← Chapters

မန်ဟို၏မျက်ရည်များ

Vol. 68 Ch. 945

မန်ဟို၏မျက်ရည်များ

Vol. 68 Ch. 945

ဝတ်ပြုကျောင်းထဲရှိ ဖန်ဝေ၏ သွေးဆက်ကို ထောက်ခံကူညီသော အကြီးအကဲများက မန်ဟို၏စကားကို ကြားလျှင် ခံစားချက်မဲ့စွာဖြင့် သူ့အား လှမ်းကြည့်ကြသည်။ တိုက်ရိုက်သွေးဆက်များမှာမူ စိုးရိမ်သောကများအား သူတို့၏မျက်နှာပေါ်တွင် မြင်ရနိုင်၏။ သို့သော် ဤသည်မှာ မန်ဟို၏ဆုံးဖြတ်ချက်ဖြစ်သည့်အတွက် သူ့စိတ်ပြောင်း‌အောင် နားချခြင်းမလုပ်ကြပေ။

မဟာအကြီးအကဲကိုယ်တိုင် ဘိုးဘေးမြေမှာ အန္တရာယ်များကြောင်း ‌သေသေချာချာ ရှင်းပြထားသည်မဟုတ်ပါလော။ ထိုကဲ့သို့အခြေအနေတွင်ပင် မန်ဟိုက ဝင်ရောက်ဖို့ ရွေးချယ်လိုက်သဖြင့် ဦးလေးဆယ့်ကိုးနှင့် တိုက်ရိုက်သွေးဆက်အကြီးအကဲအားလုံး သူ၏ခိုင်မာပြတ်သားမှုကို ခံစားလိုက်ရ၏။

သူတို့အားလုံးလုပ်နိုင်သမျှမှာ သက်ပြင်းခိုးချရုံသာ ဖြစ်ချေသည်။

မဟာအကြီးအကဲက မန်ဟို့ကို တခဏ လေးလေးနက်နက် ကြည့်သည်။ သူ၏မျက်နှာထားအရ သူ ဘာတွေးနေသလဲ မသိရသော်လည်း မန်ဟို့ကို ကြည့်နေသောပုံစံမှာ ... အတော်လေး ထူးဆန်းလှ၏။

အားလုံးအထဲ စိတ်အလှုပ်ရှားဆုံးမှာတော့ ဖန်ရှုံ့ရှန်းပင်။ သူသည် အသက်ပြင်းပြင်းရှူသွင်းပြီး သူ့ရင်ထဲ၌ ဆူပွက်နေသော သတ်ဖြတ်လိုစိတ်တို့ကို မဖော်ပြဘဲ မန်ဟို့ကို စိုက်ကြည့်၏။ ဖန်ဝေ၏အဘိုးက မဟာအကြီးအကဲ မန်ဟို့အား ကြည့်နေပုံနှင့်ပတ်သက်ပြီး မျက်မှောင်ကြုတ်သွားသည်။ အကြောင်းတစ်စုံတရာကြောင့် သူ့မှာ လွန်စွာရတက်မအေး ဖြစ်လာ၏။

မဟာအကြီးအကဲက တခဏ တိတ်ဆိတ်နေပြီးနောက် အေးစက်စက် ပြောသည်။ "မင်းရဲ့ ဆုံးဖြတ်ချက်က အဲဒီလိုဆိုမှတော့ အခုသွားလိုက်တော့"

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ညင်သာသော လေတစ်ချက်က မန်ဟို့ကို ရစ်သိုင်းကာ ဝဲထံသို့ ပို့ပေးလိုက်သည်။

"နှစ်လကြာရင် ဘိုးဘေးမြေက အလိုလိုပြန်ပွင့်လာလိမ့်မယ်။ အဲ့ဒါကျ မင်း ထွက်လာလို့ရပြီ။ အဲဒီနှစ်လအတွင်း ... ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ" စကားလုံးများ ထွက်လာသည့်အချိန်မှာပင် မန်ဟိုသည် လေကိုခွင်းသွားပြီဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း သူကား ဝဲ၏အပြင်နားလေးသို့ ရောက်သွားခဲ့ချေပြီ။ အထဲကို ကြည့်လိုက်သောအခါတွင် သူ့မှာ ရင်တဒိန်းဒိန်းခုန်လာပြီး အတိတ်မှအမှတ်တရများက သူ့နှလုံးသားထဲတွင် ပြည့်နှက်နေရာယူလာ၏။

ဂျိန်း

ဝဲမျက်နှာပြင်မှာ ရေပြင်အလားပင်။ ၎င်းကို ထိလိုက်လျှင်ချင်း မန်ဟိုမှာ နစ်ဝင်သွားသည်။ ထို့နောက် ပျောက်ကွယ်သွား၏။ ဝဲက လှုပ်ရှားနေခြင်းရပ်ပြီးနောက် ဝတ်ပြုကျောင်းခန်းမထဲမှ တစတစ မှေးမှိန်ကာ ပျောက်ကွယ်သွားသည်။

ထိုအခိုက်အတန့်တွင် အရှေ့အောင်ပွဲဂြိုဟ်၏ နေရာအသီးသီးရှိ ဧရိယာကိုးခုသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်အလင်းဖြင့် ‌ရုတ်တရက် တောက်ပသွား၏။ ထိုအလင်းရောင်များမှာ ခံစားချက်မဲ့သော အနက်ဝတ်ကျင့်ကြံသူကိုးယောက် ထိုင်နေသည့် နေရာရွှေ့‌ပြောင်းခြင်းမုခ်ဝများမှ ဖြာထွက်လာခြင်းဖြစ်သည်။

မရေမတွက်နိုင်သော လူများ သူတို့၏လက်နှင့် အသတ်ခံခဲ့ရသည့်အလား ဤကျင့်ကြံသူကိုးယောက်တွင် လူသတ်ငွေ့များ တထောင်းထောင်း ထနေ၏။

မန်ဟိုသာ ထိုအထဲမှ တစ်ယောက်ယောက်ကို မြင်လိုက်လျှင် ချက်ချင်း မှတ်မိသွားလိမ့်မည်။ ဤကိုးယောက်ဝတ်ထားသော အနက်ရောင်အဝတ်အစားများသည် သူနှင့် ဦးလေးဆယ့်ကိုးအား အရှေ့အောင်ပွဲဂြိုဟ်သို့ သွားရာလမ်းတွင် ချုံခိုတိုက်ခိုက်ခဲ့သူများ ဝတ်ခဲ့သော အဝတ်အစားများနှင့် တစ်ပုံစံတည်းဖြစ်သည်။

သူတို့ နေရာရွှေ့ပြောင်းခြင်းမုခ်ဝများထဲတွင် တင်ပျဉ်ခွေထိုင်နေကြစဉ် ရုတ်တရက် အလင်းရောင်များက သူတို့ကို ဝန်းရံလိုက်ပြီးနောက် သူတို့အားလုံး ပျောက်ကွယ်သွားကြ၏။ ၎င်းကား မန်ဟို ဘိုးဘေးမြေထဲသို့ ဝင်ရောက်ပျောက်သွားခဲ့သည့်အချိန်နှင့် တစ်ချိန်တည်းပင်။

‌ထိုတစ်ချိန်တည်းမှာပင် ‌နောက်တစ်ခုဖြစ်ပျက်သွားခဲ့သည်။ ဖန်မျိုးနွယ်စု ဘိုးဘေးစံအိမ်၏ မြေအောက်အတွင်းထဲတွင် ပိန်ချုံးခြောက်ကပ်နေသော လူရိပ်ခုနစ်ခုသည် တင်ပျဉ်ခွေလျက် တရားထိုင်နေကြ၏။ သူတို့အထဲမှ တစ်ယောက်က အရှေ့တက်လှမ်းခြင်းနေနေ့တွင် မျက်လုံးဖွင့်ခဲ့သော ကြက်သွေးရောင်ဝတ်ရုံနှင့်အဘိုးကြီးဖြစ်သည်။ ဤအခိုက်အတန့်တွင်လည်း သူ၏မျက်လုံးများက ပွင့်လာပြီး ‌အနန္တရှေးကျမှုတို့ဖြင့် တောက်ပနေသည်။

"ဒီကလေးရဲ့ သွေးဆက်က သန်မာတယ် ... သူက အစ်ကိုအကြီးဆုံးရဲ့သွေးဆက်တစ်ဦးပဲ။ မျိုးနွယ်စုမှာ ဒီမျိုးဆက်ရဲ့ ရွေးချယ်ခံ ဖြစ်ရမယ်" အဘိုးကြီးသည် အနက်ဝတ်လူများ ပျောက်ကွယ်သွားသည်ကို အာရုံရလိုက်သဖြင့် မျက်လုံးများ လင်းခနဲ လက်သွားပြီး အေးစက်စွာ တောက်ပလာတော့၏။

"စိတ်ဝင်စားစရာပဲ။ တစ်ယောက်ယောက်ကတော့ မျိုးနွယ်စုစည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး မျိုးနွယ်စုထဲမှ တိုက်ခိုက်ရဲနေပြီ... အဲ့ဒါတင်မကဘူး ဘိုးဘေးမြေထဲမှာမှ တိုက်ခိုက်ဖို့ ရွေးချယ်ထားတယ်" သူ့မျက်လုံးများထဲရှိ အေးစက်မှုမှာ ပိုမိုပြင်းထန်လာသည်။

"အစ်ကိုခြောက်ရဲ့ သွေးဆက်လား ... " အဘိုးကြီးသည် မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးရင်း တခဏ တွေးသွားသည်။ သူက ကျောက်လိုဏ်ဂူ၏ ပိတ်ပိန်းနေသော အမှောင်ထုထဲတွင် တရားထိုင်နေသော ခြောက်ယောက်မြောက်ပုဂ္ဂိုလ်ကို ခေါင်းလှည့်ကြည့်လိုက်သည်။

ဤမြေအောက်ခန်းထဲတွင် စုစုပေါင်း လူခုနစ်ယောက်ရှိ၏။ မူလအတိုင်းဆိုလျှင် ကြက်သွေးရောင်ဝတ်ရုံနှင့် အဘိုးကြီးအနေဖြင့် အိပ်ပျော်နေသင့်ပြီး ဤခေတ်တွင် နိုးထမလာသင့်ပေ။ မျိုးနွယ်စု၏ စည်းမျဉ်း‌များအရ ဤခေတ်တွင် သတိပြန်လည်လာသင့်သူမှာ ဆဋ္ဌမ‌ခေါင်းဆောင်ကြီးဖြစ်သည်။

သို့သော် မန်ဟို၏ ‌နတ်မီးတောက်အဆီအနှစ်က အရှေ့တက်လှမ်းခြင်းနေနေ့တွင် အဘိုးကြီး၏အရှိန်အဝါကို လှုံ့ဆော်ကာ သတိပြန်လည်လာစေခဲ့သည်။ ထို့နောက် သူက တရားပြန်ထိုင်ရန် ပြင်ခဲ့သော်လည်း စိတ်ပြောင်းခဲ့၏။

"အစ်ကိုခြောက်က အရိပ်ထင်ဟပ်အခြေအနေကို ရောက်နေတာ။ သူ့ဝိညာဉ်က သူ့ကိုယ်ထဲမှာ မရှိတော့ဘူး" သူက တခဏ တွေးလိုက်သည်။

"အစ်ကိုခြောက်က ပြန်ဝင်စားခြင်းမန္တန်တာအိုမှော်ကျင့်စဉ်ကို အထွတ်အထိပ်အထိ ကျင့်ကြံပြီးသွားပြီ။ ဒါပေမဲ့ .... တန်ရဲ့လား" အဘိုးကြီးက မျက်လုံးများကို ပိတ်လိုက်သည်။ ဤသို့မျက်လုံးပိတ်ခြင်းက ငြိမ်သက်သောအခြေ‌အနေသို့ ပြန်သက်ဆင်းရန် မဟုတ်ပေ။ သူသည် နတ်ဘုရားစိတ်ဆန္ဒတချို့ကို တိတ်တဆိတ် ထုတ်လွှတ်ကာ ... ကမ္ဘာမြေကြီးတစ်လျှောက် ထိုးဖောက်ဖြတ်သန်းရင်း ဘိုးဘေးမြေသို့ ရောက်ရှိသွားစေ၏။

**

တိမ်တိုက်မြူစိုင်များအကြား၌ မိုးကြိုးလျှပ်နွယ်များက ကမ္ဘာမြေကို ထက်ပိုင်းပိုင်းပစ်လိုသည့်အလား ကခုန်သောင်းကျန်းနေသဖြင့် ‌မိုးနှင့်မြေမှာ တုန်ခါလျက်ရှိ၏။ မျက်စိတဆုံး ဆန့်တန်းလျက်ရှိသော ပထဝီမြေကြီးမှာ ညိုညစ်ညစ်‌သမ်းနေရာ သွေးတို့ စွန်းထေးနေသယောင်ထင်ရသည်။

လျှိုချောက်မြောင်များ ဖုံးလွှမ်းနေခြင်းမရှိသော မြေပြင်ဧရိယာများမှာမူ ပေါင်းမြက်ပင်များ ထူထဲလျက်ရှိနေသည်။

‌ပျက်စီးခြောက်ကပ်မှု၊ အထီးကျန်အဖော်မဲ့မှုတို့က အရပ်လေးမျက်နှာတွင် ထာဝရမင်းမူနေတော့မည့်အလားပင်။ အဝေးတွင် အပြိုအပျက်များကို မြင်ရနိုင်ပြီး ထို့ထက်ဝေးဝေးတွင်တော့ သိပ်သည်းသော အနက်ရောင်အခိုးအငွေ့များအား မှုတ်ထုတ်နေသော မီးတောင်တစ်လုံးရှိသည်။

ရံဖန်ရံခါ ခြောက်လှန့်သံများက လေမုန်တိုင်းများသဖွယ် မြေပြင်တစ်လျှောက် သောင်းကျန်းပျံ့လွင့်နေရာ အရာအားလုံးကို တုန်ခါနေစေသည်။

ဤနေရာ၏ လျှို့ဝှက်ဆန်းကြယ်မှုသည် အင်မော်တယ်အပျက်အစီးများနယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ဖူးရာမှ အရင်းခံ၏။ ယခုမူ ၎င်းကား ဖန်မျိုးနွယ်စု၏ ဂုဏ်ယူရသော ဘိုးဘေးမြေဖြစ်လာခဲ့သည်။

ပထမဆုံးမျိုးဆက်ခေါင်းဆောင်ကြီးအား ဤနေရာတွင် မြေမြှုပ်ခဲ့သည်။ တရားထိုင်ရင်း ကွယ်လွန်သွားခဲ့သော မျိုးနွယ်စု၏ ကျန်တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများ၊ သူ၏မျိုးဆက်များကိုလည်း ဤနေရာတွင် မြေချခဲ့၏။

ဘိုးဘေးမြေသည် မျဉ်းဖြောင့်ပုံသဏ္ဌာန် ရှိသည်။ အတွင်းပိုင်းထဲ ရောက်လေလေ၊ အန္တရာယ်များလေလေပင်။ ဝင်ပေါက်အနားရှိ မြေကြီးညိုညိုများ ပတ်ဝန်းကျင်တွင်မူ တောင်တန်းနှစ်တန်းအား မြင်ရနိုင်သည်။

ဤတောင်တန်းနှစ်တန်းသည် အချွန်အထက်များနှင့် မာနကြီးသော ကျောက်နဂါးကြီးနှစ်ကောင်နှင့်တူသည်။

တောင်တန်းနှစ်တန်းအကြား၌ ဖြောင့်ဖြူးနေသော လမ်းတစ်လမ်းရှိသည်။ အင်မတန် မြင့်မားသော တောင်ထိပ်မှ ကြည့်လျှင်တော့ ၎င်းမှာ ချည်မျှင်လေးတစ်မျှင်အလားပင်။ ဘိုးဘေးမြေထဲသို့ ဦးတည်နေသော မဟာတံခါးကြီးရှိသယောင် ထင်ရသော်လည်း တကယ်တမ်း မည်သည့်တံခါးမှ မရှိပေ.... တောင်တန်းများထက်ပင် ကြီးမားသော ဧရာမရုပ်တုကြီးတစ်ခုသာ ရှိသည်။

ဤရုပ်တုကြီးသည် တောင်တန်းများနှင့် ခွဲခွာမရအောင် ချိတ်ဆက်နေသည်ထင်ရ၏။ ၎င်းသည် နက်မှောင်နေပြီး ကြီးမားလေးလံသော ချပ်ဝတ်တန်ဆာတစ်စုံကို ဝတ်ထားသည်။ ၎င်း၏လက်နှစ်ဖက်က မဟာဓားတစ်လက်၏ ဓားရိုးအပေါ် တင်ထားပြီး ရုပ်တုကြီးမှာ နှိုင်းယှဉ်မရလောက်အောင် ရှေးကျပုံပင်။

ဓားကြီးကတော့ မီတာဒါဇင်များစွာ ကျယ်ပြန့်ပြီး မြေကြီးထဲ စိုက်နေသည်။ ရိုးရှင်းပြီး ဖြစ်ကတတ်ဆန်း ရေးထားသကဲ့သို့ ထင်ရသော်လည်း အဓိပ္ပာယ်ဖော်ရန် မ‌ဖြစ်နိုင်အောင် လျှို့ဝှက်နက်နဲသော ရှေးဟောင်းမှော်သင်္ကေတများအား ၎င်း၏မျက်နှာအပေါ်တွင် ရေးဆွဲထား၏။

ရုပ်တုကြီး၏မျက်လုံးများသည် မည်သည့်ခံစားချက်မှ ရှိမနေရာ ရုပ်တုကြီးအား လုံးဝ အသက်မဲ့နေပုံပေါ်စေသည်။ ၎င်းမှာ ဘိုးဘေးမြေ‌ကို စောင့်ရှောက်ပေးနေသော အဆင်တန်ဆာလေးမျှသာ ထင်ရသည်။

သို့သော် အဝေးမှကြည့်လျှင်တော့ ရုပ်တုကြီးသည် .... တစ်စုံတစ်ခုကို စောင့်စားနေသည့်အလား ခေါင်းမော့ရင်း အဝေးသို့ မျှော်ကြည့်နေကြောင်း မြင်နိုင်သည်။

ဘိုးဘေးမြေသို့ လာခဲ့ဖူးသော မည်သည့်ဖန်မျိုးနွယ်မဆို ဤရုပ်တုကြီးကို သိ၏။ ဒဏ္ဍာရီများအရ ရုပ်တုကြီး၏မူလအစမှာ ‌ပဟေဠိတစ်ပုဒ်သာ ဖြစ်နေသည်။ ၎င်းသည် ကျီမျိုးနွယ်စု မိုးကောင်းကင်ကို ပြောင်းလဲ၍ နဝမတောင်ပင်လယ်အား သိမ်းပိုက်ခဲ့သည့်နှစ်တွင် ‌ကြယ်တာရာကောင်းကင်ရှိ တစ်နေရာမှ ဤနေရာသို့ ပျံသန်းလာခဲ့သည်ဟု ဆို၏။

ထိုအချိန်မှစပြီး ရုပ်တုကြီးသည် ဤနေရာတွင် မလှုပ်မယှက်ရပ်ရင်း ဘိုးဘေးမြေကို စောင့်ရှောက်နေခဲ့သည်။

နှစ်ပေါင်းများစွာကြာသော် ရုပ်တုကြီးက ဘိုးဘေးမြေကိုသာမက ဖန်မျိုးနွယ်စု၏ သွေးဆက်အားလုံးကို စောင့်ရှောက်ပေးနေခြင်းဖြစ်သည်ဆိုသော ကောလဟာလများ ပျံနှံ့လာခဲ့သည်။

တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည်နှင့်အမျှ ကောလဟာလများ ၊ ဇာတ်လမ်းပုံပြင်များ တိိမ်ကောသွားခဲ့သည်။ ဖန်မျိုးနွယ်စု၏ မျိုးဆက်တိုင်းတွင် ဤရုပ်တုကြီးကို ကြည့်ဖို့ ရောက်လာကြသူများ အမြဲရှိပေသည်။ သို့သော် သူတို့သည် အခြေအမြစ်မရှိသော အတိတ်ဇာတ်လမ်းများကို သတိမရကြတော့ပေ။ ၎င်းတို့က ပါးစပ်ရာဇဝင်များသာ မဟုတ်ပါလော။

ရုပ်တုကြီး တစ်စုံတစ်ခုကို စောင့်စားနေသည့်အလား ခေါင်းမော့နေသော အကြောင်းရင်းကိုလည်း စဉ်းစားမနေကြတော့ပေ။

ဤရုပ်တုကြီး ဘာကြောင့် ဖန်မျိုးနွယ်စုသို့ ရောက်လာခဲ့သလဲ ဆိုသည်ကို‌ ‌သော်လည်းကောင်း... ၊ မည်သည့်အရာကို စောင့်စားနေသလဲ ဆိုသည်ကိုသော်လည်းကောင်း မည်သူမှ မသိကြပေ။

၎င်းသည် မိုးမြေကို တုန်လှုပ်စေနိုင်သော အရှိန်အဝါ ၊ အစွမ်းထက်ပညာရှင်တစ်ဦး၏အရှိန်အဝါကြိ ထုတ်လွှတ်နေ၏။ မန်ဟို ၎င်းကို ကြည့်လိုက်သောအခါ မဟာအကြီးအကဲပင် ယှဉ်နိုင်မည်မဟုတ်သည့် အလွန်ပြင်းပြသောခံစားချက်ကို ခံစားလိုက်ရသည်။

ဤရုပ်တုကြီးသည် ... အတိတ်တုန်းက မန်ဟို ၎င်းမည်မျှအစွမ်းထက်သလဲ မခန့်မှန်းနိုင်ခဲ့သည်အထိ လွန်စွာ အစွမ်းထက်၏။ ယခု ရုပ်တုကြီးကို ကြည့်ရာတွင် သူ နားလည်လိုက်လေပြီ... ဤရုပ်တုကြိီး၏အရှိန်အဝါသည် ပါရာဂွန်တစ်ဦးပမာပင်။

မန်ဟိုသည်‌ တောင်တန်းနှစ်တန်းအကြားရှိ မြေပြင်ကျယ်တွင် ရပ်နေ၏။ ဤသည်မှာ ဘိုးဘေးမြေသို့ ဝင်လျှင်ချင်း သူ ပေါ်လာခဲ့သော နေရာပင်။ လောလောဆယ်တွင် သူက ရုပ်တုကြီးကို လေးလေးနက်နက် ကြည့်ရင်း မလှုပ်မယှက် ရပ်နေလေသည်။

ဤဘိုးဘေးမြေခရီးစဉ်မှာ လျှို့ဝှက်ကြံစည်မှုဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ အကောင်းဆုံးရွေးချယ်မှုက ဤနေရာသို့ မလာခြင်းဖြစ်ကြောင်းကိုလည်း သိသည့်တိုင် မဟာအကြီးအကဲ သူ့အား ပေးခဲ့သော အခွင့်အရေးကို ယူခဲ့လေသည်။

အမှန်တော့ အစတုန်းက သူသည် ဤနေရာသို့ ဝင်ရန် စိတ်ကူးမရှိခဲ့ပေ။ သို့ရာတွင် ဝဲထဲသို့ လှမ်းကြည့်၍ ဤ‌ဧရာမရုပ်တုကြီးကို မြင်သောအခါ သူ့ရင်ထဲတွင် ဗလောင်ဆူသွားခဲ့၏။

ဤ‌‌ဗလောင်ဆူမှုက သူ့က်ု လွှမ်းမိုးသွားခဲ့ပြီး တစ်ချိန်ုတုန်းက အမှတ်တရများထံသို့ သူ့အား ဆွဲခေါ်သွားတော့သည်။

သူသည် တုန်ရီလာပြီး သူ့မျက်လုံးထဲတွင် အတိတ်ကို လွမ်းဆွတ်မှုတို့ ပြည့်နှက်လာသည်။ သူ့မှာ သူ့ကိုယ်သူပင် မထိန်းနိုင်တော့ဘဲ ရုပ်တု၏အရှေ့သို့ လှမ်းလျှောက်သွားလိုက်မိသည်။ သူက သူ၏ခြေ‌ဖဝါးအရှေ့တွင် ရပ်ကာ ၎င်းကို အသာအယာ ပွပ်သပ်ပေးလိုက်လေသည်။

သူ့လက်မှာ တုန်ရီနေပြီး ရုပ်တုကို ထိပြီးနောက်တွင် တစ်ကိုယ်လုံးတုန်ရီလာသည်။ သူသည် အလွန့်အလွန်မြင့်မားသော ရုပ်တုကြီးကို ဖြေးညင်းစွာ မော့ကြည့်လိုက်သည်။ ထို့နောက် လေပေါ် ပျံတက်သွား၏။

သူသည် ရုပ်တုတစ်ခုလုံးကို သေသေချာချာ ကြည့်ချင်သည့်အလား ဖြေးဖြေးချင်းသာ ရွေ့လျားသွား၏။ နောက်ဆုံး သူသည် ၎င်း၏ခေါင်းထံသို့ ရောက်သွားပြီး ၎င်း၏မျက်လုံးများကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် .... သူ၏မျက်ဝန်းများ၌ မျက်ရည်များ ဝဲတက်လာ၏။

"ကျောက်စစ်သည်တော်..." သူက ဖွဖွလေး ရေရွတ်လိုက်သည်။ နောက်ဆုံးတော့ မျက်ရည်များက သူ့ပါးတစ်လျှောက် စီးကျလာပြီး မြေသို့ခသည်။ တစ်ခါက ဤစစ်သည်တော်သည် သုံးမီတာခန့်သာ မြင့်မားခဲ့ကြောင်း သူ သတိရလိုက်သည်။ ၎င်းသည် ယခုတွင် ယခင်ထက်များစွာပို၍ ကြီးမားနေပြီဖြစ်လင့်ကစား မန်ဟိုမှာ သူ့နှင့် ဆက်သွယ်မှုရှိသော ဤစစ်သည်အား ဘယ်တော့မှ မေ့ရမည်မဟုတ်ပေ။

အန္တရာယ်‌ရှိသည်ကို သိသိရက်နှင့် ဤဘိုးဘေးမြေသို့ ဝင်ရောက်ဖို့ ရွေးချယ်ခဲ့သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ... ဤရုပ်တုကြီးကြောင့်ပင်။

ဝတ်ပြုကျောင်းမှာတုန်းက ဝဲထဲသို့ လှမ်းကြည့်ပြီး ရုပ်တုကြီးကို မြင်လိုက်သည့်အခါ သူ့မှာ မယုံနိုင်လောက်အောင် ဖြစ်ခဲ့၏။

ဤရုပ်တုကို သူ မည်ကဲ့သို့ မေ့နိုင်မည်နည်း...

ဤသည်မှာ ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်း၊ ဒုတိယပြင်ညီ၏ ပုံရိပ်ယောင်ကမ္ဘာတွင် သူ၏မွေးစားအဖေ ခဲယွင်ဟိုင်မှ သူ့အတွက် ဖန်တီးပေးခဲ့သော ကျောက်စစ်သည်နှစ်ဦးအနက်မှ တစ်ဦးပင်။

ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် ခဲကျုံစစ်အဖြစ် နေထိုင်ခဲ့ရစဉ်က သူ၏ဘဝကို သူ ဘယ်တော့မှ ၊ ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ပေ။

"အဖေ...." မန်ဟိုက မျက်ရည်များနှင့် ပြောသည်။ သူ့တစ်ကိုယ်လုံးမှ တုန်ရီနေပြီး သူက ရုပ်တုကြီးကို ကြည့်ရင်း ရှိုက်ငိုနေ‌လေသည်။ ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ အမှတ်တရများက သူ့စိတ်ထဲတွင် ပြည့်နှက်လာသည်။ ရုတ်တရက်ဆိုသလို ခဲယွင်ဟိုင်၏ တည်ကြည်လေးနက်သော်လည်း ချစ်ခြင်းမေတ္တာတို့ လွှမ်းနေသောမျက်နှာကို သူ မြင်ယောင်လာမိသည်။

ထိုနှစ်တုန်းက အသုဘခေါင်းလောင်းသံ (၉၉) ချက်သည် သူ့စိတ်ဝယ် တစ်ဖန်မြည်လာ၏။

ကျောက်စစ်သည်နှစ်ဦးကို ဘယ်တော့မှ ထပ်မြင်ရတော့မည်မဟုတ်ဟု သူ ထင်ထားခဲ့သည်မှာ ကြာခဲ့လေပြီ။ အစစ်အမှန်ကမ္ဘာ၊ ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်း၏ တတိယပြင်ညီမှာတုန်းက ၎င်းတို့ကို လိုက်ရှာခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။

မန်ဟိုမှာ ထိုရုပ်တုထဲမှ တစ်ရုပ်ကို ဤနေရာ ... ဖန်မျိုးနွယ်စု၏ဘိုးဘေးမြေတွင် မြင်တွေ့ရလိမ့်မည်ဟု တစ်ခါမှ တွေးမထားခဲ့ပေ။

ခဲယွင်ဟိုင်သည် သူ၏သက်တမ်းကုန်ဆုံးတော့မည်ကို သိ၍ မန်ဟို့ကို ကာကွယ်ရန် ဤကျောက်စစ်သည်များကို ဖန်ဆင်းခဲ့ခြင်းဖြစ်၏။ ၎င်းကြောင့်သာ မန်ဟိုမှာ အန္တရာယ်များကို သိသိရက်နှင့် ဘိုးဘေးမြေထဲသို့ တုံ့ဆိုင်းခြင်းမရှိ ဝင်ခဲ့ခြင်းဖြစ်သည်။

အန္တရာယ်သည် ထင်ထားသည်ထက်ပင် အဆများစွာ များပြားလင့်ကစား မန်ဟိုသည် ဤနေရာသို့ လာရန် ဘယ်တော့မှ တွန့်ဆုတ်နေမည်မဟုတ်ပေ။

အကြောင်းရင်းတစ်ခုလုံးကား .... ခဲယွင်ဟိုင်ကြောင့်သာ ဖြစ်ချေ၏။

***

All Chapters