← Chapters

တစ်ခုသော ပစ္စည်း၊ တစ်ယောက်သော လူ

Vol. 68 Ch. 946

တစ်ခုသော ပစ္စည်း၊ တစ်ယောက်သော လူ

Vol. 68 Ch. 946

ရုပ်တုကြီး မည်သည့်အရာကို စောင့်စားနေသနည်း။

ဤသည်မှာ ဖန်မျိုးနွယ်စု၏ မျိုးရိုးစဉ်ဆက် မဖြေနိုင်ခဲ့သော မေးခွန်းတစ်ခုဖြစ်သည်။

မန်ဟိုသည် ရုပ်တုကြီး သူ့ကို စောင့်စားနေခဲ့ကြောင်း ကောင်းကောင်း သိသဖြင့် ငိုကြွေးရင်း ရုပ်တုကြီးကို ကြည့်နေ၏။

၎င်းကား သူ့ကို နှစ်သောင်းပေါင်းများစွာ စောင့်စားရင်း ဤနေရာတွင် အထီးကျန်နေခဲ့ရလေသည်.....

၎င်း ဖန်မျိုးနွယ်စုသို့ ပျံသန်းလာခဲ့သော အကြောင်းရင်းမှာ မန်ဟို့နဖူးမှ ထွက်လာခဲ့သော ဝိညာဉ်သွေးက သူ့အား ရုပ်တုနှင့် ဆက်သွယ်သွားစေခဲ့သည့်အတွက်ပင်။ ထိုအကြောင်းကြောင့် သူတို့နှစ်ယောက် မည်မျှပင် ကွဲကွာနေပါစေ၊ မည်သူ ဤစစ်သည်ကြီးကို ပိုင်ဆိုင်ပါစေ .... မန်ဟိုက ၎င်း၏မူလသခင် ဖြစ်သည်။

လွန်ခဲ့‌သောနှစ်ပေါင်းများစွာက မန်ဟို မွေးပင်မမွေးသေးမီ ရုပ်တုကြီးသည် သူ့သွေးမှ လမ်းညွှန်ရာအတိုင်း အာကာသကို ဖြတ်၍ ဖန်မျိုးနွယ်စုသို့ ပျံသန်းလာခဲ့၏။ ၎င်းသည် ရင်းနှီးသောသွေးဆက်ကို ခံစားခဲ့ရသောနေရာတစ်နေရာကို ရှာတွေ့သွားပြီးနောက် ဤနေရာတွင် တိတ်ဆိတ်စွာ စောင့်စားနေရန် ရွေးချယ်ခဲ့လေသည်။

ဤသည်မှာ ဖန်မျိုးနွယ်ဝင်များစွာ မေးမြန်းနေသော မေးခွန်းအတွက် ရိုးရိုးရှင်းရှင်းအဖြေ ဖြစ်သည်။

ဤသည်မှာ မန်ဟို့အတွက် ခဲယွင်ဟိုင်ဖန်တီးခဲ့သော ရုပ်တုနှစ်ခုအနက်မှ တစ်ခုသာ ရှိသေးသည်။

ကျန်တစ်ခုကတော့ တိုက်ပွဲတစ်ပွဲအတွင်း၌ ပျက်စီးသွားခဲ့ပြီးဖြစ်လောက်သည်။ သို့မဟုတ် အဝေးတစ်နေရာတွင် ဤရုပ်တုကြီးကဲ့သို့ အထီးကျန်စွာ ရပ်ပြီး မန်ဟိုလာမည့်အချိန်ကို စောင့်ရင်း ကောင်းကင်ကြီးအား ငေးမော့ကြည့်နေကောင်း ကြည့်နေလောက်သည်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားပြီး နောက်ဆုံးတွင် မန်ဟိုက ရုပ်တုကြီး၏ခေါင်းပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူက ရုပ်တုကြီး၏မျက်နှာပြင်အား ညင်သာစွာ ပွတ်ရင်း အတိတ်ကို လွမ်းဆွတ်နေလေသည်။ သူ့မှာ ရှေးမိစ္ဆာအင်မော်တယ်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်တွေးပြီး ဝမ်းနည်းလာ၏။

တစ်ခါတရံ တစ်ခုသောပစ္စည်းက တစ်‌ယောက်သောသူကို သတိရစေလိမ့်မည်။

မန်ဟိုသည် ရုပ်တုကြီးကို ကြည့်ရင်း ခဲယွင်ဟိုင်ကို လွမ်းသထက်လွမ်းလာသည်။ ထိုရှေးဟောင်းကမ္ဘာတွင် 'အဖေ' ဟု ခေါ်ခဲ့သော ထိုအဘိုးကြီးကို သူ အမှန်တကယ် လွမ်းလေသည်။

မန်ဟို ရုပ်တုကြီးအပေါ်၌ ထိုင်လိုက်သည့်အချိန်မှာပင် ဖန်မျိုးနွယ်စုဘိုးဘေးမြေထဲရှိ ဧရိယာကိုးခုတွင် လေထုသည် ပုံပျက်သွားပြီး အနက်ဝတ်လူကိုးယောက် ထွက်လာ၏။ သူတို့က သွေးဆက်ကို စစ်ဆေးရှာဖွေပေးနိုင်သော ကျောက်စိမ်းပြားများကို ထုတ်ပြီးနောက် အဝေးသို့ ထွက်သွားသွားကြသည်။

အသတ်အဖြတ်အခိုးအငွေ့များ ဘိုးဘေးမြေတွင် တပွက်ပွက် ဆူလာ၏။

အနက်ဝတ်လူများထဲမှ တစ်ယောက်သည် မန်ဟိုက သူနှင့်အနီးဆုံးဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ကျောက်စိမ်းပြားကို ကိုင်ပြီး သတ်ဖြတ်လိုစိတ်တို့ သူ၏မျက်လုံးများတွင် တောက်ပလာသည်။ သူသည် သူ့ကျင့်ကြံအဆင့်ကို ဖုံးကွယ်ရန် ကြိုးစားမနေပေ။ ကျောက်စိမ်းပြား၏ လမ်းညွှန်မှုအတိုင်း အလင်းတန်းအသွင်ဖြင့် လေကို ခွင်းသွားစဉ် သူ၏စွမ်းအားးလှိုင်းတို့က ပေါက်ကွဲထွက်လာလေသည်။

သူ၏ကျင့်ကြံခြင်းအခြေခံက ခေါင်းအထက်ရှိ တိမ်တိုက်များကို တဖွေးဖွေး လှုပ်သွားစေပြီး ငလျင်တို့ လှုပ်ခတ်လာစေသည်။ ဤသည်မှာ ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံအဆင့်ဖြစ်ပြီး သူ လေကို ခွင်းသွားနေစဉ် သူ့အနောက်၌ မီးအိမ်ကိုးလုံးကို မြင်ရနိုင်၏။ (နယ်ပယ်တွေက - စိတ်ဝိညာဉ်နယ်ပယ် ၊ အင်မော်တယ်နယ်ပယ်၊ ရှေးဟောင်းနယ်ပယ်၊ တာအိုနယ်ပယ်တွေပါ)

မီးအိမ်များက အစိမ်းရောင်မီးတောက်များ တောက်နေသော သစ်သားမီးအိမ်များဖြစ်သည်။ မီးအိမ်ရှစ်လုံးက လင်းနေပြီး တစ်လုံးက ငြိမ်းနေသည်။ ၎င်းတို့က ထိုလူကို လှည့်ပတ်နေပြီး ကောင်းကင်နှင့်မြေကြီး၏ သဘာဝနိယာမစွမ်းအားတစ်ခုဖြင့် လှုပ်ရှားသက်ဝင်နေ၏။

ရှေးဟောင်းနယ်ပယ်ကို ရှေးဟောင်းဝိညာဉ်ဟုလည်း ခေါ်သည်။ အင်မော်တယ်နယ်ပယ်တွင် ပြုလုပ်ခဲ့သော စုဆောင်းမှုများနှင့် ပြင်ဆင်မှုများအပေါ် အခြေခံ၍ ရှေးဟောင်းနယ်ပယ်သို့ တက်လျှင်ချင်း အနည်းဆုံး ဝိညာဉ်မီးအိမ်ကိုးလုံး ပေါ်လာပေလိမ့်မည်။ ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအခြေခံအတိမ်အနက်အရ ထို့ထက်များလာနိုင်သည်။ ရှေးဟောင်းနယ်ပယ်တစ်လျှောက် ဆက်လက်လျှောက်လှမ်းရာတွင် မီးအိမ်များကို တစ်လုံးပြီးတစ်လုံး ငြှိမ်းပစ်ရ၏။ မီးအိမ်တစ်လုံးအား ငြှိမ်းရခြင်းသည် အသက်အန္တရာယ်ရှိသော စစ်ဆေးမှုတစ်ခုဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်အနေဖြင့် မီးအိမ်အားလုံးကို ငြှိမ်း၍ အသက်ဆက်ရှင်နေသေးလျှင် ဝာာအိုနယ်ပယ်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မှီလေပြီ။

သို့သော် ထိုသို့လုပ်ရန်ကား အတိုင်းထက်အလွန်ခက်၏။

ဝိညာဉ်မီးအိမ်များများ ပိုင်ဆိုင်လေလေ၊ အဆင့်တက်ဖို့ ခက်လေလေ ဖြစ်ပြီး သေနိုင်ခြေများလေလေပင်။ သို့သော် တစ်ချိန်တည်းမှာပင် ဝိညာဉ်မီးအိမ်အရေအတွက်များလေလေ ... အဆင့်တက်သည်နှင့် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လေလေဖြစ်သည်။

အလွန်အစွမ်းထက်လွန်းသဖြင့် မီးအိမ်ဆယ်လုံးကျော်နှင့် တချို့သည် နှောင်းပိုင်းရှေးဟောင်းနယ်ပယ်သို့ ရောက်ပြီးနောက် တာအိုနယ်ပယ်ရှိ တစ်စုံတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်၏။

မည်သည့်မျိုးနွယ်စုတွင် ဖြစ်စေ၊ မည်သည့်ဂိုဏ်းတွင် ဖြစ်စေ၊ ဝိညာဉ်မီးအိမ်တစ်လုံး ငြှိမ်းထားပြီးသော ကျင့်ကြံသူတစ်ယောက်အား အကြီးအကဲတစ်ဦးအဖြစ် သတ်မှတ်ကြ၏။ ထိုလူ ခြေလေးတစ်ချက် ဆောင့်နင်းလျှင် အရာအားလုံးကို တုန်ခါသွားစေနိုင်သည်။ အဆိုပါ ပုဂ္ဂိုလ်တစ်ယောက်တည်းနှင့်ပင် မန်ဟို့ကို သတ်ရန် လုံလောက်သော်လည်း ဖန်ရှုံ့ရှန်းမှာ စိတ်အေးအေးမထားနိုင်ကြောင်း သိသာ၏။   ဝိညာဉ်မီးအိမ်တစ်လုံးစီ ငြှိမ်းထားပြီးသော အစွမ်းထက်ရှေးဟောင်းနယ်ပယ် ကျင့်ကြံသူကိုးယောက်ကို ငှားရန် သူ မည်သည့်အဖိုးအခများ ပေးခဲ့ရသလဲတော့ မသေချာပေ။ သေချာသည်ကတော့ သူသည် မန်ဟို့ကို လုပ်ကြံရာတွင် ချွတ်ချော်မှုနည်းနည်းလေးမှ မဖြစ်စေလိုခြင်းပင်။

ထိုစဉ် မည်သူမှ မမြင်နိုင်သော ဝါးတားတားအရိပ်တစ်ခုသည် လေလယ်တွင် ပေါ်ပေါက်လာ၏။ အဘိုးကြီးက ရုပ်တုကြီး၏ခေါင်းထက်၌ ထိုင်နေဆဲဖြစ်သော မန်ဟို့ကို ငုံ့ကြည့်ရင်း ပျံဝဲနေသည်။

ဤအရိပ်သည် ဖန်မျိုးနွယ်စု၏ အောက်ရှိ မြေအောက်လိုဏ်ဂူထဲမှ သတ္တမခေါင်းဆောင်ကြီး၏ နတ်ဘုရားစိတ်ဆန္ဒမှတစ်ပါးအခြားမဟုတ်ပေ။

သူသည် မန်ဟို ရုပ်တုကြီး၏ခေါင်းအထက်တွင် ဝမ်းနည်းပက်လက် ထိုင်နေသည်ကို မြင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

"ဒီကလေး ဘာလုပ်နေတာတုန်း" သူက တွေးသည်။

မန်ဟိုက ရုပ်တုကြီး၏အပေါ်တွင် အတန်ကြာ ထိုင်နေပြီးနောက် ခေါင်းမော့ကာ အ‌ဝေးသို့ လှမ်းကြည့်လိုက်သည်။ မြားတစ်စင်းသဖွယ် တလိပ်လိပ်ထနေသော တိမ်တိုက်များကို ခွင်းရင်း သူ့ထံ လာနေသည့် လူရိပ်တစ်ခုကို မြင်လိုက်၏။

လူရိပ်သည် ‌ကောင်းကင်နှင့်မြေကြီးအား နှစ်ခြမ်းခွဲပစ်နိုင်ပုံရသော အံ့ဖွယ်စွမ်းအင်တို့ဖြင့် ဟုန်းဟုန်းတောက်လျက် ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် ရွေ့လျားလာနေ၏။ ဤသည်မှာ မန်ဟို ဘယ်တော့မှ ပြန်မတိုက်ခိုက်နိုင်မည့် စွမ်းအားတစ်ရပ် ဖြစ်သည်။ လူရိပ်၏အနောက်တွင် မိုးကောင်းကင်ထက်၌ ထူးထူးဆန်းဆန်းအရောင်များ ထင်ဟပ်နေစေသော ကမ္ဘာဦးစိတ်ဆန္ဒတစ်ခုအား ထုတ်လွှတ်နေသည့် ရှစ်လုံးလောင်ကျွမ်းပြီး တစ်လုံးငြိမ်းနေသော မီးအိမ်ကိုးလုံးရှိသည်။

မန်ဟို၏မျက်လုံးများ ဝိုင်းစက်သွားသည်။ ဤသည်မှာ သူ့အတွက် ဝိညာဉ်မီးအိမ်များကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၍ တခဏ တွေးပြီးသော် သူ့မျက်လုံးထဲရှိ အေးစက်မှုမှာ ပို၍ပြင်းထန်လာတော့သည်။

"ဝိညာဉ်မီးအိမ်တွေဆိုတာ ရှေးဟောင်းနယ်ပယ်မှာ ကျင့်ကြံကြတဲ့အရာပဲ..." သူက ရေရွတ်လိုက်သည်။ "ဆိုတော့ ရှေးဟောင်းနယ်ပယ်ပညာရှင်တစ်ဦးက ဘိုးဘေးမြေမှာ ပေါ်လာတယ်ပေါ့လေ။ ဖန်ရှုံ့ရှန်း .... ဒါ ခင်ဗျား ဘယ်လောက် ကျုပ်ကို သတ်ချင်နေလဲ ပြလိုက်တာလား" သူသည် သူ့ထံ ပြေးဝင်လာနေသော လူရိပ်ကို အကြည့်လိုက်၏။ ၎င်းက အနက်ရောင်ဝတ်ရုံဝတ်ထားသော အစွမ်းထက်ပညာရှင်တစ်ဦးဖြစ်ပြီး လျင်မြန်စွာ ချဉ်းကပ်လာနေလေသည်။

သူက သူ၏‌မြင့်မားသော ကျင့်ကြံခြင်းအခြေခံကိုဖြစ်စေ၊ သူ၏ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို ဖြစ်စေ မဖုံးကွယ်ပေ။ လေတစ်ချက်က မြေပြင်ကို ဖြတ်တိုက်၍ ဖုန်များ တထောင်းထောင်း ထလာစေသည်။ လေသည် မြေပြင်ကို စိုးမိုးနေသော ပျက်စီးခြောက်ကပ်မှုအငွေ့အသက်များကို လွင့်စင်မသွားစေသည့်အပြင် ပို၍ပင် ဆိုးဝါးသွားစေ၏။

အနက်ရောင်အဝတ်အစားကို မြင်လိုက်လျှင်ချင်း မန်ဟို၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်ပလာသည်။ သူသည် ‌ကြယ်တာရာကောင်းကင်မှာတုန်းက မည်ကဲ့သို့လိုက်သတ်ခံခဲ့ရပုံကို ချက်ချင်း ပြန်တွေးမိလိုက်၏။

"ဆိုတော့ ငါ ထင်ထားသလိုပါလား" သူက တွေးသည်။ "ဖန်ဝေရဲ့သွေးဆက်က ငါ့ကို မျိုးနွယ်စုဆီ အသက်ရှင်ရက် ပြန်ရောက်မလာအောင် တားဖို့ ကြိုးစားခဲ့တာကိုး" လေ၏အဝှေ့ကို ရင်ဆိုင်နေစဉ် သူ၏မျက်နှာထားသည် တည်ငြိမ်နေ၏။ သူ၏အဝတ်စများနှင့် ဆံပင်များက လေထဲတွင် တလွင့်လွင့် ဖြစ်နေသည့်တိုင် သူကား ရုပ်တုကြီး၏ခေါင်းအား တည်ငြိမ်စွာ ပွတ်သပ်ပေးနေသည်။

သတ္တမခေါင်းဆောင်ကြီး၏နတ်ဘုရားစိတ်ဆန္ဒအရိပ်သည် လေလယ်တွင် ပျံဝဲရင်း အံ့အားသင့်နေ၏။ သူ၏အမြင်ရ မန်ဟိုသည် ဝိညာဉ်မီးအိမ်တစ်လုံး ငြှိမ်းထားပြီးသော ရှေးဟောင်းနယ်ပယ်ပညာရှင်တစ်ဦးကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူ့အတွက် ထိုသို့တည်ငြိမ်စွာ ပြုမူနေခြင်းက သတ္တနခေါင်းဆောင်ကြီးအား အံ့အားသင့်မိစေသည်။

"ဒီသေရေးရှင်‌ရေးအခြေအနေကနေ ကယ်တင်ပေးနိုင်မယ့် ဘယ်လိုဝှက်ဖဲမျိုး ဒီကလေးမှာ ရှိနေပါလိမ့်မယ်" သတ္တမခေါင်းဆောင်ကြီးသည် ပြုံး၍ အာရုံစိုက်နေရင်း တွေးလိုက်၏။ သူသည် မန်ဟို အမှန်တကယ် အသတ်မခံရခင် လှုပ်ရှားမည်ဟု ဆုံးဖြတ်ထားပြီးလေပြီ။

သို့‌သော် ‌ဤနေရာသို့ သူ ‌လာခဲ့သော အကြောင်းရင်းမှာ မန်ဟို့အတွက် မဟုတ်။ မျိုးနွယ်စုစည်းမျဉ်းများကို ချိုးဖောက်ဝံ့သော လူများအတွက်ပင်။

အနက်ဝတ်လူ မန်ဟို့ထံ လာနေစဉ် လေတိုးသံများ ဆူညံနေသည်။ ထိုလူသည် သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး အလွန်ပိန်၏။ သူ၏အမူအရာမှာ စိတ်လှုပ်ရှားခြင်းမြူမှုန်မျှ မရှိဘဲ အေးစက်နေသည်။ သူ့အတွက် အင်မော်တယ်နယ်ပယ်ပင် မဟုတ်သေးသော ဂျူနီယာမျိုးဆက်တစ်ယောက်ကို သတ်ရန်က လွယ်ကူလွန်းသော အလုပ်တစ်လုပ်သာဖြစ်၏။

ပစ်မှတ်တွင် ရှား‌ပါး‌သော အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်ပင် ရှိလင့်ကစား မန်ဟိုသည် အငယ်ပိုင်းမျိုးဆက်လေးတစ်ယောက်ထက် မပိုပေ။ သူ့အမြင်အရ ဖန်ရှုံ့ရှန်း မန်ဟို့ကို တိုက်ခိုက်ဖို့လေးအတွက် လူကိုးယောက်လွှတ်လိုက်ခြင်းမှာ ဂျပိုးကို လိပ်လုပ်နေသည်နှင့် တူသည်။

ဤအခိုက်အတန့်တွင် သူကား မန်ဟို့ထံမှ မီတာ (၃၀၀၀) ခန့် ကွာဝေး၏။ လျှပ်တပြက်အတွင်း ထိုအကွာအဝေးသည် ရာဂဏန်းမျှသာ ရှိတော့သည်အထိ ကျုံ့သွားလေပြီ။

သူက ဘာမှမပြောဘဲ ညာလက်ကို ဆန့်ထုတ်၍ မန်ဟို့ထံ ညွှန်လိုက်သည်။

တုံ့ပြန်သည့်အနေဖြင့် အရှေ့ရှိ မြေပြင်သည် တွန့်လိမ်သွားပြီး ဧရာမအက်ကြောင်းကြီးတစ်ကြောင်း ပွင့်လာ၏။ ရက်စက်သော မကောင်းဆိုးဝါးနဂါးကြီးတစ်ကောင် မန်ဟို့ထံ ပြေးဝင်လာနေသည့်အလားပင်။

ဆန်းပြားသောအရောင်များက ပြိုးပြိုးပြက်ပြက်လက်သွားပြီး သဘာဝနိယာမဖြစ်ပေါ်လာသည်။ အလင်းနှင့်အမှောင်သည် ‌အဆက်မပြတ် ကူးလူးပြောင်းလဲလာ၏။

အဝေးမှကြည့်လျှင် ကောင်းကင်ကြီးမှာ ဧရာမပိုက်ကွန်ကြီးတစ်ခု ဖြစ်သွားသည့်အလားပင်။ အက်ကြောင်းကြီး မြေပြင်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိုးကောင်းကင်ကြီးတစ်ခုလုံး ကြေမွသွားခဲ့သယောင်ထင်ရသည်။

မန်ဟို၏သူငယ်အိမ်များ ကျုံ့သွားသည်။ ဤလူ၏ ရောက်ရှိလာမှုက မိုးကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ပတ်ဝန်းကျင်တွင် ဧရာမဖိအားကြီးသက်ရောက်လာစေသည်။ ဖိအားက သူ့သွေးတို့ကို ဆူပွက်၍ သူ၏ကျင့်ကြံခြင်းအခြေခံကို အက်ကွဲလာစေသည်။ သူ၏အပြင်အားကိုယ်မှပင် တဂျွတ်ဂျွတ်မြည်သံများ ထွက်လာ၏။

"ဆိုတော့ ဒါက ရှေး‌ဟောင်းနယ်ပယ်ပညာရှင်ပေါ့လေ ဟမ်...." ထိုလူ၏ လက်ချောင်းလေးအဝှေ့ကြောင့် လေထုပြိုကွဲသွားရသဖြင့် မန်ဟို့မျက်လုံးများက ထူးဆန်းစွာ တောက်ပလာသည်။ ဤလူ၏ သဘာဝနိယာမသည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိနေပြီဖြစ်၏။ ဤလူသာ လေထုကို စုတ်ဖြဲသွားစေချင်လျှင် လေထုက ထိုအတိုင်း လုပ်‌ပေးလိမ့်မည်။

ကြီးမားသော အန္တရာယ်ကို မန်ဟို ခံစားလိုက်ရသည်။

သို့သော် ထိုအက်ကြောင်း သူ့ထံ မြွေလိမ်မြွေကောက် လာနေစဉ် မန်ဟို၏နှုတ်ခမ်းနှစ်လွှာသည် သရော်ပြုံးအသွင် တွန့်ချိုးသွား၏။

ထိုအခိုက်အတန့်တွင် သူက မလှုပ်ရှားပေ။ လှုပ်ရှားသွားသည်က သူ့အောက်ရှိ ရုပ်တုကြီးပင်။

ရုပ်တုကြီး၏မျက်လုံးများသည် မူလက အသက်ရှိသောအရိပ်အယောင် စိုးစဉ်းမျှမရှိဘဲ ခံစားချက်မဲ့နေခဲ့၏။ သို့သော် ယခုမူ ရုတ်တရက် အသိစိတ်ဝင်လာသကဲ့သို့ တောက်ပလာလေပြီ။ မျက်နှာတွင်လည်း ခံစားချက်တို့ ဖြတ်ပြေးသွားပြီး ၎င်း၏အရှိန်အဝါတို့ ဖြာထွက်လာ၏။

အရှိန်အဝါမျှသာ ဖြစ်သည့်တိုင် ၎င်းက မိုးနှင့်မြေကို တုန်ခါသွားစေပြီး မန်ဟို့ထံ လျင်မြန်စွာ ဆန့်တန်းလာနေသော အက်ကြောင်းကြီးမှာ ရုတ်တရက် အစအနမကျန် ပျောက်သွားတော့သည်။

ကောင်းကင်ထက်ရှိ ဧရာမပိုက်ကွန်ကြီးလည်း ပျက်စီးသွားသည်။

ဂျလိန်းဂျလိန်း ထစ်ချုန်းသံများက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားပြီး မြေငလျင်တို့ ရိုက်ခတ်လာသည်။ တောင်များပင်လျှင် တုန်ခါလာစဉ် မန်ဟို၏ရုပ်တုကြီးသည် နှစ်သောင်းပေါင်းများစွာ အိပ်ပျော်နေရာမှ နိုးထလာခဲ့၏။ ၎င်းကား သေရာမှ အသက်ပြန်သွင်းခံလိုက်ရသည့်အလားပင်။

၎င်း၏အရှိန်အဝါသည် ပါရာဂွန်အဆင့်နှင့်နီးကပ်လာသည့်အထိတိုင်အောင် အားကောင်းသထက် အားကောင်းလာ၏။ ဤပါရာဂွန်မျိုးသည် ထိုနှစ်တုန်းက တာအိုဆရာအစည်းအရုံးသုံးခု၏ နတ်မီးလျှံစမ်းသပ်ပွဲတွင် ပေါ်လာခဲ့သော ဝတ်ရုံဖြူအမျိုးသမီး၏ ပါရာဂွန်ဘွဲ့မျိုးနှင့် မတူပေ။ ဤသည်ကား ... တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းတွင် ပါရာဂွန်အဆင့်ပြီးလျှင် တည်ရှိသော တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်အဆင့် ဖြစ်သည်။

မည်သည့်အတွက် ထိုသို့ခေါ်ဆိုခံရလဲ ဆိုရာတွင် အကြောင်းရင်းတစ်ခု ရှိသည်။

ကျောက်စစ်သည်တော်၏မျက်လုံးများသည် ပို၍တောက်ပပြီး ကြည်လင်ပြတ်သားလာကာ ၎င်း၏စွမ်းအားသည် ကြောက်ခမန်းလိလိအမြင့်အထိ တက်သွား၏။ ရုပ်တုကြီးကား ထိုနှစ်တုန်းက ခဲယွင်ဟိုင် ပေးအပ်ခဲ့သော တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ပေတော့သည်။

၎င်း၏တာဝန်သည် .. မန်ဟို့ကို ကာကွယ်ရန်၊ မန်ဟို၏ကိုယ်ရံတော်အဖြစ် ထာဝရ သစ္စာသိရန် ဖြစ်၏။

၎င်းက မန်ဟို့ကို ထိခိုက်မှုတစ်စုံတရာ ဖြစ်ခွင့်ပေးမည်မဟုတ်၊ မတော်တဆဖြစ်ခွင့်ပေးမည်မဟုတ်၊ ဘယ်တော့မှ အသက်အန္တရာယ်ထိပါးစေမည်မဟုတ်ပေ။ ယင်းက ... ရုပ်တုကြီး၏တာဝန်၊ ခဲယွင်ဟိုင် ၎င်းကို ဖန်ဆင်းခဲ့သော ရည်ရွယ်ချက်ပင်။

မန်ဟိုသည် ရုပ်တုကြီးအပေါ်တွင် ထိုင်ပြီး ခဲယွင်ဟိုင်ကို မြင်ယောင်နေ၏။ ခဲယွင်ဟိုင်၏မျက်နှာမှာ တည်တံ့နေသော်လည်း မျက်ဝန်းများတွင် ချစ်ခြင်းမေတ္တာတို့ ပြည့်နှက်နေသည်။ ထပ်မံ၍ မန်ဟိုမှာ မျက်ရည်တို့ ဝဲလာပြန်သည်။

ထပ်မံ၍ ... သူသည် ခဲယွင်ဟိုင်၏ ဖခင်ပီသ‌သော မေတ္တာကို ခံစားလိုက်ရပြန်သည်။

ဤတစ်ကြိမ်တွင် ထိုမေတ္တာသည် လက်တွေ့လောကထဲတွင် ပေါ်ပေါက်လာခဲ့ပြီဖြစ်၏။

တဂျိန်းဂျိန်း မြည်ဟည်းနေပြီး အရာအားလုံး တုန်ခါနေသည်။ အက်ကြောင်းများက တောင်တန်းများတွင် ပေါ်လာပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။

သက်လတ်ပိုင်းလူ၏မျက်နှာတွင် မယုံကြည်နိုင်မှု၊ အံ့ဩမှုတို့ ဖြတ်ပြေးသွားသည်။ သူ့မှာ တုံ့ခနဲ ရပ်၍ မျက်လုံးများ ပြူးကျယ်နေတော့သည်။

သူလည်း ဖန်မျိုးနွယ်ဖြစ်သည့်အတွက် မြင်နေရသောအရာက သူ့အား ကြက်သေသေသွားစေသည်။ ဘိုးဘေးမြေနှင့် ဖန်မျိုးနွယ်စု၏ ဒဏ္ဍာရီလာစောင့်ရှောက်သူ၊ နှစ်ပေါင်းမရေမတွက်နိုင်အောင် တုပ်တုပ်မှမလှုပ်ခဲ့သော ဧရာမရုပ်တုကြီး... ရုတ်တရက် လှုပ်ရှားလာသည်ကို သူ မျက်ဝါးထင်ထင် မြင်တွေ့နေရလေပြီ။

ရုပ်တုကြီး ညာခြေကို မြှောက်၍ ရှေ့လှမ်းလိုက်စဉ် ၎င်းအပေါ်၌ ထိုင်နေသော မန်ဟို့ကို သူ မြင်လိုက်ရသည်။

အဝေးမှကြည့်လျှင် ရုပ်တုကြီးသည် အကန့်အသတ်မရှိ မြင့်မားပြီး ချောက်ချားဖွယ်ကောင်းလောက်အောင် အစွမ်းထက်သယောင် ထင်ရ၏။ ၎င်း၏ ခြေထောက် ‌မြေကြီးအပေါ် ကျသွားသည့်အခါ တစ်လောကလုံး လှုပ်သွားသည်။ တစ်ဆက်တည်းမှာပင် ရုပ်တုကြီးနှင့် ချိတ်ဆက်နေသော တောင်များမှာ တဝုန်းဝုန်း ပြိုကျလာပြီး ရုပ်တုကြီး၏ကိုယ်ပေါ်မှ ဖုန်များက မြေကြီးအပေါ် တဝေါဝေါ ကျလာသည်။

***

All Chapters