← Chapters

အပြောင်ရှင်းခြင်း

Vol. 68 Ch. 950

အပြောင်ရှင်းခြင်း

Vol. 68 Ch. 950

လူငယ် သေဆုံးသွား‌သော အခိုက်အတန့်တွင် ဘိုးဘေးစံအိမ်ထဲရှိ ဖန်မျိုးနွယ်စု၏ သက်စောင့်ခန်းမထဲမှ ခွမ်းခနဲ ခပ်ပြတ်ပြတ်အသံတစ်သံ ထွက်လာသည်။ အသံက ဘိုးဘေးစံအိမ်ထဲရှိ အကြီးအကဲအားလုံး၏အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်၏။

အလင်းတန်းများ လေက်ု ခွင်းသွားကြသဖြင့် ဖန်ရှုံ့ရှန်းလည်း အသက်ပြင်းပြင်းရှူသွင်းကာ သူ့စိတ်သူ တည်ငြိမ်စေလိုက်သည်။ ထို့နောက် သူလည်း လေပေါ်ပျံတက်လိုက်သည်။

သက်စောင့်ခန်းမသို့ အကြီးအကဲအမြောက်အမြား ရောက်လာရန် သိပ်မကြာလိုက်ပေ။ မဟာအကြီးအကဲ ဖန်သုံ့တျန်းပင်လျှင် လက်နှစ်ဖက်ကျောနောက်ပစ်၍ ‌ကြေမွသွားသော ကျောက်စိမ်းပြားများကို စစ်ဆေးရင်း ရောက်နေပြီဖြစ်သည်။ သူ၏မျက်နှာထားမှာ မည်းမှောင်သထက် မည်းမှောင်လာသည်။

လူများ ခန်းမထဲတွင် စုဝေးလာကြပြီး ကြေမွသွား‌သော သက်စောင့်ပြားများကို မြင်လျှင် ဒေါသထွက်သွားကြသည်။

လူအုပ်ကြီးသည် တီးတိုးပြောလာကြ၏။

"နောက်တစ်ခု ... ရက်ပိုင်းအတွင်း သက်စောင့်ပြားနှစ်ပြား ‌ကြေမွသွားပြီ။ အကြီးအကဲနှစ်ဦး သေဆုံးသွားတာ ယုံတောင် မယုံနိုင်ဘူး"

"ထူးဆန်းတာ တစ်ခုခုတော့ ဖြစ်နေပြီ..."

"အထူးဆန်းဆုံးက ပထမတစ်ယောက် ဘယ်မှာသေသွားတာလဲဆိုတာ စုံစမ်းလို့မရတာပဲ"

နောက်ဆုံးတွင် မဟာအကြီးအကဲက လှည့်၍ လူအုပ်ကြီးကို မျက်လုံးဝေ့ကြည့်သည်။ သူ့အကြည့်သည် ဖန်ရှုံ့ရှန်းအပေါ်တွင် တခဏ ရစ်ဝဲနေ၏။

ဖန်ရှုံ့ရှန်းမှာ ရင်ဒိန်းခနဲ ခုန်သွားသော်လည်း  မျက်နှာအမူအရာကမူ တည်ငြိမ်နေသည်။

"အကြီးအကဲနှစ်‌ယောက် ဆက်တိုက်သေသွားတယ်" မဟာအကြီးအကဲက ဖြောင့်မတ်တည်ကြည်သောအသံဖြင့် ကြေညာသည်။ "ဒါပေမဲ့ သူတို့ ဘယ်မှာ သေသွားလဲဆိုတာ ဆုံးဖြတ်ဖို့ သူတို့ရဲ့ သက်စောင့်ပြား‌စွမ်းအားကို သုံးလို့မရဘူး ... သူတို့ ဘယ်သွားကြတာလဲ"

အကြီးအကဲတစ်ဦးက လက်နှစ်ဖက်ယှက်၍ အရိုအသေပေးရင်း လူအုပ်ထဲမှ ထွက်လာသည်။ "ကျုပ်ရဲ့ စစ်ဆေးမှုအရ နှစ်ယောက်လုံး တာဝန်တချို့ကြောင့် မျိုးနွယ်စုကနေ ထွက်သွားကြတာပါ"

"တာဝန်တချို့ကြောင့်ဟုတ်လား ... မင်းတို့ တကယ်ပဲ ယုံသလား" မဟာအကြီးအကဲက ဒေါကန်နေသောပုံစံဖြင့် အင်္ကျီလက်စကို ခါ၍ လမ်းလျှောက်ထွက်သွားသည်။ "ဆက်စုံစမ်းကြ။ အဲ့ဒီတာဝန်ကြောင့် အကြီးအကဲဘယ်နှယောက် ထွက်သွားလဲ သိအောင်လုပ်။ ဒါ့အပြင် သူတို့ကို ဘယ်သူတာဝန်ပေးတာလဲ စစ်ဆေးစမ်း။ ငါ အကုန်သိချင်တယ်။ အချက်အလက်တစ်ခုမှ မကျန်စေနဲ့" မဟာအကြီးအကဲ ထွက်သွားသည့်တိုင် သူ၏အသံက ‌ခန်းမထဲတွင် ပဲ့တင်ထပ်လျက် ကျန်ခဲ့သည်။

ဖန်ရှုံ့ရှန်းမှာ ကျန်လူအုပ်ကြီးနှင့်အတူ ထွက်ခွာနေစဉ် ဖိအားကြီးကို ခံစားနေရ၏။ ရုတ်တရက် နတ်ဘုရားစိတ်ဆန္ဒမှတစ်ဆင့် ပေးပို့လိုက်သော မဟာအကြီးအကဲ၏ ရေခဲတမျှ အေးစက်နေသောအသံက သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။

"ငါတို့မျိုးနွယ်စုမှာ မျိုးနွယ်စုစည်းမျဉ်းတွေထက် အရေးကြီးတာမရှိဘူး။ ဒါကြောင့် ဖန်ဝေကို ဘာအန္တရာယ်‌မှမဖြစ်အောင် ငါ ကာကွယ်ပေးနေမှာပဲ။ ဒါပေမဲ့ ... တတိယမြောက်အကြီးအကဲတစ်ဦး သေသွားရင်တော့ မင်း ငါ့ကို ဘယ်လိုရှင်းပြမလဲ တွေးထားတာ ပိုကောင်းမယ်"

ဖန်ရှုံ့ရှန်းသည် တိတ်ဆိတ်စွာ တုန်လှုပ်သွား၏။

ဘိုးဘေးမြေထဲတွင်တော့ အနက်ဝတ်လူငယ် သေသွားသောအခါ ဝိညာဉ်မီးအိမ်တစ်လုံးငြှိမ်းထားသော ကျန်ကျင့်ကြံသူခုနစ်ယောက်လုံး .... ရပ်သွားကြသည်။

သူတို့အားလုံးတွင် သွေးဆက်ခြေရာခံကျောက်စိမ်းပြားရှိသဖြင့် တခြားနှစ်ယောက် မန်ဟို့အနားရောက်သွားသည်နှင့် ရုတ်တရက် သေသွားကြသည်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီးလေပြီ။

တစ်ယောက်တည်းဆိုလျှင် မတော်တဆ ဖြစ်နိုင်သော်လည်း နှစ်ယောက်ကတော့ ...  ဤခုနစ်ယောက်သာ ၎င်းအား မတော်တဆဖြစ်ရပ်ဟု ယုံနေသေးလျှင် ရှေးဟောင်းနယ်ပယ်ပညာရှင်များဟု မခေါ်ထိုက်တော့ပေ။

ခုနစ်ယောက်လုံး၏မျက်နှာများတွင် အံ့ဩထိတ်လန့်မှုတို့ ဖြတ်ပြေးသွားသည်။ မည်သည့်အရာဖြစ်ပျက်ခဲ့၍ ဂျူနီယာမျိုးဆက်တစ်ယောက်ကို သတ်ရမည့် နှစ်ယောက်က ဘာကြောင့် သေသွားကြသည်လဲ သူတို့ မခန့်မှန်းနိုင်တော့ပေ။

သူတို့မှာ ရင်တဒိန်းဒိန်း ခုန်နေပြီး မန်ဟို့အပေါ် ကြောက်စိတ်တို့ ဆထက်တိုးလာသည်။ ရုတ်တရက် မန်ဟိုအား ကိုယ်စားပြုနေသော အလင်းစက်မှာ ထူးဆန်းပြီး ပဟေဠိဆန်လာသယောင်ပင်။

ရုတ်တရက် မန်ဟို့ကျောက်စိမ်းပြားအပေါ်ရှိ အခြေအနေ ပြောင်းလဲသွားလေပြီ။ မန်ဟို့နှုတ်ခမ်းများက သွေးအေးစွာ ပြုံးလိုက်၏။ အလင်းစက်ခုနစ်စက်ကား သူ့ထံ ချဉ်းကပ်မလာတော့ဘဲ သူ့ထံမှ ဝေးရာသို့ တဟုန်ထိုး ပြေးနေကြသည်။

"ခင်ဗျားတို့တွေလည်း ဒီမှာ နှစ်လပိတ်မိနေမှာဆိုတော့ ကြောင်နဲ့ကြွက်အတိုင်း ကစားကြတာပေါ့" မန်ဟိုက ကျောက်စစ်သည်တော်ကြီးအား ပွပ်သပ်လိုက်ရာ ၎င်းသည် လှည့်၍ သူနှင့်အတူ ‌အဝေးသို့ ပျံသန်းသွားလေ၏။

မန်ဟိုသည် တရိပ်ရိပ် ကျန်ခဲ့သော အောက်ရှိ မြေပြင်ကို ကြည့်နေစဉ် မျက်လုံးများ တောက်ပလာပြီး ရှက်ကိုးရှက်ကန်းအမူအရာက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ "ဒီကို ရောက်နေပြီဆိုမှတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီဘိုးဘေးမြေရဲ့ကံကြမ္မာကောင်းတချို့ကို ရယူဖို့ လိုတယ်"

လေလယ်တွင် သတ္တမခေါင်းဆောင်ကြီးသည် မန်ဟို၏လင်းလက်နေသော မျက်လုံးကို မြင်လျှင် ခေါင်းညိတ်လိုက်၏။

"သူ့မျက်လုံးထဲက အလင်းရောင်အရ ဘိုးဘေးမြေထဲမှာ ကံကြမ္မာကောင်းတချို့ ရှာတော့မယ့်ပုံရတယ်။ ကောင်းတယ်၊ ဒါဟာ ဖန်မျိုးနွယ်စုရဲ့ ဆက်ခံသူတစ်ဦး လုပ်သင့်တဲ့အရာပဲ" သူသည် မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။ "ဒီကလေးက ယဉ်ကျေးသိမ်မွေ့တဲ့ပုံ ပေါ်တယ်။ ရန်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တတ်ပေမယ့် အပြစ်ကင်းပြီး သဘောကျစရာကောင်းတယ်။ သူ ဒီနေရာမှာ ဘယ်လိုကံကြမ္မာကောင်းမျိုးကို ရရှိဖို့ ကံပါနေမလဲမသိဘူး"

ဤသည်မှာ ဤအဘိုးကြီးအတွက် မန်ဟို့မျက်လုံးများထဲရှိ ထိုအလင်းရောင်ကို ပထမဆုံးမြင်ဖူးသည့်အကြိမ်ဖြစ်သလို၊ သူ ရှက်ကိုးရှက်ကန်း ပြု‌မူနေသည်ကိုလည်း ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

"ငါ ဘယ်နေရာသွားသွား အပြောင်ရှင်းပစ်မယ်" မန်ဟိုက သူ့အပြုအမူများကို သူ့ဘာသာ ရှေ့နေလိုက်ရင်း တွေးသည်။ "ငါ့ကို ဒီကျောက်စစ်သည်တော်ကြီး အဖော်ပြုပေးနေတာတောင် ဒီနေရာကို ဒီတိုင်းထားလိုက်ရင် နောင်ကျ သေချာပေါက် နောင်တရမိလိမ့်မယ်" ထို့နောက် သူ၏မျက်လုံးများသည် ပိုမိုတောက်ပလာ၏။

မန်ဟို့ထိန်းချုပ်မှုအောက်တွင် ကျောက်စစ်သည်တော်ကြီးက အဝေးသို့ ပျံသန်းသွားလေသည်။

ဘိုးဘေးမြေကား မျဉ်းဖြောင့်အတိုင်း ဆန့်တန်းနေပြီး မန်ဟို့လက်ရှိနေရာမှာ အစသာ ရှိသေးလေသည်။ အချိန်တချို့ကြာသော် သူသည် အရှေ့ရှိမြေများကို ကြည့်ရှုပြီး ကျောက်စစ်သည်တော်ကြီးထံသို့ နတ်ဘုရားစိတ်ဆန္ဒတချို့အား ပို့လွှတ်လိုက်၏။

ကျောက်စစ်သည်တော်ကြီးက တုံ့ခနဲ ရပ်လိုက်သည်။ မန်ဟိုက မတ်တပ်ရပ်ကာ အောက်ရှိမြေပြင်ကို စိုက်ကြည့်လိုက်သည်။ အောက်တွင် ဧရာမကျောက်တုံးကြီးများ ပြန့်ကြဲနေသော ကွင်းပြင်တစ်ခုရှိသည်။ ကျောက်တုံးကြီးတစ်တုံးစီ၏ မျက်နှာပြင်အောက်တွင် သဘာဝနိယာမပါရှိသော ပုံရိပ်မျိုးစုံအား ရေးထွင်းထား၏။

မန်ဟိုသည် ကျောက်စစ်သည်တော်ကြီးအပေါ်မှ ခုန်ဆင်းပြီး ကျောက်တုံးကွင်းပြင်အပေါ်တွင် ပျံဝဲနေလိုက်သည်။ ဟိုဟိုသည်သည် ကြည့်နေစဉ် သူ၏မျက်လုံးများမှာ စူးရှတောက်ပလာသည်။

သတ္တမခေါင်းဆောင်ကြီးက ခေါင်းတညိတ်ညိတ်နှင့် ‌တွေးနေသည်။

"သိပ်ကောင်းတယ်၊ ဒီနေရာက သိပ်မထူးခြားပေမယ့် သူနဲ့ အင်မတန် သင့်တော်တယ်။ မှော်သိုင်းကွက်တစ်ချို့ကို ဉာဏ်အလင်းရတာလည်း ကံကြမ္မာကောင်းပဲကိုး" သတ္တမခေါင်းဆောင်ကြီးသည် ပြုံးလိုက်သော်လည်း လျင်မြန်စွာပင် ပါးစပ်အဟောင်းသားနှင့် ဇဝေဇဝါ ဖြစ်သွားသည်။

အောက်တွင် မန်ဟိုက အနောက်နည်းနည်းဆုတ်ကာ နတ်ဘုရားစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ကျောက်စစ်သည်တော်ကြီးက ပျံဆင်းလာပြီး ၎င်း၏လက်နှစ်ဖက်လုံးကို သုံးကာ ကျောက်တုံးကြီးအား မြေကြီးထဲမှ ကော်ထုတ်လိုက်လေသည်။

မန်ဟိုက မျက်လုံးများ တောက်ပနေလျက် ကျောက်တုံးကြီးအား သိုလှောင်အိတ်ထဲ ကပျာကယာ ထည့်ပြီးနောက် ကျောက်စစ်သည်တော်ကြီးအား နောက်တစ်တုံးဆီသို့ သွားခိုင်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးကြီးများ ကော်ထုတ်ခံရပြီး မန်ဟို့သိုလှောင်အိတ်ထဲ ရောက်သွားရန် သိပ်မကြာလိုက်ပေ။

ထို့နောက် မန်ဟိုက အပေါ်ပျံတက်လာ၍ ကျောက်စစ်သည်တော်ကြီး၏ခေါင်းပေါ်တွင် ပျံထိုင်ကာ စိတ်လှုပ်တရှား ရှေ့ဆက်သွားသည်။

လေလယ်တွင်တော့ သတ္တမခေါင်းဆောင်ကြီးမှာ ကြက်သေသေနေဆဲဖြစ်သည်။ သူသည် မန်ဟို့ကြောင့် မြေကြီးတွင် ကျန်ခဲ့သော ကျင်းပေါက်ကြီးများကို ကြည့်ပြီး အဝေးသို့ ထွက်သွားသော မန်ဟို့ကို ကြောင်တောင်တောင်နှင့် လှမ်းကြည့်၏။

"သူ ... သူ ဘာလုပ်နေတာလဲ" သူက ရေရွတ်လိုက်သည်။ "ဉာဏ်အလင်းရှာဖို့ ဒီနေရာကို လာတာ မဟုတ်ဘူးလား၊ ကံကြမ္မာကောင်းရှာဖို့ လာတာမဟုတ်ဘူးလား" မန်ဟို၏လုပ်ဆောင်မှုများက သူ့အား လုံးလုံးလျားလျား အံ့အားသင့်နေစေတော့သည်။

အချိန်များ ကုန်လွန်သွားသည်။ မန်ဟိုသည် ကြေးမုံတစ်ချပ်နှင့်တူ‌သော ကန်သေးသေးလေးတစ်ကန်ကို လှမ်းမြင်လိုက်၏။ နေရောင်ခြည်သို့ ကန်ရေပြင်ပေါ်သို့ ဖြာကျနေစဉ် မှော်သင်္ကေတများက ရေထဲမှ ပျံတက်လာလေသည်။

မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စစ်သည်တော်ကြီးက ၎င်း၏ဓားကြီးကို လွှဲချလိုက်သည်။ အကြိမ်အနည်းငယ် ခုတ်ပြီးသော် ၎င်းသည် ကန်ပတ်ပတ်လည်ရှိ မြေကြီးအားလုံးကို တူးပြီးသွား၏။ ထို့နောက် မန်ဟိုက တစ်ကန်လုံး မြေကြီးထဲမှ မြောက်တက်လာအောင် အပြင်းအထန် ကြိုးစားပြီးနောက် ၎င်းကို သူ၏သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။

သူ့တွင် သိုလှောင်အိတ်အရွယ်အစား အကြီးအသေးအစုံ ရှိသည်။ ကန်အား ၎င်းတို့ထဲမှ တစ်အိတ်ထဲသို့ ပင်ပင်ပန်းပန်း ထည့်ပြီးနောက် သူက နောက်တစ်လုံး ထုတ်သည်။ ထို့နောက် ဘေးဘီဝဲယာကို ခိုးကြောင်ခိုးဝှက်ကြည့်ရင်း ကျောက်စစ်သည်တော်ကြီးအပေါ် ပြန်ထိုင်ကာ ဆက်သွား၏။

သတ္တမခေါင်းဆောင်ကြီးမှာ ဖုတ်လိုက်ဖုတ်လိုက် အသက်ရှူနေရပြီး ဖြစ်ပျက်နေသောအရာကို ကြည့်ကာ မျက်လုံးပြူးနေတော့သည်။ သူ့မှာ တုန်ပင် တုန်ရီလာသည်။

မန်ဟိုက ဆက်သွားနေစဉ် တောင်ပုလေးတစ်လုံးကို မြင်ပြီး ယူလိုက်ပြန်သည်။

စေတီ‌သေးသေးလေးကို မြင်သည်၊ ယူလိုက်သည်။

ဝါးတောအုပ်တစ်အုပ်ကို မြင်သည် ၊ ယူလိုက်သည်။

သစ်လုံးအိမ်တစ်အိမ်ကို မြင်သည်၊ ယူလိုက်သည်။

‌ကျမ်းစာတစ်စောင်ကို မြင်သည်၊ ယူလိုက်သည်။

သူ မြင်မြင်သမျှ အရာအားလုံး၊ ကံကြမ္မာကောင်းတို့ တည်ရှိရာ နေရာအားလုံးမှာ ကျောက်စစ်သည်တော်ကြီး၏ ဧရာမလက်ကြီးဖြင့် ယူဆောင်ခံရပြီး သိုလှောင်အိတ်ထဲ ရောက်သွားကြလေသည်။

မန်ဟို့တွင် သိုလှောင်အိတ်များစွာ ရှိသည်။ သူက အိတ်အကြီးများ ကုန်သွားလျှင် အိတ်သေးသေးလေးများ သုံးသည်။ တစ်ခုခုက အရမ်းကြီးလွန်းနေလျှင် သူသည် ၎င်းကို အပိုင်းအစသေးသေးလေးများအဖြစ် ဖျက်စီးကာ သိပ်ထည့်တတ်သည်။

သူသည် ဆက်သွားနေစဉ် စိတ်မကောင်းဖြစ်လာပြီး ရှက်နေပုံပင် ပေါ်လာ၏။ ‌သတ္တမခေါင်းဆောင်ကြီးမှာတော့ တုန်ရီနေပြီး သူ၏မုတ်ဆိတ်မွှေးများပင် ဖွာလန်ကြဲနေတော့သည်။ သူ့မှာ နှစ်လိုဖွယ်ကောင်းပြီး အပြစ်ကင်းသောကလေးတစ်ယောက် ... ယခုလိုမျိုး လုပ်လိမ့်မည်ကို စိတ်ကူးပင်မကြည့်နိုင်သည့်အလား မျက်လုံးများက မယုံနိုင်စွာ တောက်ပနေ‌၏။

ကျောက်စစ်သည်တော်ကို ကြောက်၍သာမဟုတ်လျှင် သတ္တမခေါင်းဆောင်ကြီးမှာ ထိုအရှက်မရှိသောမန်ဟို့ကို ချက်ချင်း သတ်လိုက်ပြီဖြစ်သည်။

"သူ... သူ ဘာလုပ်နေတာတုန်း။ ဉာဏ်အလင်းလည်း တစ်စက်မှ မရှာဘဲ အတိတ်က ခေါင်းဆောင်ကြီးတွေ စုဆောင်းထားတဲ့၊ ဖန်ဆင်းထားတဲ့ ပစ္စည်းတွေကို ယူပြီး သိုလှောင်အိတ်ထဲ ထည့်နေတာတဲ့လား"

အထူးသဖြင့် မန်ဟို နန်းတော်‌တစ်ခု၏အရှေ့ ရောက်သွားသည့်အခါတွင် ခေါင်းဆောင်ကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ မန်ဟိုက ကြမ်းခမ်းများအပါအဝင် နန်းတော်တစ်ခုလုံးကို တစစီဖြုတ်နေလေသည်။ နေ့စဉ်နေ့တိုင်း ‌လုပ်နေကျအတိုင်း သွက်လက်ကျွမ်းကျင်စွာဖြင့် လှုပ်ရှားနေခြင်းဖြစ်သည်။

ဤအခြင်းအရာက နောက်ဆုံးတော့ ဘိုးဘေးမြေမှ တုံ့ပြန်မှုတစ်ခုအား လှုံ့ဆော်လိုက်တော့သည်။ သူ တိုင်လုံးများပင် မချန်ဘဲ နန်းတော်တစ်ခုလုံးကို ကိုယ်လုံးတီးဖြစ်နေစေသည့်အချိန်မှာပင် ... အဝေးမှ ‌ဟိန်းဟောက်သံများ ကြားလိုက်ရ၏။ ဧရာမမျောက်ဝံ့ကြီးတစ်အုပ်ကား မန်ဟို့ထံ ပျံသန်းလာနေလေပြီ။

အကောင်တစ်ရာကျော်ပြီး တစ်ကောင်စီတွင် အင်မော်တယ်နယ်ပယ်အထွတ်အထိပ်နှင့် ညီမျှသော ကျင့်ကြံခြင်းအခြေခံများ ရှိကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များအား အမွှေးထူထူများ ဖုံးနေပြီး မျက်လုံးကြီးများ နီရဲနေ၏။ ၎င်းတို့သည် နန်းတော်၏အစောင့်အရှောက်များ ဖြစ်ဟန်တူပြီး ပျံသန်းလာနေကြစဉ် မန်ဟို့ကို မုန်းတီးစက်ဆုပ်စွာ ကြည့်နေကြ၏။

မန်ဟိုက မျောက်ဝံများကို မြင်လျှင်‌ ကျောက်စစ်သည်တော်ကြီးကို မတိုက်ခိုက်ခိုင်းပေ။ ထိုအစား သိုလှောင်အိတ်ကို ပုတ်ကာ ကြက်တူရွေးအား ပျံထွက်လာစေသည်။

ကြက်တူရွေးမှာ သိုလှောင်အိတ်ထဲ၌ ပိတ်မိနေခဲ့၍ ထွက်လာလျှင်ချင်း လေထဲတွင် လေးငါးပတ်ပျံဝဲလိုက်သည်။ အသားဂျယ်လီခေါင်းလောင်းက ၎င်း၏ခြေထောက်ကို ချိတ်နေပြီး ချက်ချင်းပင် တချွင်ချွင် မြည်သံများ ထုတ်လွှတ်လိုက်၏။

"သခင်ငါး ပြန်ထွက်လာပြီဟေး"

"သခင်ငါးပေါ်လာ၊ ဘယ်သူရန်ဖြစ်ရဲမှာ"

"နားထောင်၊ ချစ်လှစွာသော အမွှေးထူထူကိုယ်လုပ်တော်လေးတို့၊ သခင်ငါး မင်းတို့ကို ချစ်ဖို့ ရောက်လာပြီ" ကြက်တူရွေးမှာ ထွက်လာလာချင်း မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး တောင်ပံခတ်ဖို့ပင် မေ့သွားသည်။ ၎င်းသည် အမွှေးဖားဖားမျောက်ဝံကြီးများကို ရွှန်းရွှန်းစားစား ကြည့်ရင်း သွားရည်ပင် ကျလာ၏။

"များလိုက်တဲ့အချစ်လေးတွေကွာ..." ၎င်းက မျက်လုံးများ စိတ်လှုပ်ရှားစွာ တောက်ပနေလျက် ပြောရင်း ရုတ်တရက် ထန်လာသဖြင့် ဂီးခနဲ အော်ပြီးနောက် တဟုန်ထိုး ပြေးဝင်သွားလေသည်။

မန်ဟိုက လည်ချောင်းရှင်းပြီးနောက် ကျောက်စစ်သည်တော်ကြီးအပေါ်သို့ ပျံတက်ကာ အဝေးသို့ ထွက်သွားသည်။

သတ္တမခေါင်းဆောင်ကြီးမှာ ကြက်တူရွေးနှင့် မျောက်ဝံအုပ်ကြီးကို ကြည့်ရင်း မျက်လုံးပြူးလာကာ အန်ချင်လာ၏။

စကားလုံးများဖြင့် ဖော်ပြ၍မတတ်နိုင်လောက်အောင် ဝေဒနာကြီးစွာ ခံစားနေရသော အော်သံနက်ကြီးများ ဆူညံလာရန် သိပ်မကြာလိုက်ပေ။

ထိုအချိန်တွင် မန်ဟိုသည် မြေကြီးများ မည်းနက်နေသောနေရာတစ်နေရာသို့ ရောက်သွားခဲ့၏။ သူသည် အပေါ်၌ ခံ့ညားသော အဘိုးကြီးတစ်ဦး၏ ‌ကျောက်ရုပ်တုကြီးတစ်ခု ရှိနေသော ဧရာမခေါင်းတလားကြီးကို မြင်လိုက်ရလေသည်။

ရုပ်တုကြီး၏အောက်တွင် ပူဇော်ပသထားသော ပစ္စည်းအမျိုးမျိုးရှိသည်။ ရှားပါးသော အင်မော်တယ်ကျောက်စိမ်းများသာမက အပြင်လောကတွင် မြင်ရခဲသော အရာဝတ္ထုများလည်းရှိသည်။ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများအပြင် အံ့ဖွယ်အရှိန်အဝါများ ထုတ်လွှတ်နေသည့် မှော်ပစ္စည်းသုံးခုနှင့် စိမ်းပုပ်ရောင် ဝါးမီးအိမ်နှစ်လုံးပင် ရှိ၏။

မန်ဟိုက ခေါင်းတလားကြီးနှင့် ရုပ်တုကြီးကို မြင်လျှင်ချင်း မျက်နှာအမူအရာ တည်ကြည်လေးနက်သွားသည်။ သူက မြေကြီးပေါ်ဆင်း၍ လက်နှစ်ဖက်ယှက်ကာ ရုပ်တုကြီးကို ဂါဝရပြုလိုက်လေသည်။

"ဖန်မျိုးနွယ်ဝင် ဖန်ဟို ၊ ဘိုးဘေးကြီးအား ဂါဝရပြုပါတယ်"

သတ္တမခေါင်းဆောင်ကြီးမှာ မန်ဟို ယခုလို ပြုမူနေသည်ကို မြင်လျှင် မျက်နှာထား အနည်းငယ်ပျော့ပျောင်းသွားသည်။ သို့သော် ထို့နောက် မန်ဟိုပြောလိုက်သောစကားက သူ့ကို မျက်စိကန်းလုမတတ် ဖြစ်သွားစေသည်။

"ဘိုးဘေးကြီး" သူ့လေသံက လေးနက်နေသည်။ "ဘိုးဘေးကြီးက ဘယ်မျိုးဆက်ရဲ့ ခေါင်းဆောင်ကြီးလဲဆိုတာ ကျွန်တော် မသိပေမယ့် ... ဖန်မျိုးနွယ်ဝင်တွေက လက်ခံနိုင်စရာမကောင်းလောက်အောင် ပြုမူခဲ့ကြတာ ကျွန်တော် မယုံနိုင်ဘူး။ မျိုးနွယ်ဝင်တစ်ယောက်မှ ဒီပူဇော်ပစ္စည်းတွေကို အသစ်လဲမပေးခဲ့ကြတာ ဘယ်လောက်အံ့ဩစရာကောင်းသလဲ

"ဘိုးဘေးကြီးခင်ဗျ၊ ဒီပူဇော်ပစ္စည်းတွေအကုန် ဖုန်တက်နေပြီ။ ဒီမှာ ရှိနေတာလည်း အင်မတန့် အင်မတန်မှ ကြာလောက်ပြီ။ ဘိုးဘေးကြီး မပူနဲ့။ ကျွန်တော် လဲပေးမယ်။ ဂျူနီယာမျိုးဆက်တစ်ယောက်အနေနဲ့ ကျွန်တော် လုပ်ကို လုပ်ပေးရမှာပေါ့"

***

All Chapters