အသတ်အဖြတ်စိတ်ဆန္ဒများ ချဉ်းကပ်လာခြင်း
Vol. 68 Ch. 943
ရက်အနည်းငယ်ကြာသော် မန်ဟိုသည် မျိုးနွယ်စုအတွင်း၌ ပေါ်လာ၏။ သူနှင့် ဆုံတွေ့သမျှ မျိုးနွယ်၀င်အားလုံးသည် သူ့ကို အတိုင်းထက်အလွန် ရိုသေလေးစားသော အမူအရာများဖြင့် ကြည့်ကြပြီး ဖန်ဝေ့ကို ဆက်ဆံခဲ့သော အပြုအမူများအတိုင်း မန်ဟို့ကို ဆက်ဆံနေကြလေပြီ။
ဖန်ဝေမှာမူ ပျောက်သွားခဲ့ပြီး အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
ဖန်ရွှီက စုံစမ်းပြီး ရရှိသော သတင်းအပိုင်းအစများအား မန်ဟို့ထံ ချက်ချင်း ပို့ပေး၏။ မန်ဟိုသည် ဖန်ဝေ အစစ်အမှန်အင်မော်တယ်အဆင့်တက်ဖို့ တံခါးပိတ် ကျင့်ကြံနေကြောင်း ကြားသောအခါ မျက်လုံးများ အေးစက်စက် တောက်ပသွားလေသည်။
"ကံကြွေးအမိန့်စာက ငါ့အပိုင်ဖြစ်တဲ့ သူ့ကိုယ်ထဲက နိဗ္ဗာနသစ်သီးတွေကို ချိတ်ပိတ်ပေးထားလိမ့်မယ်။ နေဆီကနေ ရခဲ့တဲ့ ငါ့ကံကြမ္မာကောင်းက သူ့အတွက် ထိုးနှက်ချက်ကြီးဖြစ်သွားပြီဆိုတော့ သူ့တာအိုနှလုံးသား သေချာပေါက် ထိခိုက်သွားမှာပဲ။ ဒါပေမယ့် သူက ဒါတွေအားလုံးပြီးတာတောင်မှ မပြိုမလဲ ရပ်နေနိုင်သေးတယ်" မန်ဟိုသည် သူတို့ ကောင်းကင်ထက်တွင် တိုက်ကွက်ဖလှယ်ခဲ့သောအချိန်ကို ပြန်တွေးပြီးနောက် သက်ပြင်းချလိုက်သည်။
မန်ဟိုမှာ ဖန်ဝေနှင့် ပက်သက်၍ မနှစ်မြို့သည့်အပြင် အပြစ်ရှိသလိုလည်း မခံစားရပေ။ အမှန်တွင် ဖန်ဝေ့ရှုထောင့်မှ ကြည့်လျှင် ဖန်ဝေ၏အမှားမဟုတ်ကြောင်း မန်ဟို သိ၏။
"မှားတဲ့လူတွေက မျိုးနွယ်စုထဲက ... တချို့တချို့သော လူတွေပဲ" သူက တွေးလိုက်သည်။ သူသည် မျိုးနွယ်စုသို့ ပြန်ရောက်လာကတည်းက ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်တွေးကြည့်လိုက်သောအခါ လျှို့ဝှက်ချက်များ များပြားနေကြောင်း သတိထားမိလိုက်၏။
ဖန်ဝေနှင့် ပက်သက်၍ လျှို့ဝှက်ချက်ကြီးတစ်ခုရှိပြီး ၎င်းက မဟာအကြီးအကဲနှင့် ပက်သက်သလို ၊ ခေါင်းဆောင်ကြီးတစ်ယောက်နှင့်ပင် ပတ်သက်ကောင်း ပတ်သက်နေလောက်သည်။
ထို့ကြောင့် မဟာအကြီးအကဲက ထိုမျှ ထူးဆန်းစွာ ပြုမူနေခြင်းဖြစ်လိမ့်မည်။ ထို့ကြောင့် လူတိုင်းက ဖန်ဝေနှင့်ပက်သက်၍ တိတ်ဆိတ်နေခြင်းဖြစ်တန်ရာသည်။ ခေါင်းဆောင်ကြီးတစ်ဦးသည် ဖန်ဝေ့ကို တာ၀န်ရှိသောနေရာတစ်ခု ပေးအပ်ထားခြင်း ဖြစ်ဟန်တူသည်။ သို့သော်လည်း ၎င်းတို့အားလုံး နောက်ကွယ်ရှိ အမှန်တရားနှင့်ပက်သက်၍ မန်ဟို သေသေချာချာတော့ မပြောတတ်ပေ။
အဆိုပါကိစ္စရပ်မှာ တားမြစ်ခံထားရသည့်အလားပင်။ မည်သူမျှ မပြောရဲကြပေ။
"မင်းနားလည်လား...." ၎င်းက ဆေးလုံးအကြီးအကဲ တောင်ထိပ်ပေါ်တွင် သူ့ကို ပြောခဲ့သောအရာဖြစ်သည်။
"သူက မဟာအကြီးအကဲ ငါ့ကိုပေးတဲ့ နိဗ္ဗာနသစ်သီးတွေ တစ်ခုခု မူမမှန်တာကို သတိပေးချင်တာလား။ ဒါမှမဟုတ် တစ်ခုခုကို သဲလွန်စပေးနေတာများလား" မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ ထိုကိစ္စကို အတန်ကြာ စဉ်းစားပြီးနောက်တွင် မန်ဟိုသည် ဝိညာဉ်အဆီတချို့ကို ပွားပြီး နိဗ္ဗာနသစ်သီးများအပေါ် ချလိုက်၏။
နိဗ္ဗာနသစ်သီးများအား ပကတိအတိုင်း ပြုပြင်ပြီးသည်နှင့်တစ်ပြိုင်နက် သေချာပေါက် စုပ်ယူမည်ဟု မန်ဟို ဆုံးဖြတ်ထားခဲ့ပြီးလေပြီ။ ၎င်းမှ ပေးမည့် အကျိုးအမြတ်များက များစွာ ထိရောက်မည့်အပြင် သူ့အား ဖန်မျိုးနွယ်စု၏ ပဟေဠိကို အဖြေရှာနိုင်ရန် ကူညီပေးလိမ့်မည်ဟု ခံစားနေရသည်။
ထိုခံစားချက်သည် ထက်မြက်သော အသိစိတ်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် အကဲဖြတ်နိုင်စွမ်းတို့အပေါ် ထားရှိသော သူ၏ ယုံကြည်ချက်မှ အခြေခံသည်။
"ဘယ်သူမှ ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ နိဗ္ဗာနသစ်သီးတွေကို မစုပ်ယူနိုင်ခဲ့ဖူးဘူး။ ငါသာ အောင်မြင်သွားခဲ့ရင် ဘယ်လိုအံ့ဖွယ်ရာတွေများ ဖြစ်ပေါ်လာလိမ့်မလဲ" သူသည် ခဏကြာသော် ထိုကိစ္စအား စဉ်းစားနေသည်ကို ရပ်ပြီး စိတ်ကို တည်ငြိမ်စေလိုက်၏။
ခုနစ်ရက်ကြာသော် မန်ဟိုမှာ ခက်ခက်ခဲခဲ ရှာဖွေထားရသော ဝိညာဉ်ကျောက်တုံးများအား အငမ်းမရစားသုံးနေသည့် ကြေးမုံကို စိုးရိမ်ပူပန်စွာ ကြည့်နေ၏။ ဝိညာဉ်အဆီများကိုမူ နိဗ္ဗာနသစ်သီးများက လောဘတကြီး စုပ်ယူနေလေသည်။ ဝိညာဉ်အဆီဖြင့် နိဗ္ဗာနသစ်သီးများကို အားဖြည့်ပေးနေစဉ် ၎င်းတို့သည် အကောင်းအတိုင်း ပြန်ဖြစ်လာတော့မည့်အလား တဖြေးဖြေး အသက်ဝင်လာနေ၏။
ကြေးမုံက မိုးနန်းတော်နေဝိညာဉ်ဆေးလုံးကို ဖော်စပ်ရာမှ ရရှိခဲ့သော ဝိညာဉ်ကျောက်တုံးအကုန်လုံးသာမက စွန်းဟိုက်ဆီမှ ဝိညာဉ်ကျောက်တုံးများကိုပါ စုပ်ယူလိုက်သဖြင့် မန်ဟို့မှာ ရင်ထဲအောင့်နေတော့သည်။ သူ့မှာ ဝိညာဉ်ကျောက်တုံးအပုံကြီးအား နိဗ္ဗာနသစ်သီးများထဲသို့ ပစ်ထည့်နေရသလို ခံစားနေရလေသည်။
ဝိညာဉ်ကျောက်တုံးလေး တစ်တုံးကပင် မန်ဟို့နှလုံးသားကို ဟက်တက်ကွဲသွားစေရန် လုံလောက်သည်။
"ပိုက်ဆံရှာရတာက အရမ်းခက်ပြီး သုံးရတာက ဘာလို့ ဒီလောက် လွယ်နေတာတုန်း" သူက သက်ပြင်းချရင်း တွေးလိုက်သည်။
ဖန်မျိုးနွယ်စုတစ်စုလုံးပင်လျှင် ထိုမျှများပြားသော ဝိညာဉ်အဆီများကို ထုတ်လုပ်နိုင်မည် မဟုတ်ပေ။ ၎င်းကို ဖော်စပ်ဖို့ အသုံးပြုခဲ့သော ဆေးပင်များမှာ အင်မော်တယ်အပျက်အစီးများနယ်မှ ရရှိခဲ့သောအပင်များ၊ အပြင်လောကတွင် အလွန်ရှားပါးပြီး မျိုးတုန်းပျောက်ကွယ်နေသော အပင်များ မဟုတ်ပါလော။
သို့ဖြစ်၍ ဤဝိညာဉ်အဆီသည် အဖိုးမဖြတ်နိုင်ပေ။ ဖန်မျိုးနွယ်စုတစ်စုလုံးပင်လျှင် ဤနိဗ္ဗာနသစ်သီးများကို အားဖြည့်ပေးရန် တတ်နိုင်မည်မဟုတ်ပေ။ မန်ဟိုသာလျှင် သူ၏ ကြေးမုံကြောင့် တတ်နိုင်ခြင်းဖြစ်၏။
"သေလိုက်ပါတော့" သူက အံတင်းတင်းကြိတ်ပြီးနောက် သက်ပြင်းရှည်ကြီးချကာ တွေးလိုက်သည်။ "ဝိညာဉ်ကျောက်တုံးတွေရဖို့ နောက်အစီအစဉ်တစ်ခု ထပ်ချဖို့လိုတယ်" သူသည် မျက်မှောင်ကြုတ်၍ အကြာကြီးထိုင်နေပြီးနောက် အံတင်းတင်းကြိတ်လိုက်၏
"အဲ့ဒီ အထွတ်အမြတ်ဆေးလုံးတွေက ဖော်စပ်ရတာမလွယ်ဘူး။ အဲဒီတော့ မတတ်သာတဲ့အဆုံးမှ ရွေးချယ်မယ်။ ပြီးတော့ ငါ ဆေးအိမ်တော်ရဲ့ သတ္တမအဆင့်ကိုလည်း မကျော်ဖြတ်ရသေးဘူး။ အခု ဖန်မျိုးနွယ်စုမှာ ငါ နာမည်ကြီးနေတာ အခွင့်ကောင်းယူလိုက်ရင် တစ်ချက်တည်းနဲ့များ အချီကြီးပွသွားမလားမသိဘူး" သူသည် စိတ်ပိုင်းဖြတ်ပြီးနောက် ဖန်ရွှီ့ကို ခေါ်ကာ နှစ်ယောက်သား ထိုအကြောင်းအား အချိန်ပေးဆွေးနွေးလိုက်၏။ နောက်ဆုံးတွင် ဖန်ရွှီက အစီအစဉ်ကို အကောင်အထည်ဖော်ရန် စိတ်လှုပ်တရှား ထွက်သွားလေသည်။
သတင်းစကားများ မျိုးနွယ်စုအတွင်း၌ လေမုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားရန် ရက်အနည်းငယ်သာ ကြာလိုက်သည်။
"မနက်ဖြန်ကျရင် မင်းသားဖန်ဟိုက ဆေးဝါးတာအိုဌာနကို သွားပြီး ဆေးအိမ်တော်ကို စိန်ခေါ်တော့မှာတဲ့"
"သူ ဆေးအိမ်တော်ကို နောက်ဆုံးတစ်ခေါက်သွားတုန်းက အဆင့်တိုင်းကို ရာနှုန်းပြည့်နဲ့ အောင်ခဲ့တာ။ ဆေးဝါးတာအိုဌာနဆို ပွက်လောကို ရိုက်သွားတာပဲ"
"ရှေးခေတ်ကနေ အခုအချိန်ထိ ဆေးဝါးတာအိုဌာနမှာ ဆေးအိမ်တော်ရဲ့ န၀မအဆင့်အထိ တက်နိုင်ခဲ့တဲ့လူကို ရှာတွေ့ဖို့ထက် ဖီးနစ်ငှက်မွှေးနဲ့ ချီလင်ချိုတွေကို ရှာရတာဖြင့် ပိုလွယ်ဦးမယ်။ န၀မအဆင့်ဖြတ်သွားနိုင်တဲ့ အကုန်လုံးက ဆေးဝါးတာအိုရဲ့ မဟာအကြီးအကဲတွေပဲ။ ငါကြားတာတော့ မင်းသားဟိုရဲ့ ပန်းတိုင်က အဲ့ဒီ့အတိုင်း န၀မအဆင့်ကို ဖြတ်သွားဖို့တဲ့လေ"
မန်ဟို ဆေးအိမ်တော်ကို စိန်ခေါ်မည့်သတင်းများသည် မျိုးနွယ်စုတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားပြီး အထူးသဖြင့် ဆေးဝါးတာအိုဌာနတွင်ဖြစ်သည်။ အဆုံးသတ်တွင် ၎င်းမှာ ဧရာမလှိုင်းလုံးကြီးများအလား တစ်မျိုးနွယ်စုလုံးကို ရိုက်ခတ်သွားတော့၏။
မန်ဟိုမှာ မျိုးနွယ်စု၏ အခြေအနေနှင့်ပက်သက်၍ အလွန်ဘ၀င်ခွေ့နေပြီး ဖန်ရွှီနှင့်အတူ အစီအစဉ်ချလေသည်။ ဖန်ရွှီသည် ဝိညာဉ်ကျောက်တုံးများကို ကောက်ခံရန် ဆေးအိမ်တော်၏ ပတ်၀န်းကျင်၌ စောင့်နေမည်ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများ မပေးလျှင် ကြည့်ခွင့်ရမည်မဟုတ်ပေ။
ယခင်အတိုင်းသာဆိုလျှင် မန်ဟို့အတွက် ယခုလိုမျိုး လုပ်ဆောင်နိုင်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် အရှေ့တက်လှမ်းခြင်းနေနေ့ပြီးနောက် သူသည် ဖန်မျိုးနွယ်စုတွင် နံပါတ်တစ်ရွေးချယ်ခံတစ်ဦးဖြစ်လာခဲ့သည့်အတွက် သူ၏စကားလုံးတိုင်း၊ သူ၏လုပ်ဆောင်မှုတိုင်းက အာရုံစိုက်ရာဖြစ်လာသည်။
"ဒီတစ်ခေါက် သေချာပေါက် အချီကြီးပွအောင် လုပ်မယ်" သူက တွေးသည်။ နောက်တစ်နေ့မနက်တွင် သူသည် စောစောထ၍ အိမ်တံခါးကို တွန်းဖွင့်ကာ ဆေးဝါးတာအိုဌာနသို့ ပျံသွားတော့မည့်အချိန်မှာပင် သူ့ထံ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် လာနေသော အလင်းတန်းခြောက်တန်းအား မြင်လိုက်ရ၏။ ၎င်းတို့က သူ့ကို မြန်မြန်ဆန်ဆန် ဝိုင်းလိုက်ကြသည်။
ဤလူခြောက်ယောက်သည် စွမ်းအားများကို ထုတ်ဖော်ထား၏။ ငါးယောက်က အဆင့် (၇) အင်မော်တယ်များဖြစ်ပြီး ကျန်တစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံမှာ ပင်လယ်ကြီးပမာ နက်ရှိုင်းကြောင်း မန်ဟို အာရုံရလိုက်သည်။ ထိုတစ်ယောက်က သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး တင်းမာခက်ထန်သော မျက်နှာထားဖြင့် မန်ဟို့ကို ကြည့်ကာ ပြောသည်။ "မဟာအကြီးအကဲက မင်းကို ခေါ်ခိုင်းလိုက်တယ် ဖန်ဟို။ လိုက်ခဲ့"
မန်ဟိုက လူခြောက်ယောက်ကို မျက်မှောင်ကြုတ်၍ ကြည့်ပြီး အေးတိအေးစက် ပြန်ဖြေသည်။ "ကောင်းပြီ နောက်ကျသွားလိုက်မယ်"
ထိုသို့ပြောရင်း သူက ရှေ့လျှောက်သွားပြီး သူတို့ကို ကျော်သွားရန် ပြင်သည်။
သက်လတ်ပိုင်းလူသည် မန်ဟို၏တုံ့ပြန်မှုကို ကြားသောအခါ သူ့မျက်နှာမှာ မနှစ်မြို့မှုများဖြင့် ပို၍ခက်ထန်သွား၏။
"မဟာအကြီးအကဲက မင်းကို ခေါ်နေတာကို မင်းက အချိန်ဆွဲရဲတယ်လား။ အခု ချက်ချင်း လိုက်ခဲ့ မလိုက်လို့ကတော့ ..."
"မလိုက်လို့ကတော့ ဘာဖြစ်လဲ" မန်ဟိုက တုံ့ခနဲ ရပ်၍ တောက်ပစွာ ပြုံးရင်း ထိုလူကို ကြည့်လိုက်သည်။ အေးစက်မှုက သူ၏သူငယ်အိမ်များတွင် လှုပ်ရှားသက်ဝင်နေ၏။
"သူ့ကို ဖမ်းလိုက်" သက်လတ်ပိုင်းလူက မန်ဟို့ကို ပြန်စိုက်ကြည့်ရင်း ပြောသည်။
ချက်ချင်းပင် ကျန်အဆင့် (၇) အင်မော်တယ်ငါးယောက်သည် အလင်းတန်းများအသွင်ပြောင်းလိုက်ပြီး မီတာ (၂၁၀၀၀) အမြင့် ဓမ္မဆင်းတုကြီးများ ပေါ်လာ၏။ မှန်ပါသည်၊ ဤဓမ္မဆင်းတုတစ်ခုမှ သက်ဆိုင်ရာကျင့်ကြံသူများနှင့် ရုပ်မတူပေ။ သူတို့အားလုံးက အတုအယောင်အင်မော်တယ်များ ဖြစ်သည်မဟုတ်ပါလော။
သူတို့သည် မျက်စိတစ်မှိတ်အတွင်း မန်ဟို့အနား ရောက်လာ၏။ ဓမ္မဆင်းတုတစ်ခုက တဗုံဗုံထစ်ချုန်းနေသော ဧရာမစစ်ဗုံကြီးတစ်လုံးဖြစ်သည်။ ကျန်ဓမ္မဆင်းတုနှစ်ခုမှာ သွေးဆာနေသော နဂါးနက်များဖြစ်ပြီး ဟိန်းဟောက်ရင်း မန်ဟို့ထံ ပြေးဝင်လာကြ၏။
နောက်ဆုံးဓမ္မဆင်းတုနှစ်ခုအနက် တစ်ခုသည် ခေါင်းသုံးလုံးလက်ခြောက်ဖက်ရုပ်တု ဖြစ်ပြီး အခြားတစ်ခုက လျှာနှစ်ခွနှင့် ရက်စက်သောမျက်လုံးများဖြင့် ကြက်သွေးရောင်မြွေကြီးဖြစ်သည်။
လူငါးယောက်က တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပြီး မန်ဟို့ကို ဖမ်းရန် ကြိုးစားနေသည်နှင့်မတူပေ။ ထိုအစား ကောင်းစွာ ဖုံးကွယ်ခံထားရသော အသတ်အဖြတ်စိတ်ဆန္ဒတို့က သူတို့၏မျက်လုံးများတွင် တောက်ပနေ၏။ သို့သော် မန်ဟိုသည် တောင်ကောင်းကင်ဂြိုဟ်ပေါ်မှာတုန်းက စစ်ပွဲကြီးနှစ်ပွဲတွင် ဝင်တိုက်ခဲ့ဖူးသည့်အပြင် ဘဝအတွေ့အကြုံများစွာ ရှိသူဖြစ်သည်။ သူက မရေမတွက်နိုင်သော လူပေါင်းများစွာကိုလည်း သတ်ခဲ့ဖူး၍ ယခုလို အသတ်အဖြတ်စိတ်ဆန္ဒမျိုးနှင့် မယဉ်ပါးဘဲမနေပေ။
"ငါ့ကို သတ်ချင်တယ်ပေါ့" သူက သွေးအေးသောအပြုံးတစ်ခုဖြင့် မေးသည်။ သူသည် ရှေ့တစ်လှမ်းတက်၍ ညာလက်ကို လက်သီးဆုပ်လိုက်၏။ လက်သီးက ကြက်သွေးရောင်မြွေထံသို့ တဟုန်ထိုး ပြေးဝင်သွားပြီး ဝုန်းခနဲ ပေါက်ကွဲမှုကြီးအား အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားစေသည်။ မန်ဟို့အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်၏ စွမ်းအား ပေါက်ကွဲထွက်လာသဖြင့် လေထုသည် ပုံပျက်ရှုံ့တွသွား၏။
ပေါက်ကွဲသံကြီး လိမ့်ထွက်သွားစဉ် ကြက်သွေးရောင်မြွေကြီးသည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး ၎င်းနောက်ကွယ်ရှိ သွေးဆုပ်ဖြူလျော်နေသော မျက်နှာနှင့် ကျင့်ကြံသူကို ဖော်ပြလိုက်၏။ သူ နောက်မဆုတ်နိုင်ခင် မန်ဟိုက ရှေ့သို့ ခုန်ပြီး သူ့ကို ညာခြေဖြင့် အားကုန်ကန်လိုက်သည်။ သူ၏ခြေထောက် ထိုလူ့ရင်ဘတ်ကို တိုက်ချလိုက်သဖြင့် အရိုးကျိုးသံများ ထွက်လာပြီး ထိုလူမှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် လွင့်ထွက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ကျန်လေးယောက်သည် နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းကွက်များကို ထုတ်ဖော်ရင်း အနားရောက်လာ၏။ မန်ဟို့မျက်နှာက အေးစက်သွားသည်။ သူသည် ဘေးရှောင်မည့်အစား ချာခနဲ လှည့်၍ ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းရင်း ရန်သူလေးယောက်ထံသို့ တဟုန်ထိုး ပြေးဝင်သွား၏။ လက်တစ်ချက်အဝှေ့က မရေမတွက်နိုင်သောတောင်များကို ပေါ်လာစေပြီး ၎င်းတို့က အချင်းချင်း ချိတ်ဆက်ကာ သူတို့အပေါ် ကျသွားသော တောင်တန်းတစ်တန်းအသွင်ပြောင်းသွားသည်။
ထို့နောက် သူသည် ဖမ်းဆုပ်သည့် လက်ဟန်လုပ်လိုက်ရာ သူ့လက်ထဲတွင် လောကသစ်ပင်သားလှံရိုး၊ အရိုးဖြူလှံထိပ်ဖြင့် လှံရှည်တစ်လက်ပေါ်လာ၏။ သူ ၎င်းကို အရှေ့သို့ ထိုးစိုက်လိုက်သောအခါ အရာအားလုံး မှောင်မိုက်သွားပြီး ငိုညည်းသံတစ်သံ ထွက်လာသည်။ စစ်ဗုံမှာ တစစီပေါက်ကွဲသွားပြီး ၎င်းအတွင်းရှိ ကျင့်ကြံသူမှာ သွေးအန်၍ နောက်ဆုတ်လိုက်ရသည်။
တစ်ဆက်တည်းမှာပင် သွေးမိစ္ဆာတစ်ကောင်၏ ခေါင်းကြီး ပေါ်လာပြီး သွေးရောင်ရောင်ခြည်တော်စက်ဝန်းက မန်ဟို့ခြေထောက်အောက်တွင် ဖြစ်တည်လာသည်။ သူက ထပ်မံ၍ ထိုးချလိုက်ရာ ခေါင်းသုံးလုံးလက်ခြောက်ဖက်ရုပ်တုကြီး ပြိုကွဲသွား၏။ တစ်ချိန်တည်းဆိုသလို နဂါးနက်ဓမ္မဆင်းတုနှစ်ကောင်က မန်ဟို့ရင်ဘတ်အပေါ်သို့ တိုက်ကွက်များအား ပစ်လွှတ်နိုင်လိုက်သည်။
နဂါးနက်များကို ထိန်းချုပ်နေသော ကျင့်ကြံသူနှစ်ယောက်က အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် စိန်းစိန်းဝါးဝါးကြည့်သည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံများသည် အဆင့် (၇) ထက် နိမ့်ကျသော မည်သည့်ကျင့်ကြံသူကိုမဆို သေသွားစေနိုင်မည့်စွမ်းအားအား ထုတ်ဖော်ထား၏။
ဘုန်းခနဲ ကြားလိုက်ရပြီး ရုတ်တရက် အရာအားလုံး တိတ်ဆိတ်သွားသည်။ မန်ဟို့အပေါ် တိုက်ကွက်များအား အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့သော နှစ်ယောက်က မန်ဟို့ကို အထိတ်တလန့် ကြည့်၍ ပင့်သက်ရှိုက်သွားကြသည်။ သူတို့သည် မန်ဟို့တွင် အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်ရှိကြောင်း မသိခြင်းမဟုတ်ပေ။ သို့သော် ... သူတို့စိတ်ထဲတွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အင်မော်တယ်နယ်ပယ်သို့ မရောက်သေးသည့်အတွက် သူ၏အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်က ထိုမျှသန်မာလိမ့်မည်ဟု မယုံကြည်ခဲ့ကြပေ။
သို့သော် ဤအခိုက်အတန့်တွင် သူတို့သည် ... အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်က မည်သည့်အရာမျိုးဆိုသည်ကို ရှင်းလင်းစွာ သိသွားကြလေပြီ။
"အားနည်းလွန်းတယ်" မန်ဟိုက ထမင်းစားရေသောက်ပမာ ပြောသည်။ သူက ထိုနှစ်ယောက်ကို အမဲဖြတ်တော့မည့်အလား စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး ထိုအကြည့်ရ သူတို့မျက်လုံးများကို ထိုးဖောက်သွား၏။
မန်ဟိုသည် တစ်လက်မလေးပင် ရွေ့မသွားခဲ့ပေ။ ထိခိုက်သွားပုံလည်း မပေါ်။ တစ်ဆက်တည်းမှာပင် သူ့ကို တိုက်ခိုက်ခဲ့သော နှစ်ယောက်မှာ သူတို့ထံ ပြန်လိမ့်လာသော သက်ရောက်မှုကို ခံစားလိုက်ရပြီး ရုတ်တရက် ပါးစပ်မှ သွေးများ စီးကျလာသည်။
လူနှစ်ယောက်မှာ လိပ်ပြာလွင့်မတတ် ကြောက်သွားကြပြီး နောက်ဆုတ်တော့မည့်အချိန် မန်ဟိုက သူတို့ထဲမှတစ်ယောက်ကို လှမ်းဆွဲပြီးနောက် လေပေါ်မြှောက်ကာ ရှေ့နောက်လွှဲလိုက်သည်။ ထိုလူမှာ သူ့ကိုယ်သူ မထိန်းနိုင်သည့်အပြင် သူ့ကို ဝင်ဆောင့်နေသော ဖိအားကြီးကို ခံစားလိုက်ရ၏။ သူ့အရိုးများမှာ တဂျွတ်ဂျွတ် ကျိုးကုန်ပြီး နေရာလွှဲကုန်လေသည်။ ထို့နောက် သူ့မှာ ဆုတ်နေသော ဒုတိယလူဆီသို့ အားကုန်လွှင့်ပစ်ခံလိုက်ရသည်။
ဒုတိယလူလည်း အရိုးများ ကျိုးကြေ၍ ပါးစပ်မှ သွေးများ ပန်းထွက်ကာ ဒလိမ့်ခေါက်ခွေး လိမ့်ထွက်သွားလေသည်။
ဤအရာအားလုံးက အသက်ရှိုက်သာအနည်းငယ်မျှသာ ကြာလိုက်သည်။ အဆင့် (၇) အင်မော်တယ်များမှာ ဒဏ်ရာအပြင်းအထန် ရသွားကြပြီး မန်ဟိုက မလှုပ်မယှက် ရပ်ကျန်ခဲ့၏။ ထို့နောက် သူသည် နက်နဲသော ကျင့်ကြံခြင်းအခြေခံနှင့် သက်လတ်ပိုင်းလူကို လှည့်ကြည့်လိုက်သည်။
သက်လတ်ပိုင်းလူမှာ မျက်လုံးပြူးနေ၏။ အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်က ထိုမျှသန်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကျင့်ကြံသူတစ်ယောက် အပြင်အားကိုယ်အား ဤအဆင့်အထိ ပျိုးထောင််နိုင်ခြင်းမှာ အလွန်တရာရှားပါးပြီး တကယ်တမ်း သူ့အတွက် တစ်ခါမှ မမြင်ခဲ့ဖူးသောအရာ ဖြစ်သည်။
***