← Chapters

အန္တရာယ်များသော ဘိုးဘေးမြေ

Vol. 68 Ch. 949

အန္တရာယ်များသော ဘိုးဘေးမြေ

Vol. 68 Ch. 949

အပြင်ရှိ မည်သူမှ ဘိုးဘေးမြေထဲ၌ ဖြစ်ပျက်နေသောအရာကို မမြင်ရပေ။

မဟာအကြီးအကဲသော်လည်းကောင်း၊ ဖန်ဝေ၏အဖေနှင့် အဘိုးသော်လည်းကောင်း ဘာဆိုဘာမှ မမြင်ရခြင်းဖြစ်သည်။ မဟာအကြီးအကဲသည် ထိုအချက်ကို ရှင်းပြခဲ့စဉ်က မလိမ်ခဲ့ပေ။ မည်သူမဆိုအတွက် အတွင်း၌ ဖြစ်ပျက်နေသည်ကို ကြည့်ရှုရန် မဖြစ်နိုင်ပေ။

ဖန်မျိုးနွယ်စုတွင် တိုက်ရိုက်သွေးဆက်များ အလွန်စိုးရိမ်ပူ‌ပန်နေကြသည်မှလွဲ၍ အကုန်လုံး ပုံမှန်အတိုင်း ဆက်သွားနေကြသည်။ ဖန်ရွှီမှာ အလွန်အမင်း ငိုင်တွေနေပြီး မန်ဟို့အား အင်မတန် စိတ်ပူနေ၏။

ဆေးဝါးတာအိုဌာနလည်း မန်ဟို နတ်မီးလျှံစမ်းသပ်ပွဲအဖြစ် ဘိုးဘေးမြေထဲ ဝင်ရောက်သွားကြောင်း သတင်းရခဲ့ကြ၍ စိတ်ပူလာကြသည်။ အဆင့် (၈) ဆေးဝါးပညာရှင်ဆယ့်ရှစ်ယောက်လုံး မဟာအကြီးအကဲနှင့် စကားပြောရန် သွားကြလေသည်။

ဆွေးနွေးမှုက အဆင့် (၈) ဆေးဝါးပညာရှင်များ ဒေါသတကြီး ဝုန်းဒိုင်းကြဲ ထွက်သွားကြခြင်းနှင့် အဆုံးသတ်သွားခဲ့သည်။ ထို့နောက်ပိုင်း မကြာမီမှာပဲ ဆေးဝါးတာအိုဌာနက မန်ဟို ဘေးကင်းကင်း ပြန်ရောက်မလာမချင်း မျိုးနွယ်စုအတွက်‌ ဆေးလုံးများ မဖော်ပေးနိုင်ကြောင်း ကြေညာသည်။

ဤဖြစ်ရပ်က တစ်မျိုးနွယ်စုလုံးကို တုန်လှုပ်သွားစေသည်။ ထို့နောက် မဟာအကြီးအကဲက‌ ဆေးလုံးအကြီးအကဲနှင့်‌ တွေ့ရန် ဆေးဝါးတာအိုဌာနသို့ ကိုယ်တိုင်သွားခဲ့သည့်တိုင် ဆေးလုံးအကြီးအကဲက အတွေ့မခံခဲ့ပေ။

ဤအခိုက်အတန့်တွင် ဖန်ဝေ၏ သွေးဆက်မှာ မန်ဟိုသည် မျိုးနွယ်စုအ‌တွင်း၌ မြဲမြံစွာ ခြေကုပ်ထားခဲ့ပြီး ထိုမျှအာဏာရှိလာအောင် ‌တည်ဆောက်နိုင်ခဲ့ကြောင်း သဘောပေါက်လိုက်၍ ကြောက်စိတ်တို့ ဖြစ်ပေါ်လာကြ၏။

ဆေးဝါးတာအိုဌာနကား မျိုးနွယ်စုအတွင်း၌ မန်ဟို၏ အားကိုးရာခံတပ်ကြီးဖြစ်ချေသည်။

ကိစ္စရပ်တစ်ခုလုံးက ဖန်ရှုံ့ရှုန်းဘက်တွင် ဖရိုဖရဲ ဖြစ်သွားစေသည်။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူတို့ခံစားခဲ့ရသော ဆုံးရှုံးမှုများနှင့် ပတ်သက်၍ သူ့သွေးဆက်အကြီးအကဲများ၏ ဒေါသများနှင့် မနှစ်မြို့မှုများကို ပြေပျောက်စေဖို့ လာဘ်ထိုးခြင်းသာဖြစ်၏။

သို့သော် ဖန်ရှုံ့ရှန်းတွင် မျှော်လင့်ချက် ရှိသေးသည်။ မန်ဟို သေသွားလျှင် ဆေးဝါးတာအိုဌာနအနေဖြင့် အလောင်းတစ်လောင်းအတွက် မျိုးနွယ်စုကို တန်ပြန်တိုက်ခိုက်မည်မဟုတ်ပေ။ ပြဿနာအကုန်လုံး ရှင်းလင်းသွားပြီး သူ့သားဖန်ဝေသည် မျိုးနွယ်စု၌ နံပါတ်တစ်ရွေးချယ်ခံ ပြန်ဖြစ်လာပြီး နောက်ဆုံးတွင် သူ့သွေးဆက်က လက်ရှိတိုက်ရိုက်သွေးဆက်ကို လွှမ်းမိုးသွားနိုင်လိမ့်မည်။

သို့သော် သူ့မျှော်လင့်ချက်မှာ ... နောက်ဆက်တွဲဖြစ်ပျက်သွားသောအရာကြောင့် ရိုက်ချိုးခံလိုက်ရတော့သည်။

ဖန်ဝေသည် လောလောဆယ်တွင် သူ၏လျှိူ့ဝှက်အခန်း၌ တံခါးပိတ်ကျင့်နေ၏။ ဖန်ရှုံ့ရှန်းက လက်ထဲရှိ သလင်းကျောက်ကို ကြည့်ရင်း မယုံနိုင်ဖြစ်နေသောမျက်နှာထားဖြင့် အပြင်တွင် တင်ပျဉ်ခွေထိုင်နေသည်။

သလင်းကျောက်ထဲတွင် ဖန်မျိုးနွယ်စု သက်စောင့်ခန်းမရှိသည်။ ထိုနေရာတွင် ဖန်မျိုးနွယ်ဝင်များ၏ အသက်ကို ကိုယ်စားပြုသော ကျောက်စိမ်းပြားများ တည်ရှိ၏။

မျိုးနွယ်ဝင်တစ်ဦး‌ သေဆုံးလျှင် ကျောက်စိမ်းပြားသည် ကြေမွသွားခြင်းဖြင့် အခြေအနေကို စစ်ဆေးနိုင်စေဖို့ မျိုးနွယ်စုအား သတိပေးပေမည်။

စောစောက ဖန်ရှုံ့ရှန်းသည် မရေမတွက်နိုင်သော ကျောက်စိမ်းပြားများအကြား၌ ရှိသော မန်ဟို၏ကျောက်စိမ်းပြားကို ကြည့်နေခဲ့၏။

မန်ဟို မျိုးနွယ်စုသို့ ပြန်ရောက်လာပြီး သက်သေခံတံဆိပ်ပြားအား လက်ခံလိုက်သည်နှင့်တစ်ပြိုင်နက် သက်စောင့်ခန်းမတွင် သက်စောင့်ပြားတစ်ပြား ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ လောလောဆယ်တွင် ၎င်းက စူးရှတောက်ပနေပြီး အက်ရာမြူမှုန်မျှပင် မရှိချေ။

ထို့ထက်မြင့်သောစင်တွင်မူ ရှေးဟောင်းနယ်ပယ်မျိုးနွယ်ဝင်အားလုံး၏ သက်စောင့်ပြားများရှိကြသည်။ ယခုလေးတင် ထို‌ကျောက်စိမ်းပြားများထဲမှ တစ်ပြားက ခွမ်းခနဲ ကြေမွသွားခဲ့ချေပြီ။ ဤအခြင်းအရာက အတော်များများကို သတိထားမိသွားစေပြီး စုံစမ်းမှုများ စတင်တော့သည်။

ထိုကျောက်စိမ်းပြားကြေမွသွားခြင်းက ‌ဖန်ရှုံ့ရှန်းအား ရင်ဒိန်းခနဲ ခုန်သွားစေသည်။

သူ့မှာ ရှေးဟောင်းနယ်ပယ်အကြီးအကဲကိုးဦး မန်ဟို့ကို သတ်ရန် ဘိုးဘေးမြေသို့ သွားစေဖို့အတွက် ကြီးကြီးမားမား ပေးဆပ်ထားရလေသည်။

"အဲဒီမှာ ဘာဖြစ်သွားတာလဲ" သူက အသက်ရှူမှားနေရင်း တွေးလိုက်သည်။ "ရှေးဟောင်းနယ်ပယ်အကြီးအကဲတစ်ဦး ... တကယ်ပဲ သေသွားပြီလား။ ဘယ်လိုကြောင့်လဲ

"အဲ့ဒါအပြင် ဟိုခွေးမသားက အသက်ရှင်နေသေးတယ်" သူ့မှာ ဘိုးဘေးမြေ၌ မည်သည်တို့ဖြစ်ပျက်သွားခဲ့သလဲဆိုသည်ကို ခန့်မှန်းခြင်းပင် မပြုနိုင်ပေ။

မျိုးနွယ်စုသည် ရှေးဟောင်းနယ်ပယ်မျိုးနွယ်ဝင်တစ်ဦး၏ သေဆုံးမှုအား စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးလာကြသည်။ ဖန်ရှုံ့ရှန်းအတွက် ကံကောင်းသည်ကား သူသည် ဘိုးဘေးမြေသို့ ဝင်ရောက်သွားခဲ့သော ပညာရှင်ကိုးဦးလုံး တာဝန်ထမ်းဆောင်ရန် ဂြိုဟ်မှ ထွက်သွားကြသည်ဟုထင်ရအောင် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းပင်။

သို့သော် ယင်းက မျိုးနွယ်စုက်ု ခဏတဖြုတ်သာ အချိန်ဆွဲပေးထားနိုင်လိမ့်မည်။ တင်းတင်းကြပ်ကြပ် စစ်ဆေးမှုက နောက်ဆုံးတွင် သဲလွန်စများအား တွေ့ရှိသွားနိုင်သည်။

"သူ ဘိုးဘေးမြေမှာ အန္တရာယ်တစ်ခုခုတွေ့တာကြောင့် သေသွားတာပဲ ဖြစ်ရမယ်" ဖန်ရှုံ့ရှန်းက တွေးသည်။ "‌မတော်တဆမှုလေးတစ်ခုထက် မပိုပါဘူး။ မကြာခင် အဲဒီခွေးမသား အသက်နှင့်ကိုယ် အိုးစားကွဲရတော့မယ်" အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် တောက်ပလာပြီး သူ့မှာ မန်ဟို၏သက်စောင့်ပြား ကြေမွသွားသည်ကို မြင်ရဖို့ မစောင့်နိုင်တော့ပေ။

"ခွေးမသားလေး သေပြီး ဝေအာ အစစ်အမှန်အင်မော်တယ်အဆင့် တက်သွားတာနဲ့ ... အမှန်ပေါ်သွားလည်း ကိစ္စမရှိတော့ဘူး။ အဲဒီအချိန်ကျရင် ဖန်ဟိုရဲ့ သေဆုံးမှုဟာ မျိုးနွယ်စုအတွက် အရေးထားစရာမဟုတ်ဝောာ့ဘူး"

ဖန်ရှုံ့ရှန်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများတွင် သွေးကြောများ ပြည့်နှက်သွားသည်။

ထိုစဉ် ဖန်မျိုးနွယ်စုဘိုးဘေးမြေထဲတွင် အနက်ဝတ်လူငယ်သည် ကြောက်လန့်တကြား ပြေးရင်း ဖန်ရှုံ့ရှန်းကို ဆဲနေ၏။

"ဘယ်လောက် အရှက်မရှိလိုက်သလဲ" သူက တွေးသည်။ "ကောက်ကျစ်လိုက်တဲ့ကောင်။ နှစ်လတဲ့။ သေစမ်း။ နှစ်လတောင် ကျန်သေးတယ်.... ဒီနေရာပြန်မပွင့်ခင် ငါ ဘာလုပ်ရတော့မလဲ" လူငယ်မှာ ထွက်ပြေးနေစဉ် မျက်နှာတွင် သွေးမရှိတော့ပေ။ သူ့အနောက်ရှိ ထစ်ချုန်းသံကြီးများက သူ့နားမှတစ်ဆင့် ဝင်ရောက်ကာ နှလုံးသားကို ထိုးဖောက်နေလေသည်။

အနောက်တွင် မန်ဟို၏ရုပ်တုကြီးသည် တစ်ကိုယ်လုံး မီးတောက်များ ဖုံးလွှမ်းနေလျက် လူငယ်နောက်သို့ လိုက်နေသည်။ မန်ဟိုက ၎င်းထိပ်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူတို့အနားရောက်လာစဉ် သူ၏မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တောက်ပလာ၏။

သူတို့အကြားရှိ အကွာအဝေးမှာ ကျဉ်းမြောင်းလာသည်။ မီတာ (၃၀၀၀၀)၊ မီတာ (၂၅၀၀၀) ၊ မီတာ (၁၅၀၀၀) ၊ မီတာ (၁၀၀၀၀)...

ထိုအချိန်တွင် အနက်ဝတ်လူမှာ ရူးတော့မတတ် ဖြစ်သွားပြီး အစွမ်းကုန်ထုတ်ရန် အသင့်ပြင်လိုက်သည်။ သူက ချာခနဲ လှည့်၍ မုဒြာလက်ကွက်ဖော်ကာ သူ၏ဝိညာဉ်မီးအိမ်ကိုးလုံးအား လျင်မြန်စွာ လည်သွားစေပြီး မန်ဟို့ထံ ပြေးဝင်သွားစေသည်။

သူကား သူ၏အသက်စွမ်းအားပါရှိသော ဝိညာဉ်မီးအိမ်များဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။ ဤအခြင်းအရာအရ သူ မည်မျှကြောက်လန့်နေကြောင်း သိသာလေသည်။

ရှစ်လုံးလင်း၍ တစ်လုံးငြိမ်းနေသော ဝိညာဉ်မီးအိမ်များ မန်ဟို့အနား ရောက်လာသောအခါ မန်ဟို၏ရုပ်တုကြီးက ဓားကြီးကို ဝင့်လိုက်သည်။ တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်တစ်ဦး၏ ကြီးမားသောအရှိန်အဝါက ပေါက်ကွဲထွက်လာ၏။

"သူ့ကို အရှင်ထားလိုက်" မန်ဟိုက ရုတ်တရက် ‌ပြောသည်။

ချက်ချင်းပင် ကျောက်စစ်သည်တော်ကြီးသည် ညာလက်ထဲမှ ဓားကို ဘယ်လက်သို့ ပို့လိုက်သည်။ ထို့နောက် ၎င်း၏ညာလက်က အနက်ဝတ်လူငယ်ကို လှမ်းဆွဲလိုက်သည်။

စောစောကအတိုင်း ပတ်ဝန်းကျင်ရှိ အရာအားလုံး ရွေ့လျားနေခြင်း ရပ်သွားသည်။ အနက်ဝတ်လူငယ်မှာ တစ်ကိုယ်လုံး တောင့်တင်းလျက် မလှုပ်နိုင်တော့ပေ။ သူ့အသိစိတ်ပင်လျှင် ပျောက်ကွယ်လာ၏။

ခုခံရန်သော်လည်းကောင်း၊ တန်ပြန်တိုက်ခိုက်ရန်သော်လည်းကောင်း မဖြစ်နိုင်သော စွမ်းအားတစ်ရပ်က ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသယောင်ပင်။ ကျောက်စစ်သည်တော်ကြီး၏ ရှေ့မှောက်တွင် ဝိညာဉ်မီးအိမ်တစ်လုံး ငြှိမ်းထားသော အနက်ဝတ်လူမှာ ပိုးမွှားတစ်ကောင်ထက် မပိုပေ။

ကျောက်စစ်သည်တော်ကြီး၏လက် ဝိညာဉ်မီးအိမ်ကိုးလုံးဆီ ရောက်သွားရာတွင် ထိုလက်ကား မတူညီသောဟင်းလင်းပြင်တွင် တည်ရှိသည့်အလား ၎င်းတို့ကို တိုက်ရိုက်ဖြတ်၍ မျက်စိတစ်မှိတ်အတွင်း ကူကယ်ရာမဲ့နေသော အနက်ဝတ်လူအား ဖမ်းဆုပ်လိုက်သည်။ လက်ကြီး ဆုပ်လိုက်သောအခါ လူငယ်၏အရိုးတော်တော်များများ ကျိုးကြေသွားသဖြင့် အရိုးကျိုးသံများ ထွက်လာ၏။

သူ့ကို ဖမ်းဆုပ်၍ ဆွဲခေါ်ပြီးနောက်တွင် အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ လေထုသည် နောက်တစ်ဖန် ရွေ့လျားလာပြီး အနက်ဝတ်လူငယ်၏ မချိတင်ကဲအော်သံများက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားတော့သည်။

သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ပြင်းထန်သော နာကျင်မှုက သူ့ခန္ဓာကိုယ်ကို ဝါးမြိုသွား၏။ သူ့မှာ သေမျိုးကဲ့သို့ အားနည်းနေသော ကျင့်ကြံခြင်းအခြေခံဖြင့် ကျောက်စစ်သည်တော်ကြီး၏ လက်ထဲတွင် ပိတ်မိသွားခဲ့လေပြီ။ သူသည် တဆတ်ဆတ် တုန်လာပြီး သေရမည်ကို ကြောက်လာ၏။

"ဖန်ရှုံ့ရှန်း" သူက စူးစူးဝါးဝါး အော်သည်။ "ငါ သရဲဖြစ်ရင်တောင်မှ မင်းကို အလွှတ်မပေးဘူး" ယခုအချိန်တွင် သူသည် မန်ဟို့ကို မုန်းသော်လည်း ဖန်ရှုံ့ရှန်းကို ပို၍ပင် မုန်းမိ၏။

"ပြီးတော့ မင်း ဖန်ဟို" သူက ဒေါသတကြီး ဆိုသည်။ "ငါတို့မျိုးနွယ်စုရဲ့ တာအိုစောင့်ရှောက်သူကြီးကြောင့် မဟုတ်ရင် ငါမင်းကို ... ကြက်ကလေးငှက်ကလေးသတ်သလို အလွယ်တကူ သတ်နိုင်တယ်" သွေးများက သူ့ပါးစပ်မှ စီးကျနေပြီး သူ့မျက်လုံးများသည် မန်ဟို့အပေါ် မုန်းတီးမှုတို့ဖြင့် တောက်ပနေ၏။

"အခုအချိန်မှာတော့" မန်ဟိုက တည်ငြိမ်သောမျက်နှာထားဖြင့် ပြန်ဖြေသည်။ "ကျုပ် ခင်ဗျားကို ကြက်ကလေးငှက်ကလေး သတ်တာထက်တောင် လွယ်လွယ်လေး သတ်ပစ်လို့ရတယ်"

သူက မျက်လုံးများ ဝင်းလက်နေလျက် ညာလက်ဖြင့် ထူးဆန်းသောလက်ကွက်တစ်ကွက် ဖော်သည်။ ရုတ်တရက် မရေမတွက်နိုင်သော မှော်သင်္ကေတများ သူ့လက်ပေါ်တွင် ပေါ်ပေါက်လာ၏

မှော်သင်္ကေတများအနက် တချို့က အဖြူရောင်၊ တချို့က အမည်းရောင်ဖြစ်သည်၊ မည်သို့ဆိုစေ အကုန်လုံး မှိတ်တုတ်မှိတ်တုတ် လက်နေ၏။ သူ့လက်ကား အဖြူအမည်းပြောင်းသွားခဲ့သည့်အလားပင်။

ဆန်းပြားသောအရှိန်အဝါတစ်ခုက အင်မော်တယ်ချီစီးကြောင်းတစ်ကြောင်းကို ဖန်တီး၍ သူ့လက်အပေါ်တွင် စုဆုံစေပြီးနောက် မှော်သင်္ကေတများနှင့် တစ်သားတည်းဖြစ်စေရင်း သူ့ပတ်ပတ်လည်တွင် ဖြစ်တည်လာသည်။ မကြာမီ ပတ်ဝန်းကျင်ရှိ အရာအားလုံး အဖြူအမည်းဖြစ်လာ၏။

‌မန်ဟို့လက်မှာ တုန်ရီနေသော်လည်း မည်သူမှ ပြောနိုင်မည်မဟုတ်သလို၊ လေလယ်ရှိ သတ္တမခေါင်းဆောင်ကြီးပင်လျှင် မပြောနိုင်ပေ။ သူသည် မန်ဟို့ညာလက်ပေါ်ရှိ မှော်သင်္ကေတများတွင် အဆီအနှစ်တစ်မျိုး၏ အရှိန်အဝါပါရှိနေသည်ဟုသာ ခံစားရနိုင်၏။

ဤသည်ကား ... ဆဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ပင်။

မန်ဟိုသည် ၎င်းကို အင်မော်တယ်အပျက်အစီးများနယ်မှာတုန်းက ဆဋ္ဌမမန္တန်အရှိန်အဝါပါရှိနေသော ဓားမှ ရရှိခဲ့ခြင်းဖြစ်၏။ သူသည် မန္တန်အား စဉ်ဆက်မပြတ် ဆင်ခြင်သုံးသပ်နေခဲ့ပြီး ယခုတွင် စမ်းသုံးကြည့်နေသည်။ သို့သော် ၎င်းမှာ လွန်စွာခက်ခဲလှသဖြင့် ၎င်း၏သဘောသဘာဝကို အပြည့်အဝ ဆင်ခြင်ပြီးသည့်တိုင် အောင်မြင်စွာ အသုံးမပြုနိုင်ခဲ့ပေ။

အ‌ကြောင်းရင်းက လေ့ကျင့်ဖို့ သင့်တော်သော ပစ်မှတ်မရှိခဲ့ခြင်းနှင့် များစွာ သက်ဆိုင်ခဲ့ပြီး ယခုမူ သူ့တွင် သက်ရှိပစ်မှတ်ရှိနေလေပြီ။

သူ့ညာလက်က ရုတ်တရက် ငြိမ်သွားပြီး အနက်ဝတ်လူငယ်ကို လက်ညှိုးထိုးလိုက်စဉ် သူ၏မျက်လုံးများက ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပသွားသည်။ ချက်ချင်းပင် အဖြူအမည်းမှော်သင်္ကေတများက အတူတကွ ပေါင်းစည်းကာ လူငယ်ထံ ပြေးဝင်သွား၏။

လူငယ်မှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသော်လည်း မခုခံနိုင်ပေ။ မှော်သင်္ကေတများသည် သူ့နဖူးကို ထိတွေ့ပြီး သူ့ကိုယ်ထဲ ထိုးဖောက်ဝင်လာကြ၏။

မန်ဟိုက အသက်ရှိုက်စာအနည်းငယ်ကြာသည်အထိ စေ့စေ့စပ်စပ် ကြည့်နေသည်။ အနက်ရောင်ဝတ်လူ၏ မျက်နှာမှာ ရှုံ့မဲ့လာပြီး သွေးကြောများ သူ့နဖူးတွင် ဖောင်းကြွလာ၏။ ထို့နောက် သူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

အော်သံကြီးက သတ္တမခေါင်းဆောင်ကြီးကိုပင် ရှုံ့မဲ့သွားစေသည်။

စကားလုံးများဖြင့် ဖော်ပြ၍မတတ်နိုင်သော နာကျင်မှုက လူငယ်ကို နှိပ်စက်နေသည်။ သူ့ဝိညာဉ်မှာ စားသုံးခံနေရပြီး တစ်ကိုယ်လုံး စုတ်ဖြဲခံနေရသည့်အလား ခံစားနေရ၏။ မကြာမီ သူ၏အော်သံများသည် တိရစ္ဆာန်တစ်ကောင်၏ အော်သံများကဲ့သို့ ဖြစ်လာသည်။

အသက်ငါးရှိုက်ခန့်ကြာသော် လူငယ်၏ခန္ဓာကိုယ်မှာ ရုတ်တရက် သွေးသံရဲရဲ အတုံးများအဖြစ် ပေါက်ကွဲသွသည်။ သူကား ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ သေဆုံးသွားခဲ့လေပြီ။

လေလယ်ရှိ သတ္တမခေါင်းဆောင်ကြီးမှာ ပင့်သက်ရှိုက်မိသွားသည်။ သူ၏ တည်ကြည်လေးနက်သောအကြည့် မန်ဟို့အပေါ် ပြန်ကျရောက်လာစဉ် သူ၏မျက်လုံးများတွင် လေးစားမှုတို့ တစတစ ပြည့်နှက်လာ၏။

"တော်တော့်ကို ရက်စက်တာပဲ" သူက တွေးလိုက်သည်။ သူ့အမြင်အရ မန်ဟို့စိတ်နေစိတ်ထားကား သူနှင့် အလွန်တူလေသည်။

မန်ဟိုက မျက်မှောင်ကြုတ်၍ သက်ပြင်းချလိုက်သည်။

"‌မအောင်မြင်ပြန်ဘူး ။ သုံးပုံသုံးနည်းက မမှန်တာ ဖြစ်လောက်တယ်" သူသည် ဆဋ္ဌမမျိုးဆက်မိစ္ဆာချုပ်နှောက်သူ ရှင်ခြင်းသေခြင်းမန္တန်အား အသုံးပြုခဲ့သော ပုံစံနှင့် မန္တန်စက်ကွင်းမိသွားသူတိုင်း သူတို့၏ရှင်ခြင်း သို့မဟုတ် သေခြင်းအား ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ပုံကို ပြန်တွေးကြည့်လိုက်၏။ ထိုလူများကား ... ဆဋ္ဌမမျိုးဆက်မိစ္ဆာချုပ်နှောင်သူ၏ ကြိုးဆွဲရာရုပ်သေးရုပ်များ ဖြစ်လာခဲ့လေသည်။

လူငယ် ‌သေဆုံးသွားသည့်အခိုက်အတန့်မှာပင် ဖန်ရှုံ့ရှန်းသည် ဖန်မျိုးနွယ်စု၏ ဘိုးဘေးစံအိမ်ထဲရှိ သူ့နေရာတွင်သူ ပြန်ထိုင်နေလေသည်။ သူ့မှာ နောက်ထပ် ခသက်စောင့်ပြားတစ်ပြား ကြေမွသွားသည်ကို မြင်လိုက်ရသဖြင့် ...  မျက်နှာဖြူဆုပ်သွားတော့သည်။

"မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ ဘိုးဘေး‌မြေက အန္တရာယ်များလိုက်တာ" ဖန်ရှုံ့ရှန်းသည် တုန်ရီ‌နေပြီး မျက်လုံးများ နီရဲနေ၏။

***

All Chapters