← Chapters

ကြောက်မက်ဖွယ်ရာသော

Vol. 68 Ch. 948

ကြောက်မက်ဖွယ်ရာသော

Vol. 68 Ch. 948

သတ္တမခေါင်းဆောင်ကြီးသည် ပင့်သက်ရှိုက်ပြီး ရုပ်တုကြီး မန်ဟို့အား အဝေးသို့ သယ်သွားသည်ကို ကြည့်ကာ မယုံကြည်နိုင်ဖြစ်နေ၏။ ရုပ်တုကြီးအား သူ့ကို ကာကွယ်စေခြင်းနှင့် သူ့ကို သယ်ဆောင်သွားစေခြင်းမှာ မတူညီသောအရာများဖြစ်ကြောင်း သူ ကောင်းကောင်းသိ၏။ ၎င်းတို့နှစ်ခုက တခြားစီသာ ဖြစ်လေသည်။

ပထမတစ်ခုသည် တုံ့ပြန်မှုကို လိုအပ်ပြီး နောက်တစ်ခုက လုပ်ဆောင်မှုကို လိုအပ်သည်။

"သူက တကယ်ပဲ မျိုးနွယ်စုရဲ့တာအိုစောင့်ရှောက်သူကို ထိန်းချုပ်နေတာလား" သတ္တမခေါင်းဆောင်ကြီးမှာ အသက်ရှုသံများ မြန်နေသည်။ ယခုတွင် သူသည် ချာချာလည် မူးဝေနေပြီး စည်းကမ်းဖောက်ဖျက်သော မျိုးနွယ်၀င်များအကြောင်း မေ့သွားလေပြီ။ သူသည် မန်ဟို့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်ပြီး မန်ဟိုက မျိုးနွယ်စု၏ အနာဂတ်ဖြစ်လာမည်ဟု ခံစားလိုက်ရ၏။

မန်ဟိုသည် တရိပ်ရိပ် သွားနေစဉ် စောစောက သတ်ခံခဲ့ရသော လူ၏ သိုလှောင်အိတ်ကို ဖွင့်လိုက်သည်။ ၎င်း၏ ပါ၀င်ပစ္စည်းများကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်ရာ ဝိညာဉ်ကျောက်တုံးနှင့် အင်မော်တယ်ကျောက်စိမ်းပမာဏ အတန်အသင့်ကို တွေ့လိုက်ရ၏။ ဆေးလုံးများလည်း များစွာရှိသည်။ ကျောက်စိမ်းပြားတစ်ချို့ပင် ပါ၀င်သည်။ ထိုကျောက်စိမ်းပြားများထဲမှ တစ်ခုက နက်မှောင်နေ၍ မန်ဟိုသည် ၎င်းကို ကောက်၍ စစ်ဆေးကြည့်လိုက်သည့်အခါတွင် မျက်နှာထားတင်းသွားလေသည်။

"သူက ဖန်မျိုးနွယ်စုရဲ့ အကြီးအကဲတစ်ယောက်ပဲ" သူက ရေရွတ်လိုက်သည်။ သူ့လက်ထဲတွင် ကိုင်ထားသော အမိန့်ပြားသည် မျိုးနွယ်စုမှ ပေးထားသော လုပ်ပိုင်ခွင့် တံဆိပ်ပြားဖြစ်၍ စောစောက လူမှာ မျိုးနွယ်အကြီးအကဲများထဲမှ တစ်ယောက်ဖြစ်ကြောင်း ဖော်ပြလိုက်၏။

ဤသည်မှာ ဖန်မျိုးနွယ်စု၏ ဘိုးဘေးမြေမဟုတ်ပါလော။ ဖန်ရှုံ့ရှန်းသည် မန်ဟို့ကို မည်သည့်အရာမဆိုထက် သေစေချင်နေသော်လည်း အပြင်လူများအား ဘိုးဘေးမြေထဲသို့ ဝင်ရောက်ခွင့်ပေးရဲမည်မဟုတ်ပေ။ သူ့အနေဖြင့် နောက်ဆက်တွဲအကျိုးဆက်များကို ခံယူနိုင်မည်မဟုတ်ပေ။

သူ၏ တွက်ချက်မှုအရ မန်ဟို့ကို သတ်ဖြတ်ရာတွင် အန္တရာယ်နှင့် အကျိုးဆက်များကို တတ်နိုင်သမျှ လျှော့ချခြင်းဖို့ သူ့သွေးဆက်၏ အဆင့်အတန်းကို လိမ္မာပါးနပ်စွာ အသုံးချရန်သာ လိုအပ်လေသည်။

မန်ဟိုက သိုလှောင်အိတ်ထဲရှိ အမိန့်ပြားကို လွှတ်ပစ်ပြီးနောက် ကျောက်စိမ်းသေတ္တာတစ်ခု ထုတ်လိုက်သည်။ ကျောက်စိမ်းသေတ္တာသည် တလက်လက် တောက်ပနေပြီး အားကောင်းသော အင်မော်တယ်ချီကို ထုတ်လွှတ်နေ၏။

၎င်းကို ဖွင့်ကြည့်ပြီးနောက်တွင် သူ့မှာ အသက်ရှုမြန်လာပြီး မျက်လုံးများ တဖိတ်ဖိတ် တောက်ပလာတော့သည်။

ကျောက်စိမ်းသေတ္တာ၏အထဲတွင် ကျောက်စိမ်းအတိပြီးသော ခေါင်းလောင်းသေးသေးလေးတစ်လုံးရှိ၏။ ၎င်းမှာ လွန်စွာ လှပပြီး အင်မော်တယ်ချီက ၎င်းကို ရစ်သိုင်းနေ၏။ မန်ဟိုသည် ၎င်းက အရည်အသွေးအမြင့်ဆုံး အင်မော်တယ်ရတနာဖြစ်ကြောင်း ချက်ချင်းသိလိုက်၏။ ၎င်းသည် သေချာပေါက် သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။

သူသည် ခေါင်းလောင်းသေးသေးလေးကို လက်ထဲ၌ ကိုင်ကြည့်လိုက်သည်။ ထို့နောက် သူ့အင်မော်တယ်အကြောမှ အင်မော်တယ်ချီအချို့ကို ခေါင်းလောင်းအတွင်းသို့ ထည့်သွင်းလိုက်ရာ ခေါင်းလောင်းအား တချွင်ချွင် မြည်သွားစေ၏။ ခေါင်းလောင်းသည် သူ့ခေါင်းထက်သို့ ပျံတက်သွားပြီး ၃ မီတာအရွယ်အထိ ကြီးထွားလာကာ သူ့ကို လှည့်ပတ်ရင်း တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော မှော်သင်္ကေတများကို ထုတ်လွှတ်လိုက်၏။

ပြင်းထန်သော ဖိအားတစ်ရပ်က ချက်ချင်း ဖြာထွက်လာသည်။

မန်ဟို၏ မျက်လုံးများ တောက်ပသွားပြီး သူက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည်။

"အင်မော်တယ်ရတနာတွေထဲမှာ ဒီခေါင်းလောင်းက သေချာပေါက် အရည်အ‌သွေးမြင့်တဲ့ ရတနာဖြစ်မယ်" သူသည် ခေါင်းလောင်းမှ ထုတ်လွှတ်နေသော အင်မော်တယ်အားအင်ကို ခံစားပြီး ပါးစပ်ကို ဟ၍ ရှိုက်သွင်းလိုက်၏။ တုံ့ပြန်သည့်အနေဖြင့် ခေါင်းလောင်းက ကျုံ့ပြီးနောက် အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ မန်ဟို့ပါးစပ်ထဲ ဝင်၍ သူ၏ အင်မော်တယ်အကြောထဲတွင် နေရာယူလိုက်လေသည်။

ချက်ချင်းပင် သူ့တစ်ကိုယ်လုံးတွင် ခေါင်းလောင်းသံများဖြင့် ပြည့်နှက်သွား၏။ ခေါင်းလောင်းသည် တောက်ပသော အလင်းရောင်ကို စတင်ထုတ်လွှတ်လာပြီး တစ်ချိန်တည်းမှာပင် သူ၏ အကြောမှာ ပို၍ ခိုင်မာလာ၏။

မန်ဟိုမှာ ချက်ချင်း စိတ်အားတက်ကြွသွားတော့သည်။ သူ မသိသည်ကား ဤအင်မော်တယ်ခေါင်းလောင်းမှာ ထိုမျိုးနွယ်အကြီးအကဲအတွက် ဖန်ရှုံ့ရှန်း ပေးထားခဲ့သော လက်ဆောင်တစ်ခု ဖြစ်သည်ကိုပင်။ ၎င်းသည် ရှေးဟောင်းရတနာတစ်ခုတော့ မဟုတ်သော်လည်း အင်မတန် အရည်အသွေးမြင့်မားသော ရတနာတစ်ပါးဖြစ်ပြီး အတန်ငယ် သန့်စင်ရုံနှင့်တင် ရှေးဟောင်းရတနာအဖြစ် ပြောင်းလဲနိုင်၏။

ရှေးဟောင်းရတနာများသည် ‌ရှားပါးပြီး ရှေးဟောင်းနယ်ပယ်ပညာရှင်များပင် မပိုင်ဆိုင်သော အရာများဖြစ်ကြ၏။ စောစောကလူသည် ဖန်မျိုးနွယ်အကြီးအကဲတစ်ဦး ဖြစ်ခဲ့သည့်တိုင် ဝိညာဉ်မီးအိမ်တစ်လုံးကိုသာ ငြိမ်းခဲ့ရသေးသည့်အတွက် မျိုးနွယ်စုမှ ရှေးဟောင်းရတနာများကို ရယူဖို့ အရည်အချင်းမရှိပေ။

တကယ်တော့ ဖန်ရှုံ့ရှန်းမှာ ထိုခေါင်းလောင်းသေးသေးလေးကို ရရှိဖို့ နှစ်အနည်းငယ်ကြာသည်အထိ အရင်းအမြစ်များကို စုဆောင်းခဲ့ရလေသည်။ သို့သော် သူသည် မန်ဟို့ကို သတ်ဖို့အတွက် ရှိသမျှအရာအားလုံးကို ပုံအောထားခဲ့၏။

"သူက မျိုးနွယ်အကြီးအကဲတစ်ဦးဖြစ်‌တာတောင်မှ ဒီမှော်ပစ္စည်းတစ်ခုပဲ ရှိတာတဲ့လား" မန်ဟိုမှာ သံသယ၀င်နေသော်လည်း ထိုလူသေသွားတုန်းက ရုတ်တရက် ကြေမွသွားခဲ့သော မှော်ပစ္စည်းအားလုံးကို သတိရလိုက်၏။

"ရှေးဟောင်းနယ်ပယ်နဲ့ ပက်သက်ပြီး သူမတူတဲ့ အချက်တွေ ရှိနေပုံပဲ" သူက တွေးလိုက်သည်။ သူသည် သိုလှောင်အိတ်ထဲရှိ ကျောက်စိမ်းပြားများကို စစ်ဆေးပြီးနောက် ရုတ်တရက် သူ့မျက်လုံးက ထိုကျောက်စိမ်းပြားထဲမှ တစ်ပြား‌အပေါ် ကျရောက်သွားသည်။ ၎င်းကို ထပ်မံစစ်ဆေးပြီးနောက် သူ၏ မျက်နှာသည် မည်းမှောင်သွား၏။

ထိုကျောက်စိမ်းပြားက သွေးဆက်ခြေရာခံယန္တရားတစ်ခုဖြစ်သည်။ ၎င်းပေါ်၌ အလင်းစက်ကိုးစက်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး တစ်စက်က သူ့ကို ကိုယ်စားပြု၏။ ကျန်ရှစ်စက်က နေရာအသီးသီးတွင် ပျံ့နှံ့နေပြီး သူ့ထံသို့ ဦးတည်နေကြလေသည်။

အနီးဆုံးကား သူနှင့် သိပ်မဝေးတော့ပေ။

"ဆိုတော့ ခင်ဗျားက ကျုပ်ကို သတ်ဖို့ ကိုးယောက်လွှတ်ခဲ့တာကိုး" မန်ဟိုမျက်လုံးများမှာ ရေခဲပမာ အေးစက်နေ၏။ သူက ကျောက်စစ်သည်တော်ကို တုံ့ခနဲ ရပ်၍ နတ်ဘုရားအာရုံတစ်ချို့ ထုတ်လွှတ်ကာ ဦးတည်ချက်‌ပြောင်းသွားစေလိုက်သည်။ ရုတ်တရက် စစ်သည်တော်ကြီးသည် မန်ဟိုနှင့် အနီးဆုံးရှိ အလင်းစက်ရှိရာသို့ တဟုန်ထိုး ထွက်သွား၏။

"ငါ့ကို လာရှာဖို့ မလိုဘူး" မန်ဟိုက ပြောသည်။ "ငါ မင်းကို လာရှာမယ်" သူက မျက်လုံးထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ဆူပွက်နေလျက် ရုပ်တုကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ၏မျက်လုံးများသည် ဘလိတ်ဓားသမျှ ချွန်မြသော အလင်းရောင်ဖြင့် စူးရှနေ၏။

ဤအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံးမှ လူသတ်ငွေ့တို့ တထောင်းထောင်းထလသည်။

သူ့အနေဖြင့် ဖန်မျိုးနွယ်စုအတွင်း၌ သတ်ဖြတ်ရဲမည်မဟုတ်ပေ။ ယင်းက မျိုးနွယ်စုစည်းမျဉ်းကို ချိုးဖောက်ရာကျ၏။ သို့သော် ဤနေရာတွင် လိပ်ပြာမလုံဖြစ်စရာမလိုပေ။ ဤလူများက သူ့ကို သတ်ရန်အတွက် ဤနေရာသို့ ရောက်လာခဲ့မှတော့ သူလည်း ထိုအတိုင်း တစ်ယောက်ချင်းစီကို ပြန်ဆက်ဆံရပေမည်။

"ဒီနေရာက နှစ်လမပြည့်မချင်း ထပ်ပွင့်လာမှာ မဟုတ်ဘူး။ မင်းတို့လူတွေနဲ့ကစားဖို့ ငါ့မှာ အချိန်အများကြီးရှိတယ်" အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒက သူ၏ မျက်လုံးများတွင် တောက်ပနေပြီး သူ့ပတ်ပတ်လည်ရှိ လူသတ်ငွေ့တို့သည် ပို၍ သိပ်သည်းလာ၏။

အပေါ်တွင် သတ္တမခေါင်းဆောင်ကြီးသည် စိတ်လှုပ်တရှား လိုက်လာပြီး မန်ဟို့အပေါ် သူ၏ စိတ်၀င်စားမှုများမှာ တဖြည်းဖြည်း ကြီးထွားလာလေသည်။

ကျောက်စစ်သည်တော်ကြီးက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားနေသဖြင့် တဝုန်းဝုန်းမြည်သံကြီးများ ပဲ့တင်ထပ်နေစေသည်။ ၎င်းသည် ဘိုးဘေးမြေ၏ လေကို ထိုးခွင်း၍ ရွေ့လျားနေ၏။

လေကြမ်းများ တိုးဝှေ့နေ၍ မန်ဟိုသည် ဆံပင်များ ပျံ့လွင့်‌နေလျက် တင်ပျဉ်ခွေထိုင်နေသည်။ သူ့အရှေ့ကီလိုမီတာ ၅၀၀ခန့်တွင် အနက်ရောင်၀တ်ထားသော လူငယ်တစ်ဦးက အလင်းတန်းတစ်ခုအသွင်ဖြင့် လေကို ခွင်းလာနေ၏။ သူ့ပုံပန်းသွင်ပြင်မှာ ငယ်ရွယ်နေသော်လည်း သူ၏ ကြုံ့နေသော မျက်ခုံးနှစ်ဖက်က ရှေးကျသော စိတ်ဆန္ဒတစ်ခုကို သယ်ဆောင်လာနေသယောင်ပင်။

သူ့အား မီးအိမ်ကိုးလုံးက လှည့်ပတ်လျက် ၀န်းရံထားသည်။ စောစောကလူအတိုင်း ရှစ်လုံးက လင်းနေပြီး တစ်လုံးက ငြိမ်းနေ၏။ ဤဝိညာဉ်မီးအိမ်များက အစစ်အမှန်မဟုတ်ဘဲ ပုံရိပ်ယောင်သာ ဖြစ်သည့်အလားပင်။

သူ၏ ဖြတ်သန်းလာမှုက ကောင်းကင်နှင့် မြေကြီးကို ပုံပျက်လာစေပြီး သူက လက်နှစ်ဖက်ကို နောက်ပစ်လျက် လာနေလေသည်။

သူ၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း မျက်လုံးများအတွင်း၍ သတိဝီရိယရှိနေမှုများအား မြင်ရနိုင်၏။

"ငါတို့ထဲက တစ်ယောက်သေသွားတာ မယုံနိုင်ဘူး" သူက မျက်လုံးများ တောက်ပနေလျက် ရေရွတ်လိုက်သည်။ "ငါတို့အားလုံးက ဂျူနီယာမျိုးဆက်ကတစ်ယောက်ကို သတ်ဖို့ ရောက်လာတာဆိုပေမယ့် တစ်ယောက်တော့ သေသွားပြီ။ ဒါ့အပြင် သူ့ကို ဘိုးဘေးမြေထဲက အန္တရာယ်တစ်ကောင်ကောင် သတ်လိုက်တာ မဟုတ်ဘူး။ အဲ့ဒီဂျူနီယာမျိုးဆက်နဲ့ တွေ့ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရတာ" ထူးဆန်းသော အလင်းရောင်က ထိုလူငယ်၏ မျက်လုံးများတွင် တောက်ပနေ၏။ စောစောက အလင်းစက်တစ်စက်သည် သူ စောင့်ကြည့်နေသော ကျောက်စိမ်းပြားထံမှ ပျောက်ကွယ်သွားသဖြင့် သူ့မှာ တုန်လှုပ်ခဲ့ရလေသည်။

"ဖန်ရှုံ့ရှန်း ငါတို့ကိုးယောက်ကို ဒီနေရာကို လွှတ်ခဲ့တာ အံ့ဩစရာမရှိဘူး။ ဒီဂျူနီယာမျိုးဆက်မှာ လျှို့ဝှက်ချက်တစ်ခုခု ရှိကိုရှိရမယ်

"အဲ့ဒါက ဘာလျှို့ဝှက်ချက်ပဲဖြစ်ဖြစ် သူက အင်မော်တယ်နယ်ပယ်ကိုတောင် မရောက်သေးတာတောင်မှ ဝိညာဉ်မီးအိမ်တစ်လုံး ငြိမ်းထားတဲ့ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်ခဲ့တယ်

"ဒါပေမယ့် ဘယ်နည်းလမ်းပဲသုံးသုံး အကြာကြီးသုံးရမှာ မဟုတ်နိုင်ဘူး" အေးစက်သောအလင်းရောင်များသည် လူငယ်၏ မျက်လုံးများထဲတွင်‌ တောက်ပလာပြီး သူ၏သူငယ်အိမ်က လောဘတို့ဖြင့် ဝင်းလက်လာ၏။ သူက ညာလက်ကိုမြှောက်၍ ကိုင်ထားသော ကျောက်စိမ်းပြားထဲသို့ နတ်ဘုရားအာရုံများ ပို့လွှတ်လိုက်သည်။ ထို့နောက် သူ၏မျက်နှာမှာ ရိပ်ခနဲဖြစ်သွားပြီး ရုတ်တရက် တုံ့ခနဲ ရပ်လိုက်၏။

"မဖြစ်နိုင်ဘူး" သူက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။ "သူက ဦးတည်ချက်ပြောင်းပြီး အခုငါ့ဆီ လာနေပြီ။ ပြီးတော့ ဘယ်လောက်မြန်မြန် ရွေ့လျားနေလဲ ကြည့်ဦး။ အစစ်အမှန် အင်မော်တယ် အပြင်အားကိုယ်နဲ့ ဆိုရင်တောင်မှ ဒီလောက်မြန်မြန် မရွေ့လျားနိုင်သေးဘူး" လူငယ်မှာ တွန့်ဆုတ်သွားသည်။

"ဒါက ခွန်အားကို တမင်သက်သက် ပြနေတာလား၊ လှည့်စားနေတာများလား။ ငါ့ကို ကြောက်အောင်လုပ်နေတာလား ဒါမှမဟုတ် သူ့ရဲ့လျှို့ဝှက်ပညာရပ်ကြောင့် ငါ့ကို သတ်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေတာများလား" လူငယ်၏ မျက်လုံးများက ခိုင်မာပြတ်သားသော စိတ်ဓာတ်များဖြင့် ပြည့်နှက်မသွားခင် အချိန်အနည်းငယ်ကြာ တဖြတ်ဖြတ် လက်သွားသည်။

"ကိစ္စမရှိဘူး။ သူ ကြွားလုံးထုတ်နေတာ ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို အဝေးကနေ စောင့်ကြည့်လိုက်မယ်" ထို့နောက် လူငယ်သည် လေလယ်တွင်ရပ်၍ မန်ဟို ချဉ်းကပ်လာမည်ကို စောင့်ရင်း အဝေးသို့ ကြည့်နေလိုက်သည်။

သူသည် အလွန်သတိဝီရိယရှိနေပြီး လိုအပ်ပါက အမြန်ဆုံး ထွက်ပြေးရန် အဆင်သင့် ဖြစ်နေလေသည်။ သူက ကျင့်ကြံခြင်းအခြေခံကို အထွတ်အထိပ်သို့ ရောက်နေစေရန် လှည့်ပတ်ထား၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသောအခါ ထစ်ချုန်းသံတစ်သံကို အဝေးမှ ကြားလိုက်ရသည်။ အရာအားလုံး စတင်တုန်ခါလာ၏။

ကောင်းကင်၏ အခြေအနေပင် ပြောင်းလဲသွား၏။ တိမ်တိုက်များ ဆူပွက်လာပြီး မရေမတွက်နိုင်သော မိုးကြိုးများ ကခုန်လာသည်။

လူငယ်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာပြီး အရှေ့ရှိ ပတ်၀န်းကျင်အား စစ်ဆေးရန် နတ်ဘုရားအာရုံအား ပို့လွှတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွား၏။ သူ့မှာ အသက်ပင်မရှုနိုင်တော့သည့်အပြင် တစ်စုံတစ်ယောက်က သူ့ကို လည်ပင်းညစ်နေသည့်အလား သူ့မျက်လုံးများမှာ ပြူးထွက်နေလေသည်။ တစ်စုံတစ်ယောက်က သူ့ငယ်ထိပ်ကို ရိုက်ချလိုက်သည့်အလား သူ့မှာ ချာချာလည် မူးဝေသွား၏။

သူသည် ဒယိမ်းဒယိုင်ဖြင့် နောက်ဆုတ်ရင်း မျက်နှာဖြူဖတ်ဖြူရော်နေသည်။

"အဲ့ဒါက" သူ့မှာ မြင်နေရသောအရာကို ယုံကြည်ဖို့ရန်ပင် မဝံ့ရဲပေ။ "အဲ့ဒါ ဘာကြီးလဲ"

ကောင်းကင်၏အထက် မီတာထောင်ပေါင်းများစွာအမြင့်တွင် တိမ်တိုက်များ ကွဲထွက်သွားပြီး ဧရာမရုပ်တုကြီးတစ်ခု ပေါ်လာ၏။ ၎င်းက မီတာ ထောင်ပေါင်းများစွာ မြင့်မားပြီး ၎င်းအောက်သို့ ဆင်းလာနေစဉ် တိမ်တိုက်များအား ရှဲသွားစေသည်။

၎င်း၏ စွမ်းအင်မှာ ဖော်ပြဖို့ရန် မတတ်နိုင်အောင်ပင် ကြောက်မက်ဖွယ်ကောင်း၏။

၎င်း၏ အရှိန်က မယုံကြည်နိုင်စရာကောင်းပြီး လေထဲတွင် မီးတောက်များ ထလာစေသည်။ ၎င်းက ကြယ်တံခွန်ကြီးအလားပင်။

မန်ဟိုက အသတ်အဖြတ်စိတ်ဆန္ဒတို့ မျက်လုံးများတွင် တလက်လက်တောက်ပနေလျက် စစ်သည်တော်၏ထိပ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူကား သွေးမသောက်ရဘဲ ဓားအိမ်ထဲသို့ ပြန်၀င်ရန် ငြင်းဆိုနေသည့် ဓားတစ်လက်အလားပင်။‌

ကျောက်စစ်သည်တော်ကြီး လေကိုခွင်း၍ လူငယ့်ထံ ပြေး၀င်လာနေစဉ် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးများက လေထဲတွင် ပြည့်နှက်နေ၏။ ၎င်းအနားရောက်လာသည့်အခါ  တစ်၀က်တစ်ပျက်တာအိုပါရာဂွန်တစ်ဦး၏ အရှိန်အဝါက အရာအားလုံးကို တုန်ခါနေစေရင်း အရပ်လေးမျက်နှာသို့ လိမ့်ထွက်သွားသည်။ ‌

ကျောက်စစ်သည်တော်၏ ‌မျက်လုံးများက အေးစက်ပြီး ခံစားချက်မဲ့နေ၏။ ၎င်းက မဟာဓားကြီးကို လက်တွင် ကိုင်ထားလေသည်။ လူငယ်မှာ ဤအရာအားလုံးကို မြင်သောအခါ မျက်နှာတွင် သွေးမရှိ‌တော့ပေ။

"အဲဲ့ဒါ ဘိုးဘေးမြေရဲ့ တာအိုစောင့်ရှောက်သူပဲ

"အဲ့ဒီ့ကောင်ကြီးမှာ တစ်၀က်တစ်ပျက် တာအိုပါရာဂွန်အရှိန်အဝါရှိတယ်တဲ့လား

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း။ သူက တာအိုစောင့်ရှောက်သူကို တကယ်ကြီး ထိန်းချုပ်နိုင်တာလား" အနက်ရောင်၀တ်လူနှင့်လူငယ်မှာ တစ်ခေါင်းလုံး‌ ပေါက်ကွဲတော့မတတ် ခေါင်းနပန်းကြီးလာသည်။ အံ့ဩထိတ်လန့်မှုနှင့် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့မှုတို့ကြောင့် သူ့မှာ တွေးစရာအချိန်ပင် မရလိုက်ပေ။ သူသည် ချက်ချင်း လှည့်၍ အမြန်ဆုံး သွေးရူးသွေးတန်းထွက်ပြေးတော့သည်။

ထိုအခိုက်အတန့်တွင် သူ့မှာ ငြိမ်းထားသော ဝိညာဉ်မီးအိမ်တစ်လုံးတည်းသာ ရှိသည့်အချက်ကို ကျိန်ဆဲလိုက်၏။ သူ့မှာ မြန်သင့်သလောက်မြန်မြန် မပျံနိုင်သည်ကို ကျိန်ဆဲလိုက်၏။ သူသည် သူ၏ရန်သူ ရောက်လာမည်ကို စောင့်နေခဲ့သည်အထိ တုံးအခဲ့သော သူ့အဖြစ်ကို ကျိန်ဆဲလိုက်၏။

သူသည် ယခုတွင် ရှေးဟောင်းနယ်ပယ်အကြီးအကဲတစ်‌ယောက် အဘယ့်ကြောင့် သေဆုံးခဲ့ရသည်လဲ နားလည်လိုက်လေပြီ။

"ငါလိုးမသား ဖန်ရှုံ့ရှန်း ။ မင်း ငါတို့ကို တာအိုစောင့်ရှောက်သူကို ထိန်းချုပ်နိုင်တဲ့ မကောင်းဆိုးဝါးကောင်ကို သတ်ဖို့ လွှတ်လိုက်တာကို မယုံနိုင်ဘူး။ သူ့ကို သတ်ဖို့ လွှတ်လိုက်တာမဟုတ်ဘဲ သေချာပေါက် သူ ငါတို့ကို သတ်နိုင်အောင် လွှတ်လိုက်တာပဲ” အနက်ရောင်၀တ်လူငယ်မှာ ရင်တဒိန်းဒိန်းခုန်နေပြီး မျက်နှာမှာ လူသေကောင်ပမာ ဖြူဖျော့နေသည်။ ‌သေစေနိုင်သော အန္တရာယ်အာရုံကြောင့် သူ့မှာ အသိစိတ်လွတ်မတတ် ကြောက်လန့်နေသဖြင့် မာန်သွင်းဟိန်းဟောက်၍ သွေးတစ်ချို့ ထွေးထုတ်ကာ ဝေးဝေးရောက်နိုင်သမျှရောက်အောင် လျှို့ဝှက်မှော်အစွမ်းများအား ထုတ်သုံးလိုက်လေသည်။

***

All Chapters