ငရဲတောင်ကိုးလုံး
Vol. 68 Ch. 952
"ဆိုတော့ ဒီနေရာမှာ မိစ္ဆာချုပ်နှောင်သူအဖွဲ့နဲ့ ပက်သက်တဲ့ သဲလွန်စတွေ ရှိနေတာပဲ" မန်ဟိုမှာ စိတ်နှလုံး ချာချာလည်သွားသည်။ သူသည် မိစ္ဆာချုပ်နှောင်သူအဖွဲ့က ဖန်မျိုးနွယ်စုဘိုးဘေးမြေနှင့် တစ်နည်းနည်းဖြင့် ပက်သက်နေလိမ့်မည်ကို မယုံနိုင်ဖြစ်နေ၏။
"ပြန်လာမယ်... စောစောက အသံက ပြန်လာမယ်ဆိုတဲ့ စကားလုံးကို ပြောသွားတယ်" မန်ဟိုမှာ မိစ္ဆာချုပ်နှောင်ကျောက်စိမ်း၏ ရှေးဆန်သောအသံကြီး ပျောက်ကွယ်သွားစဉ် အသက်ပြင်းပြင်းရှုနေရသည်။ သို့သော် ဘိုးဘေးမြေအတွင်းပိုင်းထဲမှ လာနေသော ဆင့်ခေါ်သံမှာ ပို၍သာ အားကောင်းလာ၏။
ထိုဆင့်ခေါ်သံသည် အဖွဲ့မှ ကျင့်ကြံသူတစ်ယောက်နှင့် တွေ့ရသောအခါတွင် ခံစားရသည့် ဆင့်ခေါ်သံမျိုးဖြစ်ပြီး မိစ္ဆာချုပ်နှောင်သူအဖွဲ့ဝင်များသာလျှင် ဤနေရာ၌ ခံစား၍ ရနိုင်လေမည်။
ရုတ်တရက် အသံအသစ်တစ်ခု မန်ဟို့နားထဲတွင် ပဲ့တင်ထပ်လာသည်။ ဤအသံသည် ရှေးမကျဘဲ လူငယ်တစ်ယောက်အသံနှင့် တူနေ၏။
"မိစ္ဆာချုပ်နှောင်မန္တန်ကိုးခု။ တောင်ပင်လယ်လောက။ မန္တန်ကိုးခုက တစ်ခုတည်းအဖြစ် ပေါင်းစည်း။ ကောင်းကင်တွေအားလုံးထဲမှာ မသိရသေးတဲ့ အယူအဆ"
မန်ဟို့နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရအောင် တဒိန်းဒိန်း ခုန်လာပြီး သူ့ပတ်ပတ်လည်ရှိ အရှိန်အဝါမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော မိစ္ဆာချီစီးကြောင်းများသည် မဟာမိစ္ဆာကြီးများ၏ ဟိန်းဟောက်သံများနှင့်အတူ သူ့ထံပြေး၀င်လာနေသည့်အလားပင်။
တခဏကြာသော် အသံက တိုးဝင်ပျောက်ကွယ်သွားသော်လည်း မန်ဟိုက ဆင့်ခေါ်သံကြီး အားကောင်းလာနေသည်ကို ခံစားလိုက်ရ၏။
သူက အသက်ပြင်းပြင်းရှူလျက် လှည့်၍ ဘိုးဘေးမြေအတွင်းသို့ လှမ်းကြည့်လိုက်သည်။ အဝေးတွင် တောင်ကိုးလုံးအား မြင်သည်ဆိုရုံလေး လှမ်းမြင်လိုက်၏။
ဆင့်ခေါ်သံက ထိုတောင်ကိုးလုံးအလွန်ရှိ တစ်နေရာမှ လာနေခြင်းဖြစ်သည်။
မန်ဟိုသည် အင်မော်တယ်အပျက်အစီးများနယ်တွင် ခံစားခဲ့သည့် ထိုကဲ့သို့ ဆင့်ခေါ်သံကို ပြန်တွေးမိလိုက်သဖြင့် မျက်လုံးများ တောက်ပသွားပြီး အတော်လေးစိတ်လှုပ်ရှားလာသည်။ မိစ္ဆာချုပ်နှောင်သူအဖွဲ့နှင့် ပက်သက်၍ သူမသိသည့်အရာများ များပြားလွန်းလေသည်။ န၀မမြောက်မိစ္ဆာချုပ်နှောင်သူအနေဖြင့် သူသည် မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ မူလအစနှင့်ရည်ရွယ်ချက်ကို သိချင်၏။
သူက ဆဌမမြောက်မိစ္ဆာချုပ်နှောင်သူ သူ့ကို ပြောခဲ့သောအရာနှင့် အဖြူ၀တ်အမျိုးသမီးမှ သူ့ကို အက်ရှလွန် (၁၃) ဟု အမည်တပ်ခဲ့သော အင်မော်တယ်အပျက်အစီးများနယ်မှ ကြောက်မက်ဖွယ် အဖြစ်အပျက်များအကြောင်း ပြန်တွေးမိလိုက်သည်။ ထိုအမျိုးသမီး သူ့ကို ကြည့်ခဲ့သည့်ပုံစံမှာလည်း အလွန်ထူးဆန်းခဲ့၏။
မန်ဟိုမှာ ၎င်းကို ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။
မိုးကောင်းကင်ကို တုန်ခါ၍ ကမ္ဘာလောကကြီးကို ပျက်စီးသွားစေနိုင်သည့် လျှို့ဝှက်ချက်ကြီး၊ တောင်ကိုးလုံးပင်လယ်ကိုးစင်းနှင့် ပက်သက်နေသော လျှို့ဝှက်ချက်ကြီးတစ်ခုက မိစ္ဆာချုပ်နှောင်သူအဖွဲ့အား ရစ်ပတ်နှောင်ဖွဲ့ထားသကဲ့သို့ ခံစားရလေသည်။
အတန်ကြာ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် မန်ဟိုသည် သူ၏ အတွေးများကို တည်ငြိမ်အောင် လုပ်လိုက်နိုင်၏။ သူ၏ မျက်လုံးများက ခိုင်မာပြတ်သားသော စိတ်ဆန္ဒတို့ဖြင့် တောက်ပနေပြီး သူက ဆင့်ခေါ်သံလာရာသို့ လေးလေးနက်နက် ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် လှည့်၍ သူ့အနောက်ရှိ ဘိုးဘေးသင်္ချိုင်းအားလုံးကို လေးလေးနက်နက် အရိုအသေပေးလိုက်ပြန်၏။
လေလယ်တွင် သတ္တမခေါင်းဆောင်ကြီးမှာ ခေါ်သံကို မကြားရသလို၊ ဆင့်ခေါ်မှုကိုလည်း မခံစားရပေ။ မန်ဟို့ပတ်ပတ်လည်၌ ပျံ့လွင့်နေသော အင်မော်တယ်ချီများကိုလည်း အာရုံမရပေ။ သို့သော် သူသည် ယခုလေးတင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့ကြောင်း ပြောနိုင်၏။ မည်သည့်အရာမှန်း မမြင်ရသည့်တိုင် ၎င်းက သူ့ကို အံ့အားသင့်သွားစေခဲ့လေသည်။
"စောစောက ဒီဂျူနီယာမျိုးဆက်ပေါ်က အရှိန်အဝါ…." လေးနက်သော အလင်းရောင်တစ်ခုက သူ၏မျက်လုံးများတွင် ပေါ်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ သတ္တမခေါင်းဆောင်ကြီးသည် မန်ဟိုမှာ သူကိုယ်တိုင်ပင် မမြင်ရသည့် လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော လူတစ်ယောက်ဟု ခံစားလာရသည်။
မန်ဟို အဝေးသို့ သွားနေစဉ် သတ္တမခေါင်းဆောင်ကြီးသည် တစ်၀က်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများသင်္ချိုင်းသို့ ပြန်လှည့်ကြည့်ပြီးနောက် သက်ပြင်းဖွဖွချလိုက်၏။
"သူ လုပ်ခဲ့သမျှအကုန်လုံးက ပူဇော်ပစ္စည်းတွေ နည်းနည်းပါးပါး လဲရုံလေးပါပဲ။ ဂူသင်္ချိုင်းတွေကို မနှောင့်ယှက်ခဲ့တဲ့အပြင် ဂါ၀ရတောင် ပြုခဲ့သေးတယ်။ ပြီးတော့ ကမ္ဗည်းထိုးထားတဲ့ဂူက ဘယ်ပစ္စည်းကိုမှ ထိမသွားခဲ့ဘူး။ သူ့ပုံစံကြည့်ရတာ လောဘကြီးကောင်း ကြီးနိုင်ပေမယ့် စိတ်သဘောထားကောင်းတဲ့အပြင် စည်းဘောင်ကို သိတယ်
"တစ်နေ့ ငါရဲ့ နောက်ဆုံး ဝိညာဉ်မီးအိမ်ကို ငြှိမ်းရမယ့်အချိန် ရောက်လာတဲ့အခါ ငါမအောင်မြင်ရင် ငါ့ရဲ့တာအိုနှလုံးသားကို ထိန်းသိမ်းထားနိုင်မလား သိချင်မိတယ်။ ငါ သေဆုံးသွားလို့ တစ်၀က်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများသင်္ချိုင်းမှာ လဲလျောင်းအနားယူပြီးတဲ့နောက်မှာ ငါ့အတွက် ကမ္ဗည်းရေးထိုးပေးမလား သိချင်မိတယ်" သတ္တမခေါင်းဆောင်ကြီးသည် တစ်၀က်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများသင်္ချိုင်း၏ ရည်ရွယ်ချက်မှာ ဂျူနီယာမျိုးဆက်များ တစ်၀က်တစ်ပျက်တာအိုနယ်ပယ်၏ ရူးမိုက်မှုကို နားလည်စေရန်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ ၎င်းက တာအိုနယ်ပယ်သို့ ဝင်ရောက်ဖို့ ကြိုးစားမိသူများအတွက် သတိပေးချက်တစ်ခုဖြစ်လေသည်။
တစ်၀က်တစ်ပျက်တာအိုခေါင်းဆောင်ကြီးများသင်္ချိုင်းမှ ထွက်လာပြီးနောက် မန်ဟိုက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် လေကိုခွင်းသွားနေသော ကျောက်စစ်သည်တော်ကြီး၏အပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ ရံဖန်ရံခါ အလင်းစက်များက ကျောက်စစ်သည်တော်ကြီးမှ ဖွားခနဲ ဖွားခနဲ ထွက်လာပြီးနောက် လေထုနှင့်တစ်သားတည်း ဖြစ်သွားတတ်သည်။ တခဏကြာသော် ၎င်းတို့သည် ပြန်ပေါ်လာပြီး ၎င်းထံ ပြန်ရောက်လာတတ်သည်။ ဖြစ်စဉ်တစ်ခုလုံးမှာ အသက်ရှူနေသည့်အလားပင်။
၎င်းက မန်ဟို ကျောက်စစ်သည်တော်ကြီး၏ လှုပ်ရှားမှုများကို ထိန်းချုပ်နေသည့်အခါတွင် သတိထားမိလိုက်သည့်အရာဖြစ်သည်။
သူ တရိပ်ရိပ် သွားနေစဉ် ဆင့်ခေါ်ခံရသော ခံစားချက်မှာ တစ်ခါတစ်ရံ အားကောင်းလာတတ်ပြီး တစ်ခါတစ်ရံ မှေးမှိန်သွားတတ်သည်။ မန်ဟို့မျက်လုံးများမှာ လင်းလက်နေသော်လည်း သူ၏အမူအရာမှာတော့ ပြောင်းလဲခြင်းမရှိပေ။
စိတ်ထဲတွင် သူသည် သတိဝီရိယ ရှိမြဲရှိနေ၏။ ဆဌမမိစ္ဆာချုပ်နှောင်သူနှင့် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကြောင့် လောလောဆယ်တွင် သူ့ခေါင်းထဲ၌ အချက်ပေးခေါင်းလောင်းသံများ မြည်နေလေသည်။
မန်ဟိုသည် ဆက်သွားနေစဉ် ကံကြမ္မာကောင်းတို့အတွက် အောက်ရှိ မြေပြင်များအား လေ့လာနေသလို ကျောက်စစ်သည်တော်ကြီးအား အချိန်ပေးစောင့်ကြည့်နေ၏။ မကြာခင် သူသည် ၎င်းနှင့် ဘိုးဘေးမြေကြား၌ ထူးဆန်းသော ပက်သက်မှုတစ်ခုရှိကြောင်း သဘောပေါက်လိုက်၏။
၎င်းတို့နှစ်ခုကြား၌ လှုံ့ဆော်မှုတစ်ခု ရှိနေသည်အလားပင်။
ဤသဘောပေါက်မှုက သူ့ရင်ထဲတွင် ထင်မြင်ချက်တချို့ ဖြစ်ပေါ်လာစေ၏။ တခဏကြာသော် သူက သက်ပြင်းချလိုက်ပြီး ကျောက်စစ်သည်တော်ကြီးကို ပြန်ကြည့်ကာ ၎င်းနှင့်မခွဲချင်မခွာချင် ဖြစ်နေသည်။
ရက်အနည်းကြာသော် မန်ဟို့စိတ်အခြေအနေမှာ တစတစ တည်ငြိမ်လာသည်။ ဆင့်ခေါ်သံက သူ့ကို လှုံ့ဆော်နေသော်လည်း သူသည် ၎င်းနှင့် ရင်နှီးလာခဲ့၍ လျစ်လျူရှုထားနိုင်၏။ သူက သွားနေစဉ် လမ်းတစ်လျှောက်တွင် ပတ်၀န်းကျင်ရှိ မည်သည့်ကံကြမ္မာကောင်းကိုမဆို အပြောင်ရှင်းပစ်ရန် ကြိုးစားနေ၏။
များများရလေလေ သူ့အပြုံးမှာ တောက်ပလာလေလေ ဖြစ်သည်။
နောက်ဆုံးတော့ မန်ဟို့ရှေ့ရှိ မြေကြီးမှာ အနီရောင်ပြောင်းသွားပြီး တောင်ကိုးလုံး မြင်လိုက်ရ၏။
ငရဲတောင်ကိုးလုံး။
ဤသည်မှာ ဖန်မျိုးနွယ်စု၏ ဘိုးဘေးမြေရှိ လေးခုမြောက်နေရာဖြစ်ပြီး အတွင်းကျသည်ဟု သတ်မှတ်နိုင်သည်။ ရှေးခေတ်မှ ယခုအချိန်အထိ လူအများစုမှာ ငရဲတောင်ကိုးလုံးအား ဖြတ်၍ ရှေးဟောင်းသုသာန်မြေသို့ မ၀င်ရောက်နိုင်ခဲ့ပေ။
ငရဲတောင်ကိုးလုံးသည် မိုးထိတိုင်အောင် မြင့်သွန်းနေပြီး မြေကြီးနှင့်ကောင်းကင်ကို ဆက်သွယ်ပေးထားသည့်အလား ၎င်းတို့၏ထိပ်များကို မမြင်နိုင်ပေ။
ရံဖန်ရံခါ ထစ်ချုန်းသံများက ငရဲတောင်ကိုးလုံးမှ ပျံ့လွင့်လာတတ်၏။ ထိုအသံများမှာ မချိတင်ကဲ အော်သံများ၊ ရက်စက်ကြမ်းကြုတ်သော အသံများဖြစ်လေသည်။
ဤနေရာတွင် အန္တရာယ်များသော ဧရိယာများစွာရှိပြီး မည်သည့်အရာမဆို လူတစ်ယောက်အား အလွယ်တကူ သတ်ဖြတ်နိုင်၏။
သိပ်သည်းသော သေခြင်းအရှိန်အဝါက ပတ်၀န်းကျင်တွင် ပြည့်နှက်နေလေသည်။ အဝေးမှနေ၍ မန်ဟိုသည် တောင်၏ ပတ်ပတ်လည်တွင် ရစ်သိုင်းနေသော မီးခိုးရောင်မြူအထပ်ထပ်ကို မြင်လိုက်ရသည်။ မီးခိုးရောင်မြူများကြောင့် တစ်နေရာလုံးမှာ သဲသဲကွဲကွဲ မမြင်ရအောင် ဝေဝါးနေ၏။
သူ ငရဲတောင်ကိုးလုံးအနားသို့ ရောက်သည့်အချိန်တွင် ကြက်တူရွေးနှင့် အသားဂျယ်လီက လိုက်မှီလာသည်။ ကြက်တူရွေး၏ အမွှေးများစွာမှာ ကျွတ်နေပြီး ၎င်းပုံစံက ကိုးရို့ကားရား ဖရိုဖရဲ ဖြစ်နေ၏။ သို့သော်လည်း ၎င်း၏ အမူအရာကတော့ အတိုင်းထက်အလွန် စိတ်ကျေနပ်နေပုံရသည်။
၎င်းသည် ပျံသန်းလာစဉ် မန်ဟို ခေါ်မည်ကိုပင် မစောင့်ဘဲ ငရဲတောင်ကိုးလုံးကို လှမ်းကြည့်၍ ၎င်းတို့အတွင်းမှ ဟိန်းဟောက်သံများကို ကြားသော် ရုတ်တရက် တုန်ရီသွား၏။ ၎င်းက အလွန်တရာ စိတ်လှုပ်ရှားနေဟန်ဖြင့် တဂီးဂီးအော်ရင်း တောင်များထံသို့ တဟုန်ထိုး ထွက်သွားလေသည်။ အသားဂျယ်လီခေါင်းလောင်းကလည်း တစ်ချိန်လုံး တချွင်ချွင် မြည်နေ၏။
"မင်း အဲ့လို လုပ်လို့မရဘူး။ ဒါမှားတယ်။ ဒါက အကျင့်ပျက်တာ၊ အရှက်သိက္ခာမရှိတာပဲ။ ငါမင်းကို ပြောင်းလဲတော့မယ်" အသားဂျယ်လီ၏ ပေါက်ပေါက်ဖောက်နေသော အသံများက ပဲ့တင်ထပ်နေလေသည်။
မန်ဟိုက ကြက်တူရွေးကို တခဏ ကြည့်ပြီးနောက် လျစ်လျူရှုလိုက်သည်။ ဤနေရာသည် အန္တရာယ်များကောင်းများနိုင်သော်လည်း ကြက်တူရွေးနှင့် အသားဂျယ်လီမှာ သတ်ရန် အလွန်ခက်ခဲလေသည်။
ငရဲတောင်ကိုးလုံး၏ အရှေ့တွင် မီတာ ၃၀၀၀ခန့် မြင့်မားသော ကျောက်တိုင်ကြီးတစ်တိုင်ရှိ၏။ ၎င်းက နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်ကို သက်သေပြနေသည့်အလား ရှေးဆန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။
ကျောက်တိုင်ပေါ်တွင် စာကြောင်းသုံးကြောင်းရှိသည်။
"ငရဲတောင်ကိုးလုံး အဆုံးမဲ့သော ရတနာများဖြင့် ပြည့်နေသည်။ ဤတောင်တစ်လုံးစီတွင် အကန့်အသတ်မဲ့သော အခွင့်အရေးများရှိသည်။ တောင်များကို စိန်ခေါ်သော မည်သူမဆို ကံကြမ္မာကောင်းနှင့် နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးရမည်
"စိန်ခေါ်မှုကား အသက်အန္တရာယ်ရှိသော နတ်မီးလျှံစမ်းသပ်ပွဲဖြစ်၏။ အင်မော်တယ်နယ်ပယ်အောက်ဆိုလျှင် တောင်တစ်ဝက်ကား အတိုင်းအတာအကုန်ပင်။ ရှေးဟောင်းနယ်ပယ်ဆိုလျှင်တော့ တောင်သုံးလုံးဆက်သွားနိုင်မည်။ တောင်ကိုးလုံးစလုံးကို ကျော်ဖြတ်နိုင်လျှင် ငရဲလလျှို့ဝှက်ကျင့်စဉ်ကို ရရှိလိမ့်မည်
"ဖန်မျိုးဆက်များအနေဖြင့် တောင်ဖြတ်လမ်းကို ဖွင့်ဖို့ သွေးဆက်ကို အသုံးပြုနိုင်သည်။ သေခြင်းရှင်ခြင်းကား ကံတရားအပေါ် မူတည်၏"
မန်ဟိုက တောင်ကိုးလုံးကို ကြည့်ပြီး ထူးဆန်းသော အမူအရာက သူ့မျက်နှာတွင် ပေါ်လာသည်။ သူ၏ မျက်လုံးများသည် တစတစ တောက်ပလာပြီး နှုတ်ခမ်းသပ်လိုက်၏။ သူက လျင်မြန်စွာ ကျုံ့လာနေသော ကျောက်စစ်သည်တော်ကြီးကို ငုံ့ကြည့်လိုက်သည်။ ၎င်းက မျက်စိတစ်မှိတ်အတွင်း သုံးမီတာသာ ရှိတော့လေသည်။
"ဒီဘိုးဘေးမြေက တကယ်ပဲ ငါ့အတွက် ပွပေါက်ကြီးပဲ" ဘယ်မျိုးနွယ်၀င်အတွက်မဆို ဘိုးဘေးမြေသည် အန္တရာယ်များသောနေရာဖြစ်၏။ သို့သော် သူ့အတွက်တော့ ဤသည်မှာ အန္တရာယ်များသော တောင်ကိုးလုံးမဟုတ်ဘဲ ရတနာတောင်ကိုးလုံးဖြစ်လေသည်။
သူက သိုလှောင်အိတ်ကို ပုတ်ကာ သွေးဆက်ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက် ပြုံးလိုက်၏။
ရှေးဟောင်းနယ်ပယ်အကြီးအကဲခုနစ်ယောက်လုံး မတူညီသော နေရာအသီးသီးတွင် လူစုကွဲနေကြသည်။ သူတို့ထဲကတစ်ယောက်မှာ ငရဲတောင်ကိုးလုံးထဲ၌ ဖြစ်သည်။
ထိုလူမှာ သိသိသာသာပင် အတွင်း၌ ကံကြမ္မာကောင်းတစ်ချို့ရရှိဖို့ ကြိုးစားခဲ့သော်လည်း ထောင်ချောက်မိသွားခဲ့၍ မလွတ်နိုင်ဖြစ်နေလေသည်။
"ကဲပါလေ စိုးရိမ်စရာမလိုပါဘူး။ ခင်ဗျားကို ကျုပ် ရှာတွေ့အောင်ပဲ စောင့်နေလိုက်" မန်ဟို့မျက်လုံးများမှာ စတင်တောက်လာပြီး သူက လည်ချောင်းရှင်းလိုက်သည်။ ချက်ချင်းပင် ကျောက်စစ်သည်တော်ကြီးသည် တောင်များထဲ ၀င်ရောက်သွားတော့၏။
ကျောက်စစ်သည်တော် ရွေ့လျားလိုက်သည်နှင့် မန်ဟိုက ၎င်း၏ ပခုံးပေါ်တွင် တက်ထိုင်လိုက်သည်။
"တောင်တစ်လုံးစီကို စိန်ခေါ်ပြီး တောင်ကိုးလုံးစလုံးကို အပြောင်ရှင်းမယ်" ဤအတွေးများက သူ့ကို ချက်ချင်း စိတ်လှုပ်ရှားသွားစေသည်။
ကျောက်စစ်သည်တော်ကြီး တဟုန်ထိုးသွားနေစဉ် သတ္တမခေါင်းဆောင်ကြီးမှာ သက်ပြင်းချပြီး ကူကယ်ရာမဲ့စွာ ကြည့်နေ၏။ သူက မန်ဟို၏ မျက်လုံးများထဲရှိ တောက်ပနေသော အလင်းရောင်ကို မြင်သောအခါ တစ်ယောက်တည်း ရေရွတ်လိုက်လေသည်။
"သူ့အတွက် ဒါတွေက တကယ့်ကို ရတနာတောင်တွေပဲ။ ဒီလူယုတ်မာလေးမှာ တာအိုစောင့်ရှောက်သူရှိနေတော့ ဘယ်အရာကိုမဆို စိတ်တိုင်းကျ လုပ်နေနိုင်မှာပဲလေ
“အခု ငါ တွေးတောကြည့်တော့မှ ငါ ဒီကို ပထမဦးဆုံးလာတုန်းက ငါ့မှာသာ ဒါမျိုးစောင့်ရှောက်ပေးနေမယ့် တာအိုစောင့်ရှောက်သူရှိခဲ့ရင် ဒီတောင်တွေက ရတနာတွေကို တခြားလူတွေလက်ထဲရောက်အောင် ဘာလို့ ချန်ထားခဲ့တော့မှာလဲ" သတ္တမခေါင်းဆောင်ကြီးမှာ ဘာမှမတတ်နိုင်သဖြင့် စိတ်ကို တည်ငြိမ်စေလိုက်ပြီး ကျောက်စစ်သည်တော်ကြီးနှင့်အတူ တောင်များထဲ ၀င်ရောက်သွားသော မန်ဟို့ကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
အချိန်များ ကုန်လွန်သွားသည်။ မန်ဟိုက မဟာဓားကြီးကို ဝင့်လျက် ကျောက်စစ်သည်တော်ကြီး၏ ပခုံးပေါ်တွင် ထိုင်ကာ ပထမတောင်သို့ ဦးတည်သွားလေသည်။ သူတို့သည် တားမြစ်မန္တန်များကို တွေ့လျှင် ချိုးဖျက်ပစ်ကြသည်။ သားရဲများနှင့် ဆုံလျှင် ခြောက်လှန့်ကြသည်။ အတားအဆီးများနှင့် ကြုံလျှင် တစစီ ဖျက်စီးပစ်၏။
မည်သည့်အရာမှ သူတို့လမ်းတွင် မရပ်တည်နိုင်။ မည်သည့်အရာမှ သူတို့ကို မတားနိုင်ပေ။
ထိန်းမနိုင်သိမ်းမရအောင် ပရမ်းပတာဖြစ်မနေသော်လည်း ပထမတောင်မှာ မချိတင်ကဲ အော်သံများ ၊ ဟိန်းဟောက်သံများဖြင့် ပြည့်နှက်သွားသည်။
"ဝါးးး အဲဒီကျောက်တုံးကြီးက မှော်သိုင်းကွက်တစ်ခုကို ဖော်ဆောင်ထားတာပဲ။ တော်တော်ကောင်းတယ်။ ငါ ယူမယ်
"ဘယ်သူက အင်မော်တယ်ကျောက်စိမ်းတွေကို ဒီနေရာမှာ ဒီလိုထားဝံ့တာလဲ။ ငါ ယူမယ်
"ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲ... ဟေးဟေး ဖြေးဖြေးသွား ကျောက်ကလေး။ ငါ့ကို ဒီပစ္စည်းတွေ ကောက်ခွင့်ပေးပါဦးကွ။ ပြီးမှ ဆက်သွားကြတာပေါ့"
မန်ဟို၏မျက်လုံးများသည် ဆက်လက် တောက်ပလာပြီး သူ့မှာ စိတ်လှုပ်ရှားတုန်ရီနေတော့သည်။ သူသည် အင်မော်တယ်ကျောက်စိမ်းနှင့် ဝိညာဉ်ကျောက်တုံးတစ်ပုံတစ်ပင်အပြင် မှော်ပစ္စည်းများလည်း စုဆောင်းထားပြီးလေပြီ။ သူ တောင်ထိပ်နှင့် နီးကပ်လာစဉ် ဟိန်းဟောက်ရင်း ပြေးလာနေသော ခေါင်းနှစ်လုံးဘီလူးကြီးတစ်ကောင်ကို မြင်လိုက်သည်။
ဘီလူးကြီးက ဧရာမတင်းပုတ်ကြီး ကိုင်ပြီး တောင်ထိပ်ကို စောင့်ရှောက်ရန် တာဝန်ပေးခံထားရသော တောင်ထိပ်သူကြီးဖြစ်သည်။ ၎င်း ဟိန်းဟောက်ရင်း ခုန်လိုက်စဉ် ကျောက်စစ်သည်တော်ကြီး၏အရှိန်အဝါက ပေါက်ကွဲထွက်လာ၏။
တဖွေးဖွေး လှုပ်လာသော အရှိန်အဝါက စောစောက မာန်အပြည့်နှင့် ခေါင်းနှစ်လုံးဘီဘီလူးကြီးအား တုန်ရီသွားစေပြီး ဟိန်းဟောက်နေသည်ကို ရပ်လိုက်စေသည်။ ၎င်းက မန်ဟိုကိုတစ်လှည့် ၊ သူတက်ရပ်နေသော ကျောက်စစ်သည်တော်ကြီးကိုတစ်လှည့် ကြောင်တောင်တောင်ကြည့်ပြီး ဇောချွေးများက ၎င်း၏နဖူးနှစ်ခုလုံးမှ စီးကျလာလေသည်။
သူတို့ကို အသက်နှစ်ရှိုက်ကြာ ကြည့်ပြီးနောက် ခေါင်းနှစ်လုံးဘီလူးကြီးမှာ စူးစူးဝါးဝါးအော်ပြီးနောက် တောင်အတွင်းထဲသို့ လှည့်ပြေးသွားကာ အစအနပင် မမြင်ရတော့ပေ။
***