မိစ္ဆာချုပ်နှောင်သူများ ထပ်မံပေါ်ပေါက်လာခြင်း
Vol. 68 Ch. 951
မျိုးရိုးတစ်ဆက်ပြီးတစ်ဆက် ဤနေရာသို့ ရောက်လာခဲ့ကြသော မျိုးနွယ်ဝင်များသည် ဤခေါင်းတလားကြီး၏အရှေ့တွင် ဒူးထောက်အရိုအသေပေးကြပြီး ရုပ်တုကြီးအား လေးလေးစားစား ဆက်ဆံကြလေသည်။
မန်ဟိုကတော့ ပထမဆုံးပင်။
သူသည် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အရိုအသေပေးပြီးနောက် ခေါင်းဆောင်ကြီးအတွက် စိတ်ရင်းမှန်မှန်ဖြင့် လုပ်ဆောင်ပေးနေသည့်အလား အင်္ကျီလက်စကို ခါလိုက်သည်။ သူသည် ပူဇော်ထားသော ပစ္စည်းများထံသို့ နည်းနည်းလေးမှ တုံ့ဆိုင်းမနေဘဲ လျှောက်သွား၏။
သူက လက်သီးဆုပ်အရွယ် အင်မော်တယ်ကျောက်စိမ်းတုံးကို ကြည့်ရင်း အသက်ပြင်းရှည်ကြီး ချလိုက်သည်။
"ခေါင်းဆောင်ကြီးရယ်၊ အတိတ်တုန်းက လာခဲ့တဲ့ မျိုးနွယ်ဝင်တွေက တကယ် အလိုက်ကန်းဆိုးမသိလိုက်တာဗျာ။ ဒီအင်မော်တယ်ကျောက်စိမ်းပေါ်မှာ ဖုန်တွေအတင်ခံထားတာ ယုံတောင်မယုံနိုင်ဘူး။ ဒီမှာ ဒီအတိုင်း ထားထားရတယ်လို့"
"အံ့ဩဘ" မန်ဟိုမှာ အမှန်တကယ် စိတ်ဆိုးနေသည့်အလား အင်မော်တယ်ကျောက်စိမ်းတုံးကို ကုန်းကောက်လိုက်သည်။ ထိုအခိုက်အတန့်တွင် အစွမ်းထက်သောအရှိန်အဝါတစ်ခုက ထိုနေရာတွင် ဌာပနာထားသည့် မှော်ပစ္စည်းသုံးခုအနက် တစ်ခုထံမှ ထွက်လာသည်။
မန်ဟိုကား နည်းနည်းလေးမှ လန့်သွားပုံမရဘဲ မှော်ပစ္စည်းအား အဖက်ပင်မလုပ်ပေ။ သူသည် အင်မော်တယ်အပျက်အစီးများနယ်ရှိ ထိုအင်မော်တယ်စံအိမ်မှ ပစ္စည်းများကိုပင် ခိုးယူရဲသည်အထိ မခေသူဖြစ်ရာ ဤမှော်ပစ္စည်းသုံးခုအား မည်ကဲ့သို့ ကြောက်နိုင်မည်နည်း။
သူသည် အင်မော်တယ်ကျောက်စိမ်းတုံးကြီးအား လျင်မြန်စွာ သိမ်းပြီးနောက် ၎င်းကို အစားထိုးရန် လက်သည်းခွံအရွယ် အင်မော်တယ်ကျောက်စိမ်းအစလေးအား ထုတ်၏။ ထို့နောက် ပူဇော်ရာစင်အပေါ်၌ ဂရုတစိုက် ထားလိုက်လေသည်။
"ခေါင်းဆောင်ကြီး၊ ကြည့် ဒီအင်မော်တယ်ကျောက်စိမ်းအစလေးက လင်းလက်ပြိုးပြက်ပြီး အရောင်ကို လဲ့နေတာပဲ။ လှလည်းလှ၊ ဖုန်လည်း တစ်စက်မှ တင်မနေဘူး။ ဒီလိုအင်မော်တယ်ကျောက်စိမ်းအစကပဲ ခေါင်းဆောင်ကြီးလိုလူမျိုးအတွက် သင့်တော်တာ" မန်ဟိုက ချောင်းဟန့်ပြီးနောက် တဖိတ်ဖိတ်လက်နေသော မျက်လုံးများဖြင့် အခြားပူဇော်ပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံးများကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် မှော်ပစ္စည်းသုံးခု၏အရှိန်အဝါများက ဝုန်းခနဲ ပေါက်ကွဲလာကာ ပတ်ဝန်းကျင်၌ ဖိအားကြီးတစ်ခု သက်ရောက်လာစေသည်။
"ဖယ်ကြစမ်း" မန်ဟိုက မှော်ပစ္စည်းများကို စိန်းစိန်းဝါးဝါးကြည့်ရင်း ငေါက်ငမ်းလိုက်သည်။ "ငါက ဖန်မျိုးနွယ်စုက ၊ ဖန်သွေးတွေ ငါ့ကိုယ်ထဲမှာ စီးဆင်းနေတယ်။ ပူဇော်ပစ္စည်းနည်းနည်းပါးပါး လဲလှယ်ပေးရင်း ခေါင်းဆောင်ကြီးရဲ့အုတ်ဂူကို ရှင်းလင်းပေးနေတာကို မင်းတို့လို မှော်ပစ္စည်းအစောင့်အရှောက်လေးတွေက ငါ့ကို တားရဲတယ်လား" မှော်ပစ္စည်းများမှ ထုတ်လွှတ်နေသော အရှိန်အဝါများမှာ တုံ့ခနဲ ရပ်သွား၏။
ထိုအခိုက်အတန့်တွင် မန်ဟိုက ပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံးများကို သူ၏သိုလှောင်အိတ်ထဲသို့ ခြေမြန်လက်မြန် ထည့်လိုက်သည်။
"ဘယ်လောက် အံ့ဩစရာကောင်းလိုက်သလဲ။ ဒီဝိညာဉ်ကျောက်တုံးတွေ အကုန်လုံး ဖုန်သလဲတွေနဲ့။ မျိုးနွယ်စုရဲ့ ဂျူနီယာမျိုးဆက်တစ်ယောက်အနေနဲ့ ဒီလိုအရာမျိုးကို သည်းမခံနိုင်ဘူး" သူသည် ချက်ချင်းပင် လက်သည်းခွံအရွယ် ဝိညာဉ်ကျောက်တုံးတချို့ထုတ်၍ ခပ်တည်တည်ဖြင့် ပူဇော်ရာစင်ပေါ်သို့ တင်လိုက်၏။
"ရိုင်းစိုင်းလိုက်ကြတာ။ ဒီဖန်မျိုးနွယ်ခေါင်းဆောင်ကြီးရဲ့ ဂူအရှေ့မှာ ဝါးမီးအိမ်တွေကိုပဲ ထားတယ်ပေါ့လေ။ မဖြစ်တော့ဘူး။ ဂျူနီယာမျိုးဆက်တစ်ယောက်အနေနဲ့ ငါ အဲ့ဒီဝါးမီးအိမ်တွေကို ဒီသံမီးအိမ်တွေနဲ့ လဲလှယ်ပေးရမယ်" သူက လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေသော ဝါးမီးအိမ်များကို ကြည့်ပြီး နှုတ်ခမ်းသပ်လိုက်သည်။
သူ ၎င်းတို့ကို ဆွဲယူတော့သည့်အချိန်တွင် မှော်ပစ္စည်းသုံးခုထံမှ အရှိန်အဝါများက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ထပ်မံပေါက်ကွဲလာသည်။ မန်ဟိုကား အကျင့်သိက္ခာဖောက်ပြားနေသည်ဟု သူတို့ ခံစားနေရသည့်အလားပင်။
မန်ဟိုသာ ဝါးမီးအိမ်များကို ထိရဲလျှင် မှော်ပစ္စည်းသုံးခုက သူ့ကို ရပ်နေသည့်နေရာမှာတင် သတ်ပစ်တော့မည့်ပုံရသည်။
မန်ဟိုက ရပ်ပြီးနောက် ရှက်ကိုးရှက်ကန်းနှင့် လည်ချောင်းရှင်းကာ ဖြေးဖြေးချင်း လက်ပြန်ရုတ်လိုက်သည်။
"ဘာအတွက် သည်းသည်းလှုပ်နေကြတာတုန်း" သူက တိတ်ဆိတ်စွာ ပြောသည်။ "အဲ့ဒီလောက်ရေးကြီးခွင်ကျယ်လည်း မဟုတ်ဘဲနဲ့။ ကောင်းဖို့ လုပ်ပေးနေတာကို" သူက မှော်ပစ္စည်းသုံးခုအား လောဘမျက်လုံးများဖြင့် ကြည့်ပြီးနောက် တခဏ တွေးလိုက်သည်။ နောက်ဆုံးတော့ သူသည် သူတို့နှင့် ကံစပ်အောင် ကံကြွေးမန္တန်အား အသုံးပြုမည့်အကြံအစည်ကို လက်လျော့လိုက်၏။ ဤသည်မှာ ထိုအင်မော်တယ်စံအိမ်မဟုတ်၍ ဤပစ္စည်းများမှာ သခင်တစ်ဦးတည်းနှင့် ဆက်စပ်နေခြင်းမဟုတ်ပေ။ ၎င်းတို့သည် ကြွေလွင့်သွားသော ခေါင်းဆောင်ကြီးများ၏အပိုင်ပစ္စည်းများ ဖြစ်၍ ၎င်းတို့ထဲရှိ စိတ်ဝိညာဉ်များသည် ဤနေရာကို စောင့်ရှောက်ရန် တာဝန်ပေးအပ်ခံထားရခြင်းဖြစ်လေသည်။
မန်ဟိုသည် လောဘကြီးကောင်း ကြီးလိမ့်မည်။ သို့သော် သူစည်းကမ်းနှင့်သူတော့ ရှိ၏။
"ကောင်းပြီလေ။ မင်းတို့က ခေါင်းဆောင်ကြီးကို သိပ်သစ္စာရှိမှတော့ ငါ အဲ့ဒါကို လေးစားပေးရမှာပေါ့" မန်ဟိုက သက်ပြင်းချရင်း နောက်ပြန်ဆုတ်လိုက်သည်။ သူသည် တည်ကြည်လေးနက်စွာဖြင့် လက်ယှက်၍ ဂါဝရပြုလိုက်လေသည်။
လေလယ်တွင်တော့ သတ္တမခေါင်းဆောင်ကြီးမှာ ဒေါသူပုန်ထနေသည်။ မန်ဟို ပူဇော်ပစ္စည်းများအား လဲလှယ်နေသည်ကို ကြည့်နေရခြင်းနှင့် သူ့စကားလုံးများကို နားထောင်နေရခြင်းက သတ္တမခေါင်းဆောင်ကြီးအား ဆွေ့ဆွေ့ခုန်နေစေသည်။
"ဖန်မျိုးနွယ်စုက ဘယ်လိုလုပ်ပြီး ဒီလိုအရှက်သိက္ခာမရှိတဲ့ကောင်ကို မွေးထုတ်ပေးနိုင်မှာလဲ" သူက အံတင်းတင်းကြိတ်လျက် ပြောသည်။ ထို့နောက် သူသည် မန်ဟို လက်ယှက်၍ အရိုအသေပေးလိုက်သည်ကို မြင်သော် ပါးစပ်အဟောင်းသား မဖြစ်မိဘဲ မနေတော့ပေ။ မန်ဟို၏ရိုးသားမှုကို ခံစားလိုက်ရသဖြင့် သူက တခဏ တိတ်တဆိတ် ကြည့်ပြီးနောက်ဆုံး အကြည့်များ ပျော့ပျောင်းသွားသည်။ မန်ဟိုကား အဖတ်ဆယ်မရအောင် သိက္ခာမဲ့နေသည်တော့ မဟုတ်ဟန်ပင်။
"အဲ့ဒီ လူမိုက်ကလေးရဲ့ အတွင်းစိတ်က ဘယ်လိုလဲ ကြည့်ကြသေးတာပေါ့။ ဒီနေရာမှာ ဘယ်လိုဂယက်တွေ ထအောင် သူ လုပ်နိုင်လောက်မလဲ" တခဏကြာသော် သူသည် တမ်းတကြေကွဲနေသော အမူအရာဖြင့် အဝေးသို့ လှမ်းကြည့်လိုက်၏။
"ဘိုးဘေးမြေကို အဓိကနေရာခြောက်နေရာ ပိုင်းထားတယ်" သူက ရေရွတ်သည်။ "တာအိုစောင့်ရှောက်သူ၊ ဉာဏ်အလင်းပွင့်မှော်ကွင်းပြင်၊ တစ်ဝက်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများသင်္ချိုင်း၊ ငရဲတောင်ကိုးလုံး၊ ရှေးဟောင်းသုဿာန်မြေနဲ့ မြူလွှမ်းကောင်းကင်အမိုးခုံးတို့ပဲ
"အဲ့ဒီနေရာခြောက်နေရာကို မျဉ်းဖြောင့်အတိုင်း စီထားတယ်။ ဝေးဝေးသွားလေလေ၊ အန္တရာယ်များလေလေပဲ။ ဒါပေမဲ့ ကံကြမ္မာကောင်းတွေလည်း များသထက်များလာမှာ
"ဒီဂူက ဉာဏ်အလင်းပွင့်မှော်ကွင်းပြင်နဲ့ တစ်ဝက်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများသင်္ချိုင်းကြားက နယ်စပ်မှာ တည်ရှိတယ်
"ရှေးခေတ်ကနေ ဒီနေ့ထက်ထိ ဘိုးဘေးမြေကို ဝင်လာကြတဲ့မျိုးနွယ်ဝင်အကုန်လုံး အဝေးဆုံးရောက်ခဲ့ဖူးတာက ငရဲတောင်ကိုးလုံးအထိပဲ။ ရှေးဟောင်းသုဿာန်မြေအထိ ရောက်နိုင်ခဲ့တဲ့သူကို ရှာတွေ့ဖို့က ဖီးနစ်ငှက်မွှေးနဲ့ ချီလင်ချိုတွေ ရှာတွေ့ဖို့ထက် ရှားတယ်။ မြူခိုးကောင်းကင်အမိုးခုံးထဲက ရှေးသင်္ချိုင်းဂူကြီးကိုဆိုရင် အစွမ်းထက် တာအိုနယ်ပယ်ပညာရှင်ဖြစ်တဲ့ အစ်ကိုအကြီးဆုံးတောင်မှ ဝင်နိုင်တဲ့ ကံမပါခဲ့ဘူး"
"အကြောင်းရင်းကတော့ ရှေးဟောင်းသုဿာန်မြေရဲ့အဆုံးမှ လမ်းမရှိတော့လို့ပဲ
"ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ ရှေးသင်္ချိုင်းဂူက မြူလွှမ်းကောင်းကင်အမိုးခုံးတစ်နေရာမှာ သူ့ရဲ့ အစွမ်းထက်ဆုံးမှော်ကျင့်စဉ် ... အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းခြင်းနဲ့အတူ တည်ရှိတယ်" နောက်ဆုံးတော့ သူသည် မျက်လုံးများ ပိတ်လိုက်၏။
သူ့မှာ တကယ်တော့ ပထမမျိုးဆက်ခေါင်းဆောင်ကြီးအား တစ်ခါမှ မမြင်ခဲ့ဖူးပေ။ မြင်ခဲ့ဖူးသည့် တစ်ယောက်တည်းသောသူမှာ သူ အစ်ကိုအကြီးဆုံးဟု ခေါ်နေသည့် ကျောက်လိုဏ်ဂူထဲမှ အဘိုးကြီးသာဖြစ်သည်။
ထိုကျောက်လိုဏ်ဂူထဲရှိ ကျန်ခြောက်ယောက်မှာ မတူညီသောမျိုးဆက်များတွင် မွေးဖွားလာခဲ့သူများဖြစ်၏။ သို့သော် မီးအိမ်ဆယ်လုံးကို ငြှိမ်းပြီးနောက်တွင် ဝါစဉ်မှာ အရေးမကြီးတော့သည့်အပြင် သူတို့အားလုံးကို ဆက်စပ်ပေးထားသော သွေးဆက်ကြောင့် အချင်းချင်း ညီအစ်ကိုဟု ခေါ်ကြလေသည်။
"မျိုးနွယ်စုက ကပ်ဘေးသုံးခု ကြုံတွေ့ခဲ့ရတယ် ..." သတ္တမခေါင်းဆောင်ကြီးက သက်ပြင်းချရင်း ပြောသည်။ ထိုကပ်ဘေးသုံးခုကြောင့် ကျောက်လိုဏ်ဂူထဲရှိ လူစုလေးသာလျှင် တစ်မျိုးနွယ်လုံးတွင်မှ ဝိညာဉ်မီးအိမ်ဆယ်လုံးကျော် ငြှိမ်းထားသည့် ကျင့်ကြံသူများဖြစ်တော့၏။
သတ္တမခေါင်းဆောင်ကြီး သက်ပြင်းချလိုက်သည့်အခိုက်အတန့်တွင် မန်ဟိုသည် ကျောက်ရုပ်တုကြီးကို အရိုအသေပေးပြီးသွားပြီးနောက် ကျောက်စစ်သည်တော်ကြီးအပေါ်မှနေ၍ အဝေးသို့ ဆက်သွားတော့သည်
ထိုစဉ် သတ္တမခေါင်းဆောင်ကြီးပင်လျှင် သတိမထားမိသော တစ်စုံတစ်ခု ဖြစ်ပျက်သွား၏။ မန်ဟို တန်ဖိုးရှိပုံပေါ်သည့် အရာအားလုံးကို ယူရင်း တစ်ဝက်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများသင်္ချိုင်းကို ဖြတ်သွားနေစဉ် ဘိုးဘေးမြေထဲ၌ တစ်ခါမှ ပေါ်မလာခဲ့ဖူးသော အရှိန်အဝါတစ်ခု တဖြေးဖြေး ဖြစ်တည်လာသည်။
အရှိန်အဝါသည် ကျောက်စစ်သည်တော်ကြီး တောင်တန်းများကို ပြိုကျသွားစေခဲ့ပြီးနောက် လေပေါ်ပျံတက်ခဲ့သည့်အခိုက်အတန့်တွင် ပထမဆုံးပေါ်လာခဲ့ခြင်းဖြစ်၏။ ရုပ်တုကြီးမှ တာအိုမှော်ကျင့်စဉ်များနှင့် သိုင်းကွက်များ ပါရှိသော ကျောက်တုံးအားလုံးကို ကလော်ထုတ်ပြီးသောအခါ အရှိန်အဝါမှ ပို၍ပင် အားကောင်းလာခဲ့သည်။
တဖြေးဖြေး ခပ်ပါးပါးမြူများက မြေပြင်ပေါ်တွင် စုဝေးလာသည်။
အချိန်များ ကုန်လွန်သွား၏။ မန်ဟိုသည် ကျောက်စစ်သည်တော်ကြီး ရှေ့ဆက်သွားနေစဉ် ၎င်းအပေါ်၌ ထိုင်နေသည်။ သွားနေရာလမ်းတစ်လျှောက်တွင် ဧရာမသင်္ချိုင်းဂူကြီးများကို မြင်တွေ့ခဲ့ရသော်လည်း ထူးဆန်းစွာနှင့် မည်သည့်ဂူအပေါ်တွင်မှ ကမ္ဗည်းတိုင်များမရှိသလို၊ မည်သည့်အရာကိုမှ မရေးထိုးထားပေ။
မန်ဟိုမှာ ဤနေရာသည် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများအား မြေချရာနေရာဖြစ်သည်ကို မဟာအကြီးအကဲပြောစကားအပေါ် အခြေခံ၍ မှန်းထားခြင်းဖြစ်သည်။
သို့သော် နာမည်မရှိသောဂူများက ထူးဆန်းလေသည်။ သူတို့မှာ မသေခင် ဤနေရာသို့ တမင်တကာ လာခဲ့ကြပြီး သူတို့မည်သူမှန်း မသိစေချင်ကြသည့်အလားပင်။
"ထူးဆန်းတယ်..." မန်ဟိုက တွေးသည်။ သို့သော် ဤအရာက သူ့ကို ခေါင်းဆောင်ကြီးများ၏ ပူဇော်ပစ္စည်းများအား လဲလှယ်ပေးနေခြင်းမှ မတားနိုင်ပေ။
မန်ဟိုတစ်ယောက် တစ်ဝက်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများ၏ ဂူများကို ရှင်းပေးနေစဉ် ဝေဟင်ထက်ရှိ သတ္တမခေါင်းဆောင်ကြီးမှာ ဒေါသအား မနည်းထိန်းနေရသည်။
သူ စိတ်ထိန်းထားနိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ မန်ဟိုက ရောက်သည့်အချိန်နှင့် ပြန်သည့်အချိန်တွင် ဂူများအား လေးလေးစားစား အရိုအသေပေးပြီး ဂူများကို မထိ၍ပင်။
ရက်အနည်းငယ်ကြာသော် မန်ဟိုသည် အပေါ်မှ အောက်သို့ ဆင်းလာပြန်၏။ ဤတစ်ခေါက်တွင် ခေါင်းတလားနှင့် ရုပ်တုကြီးက သူ၏မျက်လုံးများကို ဝိုင်းစက်သွားစေသည်။ သူက တုံ့ခနဲ ရပ်၍ ရုပ်တုကြီးနှင့် ၎င်းအရှေ့ရှိ အခေါင်းကြီးကို ကြည့်လိုက်သည်။
ယခုအထိဆိုလျှင် သင်္ချိုင်းဂူခုနစ်ဂူအား သူ တွေ့ခဲ့ပြီးလေပြီ။ ထိုခုနစ်ဂူလုံးတွင် မည်သူ့ကို မြှုပ်ထားသလဲ မရေးထားခဲ့သော်လည်း ယခု သူ့အရှေ့ရှိ ဂူတွင်မူ နာမည်တစ်ခုရှိနေသည်။
ဖန်ပင်းချီ
နာမည်အား နဂါးများနှင့် ဖီးနစ်များ ကခုန်နေသည့်ပမာ လက်ရေးဖြင့် လှပစွာ ရေးသားထားပြီး အကန့်အသတ်မဲ့သောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ နာမည်အောက်တွင် ခေါင်းဆောင်ကြီး၏ ဘဝဇာတ်ကြောင်းရှိ၏။
မန်ဟိုက ဖန်ပင်းချီဆိုသော ခေါင်းဆောင်ကြီး၏ ဘဝဇာတ်ကြောင်းကို ဖတ်ပြီး ၎င်းက သူ့စိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားစေသည်။
ဇာတ်ကြောင်းသည် ဖန်ပင်းချီ စတင်ကျင့်ကြံအားထုတ်ခဲ့သည့်အခိုက်အတန့်မှစ၍ ရေးသားထား၏။ သူက အင်မော်တယ်နယ်ပယ်သို့ ရောက်သောအခါ သူ့မျိုးဆက်၏ အထင်ရှားဆုံးအစစ်အမှန်အင်မော်တယ် ဖြစ်လာခဲ့သည်။ သူသည် အမြဲတမ်း ရွေးချယ်ခံတစ်ဦးဖြစ်ခဲ့ပြီး မျိုးနွယ်စု၏ လျှမ်းလျှမ်းတောက်နေတစ်စင်းအဖြစ် သတ်မှတ်ခံရ၏။ ရှေးဟောင်းနယ်ပယ်သို့ ဝင်ရောက်သောအခါတွင် သူကား ဝိညာဉ်မီးအိမ်ဆယ့်ငါးလုံး ဆင့်ခေါ်နိုင်ခဲ့လေသည်။
သူက ဂိုဏ်း၏အကျိုးကို မရေမတွက်နိုင်အောင် သယ်ပိုးခဲ့ပြီး အင်မော်တယ်အပျက်အစီးများနယ်တွင် လမ်းများပင် ထွင်းခဲ့သည်။ သူသည် သူ့မျိုးဆက်တွင် အထူးချွန်ဆုံးဖြစ်လာပြီး ဝိညာဉ်မီးအိမ်ဆယ့်လေးလုံးကို အောင်အောင်မြင်မြင် ငြှိမ်းကာ သူ့မျိုးဆက်၏ ခေါင်းဆောင်ကြီးဖြစ်လာခဲ့၏။ အဆုံးသတ်တွင် နောက်ဆုံးမီးအိမ်သာ ကျန်တော့သော်လည်း သူ့မှာ တာအိုနယ်ပယ်သို့ ဝင်ရောက်ခြင်း မအောင်မြင်၍ တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်ဖြစ်လာခဲ့သည်။
သို့ရာတွင် သူသည် အများစုကဲ့သို့ ရူးသွပ်သွားပြီး မိုက်ကန်းသောအပြုအမူများကို မလုပ်ပေ။ ထိုအစား စိတ်နှလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းကာ သူ၏နောက်ဆုံးအနှစ်ငါးဆယ်ကို ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားခဲ့၏။
ထိုနှစ်ငါးဆယ်အတောအတွင်း သူသည် မျက်လုံးပိတ်၍ တရားထိုင်ရင်း မကွယ်လွန်သွားခင် မျိုးနွယ်စု၏အကျိုးများစွာကို ထမ်းဆောင်ခဲ့သေးလေသည်။
ထို့ကြောင့် ဤဂူတွင် သူ့နာမည်နှင့် ဘဝဇာတ်ကြောင်းအား ရေးသားပေးထားခြင်းဖြစ်သည်။ ၎င်းက တစ်ဝက်တစ်ပျက်တာအိုနယ်ပယ်အကြောင်းနှင့်တကွ ၎င်း မည်မျှကြောက်စရာကောင်းကြောင်း မသိမသာ မိတ်ဆက်ပေးသွား၏။
မန်ဟိုမှာ ဇာတ်ကြောင်းကို ဖတ်ပြီးချိန်တွင် အသက်ရှူမြန်လာသည်။ ယခုတွင် သူသည် 'တစ်ဝက်တစ်ပျက်တာအို' ဆိုသော အသုံးကို နားလည်သွားပြီဖြစ်၏။
သူက ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းနှင့် ခဲယွင်ဟိုင် တရားထိုင်လျက် သေဆုံးသွားခဲ့ပုံကို ပြန်တွေးလိုက်သည်။ ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်က မည်သို့အဓိပ္ပာယ်ရကြောင်း ခဲယွင်ဟိုင်ရှင်းပြပေးခဲ့သည်ကိုလည်း သတိရလိုက်သည်။
"ဆိုတော့ ဒါက ရှေးဟောင်းနယ်ပယ်ရဲ့ အထွတ်အထိပ်နဲ့ အစစ်အမှန်တာအိုနယ်ပယ်ကြားမှာ ရှိတာပေါ့။ အဲဒီနယ်ပယ်မှာ လူတစ်ယောက်ရဲ့ သက်တမ်း ပျက်စီးသွားပြီး မုချသေရတယ်။ အဲ့ဒါနဲ့ လူတွေဟာ ရူးသွားကြလို့ လေးစားသမှုအနေနဲ့ သူတို့ကို ပါရာဂွန်လို့ ခေါ်ကြတာပဲ။ အဲဒီဘွဲ့က သူတို့ သွက်သွက်ခါရူးမသွားအောင် ဟန့်တားပေးနိုင်မယ်လို့ ထင်ကြတာ" သူသည် ကျောက်တိုင်ကြီးကို ခဏကြည့်ပြီးနောက် ပူဇော်ပစ္စည်းများကိုပင် မထိတော့ဘဲ လက်ယှက်၍ ဂါဝရပြုလိုက်၏။
တခဏကြာသော် သူ ထွက်သွားသည်။ တစ်ဝက်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများ၏ ဂူသင်္ချိုင်းအားလုံးကို ဖြတ်ပြီးသွားရန် ရက်အနည်းငယ်ကြာလိုက်သည်။ စုစုပေါင်း ဆယ့်တစ်ဂူရှိပြီး သုံးဂူ၌သာလျှင် နာမည်များ ရေးထား၏။
သူတို့အားလုံးမှာ အတွေ့အကြုံမတူသော်လည်း အဆုံးသတ်တူသည်။ စာပိုဒ်များသည် ရှေးဟောင်းနယ်ပယ်နှင့် တာအိုနယ်ပယ်အကြားရှိ နယ်ပယ်အကြောင်း ရှင်းပြရင်း မျိုးနွယ်စုအတွက် ရေးသားထားသော စာအုပ်တစ်အုပ်နှင့်တူ၏။ တစ်ဝက်တစ်ပျက်တာအိုပါရာဂွန်များသည် ရူးမိုက်စွာဖြင့် ဆိုးဝါးသောလုပ်ရပ်များကို ကျူးလွန်လျှင် ကျူးလွန်မည်။ သို့မဟုတ်ပါက နောင်လာနောက်သားများ၏ ကိုးကွယ်ဆည်းကပ်ရာပုဂ္ဂိုလ်များ ဖြစ်သွားကြသည်။
"တာအိုနယ်ပယ် ...." မန်ဟိုသည် နောက်ဆုံးသင်္ချိုင်းဂူကို ဖြတ်လာပြီးနောက် တုံ့ခနဲ ရပ်ကာ နောက်သို့ ပြန်လှည့်ကြည့်၏။ "ဒီကျင့်ကြံခြင်းလမ်းစဉ်က အသက်အန္တရာယ်များတယ်။ ခြေလှမ်းတိုင်းမှာ သေရေးရှင်ရေးအန္တရာယ်တွေ တည်ရှိနေတယ်။ လူအနည်းစုပဲ... အဆုံးထိ လျှောက်နိုင်ကြတယ်" မန်ဟိုက သက်ပြင်းချပြီးနောက် လက်ယှက်ကာ တစ်ဝက်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများ၏ ဂူအားလုံးကို အရိုအသေပေးလိုက်သည်။
သူက ခါးမတ်၍ ထွက်သွားရန် ပြင်လိုက်စဉ် သူ့သိုလှောင်အိတ်ထဲ၌ တစ်စုံတစ်ခု တုန်ခါနေသည်ကို ခံစားလိုက်ရသည်။ ၎င်းက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော ရှေးဟောင်းမိစ္ဆာချုပ်နှောင်ကျောက်စိမ်းဖြစ်၏။ တုန်ခါမှုပြင်းအားက ဆဋ္ဌမမျိုးဆက်မိစ္ဆာချုပ်နှောင်သူနှင့် တွေ့ခဲ့ရစဉ်တုန်းကထက်ပင် ပိုသည်။
တစ်ချိန်တည်းမှာပင် မန်ဟိုသည် ဘိုးဘေးမြေ၏ အတွင်းပိုင်းထဲမှ လာနေသော ဆင့်ခေါ်နေသကဲ့သို့ ခံစားချက်ကို ပြင်းပြင်းထန်ထန် ရလိုက်သည်။
"ဘယ်လိုလုပ် မိစ္ဆာချုပ်နှောင်သူအဖွဲ့က တောင်ပင်လယ်တွေထဲမှာ မြှုပ်ခံထားရနိုင်မှာလဲ။ သူတို့က တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ တာအိုပြစ်ဒဏ်ကို ဦးတည်နေတဲ့လမ်းကို လျှောက်လှမ်းကြတယ်။ သူတို့ အောင်မြင်ရင် တောင်ပင်လယ်လောကဟာ ... မိစ္ဆာချုပ်နှောင်အဖွဲ့ရဲ့ လက်ထဲကို ပြန်လာလိမ့်မယ်"
ဤအခြင်းအရာကို ကြားသော် မန်ဟိုမှာ ချက်ချင်း တုန်ရီသွားသည်။
***