တယ်တစ်ဦး ဖြစ်လာလိမ့်မယ်"
"ငါ့ရဲ့ မဟာပေါက်ကွဲခြင်းအစွမ်းကတော့ အားနည်းချက်တွေ ရှိသေးတယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းအခြေခံ မြင့်မားသင့်သလောက် မြင့်မားတာနဲ့ အဲ့ဒီအားနည်းချက်တွေကို ပြင်ပြီး တိုက်ပွဲမှာ သုံးနိုင်မယ့် ဝှက်ဖဲနောက်တစ်ချပ် ရသွားပြီ" သူက လက်ကို မြှောက်လိုက်ရာ အလင်းဖန်လုံးတစ်လုံး လက်ထဲတွင် ပေါ်လာသည်။ ၎င်း ကြီးမားလာသည်နှင့်အမျှ ဖန်မျိုးနွယ်စုမှာ ရုတ်တရက် အေးစိမ့်လာ၏။ မန်ဟိုက ၎င်းကို အချိန်တစ်ခုအထိ ကြီးထွားစေလိုက်ပြီးနောက်မှ စွမ်းအားစုပ်ယူမှုကို ဖြတ်တောက်လိုက်သည်။
"ငါ အရှေ့တက်လှမ်းခြင်းနေနေ့အတွင်း အကျိုးအမြတ်အများကြီး ရခဲ့တယ်။ ငါ့ဓမ္မဆင်းတုက မီတာ (၂၄၀၀၀) အထိ ကြီးထွားလာခဲ့ပြီး နေနဲ့ပတ်သက်ပြီးလည်း ဉာဏ်အလင်း ရခဲ့တယ်။ ဒါ့အပြင် ငါ့အပြင်အားကိုယ်က နောက်ဆုံးမှာတော့ အစစ်အမှန်အင်မော်တယ်အဆင့် ရောက်သွားပြီ
"ငါ့ကျင့်ကြံခြင်းအခြေခံ အဆင့်တက်သွားတဲ့အခါ ငါ ဘယ်လောက် အစွမ်းထက်လာနိုင်လောက်မလဲ" မန်ဟို၏အမူအရာသည် မျှော်လင့်ချက်တို့ဖြင့် တောက်ပလာ၏။
***