← Chapters

မဟာအကြီးအကဲ၏ ရပ်တည်ချက်

Vol. 68 Ch. 944

မဟာအကြီးအကဲ၏ ရပ်တည်ချက်

Vol. 68 Ch. 944

သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်နေစဉ် မန်ဟို၏ မီတာ (၂၄၀၀၀) အမြင့် ဓမ္မဆင်းတုသည် ပေါ်လာ၏။ အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်နှင့် ပေါင်းစည်းလိုက်သောအခါတွင် ၎င်းက ဆက်လက်၍သာ တိုး‌လာနေသော သူ၏ ကြောက်မက်ဖွယ်စွမ်းအားကို တဖွေးဖွေး လှုပ်သွားစေသည်။ ထို့နောက် သူက ညာလက်ကို ဆန့်ထုတ်လိုက်ရာ လက်ဝါးထက်တွင် တောက်ပနေသော ဖန်လုံးလေးတစ်လုံး ပေါ်လာ၏။ ဖန်လုံးသည် ပျံဝဲ‌နေစဉ် ပတ်၀န်းကျင်ရှိ အနွေးဓာတ်အားလုံးကို စုပ်ယူလိုက်ပြီး အရာအားလုံးကို ချက်ချင်း အေးစိမ့်လာစေ၏။

သက်လတ်ပိုင်းလူက တင်းမာခက်ထန်သော အမူအရာဖြင့် မန်ဟို့ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ အလင်းဖန်လုံးကို ကြည့်နေစဉ်‌ သေစေနိုင်သော အန္တရာယ်ကို သူ ခံစားလိုက်ရ၏။ ထို့နောက် မန်ဟိုက သူ့ဆီ လမ်းလျှောက်လာသည်။ ဤအခိုက်အတန့်တွင် ...

"ဟိုအာ ပင်မ၀တ်ပြု‌ကျောင်းကို လာခဲ့" မဟာအကြီးအကဲ၏ ရှေးဆန်သောအသံက သူတို့၏ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာသည်။

မန်ဟိုက ဘာမှမပြောသော်လည်း သူ၏မျက်လုံးများက မသိမသာ လင်းလက်သွား၏။ သက်လတ်ပိုင်းလူမှာ မဟာအကြီးအကဲ၏အသံကို ကြားမှ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများက စူးရှတောက်ပသွားပြီး သူ၏နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်မှာ အရှိန်အဟုန် မြင့်မားလာ၏။ အဘယ့်ကြောင့်ဆိုသော် မန်ဟို၏ ဓမ္မဆင်းတုက ထိုနေရာတွင် ရပ်နေဆဲဖြစ်ပြီး မန်ဟို၏ ကြောက်မက်ဖွယ်စွမ်းအားများက ပျောက်ကွယ်မသွားသေး‌ပေ။ မန်ဟိုက မဟာအကြီးအကဲ၏ ဆင့်ခေါ်မှုကို ငြင်းဆန်ရန် ပြင်ဆင်နေသည့်အလားပင်။

သတ်လတ်ပိုင်းလူသည် သူ့ကိုယ်သူ အသင့်ပြင်ရင်း မန်ဟို့ကို ကြည့်လိုက်သည်။

အသက်ဆယ်ရှိုက် ကုန်ဆုံးသွားပြီး ထိုအတောအတွင်း မန်ဟို၏ အမူအရာမှာ တစ်ချက်‌လေးမှပင် ပြောင်းလဲမသွားခဲ့ပေ။ နောက်ဆုံးတွင် သူ၏ဓမ္မဆင်းတု ပျောက်ကွယ်သွားပြီး သူ၏ တဖွေးဖွေး လှုပ်နေသော စွမ်းအင်လည်း လွင့်ပျယ်သွားသည်။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သို့သော်လည်း အလင်းဖန်လုံးက ထိုနေရာတွင် ပျံဝဲလျက် ရှိနေဆဲပင်။ သူ ရှေ့ဆက်လျှောက်သွားစဉ် ၎င်းသည် သူ့ခေါင်းထက်သို့ ရွေ့လျားသွားကာ ၎င်းပတ်ပတ်လည်ရှိ အပူဒဏ်နှင့်အလင်းရောင်အားလုံးကို စုပ်ယူရင်း ပျံဝဲနေလေသည်။

မန်ဟိုက အရိုးလှံထိပ်ဖြင့် လှံကို သိမ်းပြီးနောက် သက်လတ်ပိုင်းလူကို လျစ်လျူရှုကာ ဘိုးလေးစံအိမ်၏ ပင်မ၀တ်ပြုကျောင်းဆီသို့ ပျံသန်းသွားလေသည်။

စိတ်ထဲတွင် သက်လတ်ပိုင်းလူမှာ စိတ်သက်သာရာရသွားပြီး သူ၏ မျက်လုံးများထဲ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်လောင်လာသည်။ နောက်ဆုံးတွင် သူက မန်ဟို့နောက်မှ လိုက်သွား၏။ ကျန်ငါးယောက်မှာမူ သေစေနိုင်သည်အထိ မဟုတ်သော်လည်း ဒဏ်ရာအပြင်းအထန် ရထားကြသည်။ သူတို့မှာ ချက်ချင်းလက်ငင်း ပြန်ကောင်းလာမည်မဟုတ်သည့်အတွက် ကုန်းရုန်းထပြီး ဆေးလုံးအချို့ကိုသာ စားလိုက်ရသည်။ ထို့နောက် သူတို့က မျက်နှာဖြူဖတ်ဖြူရော်ဖြင့် နောက်မှလိုက်ပါ ပျံသန်းလာကြ၏။

မန်ဟိုကား နောက်မှ လူခြောက်ယောက်ဖြင့် ပျံသန်းသွားသည်။ မျိုးနွယ်ဝင်အတော်များများ သူ့ကို မြင်လိုက်ကြပြီး အများစုမှာ ဆေးဝါးတာအိုဌာနတွင် သူ စာမေးပွဲသွားဖြေမည်ကို ကြည့်ရှုဖို့ ကြံစည်ထားကြ၍ မန်ဟို ပင်မ၀တ်ပြုကျောင်းသို့ ဦးတည်သွားနေသောအခါတွင် အံ့ဩသွားကြလေသည်။

အထူးသဖြင့် သူ့နောက်မှ လိုက်လာသော လူခြောက်ယောက်ကို မြင်သည့်အခါတွင်ဖြစ်သည်။ ငါးယောက်သည် ဒဏ်ရာအပြင်းအထန်ရထား၍ ဆံပင်များ ဖွာလန်ကျဲကာ ဖြူဖတ်ဖြူရော်ဖြစ်နေလေသည်။

ကြည့်ရသရွေ့ ဖန်မျိုးနွယ်စု၏ မျက်နှာပြင်အောက်တွင် အစပျိုးနေသော မုန်ုတိုင်းကြီးကား ထိန်းချုပ်၍မရတော့မည့်ပုံရသည်။

တစ်ချိန်တွင် ဖန်မျိုးနွယ်၏ အပေါ်ထက်ရှိ ကောင်းကင်သည် မူလက နေသာ၍ ပြာလဲ့နေခဲ့၏။ ယခုတွင်မူ အနက်ရောင်တိမ်တိုက်များ စုဝေးလာခဲ့ပြီး မိုးခြိမ်းသံများက မြေပြင်ကို လှုပ်ခါနေစေသည်။ ငွေနဂါးများသဖွယ် လျှပ်စီးကြောင်းများက တိမ်တိုက်များကြား၌ ကူးလူးသွားလာနေလေသည်။

ဖန်မျိုးနွယ်၀င်များမှာ ဤအခြင်းအရာကို မြင်သောအခါ လွန်စွာ တိတ်ဆိတ်သွားကြသည်။ သူတို့မှာ မည်သည်တို့ ဖြစ်ပျက်ခဲ့မှန်း သေချာမသိသော်လည်း လေထုမှာ အေးစိမ့်လာနေကြောင်း ခံစားနေရ၏။

မန်ဟိုကတော့ တည်ငြိမ်အေးဆေးစွာဖြင့် ရှေ့ဆက်သွားနေသည်။ သူ့ခေါင်းထက်ရှိ အလင်းဖန်လုံးသည် မီတာ ၃၀၀ အထိ ကျယ်ဝန်းလာကာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။

သူ့နောက်ရှိ  ဖန်မျိုးနွယ်အစောင့်ခြောက်ယောက်မှာမူ တအံ့တဩ ကြည့်ရင်း ခေါင်းနပန်းကြီးနေကြသည်။ မည်သူမှ ဘာ့ကြောင့် ကောင်းကင်ကြီး အရောင်ပြောင်းပြီး လေတို့ အေးစိမ့်လာသလဲ မသိကြသော်ငြား သူတို့ကတော့ သိလေသည်။ ၎င်းတို့အားလုံးက မန်ဟို့ခေါင်းပေါ်ရှိ အလင်းဖန်လုံးကြောင့် ဖြစ်ပျက်နေခြင်းဖြစ်သည်။

မန်ဟို ပင်မ၀တ်ပြုကျောင်းသို့ ဦးတည်‌နေစဉ် အလင်းဖန်လုံးသည် သူ့ပတ်၀န်းကျင်ရှိ အပူနှင့် အလင်းအားလုံးကို ဆက်လက်စုပ်ယူနေ၏။

"ဒါက သူ နေကို ရင်ဆိုင်ခဲ့တုန်းက ဖန်တီးခဲ့တဲ့ နတ်ဘုရားစွမ်းရည်ပဲ" ခြောက်ယောက်၏ ခေါင်းဆောင်က ပြောသည်။ သူ့မျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ်နေပြီး သူ့မှာ ကျင့်ကြံခြင်းအခြေခံ မြင့်မားသည့်တိုင် ကြောက်လန့်စိတ်တို့ ကြီးထွားလာနေသည်ကို ခံစားနေရ၏။

အလင်းဖန်လုံး မီတာ ၆၀၀ အထိ ကြီးမားလာရန် သိပ်မကြာလိုက်ပေ။ မန်ဟိုကား ယခုတွင် ပင်မ၀တ်ပြုကျောင်း၏ အရှေ့သို့ ရောက်သွားပြီဖြစ်သည်။ သူ ပထမဆုံး သတိထားမိလိုက်သည့်အရာမှာ အထဲ၌ ထိုင်နေသော မဟာအကြီးအကဲကိုပင်။

ပင်မ၀တ်ပြုကျောင်းခန်းမထဲရှိ ထိုင်ခုံများတွင် ထိုင်နေသော အကြီးအကဲအမြောက်အမြားလည်း ရှိသည်။ တစ်ဦးတစ်ယောက်စီက တည်ငြိမ်အေးဆေးသော အမူအရာများကို ဆင်မြန်းထားကြပြီး မည်သူမှ စကားပြောခြင်းမရှိရာ ပင်မခန်းမတွင် ဧရာမဖိအားကြီး သက်ရောက်နေစေလေသည်။

မဟာအကြီးအကဲ၏ဘေးတွင် ထိုင်နေကြသူများမှာတော့ ဖန်ဝေ၏ အဘိုးနှင့် အဖေဖြစ်သည်။ သူတို့နှစ်ယောက်လုံးက မန်ဟို့ကို အေးစက်စွာ ကြည့်နေကြ၏။

အသတ်အဖြတ်စိတ်ဆန္ဒများက ဖန်ရှုံ့ရှန်း၏ မျက်လုံးအတွင်းပိုင်းထဲတွင် တောက်ပနေလေသည်။

မန်ဟိုကတော့ တည်ငြိမ်အေးဆေးနေမြဲသာ ဖြစ်သည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ပင်မ၀တ်ပြုကျောင်း၏အလယ်သို့ လမ်းလျှောက်သွား၏။

မီတာ ၆၀၀‌ အလင်းဖန်လုံးမှာမူ မန်ဟိုထားရစ်ခဲ့သော ၀တ်ပြုကျောင်း၏ အပြင်နားတွင် အလင်းရောင်နှင့် အပူများကို ဆက်လက်စုပ်ယူနေလေသည်။

အလင်းဖန်လုံးကြောင့် မန်ဟို ၀တ်ပြုကျောင်းခန်းမအတွင်းသို့ ၀င်ရောက်လာခြင်းက ရေခဲတမျှ အေးစိမ့်သော အအေးဓာတ်ကိုပါ သယ်ဆောင်လာသည်။ အလင်းတို့ပင်လျှင် မှေးမှိန်လာပြီး မြေကြီးတွင် ရေခဲများ ထလာ၏။

ပတ်၀န်းကျင်ရှိ အကြီးအကဲများ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိသော်လည်း သူတို့က ခန်းမအပြင်၌ ဝံပျဲနေသော အလင်းဖန်လုံးကို စစ်ဆေးရန် နတ်ဘုရားအာရုံများ စေလွှတ်ထားကြလေသည်။

"ဖန်ဟို မဟာအကြီးအကဲနဲ့ အကြီးအကဲတွေကို ဂါ၀ရပြုပါတယ်" သူက လက်နှစ်ဖက်ဆုပ်၍ လေးလေးနက်နက် အရိုအသေပေးရင်း မောက်မာတင်စီးခြင်းမရှိသလို၊ နှိမ့်ချခြင်းလည်းမရှိသော လေသံဖြင့် ပြောလိုက်သည်။ သူသည် မျိုးနွယ်စု၏ စည်းမျဉ်းများကို လိုက်နာနေခြင်းဖြစ်သည်။

မန်ဟို့ကိုကြည့်နေစဉ် မဟာအကြီးအကဲ၏မျက်နှာအမူအရာမှာ ခံစားချက်မဲ့လျက်ရှိသည်။ "ဟိုအာ" သူက တစ်လုံးချင်းပြောသည်။ "မင်းက အရှေ့တက်လှမ်းခြင်းနေနေ့မှာ အံ့ဖွယ်ပါရမီကို ပြသခဲ့ပြီး ငါတို့မျိုးနွယ်စု သမိုင်းတစ်လျှောက် ဘယ်ဂျူနီယာမျိုးဆက်မဆို ပျံသန်းခဲ့ဖူးတဲ့ အမြင့်ထက် ပိုမြင့်တဲ့အမြင့်ကို ပျံသန်းသွားခဲ့တယ်

"မင်းဟာ ဂြိုလ်ကနေ ထွက်၊ ကြယ်တာရာကောင်းကင်ထဲ ၀င်‌ရောက်ပြီး နေကို အသက်ဆယ်ရှိုက်အထိ ရင်ဆိုင်ခဲ့လို့ ကံကြမ္မာကောင်းနဲ့ ဉာဏ်အလင်းကို ရရှိခဲ့တယ်

“ဒီအရာတွေအားလုံးကြောင့် မင်းအတွက် ငါ အင်မတန်ပဲ ၀မ်းမြောက်မိတယ်" သူသည် ချီးကျူးအားပေးစကား ဆိုနေသော်လည်း သူ၏ မျက်နှာထားမှာတော့ တစ်ချိန်လုံး ခံစားချက်မဲ့လျက်ရှိသည်။

မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေရင်း လူအုပ်ကြီးကို လှည့်ပတ်ကြည့်ရှုကာ ဖန်ရှုံ့ရှန်းနှင့်ပက်သက်၍ သတိပေးခဲ့သော တိုက်ရိုက်သွေးဆက်အကြီးအကဲ၏ စကားလုံးများကို သတိရလိုက်၏။ လ၀က်ကြာသွားခဲ့ပြီဖြစ်၍ မန်ဟို ပြောနိုင်သည်ကတော့ ဤဆင့်ခေါ်မှုမှာ သူ့အတွက် ကောင်းမွန်သည့်အရာ မဖြစ်နိုင်ပေ။

အထူးသဖြင့် ခန်းမထဲ၌ရှိသော တိုက်ရိုက်သွေးဆက်အကြီးအကဲများ၏ မျက်လုံးများထဲရှိ စိုးရိမ်ပူပန်မှုများကို သတိထားမိလိုက်သောအခါတွင် ဖြစ်သည်။ ထိုမျှသာမက ဖန်ရွှီ၏အဖေလည်း ရှိနေပြီး မန်ဟို့ကို စိတ်ပူစွာ ကြည့်နေ၏။

"အကြီးအကဲတွေအားလုံးက မင်းရဲ့လုပ်ဆောင်မှုတွေနဲ့ ပက်သက်ပြီး ဆုချီးမြှင့်ပေးဖို့ အကြံပြုကြတယ်" မဟာအကြီးအကဲက ဆက်ပြောသည်။ "အဲ့‌ဒါကြောင့် ငါ သေချာတွေးပြီးတော့ သဘောတူဖို့ ဆုံးဖြတ်တယ်။ မင်းရဲ့ ဆုလာဘ်က ပထမမျိုးဆက်ခေါင်းဆောင်ကြီး ဖန်တီးခဲ့တဲ့ မျိုးနွယ်စုရဲ့ ဘိုးဘေးမြေထဲကို ၀င်ရောက်ခွင့်ပဲ။ တစ်ချိန်တုန်းက ငါတို့ဘိုးဘေးမြေဟာ အင်မော်တယ်အပျက်အစီးနယ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ဘိုးဘေးကြီးက အပျက်အစီးနယ်ရဲ့ အဲ့ဒီအပိုင်းကို ဖြတ်တောက်ပြီးတော့ ဒီကို သယ်လာခဲ့တာပဲ"

မန်ဟိုသည် ဤအခြင်းအရာကို ကြားသောအခါ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဖန်မျိုးနွယ်စုတွင် နက်နဲသော အရင်းအမြစ်များ ပိုင်ဆိုင်ထားသည်ကို သိသော်လည်း ပထမမျိုးဆက်ခေါင်းဆောင်ကြီးက အင်မော်တယ်အပျက်အစီးနယ်၏ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ခွဲထုတ်ပြီး ဘိုးဘေးမြေတစ်မြေအဖြစ် တည်ရှိစေဖို့ မျိုးနွယ်စုထံသို့ သယ်ဆောင်လာနိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဖန်မျိုးနွယ်စုရဲ့ နတ်ဘုရားစွမ်းအင်တွေနဲ့ မှော်သိုင်းကွက်တွေကို ပထမမျိုးနွယ်စုခေါင်းဆောင်ကြီးက အလွယ်တကူ လက်ဆင့်ကမ်းပေးခဲ့တာ မဟုတ်ဘူး" မဟာအကြီးအကဲက ဆက်ပြောပြသည်။ "အဲ့ဒီအစား ငါတို့မျိုးနွယ်၀င်တွေဟာ သူ ချန်ရစ်ခဲ့တဲ့ ဘိုးဘေးမြေထဲကို မျိုးရိုးစဉ်ဆက် ၀င်ရောက်ရတယ်။ ထပ်တလဲလဲ ရှာဖွေရင်းနဲ့ ဖန်မျိုးနွယ်စုရဲ့ မှော်ကျင့်စဉ်တွေကို ဖြည်းဖြည်းချင်း အတူတူ စုဆောင်းရတယ်

"ဒါပေမယ့် အဲ့ဒီမှာ ‌မတွေ့ရှိသေးတဲ့ မှော်သိုင်းကွက်တွေ ၊ မှော်ကျင့်စဉ်တွေရှိတယ်။ သူတို့ကို ရှာတွေ့ဖို့ဆိုတာ အခွင့်အရေးတစ်ခုလည်းဖြစ်သလို၊ ကံကြမ္မာကောင်းလဲ ဖြစ်တယ်

"ဒါ့အပြင် တာအိုနယ်ပယ်ရောက်ရှိပြီး ဂြိုလ်အပြင်မှာ သေဆုံးခြင်းမရှိတဲ့ ဘယ်ဖန်မျိုးနွယ်ဝင်မဆို သေခါနီးအချိန်ရောက်ရင် ဘိုးဘေးမြေထဲမှာ မြှုပ်နှံခံရဖို့ ရွေးချယ်ကြရတယ်။ သူတို့ဟာ သူတို့ရဲ့ ကျင့်စဉ်တွေ၊ လျှို့ဝှက်ချက်တွေကို ထားရစ်ခဲ့ပြီး အဲ့ဒီအရာတွေက ကံစပ်တဲ့ ဆက်ခံသူတွေ လာယူမှာကို စောင့်နေကြတယ်

"ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ တာအိုမှော်ကျင့်စဉ် ငါးခုထဲက လေးခုကိုတော့ ရှာတွေ့ပြီးသွားပြီ။ ဒါပေမယ့် အားလုံးထဲမှာ အစွမ်းထက်ဆုံးဖြစ်တဲ့ အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းခြင်းကိုတော့ ဘယ်တော့မှ ရှာမတွေ့ခဲ့ဘူး

"အဲ့ဒါတွေအားလုံးအပြင် ဘိုးဘေးမြေထဲမှာ ဆေးပင်တွေ၊ ဆေးဖော်နည်းတွေ အများကြီးရှိတယ်။ အင်မော်တယ်ရှေးဟောင်းတာအိုဆရာရတနာတွေရောပဲ။ သူတို့က လာယူမယ့်လူကို စောင့်နေကြတာ" မဟာအကြီးအကဲ စကားပြောနေစဉ် သူ၏ အေးစက်သောအသံသည် ၀တ်ပြုခန်းမတစ်ဝန်း ပဲ့တင်ထပ်နေ၏။

မန်ဟိုက တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် အရာအားလုံးကို နားထောင်နေသည်။

"ဘိုးဘေးမြေကို ဖွင့်ပေးဖို့ အင်မတန် များပြားတဲ့ အရင်းအမြစ်တွေကို လိုအပ်တယ်။ ပြောရရင် နှစ်ထောင်ချီကြာမှ တစ်ကြိမ်ပဲ ဖွင့်ပေးတာ။ ဒါပေမယ့် အဲ့ဒီအချိန် မ‌ရောက်လာသေးပေမယ့် ခြွင်းချက်ထားပြီး မင်းအတွက် ဖွင့်ပေးမယ်

"ဒါပေမယ့်…" ဤအခိုက်အတန့်တွင် မဟာအကြီးအကဲက ရုတ်တရက် ရပ်ပြီး ဆက်မပြောဘဲ မန်ဟို့ကို အကြာကြီး လေးနက်စွာ ကြည့်သည်။

“အန္တရာယ်တွေ အဲ့ဒီ့အထဲမှာ ကျက်စားနေတယ်။ အဲဒီအန္တရာယ်တွေက ပထမမျိုးဆက်ခေါင်းဆောင်ကြီး သူ့ရဲ့ ဆက်ခံသူတွေအတွက် ထားရစ်ခဲ့တဲ့ နတ်မီးလျှံစမ်းသပ်ပွဲတွေပဲ။ ဘိုးဘေးမြေက ထူးဆန်းတဲ့ ဖြစ်တည်မှုတွေ ပေါ်လာနိုင်တဲ့ သဘာလွန်နေရာတစ်နေရာဖြစ်တယ်

"ဒါကြောင့် မင်းလိုလူမျိုးအတွက် ကံကြမ္မာကောင်းရရင် ရနိုင်ပေမယ့် အတိုင်းထက်အလွန် အန္တရာယ်များတယ်။ နှစ်ပေါင်းများစွာအတောအတွင်း ဘိုးဘေးမြေထဲမှာ သေဆုံးသွားတဲ့လူတွေ သိပ်မများပေမယ့် သေဆုံးမှုတွေ ရှိနေသေးတယ်

"မင်း စဉ်းစားပါ။ ဒီအခွင့်အရေးကို လိုချင်လား မလိုချင်လားဆိုတာ" မဟာအကြီးအကဲ၏ နောက်ဆုံးစကားလုံးများက ဖန်ရှုံ့ရှန်းနှင့် ဖန်ဝေ၏အဘိုး အမူအရာများကို မသိမသာ ရိပ်ခနဲ ဖြစ်သွားစေသည်။ သူတို့သည် စဉ်းပင်မစဉ်းစားမိဘဲ မဟာအကြီးအကဲကို လှမ်းကြည့်လိုက်ကြ၏။

ဖန်ရှုံ့ရှန်းက မျက်မှောင်ကြုတ်နေသည်။ သူတို့ မဟာအကြီးအကဲနှင့် သဘောတူထားခဲ့သည်အရ ဘိုးဘေးမြေဖွင့်သည့်အခါ မန်ဟို ၀င်ရောက်ချင်သည်ဖြစ်စေ၊ မ၀င်ရောက်ချင်သည်ဖြစ်စေ အတင်းဖိအားပေးဖို့ ဖြစ်သည်။ သူ့တွင် ရွေးချယ်စရာရှိမည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ဖန်ရှုံ့ရှန်းနှင့် ဖန်ဝေ့အဘိုးနှစ်ယောက်လုံးတို့သည် သူတို့၏ သွေးဆက်ကို အမြဲထောက်ခံခဲ့သော မဟာအကြီးအကဲက နောက်ဆုံးအခိုက်အတန့်ကျမှ မည်သည့်အတွက်ကြောင့် မန်ဟို့ကို ၀င်ရောက်မည်လား၊ မ၀င်ရောက်မည်လား ရွေးချယ်ခိုင်းနေသည်လဲ နားမလည်နိုင်တော့ပေ။ သူတို့နှစ်ယောက် တုံ့ဆိုင်းနေကြစဉ် မဟာအကြီးအကဲက လက်ကို ဝှေ့ယမ်းလိုက်ရာ ခန်းမ၏ အလယ်တွင် ဝဲတစ်ခုအား ပေါ်လာစေသည်။ ဝဲသည် မီတာဒါဇင်ပေါင်းများစွာ ကျယ်၀န်းသည်အထိ လည်ပြီးရင်းလည်ရင်း ကြီးမားလာ၏။ ၎င်းက တလိမ့်လိမ့် ‌ထနေသော မြူများကို ထုတ်နေပြီး အထဲတွင် သီးခြားကမ္ဘာတစ်ခု၏ ပုံရိပ်က တဖြည်းဖြည်း ပေါ်လာသည်။

ထိုကမ္ဘာသည် တစတစ ထင်ရှားပြတ်သားလာ၏။

မန်ဟိုကား မဟာအကြီးအကဲကို ကြည့်နေစဉ် တည်ငြိမ်အေးဆေးလျက်ရှိသည်။ ရွေးချယ်ခွင့်ရခြင်းမှာ ထူးဆန်းလှ၏။ သူသည် တခဏ တွေးကြည့်ပြီးနောက် တိုက်ရိုက်သွေးဆက်အကြီးအကဲများကို ကြည့်ပြီး သူတို့လည်း တုံ့ဆိုင်းနေကြောင်း တွေ့လိုက်ရသည်။ သူ့မှာ ဖိအားပေးခံရသင့်သော အခြေအနေမျိုးတွင် အခွင့်အရေးပေးခံနေရလေသည်။

တစ်ချိန်တည်းမှာပင် အန္တရာယ်ကိုလည်း ရင်ဆိုင်နေရ၏။

"ဟိုအာ" ဖန်ရွှီ၏အဖေ ဦးလေးဆယ့်ကိုးက ပြောသည်။ "မင်း ဒီကိစ္စကို သေချာစဉ်းစားဖို့ လိုတယ်။ ဦးလေးအလိုအရတော့ မင်းကို ဘိုးဘေးမြေထဲ မဝင်စေချင်ဘူး။ အင်မော်တယ်နယ်ပယ် ရောက်တဲ့အထိ စောင့်လိုက်။ နောက်နှစ်ရာဂဏန်းလောက်ကြာရင် မင်းသွားနိုင်ပြီ။ အဲ့ဒါက အများကြီး ပိုကောင်းလိမ့်မယ်။ မင်းအတွက် အခုဝင်လိုက်စရာအကြောင်း မရှိဘူး။ ဟိုအာ သေသေချာချာ စဉ်းစားပါ"

မန်ဟိုက တခဏ တိတ်ဆိတ်သွားပြီးနောက် မဟာအကြီးအကဲဘက်လှည့်ကာ လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

"မဟာအကြီးအကဲ ၊ ကျုပ်တစ်ယောက်ပဲ ဝင်နိုင်တာလား။ မဝင်ဘဲနေလို့ရလားခင်ဗျာ"

"မင်း ဝင်မယ်ဆိုရင် တစ်ယောက်တည်း ဝင်ရလိမ့်မယ်" မဟာအကြီးအကဲက ပျော်ရွှင်ခြင်းမရှိသလို၊ ဒေါသထွက်ခြင်းလည်း မရှိသော အမူအရာဖြင့် ဖြေးညင်းစွာ ပြောသည်။ "မင်း ဒီအခွင့်အရေးကို ငြင်းချင်ရင်တော့ ဆေးအိမ်တော်ကို စိန်ခေါ်ဖို့ ဆေးဝါးတာအိုဌာနကို သွားနိုင်တယ်"

ဘေးတွင် ဖန်ရှုံးရှန်းမှာ ‌ဂနာမငြိမ် ဖြစ်နေသည်။ သူသည် ဤကိစ္စကို စီစဉ်ဖို့ ကြီးမားသောတန်ဖိုးကို ပေးဆပ်ခဲ့ရပြီး မန်ဟို မဝင်လျှင်တော့ သူ့အတွက် မန်ဟို့ကို သတ်ရန် ဖြစ်နိုင်တော့မည်မဟုတ်ပေ။

"မှတ်ထားပါ" မဟာအကြီးအကဲက မန်ဟို့ကို စူးရှသောအကြည့်တစ်ချက်ဖြင့် ကြည့်ရင်း ဆက်ပြောသည်။ "ဘိုးဘေးမြေထဲ ဝင်လိုက်တာနဲ့ အပြင်နဲ့ အဆက်အသွယ်အကုန်လုံး ဖြတ်တောက်ခံရမယ်။ အတွင်းမှာ ဖြစ်နေတာတွေကို ငါတို့ မမြင်နိုင်ဘူး"

ဤစကားလုံးများက ဖန်ရှုံ့ရှန်း၏မျက်နှာကို မဲ့သွားစေသည်။ သူက သူ့အဖေကို လှမ်းကြည့်လိုက်ပြီး မျက်နှာထားတည်နေသော်လည်း သူ၏သူငယ်အိမ်များ ကျုံ့နေကြောင်း သတိထားမိလိုက်၏။

မန်ဟိုမှာ မဟာအကြီးအကဲ မည်သည့်အတွက်ကြောင့် သူ့ကို ရွေးချယ်ခွင့်ပေးနေသလဲ နားမလည်တော့ပေ။ ပုံမှန်ဆို သူ့ကို ဖိအားပေးကြမှာဖြစ်သည်။ ယခုလိုဖြစ်ပျက်နေသော အခြေအနေက မန်ဟို့ကို ဝဲအား အလေးအနက် လှမ်းကြည့်မိလိုက်စေ၏။ ဖန်ရှုံ့ရှန်း၏ လုပ်ကြံမှုဖြစ်ကြောင်း သိသာ၍ ငြင်းဆန်တော့မည့်အချိန် ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူက ဝဲအတွင်းရှိ ကမ္ဘာကို ကြည့်ကာ မျက်လုံးများ ဝိုင်းစက်သွားလေသည်။

ယင်းမှာ မယုံကြည်နိုင်ဖွယ်ရာတစ်ခုကို လှမ်းမြင်လိုက်သကဲ့သို့ပင်။ သို့သော် သူ၏အမူအရာက လျင်မြန်စွာ ပုံမှန်အတိုင်း ဖြစ်သွားသည်။ စိတ်ထဲတွင်တော့ မိုးကြိုးပစ်ချခံခဲ့ရသည်ထက်ပင် အံ့အားသင့်နေသည်။ သူ့နှလုံးသားမှာ အထိန်းအချုပ်မဲ့စွာ ဒုန်းဆိုင်းခုန်လာ၏။

သူက ‌‌လည်ချောင်းနှင့်ပါးစပ်တို့ ခြောက်ကပ်နေလျက် ချက်ချင်း‌ ပြောလိုက်သည်။ "ကျုပ် ဘိုးဘေးမြေကို ဝင်မယ်"

***

All Chapters