← Chapters

တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်များ

Vol. 68 Ch. 947

တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်များ

Vol. 68 Ch. 947

အရာအားလုံး ဖုန်ထုထဲတွင် ဖုံးလွှမ်းခံလိုက်ရခြင်းက ၎င်းတို့၏အလယ်ရှိ ရုပ်တုကြီးအား ပို၍ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသွားစေသည်။

၎င်းသည် ‌ခြေထောက်နောက်တစ်ဖက်ကို မြှောက်၍ နောက်တစ်လှမ်းလှမ်းလိုက်ရာ မြေပြင်အား တုန်ခါသွားစေပြီး တောင်များစွာ ပြိုကျလာစေသည်။

ဖုန်ထုကြီးသည် အံ့ဖွယ်မြင်ကွင်းကြီးတစ်ခုကို ဖန်တီးရင်း လှိုင်းများအလား ဆက်လက်ပျံ့နှံ့လာသည်။ သက်လတ်ပိုင်းလူမှာ ဦးရေပြားတို့ ထုံကျင်လာပြီး ချာချာလည် မူးဝေနေ‌၏။ ဤသည်မှာ သူ့တစ်ဘဝလုံးတွင် မြင်ခဲ့ဖူးသမျှထဲ မယုံနိုင်ဖွယ်အကောင်ဆုံးအရာဖြစ်ပြီး သူ့မှာ သွက်သွက်ခါအောင် တုန်လှုပ်နေတော့သည်။

သူက ရုတ်တရက် မရည်ရွယ်ဘဲ အော်လိုက်မိ၏။ "အဲ့... အဲ့ဒါ တစ်ဝက်တစ်ပျက်တာအိုနယ်ပယ် ပါရာဂွန်ကြီးပဲ"

သူ၏မျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ်နေပြီး ရင်ခုန်သံများ ဆူညံနေတော့သည်။

တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်များ မည်မျှအစွမ်းထက်ပြီး မည်သည့်အရာကို သူတို့ ကိုယ်စားပြုသလဲ သူ ကောင်းကောင်းသိသည်။ ထိုတစ်ဝက်တစ်ပျက်တာအိုနယ်ပယ်သည် .... တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းတွင် အလွန်ကြောက်စရာကောင်းသော နယ်ပယ်ဖြစ်၏။ ၎င်းက တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်း၏ အင်အားအကြီးဆုံးပညာရှင်များပင် ထိုနယ်ပယ်ရှိ လူများအား .... ပါရာဂွန်ဟု ခေါ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိလောက်အောင် ရူးမိုက်သောင်းကျန်းမှုတို့ ပြည့်နေသော ကြောက်မက်ဖွယ်နယ်ပယ်တစ်ခုဖြစ်သည်။

သက်လတ်ပိုင်းလူသာ အံ့အားသင့်နေခြင်းမဟုတ်။ သတ္တမ‌ခေါင်းဆောင်ကြီး၏ နတ်ဘုရားစိတ်ဆန္ဒမှ ဖန်ဆင်းထားသော လေလယ်ရှိ အဘိုးကြီးမှာ မျက်လုံးကြီးပြူး၍ ပါးစပ်ပင် မစေ့နိုင်ပေ။ သူ့မှာ လုံးလုံးလျားလျား အံ့ဩလွန်း၍ မြင်နေရသည်ကိုပင် ယုံရခက်နေသည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" သူက ချာချာလည်လျက် အသက်ပြင်းပြင်းရှူရင်း တွေးလိုက်သည်။ "တာအိုစောင့်ရှောက်သူက တကယ်ကြီး ရွေ့လျားနေတာပဲ..." သူသည် ရုတ်တရက် ရုပ်တုကြီး၏ခေါင်းပေါ်၌ ထိုင်နေသော မန်ဟို့ကို ကြည့်ပြီး မန်ဟို၏ဝမ်းနည်းနေသောမျက်နှာထားကို မြင်သွားသည်။ တုန်လှုပ်ခဲသော သတ္တမခေါင်းဆောင်ကြီးမှာ ဦးရေပြားတို့ ထုံကျင်သွား၏။

ငလျင်များ လှုပ်နေပြီး တောင်များ ပြိုကျနေသည်။ ကျောက်ဆောင်ကြီးများက မြေကြီးအပေါ်သို့ တဝုန်းဝုန်း ကျရောက်နေသဖြင့် ဖုန်များ တထောင်းထောင်း ထနေလေသည်။

ပတ်ဝန်းကျင်ရှိ ပေါင်းမြက်ပင်များမှာ လေကြောင့် ပြားဝပ်သွာပြီး အက်ကွဲကြောင်းများ မြေပြင်ပေါ်တွင် ပေါ်လာသော်လည်း ဖုန်များ၏ လျင်မြန်စွာ ဖုံးလွှမ်းခြင်းခံလိုက်ရ၏။

ဝေဟင်ထက်တွင် သတ္တမခေါင်းဆောင်ကြီးမှာ ရုပ်တုကြီးကို ဆွံ့အစွာ ကြည့်ရင်း အသက်ရှူမှားနေတော့သည်။

ခပ်ပိန်ပိန်လူမှာတော့ သည့်ထက်ပို၍ မတုန်လှုပ်နိုင်တော့ပေ။ သူသည် ကမ္ဘာမြေကို တုန်ခါနေစေသော ရုပ်တုကြီးကို ကြည့်ရင်း မှင်သက်နေတော့၏။ ၎င်းထံမှ ထွက်လာသော အရှိန်အဝါကို သူ ခံစားလိုက်ရပြီး ၎င်းက သူ့မျက်နှာအား ဖြူဆုပ်သွားစေသည်။ သူ့မှာ တစ်ခဏလေးပင် တွန့်ဆုတ်မနေတော့ဘဲ ထွက်ပြေးတော့သည်။

ဤမထင်မှတ်ထားသော အဖြစ်အပျက်အား သူ မကိုင်တွယ်နိုင်ပေ။ သူ့အမြင်အရ မန်ဟို့ကို သတ်ခြင်းက လက်ကလေးလှန်သလို လွယ်ကူခဲ့သော်လည်း တခဏကြာသော် အရာအားလုံးပြောင်းပြန်ဖြစ်သွားခဲ့လေပြီ။

ဂျူနီယာမျိုးဆက်တစ်ယောက််ကို သတ်ဖို့ သူ့ကဲ့သို့ အစွမ်းထက်ပညာရှင်ကိုးဦးအား ဖန်ရှုံ့ရှန်း မည်သည့်အတွက်ကြောင့် ‌ကြေးစားငှားခဲ့သလဲ သူ ရုတ်တရက် သဘောပေါက်လိုက်လေပြီ။ သူ့သုံးသပ်ချက်က မှားနေသော်လည်း သူ့စိတ်ထဲတွင် ၎င်းက တစ်ခုတည်းသောအဖြေပင်။

"သေစမ်း။ ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာတုန်း။ ဖန်ရှုံ့ရှန်း ခွေးသား။ မင်း ငါ့ကို ချောက်ချတယ်။ မင်း.. .မင်းက ဝိညာဉ်မီးအိမ်တစ်လုံးပဲ ငြှိမ်းထားရသေးတဲ့ ငါ့ကို တစ်ဝက်တစ်ပျက်တာအိုပါရာဂွန် ကာကွယ်ပေးနေတဲ့ ကျင့်ကြံသူတစ်ယောက်ကို သတ်ခိုင်းတယ်ပေါ့လေ။ ဒီလူမဟုတ်တဲ့ ဖန်ဟိုက တာအိုစောင့်ရှောက်သူကို အသက်ပြန်သွင်းပေးနိုင်တာ ဘာလို့ ကြိုမပြောခဲ့တာတုန်းကွ" ထိုလူမှာ တတ်နိုင်သမျှ မြန်မြန်ပြေးနေသည်။

သို့သော် သူ စပြေးလိုက်သောအခိုက်အတန့်တွင် ရုပ်တုကြီး၏အကြည့်က အလင်းတန်းတစ်တန်းသဖွယ် ဖုန်များကို ခွင်း၍ သူ့အပေါ် ကျရောက်လာသည်။

ရုပ်တုကြီး၏အကြည့် သူ့အပေါ် ရောက်လာလျှင်ချင်း မိုးခြိမ်းသံကဲ့သို့ အသံတစ်သံက သူ့စိတ်ထဲတွင် မြည်ဟည်းသွားသည်။ သေစေနိုင်သောအန္တရာယ်အာရုံကို ခံစားလိုက်ရ၍ သူက အော်ဟစ်ရင်း သွေးတစ်ပွက်ထွေးကာ လျှို့ဝှက်မှော်အစွမ်းတစ်ခုဖြင့် ထွက်ပြေးဖို့ ကြိုးစား၏။

သူ့မှာ ကြောက်နေ‌လေသည်။ ရှေးဟောင်းနယ်ပယ်ပညာရှင်တစ်ဦးဖြစ်သည်နှင့်အညီ သူသည် ‌‌ကြောက်မက်ဖွယ်အခြေအနေများကို မကြုံတွေ့ရသော်လည်း ယခုအခိုက်အတန့်တွင်တော့ သူ ကြောက်နေမိသည်။ တကယ်တော့ ရိုးတွင်းခြင်ဆီထဲအထိ ကြောက်နေခြင်းဖြစ်၏။

တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်တစ်ဦး မည်မျှကြောက်စရာကောင်းလောက်အောင် အစွမ်းထက်သလဲ သူ သိသည်။ လွန်ခဲ့သောနှစ်များစွာက ထိုကဲ့သို့ပုဂ္ဂိုလ်တစ်ဦး၏ အညှာအတာကင်းမဲ့သော စွမ်းအားကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရဖူးလေသည်။

ထို့ကြောင့် သူ့မှာ မကြောက်ဘဲ မနေနိုင်ပေ။ ရုပ်တုကြီး၏နိုးထလာမှုက သူကို တုန်လှုပ်သွားစေခဲ့ပြီး ရုပ်တုကြီးအကြောင်း ကြားခဲ့ဖူးသော ဒဏ္ဍာရီအား ပြန်တွေးမိလိုက်စေသည်။

"ငါ ... ငါ လူမဟုတ်တဲ့ မကောင်းဆိုးဝါးကောင်ကို ရန်စမိလိုက်ပြီ။ မယုံနိုင်ဘူး ... ဒါ တကယ်ဖြစ်နေတာ မယုံနိုင်ဘူး" သူ့မှာ နောင်တအကြီးအကျယ်ရနေပြီး အသက်သာ ရှင်ခဲ့လျှင် ဘိုးဘေးမြေမှ ထွက်သည်နှင့် ဖန်ရှုံ့ရှန်း ဒုက္ခရောက်အောင် လုပ်မည်ဟု ကျိန်လိုက်၏။

သို့သော် ဤအခိုက်အတန့်တွင် ရုပ်တုကြီး၏ လက်နှစ်ဖက်က မြေကြီးထဲ နစ်ဝင်နေသော ဧရာမဓားကြီးကို ဆုပ်ကိုင်လိုက်သည်။ ဓားထံမှ အက်ကြောင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်လာစဉ် တဂျိန်းဂျိန်းမြည်သံကြီးများနှင့် အက်ကွဲသံများ ကြားလိုက်ရသည်။ ရုတ်တရက် ဓားကြီးကား .... မြေကြီးထဲမှ ဆွဲထုတ်ခံလိုက်ရလေပြီ။

ရုပ်တုကြီးသည် မျက်လုံးများ သွေးအေးအေးတောက်ပနေလျက် ဓားကို လက်နှစ်ဖက်လုံးဖြင့် ကိုင်မြှောက်လိုက်၏။ ထို့‌နောက် ဓားကို လွှဲချလိုက်ရာ ထွက်ပြေးနေသောလူထံသို့ လျှပ်စီးသဖွယ် လျင်မြန်စွာ ပြေးဝင်သွားသည်။

ဓားက တစ်လောကလုံးအား တိတ်ဆိတ်သွားစေ၏။

ကျောက်ဆောင်ကြီးများ လျှောကျနေခြင်းမှာ အသံမထွက်တော့ပေ။ ပြိုကျနေသော တောင်များ တိတ်ဆိတ်သွားသည်။ ဖုန်များသည်လည်း‌ ချောက်ချားဖွယ်ကောင်းစွာ ငြိမ်သွား၏။ အချိန်မှာ ... ရပ်တန့်သွားသယောင်ပင်။

‌ထွက်ပြေးနေသောလူလည်း ‌လေလယ်တွင် တန့်သွားပုံရသည်။ သူ၏အမူအရာမှာ ထိတ်လန့်ကြောက်ရွံ့သွားသောပုံစံဖြစ်သည်။ သူ၏သူငယ်အိမ်များမှာ မလှုပ်ရှားနိုင်တော့သည်သာမက သူ့အနောက်ရှိ မီးအိမ်ကိုးလုံးလည်း မရွေ့တော့ပေ။ ကမ္ဘာထဲရှိ အရာအားလုံး မရွေ့လျားနိုင်တော့သည့်အလားပင်။

ရွေ့လျားနေသည့် တစ်ခုတည်းသောအရာမှာ ရုပ်တုကြီး၏ဓားဖြစ်သည်။ ၎င်း အောက်သို့ ပိုင်းချလိုက်သည့်အခါ ထိုလူ၏နဖူးမှ သွေးများ စိမ့်ထွက်လာပြီး သူ့နှာခေါင်းနှင့် မေးစေ့အတိုင်း ဆင်းသွားသည်။ နောက်ဆုံးတော့ ဓားသည် သူ့ကိုယ်ကို နှစ်ပိုင်းပိုင်းရင်း သူ၏ဝိညာဉ်မီးအိမ်များကို ခြေမွပစ်လိုက်၏။

ကမ္ဘာကြီးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ရုပ်တုကြီး၏ ‌ဓားသည် မြေကြီးထဲ တစ်ဖန်စိုက်ဝင်သွားရာ အရာအားလုံးအား တုန်ခါလာစေ၏။ အသံများ ပြန်လည်ရောက်ရှိလာပြီး သက်လတ်ပိုင်းလူ၏ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားသည်သာမက သူ၏ဝိညာဉ်မီးအိမ်အားလုံး ပျက်စီးသွားလေပြီ။

ထိုလူ့တွင် မှော်ပစ္စည်းမရေမတွက်နိုင်အောင် ရှိပြီး အကုန်လုံးကြေမွသွားကာ ထိုလူ၏အသွေးအသားတို့နှင့်အတူ တစစီလွင့်ထွက်သွားသည်။

သူ့မှာ တန်ပြန်တိုက်ခိုက်ခြင်းလည်း မပြုနိုင်သလို၊ တားလည်း မတားနိုင်ခဲ့ပေ။ ရှောင်ဖို့အသာထား၊ ရုန်းပင် မရုန်းနိုင်ခဲ့ပေ။

သူ၏အနုသုခုမနတ်ခန္ဓာ၊ ဝိညာဉ်မီးအိမ်များ၊ အရာအားလုံး ပျောက်ကွယ်သွားသဖြင့် သွေးများ လွင့်စင်ပြန့်ကြဲသွားသည်။

သူ၏သိုလှောင်အိတ်သာလျှင် မန်ဟို့အရှေ့၌ ပျံဝဲရင်း ကျန်ခဲ့သည်။

မန်ဟိုက ရုပ်တုကြီး၏အပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။

လေထဲတွင် သတ္တမခေါင်းဆောင်ကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သူပင်လျှင် ရုပ်တုကြီးကို ကြည့်ရင်း ကြောက်နေမိပြီး ၎င်း၏ဓား မည်မျှ‌တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ကိုလည်း သိသည်။

"အဲ့ဒီဓားမှာ ‌ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝနိယာမကို အစားထိုးနိုင်တဲ့ ကိုယ်ပိုင်တာအိုပါရှိတယ်။ အဲဒီဓားက ... တာအိုတွေကို ဖျက်စီးနိုင်တယ်၊ သဘာဝနိယာမတွေကို ဖျက်စီးနိုင်တယ်။ တည်ရှိသမျှအရာအားလုံးကို ဖျက်စီးပစ်နိုင်တယ်

"ဒါက သေချာပေါက် တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်တစ်ဦးရဲ့ စွမ်းအားပဲ.... ဒါပေမဲ့ ဒီဟာက ရုပ်တုပဲရှိသေးတာ။ ရုပ်တု‌တောင်မှ ဒီလောက်အစွမ်းထက်နိုင်ရင် ဖန်တီးခဲ့တဲ့သူကတော့ ... ပိုလို့တောင် ကြောက်စရာကောင်းဦးမယ်

"စစ်မှန်တဲ့ တာအိုနယ်ပယ်မှာဖြစ်ပြီး ရှားပါးတဲ့ ကောင်းကင်ဓာတ်ရတနာ၊ မြေဓာတ်ရတနာတွေကိုလည်း ပိုင်ဆိုင်ထားတဲ့သူပဲ ဒီလိုအရာမျိုး ဖန်ဆီးနိုင်မှာ။ ဒါပေမဲ့ ... အဲဒီလိုရတနာမျိုးနဲ့ တခြားပစ္စည်းတစ်ခုခု၊ တာအိုနယ်ပယ်အတွက် အသုံးပိုဝင်မယ့်အရာတစ်ခုခု ဖန်တီးတာကဖြင့် ယုတ္တိတန်ဦးမယ်" ရုပ်တုကြီးကို ကြည့်ရုံလေးကပင် သတ္တမခေါင်းဆောင်ကြီးအား ရင်တုန်စေသည်။

တစ်ဝက်တစ်ပျက်တာအိုနယ်ပယ် ကျင်ကြံသူများသည် .... ရူးနေသောလူများဖြစ်ကြောင်း သူ သိသည်။ သူတို့သည် မည်သူ့ကိုမဆို လျစ်လျူရှုနိုင်သည့် လူရမ်းကားကြီးများဖြစ်၏။ မည်သူမှ သူတို့ကို ရန်မစရဲပေ။

သူတို့သည် အသက်အန္တရာယ်များသော ဝိညာဉ်မီးအိမ်ပြစ်ဒဏ် တစ်ခုပြီးတစ်ခုကို ကျော်လွှားရင်း မျှော်လင့်ချက်အပြည့်ဖြင့် ရှေးဟောင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သူများ၊ နှစ်ပေါင်းများစွာ ပြင်ဆင်ထားခဲ့သူများ ဖြစ်ကြသည်။ သို့သော် နောက်ဆုံးမီးအိမ်ကို ငြှိမ်းပြီးနောက်တွင် တာအိုနယ်ပယ်သို့ မဝင်ရောက်နိုင်တော့ဘဲ ၎င်းထံမှ တစ်ဝက်တစ်ပျက်တွင်သာ အမြဲတစ်သွားလေသည်။ သူတို့၏သက်တမ်းမှာ ယုတ်လျော့လာပြီး နှစ်ဒါဇင်အနည်းငယ်မျှသာ နေထိုင်ခွင့်ရတော့၏။ ထိုကဲ့သို့လူများသည် တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်တွင် ဖြစ်သည်။

သူတို့မှာ သေဖို့ ကံကြမ္မာပါသွားပြီး ကောင်းကင်နှင့်မြေကြီး၏ မည်သည့်အရာနှင့်မှ ကယ်တင်၍မရနိုင်ပေ။ ထို့ကြောင့် သူတို့သည် ရိုသေလေးစားခံ တာအိုအဆင့်တစ်ဆင့်မှ ရှေ့ဆက်မတက်နိုင်တော့သဖြင့် ရူးကုန်ကြ၏။ မည်သူမျှ သူတို့ကို ရန်မစရဲသည့်အပြင် လူတိုင်း သူတို့ကို ပါရာဂွန်ဟုပင် ခေါ်ကြရလေသည်။

နှစ်သောင်းပေါင်းများစွာအတွင်း ဖန်မျိုးနွယ်စု၌ ထိုကဲ့သို့ လူ (၁၁) ယောက်သာ  ပေါ်လာခဲ့ဖူး၏။ တချို့က ရူးကုန်ကြပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြသည်။ တချို့က သက်တမ်းကုန်မည်ကို စောင့်ရင်း တိတ်ဆိတ်စွာ နေထိုင်သွားကြ၏။

မဟာအကြီးအကဲ ဘိုးဘေးမြေတွင် မြှုပ်နှံခံထား‌ရ‌သော ဖန်မျိုးနွယ်စု၏ ကွယ်လွန်ပြီးတာအိုနယ်ပယ်ခေါင်းဆောင်ကြီးအကြောင်း ပြောခဲ့တုန်းက ထိုတစ်ဝက်တစ်ပျက်တာအိုပါရာဂွန်များကို ဆိုလိုခြင်းဖြစ်သည်။ ဤလူများထဲမှ အစစ်အမှန်တာအိုနယ်ပယ်ပညာရှင်ဖြစ်သည့် တစ်ယောက်‌တည်းသောပုဂ္ဂိုလ်မှာတော့ ပထမမျိုးဆက်ခေါင်းဆောင်ကြီးပင်။

ခဲယွင်ဟိုင်လည်း ထိုနောက်ဆုံးအဆင့်တွင် ကျရှုံးခဲ့၏။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံမှာ နက်ရှိုင်းလှသည့်အတွက် ကျရှုံးပြီးနောက်၌ပင် ၊ တာအိုနယ်ပယ်သို့ တစ်ဝက်သာ ဝင်ရသေးသည့်တိုင်၊ သက်တမ်းယုတ်လျော့သွားခဲ့သည့်တိုင် .... သူ့သားကို ကာကွယ်ဖို့ အသက်အား ဆွဲဆန့်ထားနိုင်ခဲ့၏။

ထိုအချိန်တုန်းက သူ၏အတိုက်အခိုက်စွမ်းရည်သည် ရှေးဟောင်းနယ်ပယ်ထက် အဆများစွာ သာပြီး တာအိုနယ်ပယ်ဟုပင် သတ်မှတ်၍ရခဲ့သည်။

သူ၏နောက်ဆုံးမီးအိမ်မှာတော့ သူနှင့်အတူ မြေမြှုပ်ခံခဲ့ရသော၊ နဂါးကိုယ် ဖီးနစ်မီးစာနှင့် မီးအိမ်ပင်ဖြစ်သည်။

ခဲယွင်ဟိုင်သည် ကျောက်စစ်သည်များအား ဖန်ဆင်းရန် ထိုမီးအိမ်ကို အသုံးပြုခဲ့သည့်အတွက် ၎င်းတို့တွင် သူ၏အသက်စွမ်းအားများစွာ ပါရှိနေခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့မှာ .... မယုံနိုင်လောက်အောင် အစွမ်းထက်၏။

သတ္တမခေါင်းဆောင်ကြီးသည် ရုပ်တုကြီးအား ကြောက်ကြောက်လန့်လန့် ကြည့်ကာ အသက်ရှူမြန်လျက်ရှိသည်။ သူကိုယ်တိုင်မှာ ... တာအိုနယ်ပယ်မဟုတ်ဘဲ ရှေးဟောင်းနယ်ပယ်သာ ဖြစ်သည်။ သို့သော် သူသည် ဝိညာဉ်မီးအိမ် (၁၅) လုံးအား ဆင့်ခေါ်နိုင်ခဲ့ပြီး (၁၂) လုံးအား ငြှိမ်းနိုင်ခဲ့ပြီးလေပြီ။

"အစ်ကိုကြီး မြေခေါင်းဆောင်ကြီးပဲ ဒီရုပ်တုကို သူ့ရဲ့ တာအိုနယ်ပယ်ကျင့်ကြံခြင်းအခြေခံနဲ့ ဖိနှိပ်နိုင်မှာ။ တခြားဘယ်သူမှ လုပ်နိုင်မှာမဟုတ်ဘူး။ မီးအိမ် (၁၄) လုံး ငြှိမ်းထားပြီးသား အစ်ကိုနှစ်နဲ့ အစ်ကိုသုံးတောင်မှ မလုပ်နိုင်ဘူး။ ငြှိမ်းစရာ မီးအိမ်တစ်လုံးပဲ ကျန်တော့ပေမယ့် သူတို့က ရှေးဟောင်းနယ်ပယ်မှာပဲ ရှိသေးတာဆိုတော့ ဒီရုပ်တုကြီးနဲ့ ပြိုင်ဘက်မဖြစ်လောက်သေးဘူး"

သူ့အတွက် တုန်လှုပ်စရာအကောင်းဆုံးမှာ ဖန်မျိုးနွယ်စု၏ ဤတာအိုစောင့်ရှောက်သူက မန်ဟို့ကို ကာကွယ်ပေးနေသည့်အချက်ဖြစ်သည်။

"ဒီကလေးက တာအိုစောင့်ရှောက်သူ လှုပ်ရှားအောင် လုပ်နိုင်ခဲ့တယ်။ ဘယ်လိုလုပ်ခဲ့တာပါလိမ့်။ ဘာကြောင့်လုပ်နိုင်တာပါလိမ့်" မန်ဟို ယုံကြည်ချက် ရှိနေခဲ့သောအချက်က ဤရုပ်တုကြီး သူ့အတွက် တိုက်ခိုက်၍ သူ့အား ကာကွယ်ပေးမည်ကို ကြိုသိထားကြောင်း သက်သေပြနေသည်။

"ဒါ ... ဒါ တကယ် မယုံနိုင်စရာပဲ" သတ္တမခေါင်းဆောင်ကြီးမှာ ဖြစ်ပျက်နေသောအရာကို ငုံ့ကြည့်ရင်း ယုံရခက်နေသည်။ သူ့မှာ မည်သည်တို့ ဖြစ်ပျက်နေသလဲ မရှင်းပြတတ်တော့ပေ။ သူ၏နတ်ဘုရားစိတ်ဆန္ဒသာ ဤနေရာတွင် မျက်မြင်သက်သေမရှိလျှင် နောက်ပိုင်း တစ်ယောက်ယောက် သူ့ကို ဤအကြောင်း ပြောပြလျှင်တောင်မှ ၎င်းကို ပေါက်ပန်းလေးဆယ်ဟု ခေါ်ခဲ့မိလိမ့်မည်။

သို့သော်လည်း သူ့မှာ ဤနေရာတွင် ကြက်သေသေနေရလေပြီ။

မန်ဟိုက ရုပ်တုကြီး၏ခေါင်းကို ပွတ်သပ်လိုက်သည်။ တဖြေးဖြေး သူ့ပတ်ဝန်းကျင်သည် ငြိမ်သက်လာ၏။ ဖုန်များ ရှင်းလင်းသွားပြီး အရာအားလုံး နဂိုအတိုင်းပြန်ဖြစ်သွားသည်။ မန်ဟိုက ခေါင်းမော့လိုက်ပြီး သူ့နှလုံးသားထဲရှိ ခဲယွင်ဟိုင်နှင့်အမှတ်တရများကို ပြန်တွေးနေ၏။ တစ်ခါတရံ တစ်ခုသောပစ္စည်းက တစ်ယောက်သောလူကို သတိရစေတတ်သည်။ သူ့မှာ ခဲယွင်ဟိုင်ကို အသက်ပြန်သွင်းမရသဖြင့် ပူဆွေးနေလေသည်။

သူသည် မျက်လုံးများကို ပြန်မဖွင့်ခင် အကြာကြီး ပိတ်ထားလိုက်၏။ ထို့နောက် ရုပ်တုကြီးကို ငုံ့ကြည့်လိုက်သည်။ သူ့အတွက် ၎င်းသည် သာမန်ကျောက်စစ်သည်တော်တစ်ဦးမဟုတ်ပေ။ ခဲယွင်ဟိုင်မှ သူ့ထံ ပေးခဲ့သော အဖိုးအနဂ္ဃထိုက်တန်သည့် အမှတ်တရတစ်ခုဖြစ်သည်။

"သွားစို့" သူက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ "ဖန်မျိုးနွယ်စုရဲ့ ဘိုးဘေးမြေကို လျှောက်ပတ်ကြည့်ရအောင်" ရုပ်တုကြီးသည် မျက်လုံးများ တောက်ပနေလျက် လေပေါ်ပျံတက်ကာ မန်ဟို့အား ဘိုးဘေးမြေ၏အတွင်းထဲသို့ သယ်ဆောင်သွား၏။

ဤရိုးရှင်းသောလှုပ်ရှားမှုလေးက သတ္တမခေါင်းဆောင်ကြီး၏ မျက်လုံးများကို ဦးခေါင်းခွံထဲမှ ကျွတ်ထွက်မတတ် ဖြစ်သွားစေသည်။ သူ့မှာ အထိတ်တလန့်အော်မိရန် နည်းနည်းလေးသာ လိုတော့၏။

***

All Chapters